Chapter 1016 The Strongest Heavenly Dragon in History
Vol. 70 Ch. 1016
“ဗိုက်ဆာလို့လား”
လောထျန်း လုံယီရွှယ်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။
“ဟုတ်တယ်၊ ကျွန်မတို့ပါလာသမျှတွေလဲ အကုန်စားပြီးသွားပြီ”
လုံယီရွှယ်က ရှက်ကိုးရှက်ကန်း ရယ်ရင်း ပြန်ပြော၏။
၎င်းကို ကြားသောအခါ ယွဲ့လီ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
“ကျွန်မဆီမှာ မသေမျိုးသစ်သီးတချို့ ပါသေးတယ်”
သူမ ပြောပြောဆိုဆိုပင် မသေမျိုးသစ်သီး အမြောက်အမြားကို ထုတ်ကာ လုံယီရွှယ်ကို ပေးရန် ပြင်လိုက်သော်လည်း လုံယီရွှယ်ကမူ တစ်ချက်သာကြည့်ပြီး ခေါင်းယမ်းပြပါ၏။
“ဒါတွေက အရမ်းပျော့လွန်းတယ်၊ ကျွန်မ မကြိုက်ဘူး”
ယွဲ့လီ အံ့အားသင့်သွားပြီးမှ သစ်သီးတစ်လုံးကို ထပ်ရွေးပေးကာ ပြောလိုက်သည်။
“ဒီအသီးကတော့ နည်းနည်းပိုမာ ...”
သို့သော်လည်း သူမ စကား မဆုံးသေးခင်မှာပင် လောထျန်းက သူ့ ဟင်းလင်းပြင်လက်စွပ်ထဲမှ သတ္တုရိုင်းတုံးအချို့ကို ထုတ်ပေးကာ ပြောပါ၏။
“ရော့၊ ဒါပဲစားလိုက်”
ယွဲ့လီ ၎င်းကိုမြင်ကာ ဆွံ့အသွားရပါသည်။
“သခင်လေးလောထျန်း၊ ဒါတွေက စားစရာနဲ့ လုံးဝမတူဘူးလေ”
သို့သော် ...
ဝှစ်
လုံယီရွှယ်က ရှေ့သို့ အပြေးအလွှားလာကာ လောထျန်းလက်ထဲမှ သတ္တုရိုင်းများကို လုယူလိုက်ပါသည်။ ထို့နောက်...
ဂွပ်
အကြီးဆုံး သတ္တုရိုင်းတုံးကြီးမှာ တစ်ကိုက်တည်းဖြင့် တစ်ဝက်ခန့် ပြတ်ထွက်သွားတော့၏။
“အင်း... အပြင်က ကြွပ်ပြီး အထဲက နူးညံ့တယ်၊ အနေအထားက ကွက်တိပဲ”
လုံယီရွှယ်က ဆိုသည်။
ယွဲ့လီမှာကား ဤမြင်ကွင်းကို ကြည့်ပြီး လုံးဝမှင်သက်သွားရ၏။
လုံယီရွှယ်လက်ထဲမှ သတ္တုရိုင်းနှင့် သူမ၏လက်ထဲရှိ သစ်သီးကို တလှည့်စီကြည့်ပြီးမှ ခေါင်းညိတ်ရင်း ပြောသည်။
“ဒါ... တကယ်လဲ ပျော့လွန်းနေတာပဲ”
အခြားတစ်ဖက်မှ လုံယီရွှယ်ကမူ သတ္တုရိုင်းအားလုံးကို ခဏချင်း ကုန်အောင်စားပြီးနောက် လေတက်လိုက်ကာ ဗိုက်ကိုပုတ်ရင်း အားမရသေးဟန်ဖြင့် ရှိနေပါသည်။
သို့သော် ထိုအချိန်မှာပင်...
