← Chapters

Chapter 1025 Mass Demolition

Vol. 70 Ch. 1025

Chapter 1025 Mass Demolition

Vol. 70 Ch. 1025

ဝုန်း

ချုပ်နှောင်ထားသည့် အရှုပ်အထွေးအစွမ်း အမျှင်တန်းတစ်ခုလည်း လောထျန်းထံ ရောက်လာပြန်သည်။

ထိုစဉ် ကောင်းကင်ယံမှ နဂါးပုံသဏ္ဌာန် ရုပ်သေးရုပ်တစ်ခု လောထျန်းရှေ့သို့ ဝုန်းခနဲ ဆင်းသက်လာ၏။

"ဟီးဟီး... အရင်နှစ်ခေါက်ကတော့ ဟိုရုပ်သေးရုပ်တွေက အရည်အသွေးမကောင်းလို့ မတော်တဆဖြစ်သွားတာကွ။ ဒါပေမဲ့ ဒီတစ်ခုကတော့ လုံးဝကို ကွဲပြားတယ်"

"အစွမ်းပိုင်းမှာဆိုရင် ဒါ ငါ့ရဲ့အစွမ်းအထက်ဆုံး ရုပ်သေးတွေထဲက တစ်ခုပဲ။ ဒီတစ်ခါတော့ လုံးဝပျက်စီးမှာမဟုတ်ဘူး"

ကလေးဆန်သောအသံ ယုံကြည်မှုပြန်ရလာပုံဖြင့် ပြောပါသည်။

သူ့စကားကို ကြားလိုက်ရသည့်အခါ လောထျန်း၏ တိုက်ခိုက်လိုစိတ်များလည်း ပြန်လည်နိုးထလာပါ၏။

"တကယ်ကြီးလား... ဒါဆိုလည်း တိုက်ကြတာပေါ့"

ကလေးဆန်သောအသံက ရယ်ပါသည်။

"သေချာကြည့်ထားလိုက် ဒီတစ်ခါတော့ အရင်ကနဲ့ လုံးဝမတူစေရဘူး"

ဝုန်း

သူ့ စကားဆုံးသည်နှင့် နဂါးပုံသဏ္ဌာန်ရုပ်သေးရုပ်၏ အရောင်အဝါက နောက်တစ်ကြိမ် ထပ်မံမြင့်တက်လာပြန်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကြီးကို အားလုံး နောက်တစ်ကြိမ် ခံစားလိုက်ရပြန်၏။

"အစွမ်းတက်လိုက်တာ"

"ကြောက်စရာကြီးကွာ"

လူအုပ်ကြီးထံမှ အံ့ဩတကြီး အော်ဟစ်သံများ ထပ်ထွက်လာပြန်ပါသည်။

လောထျန်းသည်လည်း အလေးအနက်ထား တိုက်ခိုက်ရန် အသင့်အနေအထား ပြင်လိုက်ပြန်၏။

သို့သော်……

ဘုန်း

အားလုံး စူးစူးရဲရဲ စိုက်ကြည့်နေစဥ်မှာပင် နဂါးပုံသဏ္ဌာန်ရုပ်သေးရုပ်ထံမှ မီးခိုးအမည်းတန်းတစ်ခု နောက်တစ်ကြိမ် ထွက်လာပြန်ပါသည်။

ထို့နောက် မီးခိုးအမည်းရောင်များ ပိုပို၍ များလာ၏။

ရှဲ... ခွပ်...

ထို့နောက်တွင် အစွမ်းထက်လှသည့် နဂါးပုံသဏ္ဌာန်ရုပ်သေးရုပ်က တခဏအတွင်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသဖြင့် အားလုံး အံ့ဩမှင်သက်ကုန်ကြတော့သည်။

ဘာတွေဖြစ်နေသလဲ။

ထိုရုပ်သေးရုပ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေပြီးမှ၊ အဘယ့်ကြောင့် ရုတ်တရက် ပျက်စီးသွားရတာလဲ။

"ဘာ.... ဘာလို့ ဒီလိုဖြစ်ရတာလဲ"

