← Chapters

Chapter 70

Vol. 7 Ch. 70

Chapter 70

Vol. 7 Ch. 70

ရှန်းဝမ်ချင်း၏ အိမ်ထောင်ရေးအကြောင်း လျို့ဖုကျွင်း စပ်စုနေခဲ့ပုံကို ကြည့်ခြင်းအားဖြင့် ယန်ရုန်ရုန် တစ်စုံတစ်ခုကို ရိပ်မိသွားခဲ့သည်။

သူမ ခန့်မှန်းချက် မှန်ကန်ပါသည်။

လျို့ဖုကျွင်း အပြုံးဖြင့် ပြောလိုက်သည်။

“ငါ့သမီး ပင်းပီနဲ့ လက်ဆက်ထိန်းမြှားပါ့မယ်လို့ ကတိပေးမယ်ဆိုရင် ငါမင်းတို့ကို နဂါရိုး အလကားပေးလိုက်မယ်”

ယန်ရုန်ရုန် တွေးလိုက်သည်။ ‘ထင်တဲ့အတိုင်းပဲ!’

ထို့ကြောင့်လည်း ဒီထဲစရောက်လာစဉ်ကတည်းက ရှန်းဝမ်ချင်းကို လျို့ဖုကျွင်း ထူးထူးဆန်းဆန်း အကြည့်မျိုးနှင့် ကြည့်နေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ သေချာပြန်စဉ်းစားကြည့်မှ ယောက္ခမတစ်ဦးက သားမက်တစ်ဦးကို အကဲခတ်သည့် အကြည့်မျိုးပင်။

သို့သော် ရှန်းဝမ်ချင်း ကျိန်းသေ သဘောတူမှာမဟုတ်ဟု ယန်ရုန်ရုန် ခံစားမိသည်။ သူက ကုန်းမြေတိုက်ကြီး ကိုးခုတွင် အထူးချွန်ဆုံး ဓားသိုင်းကျင့်ကြံသူဖြစ်ပြီး ခွန်အားအရကော၊ အဆင့်အတန်းအရကော လျို့ဖုကျွင်းထက် များစွာ သာလွန်ပါသည်။

လျို့ဖုကျွင်း၏သမီးနှင့် လက်ဆက်ခိုင်းခြင်းက သူ့အဆင့်ကို နိမ့်ပါးသွားအောင်လုပ်ဖို့ စေခိုင်းနေခြင်းနှင့် အတူတူပင်။

ရှန်းဝမ်ချင်းကလည်း အမှန်တကယ် သဘောမတူခဲ့ပေ။ တွန့်ဆုတ်မှုပင်မရှိဘဲ လျို့ဖုကျွင်း တောင်းဆိုချက်ကို ငြင်းဆန်လိုက်ပါသည်။

လျို့ဖုကျွင်းမျက်နှာ ချက်ချင်း ပျက်သွားခဲ့သည်။

“ပင်းပီနဲ့ လူချင်းတောင် မတွေ့ဖူးသေးဘူး ငါ့ကမ်းလှမ်းချက်ကို ငြင်းဆန်တယ်ဆိုတော့ ငါတို့ရဲ့ သေးသိမ်တဲ့ အိမ်တော်ကို အထင်သေးတဲ့သဘောလား”

ရှန်းဝမ်ချင်း တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“ကျုပ်ငြင်းရတဲ့ အကြောင်းအရင်းက ခင်ဗျားတို့ကို အထင် သေးလို့ မဟုတ်ဘူး၊ ကျုပ်က စန်းချွမ်နဲ့ စေ့စပ်ထားပြီးသားမို့လို့ပဲ၊ ကျုပ်နှလုံးသားထဲမှာ လူတစ်ယောက်ရှိနေပြီးသားမို့လို့ အခြားတစ်ယောက်နဲ့ လုံးဝ လက်မဆက်နိုင်ပါဘူး၊ ကျွန်းသခင်ကြီးလည်း သမီးဖြစ်သူကို ပိုင်ရှင်ရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ ပေးစားချင်မှာ မဟုတ်ဘူးလို့ ကျုပ်ယုံကြည်တယ်”

