အခန်း (၃၁၄)
Vol. 32 Ch. 314
*အခန်း(314)
ဧည့်ခန်းထဲတွင် ရန်ဖြစ်နေကြပုံရလေ၏။
“ရှောင်ကျန်း၊ မင်းရဲ့စကားက ဘာသဘောလဲ. ငါက ဘာဖြစ်နေလို့လဲ၊ ငါက စေတနာကောင်းကောင်းနဲ့ မိန်းကလေးကောင်းတစ်ယောက်ကို မိတ်ဆက်ပေးတာကို မင်းက ငါ့ကို ဒေါသထွက်နေတာလား
မကြိုက်ရင်လည်း မကြိုက်ဘူးပေါ့၊ အခု မင်းက ဘာလို့ ငါ့ကို ရန်တွေ့နေရတာလဲ၊ ငါက ဘာပြောမိလို့လဲ၊ ငါက မင်းထက် အသက်ကြီးတဲ့သူနော်၊ မင်း တကယ်ကို ရိုင်းစိုင်းတာပဲ!”
အန်တီတုန်က ဧည့်ခန်းထဲတွင် မယုံကြည်နိုင်သည့် မျက်နှာအမူအရာဖြင့် မတ်တတ်ရပ်နေခဲ့၏။
မတိုင်ခင်က ကျန်းကျွင့်အနေဖြင်် အပြင်ဘက်သို့ထွက်ကာ စုန့်လူကြီးမင်း၏ သူငယ်ချင်းဟောင်းတချို့ကို သွားရှာသော်လည်း ရှာမတွေ့ဘဲ ပြန်လာခဲ့သည်။
သူ၏မျက်နှာမှာလည်း ကြည့်မကောင်းလှပေ။ သူ အဘယ်ကြောင့် ဤမျှလောက် စိတ်မချမ်းမသာဖြစ်နေရသည်ကို မည်သူမျှ မသိကြသော်လည်း လူတိုင်းက ပျော်ရွှင်နေကြသောကြောင့် သူ့ကို မမေးခဲ့ကြပါချေ။
ထို့နောက်တွင် စုန့်လူကြီးမင်းက သူ့ကို ဘေးသို့လှမ်းခေါ်ကာ မျှော်လင့်တကြီးဖြင့် ထိုမိန်းကလေး၏ အကြောင်းကို ပြောပြပေးခဲ့လေသည်။
သို့သော် ကျန်းကျွင့်က ငြင်းပယ်သည့်စကားတစ်ခွန်းမှပင် မပြောဘဲ ဗျောက်အိုးဖောက်လိုက်သကဲ့သို့ ဒေါသတကြီး ပေါက်ကွဲလေတော့သည်။
သူ၏ အိမ်ထောင်ရေးကိစ္စကို သူကိုယ်တိုင်သာ ဆုံးဖြတ်မည်ဖြစ်ကြောင်းနှင့် သူတို့ကဲ့သို့သော “စေတနာရှင်” များ၏ အကြံဉာဏ်များကို မလိုအပ်ကြောင်း ပြောလာခဲ့၏။
ကျန်းကျွင့်သည်က အပြင်ဘက်တွင် ထိုလူကြီးများမှ သူ၏အကြောင်းကို အတင်းပြောနေကြသည်ကို ကြားခဲ့ရသောကြောင့် ယခုအချိန်တွင် သူ၏စိတ်မှာ ဒေါသအထွတ်အထိပ်သို့ ရောက်လုနီးပါးဖြစ်နေခဲ့ပြီး ဒေါသကို အနိုင်နိုင် ထိန်းထားရခြင်း ပင်။
ထိုအခိုက်တွင် အိမ်ထဲသို့ ဝင်လာသည်နှင့် ပထမဆုံးကြားလိုက်ရသည့် စကားမှာ သူ အမုန်းဆုံးဖြစ်သော အိမ်ထောင်ရေးကိစ္စ ဖြစ်နေသည့်အတွက် သူ ပို၍ပင် ဒေါသထွက်သွားရတော့သည်။
အထူးသဖြင့် ဤအန်တီတုန် ယခင်က သူ့အတွက် မိတ်ဆက်ပေးခဲ့သော အမျိုးသမီးများက သူ လုံးဝသဘောမကျသူများသာ ဖြစ်ကြသည်။
ထို့ကြောင့် ယခုတစ်ခေါက် သူမ မိတ်ဆက်ပေးသော အမျိုးသမီးမှာလည်း သေချာပေါက် လူရာမဝင်သည့် အမျိုးသမီးမျိုးသာ ဖြစ်လိမ့်မည်ဟု ကျန်းကျွင့် မှတ်ယူလိုက်သည်။
ဒီမိန်းမက ဦးနှောက်ရောရှိရဲ့လား။ လူစကားကို နားမလည်တာလား။
အန်တီတုန်က သူ၏မျက်နှာကိုပင် မငဲ့ဘဲ သူ့ကို ပြန်လည်ဆူပူကြိမ်းမောင်းလာသည်ကို မြင်လျှင် ကျန်းကျွင့်သည်လည်း သည်းခံနေရန် မလိုတော့ဟု ခံစားလိုက်ရပြီး ပြန်လည် တုံ့ပြန်လိုက်လေတော့သည်။
“စေတနာကောင်း ဟုတ်လား၊ ခင်ဗျားတို့ရဲ့ စေတနာကို ကျွန်တော် လိုလို့လား၊ ကွယ်ရာမှာ ခင်ဗျားတို့တွေ ကျွန်တော့်ရဲ့အကြောင်းကို ဘာတွေပြောနေကြလဲဆိုတာ ကျွန်တော် မသိဘူးလို့ မမှတ်နဲ့၊
အခုလည်း ခင်ဗျားတို့က ကျွန်တော့်ကို အဝေးကို မောင်းထုတ်ချင်နေတာ မဟုတ်ဘူးလား!”
သူ ဘာတွေ ပြောနေတာလဲ။
လူတိုင်းက လုံးဝပင် ကြောင်အမ်းသွားကြပြီး စုန့်လူကြီးမင်းကိုယ်တိုင်ပင် အံ့အားသင့်ကာ စကားပြောမထွက်နိုင် ဖြစ်သွားရသည်။
အထူးသဖြင့် ယနေ့တွင် ဧည့်သည်များစွာ ရောက်ရှိနေကြသည် မဟုတ်ပါလား။ ယနေ့သည်က ဖခင်ဖြစ်သူ၏မွေးနေ့ပွဲ အဖြစ် မှတ်ယူနိုင်သည်။
“ကျန်းကျွင့်! မင်း ဘာတွေလုပ်နေတာလဲ၊ ပြောစရာရှိရင် ကောင်းကောင်းမပြောနိုင်ဘူးလား ဒီနေ့က မင်းအဖေရဲ့ နေ့ထူးနေ့မြတ်ပဲ၊ အခု မင်းဘယ်လိုတွေ သောင်းကျန်းနေလဲဆိုတာ ကိုယ့်ဘာကိုယ် ပြန်ကြည့်ဦး!”
“ဟုတ်တယ် ရှောင်ကျန်း၊ မင်း အထဲကိုဝင်ပြီး ခဏလောက် အရင်စိတ်အေးအောင် လုပ်လိုက်ပါဦး. အပြင်ဘက်ကိုတော့ ငါတို့ပဲ ဝိုင်းကြည့်ပေးထားမယ်လေ”
ဘေးပတ်ဝန်းကျင်ရှိ လူများမှာလည်း စေတနာနှင့် ပြောလာကြလေ၏။ ကျန်းကျွင့်၏ စိတ်အခြေအနေက တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိကြသောကြောင့် အခြေအနေကို ထိန်းသိမ်းရန် ဦးဆောင်ကူညီပေးခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော် ကျန်းကျွင့်သည်ကား မတိုင်ခင်က အပြင်ဘက်၌ ထိုလူများ သူ့အကြောင်းကို တီးတိုးအတင်းပြောနေကြသည်ကို ကြားခဲ့ရသည့်အတွက် သူ၏ရှေ့မှ စုန့်ကျစ်သယ်အပါအဝင် လူအားလုံးက တစ်ပုံစံတည်းပင်ဖြစ်သည်ဟု ခံစားနေရချေပြီ။
ဟန်ဆောင်ကောင်းလွန်းကြတာပဲ!
