← Chapters

အခန်း (၃၂၀)

Vol. 32 Ch. 320

အခန်း (၃၂၀)

Vol. 32 Ch. 320

အခန်း(320)

လင်းရန်၏ ဂရုတစိုက်ရှိလွန်းသော လုပ်ရပ်များမှာ ထိုအရူး ကျန်းကျွင့်နှင့် ယှဉ်လိုက်ပါက အလွန်အမင်းပင် ကောင်းမွန်လွန်းပေသည်။

စိတ်အလှုပ်ရှားဆုံး ဖြစ်နေရသူကတော့ စုန့်လူကြီးမင်းပင် ဖြစ်ပေ၏။

“ရှောင်လင်း၊ မင်း ဘာလို့ ငါ့အတွက် အစားအသောက်တွေ ယူလာပေးနေရတာလဲ၊ ငါ့ဆီမှာ နေ့လယ်က ကျန်တဲ့ ဟင်းတွေ ရှိပါသေးတယ်”

လင်းရန်က အသာပြုံးလိုက်ပြီးနောက် မည်သည့်စကားကိုမျှ ထပ်မဆိုတော့ဘဲ စုန့်လူကြီးမင်းကို ထမင်းစားပွဲဆီသို့ တွဲခေါ်သွားလေသည်။

“စုန့်လူကြီးမင်း၊ အစားအသောက်တွေကို မဖြုန်းတီးတာမျိုးက ကောင်းမွန်တဲ့အလေ့အထတစ်ခုဆမှန်ပေမဲ့ အခုလူကြီးမင်းရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက သာမန်လူငယ်တွေနဲ့ မတူဘူးဆိုတာကို မှတ်ထားရမယ်၊ အခုလိုဟင်းအကျန်တွေလိုမျိုး အစားအသောက်တွေကို တတ်နိုင်သမျှ လျှော့စားမှဖြစ်မယ်”

လူသားတို့၏ အူလမ်းကြောင်းနှင့် အစာအိမ်မှာ မူလကတည်းက အားနည်းတတ်ကြသည်။ စုန့်လူကြီးမင်းမှာလည်း ရောဂါဝေဒနာမျိုးစုံကို ခံစားနေရသူဖြစ်သောကြောင့် ဤကဲ့သို့ မလတ်ဆတ်သော အစားအစာများကြောင့် ဝမ်းလျှောဝမ်းပျက်ခြင်းကို ဖြစ်စေနိုင်ပေသည်။

ထို့ကြောင့် ဘေးကင်းစေရန်အတွက် စုန့်လူကြီးမင်းအနေဖြင့် ဟင်းအကျန်များကို မစားသင့်ပေ။

စုန့်လူကြီးမင်းလည်း ထိုစကားကို ကြားလျှင် သူ၏ အစာအိမ်က ထိုမျှ နုနယ်ခြင်းမရှိကြောင်း ရယ်မော၍ ပြောဆိုချင်မိသွားရ၏။

ဆိုရလျှင် သူသည်ကား ယခင်ကလည်း ဟင်းအကျန်များကိုသာ အမြဲစားသုံးခဲ့တတ်ပေ၏။

တစ်ခါတစ်ရံ ကျန်းကျွင့်က နောက်ထပ်တစ်နပ်စာအတွက် ထပ်မံမချက်လိုသောကြောင့် မနက်ပိုင်းတွင်ပင် တစ်နေ့စာလုံးအတွက် ပြင်ဆင်ထားလေ့ရှိပြီး မွန်းတည့်ချိန်နှင့် ညနေပိုင်းတို့တွင် ထိုဟင်းများကိုသာ ပြန်နွှေးပေးလေ့ရှိ၏။

အကယ်၍ ညဘက်တွင် မကုန်သေးပါက နောက်တစ်နေ့ မနက်ပိုင်းအထိပင် ဆက်လက် စားသုံးရတတ်ပေသည်။

ထိုသို့ စားသုံးပြီးနောက် တစ်ခါတရံတွင် နေရထိုင်ရအနည်းငယ် ခက်ခဲတတ်ပြီး အရသာမှာလည်း သိပ်မကောင်းသော်လည်း ထူးထူးခြားခြားမည်သည့်အရာမှမဖြစ်ခဲ့သောကြောင့် သူသည်လည်း ကျန်းကျွင့်ကို ပူပူနွေးနွေးချက်ပေးရန် မတောင်းဆိုခဲ့မိချေ။

