← Chapters

Chapter 1018 Bloodline Deprivation

Vol. 70 Ch. 1018

Chapter 1018 Bloodline Deprivation

Vol. 70 Ch. 1018

လောထျန်း တစ်ကိုယ်တည်း ရေရွတ်နေသံကို ကြားလိုက်ရသော စိတ်ဝိညာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးမှာ သူ့စိတ်ဝိညာဉ်ပင် ပြိုကွဲသွားတော့မလို ခံစားလိုက်ရသည်။

၎င်းမှာ အစွမ်းကို ထိန်းချုပ်ထားတဲ့ ရလဒ်တဲ့လား။

အကယ်၍များ ထိုတိုက်ခိုက်မှုသာ သူ့ စိတ်ဝိညာဉ်သင်္ချိုင်းတောင်ကြားထဲသို့ ကျရောက်ခဲ့မည်ဆိုလျှင် ... သက်ရှိတို့အတွက် တားမြစ်နယ်မြေဟု နာမည်ကျော်သော စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား တစ်ခုလုံးကို မြေလှန်ပစ်ရန် လုံလောက်နေပြီဖြစ်ပါသည်။

ထိုအချိန်မှာပင် သူ စိတ်ပိုင်းဖြတ်လိုက်တော့၏။

သူသာ ဤနေရာမှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ခဲ့ပါက ... တစ်သက်လုံး လောထျန်းအား ဘယ်တော့မှ ရန်မစတော့ပါချေ ။

လုံးဝ မလုပ်ပါ။

အခြားတစ်ဖက်မှ လောထျန်းမှာကား လက်ကိုဆန့်ထုတ်လျက် အဝေးသို့ အချိန်အတန်ကြာအောင် ငေးကြည့်နေပါသည်။

အရှုပ်အထွေးအိုးကြီး၏ ပုံရိပ်ယောင် ပျောက်ကွယ်သွားပြီး အခြားဘာမှ ထပ်မဖြစ်တော့သည်ကို တွေ့လိုက်ရသည့်အခါမှသာ သူ လက်ခုပ်တစ်ချက်တီးလိုက်ပါ၏။

"ကဲ... ဒီမှာတော့ အားလုံးပြီးသွားပြီ။ တခြားသူတွေကို သွားရှာကြရအောင်။ သွားရင်းနဲ့ ကောင်းကင်ဘုံသားတော်နဲ့ပါ နောက်ဆုံးတိုက်ပွဲ ဆင်နွှဲရတာပေါ့"

လောထျန်း ထိုသို့ ပြောပြီးသွားသောအခါ သူ့ မျက်လုံးများထဲ၌ ပြင်းပြသော တိုက်ခိုက်လိုစိတ်များ အရောင်လက်လာ၏။

အစောပိုင်းတွင် အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများက သူ့အား အချိန်အတော်ကြာ ချုပ်နှောင်ထားခဲ့ပါသည်။

ထိုအချိန်မှ စ၍လည်း ကောင်းကင်ဘုံသားတော်အား သူနှင့်ယှဉ်နိုင်သော ပြိုင်ဘက်ကောင်းတစ်ဦးအဖြစ် သတ်မှတ်ထားပြီးဖြစ်ပါ၏။

နောက်ဆုံးတွင် သူ့အစွမ်းအားလုံးကို ထုတ်သုံးနိုင်မည့် ပြိုင်ဘက်‌ကောင်းမျိုး ပေါ်လာ‌ေတာ့မည်လား။

ထို့ကြောင့်လည်း လောထျန်းတစ်ယောက် အလွန်စိတ်လှုပ်ရှားနေပါသည်။

"ဟုတ်ကဲ့ပါ..."

