← Chapters

Chapter 1020 Boundless Battle Stage

Vol. 70 Ch. 1020

Chapter 1020 Boundless Battle Stage

Vol. 70 Ch. 1020

လောထျန်း အံ့အားသင့်သွားရပါသည်။

"သေသွားပြီ ဟုတ်လား"

"ဟုတ်ကဲ့"

အဘိုးအိုက ခေါင်းညိတ်ပြ၏။

"ကျုပ် အသက်ရှူကျင့်စဉ်ကိုသုံးပြီး ကျင့်ကြံရုံနဲ့တင် သေသွားတာလား"

လောထျန်းက ထပ်မေးလိုက်သည်။

အားလုံး ...

လောထျန်း၏ ရင်ထဲတွင်ကား ဖြစ်သွားခဲ့သော အဖြစ်ကို မယုံနိုင်သည့် ခံစားချက်များ ပေါ်လာပါသည်။

သူသည် မကြာသေးမီကပင် ကောင်းကင်ဘုံသားတော်အား အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ကြီးအဖြစ် သတ်မှတ်ထားခဲ့ပါ၏။

သို့သော် ထိုသူမှာ သေနှင့်နေလေပြီ။

ထို့အပြင် ထိုသူ‌ သေရသည့် အကြောင်းရင်းမှာလည်း သူ့ ကျင့်ကြံခြင်းကြောင့်သာ ဖြစ်ဖို့များပါ၏။

ဘာတွေ ဖြစ်ကုန်တာပါလဲ။

သူ့ရင်ထဲ စုဆောင်းထားသမျှ တိုက်ခိုက်လိုစိတ်တွေကို ဘယ်နားသွားပြီး ဖွင့်ထုတ်ရပါတော့မလဲ ။

ထိုကောင်းကင်ဘုံသားတော်က ဘယ်လိုလုပ်ပြီး သေသွားရတာလဲ။

ဘုန်း

ဒေါသထွက်သွားသော လောထျန်းတစ်ယောက် လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

ထိုလက်သီးတစ်ချက်ထဲနှင့်ပင် အရှုပ်အထွေးနတ်ဘုရားမြို့တော် လျှို့ဝှက်ဒေသတစ်ခုလုံး တုန်ခါသွားပါ၏။

"သခင်လေး လောထျန်း... ကျေးဇူးပြုပြီး ညှင်သာပေးပါဦး"

အဖိုးအိုတစ်ဦးက ချက်ချင်းအော်၍ အကြံပြုလိုက်ရသည်။

အကယ်၍များ လောထျန်းက ဒေါသတကြီးဖြင့် ဤလျှို့ဝှက်ဒေသ တစ်ခုလုံးကို ပြိုကွဲသွားအောင် လုပ်ပစ်လိုက်မည်ဆိုလျှင် မတွေးရဲစရာ မဟုတ်ပါလား။

"အိုး တောင်းပန်ပါတယ်၊ ကျုပ် ဒေါသမထိန်းနိုင်ဖြစ်သွားလို့"

လောထျန်းမှာ ထိုစကားကိုကြားမှ ငိုင်နေရာမှ သတိပြန်ဝင်လာပြီး ပြောလိုက်သည်။

သို့သော် ထိုအချိန်မှာပင်...

ဝီ

လောထျန်း၏ ဘေးတွင်ရှိနေသော လောမိသားစုဝင်တစ်ဦး၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားက အရောင်လက်လာပါသည်။

"ဟင်... အစ်ကိုကြီး လောရုံလား"

ထိုကောင်လေးက အံ့ဩတကြီး အော်လိုက်သည်။

ဆက်သွယ်ရေး ကျောက်စိမ်းပြား၏ အခြားတစ်ဖက်တွင် ရှိနေသူမှာ အချိန်အတော်ကြာ အဆက်အသွယ် ပြတ်တောက်နေခဲ့သော လောရုံပါပင်။

