Chapter 1024 The Puppet is Destroyed
Vol. 70 Ch. 1024
လောထျန်း ငြင်းလိုက်မည်ကို စိုးရိမ်နေသည့်အလား ထိုအသံက ဆက်ပြောပါသည်။
"မင်းရဲ့ အကြောတွေကို စစ်ဆေးခွင့်ပေးမယ်ဆိုရင် ငါ လူတစ်ယောက်ကို လွှတ်ပေးမယ်။ ဒါ့အပြင် အရှုပ်အထွေးအစွမ်း အလင်းတန်း တစ်ခုကိုလည်း ပေးမယ်"
လောထျန်း ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ"
"ဟမ့်... ရတယ် ဒါဆို ခဏစောင့်၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်အစစ်ကို ငါ အခုပဲ ဖော်ထုတ်ပြမယ်"
ကလေးဆန်သောအသံက ပြောလိုက်သည်။
ထို့နောက်တွင် စိတ်ဝိညာဉ်အစွမ်း အငွေ့အသက်တစ်ခုက သူ့ကိုယ်ပေါ် ဖြတ်သန်းသွားသည်ကို လောထျန်း ခံစားလိုက်ရ၏။
ခဏအကြာတွင် ကလေးဆန်သောအသံ၏ အံ့ဩတကြီး အော်သံ ထွက်လာပါတော့သည်။
"ဟင်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းရဲ့ အကြောတွေထဲမှာ... တကယ်ကို စိတ်ဝိညာဉ်အစွမ်းတွေပဲ ရှိနေတာပဲ။ မင်းက တကယ်ကြီး ကောင်းကင်ဘုံအဆင့်မှာပဲ ရှိနေတာလား"
ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတော့သည်။
"တကယ်ကြီး စိတ်ဝိညာဉ်အစွမ်းတဲ့လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"စိတ်ဝိညာဉ်အစွမ်းတဲ့လားကွာ ... ဘယ်သူ့ရဲ့ စိတ်ဝိညာဉ်အစွမ်းက ဒီလောက် အစွမ်းထက်လို့လဲ"
"ငါတော့ လုံးဝကို နားမလည်နိုင်တော့ဘူး"
လူအုပ်ကြီး ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
ထိုအချိန်တွင် လောထျန်းက လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ပြောလိုက်၏။
"ကဲ... ကျုပ်ကတော့ သဘောတူခဲ့ပြီးပြီ။ အခု မင်းရဲ့ ကတိကို တည်ရမယ့် အလှည့်ပဲ"
ကလေးဆန်သောအသံက မကျေမနပ်နှင့် နှာခေါင်းရှုံ့လိုက်ပါသည်။
"စိတ်မပူပါနဲ့၊ ငါက မင်းတို့ လူသားတွေလို ကတိဖျက်မယ့်သူလို့ ထင်နေလား"
ဝူး
သူ့စကား မဆုံးသေးခင်မှာပင်...
ယခင်က ဖိနှိပ်ခံထားရသော ချူဖုန်းစီတစ်ယောက် လောထျန်း၏ ရှေ့မှောက်သို့ ရောက်လာပါသည်။
တစ်ပြိုင်တည်းနီးပါးမှာပင် ချုပ်နှောင်ထားသည့် အရှုပ်အထွေးအစွမ်း အမျှင်တန်းတစ်ခုလည်း ရောက်လာ၏။
"ဟင်... မင်း ဒါဘာအဓိပ္ပါယ်လဲ"
လောထျန်း ချက်ချင်း မျက်မှောင်ကြုံ့လိုက်သည်။
သူ အမှန်တကယ် ကယ်ချင်သူများမှာ သူ့မိသားစုဝင်များပင်။
ယခု တစ်ဖက်လူက ချူဖုန်းစီကို လွှတ်ပေးလိုက်တယ်တဲ့လား ...
