← Chapters

အခန်း (၃၁၁)

Vol. 32 Ch. 311

အခန်း (၃၁၁)

Vol. 32 Ch. 311

အခန်း

(311)

လင်းရန်က သူမ၏ ကျေးဇူးကို ဖော်ပြနေခြင်းမဟုတ်ဘဲ ဤတစ်ကြိမ် အခြေအနေမှာ အလွန်စိုးရိမ်ရပြီး တစ်ဖက်တွင်လည်း အလွန်ကံကောင်းခဲ့သည်ဟု ခံစားနေရခြင်း ဖြစ်သည်။

စားဖိုမှူးရှုန်းက မေ့တတ်လွန်း၍ စုန့်လူကြီးမင်း၏အိမ်တွင် အင်္ကျီမေ့ကျန်ခဲ့သည်ကိုပင် သူမ ကျေးဇူးတင်မိသည်။ သို့မဟုတ်ပါက သူမ ထိုအိမ်သို့ ပြန်လာဖြစ်မည် မဟုတ်ပေ။

အကယ်၍ ကျန်းကျွင့်က တခြားအလုပ်တစ်ခုခုကို အမှန်တကယ် လုပ်နေခြင်းဖြစ်ပါက စုန့်လူကြီးမင်းက အော်ခေါ်လျှင်ပင် သူ သိနိုင်မည်မဟုတ်သကဲ့သို့ လဲကျသွားသည့် အသံမှာလည်း သူ့ကို ကြားသွားစေရန် မဖြစ်နိုင်ချေ။

သူ့ထက် အသက်နှစ်ဆယ်ခန့် ငယ်သော မိန်းကလေးတစ်ဦးမှ ထိုသို့ပြောလိုက်သည့်အတွက် ကျန်းကျွင့်၏ မျက်နှာက သေချာပေါက် ပျက်သွားတော့သည်။

သို့သော် သူ့ကို ပို၍ စိတ်တိုစေသည့်အရာမှာ လင်းရန် ပြောသည်ကို သူ မည်သို့မျှ မချေပနိုငရခြင်းပင် ဖြစ်ပေသည်။

ဆိုရလျှင် မည်သူကပင် ကြည့်သည်ဖြစ်စေ ယခုကိစ္စတွင် သူကသာ အရင်မှားယွင်းခဲ့သောကြောင့် ဖြစ်ပေ၏။

ကျန်းကျွင့်၏ အမြင်တွင် ဤသည်က မတော်တဆမှုတစ်ခုသာ ဖြစ်ပေည်။ သူ့အနေဖြင့် တစ်နှစ်ပတ်လုံးတွင် စုန့်ကျစ်သယ်၏ အနားမှ မခွာဘဲ နေခဲ့ရပြီး ယခုတစ်ကြိမ်တည်းသာ ဂရုမစိုက်ခဲ့ခြင်းဖြစ်ပြီး ဤသို့သော အချိန်မျိုးတွင်မှ အဖြစ်အပျက်က ကြုံကြိုက်သွားရသည်ဟု သူ ထင်မိသည်။

“ရှောင်ကျန်းက တမင်လုပ်တာ မဟုတ်ပါဘူး၊ ငါကပဲ အသုံးမကျတဲ့ အဘိုးကြီး ဖြစ်နေလို့ပါ..အပြင်ကို လမ်းလျှောက်ထွက်ဖို့တောင် မစွမ်းသာတော့ဘူး”

စုန့်လူကြီးမင်းက ကျန်းကျွင့်၏ မျက်နှာ အခြေအနေမကောင်းသည်ကို မြင်၍လား မသိသော်လည်း နောက်ဆုံးတွင် ကျန်းကျွင့်ဘက်မှသာ ရပ်တည်ကာ အပြစ်အားလုံးကို သူကိုယ်တိုင်၏အပေါ်သို့သာ လွှဲချလိုက်လေသည်။