ဝုန်း
လုံယီရွှယ်၏ ခန္ဓာကိုယ်ထဲမှ အစွမ်းထက်သော အရောင်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
နောက်တစ်ခဏ၌ သူမ၏ ခေါင်းထက်တွင် မဟာတာအိုပုံရိပ်အစစ်တစ်ခု ထွက်လာ၏။
“ဟင် ဒါက ဘာကြီးလဲ”
လုံယီရွှယ် ဇဝေဇဝါဖြစ်သွားသည်။
ယွဲ့လီမှာမူ ထိုအရောင်အဝါကို မြင်သည်နှင့် တုန်လှုပ်သွားရ၏။
“အ... အရှုပ်အထွေးခန္ဓာကိုယ်လား”
သူမ ရေရွတ်ကာ လုံယီရွှယ်အား အံ့ဩတကြီး စိုက်ကြည့်နေမိသည်။
ဘေးတွင် ရပ်နေသော စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးကလည်း တအံ့တဩပြော၏။
“အဆင့်မြင့် အရှုပ်အထွေးခန္ဓာကိုယ်လား... မယုံနိုင်စရာပဲကွာ ။ ကောင်းကင်နဂါးမျိုးနွယ်ထဲကနေ အရှုပ်အထွေးခန္ဓာကိုယ် ပေါ်ထွက်လာတာလား”
လက်ရှိတွင် သူ အလွန်လည်း ထိတ်လန့်တုန်လှုပ်နေပါသည်။
ကောင်းကင်နဂါးမျိုးနွယ်သည် မူလကပင် ခန္ဓာကိုယ်အစွမ်း အားကောင်းပြီးသား ဖြစ်ရာ ယခုကဲ့သို့ အရှုပ်အထွေးခန္ဓာကိုယ်ပါ ပိုင်ဆိုင်သွားသည်ဆိုပါက ....
ဤမိန်းကလေးမှာ သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး နဂါး ဖြစ်လာနိုင်ပေသည်။
“သခင်လေးလောထျန်း၊ သူ့ကို ဘာကျွေးလိုက်တာလဲ”
ယွဲ့လီက လောထျန်းဘက်လှည့်၍ မေးလိုက်သည်။
သတ္တုရိုင်းအနည်းငယ် စားရုံမျှဖြင့် အရှုပ်အထွေးခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခြင်းမှာ မယုံနိုင်စရာပင်။
လောထျန်းက အေးဆေးပင် ပြန်ပြောပါ၏။
“ဘာရယ်မဟုတ်ပါဘူး၊ အရှုပ်အထွေး သတ္တုရိုင်းနည်းနည်းပါပဲ”
“အရှုပ်အထွေးသတ္တုရိုင်း ဟုတ်လား။ ကျွန်မ မှတ်တမ်းတွေထဲမှာ ဖတ်ဖူးတာတော့ အဲ့ဒါက အင်မတန်ရှားတဲ့ အရာပဲတဲ့။ သခင်လေးလောထျန်းက အများကြီးကို တစ်ပြိုင်တည်း ရှာတွေ့ထားတာဆိုတော့ တကယ်ကံကောင်းတာပဲ”
ယွဲ့လီ အံ့ဩတကြီး ပြောလိုက်သည်။
အရှုပ်အထွေးသတ္တုရိုင်း တစ်တုံးတည်းဖြင့်ပင် စစ်ပွဲကြီးများ ဖြစ်ပွားနိုင်ကြောင်း သူမ သိထားသည် မဟုတ်ပါလား။
လောထျန်းကမူ အေးအေးဆေးဆေးပင် ပြန်ပြောပါ၏။
" အင်း ၊ ကျုပ်ရှာတွေ့ထားတာလဲ ဒါအကုန်ပဲ ”
သူ ပြောပြောဆိုဆိုပင် လက်ကို ဝှေ့ယမ်းလိုက်ရာ ရှေ့တွင် တောင်တစ်လုံးလို ဖြစ်နေသော အရှုပ်အထွေးသတ္တုရိုင်းပုံကြီး ပေါ်လာတော့သည်။
ဂလု
ယွဲ့လီမှာ ထိုမြင်ကွင်းကို မြင်ပြီးနောက် မူးဝေကာ လဲကျလုနီးပါး ဖြစ်သွားရသည်။
ဒါအကုန်ပဲ တဲ့လား...