ကလေးဆန်သောအသံမှာ လုံးဝ မှင်သက်သွားပုံပင် ။

ရုပ်သေးရုပ်နှစ်ရုပ်ဆက်တိုက် ပျက်စီးသွားခဲ့သတဲ့လား။

ထိုအဖြစ်မျိုး ယခင်က တစ်ခါမှ မဖြစ်ဖူးခဲ့ပါချေ ။

ထို့ထက်ပိုအရေးကြီးသည်မှာ ယခုတစ်ခေါက် ပျက်သွားခဲ့သည့်ရုပ်သေးသည် သူ့အစွမ်းအထက်ဆုံး ရုပ်သေးများထဲမှ တစ်ခုဖြစ်နေခြင်းပင်။

ထိုအချိန်တွင် လောထျန်းမှာ မျက်မှောင်အလွန်ကြုံ့နေပြီး လူသတ်အရိပ်အငွေ့များလည်း ထုတ်လွှတ်နေပါ၏။

ဒီနေ့ ဘာတွေဖြစ်နေတာလဲ။

ယခင်က ကောင်းကင်ဘုံသားတော်သည် သူနှင့်ယှဉ်၍ တိုက်နိုင်လိမ့်မည်ဟု သူ ထင်ထားခဲ့ပါ၏။

ထို့ကြောင့်လည်း သူ၏တိုက်ခိုက်လိုစိတ်ကို အမြင့်ဆုံးသို့ ရောက်အောင် ပြင်ဆင်ထားခဲ့ပြီးလေပြီ။

သို့သော် နောက်ဆုံးတွင်မူ ကောင်းကင်ဘုံသားတော်က အကြောင်းပြချက်မရှိဘဲ သေဆုံးသွားခဲ့ပါသည်။

ဤသို့ဖြင့် လောထျန်းတစ်ယောက်မှာ တဟုန်းဟုန်းတောက်နေသော တိုက်ခိုက်လိုစိတ်များကို ထွက်ပေါက်ပေးစရာမရှိ ဖြစ်သွားခဲ့၏။

ထို့နောက် အကန့်သတ်မဲ့စစ်မြေပြင်အကြောင်း ကြားလိုက်ရသည့်အချိန်တွင် သူ့အစွမ်းအပြည့်ကို ထုတ်သုံးနိုင်တော့မည်ဟု တွေးမိခဲ့ပြန်ပါသည်။

သို့သော်လည်း ယခု တစ်ဖက်လူက အကြိမ်ကြိမ် ကြိုးစားသည့်တိုင် အဆုံးသတ်တွင် အမြဲတမ်း ပြိုကွဲသွားနေပြန်ပါသည်။

ထိုရုပ်သေးတွေ ပျက်စီးသွားသည်မီာ အရေးမကြီးသော်လည်း... သူ့ တိုက်ခိုက်လိုစိတ်ကို အကြိမ်ကြိမ် ဆွဲတင်လိုက်၊ ပြန်ချလိုက် လုပ်နေသလို ဖြစ်‌နေသည့်အတွက် လောထျန်း အလွန်မကျေမနပ် ဖြစ်နေရပါ၏။

"ဟမ့်... ရတယ် ဒီတစ်ခါတော့ ငါကိုယ်တိုင်ပဲ ရွေးတော့မယ်"

လောထျန်း ဒေါသတကြီး ပြောလိုက်သည်။

ဝုန်း

ထို့နောက်တွင် သူ ကောင်းကင်သို့ ရုတ်ချည်းပျံတက်သွားကာ ရုပ်သေးရုပ်တစ်ခု၏ ရှေ့သို့ တည့်တည့် တိုးဝင်သွားတော့သည်။

ဝူး

ရုပ်သေးရုပ်မှာလည်း လောထျန်းကို အာရုံခံမိသွားပြီး အရောင်အဝါကို ချက်ချင်း စမြှင့်လိုက်သည်။

သို့သော်လည်း……

ဘုန်း ရှဲ... ခွပ်...

ထင်ထားသည့်အတိုင်းပင် ရုပ်သေးရုပ်မှာ သူ့အလိုလို အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြန်ပါ၏။

"ဘာ"

လူတိုင်း နောက်တစ်ကြိမ် ဆွံ့အသွားရပြန်သည်။

လောထျန်း နှုတ်ခမ်းမဲ့သွား၏။

"ငါ တကယ်ပဲ ကံမကောင်းတာလားကွာ။ ငါနဲ့တွေ့သမျှ ရုပ်သေးတွေက အကုန် ပျက်စီးနေတာတွေချည်းပဲလား။ အဲ့ဒီလိုဆိုရင်တော့..."

လောထျန်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီးနောက် ချက်ချင်းဆိုသလိုပင် တည်နေရာရွှေ့ပြောင်းလိုက်ပါသည်။

ဝီ

ဤတစ်ကြိမ်တွင်မူ သူ ရုပ်သေးအုပ်ထဲသို့ တည့်တည့် တိုးဝင်သွားတော့၏။

သူ့ကို ဝန်းရံထားသည့် ရုပ်သေးရုပ် နှစ်ဆယ်ကျော်ပင် ရှိပါသည်။

ဝူး... ဝူး... ဝူး...

လောထျန်း ရောက်လာသည်ကို အာရုံခံမိသည်နှင့် ရုပ်သေးရုပ်များအားလုံး အလိုလို စတင်လှုပ်ရှားလာကြသည်။

ဝုန်း... ဝုန်း... ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးများလည်း ကောင်းကင်သို့ တစ်ခုပြီးတစ်ခု ထိုးတက်သွား၏။

"ဟင် ... ဒါက..."

"သခင်လေးလောထျန်း... ဒါ အရမ်း အန္တရာယ်များလွန်းတယ်"

"ဟုတ်တယ်၊ နှစ်ဆယ်ကျော်ကို တစ်ယောက်တည်းတိုက်မှာလား... သူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ဒါကြီးက မဖြစ်နိုင်ဘူး"

လူတိုင်း ထိတ်လန့်သွားကြ၏။

"ဟွန့် မင်းက အရမ်းကို မာန်တက်နေတာပဲ။ မင်း သေသွားရင်တော့ ငါ့ကို လာမပြစ်တင်နဲ့နော်"

ကလေးဆန်သောအသံမှာ လက်ရှိတွင် ဒေါသတို့ဖြင့် ပြည့်နှက်နေလေပြီ။

လောထျန်း၏ လုပ်ရပ်က သူ့ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားခဲ့မှန်း အသိသာပင် ။

သို့သော်လည်း……

ဘုန်း... ဘုန်း... ဘုန်း...

ရှဲ... ရှဲ... ရှဲ...

ထိုရုပ်သေးရုပ် နှစ်ဆယ်ကျော်မှာလည်း ယခင်ရုပ်သေးများကဲ့သို့ပင် တစ်ခုပြီးတစ်ခု မီးခိုးအမည်းများ ထွက်လာပြီးနောက် ..... တစ်ခုပြီးတစ်ခု ပြိုလဲပျက်စီးကုန်ပါတော့သည်။

"ဘာ"

၎င်းကို မြင်လိုက်ရသည့်အခါ လူတိုင်း နောက်တစ်ကြိမ် မှင်သက်သွားကြရပြန်သည်။

"အား ငါတော့ ရူးတော့မှာပဲ၊ ငါ အခု ဘာကို မြင်လိုက်ရတာလဲ"

တစ်ယောက်က အော်ဟစ်လိုက်သည်။

"မင်း ဘာလုပ်လိုက်တာလဲ ငါ့ရုပ်သေးတွေ ငါ့ရုပ်သေးတွေ"

ကလေးဆန်သောအသံလည်း စူးရှစွာ ထွက်ပေါ်လာ၏။

သူ အမှမ်တကယ် ထိတ်လန့်တုန်လှုပ်သွားပုံပါပင်။

ထိုအချိန်တွင် လေထဲမှ လောထျန်းက ရုတ်တရက် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး ကျန်နေသေးသော ရုပ်သေးများအား လှမ်းကြည့်လိုက်သည်။

"ဟင်"

ကလေးဆန်သောအသံဆီမှ ရှိုက်သံတစ်ခု ထွက်လာသည်။

နောက်တစ်ခဏတွင်...

ရှူး

ရုပ်သေးရုပ်များအားလုံး လောထျန်းနှင့် ဝေးရာသို့ လှစ်ခနဲ ထွက်သွားကြပြီး လောထျန်းနှင့် ခပ်ဝေးဝေး၌သာ နေ‌နေကြတော့သည်။

"ကောင်းပြီလေ... မင်း ငါ့ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြီ ငါ လူအားလုံးကို လွှတ်ပေးလိုက်မယ်။ မင်း အခု သွားလို့ရပြီ"

ကလေးဆန်သောအသံက တုန်တုန်ယင်ယင် ပြောလိုက်သည်။

သို့သော် လောထျန်းက သူ့ကို လုံးဝ ဂရုမစိုက်ပါချေ ။

ဝီ

သူ ချက်ချင်းပင် တည်နေရာရွှေ့ပြောင်းကာ ဓားကိုင်ထားသော ရုပ်သေးရုပ်တစ်ခုရှေ့သို့ ရောက်သွား၏။

ဘုန်း

ခွပ်

ဓားကိုင်ရုပ်သေးရုပ် ချက်ချင်းပင် ပြိုလဲသွားတော့သည်။

လောထျန်း ၎င်းကို မျက်မှောင်ကြုံ့ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် အခြားရုပ်သေးရုပ်တစ်ခုဆီသို့ လှည့်၍ ပြေးဝင်သွားပြန်၏။

ထိုရုပ်သေးရုပ်သည်လည်း ၎င်းကို မြင်သည်နှင့် နောက်လှည့်၍ ထွက်ပြေးပါတော့သည်။

သို့သော်……

ဝှစိ

လောထျန်းက ရုပ်သေးရုပ်ရှေ့သို့ တည်နေရာရွှေ့ပြောင်း ရောက်သွားပြီး...... ယခင်အတိုင်းပင် ရုပ်သေးရုပ် ထပ်ပြိုကွဲသွားပြန်ပါသည်။

"မင်း... မင်း အောင်မြင်သွားပြီလေ။ ငါ မင်းလူတွေကိုလည်း ပြန်ပေးမယ်၊ အရှုပ်အထွေးအစွမ်းကိုလည်း နှစ်ဆ ပေးမယ်၊ ဟုတ်ပြီလား"

ကလေးဆန်သောအသံ ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။

ဝူး

နောက်တစ်စက္ကန့်တွင် သူ ဖမ်းဆီးထားသော လူအားလုံးကို လောထျန်းဆီသို့ ပို့ပေးလိုက်၏။

လောထျန်းက သူတို့ကို တစ်ချက်ကြည့်ပြီး လက်ကို အသာယမ်းလိုက်ရာ လူတိုင်း အကန့်သတ်မဲ့စစ်မြေပြင် စင်မြင့်ပေါ်မှ လွင့်ထွက်သွားပြီး ထျန်းယွမ်ကမ္ဘာမှ လူအုပ်ရှိရာသို့ ပြန်ရောက်သွားကြသည်။

"သခင်ကြီး"

"အကြီးအကဲ..."

"အစ်ကိုကြီး..."

လောမိသားစုဝင်အားလုံး ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်ရသည့်အခါမှ အားလုံး သက်ပြင်းချနိုင်ကြပါတော့သည်။

သို့သော် သူတို့ နှုတ်ဆက်စကား ‌ကောင်းကောင်းမပြောရသေးခင်မှာပင် လေထဲမှ ထွက်ပေါ်လာသော ကျယ်ကျယ်လောင်‌လောင် အသံများကြောင့် အားလုံး၏အကြည့်များ ထိုနေရာဘက်သို့ ရောက်သွားကြရပြန်သည်။

သူတို့ မော့ကြည့်လိုက်သည့်အခါ လောထျန်းတစ်ယောက် ရုပ်သေးရုပ်များအား လိုက်လံတိုက်ခိုက်နေသည်ကို တွေ့လိုက်ရပါ၏။

အစောကလေးတင် မည်သူမှ မယှဉ်နိုင်အောင် အစွမ်းထက်နေခဲ့သည့် ထိုရုပ်သေးရုပ်များမှာ ယခု နေရာအနှံ့ အသည်းအသန် ပုန်းအောင်းနေကြရလေပြီ။

လောထျန်း သူတို့ကို မိသည်နှင့် တိုက်ခိုက်ရန်ပင် မလိုပါချေ။

သူ အနားရောက်သွားသည်နှင့် ၎င်းတို့ အလိုလို ပြိုလဲပျက်စီးကုန်ကြပါ၏။

"ဒါ... ဒါက တကယ်ပဲ ဘာတွေဖြစ်နေတာလဲ"

လူတိုင်း ဇဝေဇဝါ ဖြစ်ကုန်ကြရသည်။

ထိုအချိန်တွင် ရုပ်သေးရုပ်များအား သန့်စင်ရာ၌ ကျွမ်းကျင်သော အဖိုးအိုတစ်ယောက်က တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် ပြောလာသည်။

"ငါ နားလည်ပြီ"