လျို့ဖုကျွင်း အလွန်အမင်း အံ့အားသင့်သွားခဲ့ပါသည်။ သူဖမ့်လိုင်ကျွန်းပေါ်မှာသာ နှစ်ပေါင်းများစွာ ပိတ်လှောင်နေထိုင်ခဲ့သဖြင့် ပြင်ပလောက၏ ပြောင်းလဲမှုများကို သတိမထားမိခဲ့ပေ။ ထို့ကြောင့် ရွှမ်ယွဲ့ဓားသခင်နှင့် သူ့တပည့်မလေးတို့၏ ဇာတ်ရှုပ်များအကြောင်း လျို့ဖုကျွင်း မကြားဖူးသည်မှာ မထူးဆန်းလှပါ။

ယခုမှ ယန်ရုန်ရုန်ကို သူသေသေချာချာ အကဲခတ်ကြည့်မိပါသည်။ ဒီကို စတင်ရောက်ရှိလာစဉ်က ယန်ရုန်ရုန်ကို အရေးမပါသူဟုယူဆပြီး လျစ်လျူရှုခဲ့ကာ ရှန်းဝမ်ချင်းကိုသာ လျို့ဖုကျွင်း အာရုံစိုက်ခဲ့ပါသည်။

သူလျစ်လျူရှုခဲ့သည့် ဒီအမျိုးသမီးကျင့်ကြံသူက ရှန်းဝမ်ချင်း၏သတို့သမီးလောင်း ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ လျို့ဖုကျွင်း မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင် ဖြစ်သွားခဲ့သည်။

“ရွှမ်ယွဲ့ဓားသခင်က မင်းလိုလူမျိုးကို ဘာလို့သဘောကျရတာလဲ”

ရုပ်ရည်အရကော ပါရမီအရကော ဒီအမျိုးသမီးက သာမန်အဆင့်သာရှိသည်။

လျို့ဖုကျွင်း၏ စကားလုံးများကို ရှန်းဝမ်ချင်း ကျေနပ်ပုံမရဘဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ကျွန်းသခင်ကြီးလျို့၊ စန်းချွမ်က အရမ်းထူးချွန်တဲ့လူတစ်ယောက်ပါ၊ ကျေးဇူးပြုပြီး သူ့ကို လေးလေးစားစား ဆက်ဆံပေးပါ”

ယန်ရုန်ရုန်ကတော့ ဒေါသမထွက်မိပေ။ သူမ မျက်နှာကိုကိုင်လျက် လျို့ဖုကျွင်းမေးခွန်းကို ပြန်ဖြေလိုက်ပါသည်။

“ဒီမျက်နှာက အရမ်းကြည့်ကောင်းနေလို့ နေမှာပေါ့”

ဒီမျက်နှာက သူ့ ‘လရောင်ဖြူ’ရှစ်ကျဲနှင့် ဆင်တူနေခြင်းကြောင့်ပဲ သဘောကျခဲ့ရခြင်း ဖြစ်ပါသည်။

ဖြစ်ကြောင်းကုန်စင်ကို လျို့ဖုကျွင်း မသိပါ။ ထို့ကြောင့် ယန်ရုန်ရုန် စိတ်ကြီးဝင်နေခြင်းသာဖြစ်မည်ဟု ထင်သွားပြီး ပြန်ချေပလိုက်ပါသည်။

“ကြွားဝါတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ငါ့သမီး ပင်းပီနဲ့ ယှဉ်လိုက်ရင် မင်းရုပ်ရည်က လိုအပ်ချက် အများကြီး ရှိနေသေးတယ်”

ရှန်းဝမ်ချင်းက ဝင်ပြောလိုက်ပြန်သည်။

“ကျုပ် စန်းချွမ်ကို သဘောကျတာက သူ့ရုပ်ရည်အသွင် အပြင်နဲ့ ဘာမှ မဆိုင်ဘူး၊ သူ့ရုပ်ရည်ကို ကျွန်းသခင်ကြီး ထပ်မကဲ့ရဲ့ဖို့ မျှော်လင့်ပါတယ်”

ဒီလိုကာကွယ်ပြောဆိုပေးနေပုံကို ကြည့်ခြင်းအားဖြင့် စန်းချွမ်ကို သူဘယ်လောက် တန်ဖိုးထားသလဲ မြင်နိုင်ပါလိမ့်မည်။

တစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ဖူးသူဖြစ်သည့်အလျောက် ရှန်းဝမ်ချင်း၏ ခံစားချက်ကို လျို့ဖုကျွင်း နားလည်ပါသည်။ သူ့အစီအစဉ် အောင်မြင်နိုင်တော့မှာ မဟုတ်မှန်းလည်း သိလိုက်ရသည်။

