Chapter 1027 The Innate Spirit of the Chaos Divine Dynasty
Vol. 70 Ch. 1027
သူ့အသံမှာ အလွန်တိုးနေကာ ငိုသံလည်းစွက်နေပြီး အလွန် ဝမ်းနည်းကြေကွဲပုံ ပေါ်နေပါသည်။
ဤအရှုပ်အထွေး မသေမျိုးစမ်းရေတွင်းသည် သူ၏ အသက်သွေးကြောပင် ဖြစ်၏။ သို့သော် ယခုအခါ မိမိအသက်ကို ကယ်တင်ရန်အတွက် ထိုအရာကို ထုတ်ပေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
သို့သော်လည်း...
"မရဘူး ငါတို့ တိုက်ခိုက်ဖို့ သဘောတူထားတာလေ၊ တိုက်ကို တိုက်ရမယ် ပုန်းဖို့ စိတ်တောင်မကူးနဲ့"
လောထျန်းက ဟောက်လိုက်သည်။
ဘုန်း
ထိုသို့ပြောနေစဥ်မှာပင် သူ့ အရောင်အဝါလည်း ပေါက်ကွဲထွက်လာ၏။
ဝူး
သူ့ခေါင်းထက်တွင်လည်း ကျယ်ပြောလှသော ကြယ်ပင်လယ်ကြီး ထွက်ပေါ်လာပါသည်။
တစ်ခဏအတွင်းမှာပင် သူ့ အရောင်အဝါက နောက်တစ်ကြိမ် ထပ်မြင့်တက်သွားပြန်၏။
"ဟင်... ပိုအစွမ်းထက်လာသေးတာလား"
ကလေးဆန်သောအသံမှာ မထိန်းနိုင်တော့ဟန်ဖြင့် ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။
"အစ်ကိုကြီး... ကျုပ် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ရဲ့ အတွင်းကမ္ဘာထဲကနေ အရင် ထွက်လာပေးလို့ ရမလား။ ပြီးမှ ကျုပ်တို့ စကားအေးဆေးပြောကြတာပေါ့ဗျာ။ ကျုပ်ရဲ့ အတွင်းကမ္ဘာက အစ်ကို့ရဲ့ အစွမ်းတွေကို မခံနိုင်တော့လို့ပါ"
သူ ငိုယိုရင်း ပြောရှာသည်။
လက်ရှိတွင် ထိုကလေးဆန်သောအသံမှာ ကျောရိုးထဲထိတိုင် ကြောက်ရွံ့မှုတို့ ခံစားနေရပါ၏။
"ဟင်..."
လောထျန်းမှာ ထိုအသံကို ကြားမှ အံ့ဩတကြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။
"ငါ ဘယ်တုန်းက မင်းရဲ့ အတွင်းကမ္ဘာထဲ ရောက်သွားတာလဲ။ ထားပါလေ ... အရင် ထွက်လိုက်တာ ပိုကောင်းပါတယ်"
လောထျန်းက ပြောပြောဆိုဆိုဖြင့်ပင် အတွင်းကမ္ဘာထဲမှ ခြေလှမ်းလှမ်းကာ ထွက်လိုက်သည်။
၎င်းကို မြင်မှ ကလေးဆန်သောအသံ သက်ပြင်းချနိုင်သွားသည်။
"သခင်ကြီး... ကျုပ် အရှုံးပေးပါတယ် ဒီအရှုပ်အထွေး မသေမျိုးစမ်းရေတွင်းကို ယူလိုက်ပါ။ ကျုပ် ဘာမှ ထပ်မလိုချင်တော့ပါဘူး"
ဒီတစ်ကြိမ်တွင် သူ ရုပ်သေးရုပ်များအကြောင်းကိုပင် ထည့်မပြောရဲတော့ပါ။
လောထျန်းမှာမူ ထိုစကားကိုကြားမှ အရှုပ်အထွေး မသေမျိုးစမ်းရေတွင်း ရှိနေသည်ကို သတိပြုမိသွား၏။
"ဒါက ဘာလဲ"
လောထျန်း စူးစမ်းစွာ မေးလိုက်သည်။
