← Chapters

အခန်း (၃၁၈)

Vol. 32 Ch. 318

အခန်း (၃၁၈)

Vol. 32 Ch. 318

အခန်း(318)

လင်းရန်တစ်ယောက် ကွန်မြူနတီသို့ ဖုန်းဆက်လိုက်ပြီး သူမထံမှဖြစ်ကြောင်းကို သိရှိသွားပြီးနောက် ကွန်မြူနတီမှ လင်းကျန်းအန်းကို အမြန်သွားခေါ်ပေးခဲ့ကြသည်။

ကံကောင်းစွာဖြင့် ထိုအချိန်၌ လင်းကျန်းအန်းမှာ တပ်မဟာထဲတွင် ရှိနေခဲ့သေးသည်။ အနည်းငယ်မျှ နောက်ကျသွားပါက သူသည်လည်း တောင်ပေါ်သို့ တက်သွားလောက်ပေပြီ ။

သမီးဖြစ်သူထံမှ ဖုန်းလာသည်ဟူသော သတင်းကြောင့် လင်းကျန်းအန်းတစ်ယောက် ထိတ်လန့်သွားပြီး သူမထံတွင် တစ်စုံတစ်ခုဖြစ်နေပြီဟု ထင်မှတ်ကာ ကွန်မြူနတီရုံးသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

“ဟယ်လို.. ရန်ရန်၊ ဘာဖြစ်လို့လဲ၊ မင်းဆီမှာ တစ်ခုခုဖြစ်သွားလို့လား”

အဖေလင်း၏ စကားလုံးများမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ချေ၏။ လင်းရန်တစ်ယောက် အလျင်အမြန်ပင် ပြန်လည်ရှင်းပြလိုက်ရသည်။

“အဖေ၊ စိတ်အေးအေးထားပါဦး၊ ကျွန်မ ဘာမှမဖြစ်ပါဘူး၊ ခုက ကျွန်မ အဖေ့ကို ပြောပြစရာကိစ္စ တစ်ခုရှိနေသေးလို့၊ ခဏလောက် ဘာမှမပြောသေးဘဲ သမီးပြောတာကို စိတ်ရှည်လက်ရှည်နဲ့ နားထောင်ပေးပါဦး”

“ကောင်းပြီ၊ ပြောလေ အဖေ နားထောင်နေတယ်”

လင်းရန်ထံတွင် မည်သည့်အရာမှမဖြစ်ကြောင်းကို ကြားသိရမှသာ လင်းကျန်းအန်းလည်း စိတ်အေးသွားရပြီး လင်းရန်ပြောပြမည့် အကြောင်းအရာများကို အာရုံစိုက်၍ နားထောင်လေသည်။

သို့သော် လင်းရန်ပြောလိုက်သည့် အကြောင်းအရာက ထိုကိစ္စများ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။

သမီးဖြစ်သူ၏ စကားအဆုံးတွင် လင်းကျန်းအန်းတစ်ယောက် အလွန်ပင် မင်တက်သွားရတော့သည်။

လွန်ခဲ့သောတစ်ခေါက်က စုန့်ကျယ်ဘက်မှ သူ့ကို လှည့်စားကာ စေ့စပ်လက်ဆောင်ကို အတင်းအကျပ် “လက်ခံ” စေခဲ့သောကြောင့် သူ့ဘက်မှ စုန့်ကျယ်ကို မတွေ့ချင်သေးသော်လည်း ဆွေမျိုးသားချင်းကို ပြန်လည်ရှာဖွေသည့် ဤကဲ့သို့သော ကိစ္စကြီးတွင်တော့ သူ နှောင့်နှေးကြန့်ကြာအောင် မလုပ်ချင်ပါချေ။

“ကောင်းပြီသမီး၊ ခဏနေရင် မြို့ထဲက စာတိုက်ကိုသွားပြီး ပစ္စည်းကို လှမ်းပို့ပေးလိုက်မယ်၊ အခု မင်းရှိနေတဲ့ လိပ်စာကို ပြောပြပါဦး”