ထိုစဉ် ကလေးဆန်သောအသံက ရယ်မောရင်း ပြောလာပါသည်။
"ငါက လူတစ်ယောက် လွှတ်ပေးမယ်လို့ပဲ ကတိပေးခဲ့တာလေ၊ ဘယ်သူ့ကို လွှတ်ပေးမယ်လို့ မပြောခဲ့ဘူး။ ဘာလဲ... မင်းက မကျေနပ်ဘူးလား။ မကျေနပ်ရင် ငါတို့ ဆက်တိုက်လို့ ရသေးတာပဲ ငါ့မှာ ရုပ်သေးရုပ် ၁၀၇ ခု ကျန်သေးတယ်။ မင်း တစ်ခုကို အနိုင်ယူတိုင်း ငါ လူတစ်ယောက် လွှတ်ပေးမယ် အရှုပ်အထွေးအစွမ်း တစ်ခုစီလည်း ထပ်ပေးမယ်"
"မင်းလူတွေ ချုပ်နှောင်ခံထားရတာလဲ နည်းနည်းပဲဆိုတော့ ..အားလုံးကို ကယ်ထုတ်ဖို့ အခွင့်အရေး ရှိပါတယ်။ ဘယ်လိုလဲ... မင်း ငါ စိန်ခေါ်တာကို လက်ခံရဲလား"
"သခင်လေးလောထျန်း... သူတောင်းဆိုတာကို သဘောမတူပါနဲ့"
ပိုင်ယွမ်လီက ဝင်တားပါသည်။
"ဟုတ်ပါတယ် သခင်လေးလောထျန်း ဒီကောင်က တစ်ခုခု ကြံစည်နေတာ သိသာတယ်ဗျ။ သူ့ရုပ်သေးတွေက အစွမ်းထက်သလို အရေအတွက်လည်း များတယ်။ သခင်လေး တချို့ကို အနိုင်ယူနိုင်ရင်တောင်မှ တစ်ရာကျော်လုံးက တစ်ပြိုင်တည်း တိုက်လာရင် ခံနိုင်ရည်ရှိဖို့ မလွယ်ဘူး"
အခြားတစ်ယောက်ကလည်း ဝင်သတိပေး၏။
သို့သော် လောထျန်းက ခေါင်းခါလိုက်ပြီးသာ ပြန်ပြောသည်။
"ကိစ္စမရှိပါဘူး။ ကျုပ်ကလည်း ဒေါသတွေကို ထွက်ပေါက်ရှာဖို့ လူတစ်ယောက်ကို ရှာနေတာနဲ့ အတော်ပဲ"
"သခင်လေး..."
အားလုံးပင် မျက်နှာထားများ ပြောင်းသွားကြသည်။
ထိုအချိန်တွင် လောထျန်းက ရှေ့တည့်တည့်ရှိ ရုပ်သေးရုပ်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။
"လာခဲ့စမ်း"
"ဟားဟား... မင်း သဘောတူလိုက်ပြီပေါ့ ၊ မင်း တကယ်ပဲ သဘောတူလိုက်တာလား"
ကလေးဆန်သောအသံက အားရပါးရ ရယ်မောလိုက်သည်။
ဝီ..
ထို့နောက်တွင် ရုပ်သေးရုပ်အသစ်တစ်ခုက လောထျန်း၏ ရှေ့တည့်တည့်သို့ ပြေးဝင်လာ၏။
"ကောင်လေး... ခုနကတော့ ငါ ပေါ့ဆသွားလို့ မင်း အခွင့်အရေး ရသွားတာ။ ဒါပေမဲ့ ဒီတစ်ခါတော့ မင်း အဲ့လောက် ကံကောင်းမှာ မဟုတ်တော့ဘူး"
"ဒီတစ်ခါတော့ ငါ့ရုပ်သေးရုပ်တွေကို အကန့်အသတ်မရှိ အစွမ်းတိုးခွင့် ပေးလိုက်မှာကွ။ မင်းနဲ့ အဆင့်တူလာတဲ့အထိပေါ့"
"မင်းနဲ့ အစွမ်းချင်းတူတဲ့ ရုပ်သေးရုပ် ၁၀၇ ခုကို မင်း ဘယ်လိုများ အနိုင်ယူမလဲဆိုတာ ကြည့်ကြသေးတာပေါ့ကွာ။ ဟားဟားဟား..."