သို့သော် ယခုအချိန်တွင်တော့ လင်းရန်၏ စကားများကို နားထောင်ခဲ့ပြီးနောက် အဘယ်ကြောင့်မှန်းမသိပါဘဲ ထိုစကားများကို ပြန်လည်မပြောဆိုနိုင်တော့ချေ။

နောက်ဆုံးတွင် စုန့်လူကြီးမင်းက လင်းရန်ကို အဓိပ္ပာယ်အပြည့်ပါသည့်အကြည့်ဖြင့်သာ စိုက်ကြည့်လိုက်မိပြီး တုန်ယင်သောအသံဖြင့် ပြောလိုက်လေသည်။

“ရှောင်လင်း၊ မင်းကတော့ တကယ်ကို စိတ်ရင်းစေတနာ ကောင်းလွန်တာပဲ၊ တကယ်ကို...”

မမျှော်လင့်ဘဲ သူ့အနေဖြင့် အသက်အလွန်ကြီးလာသည့်အချိန်မှသာ အကောင်းဆုံးသော ဂရုစိုက်မှုကို ခံယူရရှိခဲ့သည်။

ထိုစိုးရိမ်ပူပန်မှုနှင့် ဂရုဏာတို့မှာလည်း သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သည့် ကျန်းကျွင့်ထံမှ မဟုတ်ဘဲ အကြိမ်အနည်းငယ်မျှသာ ဆုံဖူးသည့် သူစိမ်းတစ်ဦးထံမှ ရောက်လာခြင်းဖြစ်ပေ၏။

ဤသို့သော ကိစ္စမျိုးက ပြောရလျှင်ပင် ရယ်စရာကောင်းနေပေသည်။

လင်းရန်က စုန့်လူကြီးမင်း၏ မျက်ဝန်းအိမ်များ အနည်းငယ် နီရဲလာသည်ကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး သူ့ကို အပြုံးတစ်ခုဖြင့် ထိုင်ခိုင်းလိုက်လေ၏။

“ကျေးဇူးတင်စရာ မလိုပါဘူး၊ ချက်ပြုတ်တယ်ဆိုတာက ကျွန်မတို့အတွက် အကျွမ်းကျင်ဆုံး အလုပ်ပဲလေ၊ ဒါက အသီးအရွက် နည်းနည်းလောက် ပိုကြော်ပြီး ဟင်းနည်းနည်းပိုချက်လိုက်ရုံပါပဲ

စုန့်လူကြီးမင်း.. စကားတွေ အများကြီး မပြောဘဲ ဟင်းတွေမအေးခင် မြန်မြန်စားလိုက်ပါဦး”

စုန့်လူကြီးမင်းလည်း သူမ၏ စကားကို ကြားလျှင် ထပ်မပြောတော့ဘဲ ခေါင်းကိုငုံ့ကာ ငြိမ်သက်စွာ စားသောက်နေခဲ့တော့သည်။

ဤအစားအစာများမှာ အရသာရှိရုံသာမက စိတ်နှလုံးကိုပါ နွေးထွေးစေသောကြောင့် သူ့အနေဖြင့်လည်း သေသေချာချာ အရသာခံ၍ စားသောက်ရပေလိမ့်မည်။

စုန့်လူကြီးမင်းက နောက်ဆုံးတွင် ပူပူနွေးနွေး ထမင်းတစ်နပ်ကို စားနေခဲ့သည်ကို မြင်လျှင် အန်တီတုန်က တစ်ဘက်ရှိ မိတ်ဆွေဟောင်းများကို မျက်လုံးဖြင့် အမူအရာပြကာ ဧည့်ခန်းသို့ သွားရန် ပြောလိုက်လေသည်။

မိတ်ဆွေဟောင်းများမှာလည်း နှစ်ပေါင်းများစွာ အတူရှိခဲ့ကြသူများဖြစ်သောကြောင့် တစ်ဦး၏ အမူအရာကို တစ်ဦးက နားလည်နေခဲ့ကြပြီး တစ်ဖက်သို့ ရွှေ့သွားကြလေ၏။

စုန့်လူကြီးမင်း၏ အိမ်က အလွန်ကျယ်ဝန်းလွန်းသောကြောင့် ဧည့်ခန်းနှင့် ထမင်းစားခန်းမှာ အတော်လေး ဝေးကွာပေသည်။ အကယ်၍ ဧည့်ခန်းထဲတွင် တီးတိုးစကားပြောမည်ဆိုပါက ထမင်းစားခန်းမှ ကြားနိုင်မည် မဟုတ်ချေ။

အန်တီတုန်က တခြားသူများကို ခေါ်သွားသည့်အချိန်တွင် လင်းရန်နှင့် စားဖိုမှူးရှုန်းတို့ကိုလည်း ခေါ်ရန် မမေ့ခဲ့ပေ။