“အဖေ ဟုတ်လား? သူက ကျွန်တော့်ကို အဖေလို့တောင် ခေါ်ခွင့်မပြုခဲ့တာလေ၊ သူက ကျွန်တော့်ကို သားတစ်ယောက်လို တကယ်သဘောထားခဲ့ဖူးလို့လား!”
ကျန်းကျွင့်က လေသံပြောင်းကာ ဆက်လက်၍ ပြောခဲ့သည်။
“သူ့ရဲ့စိတ်ထဲမှာတော့ သူရဲ့ သားအရင်းကသာ သူ့ကို အဖေလို့ခေါ်ဖို့ ထိုက်တန်တယ်လို့ ထင်နေတာနေမှာပေါ့၊ ကျွန်တော်က ဘယ်သူမို့လို့လဲ! ကျွန်တော်က...”
“ဒုန်း !”
ကျန်းကျွင့်၏ စကားပင် မဆုံးသေးမီမှာပင် ရုတ်တရက် ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ကျန်းကျွင့်၏ နောက်ထပ်စကားများကို အောင်မြင်စွာ ရပ်တန့်စေခဲ့လေသည်။
လူတိုင်းက ထိုအသံထွက်ပေါ်ရာသို့ လှမ်းကြည့်လိုက်ကြလျှင် စုန့်လူကြီးမင်း၏လက်ထဲမှ ချိုင်းထောက်က သူကိုယ်တိုင်၏ ရိုက်ချိုးခြင်းကို လိုက်ရပြီး ကျိုးသွားသည်ကို တွေ့လိုက်ရချေ၏။
“မင်း ပြောလို့ ပြီးပြီလား”
ကျန်းကျွင့်တစ်ယောက် နောက်ဆုံးတွင် ရူးသွပ်စွာပြောခြင်းမှ ရပ်တန့်လိုက်သည်ကို မြင်လျှင် စုန့်လူကြီးမင်းက သူ့ကို အေးစက်စွာ ကြည့်လိုက်လေသည်။သူ၏ မျက်နှာအမူအရာမှာ ယခင်ကထက် ပို၍ အေးစက်နေပြီး ကျန်းကျွင့်ကို ကြည့်နေသည့် အကြည့်မှာလည်း သူစိမ်းတစ်ယောက်ကို ကြည့်နေသည့်အလားပင်။
အခြေအနေက ဤမျှအထိသာ ဖြစ်လာနိုင်သည်လား။
ကျန်းကျွင့်က အဘယ်ကြောင့် ဤသို့သော လူမျိုးအဖြစ် ပြောင်းလဲသွားရသနည်း။ သို့မဟုတ် သူသည်က အမြဲတစေ ဤကဲ့သို့ပင် ဖြစ်နေခဲ့သော်လည်း သူ့ဘက်ကသာ အရာရာကို အကောင်းမြင်ပေးကာ တမင်တကာ လျစ်လျူရှုထားခဲ့ခြင်းပင်လား။
“မင်းရဲ့ လက်ရှိဘဝအပေါ်မှာ ဒီလောက်ထိ မကျေမနပ် ဖြစ်နေမှတော့ ထွက်သွားလိုက်တော့လေ... ငါ မင်းကို ငယ်ငယ်လေးကတည်းက ခေါ်ယူကျွေးမွေးခဲ့သလို မင်းကလည်း ငါ့ကို နှစ်ပေါင်းများစွာ ပြုစုပေးခဲ့ပြီးပြီ
နှစ်ဦးနှစ်ဖက်ကြားမှာ ဘာအကြွေးမှ မရှိတော့ဘူးလို့ပဲ သတ်မှတ်လိုက်ကြရအောင်”
အမှန်တကယ် စေ့စေ့စပ်စပ် ပြောရလျှင် ကျန်းကျွင့်အပေါ် တစ်စုံတစ်ရာမျှ အကြွေးမတင်သူမှာ စုန့်ကျစ်သယ်သာ ဖြစ်ပေသည်။