ယွဲ့လီမှာ စကားများများမပြောရဲဘဲ လောထျန်းနောက်သို့သာ လိုက်သွားသည်။

လောထျန်းနှင့် အဖွဲ့သားများ ထွက်ခွာသွားပြီး မကြာမီမှာပင် အရှုပ်အထွေးအိုးကြီး ပြိုကွဲကျခဲ့သော ဟင်းလင်းပြင်နေရာ၌ ...

ဝီ

ပျက်စီးနေသော လေထုထဲမှ ခပ်မှိန်မှိန် ပုံရိပ်တစ်ခု ထွက်လာသည်။

ဘုန်း

ထိုပုံရိပ်မှာ အဝေးမှ တောင်ထိပ်တစ်ခုပေါ်သို့ ကျသွားကာ ထိုတောင်တစ်ခုလုံး ပြားချပ်သွား၏။

ထို့နောက်တွင် အချိန်အတန်ကြာ ငြိမ်သက်နေပြီးမှ ၎င်းပုံရိပ်က မြေအောက်ထဲမှ ခက်ခက်ခဲခဲ တွားသွားပြီး ထွက်လာပါသည်။

အကယ်၍ ထိုအချိန်တွင် တစ်စုံတစ်ယောက်သာ အနားရှိနေခဲ့ပါက ထိုပုံရိပ်ကို မြင်ရုံနှင့်ပင် ထိတ်လန့်တကြား အော်ဟစ်မိကြပေလိမ့်မည်။

ထိုပုံရိပ်မှာ တစ်ကိုယ်လုံး ကျွမ်းလောင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် မပျက်စီးဘဲ ကျန်ရစ်သော နေရာဟူ၍ တစ်လက်မမျှပင် မရှိတော့ချေ။

တစ်ကိုယ်လုံးလည်း သွေးများဖြင့် ဖုံးလွှမ်းနေ၏။

လက်နှစ်ဖက်စလုံးလည်း ပြတ်တောက်နေကာ ခြေထောက်နှစ်ဖက်ရှိသေးသည်ဟု ပြောနိုင်သော်လည်း ၎င်း‌ခြေထောက်များမှာ တစ်ဝက်စီသာ ကျန်ပါတော့သည်။

သူ့ပုံမှာ လူတစ်ယောက်အဖြစ်ပင် မှတ်မိနိုင်ရန် မလွယ်ပါချေ။

"လောထျန်း... မင်းနဲ့ငါက ကမ္ဘာမကြေ ရန်သူတွေပဲ"

ထိုသို့ ခက်ခက်ခဲခဲ ပြောလိုက်သူမှာ ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်ပါပင်။

"ဟားဟား ဝဋ်လည်တာကွ။ ဝဋ်လည်တာ။ မင်း ငါ့ခန္ဓာကိုယ်ကို လုယူခဲ့လို့ အခုတော့ ဒါမျိုးဖြစ်ရပြီမလား။ မင်းသေသင့်တယ်... သေသင့်တယ်"

ထိုစဉ် ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံသားတော်၏ အသံ ထွက်လာသည်။

အံ့ဩစရာကောင်းလောက်အောင်ပင် သူ့ဝိညာဉ်က မပျက်စီးခဲ့ပေ ။

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က နှာခေါင်းတစ်ချက်သာ ရှုံ့လိုက်ပြီး ပြန်မပြောဘဲ အရပ်မျက်နှာတစ်ခုဆီသို့ ဖြည်းညင်းစွာ ပျံသန်းသွားသည်။

"ဟင် ဘာလို့ ဘာမှပြန်မပြောတာလဲကွ"

"မင်း အသွားပြီလား။ ဒါမှမဟုတ် လောထျန်းက မင်းကို သေအောင်ခြောက်လိုက်လို့လား"

ကောင်းကင်ဘုံသားတော်၏ အသံမှာ ထပ်ခါတလဲလဲ ထွက်ပေါ်နေပြီး ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်ကို ရန်စရန် ကြိုးစားနေပုံရ၏။