စကားအဆုံးတွင်မူ ထိုကလေးဆန်သောအသံထံမှ အောင်နိုင်သူတစ်ယောက်ကဲ့သို့ ရယ်မောသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
သူ့ အကြံအစည် အောင်မြင်သွားသည့်အတွက် ကျေနပ်အားရနေခြင်း ဖြစ်သည်မှာ သိသာလှပါ၏။
လောထျန်းက မျက်မှောင်အနည်းငယ်ကြုံ့၍သာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါနဲ့ အဆင့်တူတဲ့ ရုပ်သေးရုပ် ဟုတ်လား။ အတော်ပဲ... ငါ့စွမ်းအားအပြည့်နဲ့ တိုက်ခိုက်ဖို့ အခွင့်အရေး ရတာပေါ့"
ဝုန်း
သူ့မျက်လုံးထဲတွင်လည်း တိုက်ခိုက်လိုစိတ်များ တောက်ပလာသည်။
"ဟွန့်... ကလေးကလား အတွေးနဲ့ကွာ "
ကလေးဆန်သောအသံက မထီမဲ့မြင် ဆိုလိုက်သည်။
နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံမှ နတ်ဘုရား အလင်းတန်းတစ်ခု ကျလာ၏။
"ကဲ... သူ့ခွန်အားနဲ့ အဆင့်တူအောင် မြှင့်တင်လိုက်စမ်း"
ဝူး
သူ့ စကားဆုံးသည်နှင့် တစ်ပြိုင်နက် လောထျန်း၏ ရှေ့မှောက်ရှိ ရုပ်သေးရုပ်ဆီမှ ထွက်နေသည့် အရောင်အဝါမှာ အံ့ဩစရာကောင်းလောက်အောင် မြင့်တက်လာသည်။
ဂျိန်း
ထိုကြောက်မက်ဖွယ် အရောင်အဝါက ကောင်းကင်သို့ ထိုးတက်သွား၏။
အရှုပ်အထွေး နတ်ဘုရားမြို့တော် တစ်ခုလုံးပင် တုန်ခါသွားပါတော့သည်။
"ဒါ... ဒါက မသေမျိုးဧကရာဇ် အဆင့်နီးပါး အစွမ်းလား။ မဟုတ်သေးဘူး... ဒါက မသေမျိုးဧကရာဇ် တစ်ပါးရဲ့ အစွမ်းတောင် ဖြစ်နေပြီမဟုတ်လား"
"ဘုရားရေ... ဒီရုပ်သေးရုပ်က တကယ်ကြီး ဒီအဆင့်အထိ မြင့်တက်သွားတာလား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
လူတိုင်း မျက်နှာကိုယ်စီ ပျက်ကုန်ကြသည်။
ဤအရှုပ်အထွေး နတ်ဘုရားမြို့တော်အတွင်း၌ ထိုမျှအန္တရာယ်ကြီးသည့် နေရာမျိုး ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ထိုအချိန်တွင် ကလေးဆန်သောအသံက ပို၍ပင် ရူးသွပ်စွာ ရယ်မောလိုက်ပါတော့သည်။
"ကောင်လေး... ဒါ မင်းကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းပဲ။ မျှော်လင့်ချက်မဲ့တာ ဘယ်လိုဆိုတာကို ခံစားလိုက်စမ်းကွာ"
ထိုရယ်မောသံများကြားမှာပင် ရုပ်သေးရုပ်၏ အရှိန်အဝါက အလွန်လျင်မြန်သော နှုန်းဖြင့် ဆက်လက်မြင့်တက်လာပါသည်။
ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း ရှိနေသေးသဖြင့် ရုပ်သေးရုပ်၏ အစွမ်းအစစ်မှာ မည်မျှအထိ ရှိနေသည်ကိုပင် မည်သူမျှ မခန့်မှန်းနိုင်ကြတော့ပါ။
အားလုံး မျှော်လင့်ချက်မဲ့ကုန်ကြပါ၏ ။
သို့သော် ထိုအချိန်မှာပင်...
ဝူး
ရုပ်သေးရုပ်က ရုတ်တရက် ယိုင်သွားသည်။
ထို့နောက်……
ဘုန်း
၎င်းရုပ်သေးရုပ်၏ ဘယ်ဘက်ပုခုံးမှ အမည်းရောင်မီးခိုးများ ထွက်ပေါ်လာသည်။
ဝီ ...
ရုတ်တရက် ရုပ်သေးရုပ်၏ အရောင်အဝါသည်လည်း အဆမတန် မြန်ဆန်သည့်နှုန်းဖြင့် ပြန်ကျလာပါတော့သည်။
"ဟင်... ဘာဖြစ်တာလဲ"
ကလေးဆန်သောအသံ အံ့အားသင့်သွားဟန်တူ၏။
သူ့ ယခင်က မာန်တက်နေမှုများလည်း ပျောက်ကွယ်သွားကာ၊ ထိုအစား ကြောက်ရွံ့မှု အရိပ်အယောင်တို့ ပေါ်လာသည်။
မူလက ကောင်းမွန်နေသည့် ရုပ်သေးရုပ်ထံမှ အဘယ့်ကြောင့် ရုတ်တရက် မီးခိုးများ ထွက်လာရသည်ကို သူ လုံးဝ နားမလည်နိုင်ပါချေ။
လောထျန်းက တစ်ခုခု လုပ်လိုက်ခြင်းကြောင့်လား။
သို့သော် သူကိုယ်တိုင်လည်း လောထျန်းလှုပ်ရှားလိုက်သည်ကို စိုးစဉ်းမျှ မမြင်လိုက်ရပေ။
ထိုအချိန်မှာပင်...
ဘုန်း... ဘုန်း... ဘုန်း...
ရုပ်သေးရုပ်၏ ခန္ဓာကိုယ်မှ အမည်းရောင်မီးခိုးများမှာ ပိုပို၍ လိပ်တက်လာပြီး၊ ရုပ်သေးရုပ်တစ်ခုလုံးလည်း ပုံပျက်ပန်းပျက် ဖြစ်လာပါတော့၏။
ခဏအကြာတွင်...