အကယ်၍ ထိုအချိန်က စုန့်လူကြီးမင်းမှ ကျန်းကျွင့်ကို ခေါ်မသွားခဲ့ပါက သူ့အနေဖြင့် ထိုသို့သော မငြိမ်မသက် ခေတ်ကာလများတွင် ငတ်ပြတ်၍ဖြစ်စေ၊ အရိုက်ခံရ၍ဖြစ်စေ သေဆုံးသွားခဲ့လောက်ချေပြီ။
စုန့်လူကြီးမင်းက သူ့ကို ခေါ်ယူခဲ့ခြင်းမှာ ဘဝသစ်တစ်ခု ပေးလိုက်ခြင်းနှင့် တူပေသည်။ ကျန်းကျွင့်က သူ့အား နှစ်အနည်းငယ် ပြုစုရုံဖြင့် ထိုသို့သော အသက်ကို ကယ်တင်သည့် ကျေးဇူးကို ဆပ်၍ ကုန်နိုင်မည်မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်တွင် စုန့်လူကြီးမင်းမှာ အလွန်ပင် မောပန်းနေချေပြီ။ ကိုယ်ခန္ဓာရော စိတ်ပါ မောပန်းနွမ်းနယ်နေသောကြောင့် မည်သည့်အရာကိုမျှ ဆက်လက်ပြီး ဂရုမစိုက်ချင်တော့ပေ။
ဒီအတိုင်းပဲ ရှိပါစေတော့။
သူသည်က ဤဘဝတွင် ဆွေမျိုးသားချင်း ကံမပါခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သူ၏ သားအရင်းအပြင်၊ သူ ပြုစုပျိုးထောင်ခဲ့သည့် မွေးစားသားကပါ သူ၏အနားတွင် အေးအေးချမ်းချမ်း မနေနိုင်ကြပေ။
အထီးကျန်သော အဘိုးကြီးတစ်ယောက်အဖြစ်သာ နေထိုင်ရင်း တိတ်ဆိတ်စွာပင် ထွက်ခွာသွားရပေတော့မည်။
တခြားကမ္ဘာတစ်ခုသို့ စောစောစီးစီး သွားရောက်ပြီး မိသားစုနှင့် ပြန်လည်ဆုံတွေ့ရခြင်းကမှ ပို၍ ကောင်းဦးမည်။
“လောင်စုန့်?”
“အစ်ကိုကြီးစုန့်?”
စုန့်ကျစ်သယ်မှာ ပုံမှန်အားဖြင့် ကျန်းကျွင့်ကို အဘက်ဘက်မှ လိုက်လျောပေးလေ့ရှိသူ ဖြစ်သောကြောင့် ယခုကဲ့သို့ စကားမျိုးကို ရုတ်တရက် ပြောထွက်လာလိမ့်မည်ဟု ဘေးပတ်ဝန်းကျင်ရှိ လူများက လုံးဝ မမျှော်လင့်ထားခဲ့ကြချေ။
လူတိုင်းက တုန်လှုပ်သွားကြပြီး ကာယကံရှင် ကျန်းကျွင့်က ပို၍ပင် မှင်တက်သွားရတော့သည်။
ဘာကြောင့်လဲ။
ဘာလို့ ဒီလိုဖြစ်နေရတာလဲ။
စုန့်ကျစ်သယ်က ဘာလို့ ဒီလိုဆုံးဖြတ်ချက်မျိုးကို ရုတ်တရက် ချလိုက်ရတာလဲ!
သူက သူ၏ မကျေနပ်မှုနှင့် ဒေါသကို ရင်ဖွင့်ချင်ရုံသာ ဖြစ်ပြီး ဤသို့သော အခြေအနေအထိ ရောက်သွားလိမ့်မည်ဟု လုံးဝ မတွေးခဲ့မိပေ။
ထို့အပြင် သူ့အနေဖြင့် ယခင်ကလည်း စုန့်ကျစ်သယ်၏ ရှေ့တွင် ဤသို့သော သဘောထားမျိုး ပြသခဲ့ဖူးသော်လည်း စုန့်လူကြီးမင်းက အမြဲတစေ ခွင့်လွှတ်နားလည်ပေးခဲ့သည် မဟုတ်ပါလား။
ဘာလို့ ဒီတစ်ခါကျမှလဲ...
