← Chapters

Chapter 1026 Immortal Spring

Vol. 70 Ch. 1026

Chapter 1026 Immortal Spring

Vol. 70 Ch. 1026

"ဪ... ဒီလိုကိုး"

အားလုံး အဖြစ်မှန်ကို သဘောပေါက်သွားကာ တအံ့တဩ ရေရွတ်လိုက်ကြသည်။

တစ်ချိန်တည်းတွင် လေထဲရှိနေသော လောထျန်းမှာ ရုပ်သေးရုပ်နောက်သို့ မနားတမ်း လိုက်လံတိုက်ခိုက်နေဆဲ ဖြစ်ပါ၏။

သူရောက်သွားသည့် နေရာတိုင်းတွင်လည်း ရုပ်သေးရုပ်များ တစ်ခုပြီးတစ်ခု ကြေမွပျက်စီး၍ ကျန်ခဲ့ပါသည်။

"မင်း... မင်း ရှေ့ဆက်မတိုးလာနဲ့တော့နော်"

ကလေးဆန်သောအသံက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"တော်ပြီ တော်တော့ ငါတို့ စကားပြောလို့ ရပါတယ်"

ထို့နောက်တွင် သူ လောထျန်းအား သနားစဖွယ် လေသံဖြင့် တောင်းပန်လာ၏။

ထိုအသံကို ကြားမှ လောထျန်းက လိုက်နေသည်ကို ရပ်လိုက်သည်။

"မင်းက ဘာကို ပြောချင်တာလဲ" လောထျန်း အေးစက်စက် မေးလိုက်၏။

"ငါ... ငါ မင်းကို အရှုပ်အထွေးအစွမ်းတွေ ပေးပါမယ်ကွာ၊ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

ကလေးသံက ပြောပြောဆိုဆိုပင် ချုပ်နှောင်ထားသည့် အရှုပ်အထွေးအစွမ်း အမျှင်တန်း ဒါဇင်ပေါင်းများစွာကို လောထျန်းဆီသို့ ပို့လွှတ်လိုက်သည်။

"ဒါတွေအားလုံး မင်းကို ပေးမယ်၊ မင်း ဒီနေရာကနေ ထွက်သွားပေးရုံပဲ"

ကလေးဆန်သောအသံမှာ အသနားခံသည့် လေသံမျိုးအထိ ဖြစ်နေလေပြီ။

သို့သော် လောထျန်းက ထိုအရာများကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ပြောလိုက်ပါ၏။

"မရဘူး"

ရှူး

ထိုသို့ပြောပြီးနောက်တွင် သူ အခြားရုပ်သေးရုပ်တစ်ရုပ်ဆီသို့ ပြေးဝင်သွားလိုက်ပြန်သည်။

ခွပ်

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုရုပ်သေးရုပ်မှာ ထပ်မံ ကြေမွသွားပြန်၏။

"မလုပ်နဲ့"

ကလေးဆန်သောအသံထံမှ အလန့်တကြား အော်သံ ထပ်ထွက်လာသည်။

ဝူး

ထို့နောက်တွင် သူ အရှုပ်အထွေးအစွမ်း အလင်းတန်းပေါင်း ရာနှင့်ချီ၍ ထပ်မံထုတ်ပေးလိုက်ပြန်သည်။

"ဟို... ဒါတွေအားလုံးကိုလည်း မင်းကို ပေးမယ်လေ ဘယ်လိုလဲ။ စည်းမျဉ်းအရဆိုရင် ဒါဟာ မင်းရသင့်တာထက် ဆယ်ဆတောင် ပိုများနေပြီနော်"

ကလေးဆန်သောအသံက ထပ်၍ အသနားခံလိုက်ပြန်သည်။

သို့သော် လောထျန်းကမူ လုံးဝ ဂရုမစိုက်ပါ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ရုပ်သေးရုပ်နှစ်ရုပ် ဖျက်ဆီးခံလိုက်ရပြန်၏။

"မင်း... မင်းကတော့ လွန်လွန်းတယ်"