လင်းရန်တစ်ယောက် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင်တော့ လူကြီးများ ပြောလာမည့်စကားကို သိလိုသောကြောင့် လိုက်သွားရန် ဆုံးဖြတ်လိုက်လေသည်။

ထို့ကြောင့် နောက်ဆုံးတွင် စားဖိုမှူးရှုန်းတစ်ဦးတည်းသာ ထမင်းစားခန်း၌ စုန့်လူကြီးမင်းနှင့်အတူ ကျန်ရစ်ခဲ့တော့၏။

“စားဖိုမှူးလေးလင်း၊ လာပါဦး၊ ငါတို့ အစ်ကိုကြီးစုန့်ရဲ့ ကိစ္စကို အတူတူ တိုင်ပင်ကြရအောင်၊ မင်းက လူငယ်ဆိုတော့ အကြံဉာဏ်ကောင်းတွေ ရှိနေလောက်မှာပါ၊ ငါတို့တွေ အစ်ကိုကြီးစုန့်ကို ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ စဉ်းစားပေးပါဦး”

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အခြေအနေများအရ လင်းရန်သည်က ကြင်နာတတ်သူဖြစ်သကဲ့သို့ ထက်မြက်သူတစ်ဦးလည်းဖြစ်ကြောင်းကို လူတိုင်းက သိမြင်ထားကြပေသည်။

ထို့အပြင် သူမက စုန့်ကျစ်သယ်အပေါ် အမှန်တကယ် ဂရုစိုက်ပြီး လေးစားမှုရှိသည်ကိုလည်း မြင်တွေ့နေရသောကြောင့် ဤကိစ္စတွင် သူမ၏ ထင်မြင်ချက်နှင့် သဘောထားကို မေးမြန်းရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်၏။

ယနေ့ ဖြစ်ပျက်ခဲ့သည်များကို မြင်တွေ့ပြီးနောက် အန်တီတုန်နှင့် တခြားသူများမှာ ကျန်းကျွင့်အပေါ် အမြင်မကြည်လင် ဖြစ်နေခဲ့ကြပြီး စုန့်လူကြီးမင်းဘက်မှ ရပ်တည်၍ကူညီရန် နည်းလမ်းရှာကြလိမ့်မည်ကို လင်းရန် ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်ပေသည်။

ထိုအချက်ကို သူမအနေဖြင့် သေချာပေါက် ထောက်ခံပေ၏။

သို့သော် ထိုသို့မလုပ်ဆောင်မီ သူမ၌ အမြန်ဆုံးကိုင်တွယ်ရမည့် တခြားသော ကိစ္စရပ်များ ရှိနေသေးသည်။

အန်တီတုန်၏ စကားကို ကြားပြီးနောက် လင်းရန်က ရှုပ်ထွေးနေသည့် မျက်နှာအမူအရာဖြင့် သူတို့ကို ကြည့်လိုက်ကာ တုံ့ဆိုင်းစွာ မေးလိုက်လေ၏။

“အန်တီတုန်၊ ကျွန်မ သိပ်ပြီး ရှင်းရှင်းလင်းလင်းမရှိတဲ့ ကိစ္စတစ်ခု ရှိနေသေးတယ်”

“အာ.. ဘာကိစ္စလဲ၊ မေးလေ”

အန်တီတုန်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

သူမ၏စကားကို ကြားလျှင် လင်းရန် မေးမြန်းလိုက်သည်။

“အန်တီတုန်၊ စုန့်လူကြီးမင်းမှာ တကယ်ပဲ ဆွေမျိုးသားချင်းတွေ တစ်ယောက်မှ မရှိတော့တာလား၊

စုန့်လူကြီးမင်းက သူ့ရဲ့ဇာတိကနေ ထွက်ခွာလာတာ နှစ်ပေါင်းများစွာ ကြာပြီဆိုပေမဲ့ နောက်ပိုင်းမှာ တိုင်းပြည်က တည်ငြိမ်သွားပြီဆိုတော့ သူ့ရဲ့ဇာတိကို ပြန်သွားတဲ့ လမ်းကြောင်းကို ရှာဖွေလောက်မှာပဲ၊ ဒါကို ဘာမှမထူးခြားခဲ့ဘူးလား၊ သူ့မိသားစုကိုရော မတွေ့ခဲ့ဘူးလား”

