Chapter 1033 The Third Divine Script
Vol. 70 Ch. 1033
"ဘာ... ဘာပြောလိုက်တာလဲ"
လူတစ်ယောက်က သူ့ကို အံ့ဩတကြီးကြည့်ရင်း မေးလိုက်သည်။
မူလစိတ်ဝိညာဉ်လေးက အေးစက်စက် နှာခေါင်းရှုံ့၍ ပြန်ပြောပါ၏။
"မင်းတို့ပြောနေတဲ့ ဒေသကြီးကိုးခုအတွက် တိုက်ပွဲဝင်တာတို့၊ နတ်ဘုရားတောအုပ်ကို ခုခံတာတို့ .. အဲ့ဒါတွေ အားလုံးက ပထမမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ် လုပ်ခဲ့တာတွေချည်းပဲ။ အရင်တုန်းကတော့ ဒါဟာ အားလုံးသိထားတဲ့ အချက်အလက်ပဲလေ"
"ဒါပေမဲ့ ပထမမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ် ကျဆုံးသွားပြီးတဲ့နောက်မှာတော့ အဲ့ဒီကျေးဇူးကန်းတဲ့ကောင် စပြီး နာမည်ကြီးလာတာပဲ။ အဲ့ဒီကောင်က ပထမဧကရာဇ် ချန်ထားခဲ့တဲ့ အခွင့်အရေးတချို့ကို ယူပြီးမှ အရှုပ်အထွေးခန္ဓာကို စတင်ကျင့်ကြံနိုင်ခဲ့တာ"
"အတိအကျပြောရရင် သူဟာ ပထမမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ်ရဲ့ ပထမဆုံး ဆက်ခံသူလို့တောင် ဆိုနိုင်တယ်။ ဒါပေမဲ့ ဒီကျေးဇူးကန်းတဲ့လူယုတ်မာမှာ ပါရမီက အကန့်အသတ်ရှိနေတော့ အမွေအနှစ်ကို ရခဲ့ပေမယ့် သူ့အရင် ရှေ့ဆောင်လမ်းပြတွေရဲ့ အဆင့်ကို မမှီနိုင်ခဲ့ဘူး!"
"ဒါကြောင့်ပဲ အဲ့ဒီကောင်ဟာ နတ်ဘုရားတောအုပ်ဘက်ကို အရင်ဆုံး ဘက်ပြောင်းသွားပြီး၊ ပါရမီတွေရဖို့နဲ့ အရှုပ်အထွေးခန္ဓာကိုယ် ကျင့်ကြံနိုင်ဖို့အတွက် လူသားတွေရဲ့ အသက်ပေါင်းများစွာကို စတေးခဲ့တာ!"
"အဲ့ဒီနောက်မှာတော့ အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲကို ဝင်လာပြီး သူဟာ ပထမဧကရာဇ်ရဲ့ ဆက်ခံသူပါဆိုပြီး အယောင်ဆောင်ပြီးတော့ ကျိုးလေးရဲ့ ယုံကြည်မှုကို ရယူခဲ့တယ်။"
"သူက ကျိုးလေးကို ကာကွယ်ပေးမယ်၊ ကျင့်ကြံအောင် ကူညီပေးမယ်ဆိုပြီး ဟန်ဆောင်ပြီးတော့ ကျိုးလေး သတိလက်လွတ်ဖြစ်သွားတဲ့အချိန် အသုံးချပြီး ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့တာ။ ကျိုးလေးရဲ့ မူလစွမ်းအင်ရင်းမြစ်ကို လုယူပြီး သူ့ရဲ့ အသိဉာဏ်ကိုပါ ထိခိုက်အောင် လုပ်ခဲ့လို့ ကျိုးလေးတစ်ယောက် သေလုနီးပါး ဖြစ်ခဲ့ရတာ"
ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး နောက်တစ်ကြိမ် အံ့ဩတုန်လှုပ်သွားကြပြန်သည်။
"ဒါ... ဒါတွေ တကယ်ဖြစ်ခဲ့တာလား"
"တကယ့်ကို ယုတ်မာလွန်းတာပဲ!"
မူလဝိညာဉ်ကလေးက သက်ပြင်းချလိုက်ရင်း ...
"ဟူး... ဒါတွေကို ကျုပ် သိလိုက်ရတဲ့အချိန်မှာ နောက်ကျသွားပြီ။ ကျုပ် ကြားဝင်ပြီး ကျိုးလေးရဲ့ အသက်ကို ကယ်နိုင်ခဲ့ပေမဲ့ သူကတော့ ပြန်မကောင်းနိုင်တော့တဲ့ ဒဏ်ရာတွေ ရခဲ့တာပေါ့။"
"ဒါတင်မကသေးဘူး၊ သူက ကျိုးလေးရဲ့ ကိုယ်ပေါ်မှာ အစီအမံတစ်ခုပါ ချန်ထားခဲ့သေးတယ်။ ခုနကတင် သူ ဘာလုပ်လိုက်လဲတော့ မသိဘူး၊ အဲ့ဒီအစီအမံက အလုပ်ဖြစ်သွားပြီး ကျိုးလေးရဲ့ စွမ်းအင်ရင်းမြစ်ကို ထပ်ပြီး လုယူသွားပြန်တယ်။ ဒါကြောင့် ကျိုးလေး ထပ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာပဲ။"
ထိုစကားကို ကြားသောအခါ လူများစွာပင် ကိုယ်လက်များ တောင့်တင်းသွားကြသည်။
"နေပါဦး သခင်ကြီး! ခုနက ဘာပြောလိုက်တာလဲ။ ဒုတိယမြောက် ဧကရာဇ်ရဲ့ အစီအမံက အခုမှ အသက်ဝင်သွားတာ ဟုတ်လား"
အဘိုးအိုတစ်ဦးက တုန်တုန်ယင်ယင်အသံဖြင့် မေးလိုက်သည်။
"ဒါဆိုရင်... ဒုတိယမြောက် အရှုပ်အထွေး မသေမျိုးဧကရာဇ်က အခုထိ အသက်ရှင်နေသေးတာလား။ သူ ဒီမြို့တော်ထဲကိုတောင် ရောက်နေတာလား။ သူ ဒီမှာတောင် ရှိနေနိုင်သေးတာလား။"
ထိုစကားများကြောင့် လူအုပ်ကြီးမှာ ပို၍ ဆူညံပွက်လောရိုက်သွားတော့၏။
ဒေသကြီးကိုးခုတွင် မသေမျိုးဧကရာဇ်တစ်ပါး အသက်ရှင်နေသေးတာလား။
ထို့အပြင် ထိုသူမှာ အလွန်ကျော်ကြားလှသော ဧကရာဇ်တစ်ပါး ဖြစ်နေ၏။
၎င်းမှာ တကယ့်ကို အုန်းအုန်းထသွားစေနိုင်သည့် သတင်းပင်။
ထိုစဉ် မူလစိတ်ဝိညာဉ်ကလေးက မျက်မှောင်ကြုံ့လျက် ပြောပါသည်။
"ကျုပ် ဒီကောင့်အကြာင်း သိထားတဲ့အတိုင်းဆိုရင် သူ သေချာပေါက် အသက်ရှင်နေဦးမှာပဲ။ ဒါပေမဲ့ သူ အခုအချိန်မှာ အထွတ်အထိပ် အခြေအနေမှာတော့ ရှိမှာမဟုတ်ဘူး။"
ဝုန်း!
ထိုစကားမှာ လူအုပ်ကြီးကို အုန်းအုန်းကျွက်ကျွက် ထပ်ဖြစ်သွားစေပါသည်။
မူလစိတ်ဝိညာဉ်ကလေးကိုယ်တိုင် ဝန်ခံလိုက်လေပြီ ...