သို့သော် တစ်ဖက်လူက သူ့အား လုံးဝဥပေက္ခာပြုထားပါသည်။

"ဟ... ငါသိသားပဲ၊ မင်း အခု မျှော်လင့်ချက်မဲ့နေပြီ မဟုတ်လား။ နှစ်ပေါင်းများစွာ စီစဉ်ခဲ့သမျှ အခုတော့ အချည်းနှီးဖြစ်ကုန်ပြီလေ"

"ငါလည်း ဒီခန္ဓာကိုယ်ထဲမှာပဲ ရှိနေတာဆိုတော့ ခံစားလို့ရတယ်၊ မင်းရဲ့ သက်တမ်းက ကုန်တော့မယ်ကွ။ မင်း သေရတော့မယ်၊ အရှုပ်အထွေးမသေမျိုးဧကရာဇ်ကြီး... ဘယ်လိုခံစားရလဲ"

ကောင်းကင်ဘုံသားတော်က လှောင်ပြောင်လိုက်ပြန်သည်။

သူသည် လောထျန်းကို မုန်းလှသော်လည်း ယခုအချိန်တွင် အမုန်းဆုံးမှာ ဤဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်ပင် ဖြစ်ပါ၏။

ထိုအဘိုးကြီးကြောင့်သာ မဟုတ်ပါက သူ့ဘဝ ယခုလို ဖြစ်စရာအကြောင်း မရှိပါချေ။

သို့သော် ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်မှာမူ သူ့အား တစ်ခွန်းမျှ ပြန်မပြောပေ။

သူ့ ပျက်စီးနေသော ခန္ဓာကိုယ်ကိုသာ အနိုင်နိုင်သယ်လျက် အရှုပ်အထွေးနတ်ဘုရားမြို့တော်၏ ထွက်ပေါက်သို့ ခက်ခက်ခဲခဲ သွားနေပါ၏။

ဝုန်း

နောက်တစ်ခဏတွင်မူ သူ ခက်ခက်ခဲခဲ ပျံသန်းထွက်ခွာနိုင်ခဲ့ကာ အရှုပ်အထွေးနိုင်ငံသို့ ပြန်ရောက်သွားပါသည်။

"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲကိုကွာ ၊ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာပဲ မြေမြှုပ်ခံလိုက်သင့်တာ မဟုတ်ဘူးလား"

"အော်... ငါသိပြီ။ မသေခင်မှာ ပြင်ပကမ္ဘာကို မြင်ချင်သေးတာပေါ့ ဟုတ်လား။ ဒါလည်း နားလည်ပေးလို့ရပါတယ်။ နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ရပြီး နောက်ဆုံးမှာ ဘာမှမရခဲ့တာဆိုတော့လေ"

ကောင်းကင်ဘုံသားတော်က လှောင်ပြောင်နေဆဲပင်။

သို့သော် ယခုအချိန်တွင်မူ ယခင်က တစ်ခွန်းမျှပြန်မပြောခဲ့သော ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က အေးစက်စက်အသံဖြင့် ရုတ်တရက် ပြောလာသည် ။

"ကောင်းကင်ဘုံသားတော်...၊ ငါ ပြန်လည်နိုးထလာတုန်းက ဘာလို့ မင်းရဲ့ဝိညာဉ်ကို လုံးဝ ဖျက်ဆီးမပစ်ခဲ့တာလဲဆိုတာကို မင်းသိလား "

"ဟင် မင်းဘာကို ဆိုလိုတာလဲ"

ကောင်းကင်ဘုံသားတော်မှာ ထိုစကားကို ကြားသည့်အခါ အံ့ဩသွားပြီး ရုတ်တရက် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က လှောင်ပြုံးပြုံးကာ ပြော၏။

"အားလုံးကို စီစဉ်ထားတဲ့အတိုင်း ကပြနေရတဲ့ ငတုံး ရုပ်သေးရုပ်တစ်ရုပ်ဖြစ်တဲ့ မင်းကတော့ ဒါကို နားလည်နိုင်မှာ မဟုတ်ပါဘူးလေ"