ကလေးဆန်သောအသံမှာ အခြားရွေးချယ်စရာ မရှိသဖြင့် အရှုပ်အထွေး မသေမျိုးစမ်းရေတွင်းအကြောင်းကို ထပ်ရှင်းပြလိုက်ရ၏။
စကားဆုံးအောင် နားထောင်ပြီးချိန်တွင် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားပါသည်။
"မင်း ဆိုလိုတာက ဒီအရာက အရှုပ်အထွေးအစွမ်းတွေကို အဆက်မပြတ် ထုတ်ပေးနိုင်တယ်ပေါ့ ဟုတ်လား"
ကလေးဆန်သောအသံက ပြန်ဖြေ၏။
"မှန်ပါတယ်၊ ဒါဟာ အရှုပ်အထွေးနတ်ဘုရားမြို့တော် သခင်ကြီးရဲ့ အရှုပ်အထွေးတာအိုလမ်းစဉ် ပျက်စီးသွားပြီးတဲ့နောက်မှာ သူကိုယ်တိုင် သန့်စင်ခဲ့တဲ့ ရတနာတစ်ခုပါ။ အရှုပ်အထွေးလမ်းစဉ် မပျက်စီးသရွေ့ ဒီစမ်းေရတွင်းကနေ အရှုပ်အထွေးအစွမ်းတွေကို ဆက်တိုက် ထုတ်ပေးနေမှာပါ"
လောထျန်းက ခေါင်းညိတ်ပြီး စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် တစ်ဖက်လူ၏ စကားထဲမှ ထူးခြားသော အချက်အလက်အချို့ကို ရုတ်တရက် သတိပြုမိသွားသည်။
"နေဦး... မင်း ပြောတာက အရှုပ်အထွေး နတ်ဘုရားမြို့တော်ရဲ့ သခင်ကြီး ဟုတ်လား"
လောထျန်း အံ့ဩတကြီး မေးလိုက်သည်။
ပထမဆုံး အရှုပ်အထွေး မသေမျိုးဧကရာဇ်သည်ပင် ဤ အရှုပ်အထွေးနတ်ဘုရားမြို့တော်၏ သခင်က မည်သူဖြစ်မှန်း မသိခဲ့ဟု ပြောထားသည်ကို သူ သေချာ မှတ်မိနေပါသည်။
ယခု သူ့ရှေ့မှ အသံရှင်က အရှုပ်အထွေးနတ်ဘုရားမြို့တော်၏ သခင်ကြီးကို သိနေသတဲ့လား။
"ဟုတ်ပါတယ်"
ကလေးဆန်သောအသံ အလွန်အမင်း ဝမ်းနည်းနေပုံဖြင့် ပြန်ဖြေသည်။
လောထျန်း မျက်မှောင်ကြုံ့လိုက်သော်လည်း သိချင်စိတ်ဖြင့် ဆက်မေးလိုက်ပါ၏။
"အဲ့သခင်ကြီးဆိုတာက ဟိုအရှုပ်အထွေး မသေမျိုးဧကရာဇ်လား"
"အရှုပ်အထွေး မသေမျိုးဧကရာဇ် ဟုတ်လား"
ကလေးဆန်သောအသံမှာ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ သတိရသွားပုံဖြင့် ပြန်ပြောသည်။
"ဪ... အဲ့ဒီလို ကိုယ့်ကိုယ်ကိုယ် ခေါ်တဲ့ကောင် တစ်ယောက်တော့ အရင်က ဒီကို ရောက်ဖူးတယ်။ သူက ပါရမီတော့ ရှိပါတယ်၊ ကျုပ်ရဲ့ ရုပ်သေးရုပ်တစ်ရုပ်ကိုတောင်မှ အနိုင်ယူခဲ့သေးတယ်။ အစကတော့ သူက စစ်မှန်တဲ့ အရှုပ်အထွေးလမ်းစဉ်ထဲရောက်ဖို့ အခွင့်အရေး ရှိတဲ့သူလို့ ကျုပ်ထင်ခဲ့တာ"