"ဒါဆို... ဒုတိယမြောက် ဧကရာဇ်က အသက်ရှင်နေတုန်းပေါ့? ဒီမျိုးဆက်မှာ ဒေသကြီးကိုးခုမှာ မသေမျိုးဧကရာဇ်တစ်ပါး ပေါ်ထွန်းလာမယ်ဆိုတဲ့ ဒဏ္ဍာရီက သူများလား"
"သူပဲ ဖြစ်ရမယ်။ သူသာ အသက်ရှင်နေရင် တခြားသူတွေအတွက် ဧကရာဇ်ဖြစ်ဖို့ လမ်းစ ဘယ်ရှိတော့မလဲ။ ကမ္ဘာကြီးက ရှေးဟောင်းခေတ်လို ပြောင်းလဲသွားပြီး ဧကရာဇ်တွေ အကန့်အသတ်မရှိ ပေါ်ထွန်းနိုင်တဲ့ အခြေအနေမျိုး ဆိုရင်တော့လဲ တစ်မျိုး ..."
"ငါကတော့ နောက်ထပ် ဧကရာဇ်က ငါတို့ မျိုးဆက်ထဲက ထွက်လာမယ် ထင်နေတာ။ ရှေးဟောင်းခေတ်က မသေမျိုး မိစ္ဆာအိုကြီး ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး..."
လူများ အမျိုးစုံအောင်ပင် ဝေဖန်လိုက်ကြတော့သည်။
ထိုအချိန်တွင် တံခါးစောင့်က လောထျန်းအား လှမ်းခေါ်လိုက်၏။
"အရှုပ်အထွေး မဟာတာအိုလမ်းစဉ်... ငါ့နောက် လိုက်ခဲ့...!"
သူ့အသံမှာ အားအင်ချည့်နဲ့နေပုံ ပေါက်လျက် ။
သူ့ဘေးရှိ မူလဝိညာဉ်ကလေးကလည်း လောထျန်းအား ပြော၏။
"ဟုတ်တယ်၊ အထဲဝင်ရအောင်။ အထဲက အရာတွေက အစကတည်းက သခင်လေးနဲ့ ထိုက်တန်တာတွေပဲ။"
လောထျန်းက ခေါင်းညိတ်ကာ တံခါးစောင့်နောက်မှ ကျောက်တံခါးအတွင်းသို့ လိုက်ဝင်သွားလိုက်သည်။
လောထျန်းနောက်မှ လူအချို့ကလည်း သူ့နောက် လိုက်သွားရန် ပြင်လိုက်ကြ၏။ သို့သော် ...
ဝုန်း!
တံခါးစောင့်ထံမှ လူသတ်အရိပ်အငွေ့များ ရုတ်ချည်း ထွက်လာပါသည်။
ထို့နောက် သူက လူအုပ်ဘက်သို့ အေးစက်စက် လှည့်ကြည့်ကာ ပြော၏။
"ဒါဟာ အရှုပ်အထွေး မဟာတာအိုလမ်းစဉ်ရဲ့ အရာတွေပဲ... မင်းတို့ အနားမကပ်နဲ့!"
အရိုးထဲထိ စိမ့်သွားသော အေးစက်မှုကို ခံစားလိုက်ရသဖြင့် လူတိုင်း ချက်ချင်း ခြေလှမ်းများရပ်လိုက်ကြသည်။
လောထျန်းက နောက်လှည့်ကြည့်ကာ ထျန်းယွမ်ကမ္ဘာမှ လူများအား ပြော၏။
"ဒီမှာ ခဏစောင့်နေကြ၊ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်။"
"ဟုတ်ကဲ့ပါ!"
အားလုံးကလည်း ချက်ချင်း တုံ့ပြန်လိုက်ကြသည်။
ထို့နောက် လောထျန်းနှင့် ထိုသူနှစ်ဦး ကျောက်တံခါးအတွင်းသို့ အတူဝင်သွားကြတော့သည်။
ဝူး!
