← Chapters

အခန်း (၃၁၉)

Vol. 32 Ch. 319

အခန်း (၃၁၉)

Vol. 32 Ch. 319

*အခန်း(319)

“ဟေး.. မီးဖိုချောင်ထဲကလူကို ကြည့်လိုက်ဦး၊ အဲဒါ လောင်စုန့်နဲ့ မဟုတ်ဘူးလား?”

ထိုအချိန်တွင် အရပ်ရှည်သည့် အဘိုးအိုတစ်ဦးသည်လည်း မီးဖိုချောင်ထဲ ရှိ အခြေအနေကို မြင်တွေ့သွားရသောကြောင့် မထိန်းနိုင်ဘဲ ပြောဆိုလိုက်လေ၏။

“ဘာလဲ..အစ်ကိုကြီးစုန့်က ထမင်းချက်နေတာလား? သူ့ခန္ဓာကိုယ်အခြေအနေနဲ့ သူက ထမင်းချက်နိုင်သေးတာလား၊ သူကတော့ အသက်ရှည်ရှည် မနေချင်တော့ဘူး ထင်တယ်”

အန်တီတုန်မှာ ဒေါသကြီးတတ်သူတစ်ဦး ဖြစ်ပေသည်။ သူမ၏ စကားလုံးများက တစ်ခါတစ်ရံ နားဝင်မချိုသော်လည်း အဓိကအချက်ကိုသာ တည့်တိုးပြောဆိုတတ်၏။

စုန့်လူကြီးမင်း၏ ကျန်းမာရေးမှာ မူလကတည်းက ကောင်းမွန်နေသည်မဟုတ်ချေ။ များသောအားဖြင့် သူသည်က အပြင်ဘက်တွင် အေးအေးလူလူ လမ်းလျှောက်ခြင်းကိုသာ အများဆုံးပြုလုပ်ပြီး ကျန်ရှိသည့်အချိန် အတော်များများကိုတော့ ထိုင်လျက်ဖြစ်စေ၊ လှဲလျောင်းလျက်ဖြစ်စေသာ ကုန်ဆုံးစေလေ့ရှိ၏။

အကယ်၍ သူ့ကို ထမင်းချက်ခိုင်းမည်ဆိုပါက သူ့အနေဖြင့် သူကိုယ်တိုင်၏ ခန္ဓာကိုယ်ကို အလေးမထားရာ ရောက်ပေလိမ့်မည်။

သာမန်အချိန်များတွင် အိမ်တွင်ရှိနေသော ထမင်းချက်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းအားလုံးကို ကျန်းကျွင့်ကသာ လုပ်ကိုင်ပေးလေ့ရှိသည်။

ယနေ့တွင် အဘယ်ကြောင့်...

လူတိုင်းက အံ့ဩတကြီးတွေးတောနေချိန်တွင် မွန်းတည့်ချိန်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရုတ်တရက်သတိရသွားကြပြီး ကျန်းကျွင့်အပေါ်တွင် ပို၍ပင် စိတ်ပျက်သွားကြပြန်လေ၏။

သူသည်က မွန်းတည့်ချိန်က ဖြစ်ပျက်ခဲ့သောကိစ္စကြောင့် စိတ်ဆိုးနေဆဲဖြစ်ကာ စုန့်လူကြီးမင်းအတွက် ထမင်းချက်ပေးရန်ကိုပင် ငြင်းဆန်လိုက်သည်လား။

ဒီကောင်စုတ်လေးမှာ လူစိတ်ရော ရှိသေးရဲ့လား။

စုန့်လူကြီးမင်းအပေါ် မည်မျှပင် စိတ်ဆိုးနေပါစေ၊ ထမင်းပင် မချက်ပေးဘဲနေခြင်းကတော့ မဖြစ်သင့်သည့်ကိစ္စပင် ဖြစ်သည်။