ထိုအတွေးဖြင့် လျို့ဖုကျွင်း သိသိသာသာ စိတ်ဓာတ်ပြန်ကျသွားခဲ့သည်။

“ရွှမ်ယွဲ့ဓားသခင်က ကျုပ်ရဲ့ ကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူးဆိုတော့ နှစ်ယောက်စလုံး ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့”

သို့သော် ရှန်းဝမ်ချင်း ပြန်ဖို့အစီအစဉ်ရှိပုံမပေါ်ဘဲ ကျောက် ရုပ်လို ခိုင်ခိုင်မာမာ ရပ်တည်နေဆဲပင်။ ရှန်းဝမ်ချင်း၏ ကျင့်ကြံခြင်းအဆင့်နှင့်သာဆို သူထွက်မသွားချင်လျှင် ဘယ်သူမှ နှင်ထုတ်နိုင်မှာ မဟုတ်ပါ။

ဒါကိုမြင်ပြီး လျို့ဖုကျွင်း အကြံတစ်ခု ရုတ်တရက်ရကာ ပြောလိုက်သည်။

“ဒီကိုလာဖို့ ဓားသခင်က မိုင်ပေါင်းသောင်းချီ ဖြတ်သန်းခဲ့ရတာဆိုတော့ အခွင့်အရေးတစ်ခု ထပ်ပေးသင့်တာပေါ့၊ ခုတလော အရှေ့ဘက်ပင်လယ်ပြင်မှာ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်နေတယ်။ ညသန်းခေါင်ယံအချိန်ကို ရောက်တိုင်း ပင်လယ်ပြင်ပေါ်မှာ ပုံရိပ်ယောင်တွေ အများကြီး ပေါ်လာတတ်တယ်၊ အဲ့ဒီ ပုံရိပ်ယောင်တွေကြောင့် ပျောက်ဆုံးသွားတဲ့လူတွေလည်း အများကြီးပဲ၊ အဲ့ဒီပြဿနာကို မင်းတို့ ဖြေရှင်းနိုင်မယ်ဆိုရင် နဂါးရိုးကို ပေးမယ်၊ ဘယ်လိုသဘောရလဲ”

ရှန်းဝမ်ချင်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“သဘောတူတယ်”

လျို့ဖုကျွင်း မျက်နှာပေါ် အပြုံးတစ်ခု ပြန်ပေါ်လာခဲ့ပါသည်။

“ဒါဆို ငါသတင်းကောင်း စောင့်မျှော်နေရတာပေါ့”

-

ရှန်းဝမ်ချင်းတို့ ထွက်သွားသောအခါ ကျွန်းသခင်ကြီးကို ဝမ်ဟဲကျစ် တီးတိုးမေးမြန်းလိုက်ပါသည်။

“အဲ့ဒီပုံရိပ်ယောင်တွေက ပင်လယ်ကြမ်းပြင်မှာရှိတဲ့ ‘အဲ့ဒီအရာ’ကြောင့်ဆိုတာ သခင်ကြီး သိတယ်မဟုတ်ဘူးလား၊ သူတို့ကို ဘာလို့ စုံစမ်းခိုင်းလိုက်ရတာလဲ၊ အဲ့ဒီအရာ သူတို့ကို ဝါးမျိုသွားရင် ဘယ်လိုလုပ်မလဲ”

လျို့ဖုကျွင်း သေရည်တစ်ခွက် ထပ်ငှဲ့လိုက်ပြီး ဖြည်းညှင်းစွာ ပြုံးလိုက်သည်။

“သူတို့ဆန္ဒနဲ့သူတို့ သဘောတူခဲ့တာလ၊ ပင်လယ်ပြင်မှာ ကံမကောင်းအကြောင်းမလှဘဲ သေဆုံးသွားရင်တောင် သူတို့ထိုက်နဲ့ သူတို့ကံပဲပေါ့”

ထို့နောက် သေရည်ခွက်ကို ကိုင်မြှောက်ကာ တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။

ဝမ်ဟဲကျစ် စိုးရိမ်ပူပန်သွားလေသည်။ ဇနီးဖြစ်သူ သေဆုံးသွားစဉ်ကတည်းက ကျွန်းသခင်ကြီး၏ စိတ်ဓာတ်မှာ အလွန် အစွန်းရောက်လာခဲ့သည်။