"အေး ငါပဲ။ အစ်ကိုထျန်း ဘယ်မှာလဲ သိလား။ ငါ့ရဲ့ ဆက်သွယ်ရေး ကျောက်စိမ်းပြားနဲ့ သူ့ကို ဆက်သွယ်လို့ မရလို့"

လောရုံ၏ အသံမှာ အလွန် စိုးရိမ်‌နေဟန် ပေါက်နေပါ၏။

၎င်းကို ကြားသောအခါ လောထျန်းက ဆက်သွယ်ရေး ကျောက်စိမ်းပြားကို လှမ်းယူပြီး မေးလိုက်သည်။

"ငါ့ကို ဘာလို့ရှာတာလဲ"

လောထျန်း၏ အသံကို ကြားချိန်တွင် တစ်ဖက်မှ လောရုံ အလွန်ဝမ်းသာသွား၏။

"အစ်ကိုထျန်း... နောက်ဆုံးတော့ အစ်ကိုကြီးကို ရှာတွေ့ပြီ။ ကျုပ်တို့ကို လာကယ်ပါဦး၊ ကျုပ်တို့... ပိတ်မိနေလို့"

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

"မင်းတို့ ဘယ်သူတွေလဲ၊ ဘယ်မှာ ပိတ်မိနေတာလဲ"

လောရုံက မြန်မြန်ပင် ပြန်ဖြေ၏။

"ကျုပ်နဲ့အတူ သခင်ကြီး လောဖုန်းနဲ့ အကြီးအကဲအချို့ရယ်၊ ပြီးရင် ရှောင်ရှောင်းနဲ့ တခြား ဆယ်ယောက်ကျော်လောက် ပါပါတယ်..."

လောရုံ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင်မူ ဘာတွေဖြစ်သွားခဲ့သည်ကို လောထျန်း သဘောပေါက်သွားပါတော့သည်။

သူ့စကားအရ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲသို့ ဝင်ပြီးနောက်တွင် လောရုံနှင့် လောရှောင်ရှောင်းတို့မှာ အတူတကွ တည်နေရာရွှေ့ပြောင်းခြင်း ခံခဲ့ကြရပါ၏။

သူတို့သည် စစချင်းတွင် အခြားသူများကို ရှာဖွေပြီးမှ အားလုံးပူးပေါင်း၍ အခွင့်ကောင်းများကိုရှာရန် ကြံစည်ထားခဲ့သော်လည်း ...

အကြီးအကဲအချို့နှင့် တွေ့ပြီးချိန်မှာပင် သူတို့အားလုံး တိုက်ပွဲအရောင်အဝါကို အာရုံခံမိခဲ့ကြပါ၏။

သူတို့ ထိုနေရာသို့ ရောက်သွားသည့်အခါတွင်ကား လောမိသားစု၏ခေါင်းဆောင် လောဖုန်းမှာ တိုက်ပွဲတစ်ခု အပြင်းအထန် တိုက်နေသည်ကို တွေ့လိုက်ရပါသည်။

သူ့ ပြိုင်ဘက်မှာလည်း လူမဟုတ်ဘဲ ရုပ်သေးရုပ် တစ်ခု ဖြစ်နေ၏။

လောရုံက လောဖုန်းတစ်ယောက် အခက်တွေ့နေသည်ကို ဒီအတိုင်း ကြည့်မနေနိုင်သဖြင့် ဝင်ရောက်ကူညီခဲ့သည်။

ထို့နောက်တွင် ကျန်လူများအားလုံးလည်း ထိုရုပ်သေးရုပ်အား ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါ၏။

သို့သော် ထင်မှတ်မထားစွာပင် ...... အစောပိုင်းက လောဖုန်းနှင့် အဆင့်တူရုံလောက်သာ ရှိနေခဲ့သော ရုပ်သေးရုပ်၏ အစွမ်းက သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်လိုက်သည့်အခါ ရုတ်တရက် အဆမတန် တိုးလာခဲ့၏။