လင်းရန်လည်း ဤနေရာ၏ လိပ်စာကို လင်းကျန်းအန်းအား အလျင်အမြန်ပင် ပြောပြလိုက်ပြီး သူသေသေချာချာ မှတ်သားပြီးသည့်အထိ စောင့်ကာ တုံ့ဆိုင်းစွာဖြင့် မေးမြန်းလိုက်လေသည်။

“အဖေ၊ ဒီအကြောင်းကို စုန့်ရှီးယန်ကို အရင်ပြောပြထားသင့်လား”

အကယ်၍ စုန့်လူကြီးမင်းနှင့် စုန့်ကျယ်တို့သာ သားအဖအရင်းအချာများ ဖြစ်ခဲ့ပါက စုန့်လူကြီးမင်းသည်လည်း စုန့်ရှီးယန်၏ အဘိုးအရင်း ဖြစ်လာပေလိမ့်မည်။

ဤမျှအထိ ကြီးမားသောကိစ္စရပ်ကို သူ့ကို ကြိုတင်အသိပေးသင့်သည်မဟုတ်ပါလား။

သို့သော် သူမ၏ထင်မြင်ချက်သာ မှားယွင်းသွားခဲ့ပါက ကြိုတင်ပြောထားမိခြင်းကြောင့် စုန့်ရှီးယန်အနေဖြင့် သေချာပေါက် စိတ်ပျက်သွားရပေလိမ့်မည်။

လင်းကျန်းအန်းသည်လည်း ဤကိစ္စမှာ အတော်လေးခေါင်းခဲစရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ပြောလျှင်လည်း ဖြစ်သကဲ့သို့ မပြောဘဲနေလျှင်လည်း ရနိုင်သော်လည်း မည်သည့် နည်းလမ်းကမှ အကောင်းဆုံးဟု မဆိုနိုင်ပေ။

သို့သော် ထိုအခိုက်အတန့်တွင် သူ့အနေဖြင့် သမီးဖြစ်သူနှင့် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အဆက်အသွယ်ပြတ်တောက်ကာ သတင်းအစအနမရဘဲ ဖြတ်သန်းခဲ့ရသည့် နေ့ရက်များကို ရုတ်တရက် သတိရလိုက်မိသည်။

ထိုနေ့ရက်များမှာ မည်မျှလောက်အထိ နာကျင်ဖွယ်ကောင်းကြောင်းကို သူ ကောင်းစွာ နားလည်ပေသည်။

ထို့ကြောင့် နောက်ဆုံးတွင် သူက လေးနက်သောလေသံဖြင့် ပြောခဲ့သည်။

“ရန်ရန်၊ သူ့ကို ပြောပြလိုက်တာက ပိုကောင်းမယ်ထင်တယ်”

နောက်ဆုံးရလဒ်က မှားယွင်းနေခဲ့လျှင်ပင် အနည်းဆုံးတော့ သူတို့ထံတွင် မျှော်လင့်ချက်တစ်ခု ရရှိသွားမည် မဟုတ်ပါလား။

လင်းရန်၏ စိတ်ထဲတွင်လည်း ထိုသို့ပင် တွေးတောနေခဲ့ပြီး ဆုံးဖြတ်ချက်မချနိုင်ဘဲ ဖြစ်နေခဲ့ခြင်းသာ ဖြစ်သည်။ ယခု အဖေလင်း၏ စကားကို ကြားလိုက်ရသည့်အချိန်တွင်တော့ သူမ၏စိတ်ထဲမှ ဆုံးဖြတ်ချက်မှာ အနည်းငယ် ပို၍ ခိုင်မာသွားခဲ့သည်။

“ကောင်းပါပြီအဖေ၊ ဒါဆို သမီး ဖုန်းချလိုက်တော့မယ်နော်”

အဖေလင်းနှင့် ဖုန်းပြောပြီးနောက် လင်းရန်က တခြားနံပါတ်တစ်ခုသို့ ထပ်မံဆက်သွယ်လိုက်လေသည်။ ထိုနံပါတ်မှာ သူမ ထွက်လာခါနီးတွင် စုန့်ရှီးယန်မှ သေသေချာချာ မှတ်ထားရန် သင်ပေးခဲ့သော နံပါတ်ဖြစ်ပေ၏။