"နှမြောစရာကောင်းတာက အဲ့ဒီကောင်က သူ့ပုခုံးပေါ်မှာ တာဝန်တွေ အများကြီး ထမ်းထားရတော့ နောက်ဆုံးမှာတော့ ကျရှုံးသွားခဲ့ရတာပါပဲ။ ဒါပေမဲ့ သူက ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အရှုပ်အထွေးမဟာတာအိုနဲ့ အနီးစပ်ဆုံးကို ရောက်ခဲ့တဲ့သူလို့ ပြောလို့ရတယ် "
ထိုနေရာရှိ လူတိုင်း သူ့စကားကို ကြားပြီးနောက် မှင်သက်သွားကြ၏။
"ဘာ... အရှုပ်အထွေး မသေမျိုးဧကရာဇ်က တကယ်ပဲ ဒီကို ရောက်ခဲ့တာလား"
"ဒါဆို... ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ်ကလည်း အကန့်အသတ်မဲ့စစ်မြေပြင်ကို စိန်ခေါ်ပြီး အောင်မြင်ခဲ့တာပေါ့"
"ဒါ အံ့ဩစရာတော့ မဟုတ်ပါဘူး၊ ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ်က ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲလေ"
လူတိုင်း အံ့ဩတကြီးဖြင့် သက်ပြင်းချမိလိုက်ကြသည်။
သို့သော် .. သက်ပြင်းတစ်ဝက်မှာတင် သူတို့ လောထျန်းအား ပြန်လည်ကြည့်မိလိုက်ကြ၏။
ပါရမီအကြောင်း ပြောကြကြေးဆိုလျှင် ထိုသူမှာ အထွတ်အထိပ်နေရာကို ယူထားသူတစ်ယောက် မဟုတ်ပါလား။
ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ်ကဲ့သို့သော သူပင်လျှင် လောထျန်း၏ ရှေ့၌ သာမန်လူတစ်ယောက်လို ဖြစ်နေပါသည်။
ထိုအသံပိုင်ရှင်၏ အပြောအရဆိုလျှင်လည်း ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ်မှာ ရုပ်သေးရုပ် တစ်ရုပ်တည်းကိုသာ အနိုင်ယူနိုင်ခဲ့သည်ဟု ဆိုပါသည်။
လောထျန်းကမူ ....
အကန့်အသတ်မဲ့စစ်မြေပြင် တစ်ခုလုံးကို အမှုန့်ဖြစ်သွားအောင် လုပ်နိုင်သည့်သူပါပင် ။
ထိုစဉ် လောထျန်းက မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
"မင်းက အများကြီး သိနေပါလား။ ဒါဆို မင်းက ဘယ်သူလဲ။ ဘာလို့ ထွက်လာပြီး ငါနဲ့ မတွေ့တာလဲ"
ကလေးဆန်သောအသံမှာ သူ့စကားကြောင့် ချက်ချင်းပင် ပျာယာခတ်သွားပါသည်။
"မရဘူး... ကျုပ် ကတိကို မတည်နိုင်မချင်း ဘယ်သူနဲ့မှ မတွေ့ဘူးလို့ ကျိန်ထားတယ်"
"ကတိ ဘာကတိလဲ"
လောထျန်း မျက်မှောင်ကြုံ့လိုက်၏။
ကလေးဆန်သောအသံမှာ တစ်စုံတစ်ခုကို စိုးရိမ်နေသည့်အလား ခဏမျှ တုံ့ဆိုင်းနေသေးသော်လည်း လောထျန်း၏ မေးခွန်းကို မဖြေပဲမနေရဲသဖြင့် ဘာမှ မဖုံးကွယ်ရဲဘဲ ပြောလိုက်ရပါသည်။
"အဲ့ဒီကတိကတော့ အရှုပ်အထွေးမဟာတာအို အဆင့်ကို ခြေလှမ်းလှမ်းနိုင်တဲ့ အစွမ်းထက် ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးဖို့ပါ"
"ဟမ်..."
