Chapter 1030 Shameless Bet
Vol. 70 Ch. 1030
အားလုံးမှာ သူ့စကားကိုကြားပြီး အံ့အားသင့်သွားကြပြန်သည်။
ထိုစဉ် လောထျန်းက စိတ်မရှည်စွာ မျက်မှောင်ကြုံ့၍ မေးလိုက်၏။
"ဒါတွေက အရှုပ်အထွေး နတ်ဘုရားမြို့တော်နဲ့ ဘာဆိုင်လို့လဲ"
မူလဝိညာဉ်ကလေးက ချက်ချင်း ရှင်းပြသည် ။
"ဆက်နွယ်မှု ရှိတာပေါ့!"
သူ လောထျန်းအား ခပ်လန့်လန့်နဲ့ တစ်ချက်ကြည့်ပြီးနောက် စိတ်မဆိုးသည်ကို မြင်မှသာ ဆက်ပြောသည်။
"ကျုပ် အရင်က ပြောခဲ့သလိုပဲ၊ အရှုပ်အထွေးခန္ဓာကိုယ်နဲ့ မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာကိုယ်က လမ်းစဉ်ချင်း လုံးဝဆန့်ကျင်ဘက်ဖြစ်လို့ ရှေးဦးခေတ်ကတည်းက တကယ့်ရန်ဘက်တွေ ဖြစ်နေခဲ့တာ "
"ဒီခန္ဓာကိုယ် ပိုင်ရှင်နှစ်ယောက် ဆုံမိရင်လဲ တစ်ယောက်သေမှသာ တိုက်ပွဲ ပြီးသွားလေ့ရှိတယ်"
"ဒါပေမယ့်လည်း အရင်ကတော့ ဒီခန္ဓာနှစ်ခုဟာ အစွမ်းချင်း သိပ်မကွာကြဘူးမို့ သူသေကိုယ်သေတိုက်ပွဲ ဖြစ်ခဲ့ပေမဲ့လည်း နှစ်ဖက်စလုံးမှာ အနိုင်၊ အရှုံး ကိုယ်စီ ရှိခဲ့ကြတာပေါ့"
ထိုသို့ ပြောနေရင်း မူလစိတ်ဝိညာဉ်ကလေးမှာ ကြောက်စရာကောင်းသော အရာတစ်ခုကို သတိရသွားဟန်ဖြင့် မျက်လုံးများ တုန်ယင်လာသည်။ အချိန်အတန်ကြာသောအခါမှ ဆက်၍
"ဒါပေမဲ့ ဒီမျိုးဆက်ရဲ့ မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာ ပိုင်ရှင်ကတော့ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့အထိ အစွမ်းထက်လွန်းတယ်"
"သူက လက်ရှိမျိုးဆက်ရဲ့ ပြီးပြည့်စုံတဲ့ အရှုပ်အထွေးခန္ဓာပိုင်ရှင်ကို စိန်ခေါ်ပြီး တိုက်ခိုက်ခဲ့သေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အရှုပ်အထွေးခန္ဓာက သူ့ကို လုံးဝ မယှဉ်နိုင်ဘဲ အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရရုံတင်မကဘူး၊ သူ့ရဲ့ အစွမ်းအရင်းအမြစ်ပါ တိုက်ရိုက် ထိခိုက်သွားခဲ့တယ်။ ဒါကြောင့်လည်း အဲ့ဒီ ပြည့်စုံတဲ့အရှုပ်အထွေးခန္ဓာပိုင်ရှင်ဟာ ထွက်ပြေးဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး"
"ဒါပေမဲ့ မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာကိုယ် ပိုင်ရှင်က အဲ့မှာတင် ပြီးမသွားဘူး။ အရှုပ်အထွေးခန္ဓာကို အပြတ်ရှင်းဖို့ ဆုံးဖြတ်ထားတဲ့ပုံနဲ့ မနားတမ်း နောက်ကလိုက်ပြီးတိုက်ခိုက်တော့တာပဲ။ ပြီးရင် သူက အရှုပ်အထွေးခန္ဓာ ပိုင်ရှင်ကို သတ်ချင်တာရုံတင်မကဘဲ အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံချင်တဲ့သူ မှန်သမျှကိုပါ အမြစ်ပြတ် သုတ်သင်ဖို့ ကြိုးစားခဲ့တာ။ ဒါ အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ရှင်ကို အကျပ်ကိုင်ပြီး ထွက်လာအောင် ဖိအားပေးလိုက်တာလို့ပဲ ပြောရမှာပေါ့"