ခွပ်
ရုပ်သေးရုပ်မှာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြိုကွဲပျက်စီးသွားတော့သည်။
ထို့နောက်တွင် ၎င်းအပိုင်းအစများက ကောင်းကင်ယံမှ ပြုတ်ကျလာပါ၏။
ထိုခဏ၌ အရာအားလုံး တိတ်ဆိတ်သွားကာ လူတိုင်း၏ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်နေသည့် အမူအရာကိုယ်စီ ရှိနေကြတော့သည်။
"မင်း... မင်း ဘယ်လို တိုက်ကွက်မျိုးကို သုံးလိုက်တာလဲ"
ကလေးဆန်သောအသံက ထိတ်လန့်တကြားဖြင့် လောထျန်းအား မေးလိုက်သည်။
လောထျန်းကိုယ်တိုင်မှာလည်း မှင်သက်မိနေပါ၏။
"တိုက်ကွက် ဟုတ်လား ။ ငါ ဘာမှ မလုပ်ရသေးဘူးလေ"
တစ်ဖက်မှ ကလေးဆန်သောအသံက နှာခေါင်းရှုံ့လိုက်ရင်း ပြန်ပြောပါသည်။
"ဟန်ဆောင်မနေနဲ့။ မင်းသာ ကြားဝင်မနှောင့်ယှက်ခဲ့ရင် ဒီရုပ်သေးရုပ်က ဘယ်လိုလုပ် ပျက်စီးသွားမှာလဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဒီရုပ်သေးရုပ်ကို ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် အကန့်အသတ်မရှိ ပြန်ပြင်လို့ ရတယ်"
ကလေးဆန်သောအသံက ထိုသို့ပြောကာ ရုတ်တရက် ထအော်လိုက်ပါသည်။
"အခုချက်ချင်း ပြန်ပြင်စမ်း"
ဝူး
သူ့ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံမှ နတ်ဘုရားအလင်းတန်းတစ်ခု ကျလာပြီး ရုပ်သေးရုပ်၏ အပိုင်းအစများကို လွှမ်းခြုံလိုက်ပါ၏။
သူ့ စိတ်ထဲတွင်လည်း ထိုအပိုင်းအစများက နောက်တစ်စက္ကန့်အကြာမှာပင် မူလအတိုင်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး၊ ထို့နောက်တွင် လောထျန်းနှင့် ထပ်မံတိုက်ခိုက်နိုင်မည်ဟု ထင်မှတ်ထားပါသည်။
သို့သော် ထင်မှတ်မထားစွာပင် .... ထိုနတ်ဘုရား အလင်းတန်း ကျလာပြီးသည့်နောက်၌ပင် အပိုင်းအစများထံမှ မည်သည့်တုံ့ပြန်မှုမှ ပြန်မလာခဲ့ပါချေ။
"ဟင်... ဒါ ဘယ်လိုဖြစ်ရတာလဲ။ ဒီပျက်စီးမှုက လုံးဝ ပျောက်ကွယ်သွားတဲ့အဆင့်အထိ မရောက်သေးတာ ရှင်းနေတာပဲကို။ ဒါမှမဟုတ်ရင် ... ရုပ်သေးရုပ်တွေကို ငါ အကြာကြီး ပစ်ထားမိလို့များလား။ ဒါမှမဟုတ် တကယ်ကြီး ပျက်သွားတာလား"
ကလေးဆန်သောအသံက အံ့ဩတကြီး ရေရွတ်လိုက်သည်။
ထိုအချိန်တွင် လောထျန်းက ဝင်ပြော၏။
"ဒါနဲ့... ဒီတစ်ခေါက် ငါ နိုင်တယ်လို့ ယူဆလို့ ရမလား"
ကလေးဆန်သောအသံ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ အေးစက်စက် နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"ရတယ်လေ... ငါ့ရုပ်သေးရုပ်က သူ့အလိုလို ပျက်သွားတာဆိုပေမဲ့ ကံတရားကလည်း အစွမ်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဒီတစ်ချီတော့ မင်းနိုင်တယ်လို့ သတ်မှတ်ပေးလိုက်မယ်"
သူ စကားပြောနေစဉ်မှာပင် နောက်ထပ် နတ်ဘုရားအလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာကာ အစောပိုင်းက ဖိနှိပ်ချုပ်နှောင်ခံထားရသည့် အဖိုးအို လောထျန်းရှေ့သို့ ပြန်ရောက်လာပါတော့သည်။
လောထျန်း မျက်မှောင်ကြုံ့သွား၏။
ထိုအသံမှာ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေလေပြီ ။