အခန်း (၃၁၃)
Vol. 32 Ch. 313
*အခန်း(313)
ကျန်းကျွင့်မှာ ပန်းခြံငယ်အတွင်းသို့ ဝင်လာခဲ့ပြီး အိမ်နီးချင်းဟောင်းကြီးများကို အိမ်ထဲသို့ဝင်ပြီး ထိုင်စောင့်ကြရန်အတွက် ဖိတ်ကြားရန် တွေးထားခဲ့သည်။
သို့သော်လည်း သူတို့က သူ၏အကြောင်းကို အတင်းပြောနေကြသည်ကို ကြားလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤလူများ၏ ပါးစပ်များက အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလွန်းပေ၏။
သူ့အနေဖြင့် သူတို့၏ ပါးစပ်များကိုသာ ဆွဲဖြဲပစ်လိုက်ချင်တော့သည်။
သူတို့ကို အစားအစာများ ကျွေးမည့်အစား မစင်ကိုသာ ကျွေးလိုက်ချင်ခဲ့၏။
ထိုစကားများကို ကြားရပြီးနောက် ကျန်းကျွင့်က သူတို့ကို လှမ်းခေါ်ချင်စိတ်ပင် မရှိတော့ပေ။
ဤသို့သော လူမျိုးများကို သူ ဧည့်မခံချင်တော့ပါချေ။ သူတို့က အတင်းပြောခြင်းဖြင့် ဗိုက်ပြည့်နေကြပြီဖြစ်ရာ အစားအသောက်လည်း လိုအပ်မည်မဟုတ်ဟု သူ တွေးထားလေသည်။
နောက်ဆုံးတွင် ကျန်းကျွင့်က သူတို့ကို မတွေ့ရှိခဲ့သကဲ့သို့ ဟန်ဆောင်ကာပြန်လည် လှည့်ထွက်လာခဲ့တော့သည်။
ယခုအချိန်တွင် စုန့်မိသားစုအိမ်ထဲတွင် အိမ်ရာဝင်းအတွင်းရှိ အိမ်နီးချင်းဟောင်းကြီးများ အားလုံးနီးပါးလောက် ရောက်ရှိနေကြပြီ ဖြစ်သည်။
စုန့်ကျစ်သယ်က အားလုံး၏ အလယ်တွင် ဝိုင်းရံခြင်းခံထားရပြီး မျက်နှာပေါ်တွင်လည်း အပြုံးများပြည့်လျက် ရှိနေခဲ့ပေ၏။
လူဆိုသည်မှာ အသက်ကြီးလာသည့်အချိန်တွင် စည်ကားသိုက်မြိုက်ခြင်းကို နှစ်သက်ကြသည်ဟူသောစကားက အမှန်ပင် ဖြစ်ပုံရသည်။
အိမ်ထဲတွင် လေထုက အေးချမ်းစွာ ရှိနေပြီး လူကြီးများက ပျော်ရွှင်စွာရယ်မောကာ စကားပြောနေကြသည်ကို မြင်နေခဲ့ရသည်။
သူတို့က မိသားစုအကြောင်းများကို ပြောနေကြခြင်းပင်ဖြစ်စေ စုန့်လူကြီးမင်းအတွက်တော့ ကြားရသည်ကပင် အလွန်စိတ်ပျော်စရာ ကောင်းနေခဲ့ပေသည်။
ဘေးနားရှိ လူများက စကားပြောနေကြရင်းဖြင့် စုန့်လူကြီးမင်း၏ မျက်နှာကို လှမ်းကြည့်လိုက်ကြလေသည်။
သူ၏ မျက်ဝန်းထဲမှ အားကျတောင့်တနေသည့် အရိပ်အယောင်များကို မြင်လျှင် ယမန်နေ့က လင်းရန်အား ဆရာဝန်ဆီသို့ လိုက်ပို့ပေးခဲ့သော အန်တီတုန်က ရုတ်တရက် စကားစလိုက်လေသည်။
“အစ်ကိုကြီးစုန့်၊ ရှင့်ရဲ့အိမ်ကြီးက ဒီလောက်အထိ စည်ကားနေတာမျိုးကို မတွေ့ရတာ ကြာပြီမလား”
စုန့်လူကြီးမင်းမှာ ခေတ္တမျှ ကြောင်အ,သွားပြီးမှ အပြုံးတစ်ခုနှင့် ခေါင်းညိတ်ပြလိုက်သည်။