လင်းရန်လည်း ထိုမြင်ကွင်းကို မြင်လျှင် ပို၍ပင် စိတ်မကောင်းဖြစ်မိသွားရသည်။

လူတွေက အသက်ကြီးပြီး အိုမင်းမစွမ်းဖြစ်လာရုံလောက်နဲ့ တကယ်ပဲ ဒီလိုမျိုး နေထိုင်သွားကြရမှာလား။

ကိစ္စတိုင်းအတွက် နောက်မျိုးဆက်တွေရဲ့ မျက်နှာရိပ်မျက်ကဲကို ကြည့်ပြီး နေကြရတော့မှာလား။

သူတို့ လမ်းလျှောက်နိုင်၊ အလုပ်လုပ်နိုင်ခဲ့တုန်းက နောက်ပိုင်းမျိုးဆက်တွေနဲ့ မိသားစုအတွက် ဒီလောက်အထိ အနစ်နာခံခဲ့ကြရတာလေ။

သူတို့ အိုမင်းလာတဲ့အချိန်ကျတော့ သူတို့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ သားသမီး မြေးမြစ်တွေက ဘာကြောင့် သူတို့ကို အရင်ကလို အတ္တကင်းကင်းနဲ့ ပြန်ပြီးမပြုစုနိုင်ကြရတာလဲ။

လင်းရန်အနေဖြင့် ယခင်ဘဝက အသက် (၃၀)ဝန်းကျင်တွင် သေဆုံးသွားခဲ့ရပြီး ဤကိစ္စမျိုးကို မစဉ်းစားခဲ့ဖူးပေ။ ယခုဘဝတွင်လည်း သူမ၏ ဖခင်က အသက် (၃၀)ကျော်သာ ရှိသေးပြီး အလွန်ပင်ငယ်ရွယ်သန်စွမ်းနေဆဲ ဖြစ်ပေသည်။

အိမ်မှ အဘွားဖြစ်သူမှာလည်း အလွန်ပင် ကျန်းမာသန်စွမ်းပေ၏။

ထို့ကြောင့် ဤကဲ့သို့ ပြုစုစောင့်ရှောက်မှု မရှိဘဲ မနေနိုင်သော စုန့်လူကြီးမင်းကဲ့သို့ သက်ကြီးရွယ်အိုတစ်ဦးနှင့် အနီးကပ် ထိတွေ့ရခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

သို့သော် ထိတွေ့မှု များလာလေလေ၊ ခံစားချက်များကလည်း ပို၍ ပြင်းထန်လာလေလေ ဖြစ်ခဲ့သည်။

အသက်ကြီးလာချိန်တွင် အမှန်တကယ် အားကိုးရာမဲ့သွားကြရမည်လား။

နောက်ဆုံးတွင် ကျန်းကျွင့်ရောက်ရှိလာပြီဖြစ်သောကြောင့် စုန့်လူကြီးမင်းက လင်းရန်အား ထပ်မံကျေးဇူးတင်စကားဆိုပြီး အနားယူရန် ပြန်လွှတ်လိုက်လေ၏။

စားဖိုမှူးရှုန်း၏ အပေါ်အင်္ကျီနှင့် ပတ်သက်၍မူ ညနေပိုင်းတွင် ကျန်းကျွင့်ကိုယ်တိုင် လာရောက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း စုန့်လူကြီးမင်းက ဆိုခဲ့သည်။

ဆရာဝန်နှင့် ပြသရန်ကိစ္စကိုတော့ ကျန်းကျွင့်ကသာ အနား၌ စောင့်ကြပ်ပေးမည် ဖြစ်ပေသည်။

လင်းရန်သည်လည်း ထိုအစီအစဉ်ကို ငြင်းပယ်ခြင်းမပြုဘဲ စုန့်လူကြီးမင်းအား ပိုမိုအနားယူရန်နှင့် ဂရုစိုက်ရန် အကြိမ်ကြိမ် သတိပေးပြီးနောက် ထွက်ခွာလာခဲ့ချေ၏။