"ဟင်...အစ်ကိုချန်... ဘာတွေ ဘယ်လိုဖြစ်သွားတာလဲ"

လူတိုင်း ချက်ချင်း မေးလိုက်ကြ၏။

အစ်ကိုချန်က ချက်ချင်းပင် ရှင်းပြလိုက်သည်။

"ဒီလိုရှိတယ်ကွ၊ ဒီရုပ်သေးရုပ်တွေမှာ သူတို့ရဲ့ အစွမ်းကို တိုက်ခိုက်တဲ့သူနဲ့ အဆင့်တူအောင် မြှင့်တင်ပေးမယ့် ကန့်သတ်ချက်တွေ ရှိနေတယ်။ ဥပမာ လူတစ်ယောက်ရဲ့ တိုက်ခိုက်ရေးအစွမ်းက ၁၀ ဆိုရင် ရုပ်သေးရုပ်ရဲ့ အစွမ်းကလည်း ၁၀ အထိ တက်လာလိမ့်မယ်။ တကယ်လို့ တိုက်ခိုက်ရေးအစွမ်းက ၁၀၀ ရှိတဲ့သူနဲ့ တွေ့မယ်ဆိုရင် ရုပ်သေးရဲ့ အစွမ်းကလည်း ၁၀၀ အထိ တက်လာမှာပဲ"

ထိုအချိန်မှာပင် လူတစ်ယောက်က စိတ်မရှည်နိုင်ဟန်ဖြင့် ဝင်ပြောပါသည်။

"ဒါကို ဘယ်သူက မသိလို့လဲ"

အစ်ကိုချန်ဆိုသူက စိတ်မဆိုးဘဲ ဆက်ရှင်းပြ၏။

"ဒါပေမဲ့ ရုပ်သေးရုပ်‌တွေမှာ အဲ့လိုစည်းမျဉ်း ရှိထားရင်တောင် သူ့ရဲ့ တိုက်ခိုက်ရေးအစွမ်းကတော့ အကန့်အသတ်ရှိနေတုန်းပဲ"

"ဟင်... အဲ့ဒါ ဘာကို ဆိုလိုတာလဲ"

တစ်ယောက်က တစ်ခုကို သဘောပေါက်သွားပုံဖြင့် ဆိုပါသည်။

အစ်ကိုချန်က ဆက်ပြောပါ၏။

"ငါ ဆိုလိုတာက ဒီရုပ်သေးတွေရဲ့ တိုက်ခိုက်ရေးအစွမ်း အကန့်အသတ်က ၁၀,၀၀၀ ဆိုပါစို့ ဒါပေမဲ့ ၁၀,၀၀၀ ထက် ကျော်လွန်တဲ့ စွမ်းရည်ရှိတဲ့သူ အနားကို ကပ်လာရင် ဒီရုပ်သေးတွေက စည်းမျဉ်းရဲ့ လွှမ်းမိုးမှုကြောင့် သူတို့ရဲ့ အစွမ်းကို အသကုန် မြှင့်တင်ကြလိမ့်မယ်။ သူတို့ရဲ့ အကန့်အသတ်ကို ရောက်တဲ့အထိ မြှင့်တင်ပြီးမှ ရပ်သွားကြမှာပေါ့ကွာ"

"ဒါပေမဲ့ တိုက်ခိုက်သူရဲ့ အစွမ်းက ရုပ်သေးတွေထက် အဆပေါင်းများစွာ သာနေမယ်ဆိုရင်... ဥပမာ သောင်းဂဏန်း မဟုတ်ဘဲ သိန်းဂဏန်း၊ သန်းဂဏန်းအထိ ဖြစ်နေမယ်ဆိုရင်... ဒီရုပ်သေးတွေထဲက စည်းမျဉ်းတွေဟာ အဲ့အစွမ်းကို မြှင့်တင်ဖို့ မလုပ်နိုင်တော့ဘဲ ဖျက်ဆီးခံလိုက်ရတာပဲ"

သူ ပြောပြောဆိုဆိုပင် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပါသည်။

"ရုပ်သေးထဲက စည်းမျဉ်းတွေ ပျက်စီးသွားပြီဆိုရင်တော့ အစွမ်းအထက်ဆုံး ရုပ်သေးတောင်မှ သံတိုသံစ အပုံကြီးပဲ ဖြစ်သွားတော့တာပေါ့"

All Chapters