သူက သူ၏ တပ်ရင်းဖုန်းနံပါတ်ကို သူမကို အကြိမ်ကြိမ် ရွက်ဆိုခိုင်းကာ အလွတ်မှတ်စေခဲ့ခြင်းဖြစ်သည်။

မူလက လင်းရန်အနေဖြင့် ဤဖုန်းကို ဆက်ရမည့် အခွင့်အရေးရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမနှင့် စုန့်ရှီးယန်၏ကြားတွင် ပြောစရာကိစ္စလည်း သိပ်ပြီးမရှိလှပေ။ သို့သော် သူမ၏ ထင်မြင်ချက်က ဤမျှအထိ လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့မိပါချေ။

ယခုအချိန်တွင် စုန့်ရှီးယန်က ဤနံပါတ်ကို အတင်းအကျပ် မှတ်ခိုင်းခဲ့ခြင်းက ကံကောင်းသည်ဟုပင် သူမ ခံစားလိုက်ရသည်။

သို့သော်လည်း စုန့်ရှီးယန်က ဤဖုန်းကို လက်ခံရရှိနိုင်လိမ့်မည်တော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ စစ်တပ်၏ဖုန်းလိုင်းဖြစ်ပေ၏။

သူသည်က လေ့ကျင့်ရေးဆင်းနေခြင်း သို့မဟုတ် တာဝန်တစ်ခုခုတွင် ထမ်းဆောင်နေခြင်း ဖြစ်နိုင်ပေသည်။

သေချာပေ၏။

လင်းရန် ဖုန်းခေါ်လိုက်အချိန်တွင် တစ်ဖက်မှ ဤသို့ပြောလာသည့် စကားကိုသာ ကြားခဲ့ရလေသည်။

“ဒီကိစ္စကို ဗိုလ်ကြီးစုန့်ဆီကို အကြောင်းကြားပေးပါ့မယ်၊ သူ ပြန်ရောက်တာနဲ့ မင်းဆီကို ဖုန်းပြန်ဆက်ပါလိမ့်မယ်”

လင်းရန်မှာ ထိုစကားကို ကြားလျှင် အနည်းငယ် စိတ်ပျက်သွားမိ၏။

နောက်ဆုံးတွင် တစ်ဖက်သို့ကျေးဇူးတင်စကားဆိုကာ ဖုန်းချလိုက်ရတော့သည်။ သူမက အိမ်ရာဝင်းထဲရှိ ဆက်သွယ်ရေးဝန်ထမ်းကို သူမထံသို့ ဖုန်းလာခဲ့ပါက အမြန်ဆုံး အကြောင်းကြားပေးရန်သာ မှာကြားခဲ့ရပြီး စားဖိုမှူးရှုန်းထံသို့ ပြန်လာခဲ့ရလေသည်။

“ဘယ်လိုလဲ၊ ဖုန်းဆက်တာ အဆင်ပြေခဲ့ရဲ့လား”

လင်းရန်က ခေါင်းညိတ်ပြလိုက်ပြီး မတိုင်ခင်က အခြေအနေကို စားဖိုမှူးရှုန်းအား ပြောပြလိုက်သည်။

စုန့်ရှီးယန်မှ ဖုန်းမကိုင်နိုင်ကြောင်းကို ကြားလျှင် စားဖိုမှူးရှုန်းက ချက်ချင်းပင် ပြောလာ၏။

“အဲဒီကောင်လေးကိုတော့ ထားလိုက်ပါတော့၊ ကောင်းပြီ.. ငါတို့ လက်ရှိအလုပ်တွေကိုပဲ အရင်ဆုံး ဂရုစိုက်ကြရအောင်၊

တကယ်လို့ စုန့်လူကြီးမင်းနဲ့ စုန့်ကျယ်တို့က တကယ်ပဲ သွေးသားတော်စပ်နေခဲ့ရင် အဲဒီအချိန် သူတို့အတွက် အံ့အားသင့်စရာတစ်ခု ဖြစ်သွားတာပေါ့”