သားအဖကြားတွင် တစ်ညထက်ပိုသော ရန်ငြိုးမရှိနိုင်ဟု သူတို့က တွေးထင်ထားခဲ့ကြသောကြောင့် အလွန်အကျွံ မစဉ်းစားမိခဲ့ပေ။

ထိုနှစ်ဦးကြားတွင် ပဋိပက္ခဖြစ်ခဲ့လျှင်ပင် ကျန်းကျွင့်အနေဖြင့် စုန့်လူကြီးမင်းကို အမှန်တကယ် လျစ်လျူမရှုနိုင်လောက်ဟု ယူဆထားခဲ့မိကြ၏။

မည်သို့ပင်ဖြစ်စေ ယခင်က ကျန်းကျွင့်တွင် လူတိုင်းကို စိတ်မသက်မသာ ဖြစ်စေသည့် အမှားအယွင်းလေးတချို့ ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပါချေ။

သူတို့အနေဖြင့် ကျန်းကျွင့်ကို တစ်ခါမျှ အမှန်တကယ် နားမလည်ခဲ့ကြခြင်းလည်းဖြစ်နိုင်သကဲ့သို့ သူသည်လည်း ယခင်အချိန်က ဟန်ဆောင်ဖုံးကွယ်ထားနိုင်ခဲ့သည့်အတွက် သူ၏စိတ်ထားက အလွန်သေးသိမ်ကြောင်းကို သူတို့ မရိပ်မိခဲ့ကြခြင်းလည်း ဖြစ်နိုင်ပေ၏။

အတိုချုပ်ပြောရလျှင်အန်တီတုန် ဦးဆောင်သည့် မိတ်ဆွေဟောင်းတချို့မှာ အလွန်အမင်း ဒေါသထွက်သွားကြပြီး စုန့်လူကြီးမင်း၏ အိမ်တံခါးကို ဒေါသတကြီးဖြင့် ထုရိုက်ကြလေတော့သည်။

“ကျန်းကျွင့်! ကျန်းကျွင့်၊ ခွေးကောင် ၊ တံခါးကို အမြန်ဖွင့်စမ်း!”

“ကျန်းကျွင့်၊ မကောင်းတဲ့ကောင်၊ တံခါးဖွင့်စမ်း!”

အပြင်ဘက်မှ လှုပ်ရှားသံများက ကျန်းကျွင့်ကို အခန်းထဲမှ ထွက်လာစေရန် မစွမ်းဆောင်နိုင်ခဲ့သော်လည်း မီးဖိုချောင်ထဲတွင် ဟင်းနွှေးနေသည့် စုန့်လူကြီးမင်းကိုတော့ ထိတ်လန့်သွားစေခဲ့၏။

သူက လက်ထဲမှ ပစ္စည်းများကို အမြန်ချလိုက်ပြီးနောက် တောင်ဝှေးကိုအားပြုကာ တံခါးဆီသို့ လျှောက်သွားလိုက်လေသည်။

တံခါးကို ဖွင့်လိုက်သည်နှင့် အိမ်အပြင်ဘက်တွင် လူအများအပြား ရပ်နေကြသည်ကို မြင်လိုက်ရသောကြောင့် စုန့်လူကြီးမင်းမှာ ရှုပာထွေးပြီး ကြောင်အမ်းသွားခဲ့ရလေ၏။

အထူးသဖြင့် မွန်းလွဲပိုင်းအချိန်ကတည်းက ထွက်ခွာသွားပြီဟု ထင်မှတ်ထားသည့် လင်းရန်နှင့် စားဖိုမှူးရှုန်းတို့ကိုပါ ထိုလူအုပ်ထဲတွင် တွေ့လိုက်ရသောကြောင့် သူ ပို၍ပင် အံ့ဩသွားခဲ့ရသည်။

“ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေကြတာလဲ? ပြီးတော့ စားဖိုမှူးရှုန်းနဲ့ စားဖိုမှူးလေးလင်း... အင်းတို့ မပြန်ကြသေးဘူးပဲ”

လင်းရန်နှင့် စားဖိုမှူးရှုန်းတို့ မပြန်ရသေးသည်ကို မြင်လိုက်ရလျှင် စုန့်လူကြီးမင်း၏ စိတ်အခြေအနေမှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာခဲ့လေသည်။

လူသားများကြားတွင် မျက်ဝန်းချင်း ဆုံရုံဖြင့်ပင် သံယောဇဉ်ဖြစ်ပေါ်တတ်သည်ဟူသောစကားမှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။

လင်းရန်နှင့် စားဖိုမှူးရှုန်းတို့ ဤနေရာတွင်ရှိနေသည့်အတောအတွင်း စုန့်လူကြီးမင်းမှာ နေ့စဉ်နေ့တိုင်း အလွန်ပျော်ရွှင်ခဲ့ရ၏။

ဤသည်မှာ စားဖိုမှူးရှုန်းနှင့် လင်းရန်တို့ လာရောက်သည့်အချိန်တိုင်းတွင် အရသာရှိသော အစားအစာများကို ယူဆောင်လာပေးခြင်းကြောင့်မဟုတ်ဘဲ သူတို့က စုန့်လူကြီးမင်းနှင့်အတူ ထိုင်ကာ စကားအတူပြောဆိုတတ်ကြခြင်းကြောင့်လည်း ဖြစ်ပေ၏။

အထူးသဖြင့် လင်းရန်ကို ပို၍ပင် ခင်မင်မိနေခဲ့သည်။

လူသားတို့သည်က အသက်အရွယ် ကြီးရင့်လာသောအချိန်မျိုးတွင် လူငယ်များကို အားကျတတ်ကြပြီး လူငယ်များ၏ တက်ကြွသည့် ဘဝများကို တောင့်တလေ့ ရှိကြသည်ပင်။

သူတို့နေထိုင်ရာ အိမ်ရာဝင်းထဲ၌ လင်းရန်နှင့် ရွယ်တူ လူငယ်များကို မြင်တွေ့ရသည်မှာ အလွန်ပင် ရှားပါးလွန်းပေသည်။ များသောအားဖြင့် အတိတ်က အကြောင်းများကို စုပေါင်းပြောဆိုနေကြသည့် အဘိုးကြီးတစ်စုကိုသာ မြင်တွေ့ရတတ်၏။

ကျန်းကျွင့်နှင့် ပတ်သက်လျှင်တော့..

ထိုသူမှာ စုန့်လူကြီးမင်းနှင့် စကားစမြည်ပြောဆိုရန်အထိ စိတ်ရှည်သည်မဟုတ်ချေ။

သူသည်က နေ့စဉ် ထမင်းသုံးနပ်ကိုသာ တာဝန်ကျေရုံပြင်ဆင်ပေးပြီးနောက် အရာအားလုံးပြီးဆုံးသွားပြီဟု မှတ်ယူထားသူဖြစ်၏။

ပုံမှန်အားဖြင့် သူတို့နှစ်ဦး အိမ်တွင်ရှိနေချိန်များ၌ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေရုံမှလွဲ၍ စကားပြောဆိုခြင်းက အလွန်နည်းပါးလွန်းသည်။

သို့ဖြစ်၍ လင်းရန်နှင့် စားဖိုမှူးရှုန်းတို့ ရောက်လာပြီးနောက် တခြားသော အကြောင်းအရာများကို လာရောက်ပြောဆိုပေးကြချိန်တွင် စုန့်လူကြီးမင်းတစ်ယောက် ပျော်ရွှင်နေခဲ့တတ်သည်။

လင်းရန်သည်လည်း စုန့်လူကြီးမင်း၏ မျက်ဝန်းအတွင်းရှိ ဝမ်းမြောက်ပျော်ရွှင်မှုကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသောကြောင့် ပို၍ပင် စိတ်မကောင်းဖြစ်မိသွားသည်။

