အခန်း (၃၁၇)
Vol. 32 Ch. 317
*အခန်း(317)
“ရှောင်လင်း၊ တကယ်တော့ ငါ မင်းကို နှစ်ဆလောက် ကျေးဇူးတင်ရမှာပဲ၊ အဲဒီနေ့က မင်းသာ ငါ့ကို ဆရာဝန်ဆီကို အချိန်မီ ပို့မပေးခဲ့ရင် အခုချိန်မှာ ငါ ကမ္ဘာပေါ်မှာ ရှိနေပါဦးမလားတောင် မသိနိုင်ဘူး၊ ဒါကြောင့် မင်းက ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ပါပဲ”
“ဒီနှစ်ရက်လုံး မင်းကလည်း ဟင်းချက်တာနဲ့ အလုပ်ရှုပ်နေတကို မြင်လို့ ငါ မင်းကို သီးသန့် မခေါ်ခဲ့တာ၊ အခု အလုပ်တွေအားလုံး ပြီးသွားပြီဆိုတော့ ငါ့ရဲ့ ကျေးဇူးတင်လက်ဆောင်ကို ပေးပါရစေ”
စုန့်လူကြီးမင်းက ထိုသို့ပြောပြီးနောက် လင်းရန်ထံသို့ တခြားပစ္စည်းတစ်ခုပါသော စာအိတ်နီကို ပေးလိုက်လေ၏။
လင်းရန် လှမ်းယူပြီးနောက် စာအိတ်ထဲတွင် တခြားပစ္စည်းတစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်လေ၏။
ထိုသည်က အတော်လေး လေးလံပြီး အထိအတွေ့အရ လက်ဝတ်ရတနာတစ်ခုခုဟုထင်ရသည်။
လင်းရန်တစ်ယောက် ထိုအချက်ကို သိရှိသွားပြီး ရုတ်တရက် အံ့အားသင့်ကာ စိုးရိမ်သွားမိသည်။
စုန့်လူကြီးမင်း ပေးလာသည့်ပစ္စည်းမှာ အလွန်တန်ဖိုးကြီးလွန်းနေပုံရသည်။
“စုန့်လူကြီးမင်း၊ .. ဒါကတော့.. ကျွန်မအနေနဲ့ လက်ခံလို့မရလောက်ဘူး ထင်ပါတယ်၊စာအိတ်နီကိုတော့ လက်ခံနိုင်ပေမဲ့ ကျန်တဲ့ပစ္စည်းကတော့...”
သူမ စာအိတ်ကို အသာစမ်းသပ်ကြည့်လိုက်၏။ သူမ၏ ခန့်မှန်းချက်သာမှန်ကန်ပါက အထဲတွင် လက်ကောက်တစ်ကွင်း ရှိနေပေလိမ့်မည်။
အရွယ်အစားနှင့် အလေးချိန်ကို ကြည့်ခြင်းအားဖြင့် ကျောက်စိမ်းမဖြစ်နိုင်ပေ။ ဤလက်ကောက်က ပို၍ပေါ့ပါးနေသည်ကို လင်းရန် သတိပြုမိပေသည်။
ထို့ကြောင့် အတွင်းဘက်ရှိပစ္စည်းမှာ ရွှေ သို့မဟုတ် ငွေထည်သာ ဖြစ်လောက်သည်ဟု သူမ ခန့်မှန်းလိုက်၏။
သို့သော် ရွှေဖြစ်စေ၊ ငွေဖြစ်စေ ဤသည်မှာ အလွန်တန်ဖိုးရှိသော ပစ္စည်းပင်ဖြစ်ပေ၏။ လင်းရန်အနေဖြင့် အလွယ်တကူ လက်မခံနိုင်ပါချေ။
“ရှောင်လင်း၊ ကျေးဇူးပြုပြီး ငြင်းမနေပါနဲ့တော့၊ ဒါက တန်ဖိုးရှိလား၊ မရှိဘူးလားဆိုတာ ငါမသိပေမဲ့ မင်းဘက်က ငါ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ဆပ်ဖို့အတွက်တော့ ဘယ်လိုမှ မလုံလောက်ဘူးဆိုတာကို ငါသိတယ်
ဒါပေမဲ့ ငါ့မှာ တန်ဖိုးအရှိဆုံးလို့ ပြောရမယ့်အရာကလည်း ဒါကလွဲလို့ တခြားမရှိတော့ဘူးလေ၊ ဒါကြောင့် ကျေးဇူးပြုပြီးလက်ခံလိုက်ပါ၊ မဟုတ်ရင် ငါ့စိတ်ထဲမှာ အမြဲတမ်း မပျော်မရွှင် ဖြစ်နေရလိမ့်မယ်”
“ဒါ့အပြင် ဒီပစ္စည်းက ငါ့လက်ထဲမှာ ရှိနေလည်း ဘာမှအသုံးမဝင်ပါဘူး၊ မင်းကို ပေးလိုက်တာကမှ နောင်တစ်ချိန်မှာ တစ်ခုခုအတွက် အသုံးချနိုင်ဦးမယ်၊ ငါ့လက်ထဲမှာပဲ ထားမယ်ဆိုရင် ငါသေတဲ့အချိန်မြေကြီးထဲကိုပဲ ပါသွားလိမ့်မယ် ဟားဟား..”