အပြင်လောက၏အရေးကိစ္စများကို စိတ်မဝင်စားတော့ဘဲ နေ့တိုင်း သောက်စားရင်းနဲ့သာ အချိန်တွေကို ကုန်ဆုံးစေခဲ့သည်။ အခြားသူများ၏ သေဆုံးခြင်း ရှင်သန်ခြင်းကို သူဂရုမစိုက်တော့ပေ။ အမှန်တော့ သူ့အသက် သူပင် ဂရုစိုက်ပုံမပေါ်ပါ။

ဒီကမ္ဘာပေါ်မှာ သူဂရုစိုက်သေးသည့် တစ်ဦးတည်းသောသူဟူ၍ သမီးဖြစ်သူ လျို့ပင်းပီသာ ရှိပါတော့သည်။ သူ့သမီးကို လက်ခုပ်ထဲက ပုလဲလုံးလေးပမာ တန်ဖိုးထားသည်။ သူ့အမြင်တွင် ရှန်းဝမ်ချင်းကဲ့သို့ ဂုဏ်ကျက်သရေအဆင့်အ တန်း ကြီးမားသူကသာ သူ့သမီးနှင့် ထိုက်တန်ပါသည်။

သို့သော် ရှန်ဝမ်ချင်း ရင်ထဲတွင် အခြားတစ်ယောက် ရှိနေပြီးသားဖြစ်သဖြင့် သူ့ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့သည်။ ဒါကို လျို့ဖုကျွင်း မကျေမနပ်ဖြစ်နေမှာ သေချာပါသည်။

ပင်လယ်ပြင်ရှိ ပုံရိပ်ယောင်ပြဿနာတွေကို ဖြေရှင်းခိုင်း လိုက်ခြင်းအားဖြင့် အပေါ်ယံတွင်တော့ သူတို့နှစ်ယောက်ကို အခွင့်အရေးပေးနေသည်ဟု ထင်ရသော်လည်း တကယ် တမ်း သူတို့အတွက် သေတွင်းတူးပေးလိုက်ခြင်းနှင့် အတူတူပင်။

ဒါတွေအားလုံးကို ဝမ်ဟဲကျစ်နားလည်သည်။ သူတားဆီးချင်ခဲ့သော်လည်း သူ့အဆင့်အတန်းနှင့် ကျွန်းသခင်ကြီး၏ စိတ်ကို ပြောင်းလဲအောင် ဖြောင်းဖြနိုင်မှာမဟုတ်မှန်း နားလည်သည်။ ထို့ကြောင့် လျို့ပင်းပီကို သွားတွေ့ဖို့ ဝမ်ဟဲကျစ် ဆုံးဖြတ်ရလေတော့သည်။

-

လျို့ပင်းပီက အသက် ၁၇ - ၁၈ ခန့်သာ ရှိသေးသည်။ အသားအရည်က ကျောက်စိမ်းကဲ့သို့ နူးညံ့ချောမွတ်ပြီး အလှတရားကလည်း နတ်သမီးလေးတစ်ပါးဟုပင် တင်စားခေါ်ဝေါ်ထိုက်ပါသည်။

သူမတွင် မွေးရာပါ ရေခဲဓာတ်ဝိညာဉ်စွမ်းအင်ပါလာသည်။ ထို့ကြောင့် ရေခဲစွမ်းအင်ကို လိုသလို အသုံးချနိုင်ပါသည်။

ရေခဲအမျိုးအစား ဝိညာဉ်ရင်းမြစ်နှင့် ပေါင်းစပ်လိုက်သော အခါ သူမကျင့်ကြံခြင်းပါရမီက အလွန်ထူးချွန်ပြောင်မြောက်နိုင်မည့် အလားအလာရှိသည်။

သို့သော် ကံမကောင်းစွာဖြင့် သူမ ဒန်တျန်တွင် ချွတ်ယွင်း ချက်ရှိနေပြီး ဝိညာဉ်စွမ်းအင်များကို မသိုလှောင်နိုင်ပေ။ ဘယ်‌လောက်ပဲ လေ့ကျင့်ပါစေ သူမ စုဆောင်းလိုက်သည့် ဝိညာဉ်စွမ်းအင်များက ဒန်တျန်အတွင်းမှ ပြန်လည် စိမ့်ထွက်သွားတတ်သည်။

ထို့ကြောင့် ဒီနေ့ဒီအချိန်အထိ ကျင့်ကြံခြင်း အခြေခံအဆင့်ဖြစ်သော ချီစုပ်ယူခြင်းအဆင့်ကိုပင် မအောင်မြင်နိုင်သေးပါ။