ကလေးဆန်သောအသံမှာ ငိုတော့မည့်အတိုင်း ဖြစ်နေလေပြီ။

သို့သော် လောထျန်းက ရပ်တန့်မည့်ပုံမရှိသည်ကို မြင်သောအခါ သူ ဒေါသကို မျိုသိပ်၍ သည်းခံလိုက်ရရုံသာ ရှိပါတော့၏။

ဘုန်း

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ ချုပ်နှောင်ထားသည့် အရှုပ်အထွေးအစွမ်း အမျှင်တန်းပေါင်း ထောင်နှင့်ချီ ထပ်ထုတ်လိုက်သည်။

"ဒါ အရှုပ်အထွေးအစွမ်း အားလုံးရဲ့ တစ်ဝက်ကျော်နေပြီကွ။ ငါတို့ တစ်ဝက်စီခွဲယူကြမယ်လေ ၊ ဒီတစ်ဝက်ကို မင်းကို ပေးမယ် ဘယ်လိုလဲ"

စကားပြောနေသူ၏ မျက်နှာအမူအရာကို မည်သူမျှ မမြင်ရသော်လည်း... သူ့ အသံအရဆိုလျှင် ထိုသူမှာ အံကြိတ်လွန်း၍ သွားများပင် ကျိုးထွက်တော့မည့်အတိုင်း ...။

သို့သော်လည်း...

ဘုန်း... ဘုန်း... ဘုန်း...

ကောင်းကင်ယံမှ နောက်ထပ် ရုပ်သေးရုပ်သုံးရုပ် ပြုတ်ကျလာပြန်၏။

လောထျန်းက ထိုကမ်းလှမ်းမှုကို လုံးဝ အဖက်မလုပ်ပါ။

"မင်း တကယ်ပဲ ဘာကို လိုချင်နေတာလဲ"

ကလေးဆန်သောအသံက ဒေါသတကြီး မေးလိုက်သည်။

သို့သော် လောထျန်းက သူ့ကို ရင်ဆိုင်ရင်း အေးစက်စက်သာ ပြန်ပြော၏။

"ငါက မျှတတဲ့ တိုက်ပွဲတစ်ခုပဲ လိုချင်တာ ငါတို့ အစောတည်းကလဲ သဘောတူထားကြတာပဲ‌လေ ။ အခု မင်းက ဒီရုပ်သေးရုပ်တွေကို ငါ့ဆီကနေ ပုန်းခိုင်းနေတာက ဘာသဘောလဲ။ မင်း ငါ့ကို အထင်သေးနေတာလား"

လောထျန်း ထိုသို့ပြောလိုက်သည့်အချိန်တွင် သူ့မျက်ဝန်းထဲ၌ ဒေါသ‌ငွေ့များ တလက်လက်တောက်နေသယောင် ။

ဝုန်း

သူ့ဆီမှ ထွက်ပေါ်လာသည့် တိုက်ခိုက်လိုစိတ်မှာလည်း အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပါသည်။

"ငါ..."

ကလေးဆန်သောအသံမှာ လုံးဝကို စကားမထွက်နိုင်တော့ပေ။

သူ့ကို အထင်သေးတယ်တဲ့လား။

ဘယ်လိုအထင်သေးရဲမှာလဲ။ ငါကသာ အစွမ်းမရှိတော့တာလေ။

ထိုစဉ် အောက်တွင်ရှိသော လူအုပ်ကြီးမှာလည်း တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်နေကြပါ၏။

"သခင်လေးလောထျန်း စိတ်အခြေအနေ မကောင်းတာကို ငါ သတိတော့ထားမိခဲ့ပါတယ်။ အခုမှပဲ သူ ဘာကြောင့် ဒေါသထွက်နေလဲဆိုတာ သိတော့တယ်"

"ဒါ... ဒါက ဒီလိုကိုး"