စားဖိုမှူးရှုန်းနှင့်အတူ တည်းခိုသည့်နေရာသို့ ပြန်ရောက်ပြီးနောက် စားဖိုမှူးရှုန်းက သူမ အဘယ်ကြောင့် ဤမျှအထိ ကြာမြင့်နေကြောင်းကို မေးလာခဲ့သည်။

သူမ၏လက်ထဲတွင် အင်္ကျီလည်း ပါမလာသောကြောင့် တစ်ခုခုများ ဖြစ်ခဲ့သည်လားဟူ၍ ပူပန်နေခဲ့သည်။

လင်းရန်သည်လည်း တစ်စုံတစ်ရာကိုမျှ ဖုံးကွယ်မထားဘဲ မတိုင်ခင်ကဖြစ်ပျက်ခဲ့သမျှကို စားဖိုမှူးရှုန်းအား အရှိအတိုင်း ပြောပြလိုက်လေ၏။

ထိုအကြောင်းကို နားထောင်ပြီးနောက် စားဖိုမှူးရှုန်းမှာ မနေနိုင်ဘဲ သက်ပြင်းချကာ ရေရွတ်လိုက်မိသည်။

“ဒါက သွေးသားအရင်းအချာ မဟုတ်လို့ပဲ. ငါကတော့ သူ့ကို ကောင်းကောင်း ပြုစုပျိုးထောင်မထားနိုင်ခဲ့ဘူးလို့ပဲ မြင်တယ်”

လင်းရန်အနေဖြင့် လူတိုင်းက ထိုသို့မဟုတ်နိုင်ကြောင်း ပြောချင်သော်လည်း စားဖိုမှူးရှုန်းက ကျန်းကျွင့်ကိုသာ ရည်ရွယ်ပြောဆိုနေခြင်းဖြစ်ကြောင်းကို သူမ ကောင်းစွာ သိရှိလေသည်။

တခြားသူများ၏ အခြေအနေက မည်သို့ပင်ရှိစေ ယခု သူမ သတိပြုမိသလောက်ဆိုလျှင် ကျန်းကျွင့်က စုန့်လူကြီးမင်းအပေါ် တစ်ရာရာခိုင်နှုန်း စိတ်ရင်းမပါသည်မှာ သေချာပေသည်။

“စုန့်လူကြီးမင်းရဲ့ ဘေးနားမှာ သွေးသားအရင်းအချာ တစ်ယောက်ယောက်သာ ရှိနေရင် သိပ်ကောင်းမှာပဲ”

ဤခေတ်ကာလရှိ လူများမှာ သွေးသားရင်းချာ ဆက်ဆံရေးကို အလွန်ပင် တန်ဖိုးထားကြဆဲ ဖြစ်သည်။အကယ်၍ ဘေးနားတွင် သွေးသားရင်းချာ တစ်ဦးတစ်ယောက်သာ ရှိနေပါက အခြားကိစ္စများမဆိုထားနှင့်၊ ပြုစုစောင့်ရှောက်မှုအပိုင်းတွင် အပြင်လူထက် သေချာပေါက် ပိုမိုအသေးစိတ်ပြီး စိတ်ရင်းမှန်ပေလိမ့်မည်။

အထူးသဖြင့် ယနေ့ကဲ့သို့သော အခြေအနေမျိုးမှာ လုံးဝ ဖြစ်ပေါ်လာစရာ အကြောင်းမရှိပေ။

စားဖိုမှူးရှုန်းလည်း ထိုစကားကို ကြားပြီးနောက် နောက်ထပ် သက်ပြင်းတစ်ချက်ကို ချလိုက်ပြန်ပြီး လင်းရန်ကို ကြည့်ကာ ခေါင်းခါပြလိုက်လေသည်။ သူမ၏ အတွေးမှာ လက်တွေ့မကျလွန်းဟု ပြောချင်ပုံရသည်။