"နောက်ဆုံးတော့ အခြားရွေးချယ်စရာ မရှိတော့တဲ့အချိန်မှာတော့ အဲ့ဒီ အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ရှင်ဟာ လူကိုယ်တိုင် ထွက်လာပြီး သူ့ကို နောက်တစ်ကြိမ် ပြန်တိုက်ခဲ့ရတယ်"
မူလဝိညာဉ်ကလေးက ပြောရင်း သက်ပြင်းချပါသည်။
"နှမြောစရာကောင်းတာက အရှုပ်အထွေးခန္ဓာ ပိုင်ရှင်ဟာ သူ့ရဲ့ အထွတ်အထိပ် အခြေအနေမှာတောင် အဲ့လူကို မယှဉ်နိုင်ခဲ့တာ၊ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ဆိုရင် ဘာတတ်နိုင်ဦးမှာလဲ။ အဲ့ဒီ တိုက်ပွဲမှာ သူ့ရဲ့ ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်ခံရပြီး စိတ်ဝိညာဉ်ပါ အဲ့ဒီ့ မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတယ်။ အရှုပ်အထွေးခန္ဓာရဲ့ မျိုးဆက် ပြတ်တောက်သွားပြီလို့တောင် ယူဆခဲ့ကြတာ"
"ဒါပေမဲ့ ဘယ်သူမှ မသိတာက အဲ့ဒီ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင်ဟာ လုံးဝ ဥဿုံ ပျောက်ကွယ်သွားတာ မဟုတ်ဘူးဆိုတာပဲ"
"သူက မသေခင်မှာ စိတ်ဝိညာဉ်အကြွင်းအကျန် တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ပြီးတော့ သူ့ရဲ့ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့အတူ 'အရာခပ်သိမ်း မြစ်ဖျားခံရာ နယ်မြေ' ထဲကို ထွက်ပြေးခဲ့တယ်"
"အဲ့ဒီမှာ ကံဆိုးချင်တော့ ကျုပ်နဲ့ တည့်တည့်ကြီးတိုးခဲ့တာပဲ!"
မူလဝိညာဉ်ကလေး မျက်နှာမှာ စိတ်ပျက်နေပုံ အထင်းသား ။
"ဒီလူက ကျုပ်ကို မြင်တာနဲ့ လှည့်ကွက်သုံးပြီး လောင်းကြေးထပ်ဖို့ စိန်ခေါ်ခဲ့တယ်။ ဘယ်သူနိုင်နိုင် နိုင်တဲ့သူက ရှုံးတဲ့သူ ခိုင်းတာ တစ်ခု လုပ်ပေးရမယ် ဆိုပြီးတော့ပေါ့"
"ကျုပ် မလိုက်လျောချင်ပေမဲ့ သူက အရမ်းကို ပါးနပ်လွန်းတယ်ဗျ။ ကျုပ်က ရုပ်သေးပညာကို ဝါသနာပါမှန်းသိတော့ ထိပ်တန်း ရုပ်သေးပညာရပ်ကိုပါ လောင်းကြေးအဖြစ် ပေးမယ်လို့ မက်လုံးပေးခဲ့တာ။ အဲ့သိုင်းပညာရပ်ကို မြင်တော့ ကျုပ်လည်း တွန့်ဆုတ်မနေတော့ပဲ သဘောတူလိုက်မိတာပေါ့။ ဒါပေမဲ့... အဲ့ဒီ အရှက်မရှိတဲ့လူက တကယ့်ကို အရှက်မရှိတဲ့ စိန်ခေါ်မှုမျိုးကို လုပ်ခဲ့တာ!"