ထိုသို့တွေးကြည့်လျှင်လည်း မှန်ကန်ပေ၏။

ထို့ကြောင့် ဤကိစ္စများက ပြီးပြတ်သွားခဲ့လေသည်။ စားဖိုမှူးရှုန်းနှင့် လင်းရန်တို့က ဤနေရာတွင် ရက်အနည်းငယ် ထပ်မံနေထိုင်လိုသည့်အတွက် လိုအပ်သော ခွင့်ပြုချက်ကို တင်ပြခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် ဤမိသားစုဝင်းထဲတွင် ပုံမှန်အားဖြင့် အပြင်လူ မရှိဘဲ သူတို့တည်းခိုနေသော အိမ်မှာလည်း အချိန်အတော်ကြာ လစ်လပ်နေသောအိမ်ဖြစ်သည့်အတွက် သူတို့နှစ်ဦး တစ်လခန့် နေထိုင်လျှင်ပင် ကိစ္စမရှိပါချေ။

ထို့အတွက် ရက်အနည်းငယ် ထပ်နေခြင်းက ပြဿနာမဟုတ်ခဲ့ပေ။

စားဖိုမှူးရှုန်းနှင့် လင်းရန်တို့ ဤနေရာတွင် ဆက်နေမည်ဆိုသည့် သတင်းက မိသားစုအိမ်ရာဝင်းထဲမှ လူများအတွက်တော့ အလွန်ပျော်ရွှင်စရာ သတင်းပင်ဖြစ်သည်။

သူတို့တစ်ရက်လောက်ပိုနေလေ၊ လူတိုင်းအတွက် အရသာရှိသော အစားအစာများကို နောက်ထပ်တစ်ရက် စားခွင့်ရလေ မဟုတ်ပါလား။

လင်းရန်နှင့် စားဖိုမှူးရှုန်းတို့က မွန်းလွဲပိုင်းတွင် ခွင့်တိုင်ခဲ့သော်လည်း ညနေပိုင်းသို့ရောက်ချိန်တွင် ဝင်းတစ်ခုလုံးရှိ လူတိုင်းနီးပါးက ထိုသတင်းကို သိရှိသွားကြတော့သည်။

နေ့လယ်ပိုင်းက မွေးနေ့ပွဲတွင် ဗိုက်ပြည့်အောင် စားထားကြသော လူတစ်စုမှာ အလွန်ဝမ်းသာသွားကြပြီး ညစာစားပြီးသည်နှင့် လင်းရန်တို့ထံသို့ စကားလာပြောခဲ့ကြလေ၏။

သူတို့ သိချင်သည်မှာ တခြားကိစ္စမဟုတ်ဘဲ လင်းရန်တို့ ရက်မည်မျှကွာအောင် ထပ်နေမည်ဆိုသည်နှင့် အဘယ်ကြောင့် ရုတ်တရက် အစီအစဉ်ပြောင်းကာ နေထိုင်ရန် ဆုံးဖြတ်လိုက်သနည်းဆိုသည့်အချက်ပင် ဖြစ်သည်။

သို့သော် သူတို့ရောက်သွားသည့်အချိန်တွင် လင်းရန်နှင့် စားဖိုမှူးရှုန်းတို့က အပြင်သို့ထွက်ရန် ပြင်ဆင်နေကြပြီး လက်ထဲတွင်လည်း ပစ္စည်းတချို့ကို ကိုင်ထားကြသည်ကို တွေ့လိုက်ရ၏။

အလိုက်သိတတ်သော အန်တီတုန်နှင့် အဖွဲ့မှာ ထိုမြင်ကွင်းကို ကြည့်ပြီး အနည်းငယ် ရှုပ်ထွေးသွားကြသည်။

“စားဖိုမှူးလေးလင်းရန်.. ဘယ်ကိုသွားမလို့လဲ၊ မင်းတို့နောက်နှစ်ရက်လောက် ထပ်နေမယ်လို့ ကြားထားတာ.. မဟုတ်ဘူးလား”

မပြန်သေးပါက အဘယ်ကြောင့် ပစ္စည်းများကို သယ်ပိုးနေမည်နည်း။

သူတို့က သတင်းမှား ကြားမိသည်လားဟု တွေးတောနေကြချိန်တွင် လင်းရန်က အပြုံးတစ်ခုနှင့် ရှင်းပြလိုက်လိုက်သည်။

