← Chapters

Chapter 1034 Refining Divine Inscriptions

Vol. 70 Ch. 1034

Chapter 1034 Refining Divine Inscriptions

Vol. 70 Ch. 1034

“ဟင်... သခင်လေး ဘာလုပ်တာလဲ”

မူလစိတ်ဝိညာဉ်ကလေး အံ့ဩမှင်သက်သွားပါသည်။

လောထျန်းက နတ်ဘုရားထွင်းစာကို သူ့လက်ထဲရောက်အောင် တိုက်ရိုက် လှမ်းဖမ်းလိုက်သည် မဟုတ်ပါလား။

“ဘာမှမဟုတ်ပါဘူး၊ အနီးကပ် ကြည့်မလို့ပါ”

လောထျန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

“အနီးကပ် ကြည့်မလို့ ဟုတ်လား...”

မူလစိတ်ဝိညာဉ်မှာ ဆွံ့အသွားရပြန်ပါသည်။

ထိုစဉ်မှာပင်...

ဝုန်း!

လောထျန်းလက်ထဲရှိ နတ်ဘုရားထွင်းစာမှ နတ်ဘုရားအလင်းတန်းများ ဝင်းခနဲ တောက်ပလာသည်။

၎င်းထွင်းစာမှာ လောထျန်း၏ လက်တွင်းမှ ရုန်းထွက်ရန် ကြိုးစားနေသည့်အလား အဆက်မပြတ် တုန်ခါနေ၏။

သို့သော် လောထျန်း၏ လက်မှာ အလွန်တည်ငြိမ်လွန်းလှသဖြင့် နတ်ဘုရားထွင်းစာမှာ မည်သို့မျှ ရုန်းမထွက်နိုင်ဘဲ လက်ထဲတွင်သာ တုန်ခါနေပါသည်။

ထိုစဉ်မှာပင် မူလစိတ်ဝိညာဉ်ကလေးက ထိုထွင်းစာထံမှ ပြင်းထန်သော နာကျည်းမှုကို အာရုံခံမိလိုက်သဖြင့် ထိတ်လန့်သွားကာ ပြောလိုက်သည်။

“သခင်လေး... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး လက်ကိုလွှတ်လိုက်ပါ!”

“ဘာလို့လဲ”

လောထျန်း သူ့ဘက် လှည့်ကြည့်လိုက်၏။

မူလစိတ်ဝိညာဉ်ကလေးက လောထျန်းလက်ထဲမှ နတ်ဘုရားထွင်းစာကို စိုးရိမ်တကြီး ကြည့်ရင်း မျက်နှာပျက်ပျက်ဖြင့် ပြောပါသည် ။

“နတ်ဘုရားထွင်းစာမှာ ဝိညာဉ်ရှိတယ်ဗျ။ သခင်လေး အခုလုပ်နေတာက နတ်ဘုရားအက္ခရာကို စော်ကားလိုက်တာပဲ။ အခုလို လုပ်လိုက်ရင် ထွင်းစာက သခင်လေး သန့်စင်တာကို ငြိမ်ခံတော့မှာမဟုတ်ဘူး။ အဲ့ကျရင် တကယ်ကို ဒုက္ခရောက်ကုန်လိမ့်မယ်”

ဝီ!

နတ်ဘုရားထွင်းစာသည်လည်း မူလစိတ်ဝိညာဉ်ကလေး၏ စကားကို ကြားသည့်အလား ခုခံကြောင်းပြသသည့်အနေဖြင့် အရောင်ပိုလက်လာသည်။

လောထျန်းက အံ့အားသင့်စွာဖြင့် ပြန်ပြော၏။

“အဲ့လိုလည်း ဖြစ်တတ်တာလား”

မူလဝိညာဉ်ကလေးက အားကိုးရာမဲ့စွာဖြင့် ပြောလိုက်ပါသည်။

“ဒါပေါ့ဗျ! နတ်ဘုရားထွင်းစာက သခင်လေးကို မခုခံဘူးဆိုရင် နှစ်ပေါင်းသုံးထောင်အတွင်း သန့်စင်နိုင်မှာ ဖြစ်ပေမဲ့ အခုလို ခုခံနေရင်တော့ အချိန်ဆယ်ဆလောက် ပိုကြာသွားလိမ့်မယ်!”