သူတို့အားလုံး ပူးပေါင်းအစွမ်းဖြင့်ပင် ထိုရုပ်သေးရုပ်ကို မနည်း ခုခံနေရပါသည်။

ထို့ထက် ပိုဆိုးသည်မှာ ၎င်းရုပ်သေးရုပ်က မောပန်းခြင်း အလျဉ်းမရှိခြင်းပါပင်။

ဤသို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ သူတို့အဖွဲ့မှာ တောင့်မခံနိုင်တော့ဘဲ နောက်ဆုံးတွင် ရုပ်သေးရုပ်၏ အနိုင်ယူခြင်းကို ခံလိုက်ရတော့၏။

"ရုပ်သေးရုပ်က ကျုပ်တို့ကို အနိုင်ယူပြီး သတ်တော့မသတ်ဘူး။ ဒါပေမဲ့ ထူးဆန်းတဲ့ အစီအမံတစ်ခုနဲ့ ပိတ်လှောင်ထားတယ်ဗျ။ ကျုပ်တို့ ဘယ်လိုပဲကြိုးစားကြိုးစား အဲ့အချုပ်အနှောင်ကနေ ထွက်လို့ မရဖြစ်နေတယ်ဗျာ"

လောရုံ သက်ပြင်းချကာ ပြောလိုက်သည်။

လောထျန်း အံ့ဩသွားရ၏။

"အဲ့လိုလား"

လောရုံက ပြန်ပြောပါသည်။

"ဟုတ်ပါတယ်၊ ကျုပ်အထင်တော့ အဲ့ဒီရုပ်သေးရုပ်ကို အနိုင်မတိုက်နိုင်သရွေ့ ကျုပ်တို့ ဒီကနေ ထွက်နိုင်မှာ မဟုတ်ဘူး။ အစ်ကိုထျန်း... ကျုပ်မှာ တခြားနည်းမရှိတော့လို့ အစ်ကိုကြီးကိုပဲ အကူအညီတောင်းရတာပါ"

လောထျန်းက ချက်ချင်းပင် စိတ်ဝိညာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးဘက် လှည့်ကြည့်၍ မေးလိုက်သည်။

"သူတို့ ဘယ်မှာရှိလဲ မင်း သိလား"

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက အလျင်အမြန် ခေါင်းညိတ်ပြပါ၏။

"သူပြောပုံအရဆိုရင် 'အဆုံးမဲ့စစ်မြေပြင်' ပဲ ဖြစ်ရမယ်"

"အဆုံးမဲ့စစ်မြေပြင် ဟုတ်လား၊ အဲ့ဒါ ဘာလဲ"

လောထျန်း ထပ်မေးလိုက်သည်။

တစ်ဖက်လူက ရှင်းပြပါ၏။

" အဲ့ဒီနေရာက အရှုပ်အထွေးနတ်ဘုရားမြို့တော်ရဲ့ အခွင့်ကောင်းတွေ ရနိုင်တဲ့ နေရာတွေထဲက တစ်ခုပဲဗျ ။ ဒါပေမဲ့ အဲ့ဒီနေရာက နည်းနည်းဆိုးတာမို့ လူအများစုက အဲ့ဒီကို မသွားချင်ကြဘူး"

"ဘာလို့လဲ"

လောထျန်း ဇဝေဇဝါဖြင့် ထပ်မေးလိုက်သည်။

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက အောင့်သက်သက်အပြုံးဖြင့် ပြန်ပြောပါ၏။

"အခု သခင်လေးရဲ့ မိသားစု ကြုံခဲ့ကြရတဲ့ အခြေအနေမျိုးပါပဲ။ အဲ့ဒီနေရာကို သွားတဲ့သူတိုင်းက အဲ့ရုပ်သေးရုပ်တွေနဲ့ ရင်ဆိုင်ကြရတယ်ဗျ"