“မပြန်သေးပါဘူး၊ အခု အဘိုးရှုန်းနဲ့အတူ စုန့်လူကြီးမင်းအတွက် စားစရာလေးတွေ သွားပို့ပေးမလို့လေ”

ဆိုရလျှင် အစားအသောက်ပို့ပေးခြင်းက အဓိကမဟုတ်ပေ။ ယနေ့ည သွားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သတင်းအနည်းငယ်လောက်ကို စုံစမ်းရန်ပင် ဖြစ်သည်။

သို့သော် ကိစ္စများက အတည်မပြုနိုင်သေးသည့်အတွက် ဆူညံမသွားစေရန်အတွက် လင်းရန်က ထိုအကြောင်းကို စိတ်ထဲတွင်သာ သိမ်းဆည်းထားခဲ့သည်။

အန်တီတုန်တို့ကလည်း လင်းရန်တို့မှာ အလွန် စိတ်ထားကောင်းသူများဖြစ်သည်ဟုသာ တတွတ်တွတ် ချီးကျူးနေခဲ့ကြသည်။

“အစ်ကိုကြီးစုန့်ဆီကို သွားမှာဆိုတော့ ငါတို့လည်း လိုက်ခဲ့မယ်လေ၊ ဘာပဲဖြစ်ဖြစ် ငါတို့လည်း လုပ်စရာမှ မရှိတာ”

ဤသို့ဖြင့် လင်းရန်၊ စားဖိုမှူးရှုန်းနှင့် အန်တီတုန်တို့ အဖွဲ့သားများမှာ စုန့်လူကြီးမင်း၏ အိမ်သို့ လူအင်အားအပြည့်နှင့်သွားခဲ့ကြလေတော့သည်။

ထိုအချိန်တွင် စုန့်လူကြီးမင်း၏ အိမ်က မှောင်မည်း၍ ခြောက်ကပ်နေချေပြီ။ မီးဖိုချောင်ရှိ မှိန်ပျပျမီးရောင်လေးကသာ လင်းနေပြီး မီးဖိုချောင်တွင် လူရိပ်တစ်ခု ဖြည်းညင်းစွာ လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။

“ ဘာလဲ၊ အစ်ကိုကြီးစုန့်တို့က အခုထိ ထမင်းမစားရသေးဘူးလား၊ ဘာလို့ မီးဖိုချောင်ထဲမှာ မီးလင်းနေရတာလဲ”

အန်တီတုန်က မီးဖိုချောင်ပြတင်းပေါက်မှ မြင်နေရသော လူရိပ်ကိုကြည့်ကာ အနည်းငယ် ရှုပ်ထွေးသွားပုံရသည်။

သူမက အရပ်ပုသောကြောင့်မီးဖိုချောင်ထဲတွင် လူတစ်ယောက် လှုပ်ရှားနေသည်ကိုသာ မြင်ရပြီး မည်သူဖြစ်ကြောင်းကို မမြင်ရပေ။

သို့သော် ဘေးနားရှိ လင်းရန်မှာတေား စုန့်လူကြီးမင်းကိုယ်တိုင် မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသည်ကို ရှင်းလင်းစွာ မြင်လိုက်ရလေသည်။

ထိုမြင်ကွင်းကို မြင်လျှင် လင်းရန်၏ မျက်ဝန်းများက အေးစက်သွားခဲ့ရပြီး ဒေါသလည်းပေါက်ကွဲမတတ်ဖြစ်လာခဲ့သည်။

သူမ မွန်းလွဲပိုင်းက ခန့်မှန်းခဲ့သည်မှာ လွန်ကဲသွားခြင်း မဟုတ်ဘဲ အမှန်တကယ်ပင်ဖြစ်နေခဲ့သည်။

ကျန်းကျွင့်ကဲ့သို့သော လူယုတ်မာမျိုးက သူမ ထင်ထားသည်ထက်ပင်

ရွံရှာဖွယ်ကောင်းနေခဲ့ပေ၏။

All Chapters