မူလစိတ်ဝိညာဉ်ကလေးမှာ ပြောနေရင်း ဒေါသထွက်လွန်း၍ ခုန်ဆွခုန်ဆွပင် ဖြစ်နေတော့သည်။
ယခုထိတိုင် သူ့ရင်ထဲ အငြိုးအတေးများ ရှိနေဆဲဖြစ်ကြောင်း အထင်အရှားပင်။
လောထျန်းက အလွန်သိချင်သွားကာ မေးလိုက်၏။
"သူက မင်းကို ဘာနဲ့ လောင်းခဲ့လို့လဲ"
တခြားသူများလည်း ထိုစိတ်ဝိဥာဥ်လေးအား ကြည့်လိုက်ကြသည်။
မူလဝိညာဉ်ကလေးက ဒေါသတကြီးဖြင့် ပြောပါ၏။
"သူက တိုက်ခိုက်ရင် ဘယ်သူ အရင် သေမလဲဆိုတာကို လောင်းကြေးထပ်တာလေ။ ပြီးတော့ သူက အရင် သေသွားရော..."
လူတိုင်း စကားမဆိုနိုင်လောက်အောင်ပင် ဆွံ့အသွားကြတော့သည်။
ဒါက လောင်းကြေးထပ်ရမယ့် နည်းလမ်းမျိုး ဟုတ်လို့လား။
မူလစိတ်ဝိညာဉ်ကလေးက ယခုထိ မကျေမချမ်း ဖြစ်နေရသည်မှာ မဆန်းတော့ပေ။
အကယ်၍ သူတို့သာ ထိုအခြေအနေမျိုး ကြုံခဲ့ရလျှင်လည်း ဒေါသထွက်မိမည် မလွဲပါချေ။
မူလဝိညာဉ်ကလေးက အံကြိတ်ကာ ဆက်ပြောသည်။
"အဲ့ဒီလူက ကျုပ်တို့လို သဘာဝစိတ်ဝိညာဉ်တွေဟာ ကတိတည်တတ်ပြီး ကတိဖျက်ခဲတယ်ဆိုတာကို သိလို့ တမင်သက်သက် လှည့်စားခဲ့တာ။ အဲ့ဒီတုန်းက ကျုပ်က အရမ်းငယ်သေးတော့ လူသားတွေရဲ့ ကောက်ကျစ်မှုကို မရိပ်မိဘဲ တကယ့်ကို အလိမ်ခံလိုက်ရတာပဲ"
ဘေးမှ တစ်ယောက်က အံ့ဩတကြီး ဝင်မေးသည် ။
"အဲ့ဒီတုန်းက ခင်ဗျား အသက်ဘယ်လောက်ရှိပြီလဲဆိုတာ သိခွင့်ရှိမလား"
ထိုသူမှာ ကိုယ့်ကိုယ်ကိုယ် ငယ်သေးတယ်ဟု ပြောနေသည်ဖြစ်ရာ ထိုအချိန်က သူ ဉာဏ်ရည်ဖွံ့ဖြိုးခါစအရွယ်လောက်သာ ရှိဦးမည်ဟု ယူဆရမည် မဟုတ်ပါလား။
မူလစိတ်ဝိညာဉ်ကလေးက သက်ပြင်းချသည်။
"အင်း... အဲ့ဒီတုန်းက ကျုပ်အသက်က ခုနစ်သိန်းကျော်လေးပဲ ရှိသေးတာ။ ကျုပ်က အရမ်းငယ်သေးတော့ အလွယ်တကူ လှည့်စားခံလိုက်ရတာပေါ့!"
လူတိုင်း တိတ်ဆိတ်သွားကြပြန်၏။
အသက် ခုနစ်သိန်းကျော်ကိုမှ ငယ်သေးတယ်တဲ့လား။
လူသားမျိုးနွယ်ရဲ့ ထိပ်တန်းပညာရှင်တွေကြားမှာတောင် ဒါ အလွန်အသက်ကြီးလှတဲ့ အရွယ်လို့ သတ်မှတ်လို့ရနေတာကို ...
ဒါကိုတောင် သူက ငယ်သေးတယ်လို့ ပြောနေတာလား။
ထိုအချိန်မှာပင် မူလစိတ်ဝိညာဉ်ကလေးက ဆက်၍ ...