ဝီ!

နတ်ဘုရားအက္ခရာပေါ်မှ ဒေါသအရိပ်အယောင်များ ပိုပြင်းထန်လာသည်။

မူလစိတ်ဝိညာဉ်ကလေးက ၎င်းကိုကြည့်ရင်း လက်နှစ်ဖက်ကို ဖြန့်ကာပြော၏။

“သွားပါပြီဗျာ... ဒီကောင် တကယ့်ကို ဒေါသထွက်သွားပြီ”

သူ အလွန်လည်း စိတ်ဓာတ်ကျသွားပါသည်။

အစီစဥ်အရဆိုလျှင် လောထျန်းတစ်ယောက် ထိုနတ်ဘုရားထွင်းစာကို အောင်မြင်စွာ သန့်စင်နိုင်သည်နှင့် တစ်ပြိုင်နက် သူ့တာဝန်မှာ အလုံးစုံ ပြီးမြောက်သွားမည် ဖြစ်ပါ၏။

သို့သော် ယခုမူ လောထျန်းနှင့် နတ်ဘုရားထွင်းစာတို့ကြားမှ ဆက်ဆံရေးတွင် အက်ကြောင်းတစ်ခု ရှိသွားခဲ့လေပြီ ။

သို့ဖြစ်ရာ သူ့တာဝန် ပြီးဆုံးရန် ကြာမြင့်မည့်အချိန်မှာလည်း နောက်ထပ် နှစ်ပေါင်းသောင်းချီ၍ပင် ကြန့်ကြာသွားနိုင်ပေသည်။

နှစ်ပေါင်းသောင်းချီတောင် ....

“ဩော်... ဒီလိုလား”

ထိုစဉ် လောထျန်းကမူ ဘာမှမသိနားမလည်သည့်ပုံစံဖြင့်သာ ရှိနေသေး၏။

မူလစိတ်ဝိညာဉ်ကလေး စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“တကယ်ပြောတာပါ။ မယုံရင် သခင်လေးဘာသာ သန့်စင်ကြည့်လိုက်လေ၊ သိရတာပေါ့”

လောထျန်း ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ၊ ငါ စမ်းကြည့်လိုက်မယ်”

သူ ပြောပြောဆိုဆိုပင် စိတ်ဝိညာဉ်အစွမ်းများကို နတ်ဘုရားထွင်းစာအတွင်းသို့ ပို့လွှတ်ကာ စတင်သန့်စင်လိုက်တော့သည်။

၎င်းကို မြင်သောအခါ မူလစိတ်ဝိညာဉ်ကလေး သက်ပြင်းချလိုက်၏။

“ကျုပ် ပြောတာကို သခင်လေးက ယုံမှမယုံပဲ။ အခုတော့ သခင်လေး စမ်းကြည့်လိုက်ဦးပေါ့, ပြီးရင် သေချာသိသွားလိမ့်မယ်။”

သို့သော် သူ့ စကားဆုံးစသာ ရှိသေးချိန်တွင်...

ဝီ!

လောထျန်းလက်ထဲရှိ နတ်ဘုရားထွင်းစာမှ နတ်ဘုရားအလင်းတန်းများ တစ်ဖန် ပေါက်ကွဲထွက်လာပြန်သည်။

တစ်ခဏချင်းမှာပင် မရေမတွက်နိုင်သော တာအိုထွင်းစာများ ပတ်ဝန်းကျင်တခွင် ပျံ့နှံ့သွားပြီး အားပြင်းသော အရောင်အဝါတစ်ခုလည်း ထွက်ပေါ်လာ၏။

“ဟင်... ဘာဖြစ်တာလဲ”