၎င်းကို နည်းသည်ဟု သူထင်နေတာပါလား။
အပေါ်ကမ္ဘာ၏ သမိုင်းတစ်လျှောက်လုံးမှ လူများအားလုံး ရှာတွေ့ခဲ့သမျှကို ပေါင်းလိုက်လျှင်ပင် ဤပမာဏ၏ ဆယ်ပုံတစ်ပုံမျှပင် ရှိမည်မဟုတ်ပေ။
လုံယီရွှယ်ကမူ အရှုပ်အထွေးကျောက်ရိုင်းတုံးပုံကြီးကို သွားရည်တမြားမြားဖြင့် ကြည့်ပြီး ပြောပါ၏။
“ဝါး အများကြီးပဲ "
သူမပြောပြီး လောထျန်းဘက် ချက်ချင်းလှည့်ကြည့်ကာ မေးသည်။
“ဒါဆို အခု ကျွန်မ ဟိုအိုးကို သုံးလို့ရပြီလား”
လောထျန်းက ခေါင်းခါယမ်းကာ ပြန်ပြော၏။
“မရသေးဘူးကွ၊ အရှုပ်အထွေးလက်နက် ၇ မျိုးကို သုံးချင်ရင် မင်းရဲ့ အရှုပ်အထွေးခန္ဓာကိုယ်က နောက်ထပ် တစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့်လောက် တက်ဖို့ လိုသေးတယ်”
လုံယီရွှယ် စိတ်ပျက်သွားပြီး
“ဒါဆိုလည်း ပြီးတာပါပဲ”
ဟု မျက်နှာငယ်လေးဖြင့် ပြောရှာသည်။
ယွဲ့လီသည်လည်း သတိပြန်ဝင်လာကာ လုံယီရွှယ်ကို ကြည့်၍မေးလိုက်သည်။
“မိန်းကလေး လုံ ၊ ဘာဖြစ်လို့ အဲ့ဒီ... အိုးကို အရမ်းသုံးချင်နေရတာလဲ”
လုံယီရွှယ်က မျက်ရည်လေးဝဲလျက် ပြန်ပြောရှာ၏။
“အဲ့ဒီအိုးက အရမ်းခိုင်တယ်လို့ ထင်လို့ပါ”
“ခိုင်လို့ ဟုတ်လား”
ယွဲ့လီ နားမလည်နိုင် ဖြစ်သွားရသည်။
လုံယီရွှယ်က ဆက်ပြော၏။
“ခိုင်တဲ့အိုးမှ မသေမျိုးဘုရင်သား ဟော့ပေါ့ကို ချက်လို့ရမှာလေ”
"ဒါ ..."
ယွဲ့လီမှာ မြေပြင်သို့ လဲကျလုနီးပါးပင် ဖြစ်သွားရတော့သည်။
မသေမျိုးဘုရင်သား ဟော့ပေါ့တဲ့လား။
ဘယ်လောက်တောင် ရိုင်းစိုင်းတဲ့ စကားလုံးပါလဲ။
သူမ ထိုမိန်းကလေးနှင့် အချိန်အကြာကြီး အတူရှိနေခဲ့သည့်တိုင် ထိုမိန်းကလေးမှာ ဘီလူးလေးတစ်ကောင် ဆိုသည်ကို ယခုမှ သတိထားလိုက်မိခြင်းပင် ။
ထိုစဉ် လောထျန်းက လုံယီရွှယ်အား နှစ်သိမ့်စကား ဆိုရှာသည်။
" ကိစ္စမရှိပါဘူးကွာ ၊ မင်းရဲ့ ကျင့်စဥ်ကိုပဲ အာရုံစိုက်ပါ။ ဒါဆိုရင် သိပ်မကြာခင်မှာ အဲ့ဒီအိုးကိုသုံးနိုင်မယ့်အချိန် ရောက်လာပါလိမ့်မယ်”
"ဟုတ်ပြီ"
လုံယီရွှယ် ပြန်အားတက်သွားပုံဖြင့် ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် မိုင်ရာချီအကွာအဝေး၌ ...