ခဏတာအတွင်း ဧည့်ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားကာ လေထုမှာလည်း အလွန်ပင် တင်းမာနေတော့သတည်း။
ထိုအချိန်တွင်ပင် လင်းရန်က တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွဲလိုက်သည်။
သူမ၏ အသံက ရုတ်တရက် ထွက်ပေါ်လာလေ၏။
“စုန့်လူကြီးမင်း၊ အခု ဟင်းတွေကို စပြီး တည်ခင်းပေးရတော့မလား၊ ဒါမှမဟုတ် ခဏလောက် ထပ်စောင့်ချင်သေးလား”
လူတိုင်းက ထိုအသံရှင်ရှိရာသို့ လှမ်းကြည့်လိုက်ကြလျှင် မျက်နှာတွင် ပျော်ရွှင်ဖွယ်ရာ အပြုံးများရှိနေသော လင်းရန်ကို တွေ့လိုက်ကြရသည်။
သူမက မတိုင်ခင်က သူတို့ပြောဆိုခဲ့ကြသည့်စကားများကို လုံးဝ မကြားလိုက်ရသကဲ့သို့ ပွဲလမ်းသဘင်နှင့် သင့်လျော်သော အပြုံးမျိုးဖြင့် စုန့်လူကြီးမင်းအား ကြည့်နေခဲ့၏။
လင်းရန်က အချိန်ကိုက် ရောက်ရှိလာခြင်းဖြစ်ပြီး သူတို့၏ စကားများကို မကြားလိုက်ရခြင်းလည်း ဖြစ်နိုင်လိမ့်မည်။
လူတိုင်းက ထိုသို့ မှတ်ယူလိုက်ကြလေသည်။ လင်းရန်၏ စကားကြောင့် ယနေ့က စုန့်လူကြီးမင်း၏ မွေးနေ့ပွဲဖြစ်ကြောင်းကို အားလုံးက ရုတ်တရက် ပြန်လည် သတိရသွားကြလေသည်။
ဤကဲ့သို့ ကောင်းမြတ်သော နေ့ထူးနေ့မြတ်တွင် ကျန်းကျွင့်ကဲ့သို့သော လူငယ်တစ်ယောက်၏ အကြောင်းကိုအာရုံစိုက်နေရန် မလိုအပ်ပေ။
ထို့ကြောင့် အန်တီတုန်က ကျန်းကျွင့်နှင့် ဆက်လက်၍ ပြောဆိုမနေတော့ဘဲ မျက်စောင်းတစ်ချက်သာ ထိုးလိုက်ပြီး လျစ်လျူရှုထားလိုက်တော့သည်။
ထို့နောက် သူမက စုန့်လူကြီးမင်းအား အပြုံးတစ်ခုနှင့် ပြောလိုက်၏။
“အစ်ကိုကြီးစုန့်.. ဘာတွေ လုပ်နေတာလဲ၊ မြန်မြန် ထိုင်ပါဦး၊ လူတွေ အကုန်စုံပြီလား ကြည့်လိုက်ရအောင်. စုံပြီဆိုရင် စားဖိုမှူးလေး လင်းရန်ကို ဟင်းတွေ တည်ခင်းခိုင်းလိုက်တော့လေ၊
ဒီနေ့က ကောင်းမွန်တဲ့နေ့ပဲ၊ ကျွန်မတို့အားလုံး ပျော်ပျော်ရွှင်ရွှင် နေကြရမယ်၊ အသေးအဖွဲ ကိစ္စလေးတွေကြောင့် ကျွန်မတို့ရဲ့ စိတ်အခြေအနေကို အပျက်မခံနိုင်ဘူး”
အသေးအဖွဲကိစ္စ ဟုတ်လား။
ကျန်းကျွင့်တစ်ယောက် ထိုစကားကို ကြားလိုက်ရလျှင် ဒေါသတကြီး စိုက်ကြည့်လိုက်မိတော့သည်။ဤသည်က သူနှင့် စုန့်ကျစ်သယ်တို့ကြားမှ သားအဖ ဆက်ဆံရေး ဖြစ်ပေသည်။ အဘယ်ကြောင့် အသေးအဖွဲကိစ္စဟု သတ်မှတ်နိုင်ပါမည်နည်း။