“အမှန်ပဲ၊ ပုံမှန်ဆိုရင် ဒီအိမ်ကြီးထဲမှာ ရှောင်ကျန်းနဲ့ ငါ နှစ်ယောက်တည်းပဲ ရှိတာလေ သူကလည်း စကားနည်း၊ ငါကလည်း စကားနည်းဆိုတော့ စကားတွေတောင် သိပမပြောဖြစ်ကြဘူး၊ ပြောရရင် ယောက်ျားနှစ်ယောက်က ဘာတွေများပြောစရာ ရှိမှာလဲ”
ထို့ကြောင့် သူတို့နှစ်ဦးအနေဖြင့်အချိန်အတော်များများကို ဧည့်ခန်းထဲတွင် အတူတူထိုင်ရင်း ကိုယ့်အလုပ်ကို ကိုယ်လုပ်ကာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြရသည့် ပုံစံမျိုးသာ ဖြစ်လေသည်။
အန်တီတုန်က ထိုစကားကို ကြားလျှင် မျက်လုံးကို တစ်ချက်ဝေ့လိုက်ပြီး စုန့်လူကြီးမင်းအား အကြံတစ်ခု ပေးလိုက်လေသည်။
“ဒီလောက်အထိ ခြောက်ကပ်နေတာကတော့ မကောင်းဘူးလေ၊ စည်ကားချင်ရင်တော့ အလွယ်လေးပဲ! ကြည့်စမ်းပါဦး၊ အခု ကျန်းကျွင့်က ဒီနှစ်မှာ သုံးဆယ့်ရှစ်နှစ် ရှိနေပြီ
ဒီအသက်အရွယ်က ဟိုးအရင်တုန်းကဆို အဘိုးတောင် ဖြစ်နေလောက်ပြီ၊ ဒါပေမဲ့ သူက အခုထိ အိမ်ထောင်မပြုရသေးဘူး၊ ရှင်က စိတ်မပူပေမဲ့ အိမ်နီးချင်းဖြစ်တဲ့ ကျွန်မတို့ကတော့ အသည်းယားနေရပြီ”
စုန့်လူကြီးမင်းလည်း ထိုစကားကို ကြားရလျှင် စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်မိသည်။
သူကရော စိတ်မပူဘဲ နေပါမည်တဲ့လား။
ရောက်ရှိနေသူအားလုံးထက် သူက ပို၍ပင် စိတ်ပူမိသည်။
တစ်ဖက်လူက သူ၏ သားတစ်ယောက်ကဲ့သို့ပင် မဟုတ်ပါလား။
သူ၏သားကို စောစောစီးစီး အိမ်ထောင်ပြုကာ သားသမီးများ ရသည်ကို မမြင်ချင်ဘဲ ရှိပါမည်လား။
နှမြောစရာကောင်းသည်မှာ ကျန်းကျွင့်ထံသို့ ဤကိစ္စကို စကားစတိုင်း ကျန်းကျွင့်၏ အဖြေမှာ တစ်ခုတည်းသာ ရှိခဲ့ပေသည်။
၎င်းမှာ လောလောဆယ်တွင် ဤကိစ္စကို ထည့်မစဉ်းစားချင်သေးကြောင်းနှင့် သူ့အတွက် အိမ်ထောင်ဖက် မိတ်မဆက်ပေးရန်သာ ဖြစ်လေ၏။
သူက မည်သည့်အရာကို လုပ်နိုင်ပါမည်နည်း။
လူတစ်ယောက်ကို အတင်းအကျပ် ချည်နှောင်ပြီး အိမ်ထောင်ချပေး၍ မရနိုင်ပါချေ။
နောက်ပိုင်းတွင် ထိုအကြောင်းကို အကြိမ်ကြိမ် ပြောဆိုလွန်းသောကြောင့် ကျန်းကျွင့်က သိသိသာသာပင် စိတ်မရှည် ဖြစ်လာခဲ့သည်။ ထို့ကြောင့် စုန့်လူကြီးမင်းလည်း ထပ်မံ၍ စကားမဟတော့ပေ။
“ထားလိုက်ပါတော့လေ၊ လူငယ်တွေမှာလည်း သူတို့ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိကြမှာပေါ့၊ ငါလည်း ဆက်မမေးတော့ပါဘူး”
“အိုး ရှင်ကမှ မမေးရင် ဘယ်သူက မေးမှာလဲ၊ ကျွန်မ ပြောဦးမယ် အစ်ကိုကြီးစုန့်၊ အခု ရှောင်ကျန်းရဲ့ အခြေအနေက ပထမအိမ်ထောင်အတွက်တောင် အတော်လေး နောက်ကျနေပြီ
အခုမှ အမြန်မလုပ်ရင် နောက်ပိုင်းကျရင် နောက်အိမ်ထောင်အဖြစ်နှင့် လက်ထပ်ဖို့အတွက်တောင် လူကောင်းတွေကိုရှာဖို့ ခက်သွားလိမ့်မယ်!”