"ဒါပေမဲ့ ပြောရဦးမယ် တကယ်လို့ အကန့်အသတ်မဲ့စစ်မြေပြင်ကကောင်က သခင်လေးလောထျန်းနဲ့ မတိုက်ချင်ဘူးဆိုရင် ဒီရုပ်သေးရုပ်တွေကို သိမ်းလိုက်လို့ မရဘူးလား"

"ဟုတ်တယ်၊ ငါလည်း နားမလည်ဘူး"

ထိုအချိန်တွင် ကလေးဆန်သောအသံရှင်မှာလည်း လူအုပ်ကြီး၏ တီးတိုးပြောသံများကို ကြားသွားပုံရပါသည်။

"ဟင်... သိမ်းထားလို့ ရတာပဲ။ ငါ... ငါ မေ့သွားတယ်"

သူ ပြောပြောဆိုဆိုပင် ချက်ချင်း နှာခေါင်းရှုံ့ကာ အေးစက်စက်ပြောလိုက်၏။

"ငါ မင်းနဲ့ မကစားတော့ဘူး"

ဝူး

နောက်တစ်ခဏတွင် ရုပ်သေးရုပ်များ၏ နောက်ကွယ်မှ လေထု လှုပ်ခတ်သွားပြီး အက်ကြောင်းများ ပေါ်လာသည်။

ထို့နောက် ထိုရုပ်သေးရုပ်များက ဘေထုအက်ကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြ၏။

"ဟီးဟီး၊ အခုတော့ မင်း ငါ့ကို ဘာလုပ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"

ကလေးဆန်သောအသံ ထပ်ထွက်လာပြန်သည်။

သို့သော် ……

"ဘယ်သူက မင်းတို့ကို ထွက်သွားခွင့်ပေးလို့လဲ"

လောထျန်းက ဒေါသတကြီး အော်ဟောက်လိုက်ပြီး လက်ဝါးဖြင့် ရှေ့သို့ ရိုက်ချလိုက်၏။

"ဟွန့် ဒေါသထွက်မနေပါနဲ့။ မင်း ဘာပဲလုပ်လုပ် ငါ့ရုပ်သေးရုပ်တွေကို မင်းနဲ့ မတိုက်ခိုင်းတော့ဘူး"

ကလေးဆန်သောအသံက ခိုင်ခိုင်မာမာ ပြောလိုက်သည်။

သို့သော် ...

ဘုန်း

လောထျန်း၏ လက်ဝါး လေထုထဲသို့ ရောက်သွားသည်နှင့် သူ့ဘေးပတ်လည်တွင်ရှိသော လေထုများ ကြေမွပျက်စီးသွားပါတော့သည်။

လေထုအက်ကြောင်း၏ အခြားတစ်ဖက်မှ ရုပ်သေးရုပ်တစ်ရုပ်၏ အရိပ်အယောင် ပေါ်လာ၏။

ဘုန်း

နောက်တစ်ခဏတွင် လောထျန်းက ထိုရုပ်သေးရုပ်ကို ဖမ်းဆုပ်လိုက်သည်။

ရုပ်သေးရုပ်မှာ အနည်းငယ် ရုန်းကန်လိုက်သေးသော်လည်း ... တခဏအကြာမှာပင် လုံးဝ ပြိုကွဲပျက်စီးသွားပါ၏။

"ဒါ..."

ကလေးဆန်သောအသံမှာ ထိုမြင်ကွင်းကို မြင်ပြီး နောက်တစ်ကြိမ် ထိတ်လန့်သွားရပြန်တော့သည်။

ဘာတွေ ဖြစ်နေပါသလဲ။

သူ ထိုရုပ်သေးရုပ်များကို သူ့ကိုယ်ပိုင်ကမ္ဘာထဲသို့ သေချာပေါက် သိမ်းဆည်းခဲ့ပြီးပြီ မဟုတ်ပါလား။

သို့တိုင် ရှေ့မှ လောထျန်းက သူ့ကိုယ်ပိုင်ကမ္ဘာကို တိတိကျကျ ရှာနိုင်ရုံတင်မက၊ အထဲမှ ရုပ်သေးရုပ်ကိုပါ ဆွဲထုတ်နိုင်ခဲ့တယ်တဲ့လား။