"ဒါပေမဲ့လည်း တခြားနည်းလမ်းမရှိတော့ဘူးလေ၊ ရှုံးတာကို ဝန်ခံရမှာပဲ။ သူ မသေခင်မှာ ကျုပ်ကို ယုံကြည်အားကိုးပြီး မှာကြားသွားခဲ့တဲ့အတိုင်း သူ ငယ်ငယ်က ဖွင့်လှစ်ခဲ့တဲ့ ဒီလျှို့ဝှက်ဒေသနဲ့ ဒီအရှုပ်အထွေး နတ်ဘုရားမြို့တော်ကို စောင့်ရှောက်ပေးဖို့ကလွဲလို့ ကျုပ်မှာ တခြားရွေးချယ်စရာ မရှိတော့ဘူးပေါ့"
"ဒါပေမဲ့ မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာကိုယ်ပိုင်ရှင်ကြောင့် အရှုပ်အထွေးခန္ဓာကိုယ်ရဲ့ အမွေအနှစ်တွေနဲ့ ကျင့်စဉ်တွေအားလုံးဟာ တားမြစ်ပညာရပ်တွေ ဖြစ်ကုန်ခဲ့တယ်။ တကယ်လို့သာ အဲ့ဒါတွေကို တစ်ယောက်ယောက်က ရှာတွေ့သွားမယ်ဆိုရင် ပြဿနာအကြီးအကျယ် တက်လာနိုင်တယ်"
"အဲ့တော့ ကျုပ်လဲ တခြားနည်းလမ်း မရှိတော့ဘဲ အရှုပ်အထွေး နတ်ဘုရားမြို့တော်ကို ယာယီဖုံးကွယ်ထားခဲ့ရပြီးတော့ အဲ့ဒီ မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာပိုင်ရှင်နဲ့ ဝေးတဲ့ကမ္ဘာဆီကို သယ်လာခဲ့ရတယ်"
"အဲ့ဒီနောက်မှာတော့ အရှုပ်အထွေးခန္ဓာပိုင်ရှင်ရဲ့ နောက်ဆုံးမှာကြားချက်အရ သူ့ကိုယ်စား အရှုပ်အထွေးခန္ဓာကိုယ်ကို ဆက်ခံမယ့်သူကို ရှာဖွေပေးဖို့နဲ့ မဝေးတော့တဲ့အနာဂတ်မှာ ပြီးပြည့်စုံတဲ့ အရှုပ်အထွေးခန္ဓာပိုင်ရှင်အသစ်တစ်ယောက် ပေါ်ထွက်လာဖို့ မျှော်လင့်ချက်နဲ့ စောင့်နေခဲ့တာပဲ"
"ဒါပေမဲ့ နှမြောစရာကောင်းတာက ကျုပ် ဒီနေရာမှာ နှစ်ပေါင်းများစွာ စောင့်ခဲ့ပြီး မျိုးနွယ်စုပေါင်းစုံက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ တစ်ယောက်ပြီးတစ်ယောက် အရှုပ်အထွေးခန္ဓာရဲ့ အမွေအနှစ်ကို ရယူဖို့ ရောက်လာကြတာကို ကြည့်ခဲ့ရပေမဲ့ သူတို့အားလုံး ကျရှုံးခဲ့ကြတာချည်းပဲ"
"အစတုန်းကတော့ ကျုပ်လဲ လူတိုင်းကို တန်းတူညီတူပဲ ဆက်ဆံခဲ့တာပါ။ သူတို့တွေ အရှုပ်အထွေးခန္ဓာအဖြစ် ကျင့်ကြံနိုင်အောင် အရှုပ်အထွေးအစွမ်းတွေ ပေးဖို့လဲ ကျုပ် အသင့်ရှိခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သဘောတူညီချက်အရ ကျုပ်သာ ပြီးပြည့်စုံတဲ့ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် အသစ်တစ်ယောက်ကို လေ့ကျင့်ပေးနိုင်ခဲ့ရင် ကျုပ် လောင်းကြေးကနေ လွတ်မြောက်ပြီး လွတ်လပ်ခွင့်ရမှာလေ"
"ဒါပေမဲ့ အဲ့ဒီကောင်တွေက တကယ့်ကို ဒေါသထွက်စရာကောင်းတာပဲ။ သူတို့တွေက အရည်အချင်း ညံ့ဖျင်းရုံတင်မကဘူး၊ အရှုပ်အထွေးစွမ်းအား နည်းနည်းလေးကို ချေဖျက်သန့်စင်ဖို့တောင် ဘယ်လေယက်ကြာမှန်း မသိအောင်ကို အချိန်ယူကြရတယ်!"