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်နှင့် အဘိုးအိုနှစ်ဦး လေထဲ ပျံသန်းနေကြ၏။
“ခုနက အရောင်အဝါက ဘာကြီးလဲ”
မီးခိုးရောင်ဝတ်စုံဝတ် အဖိုးအိုက လောထျန်းတို့ရှိရာဘက် ကြည့်ကာ တုန်တုန်ယင်ယင်အသံဖြင့် မေးလိုက်သည်။
အစောကလေးတင် ထိုအရပ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို သူ သေချာ ခံစားမိလိုက်ရပါ၏။
၎င်းမှာ သူ့ တစ်သက်တာ ကြုံဖူးခဲ့သမျှထဲ၌ ကြောက်မက်ဖွယ်အကောင်းဆုံး အရောင်အဝါမျိုးပါပင် ။
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်နှင့်ပင် သူ ထိုသို့ မခံစားခဲ့ရဖူးပါချေ။
ထို့ကြောင့်လည်း သူ အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါသည်။
သူ့ဘေးတွင် ရှိနေသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည်လည်း အလားတူပင် ဖြစ်နေရှာပါ၏။
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်ကမူ ပြုံးကာ ပြောပါသည်။
“ဟားဟား ဒီအရောင်အဝါက... အားကောင်းတဲ့ အရှုပ်အထွေးအစွမ်းပဲ၊ မမှားနိုင်ဘူး။ ဒါ ငါ့ရဲ့ အရှုပ်အထွေး တာအိုအသီးပဲ ဖြစ်ရမယ်”
“ဘယ်လို၊ အရှုပ်အထွေးတာအိုသစ်သီး ဟုတ်လား”
မီးခိုးရောင်ဝတ်စုံဝတ် အဖိုးအို အံ့ဩသွားရသည်။
သို့သော် သူ မှတ်မိသလောက်ဆိုလျှင် အရှုပ်အထွေးတာအိုသစ်သီးမှာ ဤမျှ အစွမ်းမထက်ပါချေ။
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က ရယ်ရင်း ထပ်ပြော၏။
“ငါ့အသီးရဲ့ အရောင်အဝါကို ဘာကိစ္စ မှားရမှာလဲကွ”
သူ ပြောပြီး အဖိုးအိုနှစ်ဦးကို ကြည့်ကာ စကားဆက်ပါသည်
။ “မင်းတို့ ငါ့ရဲ့ တာအိုအသီးကို ဆုံးရှုံးအောင် လုပ်ခဲ့တာ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ပဲ။ ဒါပေမဲ့ မင်းတို့ ဒီအသီးကို အောင်အောင်မြင်မြင် ကျင့်ကြံပေးခဲ့တာကို ထောက်ထားပြီး ငါ ခွင့်လွှတ်ပေးလိုက်မယ်”
ထိုစကားကို ကြားသောအခါ အဖိုးအိုနှစ်ဦး ဝမ်းသာအားရဖြင့် ဒူးထောက်ကျေးဇူးတင်လိုက်ကြသည်။
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က မျက်မှောင်အနည်းငယ်ကြုံ့၍ ပြောပါ၏။
“ကဲ အခု ငါ့ရဲ့ တာအိုအသီးကို ပြန်ယူဖို့ အချိန်တန်ပြီ”
“သခင်ကြီး ကျွန်တော်တို့ကို ရှေ့ပြေးအဖြစ် သွားခွင့်ပြုပါ”
အနက်ရောင်ဝတ်စုံဝတ် အဖိုးအို ရှေ့တိုးလာကာ ပြောလိုက်သည်။
သို့သော်လည်း အရှုပ်အထွေးမသေမျိုးဧကရာဇ်က ခေါင်းယမ်းပါ၏။
“မလိုဘူး”
“ဟင်”
အဖိုးအိုနှစ်ဦး အံ့ဩမှင်သက်သွားကြသည်။
“ငါ နောက်ထပ် မတော်တဆတွေ မလိုချင်တော့ဘူး၊ ဒါကြောင့် ကိုယ်တိုင်ပဲ လှုပ်ရှားတော့မယ်”
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က လူသတ်အရိပ်အငွေ့တို့ ပြည့်နေသည့် မျက်လုံးများဖြင့် ပြောကာ လက်နှစ်ဖက်ကို ပူးလိုက်သည်။
ဘုန်း
ချက်ချင်းမှာပင် သူ့ခန္ဓာကိုယ် ဘေးပတ်လည်၌ အရှုပ်အထွေးနတ်ဘုရားအလင်းတစ်ခု စတင်စီးမျောလာပြီး သူ့နောက်ကျောတွင်လည်း ပုံရိပ်ယောင်တစ်ခု စုစည်းလာပါသည်။
“သခင်ကြီး ဘာဖြစ်လို့လဲ...”