ကျောက်တံခါးအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ပတ်ဝန်းကျင် ကမ္ဘာကြီး ပြောင်းလဲသွားသည်ကို လောထျန်းတစ်ယောက် အာရုံခံမိလိုက်သည်။
အားလုံး ငြိမ်သက်သွားချိန်တွင်မူ သူ ရှေးဟောင်းမြို့တော်တစ်ခုထဲ ရောက်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရ၏။
"ဒါ... ဘီလူးတွေရဲ့ မြို့တော်လား"
လောထျန်း ပတ်ဝန်းကျင်ကို ကြည့်ကာ ချက်ချင်း မှင်သက်သွားတော့သည်။
ဤရှေးဟောင်းမြို့တော်ရှိ အဆောက်အဦးများမှာ အလွန်တရာ ကြီးမားလှပြီး လူသားများ နေထိုင်ရန်အတွက် ဆောက်ထားသည့်ပုံ မပေါ်ပါချေ ။
မြို့အတွင်းရှိ မည်သည့်အဆောက်အဦးမဆို အနည်းဆုံး ပေရာချီ မြင့်မားကြပြီး ၎င်းအဆောက်အဦးများကိုလည်း အစွမ်းထက်သော မန္တန်ထွင်းစာများဖြင့် ကာကွယ်ထားကာ နှစ်ပေါင်းမရေမတွက်နိုင်အောင် သက်တမ်းကြာနေပြီဖြစ်သည့်တိုင် ၎င်းတို့ထံမှ အရှိန်အဝါများ တောက်ပနေဆဲပင်။
"ဒီ အရှုပ်အထွေးနတ်ဘုရားမြို့တော်ရဲ့ သခင်ကြီးက ကျိုးလေးအတွက် ဒီမြို့ကို တည်ဆောက်ပေးခဲ့တာဗျ။ သူက ငယ်ငယ်ကတည်းက အရွယ်အစားကြီးတော့ မြို့ကလည်း သဘာဝအတိုင်း ကြီးနေတာပေါ့။"
"ဒါတင်မကဘူး၊ ကျိုးလေးရဲ့ ကျင့်ကြံခြင်းအတွက် ဒီက အဆောက်အဦးအားလုံးကိုလဲ အရှုပ်အထွေး မဟာတာအိုလမ်းစဉ်နဲ့ သန့်စင်ထားသေးတယ် ။ မြို့တော်တစ်ခုလုံးက ဧရာမ အရှုပ်အထွေး စွမ်းအင်စမ်းရေတွင်းကြီးလိုပဲ၊ အရှုပ်အထွေးအစွမ်းတွေကို အမြဲတမ်း ထုတ်လွှတ်ပေးနေတာ!"
"ဒီအစွမ်းတွေကြောင့်ပဲ ကျိုးလေးက ဒီလောက်အထိ အစွမ်းထက်နေတာပေါ့။ တခြားသူသာ ဒီမှာလာကျင့်ရင် အရှုပ်အထွေးခန္ဓာကိုယ် မရတောင်မှ အလွန်အစွမ်းထက်တဲ့ ခန္ဓာကိုယ်ကို ရမှာပဲ။"
မူလဝိညာဉ်ကလေးက ရှင်းပြလိုက်သည်။
"ဩော်... ဒီလိုကိုး!"
လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။
ဤအရှုပ်အထွေး နတ်ဘုရားမြို့တော်သည် ထိုမျှ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ထိုအချိန်တွင် တံခါးစောင့်မှာ ရှေ့သို့ဆက်သွားနေပြီး မကြာမီမှာပင် လောထျန်းအား မြို့လယ်ရှိ ကျောက်စိမ်းနံရံတစ်ခုရှေ့သို့ ခေါ်ဆောင်သွားသည်။
"ဒီမှာပဲ!"