မူလစိတ်ဝိညာဉ်ကလေးမှာ ဘာဖြစ်သွားမှန်း နားမလည်နိုင်ဘဲ လန့်ဖျပ်သွားသည်။

ထိုအချိန်တွင် လောထျန်းက မျက်လုံးကို ဖွင့်ကာ မူလစိတ်ဝိဉာဉ်အားကြည့်၍ ဆို၏။

“မင်းပြောတာ မှန်တယ်။ ဒီနတ်ဘုရားထွင်းစာက တကယ်ပဲ ငါ သန့်စင်တာကို ခုခံနေတာပဲ”

ထိုစကားကို ကြားသောအခါ မူလစိတ်ဝိညာဉ်ကလေး အောင့်သက်သက် ပြုံးလိုက်သည်။

“တွေ့လား... ကျုပ်က သခင်လေးကို လိမ်ပါ့မလား။ ဒါပေမဲ့ အခုမှ သိလည်း နောက်မကျသေးပါဘူး။ ဒီထွင်းစာရဲ့ ရန်လိုမှုကို လျှော့ချနိုင်မယ့် နည်းလမ်းတချို့ ကျုပ်မှာ ရှိပါတယ်...”

သို့သော် သူ၏ စကားမဆုံးခင်မှာပင် လောထျန်းက လက်ကာပြလိုက်ကာ

“မလိုတော့ဘူး”

ဟု ဆုပါ၏။

“ဟင်...”

မူလစိတ်ဝိညာဉ်ကလေး ချက်ချင်း မျက်မှောင်ကြုံ့သွားသည်။

လောထျန်းက မလိုဘူးဟု ငြင်းလိုက်ခြင်းမှာ သူ့ကို မယုံကြည်သောကြောင့်ဟုလည်း အထင်ရောက်သွား၏။

“သခင်လေး... ကျုပ် တကယ် အမှန်တိုင်း‌ပြောနေတာပါ...”

လောထျန်းက ခေါင်းညိတ်ပြ၍ ပြန်ပြောပါသည်။

“အင်း... ငါ မင်းကို ယုံပါတယ်”

“ဟင်.. ယုံတယ်လား။ အဲ့ဒါဆို ကျုပ် ပြောသလို လုပ်လေ။ သခင်လေးလုပ်ရမှာက...”

မူလစိတ်ဝိညာဉ်လေး ထပ်ပြောကြားရန် ပြင်လိုက်ပါသည်။

သို့သော် လောထျန်းက လက်ယမ်း၍ ဖြတ်ပြောပါ၏။

“မင်းမှာ နည်းလမ်းရှိတယ်ဆိုတာ ငါယုံပါတယ်။ ဒါပေမဲ့ ငါ ဂရုမစိုက်ဘူး။ ဘာလို့လဲဆိုတော့ ငါ ဒီနတ်ဘုရားထွင်းစာကို သန့်စင်လို့ပြီးသွားပြီလေ”

လောထျန်းက ပြောပြောဆိုဆိုဖြင့်ပင် လက်ကို အနည်းငယ် ဖြန့်လိုက်သည်။

ဝီ!

ချက်ချင်းမှာပင် နတ်ဘုရားထွင်းစာက လောထျန်း၏ လက်ချောင်းထိပ်တွင် ရစ်ပတ်လာပြီး တစ်ခါတစ်ရံ လောထျန်းအား ဖားချင်သည့်ပုံစံမျိုးဖြင့် လာရောက် ပွတ်သပ်နေသည်ကို တွေ့လိုက်ရ၏။

“ဘာ...”

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မူလဝိညာဉ်ကလေးမှာ မှင်သက်သွားရသည်။

သူသည် ဤနေရာ၌ နေထိုင်လာသည်မှာ ကြာလှပြီဖြစ်သဖြင့် ထိုနတ်ဘုရားထွင်းစာအကြောင်းကို အသိဆုံးပါပင်။

ယခင်ကဆိုလျှင် သူ ထိုနတ်ဘုရားထွင်းစာအား ကိုးကြိမ်တိုင် ရှိခိုးဦးချခဲ့လျှင်ပင် ၎င်းက သူ့အား တုံ့ပြန်မှု တစ်စုံတစ်ရာ မပြခဲ့ပါချေ ။