သူတို့က စုန့်လူကြီးမင်းနှင့်အတူ ရက်အနည်းငယ်မျှသာ နေထိုင်ခဲ့ကြသော်လည်း သူ့ကို ဤမျှအထိ ပျော်ရွှင်စေခဲ့၏။

ပုံမှန်အချိန်များတွင် စုန့်လူကြီးမင်းတစ်ယောက်တည်း မည်မျှ အထီးကျန်နေမည်ကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။

ထို့အပြင် ဤအချက်ကပင် ကျန်းကျွင့်ဘက်မှ စုန့်လူကြီးမင်းကို ပြုစုစောင့်ရှောက်ရာတွင် မည်မျှအထိ ပေါ့ဆနေကြောင်းကို သက်သေပြနေခဲ့သည်။

ထိုအကြောင်းကို တွေးမိလိုက်ပြီးနောက် လင်းရန်တစ်ယောက် သူမ၏ စိတ်ထဲရှိ အေးစက်မှုကို ချက်ချင်း ဖုံးကွယ်လိုက်ပြီး အပြုံးတစ်ခုဖြင့် စုန့်လူကြီးမင်းကို ရှင်းပြလိုက်သည်။

“စုန့်လူကြီးမင်း၊ ကျွန်မနဲ့ အဘိုးရှုန်းဆီမှာ ယာယီအလုပ်ကိစ္စလေး ရှိလာလို့ ဒီမှာ နောက်ထပ်ရက်နည်းနည်းလောက် ဆက်နေဖြစ်ဦးမယ်၊ အဲဒါကြောင့် လူကြီးမင်းဆီကို စကားလာပြောဖို့အတွက် အချိန်ရဦးမယ်၊

ကျွန်မတို့ ခဏခဏလာနေလို့ နှောင့်ယှက်သလို ဖြစ်သွားရင်လည်း စိတ်ထဲမထားပါနဲ့ဦး”

“ဟားဟား.. ဘာတွေများ အနှောင့်အယှက်ဖြစ်စရာရှိမှာလဲ၊ ငါက မင်းတို့ကိုလာစေချင်နေတဲ့သူပဲလေ၊ မြန်မြန် လာထိုင်ကြလေ၊ ဝသ်လာခဲ့ကြ”

လင်းရန်တို့ နောက်ထပ် နှစ်ရက်မျှ ထပ်နေဦးမည်ဟူသော စကားကို ကြားလိုက်ရသည့်အတွက် စုန့်လူကြီးမင်းတစ်ယောက် အလွန် စိတ်ကြည်လင်သွားပြီး လင်းရန်နှင့် တခြားသူများကို အိမ်ထဲသို့ဝင်ရန် လျင်မြန်စွာ ဖိတ်ခေါ်လိုက်တော့သည်။

“မင်းတို့ အဘိုးကြီး အဘွားကြီးတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီးသားတွေပဲ၊ ငါ မင်းတို့ကို အထူးတလည် ခေါ်မနေတော့ဘူး၊ ကိုယ့်ဘာသာကိုယ်ပဲ ဝင်ထိုင်ကြတော့”

ကျန်ရှိနေသည့် လူများမှာလည်း ထိုကဲ့သို့သော ကိစ္စအသေးအမွှားများကို ဂရုမစိုက်ကြချေ။

သူတို့ ပို၍ စိတ်ပူနေသည်က နောက်တစ်ခုပင်ဖြစ်ပေ၏။

“လောင်စုန့်၊ ခုနတုန်းက မင်း ကိုယ့်ဘာသာကိုယ် ချက်ပြုတနေတာလား? ရှောင်ကျန်းရော ဘယ်ကိုရောက်နေလဲ၊ သူ ဒီမှာ မရှိဘူးလား?”

“ဒီနေရာက မှောင်လည်းမှောင်နေတာ၊ မီးဖိုချောင်ကလည်း ကျဉ်းသေးတယ်၊ မင်း မူးဝေပြီး တစ်ခုခုနဲ့ တိုက်မိသွားရင် ဘယ်လိုလုပ်မလဲ?”