သူ ပြောပြီး ကျောက်စိမ်းပြားအား လက်ညှိုးညွှန်ပြကာ လောထျန်းဘက် လှမ်းကြည့်လိုက်သည်။
လောထျန်းမှာ သူ့အာရုံခံနိုင်စွမ်း မှားနေသလားဟု မသေချာသော်လည်း ကျိုးလေးသည် မူလကထက်စာလျှင် အနည်းငယ် ပို၍ အားနည်းသွားသလို ခံစားလိုက်ရ၏။
သို့သော် သူ ထိုကိစ္စကို အများကြီး ထည့်မစဉ်းစားတော့ဘဲ ကျောက်စိမ်းပြားကိုသာ အာရုံစိုက်၍ ကြည့်လိုက်ပါသည်။
ထိုကျောက်စိမ်းပြားကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် လောထျန်းတစ်ယောက် ချက်ချင်းဆိုသလို မှင်သက်သွားရပါတော့၏။
“ဒါ... ဒါက နတ်ဘုရားကျမ်းစာ မဟုတ်လား”
လောထျန်းက အံ့အားတကြီး မေးလိုက်သည်။
ကျောက်စိမ်းပြားပေါ်တွင် ထူးဆန်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် နတ်ဘုရားကျမ်းစာတစ်ခုကို ထွင်းထုထားပါ၏။
ထိုကျမ်းစာပတ်လည်တွင်လည်း အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်နေကာ ထွင်းစာများအဖြစ် ပြောင်းလဲပြီး ချက်ချင်း ပြန်ပျောက်ကွယ်သွားကြသည်။
"ဟင်... သခင်လေး ဒါကို သိတယ် ဟုတ်လား"
မူလဝိညာဉ်ကလေးက သိသိသာသာပင် အံ့အားသင့်သွားသည်။
ခဏအကြာတွင်မူ သူ ခေါင်းညိတ်ကာ ပြော၏။
"ဟုတ်သားပဲ၊ ဒေသကြီးကိုးခုမှာ နတ်ဘုရားထွင်းစာတချို့ ရှိပုံရတယ်။ သခင်လေးရဲ့ အစွမ်းနဲ့ဆိုရင် ဒါကို မြင်ဖူးတာ မဆန်းပါဘူး။"
ထို့နောက် သူက နတ်ဘုရားထွင်းစာကို ကြည့်ကာ လောထျန်းကို ပြောလိုက်သည်။
"ဒီထွင်းစာက အရှုပ်အထွေးနတ်ဘုရားမြို့တော် သခင်ကြီး ချန်ထားခဲ့တဲ့ အမြင့်မြတ်ဆုံး ရတနာပဲဗျ။ ဒီထဲမှာ အစစ်အမှန်ဆုံးနဲ့ အသန့်စင်ဆုံး အရှုပ်အထွေးအစွမ်းတွေ ပါဝင်နေသလို၊ ဒါဟာ မြို့တော်တစ်ခုလုံးရဲ့ ဗဟိုချက်မ လည်း ဖြစ်တယ်။"
"သခင်လေးသာ ဒါကို သန့်စင်နိုင်ရင် ဒီမြို့တော်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်မှာ"
လောထျန်း မျက်လုံးများ တောက်ပသွားကာ ...
"မြို့တော်ကို ထိန်းချုပ်နိုင်မယ် ဟုတ်လား"
ဟု ဆိုပြီး နတ်ဘုရားထွင်းစာထံသို့ လျှောက်သွားလိုက်သည်။
မူလဝိညာဉ်ကလေးက ခေါင်းညိတ်ရင်း ပြန်ပြော၏။
"ဟုတ်တယ်ဗျ။ သာမန် မသေမျိုးဧကရာဇ်တစ်ပါးသာဆိုရင် ဒီထွင်းစာကို သန့်စင်ဖို့ အနည်းဆုံး နှစ်ပေါင်းတစ်သောင်း ကြာလိမ့်မယ်။ ဒါပေမဲ့ သခင်လေးဆိုရင်တော့ နှစ်ပေါင်းသုံးထောင်အတွင်း အပြည့်အဝ သန့်စင်နိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။ အဲ့ဒီအချိန်အတွင်းမှာ ကျုပ် သခင်လေးကို ကာကွယ်ပေး..."
သူ့စကားပင် မဆုံးသေးခင်မှာပင် ..
နတ်ဘုရားအလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားပြီး ထိုနတ်ဘုရားထွင်းစာက လောထျန်း၏ လက်ထဲသို့ ကျရောက်သွားပါတော့သည်။