အနက်ရောင်ဝတ်စုံဝတ် အဖိုးအို ၎င်းကိုမြင်ကာ ထိတ်လန့်သွား၏။
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က အေးစက်စက်ပင် ပြန်ပြောသည်။
“ အခုက ငါရဲ့အထွတ်အထိပ်ကို ပြန်မရောက်သေးတော့ .. ဘာမှ အမှားယွင်းမဖြစ်အောင် အရှုပ်အထွေးလက်နက် ၆ မျိုးကို သုံးရမယ်။ ဒါနဲ့ ကောင်းကင်ဘုံသားတော်ကို တစ်ခုတော့ ကျေးဇူးတင်ရမယ်ကွ။ တကယ်လို့ သူသာ ဟို စိတ်ဝိညာဉ်တွေရဲ့ အစွမ်းကို စုပ်ယူပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးမထားရင် ငါ အခု ဒီလက်နက်တွေကို သုံးနိုင်မှာ မဟုတ်ဘူး”
“ဒါက... သခင်... ဒီလိုပြိုင်ဘက်မျိုးကို ဒီလောက်အထိ အစွမ်းသုံးဖို့ လိုပါ့မလားဗျာ”
မီးခိုးရောင်ဝတ်စုံဝတ် အဖိုးအို စိုးရိမ်တကြီး မေးလိုက်သည်။
အရှုပ်အထွေးမသေမျိုးဧကရာဇ်က လှောင်ပြုံးဖြင့် ပြန်ပြော၏။
“ငတုံးတွေ၊ ခြင်္သေ့က ယုန်ကို ဖမ်းရင်တောင် အစွမ်းကုန်သုံးတယ်ဆိုတာ မကြားဖူးဘူးလား။ မင်းတို့က ပြိုင်ဘက်ကို လျှော့တွက်ခဲ့လို့ အခုလို ဖြစ်ကုန်တာပေါ့”
သူ့စကားကြောင့် အဖိုးအိုနှစ်ဦးသား ခေါင်းကိုယ်စီ ငုံ့သွားကြပါတော့သည်။
ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က သူတို့ကိုကြည့်ကာ တစ်ချက်ရယ်လိုက်သည်။
“ဒီတစ်ခါ အရှုပ်အထွေးလက်နက် ၆ မျိုးထဲက ဘယ်ဟာကို သုံးရမလဲ”
သူ ပြောပြီး နောက်မှ ပုံရိပ်ယောင်ကို လှည့်ကြည့်လိုက်ရာ ... မှင်သက်ဆွံ့အသွားရတော့သည်။
သူ့ နောက်ကျောဘက်ရှိ ပုံရိပ်ယောင်ကြီးမှာ လက်မောင်း ၇ ခု ဆန့်ထွက်နေပြီး... မူလက အရှုပ်အထွေးလက်နက် ၆ မျိုးကလည်း ယခု ၇ မျိုး ဖြစ်နေလေပြီ။