အကယ်၍ စုန့်လူကြီးမင်း၏ မိသားစုကိုသာ ရှာဖွေတွေ့ရှိနိုင်မည်ဆိုလျှင် ယခုအချိန်အထိ ပျောက်ဆုံးနေမည်မဟုတ်ပေ။ အဖွဲ့အစည်းကလည်း စုန့်လူကြီးမင်းအတွက် အဖြေတစ်ခုရှာရန် ကြိုးပမ်းခဲ့ဖူးသော်လည်း ကံမကောင်းစွာဖြင့် မည်သည့်ရလဒ်မျှ ထွက်မလာခဲ့ပါချေ။

ထို့ကြောင့် စုန့်လူကြီးမင်း၏ မိသားစုဝင်များမှာ ကွယ်လွန်သွားကြပြီဖြစ်စေ၊ သို့မဟုတ် သူ့ကို မှတ်မိနေသူများ ကွယ်လွန်ကုန်ကြပြီး အသက်ရှင်နေသူများကလည်း သူ့ကို မေ့လျော့နေကကသောကြောင့်သဖြင့် ဆက်သွယ်၍ မရတော့ခြင်းဖြစ်စေ တစ်ခုခုပင် ဖြစ်ပေလိမ့်မည်။

အမှန်တကယ်တမ်းတွင် တခြားသော အကြောင်းအရင်းတစ်ခုလည်း ရှိနိုင်သေးသည်။ သို့သော် ထိုအကြောင်းအရင်းမှာ အလွန်ပင် ဖြစ်နိုင်ခြေနည်းသည်ဟု စားဖိုမှူးရှုန်း တွေးမိသည်။

ထိုဖြစ်နိုင်ချေမှာ စုန့်လူကြီးမင်း၏ မိသားစုကို ရှာဖွေရာတွင် တစ်စုံတစ်ယောက်က တမင်တကာ ကြားမှ နှောင့်ယှက်ဟန့်တားနေခြင်းပင် ဖြစ်ပေ၏။

သို့သော် မည်သူကမျှ ထိုမျှအထိ သတ္တိရှိလိမ့်မည် မဟုတ်ပါချေ။ စုန့်လူကြီးမင်း၏ အဆင့်အတန်းက ဤမျှအထိ မြင့်မားနေသည် မဟုတ်ပါလား။

မည်သူကများ ကိုယ့်ဘဝကို အေးဆေးစွာ မနေချင်ဘဲ သူ၏မိသားစုနှင့် ဆုံတွေ့မှုကို ဟန့်တားဝံ့ပါမည်နည်း။

နောက်ဆုံးသောအတွေးအတွက် ဖြစ်နိုင်ခြေက အလွန်နည်းပါးလွန်းသောကြောင့် စားဖိုမှူးရှုန်းက ၎င်းကို ထုတ်ဖော်မပြောတော့ပေ။

လင်းရန်သည်လည်း စိတ်မကောင်းစွာ သက်ပြင်းချပြီးနောက် ထိုအကြောင်းကို ဆက်မပြောတော့ပါချေ။

…

စုန့်လူကြီးမင်း၏ မွေးနေ့ပွဲမှာ အမှန်တကယ်အားဖြင့် နောက်ထပ် နှစ်ရက်ကြာမှ ကျင်းပမည်ဖြစ်သည်။

စားဖိုမှူးရှုန်းနှင့် လင်းရန်တို့မှာ အမှားအယွင်းမရှိ ပြင်ဆင်နိုင်ရန်အတွက် မွေးနေ့ပွဲ မတိုင်မီ သုံးရက်ကြိုတင်၍ ရောက်ရှိလာခဲ့ကြသည်။

ဥပမာအားဖြင့် ရောက်ရှိသည့် ပထမဆုံးနေ့တွင်ပင် မွေးနေ့ပွဲတွင် ပါဝင်မည့် ဟင်းအမယ်များကို စုန့်လူကြီးမင်းနှင့်အတူ အတည်ပြုခဲ့ကြသည်။