"အဲ့ဒီရုပ်သေးရုပ်တွေကို ဘယ်သူဖန်တီးထားမှန်း မသိပေမဲ့ သူတို့ရဲ့ အစွမ်းက တစ်ဖက်လူရဲ့ အစွမ်းနဲ့ လူအရေအတွက်ပေါ် မူတည်ပြီး အလိုအလျောက် ပြောင်းလဲနိုင်တယ်။ ပြီးရင် တစ်ဖက်လူထက် အမြဲတမ်း အနည်းနည်းလေး ပိုသန်မာနေတတ်တယ်။"

"တိုက်ပွဲမှာ အဲ့ဒီရုပ်သေးရုပ်ကို အနိုင်ယူနိုင်ရင် အားကောင်းတဲ့ အရှုပ်အထွေးအစွမ်းတွေကို ရနိုင်တယ်ဗျ။ ဒါပေမဲ့ ရှုံးသွားရင်တော့ အကန့်အသတ်မရှိ ပိတ်လှောင်ခံရမှာပဲ။"

"ပိုပြီး စိတ်ပျက်စရာကောင်းတာတစ်ခုက တိုက်ပွဲအတွင်းမှာ ကိုယ့်ရဲ့ ကျင့်ကြံခြင်း အဆင့်တက်သွားရင်တောင် ရုပ်သေးရုပ်ရဲ့ အစွမ်းကလည်း လိုက်တက်လာတာပဲ။ ဒါကြောင့် တိုက်ပွဲထဲမှာ အဆင့်တက်ပြီး အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။"

"ဒီအချက်ကြောင့်ပဲ အစွမ်းထက်တဲ့ ကျင့်ကြံသူအတော်များများ သေဆုံးသွားတဲ့အထိ အဲ့ဒီနေရာကနေ မထွက်လာနိုင်ခဲ့ကြဘူး။ ဒဏ္ဍာရီအရတော့ မသေမျိုးဧကရာဇ် တစ်ပါးတောင်မှ အဲ့နေရာကနေ သာမာန်နည်းလမ်းသုံးပြီး မလွတ်မြောက်နိုင်ခဲ့ဘူးတဲ့။ နောက်ဆုံးမှာ ဒီကမ္ဘာရဲ့ အတားအဆီးကို ဖောက်ထွက်ပြီးမှပဲ လွတ်မြောက်သွားနိုင်ခဲ့တယ်လို့ ပြောကြတယ်"

လောထျန်းက အံ့ဩတကြီး ရေရွတ်လိုက်သည်။

"အဲ့ဒီလောက်တောင် စွမ်းတာလား"

"ဟုတ်ပါတယ်။"

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက ပြန်ပြော၏ ။

လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

"သိပ်ကောင်းတယ်၊ ငါ့ကို အဲ့နရာ ခေါ်သွားပေး"

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီး လန့်သွားကာ ပြန်ပြောလိုက်သည်။

"သခင်ကြီး... အဲ့ဒီနေရာက တကယ် အန္တရာယ်များပါတယ်"

လောထျန်း နှာခေါင်းရှုံ့လိုက်၏။

"ငါက ဒေါသဖြေစရာ လူရှာနေတာ၊ အခု ကွက်တိပဲလေ"

"ဒါဆိုရင်လည်း... ကောင်းပါပြီဗျာ"

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးမှာ ထပ်မပြောရဲတော့ဘဲ လောထျန်းကိုသာ လမ်းညွှန်ပေးလိုက်ရပါသည်။

အခြားသူများမှာလည်း စပ်စုချင်စိတ်ဖြင့် လောထျန်းနောက်သို့ လိုက်လာကြ၏။

ထိုသို့ဖြင့် သူတို့လူစု အချိန်အတန်ကြာ ပျံသန်းသွားကြပြီးနောက် .... ကွင်းပြင်တစ်ခုသို့ ရောက်လာခဲ့ကြပါသည်။

"သခင်ကြီး ... ဒီနေရာပါပဲ"

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက လောထျန်းအား တရိုတသေ ပြောလိုက်သည်။