"ငါ့လို အဆင့်အတန်းရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က ကိုယ့်အတွက် ထွက်ပေါက်တစ်ခု မချန်ထားဘဲ နေပါ့မလား"

ကောင်းကင်ဘုံသားတော်က အံ့ဩတကြီး ဖြစ်သွား၏။

"မင်း... မင်း ဘာလုပ်မလို့လဲ"

ထိုစဉ် အရှုပ်အထွေးမသေမျိုးဧကရာဇ်က အသက်ပြင်းပြင်းရှိုက်ကာ ပြောလိုက်သည်။

"လူမိုက်၊ မင်းရဲ့ခွေးမျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်ထားစမ်း"

သူ ပြောပြောဆိုဆိုပင် ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။

ဝုန်း

သူ့ ခေါင်းထက်တွင် သွေးရောင်လွှမ်းသော ထွင်းစာ တစ်ခု တဖြည်းဖြည်း ပေါ်လာ၏။

ဝုန်း

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်၏ ခန္ဓာကိုယ်အတွင်း၌ ကျန်ရှိနေသော သွေးကြောအနည်းငယ်မှာလည်း ရုတ်တရက် ဆူပွက်လာတော့သည်။

"မင်း ဘာလုပ်နေတာလဲ"

ကောင်းကင်ဘုံသားတော်က အော်လိုက်၏။

သို့သော် အရှုပ်အထွေးမသေမျိုးဧကရာဇ်ကမူ အေးစက်စက်သာ ပြန်ပြောပါသည်။

"သွေးမျိုးဆက်ကို... ဖယ်ထုတ်ပစ်မယ်"

သူ့စကားအဆုံး၌ ခေါင်းထက်မှ အနီရောင် ထွင်းစာလုံးက ကွဲအက်သွားတော့၏။

ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်သွားသည်။

အတန်ကြာမှ ကောင်းကင်ဘုံသားတော်၏အသံ ထွက်လာပါသည်။

"ဒါ .. တမင် ဟန်ပြသက်သက်ပဲလား"

သို့သော် သူ့စကား မဆုံးသေးခင်မှာပင်...

ဝီ

အောက်ဘက်မှ သွေးနီရောင်အလင်းတန်းတစ်ခုမှာ လျှပ်စီးကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် ပျံတက်လာပြီး ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်ပေါ်သို့ ကျလာပါ၏။

ဝုန်း

ထိုသွေးနီအလင်းတန်းမှာ သူ့ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ စုပ်ယူခြင်းခံလိုက်ရသည်။

တစ်ပြိုင်နက်တည်းမှာပင် သူ၏ ပျက်စီးနေသော ခန္ဓာကိုယ်သည်လည်း အစိတ်အပိုင်းအချို့ ပြန်လည်ကောင်းမွန်လာ၏။

ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့သော အသက်အစွမ်းမှာလည်း အတိုင်းအတာတစ်ခုအထိ ပြန်တိုးလာခဲ့ပါသည်။

"ဟင် ဒါ .... ဘာလဲ"

ကောင်းကင်ဘုံသားတော် အံ့ဩတကြီး အော်လိုက်သည်။

အဘယ်ကြောင့် ယခုကဲ့သို့ ဖြစ်လာရသည်ကို သူ အမှန်တကယ် နားမလည်နိုင်ပေ။

ထိုစဉ်...

ရွှိ ရွှိ ရွှိ...