ဒါ ဘယ်လို ဘီလူးမျိုးပါလဲ။

ထိုခဏ၌ လောထျန်းက ဆွဲဖြဲထားသည့် လေထုဝင်ပေါက်ကို တစ်ချက်ကြည့်လိုက်၏။ အတွင်းထဲတွင် ပုန်းနေကြသော ကျန်ရုပ်သေးရုပ်များကို မြင်လိုက်ရသည့်အခါတွင်မူ သူ့မျက်လုံးများ တောက်ပလာတော့သည်။

"မင်းတို့အားလုံး ဒီမှာရှိနေတာလား။ ထွက်လာခဲ့စမ်း"

ဝေါ

ချက်ချင်းဆိုသလိုပင် လောထျန်း ထိုကိုယ်ပိုင်ကမ္ဘာထဲသို့ တိုက်ရိုက် ပြေးဝင်သွားပါတော့သည်။

"ဘာ..."

ဤတစ်ကြိမ်တွင်မူ ကလေးဆန်သောအသံမှာ လုံးဝကို ကြောက်လန့်သွားခဲ့လေပြီ။

သူ့ရှေ့မှ ထိုလူမှာ အမှန်တကယ် ကြောက်စရာ ကောင်းလွန်းလှပေသည်။

အကယ်၍ ထိုသူသာ သူ့ကိုယ်ပိုင်ကမ္ဘာထဲ၌ ပြဿနာရှာမည်ဆိုဆိုပါက ထိုကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားနိုင်ပါ၏။

သို့ဆိုလျှင် သူရော မည်သို့ အသက်ရှင်နိုင်ပါတော့မည်လဲ။

ရှူး

အခြားရွေးချယ်စရာ မရှိတော့သဖြင့် ကလေးဆန်သော အသံပိုင်ရှင်မှာ သူ့ကိုယ်ပိုင်ကမ္ဘာထဲမှ ရုပ်သေးရုပ်အားလုံးကို အကန့်အသတ်မဲ့စစ်မြေပြင်ပေါ်သို့ ပြန်လည် လွှတ်ပေးလိုက်ရပါတော့သည်။

"ဟင်... ပုန်းနေတုန်းပဲလား"

၎င်းကို မြင်သောအခါ လောထျန်း၏ မျက်လုံးများထဲ တိုက်ခိုက်လိုစိတ်များ လျှံတက်လာ၏။

သူ ချက်ချင်းပင် လေထုအက်ကြောင်းကို ဖြတ်၍ အကန့်အသတ်မဲ့စစ်မြေပြင်ထက်ရှိ မရေမတွက်နိုင်သော ရုပ်သေးရုပ်များဆီသို့ လက်သီးဖြင့် တစ်ချက်ထိုးလိုက်သည်။

"နေပါဦး..."

ကလေးဆန်သောအသံမှာ ထိုမြင်ကွင်းကို မြင်သည်နှင့် ထိတ်လန့်တကြား တားဆီးရန် ကြိုးစားလိုက်သော်လည်း အချိန်နှောင်းသွားခဲ့လေပြီ။

ဝုန်း

ထိုလက်သီးချက်၏ အစွမ်းက လေထုအကာအရံကို ဖြိုခွဲကာ ကိုယ်ပိုင်ကမ္ဘာကို ထိုးဖောက်သွားပြီးနောက် ရုပ်သေးရုပ်အတော်များများပေါ်သို့ ကျသွားခဲ့၏။

ကျယ်ကျယ်လောင်လောင် အသံအချို့နှင့်အတူ ထိုရုပ်သေးရုပ်များ ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။

သို့သော် ထိုကလေးဆန်သောအသံမှာမူ ရုပ်သေးရုပ်များကို ဂရုမစိုက်နိုင်တော့ပေ။

အွတ်

ထိုအသံရှင်ထံမှ သွေးအန်သံ ထွက်လာကာ သူ့အရောင်အဝါလည်း အားနည်းသွားသည်ကို လူတိုင်း သတိထားမိလိုက်ကြသည်။