ဒုတိယနေ့: ဆိုလိုသည်မှာ စုန့်လူကြီးမင်း လဲကျသွားသည့်နေ့၏ နောက်တစ်ရက်တွင်တော့ လင်းရန်နှင့် စားဖိုမှူးရှုန်းတို့က စုန့်အိမ်သို့ ထပ်မံရောက်ရှိလာခဲ့ကြပြန်သည်။

ယနေ့ သူတို့လာရသည့် ရည်ရွယ်ချက်မှာ တခြားမဟုတ်ဘဲ စုန့်လူကြီးမင်းအတွက် စားစရာများ လာရောက်ပို့ဆောင်ပေးခြင်းပင် ဖြစ်၏။

ဤနေရာသို့ မလာမီကပင် စားဖိုမှူးရှုန်းက ဒုတိယနေ့တွင် မွေးနေ့ပွဲအတွက် ဟင်းအမယ်အားလုံးကို ချက်ပြုတ်ပြီး မွေးနေ့ရှင်အား ကြိုတင်မြည်းစမ်းစေရန် စီစဉ်ထားခဲ့သည်။

အကယ်၍ မကျေနပ်သည့်အချက် တစ်စုံတစ်ရာ ရှိပါကလည်း စောစီးစွာ သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဖြစ်ပေသည်။

သို့သော်လည်း စုန့်လူကြီးမင်းသည်က ယမန်နေ့က လဲကျထားခဲ့သောကြောင့် ယနေ့ လင်းရန်နှင့် စားဖိုမှူးရှုန်းတို့ ပို့ဆောင်ပေးသော ဟင်းလျာများတွင် အရိုးစွပ်ပြုတ်နှင့် အားရှိစေမည့် အာဟာရစာများ ပိုမိုပါဝင်နေချေ၏။

တခြားကိစ္စများကို ထည့်မတွက်နှင့်ဦး။

အနည်းဆုံး အစားအသောက်ပိုင်းတွင် အားစိုက်ပေးခြင်းဖြင့် စုန့်လူကြီးမင်း၏ ကိုယ်ခန္ဓာကို ပြန်လည်အားဖြည့်ပေးလိုခဲ့သည်။

ထို့ကြောင့် စားဖိုမှူးရှုန်းနှင့် လင်းရန်တို့က အားဖြည့်စွပ်ပြုတ်များကို ပြုတ်၍ စုန့်လူကြီးမင်းထံ ပို့ပေးခဲ့ကြသည်။

ထို့အပြင် မွေးနေ့ပွဲအတွက် ဟင်းအမယ်အချို့ကိုလည်း ပြင်ဆင်လာခဲ့ပြီး ပူပူနွေးနွေး မြည်းစမ်းစေခဲ့လေသည်။

စုန့်လူကြီးမင်းက ထိုအစားအသောက်များကို မြည်းစမ်းကြည့်လိုက်သည်နှင့် အရသာရှိလွန်းသော အစားအစာများကြောင့် စိတ်ကျေနပ်သွားရတော့သည်။

“အရသာရှိလိုက်တာ၊ တကယ်ကို အရသာရှိတာပဲ၊ ဒီလို အရသာမျိုး မစားရတာ နှစ်ပေါင်းများစွာ ကြာလှပြီ၊ မြည်းကြည့်လိုက်တာနဲ့ ငါ့ရဲ့ ဇာတိရွာလေးကိုတောင် ပြန်ရောက်သွားသလိုပဲ၊ ဟားဟားဟား...”