စုန့်လူကြီးမင်းက ဤစကားကို စနောက်သည့်လေသံမျိုးဖြင့် ပြောဆိုနေသော်လည်း လင်းရန်ကတော့ ထိုစကားများထဲတွင် နက်ရှိုင်းသော ဝမ်းနည်းမှုနှင့် ကူကယ်ရာသည့် အခြေအနေများကို ကြားနေခဲ့ရသည်။
နောက်ဆုံးတွင် လင်းရန်တစ်ယောက် စုန့်လူကြီးမင်း၏ ခံစားချက်ကို နားလည်သွားသည့်အတွက် ထပ်မံ၍ ငြင်းပယ်ခြင်း မပြုတော့ပေ။
စုန့်လူကြီးမင်းအတွက်တော့ သူမကို တစ်စုံတစ်ခု ပေးကမ်းလိုက်ရခြင်းကပင် စိတ်ခံစားချက်ပိုင်းဆိုင်ရာ အားကိုးရာတစ်ခု ဖြစ်နေပုံရချေ၏။
အကယ်၍ ထိုသို့သာဆိုလျှင် သူမအနေဖြင့် စုန့်လူကြီးမင်းကို ကူညီသည့်အနေဖြင့်ပင် ထိုပစ္စည်းကို လက်ခံလိုက်ရပေလိမ့်မည်။
ပစ္စည်းကို လက်ခံပြီးနောက် လင်းရန်သည် ထိုနေရာ၌ပင် ချက်ချင်းဖွင့်မကြည့်ဘဲ စားဖိုမှူးရှုန်းနှင့်အတူ စုန့်လူကြီးမင်း၏အိမ်မှ ထွက်ခွာလာခဲ့သည်။
ထို့နောက် သူတို့တည်းခိုသည့် အခန်းသို့ ပြန်ရောက်သည့်အချိန်မှသာ စာအိတ်နီကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်လေ၏။
ထိုအချိန်တွင် စာအိတ်ထဲမှ အရာဝတ္ထု၏ စစ်မှန်သော အသွင်အပြင်ကို မြင်တွေ့လိုက်ရတော့သည်။
အနီရောင်စာအိတ်ထဲမှ ကျလာသောပစ္စည်းက အမှန်တကယ်ပင် လက်ကောက်တစ်ကွင်းဖြစ်ပြီး လင်းရန် ခန့်မှန်းခဲ့သည့်အတိုင်း ဝင်းလက်တောက်ပနေသော ရွှေလက်ကောက်တစ်ကွင်း ဖြစ်နေခဲ့၏။
သို့သော်လည်း လင်းရန်တစ်ယောက် ထိုရွှေလက်ကောက်ကို ကိုင်ကြည့်နေရင်းဖြင့် ထိုလက်ကောက်ပေါ်တွင် ထွင်းထုထားသော ပန်းပုံစံနှင့် အနုစိတ်လက်ရာများကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရင်းနှီးနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
သူမ တစ်နေရာရာတွင် သေချာပေါက် တွေ့ဖူးနေခဲ့သည်။
လင်းရန် မျက်မှောင်ကို အနည်းငယ်ကြုတ်ကာ ဤကဲ့သို့သော လက်ရာမျိုးကို မည်သည့်နေရာတွင် မြင်ဖူးခဲ့ကြောင်း သေသေချာချာ ပြန်လည်စဉ်းစားနေမိသည်။
ထို့နောက် ခဏအကြာတွင် သူမ သေချာပေါက် မှတ်မိသွားလေပြီ။
ဤသည်မှာ စုန့်ရှီးယန်၏ဖခင် စုန့်ကျယ်က သူမ၏ဖခင်ထံသို့ ပေးအပ်ခဲ့သော လက်ကောက်နှင့်တူနေခဲ့သည်ပင်။
ထိုလက်ကောက်မှာ ယခုစုန့်လူကြီးမင်း ပေးလိုက်သော လက်ကောက်နှင့် အလွန်ပင် ဆင်တူလှပေသည်။