“ဟုတ်တယ်၊ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကတောင် မင်း ငါ့ရှေ့မှာ သတိလစ်သွားသေးတာ၊ အကယ်၍ မင်းသာ ထပ်ပြီး လဲကျသွားဦးမယ်ဆိုရင်.. မင်း ဘယ်လောက်အထိ ထိန်းထားနိုင်ဦးမလဲဆိုတာ ငါ တကယ် စိုးရိမ်တယ်!”

စုန့်ကျစ်သယ်အနေဖြင့် လူတိုင်း၏ စိုးရိမ်ပူပန်မှုများကို ကြားလိုက်ရလျှင် စိတ်နှလုံးတို့က နွေးထွေးသွားရလေ၏။

လူတိုင်းက သူ၏ကောင်းကျိုးအတွက် ရည်ရွယ်ပြီး ပြောဆိုနေကြခြင်းဖြစ်ကြောင်းကို သူ သိရှိနားလည်ပေသည်။

“စိတ်မပူကြပါနဲ့၊ ငါ ချက်ပြုမ်နေတာ မဟုတ်ပါဘူး၊ ဟင်းလေး နည်းနည်းလောက် ပြန်နွှေးဖို့ လုပ်နေတာပါ၊ နေ့လယ်က စားဖိုမှူးလေးလင်းနဲ့ စားဖိုမှူးရှုန်းတို့ ချက်ထားတဲ့ ဟင်းတွေ ကျန်သေးတယ်လေ၊ ဒါကို အိုးလေးနဲ့ နွှေးလိုက်ရုံပါပဲ၊ ဒါလောက်တော့ ငါ လုပ်နိုင်ပါသေးတယ် ဟားဟား..”

သို့သော် အခြေအနေက အမြဲတမ်းကောင်းနေလိမ့်မည်ဟု ပြော၍ မရနိုင်ချေ။

ဆိုရလျှင် စုန့်လူကြီးမင်းသည်ကား စိတ်ခံစားချက် ပြင်းထန်လာသည့်အချိန်၌ သတိလစ်သွားတတ်သူ ဖြစ်ပေသည်။

အစားအသောက်ကို နွှေးရုံမျှဖြင့် မည်သည့်အန္တရာယ်မှ မဖြစ်လာနိုင်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။

ထိုအချိန်တွင် မီးဖိုချောင်အတွင်းမှ လင်းရန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“စုန့်လူကြီးမင်း၊ နေ့လယ်က ဟင်းတွေကို မစားပါနဲ့တော့.. ကျွန်မနဲ့ အဘိုးရှုန်း အခု ယူလာပေးတဲ့ လတ်လတ်ဆတ်ဆတ် အစားအသောက်တွေကို စားလိုက်လေ၊

ကျွန်မ အကုန်လုံးကို ပြင်ဆင်ပေးထားပါတယ်၊ ဒီဘက်ကို လာပြီး စားလိုက်ရုံပါပဲ”

လင်းရန်က ပြောဆိုနေရင်းဖြင့် ပန်းကန်များ၊ တူများနှင့် လိုအပ်သည့်ပစ္စည်းများကိုထုတ်ယူကာ စားပွဲပေါ်တွင် ပြင်ဆင်လိုက်လေသည်။

ထိုအချိန်ကျမှသာ လင်းရန်က အိမ်ထဲသို့ ဝင်လာကတည်းက မီးဖိုချောင်ထဲသို့ ဝင်ရောက် လုပ်ကိုင်နေခဲ့ပြီး စားသောက်ပွဲပင် ပြင်ဆင်ပြီးစီးသွားပြီဖြစ်ကြောင်းကို လူတိုင်း သတိထားမိလိုက်ကြတော့သည်။

ဤခဏတွင် လူတိုင်းက သက်ပြင်းချပြီး ရေရွတ်မိကြလေ၏:

‘စားဖိုမှူးလေးလင်းက တကယ့်ကို ဝီရိယကောင်းလွန်းတာပဲ’

*

All Chapters