သူက အဆက်မပြတ် ချီးကျူးလေသည်။

ဘေးနားရှိ ကျန်းကျွင့်သည်လည်း မနေ့ကကိစ္စဖြစ်ပြီးကတည်းက စုန့်လူကြီးမင်း၏အနားမှ မခွာဘဲ နေထိုင်နေခဲ့သည်။ ထို့ကြောင့် စုန့်လူကြီးမင်း ထိုသို့ပြောဆိုချိန်တွင် သူလည်း ရှိနေခဲ့၏။

သူက ထိုစကားကို နားထောင်နေရင်းဖြင့် စိတ်ထဲတွင် အဆက်မပြတ် အထင်သေးစွာ ပြောနေခဲ့လေသည်။

ဟင်းနည်းနည်းလောက်ကို ဒီလောက်အထိ ချီးကျူးနေရအောင် ဘာတွေများထူးခြားနေလို့လဲ။

ဇာတိအရသာ ဟုတ်လား။

အိမ်ကထွက်လာတာတောင် နှစ်ပေါင်း ခြောက်ဆယ်၊ ခုနစ်ဆယ်နီးပါး ရှိနေပြီ။

အဲဒီအနံ့အသက်တွေကို ဒီလောက်အထိ မှတ်မိနေဦးမတဲ့လား။

တကယ့်ဟာသပဲ။

ထို့အပြင် ကျန်းကျွင့်သည်က စုန့်လူကြီးမင်း၏ အရှိန်အဝါကြောင့် မကြာသေးမီနှစ်များအတွင်း နာမည်ကြီးဟင်းလျာများနှင့် အကောင်းစား အစားအသောက်များကို အများအပြားစားဖူးသူဖြစ်ပေသည်။လင်းရန်အပေါ် မကျေနပ်သည့် စိတ်ကြောင့် ဤဟင်းလျာများကို အရသာရှိလိမ့်မည်ဟု သူ မထင်ပေ။

သေချာပေသည်။ သူသည်က လင်းရန်နှင့် စားဖိုမှူးရှုန်းတို့၏ ရှေ့တွင် တိုက်ရိုက်ပြသရလောက်အောင်တော့ မတုံးအပေ။

စုန့်လူကြီးမင်းက နောက်ထပ် စွပ်ပြုတ်တစ်ခွက် ထပ်သောက်ရန် ပြင်လိုက်ချိန်တွင် သူက မတ်တတ်ရပ်ပြီး တားဆီးလိုက်သည်။

“ဦးလေးစုန့်၊ စွပ်ပြုတ်က တစ်ခွက်ဆိုရင် လုံလောက်ပြီလေ၊ အခုချိန်မှာ စွပ်ပြုတ်ရော အစားအစာပါ လျှော့စားဖို့ရမယ်၊ မဟုတ်ရင် အစာမကြေဖြစ်တတ်တယ်လို့ ဆရာဝန်က ပြောထားတယ်မလား”

ကျန်းကျွင့်၏စကားမှာ အပေါ်ယံမှကြည့်လျှင် မည်သည့်အရာမျှမဟုတ်သကဲ့သို့ရှိပြီး စုန့်လူကြီးမင်းကို အမှန်တကယ်ပင် ဂရုစိုက်နေပုံရ၏။

သို့သော် ပုံမှန်အတိုင်း ယဉ်ကျေးသောသူတစ်ဦးဆိုပါက ဤဟင်းကိုချက်ပေးသော စားဖိုမှူး၏ရှေ့တွင် ဤသို့သောစကားမျိုးကို ပြောမည်မဟုတ်ချေ။

အထူးသဖြင့် ယမန်နေ့က ကျန်းကျွင့် ၏ပြုမူပုံအရ သူသည်က အလွန်ပင် လူမှုရေးသိတတ်ပြီး ပါးနပ်သူတစ်ဦးဖြစ်သောကြောင့် ယခုကဲ့သို့ အရူးတစ်ယောက်ကဲ့သို့ ပြောဆိုရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ထို့ကြောင့် ထွေထွေထူးထူးတွေးတောနေရန် မလိုအပ်ဘဲ တစ်ဖက်လူက သူမကို တမင်တကာ ရည်ရွယ်၍ တိုက်ခိုက်နေခြင်းဖြစ်ကြောင်းကို လင်းရန် သိရှိလိုက်လေသည်။

ဤလူမှာ သူမ ထင်ထားသည်ထက်ပင် ပို၍စိတ်သဘောထား သေးသိမ်လွန်းပေ၏။

All Chapters