သို့သော် လင်းရန်အနေဖြင့် သေချာမှု မရှိသေးပေ။
အဘယ်ကြောင့်ဆိုသော် အဖေစုန့်မှ အဖေလင်းကို ထိုပစ္စည်းကို ပေးအပ်ခဲ့ချိန်က သူမအနေဖြင့် တစ်ချက်မျှသာ မြင်တွေ့ခဲ့ရခြင်းဖြစ်ပြီး နောက်ပိုင်းတွင်တော့ ထပ်မံမတွေ့ရတော့ပေ။
မူလက သူမ၏ဖခင်အနေဖြင့် သူမအတွက် စေ့စပ်ကြောင်းလမ်းသည့် လက်ဆောင်အဖြစ် လက်ခံထားခဲ့ခြင်းဖြစ်သော်လည်း နောက်ရက်များတွင် တစ်မိသားစုလုံးက လက်ထပ်ပွဲ အတွက် အလုပ်ရှုပ်နေခဲ့ကြသောကြောင့် ထိုလက်ကောက်အကြောင်းကို မေ့လျော့နေခဲ့ကြခြင်း ဖြစ်ပေသည်။ပွဲပြီးသည့် နောက်တစ်ရက်တွင်လည်း လင်းရန်နှင့် စုန့်ရှီးယန်တို့က မြို့သို့သွားရန် အလျင်စလို တိုက်တွန်းခြင်းကိုခံခဲ့ရသောကြောင့် သူမ၏ ဖခင်ဖြစ်သူမှာလည်း သူမအား ထိုလက်ကောက်ကို ပေးရန် အချိန်မရရှိခဲ့ပေ။
ထို့ကြောင့် ထိုလက်ကောက်နှင့် ယခုလက်ကောက်က တူညီနေကြောင်းကို သူမအနေဖြင့် တစ်ရာ ရာခိုင်နှုန်း အာမမခံနိုင်သေးပေ။
သို့သော်လည်း...
စုန့်လူကြီးမင်း၏ မျိုးရိုးနာမည်မှာ စုန့်ဖြစ်ပေသည်။ စုန့်ကျယ်၏ဖခင်မှာလည်း စုန့်မျိုးရိုးပင်ဖြစ်၏။ ထို့အပြင် စုန့်ကျယ်သည်က ငယ်စဉ်ကတည်းက ဖခင်မဲ့ဖြစ်ခဲ့ရသကဲ့သို့ စုန့်လူကြီးမင်းသည်လည်း ဇနီးနှင့် သားသမီးများနှင့် ကွဲကွာခဲ့ရသူ ဖြစ်ပေသည်။
ဤမျှလောက်များပြားသော တိုက်ဆိုင်မှုများက တစ်စုတစ်စည်းတည်း ဖြစ်ပေါ်လာခြင်းက အမှန်တကယ်ပင် တိုက်ဆိုင်မှုသက်သက်သာ ဖြစ်နိုင်ပါ့ဦးမည်လော။
လင်းရန်၏ စိတ်ထဲတွင် ရဲတင်းသော ခန့်မှန်းချက်တစ်ခု ဖြစ်ပေါ်လာခဲ့သော်လည်း ထိုခန့်မှန်းချက်ကို သက်သေအထောက်အထားဖြင့် အတည်ပြုရန် လိုအပ်ပေသေးသည်။
နှမြောစရာကောင်းသည်မှာ သူမ၏လက်ထဲတွင် အဖေစုန့်ပေးထားသော လက်ကောက်က မရှိနေသည့်အတွက် သူမအနေဖြင့် လက်ကောက်နှစ်ကွင်းကို ယှဉ်တွဲ၍ မနှိုင်းယှဉ်နိုင်ခြင်းပင် ဖြစ်ချေ၏။
သို့သော်လည်း ကိစ္စမရှိပါချေ။
အနည်းဆုံး သူမအနေဖြင့် အခြားသောနည်းလမ်းများဖြင့် စုံစမ်းကြည့်နိုင်သေးသည်။
သူမက ဤကိစ္စကို စိုးရိမ်ပူပန်နေခဲ့သောကြောင့် စားဖိုမှူးရှုန်းဆီသို့သွားခဲ့ရပြန်သည်။
သူတို့အနေဖြင့် မူလက မွေးနေ့ပွဲပြီးသည်နှင့် ချက်ချင်းပြန်ရန် သဘောတူထားခဲ့ကြသည်။ သို့သော်လည်း လင်းရန်အနေဖြင့် စားဖိုမှူးရှုန်းထံတွင် တစ်ရက်ခန့် နောက်ကျပြီးမှ ပြန်၍နိုင်မည်လားဟု မေးမြန်းခဲ့လေသည်။