လင်းရန်အနေဖြင့် စုန့်လူကြီးမင်း၏ အခြေအနေနှင့် ပတ်သက်ပြီး စားဖိုမှူးရှုန်းထံမှ ကြားသိခဲ့ဖူးသည်။ ထို့ကြောင့် ထိုသူမှာ နှစ်ပေါင်းများစွာကြာအောင် မိသားစုနှင့် ကွဲကွာနေခဲ့သည်ကိုလည်း သိရှိထားပြီးဖြစ်ပေ၏။ သို့သော်လည်း ပို၍ အသေးစိတ်ကျသော အချက်အလက်များကိုတော့ သူမ မသိရှိခဲ့ချေ။

အန်တီတုန်နှင့် တခြားသူများက စုန့်လူကြီးမင်းနှင့် နှစ်ရှည်လများ အိမ်နီးချင်းဖြစ်ခဲ့ကြရုံသာမက စုန့်လူကြီးမင်းနှင့်အတူ ပခုံးချင်းယှဉ်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်ရဲဘက်များ၊ မောင်နှမများလည်း ဖြစ်ကြသည့်အတွက် စုန့်လူကြီးမင်း၏ အခြေအနေကို ပို၍ အသေးစိတ် သိရှိကြပေလိမ့်မည်။

တကယ်တမ်းတွင် ဤကဲ့သို့သော ကိစ္စများကို စုန့်လူကြီးမင်းကိုယ်တိုင်ထံသို့ မေးမြန်းခြင်းက အကောင်းဆုံး ဖြစ်သော်လည်း ဤမေးခွန်းများက သူ၏ စိတ်ခံစားချက်ကို ထိခိုက်စေလိမ့်မည်။

အကယ်၍ သူသာ ထပ်မံ၍ ဒေါသထွက်ခြင်း သို့မဟုတ် စိတ်ထိခိုက်ခြင်း ဖြစ်သွားပါက ကြီးမားသောပြဿနာဖြစ်ပေါ်လာနိုင်ပေသည်။

ထို့ကြောင့် စုန့်ရှီးယန်၏ ဖခင်နှင့် စုန့်လူကြီးမင်းတို့၏ တော်စပ်မှုကို အမှန်တကယ် မအတည်ပြုနိုင်သေးမီအထိ လင်းရန်အနေဖြင့် စုန့်လူကြီးမင်းကို လျှို့ဝှက်ထားရန်သာ ဆုံးဖြတ်လိုက်လေ၏။

အန်တီတုန်က လင်းရန်၏ မေးခွန်းကို ကြားချိန်တွင် တခြားကိစ္စများကို စဉ်းစားမနေဘဲ လင်းရန်မှ စုန့်လူကြီးမင်းအကြောင်းကို မသိရှိသေးဟုသာ မှတ်ယူလိုက်သည်။

သူမက သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီးနောက် တိုးညင်းသော အသံဖြင့် ပြောပြလာလေ၏။

“သေချာပေါ့၊ အစောပိုင်း နှစ်တွေတုန်းကတော့ အစ်ကိုကြီးစုန့်ရဲ့ ခန္ဓာကိုယ်က တကယ့်ကို သန်သန်မာမာရှိခဲ့တယ်၊ သူက ပြေးနိုင်လွှားနိုင်၊ ခုန်နိုင်ပေါက်နိုင်တဲ့သူပဲ၊

ပြောရရင် သူ့ရဲ့ ကျန်းမာရေးက အခု လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်အတွင်းမှာမှ ရုတ်တရက်ကြီး ပြိုလဲသွားခဲ့တာ..”

သူ၏ ခန္ဓာကိုယ်နှင့် ကျန်းမာရေး အခြေအနေများ ဤမျှအထိ ရုတ်ခြည်း ဆိုးရွားသွားခဲ့ရသည့် အကြောင်းရင်းမှာ သူ၏ ဆွေမျိုးသားချင်းများကို လိုက်လံရှာဖွေခဲ့ခြင်းနှင့် တိုက်ရိုက် သက်ဆိုင်နေပေသည်။

စစ်ပွဲများ ပြီးဆုံးသွားခဲ့သည့် အချိန်ကတည်းက စုန့်ကျစ်သယ်အနေဖြင့် မနားခဲ့ဘဲ သူ၏ ဇာတိမြေသို့ အပြေးအလွှား သွားခဲ့လေ၏။

သို့သော် ကံဆိုးစွာဖြင့် သူ အိမ်သို့ ပြန်ရောက်သည့် အချိန်တွင် သူနှင့် သူ၏ ဇနီးသည်တို့ နေထိုင်ခဲ့သည့် အိမ်မှာ ပျက်စီးယိုယွင်းနေသော အုတ်ပုံတစ်ခုအဖြစ်သို့ ပြောင်းလဲနေခဲ့ပြီဖြစ်ကြောင်းကို တွေ့ရှိခဲ့ရသည်။