လောထျန်း ခေါင်းမော့ကြည့်လိုက်သည့်အခါ တောင်တန်းများကြား အလယ်တွင် ကျယ်ဝန်းပြီး ညီညာပြန့်ပြူး‌သော ကွင်းပြင်ကြီးတစ်ခုကို တွေ့လိုက်ရ၏။

မြေပြင်တွင် အနက်ရောင်အမျှင်တန်း ရာပေါင်းများစွာလည်း ရှိနေကာ စစ်တုရင်ခုံသဏ္ဌာန် ဖြတ်သန်းသွားလာနေကြပါသည်။

ထိုစစ်တုရင်ခုံ၏ ထောင့်တစ်နေရာတွင်မူ လူဆယ်ယောက်ကျော်ခန့် ချုပ်နှောင်ခံထားရပါ၏။ ထိုလူအုပ်မှာ လောရုန်နှင့်အဖွဲ့ပါပင်။

"အစ်ကိုထျန်း၊ ကျွန်တော်တို့ ဒီမှာ"

"ထျန်းလေး ..."

"သခင်လေး"

လောရုံ တို့လူအုပ်မှာ လောထျန်းကို မြင်သည်နှင့် လှမ်း၍ အော်ဟစ်နှုတ်ဆက်ကြ၏။

လောထျန်း မျက်မှောင်ကြုံ့ပြီး ရှေ့တိုးရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင်...

"သခင်လေး လောထျန်း"

ပိုင်ယွမ်လီက ရုတ်တရက် ပြောလာ၏။

"ဟင်"

လောထျန်း သူ့ဘက်သို့ လှည့်ကြည့်သည်။

ပိုင်ယွမ်လီက အသက်ပြင်းပြင်းရှိုက်၍ ဆိုသည်။

"သခင်လေး ... ဒါက ကိစ္စအသေးအဖွဲလေးပါ။ သခင်လေးကိုယ်တိုင် လှုပ်ရှားဖို့ မလိုပါဘူး။ ကျုပ်ကို အရင် စမ်းကြည့်ခွင့်ပေးပါလား"

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီး၏ စကားကို ကြားပြီးနောက်တွင် ပိုင်ယွင်လီတစ်ယောက် ထိုအဆံုးမဲ့စစ်မြေပြင်ကို စိတ်ဝင်စားသွားခဲ့ရပါ၏။

ထိုနေရာတွင် အနိုင်ရပါက အရှုပ်အထွေးစွမ်းအားကို ရနိုင်မည်ဖြစ်ရာ ၎င်းမှာ အခွင့်ကောင်းကြီးတစ်ခုပင် မဟုတ်ပါလား။

ထို့ထက် ပိုအရေးကြီးသည်မှာ သူသည် လောထျန်း၏ လက်အောက်တွင် အလုပ်လုပ်ရန် သဘောတူထားပြီး ဖြစ်နေခြင်းပင် ။

ယခုချိန်သည် လောထျန်းရှေ့တွင် သူ့အစွမ်းကို ထုတ်ပြရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ပါ၏။

လောထျန်း၏ တွန့်ဆုတ်နေသော မျက်နှာထားကို မြင်သည့်အခါ ပိုင်ယွမ်လီ ထပ်ပြောလိုက်သည်။

"သခင်လေး ... ဒီမှာ တခြား အကွက်ချကြံစည်ထားတာတွေ ရှိကောင်းရှိနေနိုင်သေးတယ်ဗျ၊။ ဒီတော့ ကျုပ်အနေနဲ့ သခင်လေးအတွက် အရင်ဆုံး သွားစစ်ဆေးကြည့်တာ ပိုသင့်တော်မယ် ထင်ပါတယ်"

သူပြောသည်မှာ သဘာဝကျနေသဖြင့် လောထျန်း ခေါင်းညိတ်လိုက်ပါ၏။

"ကောင်းပြီလေ... ဒါဆို မင်းပဲ အရင်သွားကြည့်လိုက်"

All Chapters