သို့သော် ယခုမူ ထိုနတ်ဘုရားထွင်းစာက လောထျန်းအား ဖားယားမြှောက်ပင့်သူ တစ်ဦးကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။

ကွာခြားချက်မှာ အမှန်တကယ်ကို ကြီးမားလွန်းလှပါသည်။

ကြည့်ရသည်မှာ ရိုးရိုးသာမာန် သန့်စင်ခြင်းတစ်ခု ဟုတ်ပုံမရပါ။

“သခင်လေး ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ ခုနကတင် ဒီကောင်က ခုခံနေတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား”

မူလစိတ်ဝိညာဉ်ကလေးက လောထျန်းအား ဝေခွဲမရဖြစ်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြော၏။

“မှန်တယ်လေ၊ ဒီထွင်းစာက ငါ့ကို တကယ်ပဲ ခုခံနေခဲ့တာ။ ငါ အခုပဲ တွက်ကြည့်လိုက်တာ... သန့်စင်တာပြီးဖို့ ဆယ်စက္ကန့်လောက်ကို အချိန်ယူလိုက်ရတယ်။ တကယ်လို့ သူသာ မခုခံခဲ့ဘူးဆိုရင် အလွန်ဆုံး ၂ စက္ကန့်လောက်ပဲ ကြာနိုင်မှာ”

ထိုစကားကို ကြားသောအခါ မူလစိတ်ဝိညာဉ်ကလေး ဆွံ့အသွားရပါတော့၏။

၁၀ စက္ကန့်တည်း တဲ့လား ...

အဲ့‌လောက်နဲ့ လုံလောက်ပါသလား။

လက်ရှိတွင် သူ လုပ်ချင်သည့် တစ်ခုတည်းသော အရာမှာ ဆဲရေးလိုက်ရန်ပင်။

သို့သော် လောထျန်းကို ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူ့ စိတ်ကို ထိန်းလိုက်ရပါ၏။

မည်သို့ပင်ဆိုစေ သူ့ရှေ့မှ မိစ္ဆာကောင်ကြီးကို သူ့ကြောင့် ဒေါသ မထွက်စေလိုပါ။

ထိုစဉ် လောထျန်းက ရုတ်တရက် မေးလာသည်။

“ဒါနဲ့... ဒီနတ်ဘုရားထွင်းစာကို သန့်စင်ပြီးရင် ငါ ဒီ အရှုပ်အထွေး နတ်ဘုရားမြို့တော်ရဲ့ အစွမ်းအားလုံးကို သုံးလို့ရပြီလို့ မင်းပြောခဲ့တယ် မဟုတ်လား”

မူလစိတ်ဝိညာဉ်ကလေးမှာ စိတ်ကို ပြန်တည်ငြိမ်အောင် ထိန်းလိုက်ပြီးမှ ဦးညွှတ်လျက် ပြန်ပြော၏။

“ဟုတ်ပါတယ်... ဥပမာဆိုရင် .. သခင်လေးအနေနဲ့ ဒီမြို့တော်ထဲမှာ အရှုပ်အထွေးအစွမ်းတွေ စီးဝင်နေတဲ့ အရာအားလုံးကို ပြန်လည် ခေါ်ယူကြည့်လို့ ရပါတယ်”

လောထျန်း ခေါင်းညိတ်လိုက်ပြီး တစ်ခုကို စဉ်းစားမိလိုက်သည်။

ဝုန်း!

မြို့တော်တဝိုက်တွင် ကျယ်လောင်သော အသံကြီးတစ်သံ ဟိန်းထွက်သွား၏။

တခဏအကြာ၌ လေထုလမ်းကြောင်းများစွာ ပေါ်လာကာ လောထျန်းရှေ့သို့ အရာဝတ္ထုများ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။

ထိုအရာအားလုံးမှာလည်း အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများဖြင့် တောက်ပနေကြ၏။

“ဟင်...”