စားဖိုမှူးရှုန်းက ရှုပ်ထွေးသွားပြီး ကိစ္စတစ်စုံတစ်ခုရှိနေ၍လားဟု လင်းရန်ကို ပြမ်လည် မေးမြန်းလိုက်၏။
လင်းရန်တစ်ယောက် ခေတ္တမျှ တွန့်ဆုတ်နေမိသော်လည်း နောက်ဆုံးတွင် မည်သည့်အရာကိုမျှဖုံးကွယ်မထားဘဲ သူမ၏ ခန့်မှန်းချက်ကို ပြောပြလိုက်လေသည်။
စားဖိုမှူးရှုန်းလည်း ထိုစကားကို ကြားလျှင် ချက်ချင်းပင် အံ့အားသင့်သွားတော့၏။
“တကယ်လို့ ဒါကသာ အမှန်ပဲဆိုရင် ငါတို့ ဘယ်လောက်ပဲ နောက်ကျပါစေ သေချာပေါက် နေရမှာပေါ့!”
ဤသည်မှာ အရေးကြီးသည့် ကိစ္စကြီးတစ်ခုဖြစ်ပြီး လင်းရန်အတွက်တင်မက၊ စုန့်လူကြီးမင်းအတွက်ပါ သေချာပေါက် အလွန်အရေးကြီးသော ကိစစပင် ဖြစ်ပေသည်။
သို့သော်လည်း လင်းရန် မတိုင်ခင်က ပြောခဲ့သကဲ့သို့ပင် ယခုအချိန်တွင် သံသယရှိနေသည့်အဆင့်၌သာ ရှိနေသေး၏။
ဤကိစ္စကို အပြည့်အဝ အတည်ပြုနိုင်ရန်အတွက် သူမဘက်မှ စုန့်လူကြီးမင်းထံမှ အချက်အလက်များကို ပိုမိုစုံစမ်းရပေလိမ့်မည်။ အရေးကြီးဆုံးသောအချက်မှာ အဖေလင်းထံ၌ ရှိနေသော လက်ကောက်ကို ယူဆောင်လာပြီး နှိုင်းယှဉ်ကြည့်သင့်သည်။
သို့သော် လင်းရန်ကိုယ်တိုင် ပြန်ယူမည်ပါက လမ်းခရီးအချိန်တွင်ကြန့်ကြာမှုများ ရှိနိုင်သည်။ ထို့အပြင် သူမအနေဖြင့် စုန့်လူကြီးမင်းအတွက်လည်း စိတ်မချ ဖြစ်နေမိသည်။
အထူးသဖြင့် ယခုအချိန်တွင် အရာရာကို လက်လွှတ်စပယ် ပြုမူနေပုံရသော ကျန်းကျွင့်က ဤအချိန်အတွင်း စုန့်လူကြီးမင်းကို ကောင်းမွန်စွာ ပြုစုနိုင်လိမ့်မည်မဟုတ်ပေ။
“ဒါဆို မင်းမှာ ဘယ်လို အစီအစဉ်ရှိလဲ”
စားဖိုမှူးရှုန်းက လင်းရန်ကို မေးလာသည်။
လင်းရန်က ခေတ္တမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်လိုက်လေ၏။
“အဘိုးရှုန်း.. သမီး အဖေ့ဆီကို အရင်ဆုံး ဖုန်းဆက်လိုက်မယ်၊ ပြီးတော့ အဲဒီလက်ကောက်ကို သမီးဆီ ရောက်အောင် ပို့ပေးဖို့ နည်းလမ်းရှာခိုင်းရမယ်”
ပစ္စည်းကို လှမ်းပို့ခိုင်းခြင်းမှာ လင်းရန်အတွက် အသွားအပြန် သွားလာနေရသည့် ဒုက္ခမှ ကင်းဝေးစေလိမ့်မည်။
သို့သော် ယခုခေတ်ကာလတွင် စာတိုက်မှတစ်ဆင့် ပို့ရမည်ဖြစ်စေ၊ လူကြုံဖြင့် ပို့ရမည်ဖြစ်စေ အနည်းဆုံး နှစ်ရက်ခန့်တော့ စောင့်ရပေဦးမည်။