ဤသည်မှာ သူမက တမင်ပို၍ ပြောနေခြင်းမဟုတ်ဘဲ လက်တွေ့ပင် ဖြစ်ချေ၏။
“ဒီနေ့ ရှင့်ရဲ့ မွေးနေ့ပွဲမို့လို့ သတင်းကောင်းလေး တစ်ခုပြောပြမယ်၊ ကျွန်မ သိတဲ့ မိန်းကလေးတစ်ယောက် ရှိတယ်၊ အသက်က နှစ်ဆယ်ကျော်၊ ဒီနှစ်ထဲမှာ သုံးဆယ်မပြည့်သေးဘူး၊ ရုပ်ရည်လည်း ချောမောတယ် အဓိကကတော့ အင်မတန် သိတတ်လိမ္မာတာပဲ!
သူ့အမေက အိပ်ရာထဲမှာ လဲနေတာ ကြာပြီဆိုတော့ သူအိမ်ထောင်ပြုသွားရင် အမေဖြစ်သူကို ပြုစုမယ့်သူ မရှိမှာစိုးလို့ အသက် (၂၇) အထိ အိမ်ထောင်မပြုဘဲ နေခဲ့တာ
ဒီနှစ်ထဲမှာပဲ သူ့အမေ ကွယ်လွန်သွားတော့မှ ကိုယ်ရေးကိုယ်တာကိစ္စကို ပြန်စဉ်းစားလာတာလေ”
သို့သော်လည်း သူမ၏ အသက်အရွယ်မှာ အတော်လေး ခက်နေခဲ့ပေသည်။
ပထမအိမ်ထောင်အတွက်ဆိုလျှင် အသက်ကြီးနေပြီဖြစ်သကဲ့သို့၊ အိမ်ထောင်ဖက်ဟောင်း ရှိဖူးသူနှင့် လက်ထပ်ရန်ကျတော့လည်း သူမကိုယ်တိုင်က သိပ်ပြီး စိတ်မပါလှပေ။
ထို့ကြောင့် ယခုအချိန်တွင် သူမနှင့် အခြေအနေချင်း တူညီသူတစ်ဦးကိုသာ ရှာဖွေနေခြင်း ဖြစ်သည်။
ထိုသူမှာ အသက်ကြီးသည်ဖြစ်လျှင်ပင် သူမက ဂရုမစိုက်ပေ။
သူမအပေါ် သစ္စာရှိမည့် ခင်ပွန်းကောင်းတစ်ဦးဖြစ်ရန်နှင့် နှစ်ဦးအတူ မိသားစုလေးကို အတူတကွ တည်ဆောက်သွားရန်သာ ဆန္ဒရှိပေသည်။
“အဲဒီမိန်းကလေးက ကျေးလက်ကဆိုပေမဲ့ ပညာတတ်တယ်၊ အလယ်တန်းအထိ တက်ခဲ့ဖူးတာဆိုတော့ ပညာအရည်အချင်းလည်း မဆိုးပါဘူး!”
အန်တီတုန်က ပြောရင်းနှင့် ပို၍ စိတ်အားထက်သန်လာတော့သည်။
အကယ်၍ သူမ၏ ကိုယ်ပိုင်ဆွေမျိုးများထဲတွင် သင့်တော်သူသာ ရှိပါက ဤမိန်းကလေးနှင့် အစကတည်းက မိတ်ဆက်ပေးခဲ့ပြီးဖြစ်လိမ့်မည်။
ကျန်းကျွင့်၏အလှည့်သို့ မည်သို့လျှင် ရောက်နိုင်ပါမည်နည်း။
စုန့်လူကြီးမင်းမှာ မူလက အန်တီတုန်ပြောသည်ကို အလေးအနက်မထားခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူ နားလည်ထားသည့်အတိုင်းဆိုလျှင် ကျန်းကျွင့်သည်က သူတို့ကဲ့သို့သော လူကြီးပိုင်းများနှင့် အတွေးအခေါ်ချင်း မတူညီပေ။
သူတို့က အတွင်းစိတ်ထားနှင့် အကျင့်စာရိတ္တကို အလေးထားသော်လည်း ကျန်းကျွင့်ကတော့ ရုပ်ရည်နှင့် ပညာအရည်အချင်းတို့ကိုပါ တောင်းဆိုတတ်သည်။
အတိုချုပ်ပြောရလျှင် လူကြီးများ၏မျက်စိထဲတွင် ကောင်းသည်ဟု ထင်ရသော်လည်း သူက စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။
သို့သော် ထိုမိန်းကလေးက ရုပ်ရည်ချောမောပြီး ပညာတတ်တစ်ဦးဖြစ်ကြောင်းကို ကြားရသည့်အချိန်တွင် စုန့်လူကြီးမင်းလည်း စိတ်လှုပ်ရှားသွားခဲ့ရသည်။
“အင်း၊ အဲဒီလောက် ကောင်းတဲ့ မိန်းကလေးကို တခြားသူတွေကရော သဘောမကျကြဘူးလား”
စုန့်လူကြီးမင်းက အန်တီတုန်အား မသိမသာ မေးမြန်းလိုက်လေ၏။
သူမက ထိုစကားကို ကြားလိုက်ရသည်နှင့် စုန့်လူကြီးမင်း စိတ်ဝင်စားသွားပြီဖြစ်ကြောင်းကို သိရှိလိုက်သောကြောင့် ချက်ချင်းပင် ရယ်မောလိုက်တော့သည်။
“အဲဒီလိုတော့ မဟုတ်ပါဘူး၊ မိန်းကလေးဘက်ကလည်း စဉ်းစားရသေးတာကိုး! ဒါပေမဲ့ ကိစ္စတွေ အတည်မဖြစ်သေးသရွေ့တော့ ရှင့်ရဲ့ ရှောင်ကျန်းအတွက် အခွင့်အရေး ရှိပါသေးတယ်!”
“ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုတော့ အမြန်လုပ်သင့်တယ်နော်၊ ဒီအခွင့်အရေးသာ လွတ်သွားရင်တော့ နောက်ထပ် ဒီလိုမျိုး ထပ်တွေ့ဖို့ မလွယ်ဘူး၊ သိတယ်မလား”
ဤသည်မှာ ကျန်းကျွင့်အနေဖြင့် ယခုအချိန်တွင် ရှာတွေ့နိုင်သမျှထဲ၌ အကောင်းဆုံးသော လက်တွဲဖော်ပင် ဖြစ်ပေသည်။
စုန့်လူကြီးမင်းသည်လည်း ထိုအချက်ကို ကောင်းစွာ သိရှိထားသောကြောင့် မိန်းကလေးအကြောင်းကို အနည်းငယ် ထပ်မံမေးမြန်းပြီးနောက် ကျန်းကျွင့် ပြန်ရောက်လာလျှင် ပြောပြရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း ဤကောင်လေးက လူအချို့ကို သွားခေါ်ခိုင်းလိုက်သည်ကို အဘယ်ကြောင့် ယခုအချိန်အထိ ပြန်မလာသေးရသနည်း။
စုန့်လူကြီးမင်းလည်း တံခါးဝဘက်သို့ မနေနိုင်ဘဲ လှမ်းကြည့်မိလေ၏။
မီးဖိုချောင်ထဲတွင်တော့..
လင်းရန်နှင့် စားဖိုမှူးရှုန်းတို့က အလုပ်ရှုပ်နေကြချေပြီ။
လွန်ခဲ့သော နှစ်ရက်အတွင်း ယနေ့မွေးနေ့ပွဲအတွက် ဟင်းအမယ်များကို အသေအချာ လေ့ကျင့်ချက်ပြုတ်ခဲ့ကြသော်လည်း ယနေ့တွင် လာရောက်သူ များပြားလှပြီး စုစုပေါင်း စာပွဲဝိုင်းငါးဝိုင်းစာ ရှိနေသဖြင့် အလုပ်တာဝန်မှာ မသေးလှပေ။
ကံကောင်းထောက်မစွာဖြင့် လင်းရန်နှင့် စားဖိုမှူးရှုန်းတို့မှာ အလုပ်အကိုင် လျင်မြန်သူများဖြစ်ကြရာ အနည်းငယ် အလုပ်များနေသော်လည်း ကောင်းစွာ ကိုင်တွယ်နိုင်ကြလေသည်။
“ရှောင်လင်း... အပြင်ကိုထွက်ပြီး အချိန်လေး သွားကြည့်လိုက်ဦး၊ အချိန်တန်ပြီဆိုရင် ဟင်းတွေကို တစ်မျိုးချင်းစီ စတင်ပြင်ဆင်ကြရအောင်”
လင်းရန်လည်း ခေါင်းညိတ်လိုက်ပြီး စုန့်လူကြီးမင်း၏ သဘောထားကို မေးမြန်းရန် အပြင်ဘက်သို့ အလျင်အမြန် လျှောက်လာခဲ့သည်။
သို့သော် မမျှော်လင့်စွာဖြင့် အပြင်ဘက်သို့ လှမ်းထွက်လိုက်ချိန်တွင် ပတ်ဝန်းကျင်၏ အခြေအနေက သိပ်ပြီး မကောင်းလှသည်ကို တွေ့လိုက်ရလေ၏။