"တော်ပါတော့ တော်ပါတော့ ငါ အရှုံးပေးပါတယ်... ငါ အရှုံးပေးပြီ၊ ဟုတ်ပြီလား"

ကလေးဆန်သောအသံက အသနားခံလိုက်၏။

ယခင်က သူ့ရုပ်သေးရုပ်များ ပျက်စီးသွားသည်ကိုကြည့်ကာ သူ့ရင်ထဲနာကျင်ခဲ့ရပြီး ထိတ်လန့်ခဲ့သော်လည်း ... ယခုတွင်မူ သူ့တစ်ကိုယ်လုံး ကြောက်စိတ်တို့ဖြင့်သာ ပြည့်နေလေပြီ ။

သူ့ရှေ့မှ လောထျန်းမှာ အမှန်တကယ့ကို ထူးခြားလွန်းသူပင် ။

သူ့ ပုံစံအစစ်ကို ထုတ်မပြနိုင်သေးခင်မှာတင် တစ်ဖက်လူ၏ လက်သီးတစ်ချက်တည်းဖြင့် သူ ဒဏ်ရာအပြင်းထန် ရသွားခဲ့ရသည် မဟုတ်ပါလား။

ထို့ထက် ပိုအရေးကြီးသည်မှာ လောထျန်း၏ ထိုလက်သီးချက်က သူ့ကို တိုက်ရိုက်ရွယ်ခဲ့ခြင်း မဟုတ်ပါချေ ။

အကယ်၍များ လောထျန်းကသာ သူ့အား အမှန်တကယ် သတ်လိုစိတ်ရှိမည်ဆိုပါက သူ သေနေလောက်လေပြီ ။

"အရှုံးပေးတယ် ဟုတ်လား။ တိုက်ပွဲက မပြီးသေးဘူး‌လေ။ မင်းမှာ အရှုံးပေးဖို့ ဘာအခွင့်အရေး ရှိလို့လဲ"

လောထျန်းက ဒေါသတကြီး ပြန်ပြောလိုက်သည်။

သူသည် နဂိုကတည်းကပင် သူ့ ဒေါသကို ဖြေဖျောက်ရန်အတွက် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါ၏။

ယခုလို အလွယ်တကူ မရပ်လိုက်နိုင်ပါ။

"ငါ..."

ကလေးဆန်သောအသံမှာ လုံးဝ စကားမဆိုနိုင်တော့ပေ။

ထိုအချိန်မှာပင် ...

ဝူး

သိပ်သည်းလှသော အရှုပ်အထွေး အရောင်အဝါများ ရုတ်တရက် ထွက်လာပါသည်။

"ဟင်... အဲ့ဒါ ဘာလဲ"

၎င်းကို မြင်သည်နှင့် လူတိုင်း အံ့အားသင့်သွားကြ၏။

လောထျန်း၏ ရှေ့တွင်လည်း အရှုပ်အထွေးအစွမ်းတို့ ထွက်နေသော စမ်းချောင်းတစ်ခု ပေါ်လာသည်။

"ဒါ အရှုပ်အထွေး နတ်ဘုရားမြို့တော်ရဲ့ အခြေခံအုတ်မြစ်တွေထဲက တစ်ခုဖြစ်တဲ့ အရှုပ်အထွေး မသေမျိုးစမ်းချောင်းပဲ။ ပြီးတော့ ဒီစမ်းချောင်း အကန့်အသတ်မဲ့စစ်မြေပြင်ရဲ့ အရှုပ်အထွေးအစွမ်းတွေ မြစ်ဖျားခံရာနေရာလဲ ဖြစ်တယ်။ တကယ်လို့ မင်း အခုချက်ချင်း ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာဘူးလို့ ကတိပေးမယ်ဆိုရင် ဒါတွေအားလုံး မင်းအပိုင်ပဲ၊ ဟုတ်ပြီလား"

ကလေးဆန်သောအသံက ငိုသံဖြင့် ပြောလိုက်ပါတော့သည်။

All Chapters