“ဒါကြောင့် သမီး အဘိုးရှုန်းဆီကနေ ရက်နည်းနည်းလောက် ခွင့်တောင်းရဦးမယ်ထင်တယ်”
ထိုစကားကို ကြားလျှင် အဘိုးရှုန်းက အပြုံးတစ်ခုဖြင့် လက်ကာပြလာသည်။
“အဆင်ပြေပါတယ်၊ ငါလည်း ဒီတစ်ခေါက် အပြင်ထွက်ပြီးရင် မင်းကို အားလပ်ရက် ပေးမလို့ပဲ၊ မင်း ခွင့်တောင်းနေစရာ မလိုဘူး၊ အခုက အချိန်ကိုက် ဖြစ်သွားတာပေါ့”
ထိုစကားက အမှန်အတိုင်းပြောဆိုခြင်းသာဖြစ်ပေ၏။
စားဖိုမှူးရှုန်းကိုယ်တိုင်မှာလည်း အလုပ်များခြင်းကို သဘောကျသူတစ်ဦး မဟုတ်ပေ။ သို့မဟုတ်ပါက သူ့အနေဖြင့် နာမည်ကြီးစားသောက်ဆိုင်ကြီးများ သို့မဟုတ် တခြားသောနေရာများတွင် သွားရောက်အလုပ်ကိုင်နေပေလိမ့်မည်။
ယခုကဲ့သို့ အိမ်ထဲတွင်သာ အေးအေးလူလူ နေထိုင်နေမည်မဟုတ်ပေ။
ယခုခရီးစဉ်မှာ အတော်လေး ပင်ပန်းလွန်းသောကြောင့် ခရီးစဉ်ပြီးဆုံးပါက သူကိုယ်တိုင်နှင့် လင်းရန်ကို ရက်အနည်းငယ်ကြာအောင် အနားယူစေရန် ကြိုတင်စဉ်းစားထားခဲ့သည်။
ယခုအချိန်တွင် သူမထံ၌ လုပ်စရာကိစ္စတစ်ခု ရှိနေသေးသသောကြောင့် ဤအခွင့်အရေးကို သူ့အနေဖြင့် အသုံးချကာ ဆောင်ရွက်စေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ဒီကိစ္စက အလျင်စလိုလုပ်စရာ မလိုပါဘူး၊ မင်းရဲ့လက်ထဲက ကိစ္စတွေကို အရင်ဆုံး ဂရုစိုက်ရမယ်၊ ငါ ဒီကနေ မင်းကို စောင့်နေမယ်၊ လူများတော့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးလို့ ရတာပေါ့”
စားဖိုမှူးရှုန်းအနေဖြင့် ချင်းယွင်ကျစ်ကို ငယ်စဉ်ကတည်းက ကြည့်ရှုစောင့်ရှောက်လာသူဖြစ်ပေ၏။
အကယ်၍ စုန့်လူကြီးမင်းကသာ အမှန်တကယ်ပင် စုန့်ကျယ်၏ဖခင် ဖြစ်နေမည်ဆိုပါက သူ့အနေဖြင့် ချင်းယွင်ကျစ်အတွက် ယောက္ခမကို ရှာပေးရာတွင် သေချာပေါက် ကူညီပေးရပေလိမ့်မည်။
လင်းရန်လည်း ထိုစကားကို ကြားလျှင် စားဖိုမှူးရှုန်းကို အလွန် ကျေးဇူးတင်မိပြီး အဖေလင်းထံသို့ အလျင်အမြန် ဖုန်းဆက်တော့သည်။
ကံကောင်းစွာဖြင့် ဤမိသားစုဝင်းထဲတွင် လိုအပ်သော ဆက်သွယ်ရေးပစ္စည်းများ အပြည့်အစုံ ရှိနေခဲ့လေ၏။
လင်းရန်တစ်ယောက် အိမ်ရာဝင်းအတွင်းရှိ သီးသန့်ဆက်သွယ်ရေးရုံးသို့ သွားခဲ့ကာ ထိုနေရာမှ ဝန်ထမ်းများနှင့် စကားပြောဆိုပြီးနောက် ဖုန်းကို ခဏတာလောက် ငှားရမ်းပြီးအသုံးပြုခဲ့သည်။
*