ရုတ်တရက် လောထျန်းတစ်ယောက် ရင်းနှီးသော အရာတစ်ခုကို တွေ့လိုက်ရကာ မျက်နှာထားပြောင်းသွားသည်။

“ဒါ... စောစောက ထွက်ပြေးသွားတဲ့ အရှုပ်အထွေးသတ္တုရိုင်း မဟုတ်လား”

လောထျန်း တစ်ချက်တွေးလိုက်ရုံဖြင့်ပင် ထို အရှုပ်အထွေးသတ္တုရိုင်းက သူ့လက်ထဲသို့ ရောက်လာပါ၏။

ထိုကျောက်ရိုင်းမှာ လောထျန်းတစ်ယောက် စိတ်နှင့်ကိုယ်မကပ် ဖြစ်နေချိန်၌ သူ့လက်ထဲမှ လွတ်ထွက်သွားခဲ့သည့် အရှုပ်အထွေးသတ္တုရိုင်းပင်။

အစောပိုင်းက လောထျန်းမှာ ထိုသတ္တုရိုင်းအား ပြန်ရှာမတွေ့တော့မည်ကို စိုးရိမ်ပြီး နှမြောတသ ဖြစ်နေခဲ့ရပါသေးသည် ။

သို့သော် ယခုမူ မထင်မှတ်ဘဲ ထိုသတ္တုရိုင်းက သူ့လက်ထဲသို့ ပြန်ရောက်ရှိလာခဲ့လေပြီ။

ထို့နောက် လောထျန်းက သတ္တုရိုင်းကို သိမ်းဆည်းာ ပျက်စီးနေသော လက်နက်အကျိုးအပဲ့ တချို့ကို ကြည့်လိုက်သည်။

ထို့နောက် သူ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ၎င်းအကျိုးအပဲ့များက သူ့ရှေ့သို့ ရောက်လာပြန်၏။

“ဒါက...”

လောထျန်းက ထိုလက်နက်များကို ကြည့်ကာ မျက်လုံးများ တောက်ပသွားသည်။

ထိုလက်နက်များထံမှ ထွက်ပေါ်နေသော အရှုပ်အထွေးအစွမ်းအားမှာ အလွန်ပင် သိပ်သည်းလှပြီး ၊ ၎င်းလက်နက်များက ပျက်စီးနေသည့်တိုင် မသေမျိုးလက်နက်များထက်ပင် ပိုအစွမ်းထက်ပုံ ပေါက်နေပါသည်။

ထိုလက်နက်များကို မြင်သောအခါ မူလစိတ်ဝိညာဉ်ကလေးက သက်ပြင်းချရင်း ပြော၏။

“အဲ့ဒါ အရှုပ်အထွေး မသေမျိုးဧကရာဇ်ရဲ့ သူငယ်ချင်း၊ ပါရမီရှင် လက်နက်ပညာရှင်တစ်ယောက်ရဲ့ လက်ရာပဲ။ သူက အရှုပ်အထွေးလက်နက် ၆ မျိုးကို မြင်ပြီးတဲ့နောက်မှာ အရှုပ်အထွေးအစွမ်းကို မသေမျိုးလက်နက်တွေထဲ ထည့်သွင်းပြီး လူတိုင်းသုံးလို့ရမယ့် ‘အရှုပ်အထွေး နတ်ဘုရားလက်နက်’ တွေ ဖန်တီးဖို့ ကြံစည်ခဲ့တာ”

“ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အရှုပ်အထွေးအစွမ်းက ထိန်းချုပ်မရ ဖြစ်သွားပြီး နောက်ဆုံးမှာတော့ ကျရှုံးခဲ့ရတယ်။ ဒီလက်နက်တွေလဲ ပျက်စီးသွားတဲ့အပြင် အဲ့ဒီပါရမီရှင်ဟာလည်း အသက်သေမလို ဖြစ်ခဲ့ရတယ်လေ”

လောထျန်းက ဘာမှမပြောဘဲ ထိုလက်နက်များကိုသာ စေ့စေ့ကြည့်နေပြီး အချိန်အတန်ကြာမှ ပြောပါ၏။

“နှမြောစရာပဲ... သူက အောင်မြင်ဖို့ ခြေတစ်လှမ်းတည်းပဲ လိုတော့တာကို”

စာစဉ်ပြီး၏

All Chapters