လောထျန်း အူကြောင်ကြောင်ဖြစ်သွား၏။
ကလေးဆန်သော အသံမှာလည်း လောထျန်း နားမလည်သည်ကို ရိပ်မိပုံရပြီး ဆက်ပြောပါသည်။
"စစ်မှန်တဲ့ အရှုပ်အထွေး မဟာတာအိုဆိုတာ သခင်ကြီးပြောတဲ့ အရှုပ်အထွေး မသေမျိုးဧကရာဇ်တောင်မှ မရောက်နိုင်ခဲ့တဲ့ အရာပါ။ ဒါဟာ ရှေးအဆန်ဆုံး ခန္ဓာကိုယ်ကြီး သုံးခုထဲက တစ်ခုဖြစ်ပြီးတော့ ခေတ်အဆက်ဆက်မှာလဲ တွေ့ရခဲတဲ့ ခန္ဓာကိုယ်မျိုးပါ"
သူ့အပြောကို ကြားသောအခါ လောထျန်း ထပ်မေးလိုက်သည်။
"မင်း ပြောနေတာက ဒါလား"
လောထျန်းက ပြောပြောဆိုဆိုပင် အရှုပ်အထွေးခန္ဓာကိုယ်ကို အသက်သွင်းလိုက်၏။
ဝုန်း
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့ကိုယ်ပေါ်မှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ လျှံထွက်လာပြီး အရှုပ်အထွေးမဟာတာအို တစ်ခု ပေါ်ထွက်လာသည်။
အရှုပ်အထွေး နတ်ဘုရားလက်နက် ခုနစ်မျိုးသည်လည်း ထိုတာအိုအတွင်း၌ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေကြ၏။
၎င်းကို မြင်သည့်အခါ ကလေးဆန်သောအသံက ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။
"အဲ့ဒါအမှန်ပဲ အဲ့ဒါပဲ။ နှမြောစရာကောင်းတာက အရင် အရှုပ်အထွေးလမ်းစဉ် သခင်ကြီး ဆုံးသွားပြီးကတည်းက ဘယ်သူမှ ဒီအဆင့်ကို မရောက်နိုင်တော့တာပဲ။ ကျုပ် ဒီလောက် နှစ်ပေါင်းများစွာ စောင့်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ကျုပ်ဘဝသက်တမ်းတစ်လျှောက်မှာ အဲ့ဒါကို ထပ်မြင်ရတော့မှာ မဟုတ်ဘူးလို့ ထင်နေတာ"
သူ ပြောရင်းလည်း သက်ပြင်းရှည်ကြီး ချနေပါ၏။
ကျန်လူများမှာမူ သူ့စကားကို နားထောင်ရင်း ဆွံ့အကုန်ကြတော့သည် ။
ခဏအကြာတွင်မူ ကလေးဆန်သောအသံမှာ ရုတ်တရက် အတိဝင်လာဟန်ဖြင့် အော်လိုက်ပြန်၏။
"နေဦး... ငါ တစ်ခုခုကို လွတ်သွားတာလား"
ထို့နောက်တွင် သူ ရုတ်တရက် ထပ်အော်ဟစ်လိုက်ပြန်သည်။
"အရှုပ်အထွေး မဟာတာအို၊ အရှုပ်အထွေး မဟာတာအို ....သခင်ကြီးက အရှုပ်အထွေး မဟာတာအိုကို ကျင့်ကြံထားတာလား"
ဝူး
ထို့နောက်တွင် အကန့်အသတ်မဲ့စစ်မြေပြင် အလယ်၌ အလင်းတန်းတစ်ခု လင်းလက်လာပြီး အချုပ်အနှောင်တစ်ခု ပေါ်လာ၏။
အားလုံး ချက်ချင်း လှည့်ကြည့်လိုက်ကြရာ ထိုအချုပ်အနှောင်မှာ အဆက်မပြတ် တုန်ခါနေသည်ကို တွေ့လိုက်ရသည်။
အတွင်းထဲမှ တစ်စုံတရာက ရုန်းထွက်ရန် ကြိုးစားနေပုံပါပင် ။
"ဘာလဲ... ရန်သူတွေ ထပ်လာပြန်ပြီလား"
"ဒါမှမဟုတ် အစွမ်းထက်တဲ့ ရုပ်သေးရုပ်လား"
အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကို တွေ့ကြုံထားသဖြင့် လူတိုင်းမှာ သတိဝီရိယ အပြည့် ရှိနေကြပါ၏။
သို့သော် နောက်တစ်ခဏမှာပင် အချုပ်အနှောင် ပြိုကွဲသွားကာ အတွင်းထဲရှိ အရာ ထွက်ေပါ်လာပါတော့သည်။
အားလုံး မှင်သက်သွားကြ၏။
ဝှစ်
ထိုစဉ်မှာပင် အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့်သာ ရှိဟန်တူသော ကလေးငယ်တစ်ဦးက အချုပ်အနှောင်ထဲမှ ပြေးထွက်လာပြီး လောထျန်း၏ ရှေ့တည့်တည့်သို့ ရောက်လာပါသည်။
"အရှုပ်အထွေးခန္ဓာကိုယ်... သခင်ကြီးက တကယ့်ကို ပြည့်စုံတဲ့ အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ထားတာလား"
သူ ပြောပြောဆိုဆိုပင် လောထျန်းထံမှ ပြန်အပြောကို မစောင့်ဘဲ အရှုပ်အထွေးလမ်းစဉ်ဆီသို့ ပြေးဝင်သွား၏။
"အရှုပ်အထွေး နတ်ဘုရားလက်နက် ခြောက်မျိုး... မဟုတ်ဘူး၊ နောက်ထပ် တစ်ခု ...။ အားလုံးပေါင်း လက်နက် ခုနစ်မျိုးပါလား။ ဟားဟား... ဒါဟာ အရှုပ်အထွေး မဟာတာအိုပဲ တစ်ယောက်က ဒါကို တကယ်ကြီး ပြည့်စုံအောင် လုပ်နိုင်ခဲ့ပြီ။ ငါ လွတ်မြောက်ပြီ၊ ငါ နောက်ဆုံးတော့ လွတ်မြောက်ပြီဟေ့"
ထိုကလေးငယ်မှာ ငိုတစ်လှည့် ရယ်တစ်လှည့်နှင့် အော်ဟစ်နေတော့သည်။
လောထျန်း ၎င်းကိုကြည့်ရင်း မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
"မင်းက... မူလစိတ်ဝိညာဉ်လား"
ထိုကလေးငယ်က သတိဝင်လာဟန်ဖြင့် လောထျန်းကို ဦးညွှတ်လိုက်ပါသည်။
"ကျေးဇူးရှင်ကို တင်ပြပါတယ်၊ ကျုပ်ဟာ တကယ်ပဲ မူလစိတ်ဝိညာဉ်ပါ"
"ကျေးဇူးရှင်တဲ့လား"
လောထျန်း မျက်မှောင်ကြုံ့သွား၏။
ကလေးငယ်က ချက်ချင်း ပြန်ပြောသည် ။
"ဟုတ်ပါတယ်၊ ကျုပ်က ဒီမှာ ကိုယ့်ကိုယ်ကိုယ် ချုပ်နှောင်ပြီးတော့ ဘယ်လိုမှ ပြန်မထွက်နိုင် ဖြစ်နေခဲ့တာဗျ။ အခု ကျေးဇူးရှင်က အရှုပ်အထွေး မဟာတာအိုကို ကျင့်ကြံနိုင်ခဲ့လို့သာ ကျုပ် ပြန်လွတ်လပ်ခွင့် ရခဲ့တာပါ။ ဒါကြောင့် သခင်ကြီးဟာ ကျုပ်ရဲ့ ကျေးဇူးရှင်ပါပဲ"
လောထျန်းက မျက်မှောင်ကြုံ့ကာ ထပ်မေးလိုက်သည်။
" ဘာတွေဖြစ်နေတာလဲ"
ကလေးငယ်က ချက်ချင်းပင် ပြန်ရှင်းပြရှာ၏။
"ဒါတွေအားလုံးက ကျုပ် ရူးမိုက်ခဲ့မိလို့ အရှုပ်အထွေးနတ်ဘုရားမြို့တော် စောင့်ကြပ်သူရဲ့ လှည့်ကွက်ထဲမှာ ကျရှုံးခဲ့ရတာပါ။ ကျုပ် လှည့်စားခံခဲ့ရတာပါ၊ ဒါပေမဲ့ အခုတော့ အားလုံး ပြီးသွားပြီ။ ကျုပ် သိသမျှ အားလုံးကို သခင်ကြီးကို ပြောပြပါ့မယ်"