ထိုအချိန်က သူ၏ ဇာတိရွာမှာ ဆင်းရဲနွမ်းပါးလွန်းပြီး သူတို့သည်လည်း ဝါးဖြင့်မိုးထားသည့် အိမ်လေးများတွင်သာ နေထိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။

သူ ပြန်ရောက်လာသည့်အချိန်တွင် နှစ်ပေါင်းနှစ်ဆယ်၊ သုံးဆယ်ခန့်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်၍ ထိုအိမ်လေးမှာလည်း အမှိုက်ပုံတစ်ခု ဖြစ်နေခဲ့ပေပြီ။ ထို့အတူ ထိုနေရာတွင် လူတစ်ဦးတစ်ယောက်မျှ နေထိုင်ခဲ့ခြင်း မရှိသည်မှာလည်း ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သဲလွန်စများက ပြသနေခဲ့၏။

ပတ်ဝန်းကျင်ရှိ ဆွေမျိုးများမှာလည်း စစ်ပွဲအတွင်း မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်သွားကြပြီ ဖြစ်သည်။

သူ တစ်ချိန်က နေထိုင်ခဲ့ဖူးသော ရွာငယ်လေးကို ကြည့်လိုက်လျှင် သိကျွမ်းဖူးသူ တစ်ဦးတစ်ယောက်မျှ ကျန်ရှိမနေတော့ချေ။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူသည်က သူ၏ ဇနီးနှင့် သားသမီးများ အသက်ရှင်နေသေးသလား၊ သေဆုံးသွားပြီလား ဆိုသည်ကိုပင် အသေအချာ မသိနိုင်တော့သည့်အတွက် သူတို့၏ သဲလွန်စကို ရှာဖွေရန် ပို၍ပင် ခက်ခဲသွားရတော့သည်။

သို့ဖြစ်၍ နောက်ဆုံးတွင် စုန့်ကျစ်သယ်တစ်ယောက် ထိုဟောင်းနွမ်းနေသော အိမ်နေရာလေးကိုသာ သူ၏ နောက်ဆုံး မျှော်လင့်ချက်ခံတပ်အဖြစ် သတ်မှတ်လိုက်လေတော့၏။

အကယ်၍ သူ၏ဇနီးနှင့် သားသမီးတို့သာ အသက်ရှင်နေသေးပါက တစ်နေ့တွင် ဤနေရာသို့ ပြန်လာကြလိမ့်မည်ဟု သူက အမြဲတစေ အခိုင်အမာယုံကြည်ထားခဲ့သည်။

ထိုအချိန်တွင် သူ့အနေဖြင့် စစ်မြေပြင်သို့ ကိုယ်တိုင်သွားရောက်ကာ တိုက်ခိုက်ရန် မလိုအပ်တော့သော်လည်း သူ၏ ပုခုံးပေါ်တွင် ကြီးလေးသော တာဝန်များ ရှိနေသေးသည်။

ထို့အတွက် ဇနီးနှင့် သားသမီးတို့ ပြန်လာမည့်အချိန်ကို ထိုအိမ်လေးထဲတွင် ထိုင်၍ စောင့်ဆိုင်း၍မနေနိုင်ခဲ့ချေ။

ထို့ကြောင့် နောက်ဆုံးတွင် သူ့အနေဖြင့် အနီးအနား၌ ကျန်ရှိနေသေးသော အိမ်နီးချင်းဟောင်း တချို့ကိုသာ အကူအညီတောင်းခဲ့ရ၏။

အကယ်၍ ထူးခြားမှု တစ်စုံတစ်ရာ ရှိလာခဲ့ပါက သို့မဟုတ် တစ်စုံတစ်ယောက်ကသာ ထိုအိမ်လေးသို့ ပြန်လာပြီးရှာဖွေခဲ့ပါက သူ့ထံသို့ ချက်ချင်း အကြောင်းကြားပေးရန် မှာထားခဲ့လေသည်။

ဤနည်းအားဖြင့် စုန့်ကျစ်သယ်မှာ ထိုနှစ်များအတွင်း ဇာတိမြေတွင် ကိုယ်တိုင်မရှိနေခဲ့သော်လည်း သူ၏ စိတ်နှလုံးကတော့ ထိုနေရာ၌သာ အမြဲတစေ တွယ်ငြိနေခဲ့ပေသည်။

*

All Chapters