"တချို့လူတွေဆိုရင် သေခါနီးအချိန်အထိ အရှုပ်အထွေးအစွမ်း တစ်စလောက်ကိုတောင် အပြည့်အဝ မသန့်စင်နိုင်ခဲ့ကြဘူး!"
"တချို့ကျပြန်တော့လည်း အရှုပ်အထွေးအစွမ်း တစ်စလောက်ကို မနည်းသန့်စင်ပြီး အရှုပ်အထွေးခန္ဓာကိုယ်ရဲ့ ပထမအဆင့်လောက်ကိုပဲ ကျင့်ကြံနိုင်တာနဲ့ သူတို့ကိုယ်သူတို့ သိပ်တော်လှပြီလို့ ထင်နေကြတာ။ အရှုပ်အထွေးခန္ဓာကိုယ်ကို ပိုပြီးတိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားရမယ့်အစား အပြင်လောကမှာ အဖွဲ့အစည်းတွေ၊ မင်းဆက်တွေ တည်ထောင်ပြီး မောက်မာရိုင်းစိုင်း၊ ဗိုလ်ကျစိုးမိုးဖို့ပဲ လုပ်နေကြတော့တာပဲ!"
"အဲ့ဒီကောင်တွေ သန့်စင်ခဲ့တဲ့ အရှုပ်အထွေးအစွမ်းတွေဆိုတာက အရှုပ်အထွေးခန္ဓာပိုင်ရှင်ဖြစ်တဲ့ ဟိုလူမိုက်ကြီးက သူ မသေခင်မှာ သူ့ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စတေးပြီး ချန်ထားခဲ့တာတွေပဲ။ ဒီလိုအဖိုးတန်တဲ့အရာတွေကို သူတို့က ဒီအတိုင်း အလဟဿ ဖြုန်းတီးနေတာကို ကျုပ်က ဘယ်လိုလုပ် ဒီတိုင်းကြီးခွင့်ပြုနိုင်မှာလဲ"
"ကျုပ်လည်း ဆက်ပြီး သည်းမခံနိုင်တော့တာနဲ့ ဒီ 'အကန့်အသတ်မဲ့ စစ်မြေပြင်' ကို တည်ဆောက်လိုက်တာပဲ။ ကျုပ်ရဲ့ အသိအမှတ်ပြုတာကို ခံရဖို့ဆိုရင် မင်းတို့မှာ ရုပ်သေးရုပ်ကို အနိုင်ယူနိုင်တဲ့ ထူးခြားပြောင်မြောက်တဲ့ ပါရမီရှိရမယ်၊ ဒါမှမဟုတ်ရင်လည်း ရုပ်သေးကို မနိုင်ရင်တောင် ဘယ်တော့မှ အရှုံးမပေးတဲ့ ခိုင်မာတဲ့ ဇွဲရှိရမယ်။ ဒီလိုလူမျိုး နှစ်မျိုးကိုပဲ အရှုပ်အထွေးအစွမ်းတွေကို ပေးဖို့ ကျုပ် ဆုံးဖြတ်ခဲ့တာ"
"ဒါပေမဲ့ ဒီနှစ်ပေါင်းများစွာအတွင်းမှာ မင်းတို့ပြောတဲ့ အဲ့ဒီ အရှုပ်အထွေး မသေမျိုးဧကရာဇ် တစ်ယောက်ပဲ ကျုပ်ရဲ့ သတ်မှတ်ချက် နှစ်ခုလုံးနဲ့ ကိုက်ညီခဲ့တယ်။ ဒါကြောင့်ပဲ သူ့ကို အရှုပ်အထွေးအစွမ်းတွေ အများကြီး ပေးခဲ့ပြီး ပြီးပြည့်စုံတဲ့ အရှုပ်အထွေးခန္ဓာကိုယ်ဖြစ်လာအောင် ကျုပ် လမ်းပြပေးခဲ့တာပေါ့"
"သူ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတာ တကယ့်ကို နှမြောစရာပဲ! သူ အောင်မြင်ဖို့ အရမ်းနီးစပ်နေပြီကို..."
မူလစိတ်ဝိညာဉ်ကလေးက စကားအဆုံးတွင် နောင်တရနေသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
ကျန်လူအားလုံးမှာလည်း သူ့စကားကိုနားထောင်ပြီး အံ့ဩတုန်လှုပ်ကာ ဆွံ့အနေကြတော့သည်။