သွေးနီရောင်အလင်းတန်းများ တစ်သုတ်ပြီးတစ်သုတ် အရပ်မျက်နှာပေါင်းစုံမှ အရှိန်ပြင်းစွာ ပျံသန်းလာကြပြီး ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားကြတော့သည်။

ထိုသွေးနီရောင်အလင်းတန်းများ ဝင်ရောက်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ပြန်ကောင်စလာ၏။

နောက်ဆုံးလက်ကျန် သွေးနီရောင်အလင်းတန်းကို စုပ်ယူပြီးသည့်နောက်တွင်မူ ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်၏ ခန္ဓာကိုယ်က အပြည့်အဝ ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။

သူ့ ခန္ဓာကိုယ်အတွင်း၌လည်း အားကောင်းသော အသက်အစွမ်းများ စီးဆင်းနေပါ၏။

"မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ မင်းက သေရတော့မှာလေ၊ ဘာလို့ အသက်ရှင်နေသေးတာလဲ"

ကောင်းကင်ဘုံသားတော် ဒေါသတကြီး ထပ်အော်လိုက်သည်။

သူ့အား ရက်ရက်စက်စက် အသုံးချခဲ့သည့် ရန်သူက တစ်ဖန်ပြန်လည် အသက်ရှင်လာခြင်းကို သူ လုံးဝ လက်မခံနိုင်ပေ။

၎င်းကို ကြားရသောအခါ ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က လှောင်ပြုံးပြုံးလျက် ပြန်ပြောပါ၏။

"ငါ အခုလို ပြန်ကောင်းလာတာ မင်းကို ကျေးဇူးတင်ရမှာ"

"ဟင် မင်းဘာကို ဆိုလိုတာလဲ"

ကောင်းကင်ဘုံသားတော် ဇဝေဇဝါဖြင့် မေးလိုက်သည်။

အရှုပ်အထွေးမသေမျိုးဧကရာဇ်က ရယ်မောလျက်ပင် ပြန်ပြော၏။

"ငါ့ရဲ့ ဒုတိယမြောက် ဝှက်ဖဲက 'သွေးယဇ်ဇော်ခြင်း' လို့ ခေါ်တယ်ကွ။ မျိုးနွယ်စုတစ်ခုလုံးရဲ့ သွေးအစွမ်းနဲ့ အသက်အစွမ်းကို ထူးခြားတဲ့နည်းလမ်းနဲ့ ဖယ်ထုတ်ပြီးတော့မှ ၊ အဲ့ဒါကို ပြန်စုပ်ယူပြီ ခန္ဓာကိုယ်ရော ဝိညာဉ်ကိုပါ ပြန်တည်ဆောက်တာပေါ့ကွာ"

"ဒါ... ဒီလိုနည်းလမ်းမျိုး ရှိတာလား"

ကောင်းကင်ဘုံသားတော် အံ့ဩမှင်သက်သွားရသည်။

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်မှာ တဖက်လူက ဘာဖြစ်နေမှန်း နားမလည်သေးသည်ကို မြင်ရသောအခါ ပြုံးပြီးဆက်ပြောပါ၏။

"ဒါပေါ့ကွ ၊ ဒါပေမယ့် ဒီနည်းမှာ လိုအပ်ချက်တွေတော့ ရှိတယ်။ အဲ့ဒါကတော့ ကိုယ်စုပ်ယူချင်တဲ့ သွေးမျိုးဆက်က အရမ်းကို အစွမ်းထက်ရမယ်ဆိုတဲ့အချက်ပဲ။ အနည်းဆုံးဆိုရင်တောင် အစွမ်းထက်တဲ့ ထူးခြားန္ဓာမျိုး ဖြစ်ရမယ်"

သူ ပြောကာ ခေတ္တမျှ စကားစရပ်လိုက်ပြီးမှ ရယ်မောရင်း ထပ်ပြောပါသည် ။

"ကောင်းကင်ဘုံသားတော်... ငါ့ရဲ့လက်အောက်ငယ်သားတွေက ဘာဖြစ်လို့ မင်းကို ထူးခြားခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးတွေ အများကြီးနဲ့ ဘာလို့ ကလေးယူခိုင်းခဲ့သလဲဆိုတာကို အခု နားလည်ပြီလား"

All Chapters