သူမကို ဝမ်ဟဲကျစ် ရှာတွေ့သွားခဲ့သည်။ ယခု လျို့ပင်းပီက အစိမ်းရောင်ဖျော့ဖျော့ အဝတ်အစားများကို ဝတ်ဆင်ထားပြီး ပြူတင်းပေါက်ဘေးတွင်ထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေပါသည်။

နေရောင်ခြည်က သူမ၏ ဖြူဖျော့ဖျော့ မျက်နှာပေါ် ဖြာကျနေသဖြင့် မျက်နှာတစ်ခုလုံးကို ဝင်းလက်နေစေသည်။ သူမ တစ်ကိုယ်လုံး အလွန်နူးညံ့သိမ်မွေ့နေပြီး လေနှင့်အတူ အချိန်မရွေး ပျံသန်းသွားတော့မည့် ပန်းချီကားထဲမှ နတ်သမီးလေးတစ်ပါးအလား ထင်ရသည်။

“သခင်မလေး”

ဝမ်ဟဲကျစ်ကို မော့ကြည့်ပြီး လျို့ပင်းပီ မေးလိုက်သည်။

“ဘာများလဲ”

ရှန်းဝမ်ချင်း နဂါးရိုး လာရောက်တောင်းခံသည့်အကြောင်းကို ဝမ်ဟဲကျစ် ပြန်ပြောပြလိုက်ပါသည်။ ထိုအကြောင်းကို နားထောင်ပြီးနောက် လျို့ပင်းပီ မျက်မှောင်ကြုတ်သွားခဲ့သည်။

“အဖေ ခေါင်းမာနေပြန်ပြီလား”

ဝမ်ဟဲကျစ် စိုးရိမ်ပူပန်စွာ တောင်းဆိုလိုက်သည်။

“ရှန်းဝမ်ချင်းသာ ပင်လယ်ထဲမှာ တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်တော်တို့ကို ရှမ့်ယွင်ဂိုဏ်း အလွတ်ပေးမှာမဟုတ်ဘူး၊ ကျွန်းသခင်ကြီးက သခင်မလေးစကားကို နားထောင်ပါတယ်၊ အဲ့တာကြောင့် သူ့ကို သွားဖြောင်းဖြပေးပါလား”

လျို့ပင်းပီ ခါးသက်စွာပြုံးလိုက်သည်။

“အဖေသာ ကျွန်မစကားကို တကယ်နားထောင်တယ်ဆိုရင် ဒီလို သေရည်ကြူးပြီး ဘဝကိုအရှုံးပေးတဲ့လူ ဖြစ်လာမှာ မဟုတ်ဘူး”

ယခင်တုန်းက သူမအဖေ ကျင့်ကြံခြင်းပါရမီရှင်တစ်ဦးဖြစ်ခဲ့ဖူးသည်။ သို့သော် အမေဖြစ်သူ ဆုံးပါးသွားပြီးကတည်းက ကျင့်ကြံခြင်းလမ်းစဉ်ကို အရှုံးပေးပြီး နေ့တိုင်း သေရည်သောက်ရင်းသာ ဘဝကို ဖြတ်သန်းခဲ့သည်။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူ့ကျင့်ကြံခြင်းအဆင့်က စိုးစင်းမျှပင် တိုးတက်မလာခဲ့ပါ။ ဒီတိုင်းသာဆိုလျှင် သေရည်ကြောင့် မသေလျှင်တောင် သက်တမ်းကုန်ဆုံးသည့်အခါ သေဆုံးသွားတော့မှာ သေချာပါသည်။

ဝမ်ဟဲကျစ် စိတ်ဖိစီးသွားသည်။

“ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ”

လျို့ပင်းပီ လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

“ကျွန်မနဲ့ အပြင်ခဏလောက် လိုက်ခဲ့ပါ”

ဝမ်ဟဲကျစ် အမြန်ပြောလိုက်သည်။

“သခင်မလေးက နေကောင်းတာမဟုတ်ဘူး၊ အပြင်မထွက်သင့်ဘူးလို့ ကျွန်းသခင်ကြီးက သေချာမှာကြားထားတယ်လေ”

“စိတ်မပူပါနဲ့ အဲ့ဒီနှစ်ယောက်ကို သွားရှာပြီး စကားပြောကြည့်ချင်ရုံပါ၊ ဘာပြဿနာမှမဖြစ်နိုင်ဘူး”

All Chapters