အခန်း (၃၁၅)
Vol. 32 Ch. 315
*အခန်း(315)
အန်တီတုန်က မတိုင်ခင်အချိန်မှ သူ၏ ရိုင်းစိုင်းသော အပြုအမူများအတွက် တမင်တကာ လက်စားချေနေခြင်းဖြစ်ကြောင်းကို ကျန်းကျွင့် သိရှိနေခဲ့သည်။
သို့သော်လည်း သူ့ဘက်မှ တစ်စုံတစ်ခု ထပ်မံပြောဆိုရန် ပြင်လိုက်ချိန်တွင် လင်းရန်က တမင်သက်သက်လား သို့မဟုတ် မတော်တဆလား မသိရဘဲ သူမ၏ အသံကို မြှင့်၍ ပြောလိုက်ပြန်သည်။
“အခု လူတိုင်းလည်း နေရာယူထားပြီးကြပြီဆိုတော့ ဟင်းတွေကို အရင်ဆုံး တည်ခင်းပေးလိုက်ပါ့မယ်၊ ဒီနေ့အတွက် အဘိုးရှုန်းနဲ့ ကျွန်မက အားလုံးအတွက် အရသာရှိတဲ့ အစားအစာတွေ အများကြီး ပြင်ဆင်ထားပါတယ်၊
အားလုံးပဲ သေချာပေါက် စိတ်ကျေနပ်ကြလိမ့်မယ်၊ မယုံဘူးဆိုရင် စုန့်လူကြီးမင်းကို မေးကြည့်လို့ ရတယ်နော်၊ သူက လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး ဟင်းအမယ်အားလုံးကို မြည်းစမ်းကြည့်ပြီးသားပဲ”
လင်းရန်က စကားလမ်းကြောင်းကို အောင်မြင်စွာ ပြောင်းလဲလိုက်နိုင်သောကြောင့် လူတိုင်း၏ အာရုံက သူမထံသို့ ရောက်ရှိသွားတော့သည်။
ဤနေရာသို့ ရောက်ရှိနေသူများမှာ အငြိမ်းစား ယူထားကြသော အရာရှိဟောင်းကြီးများ ဖြစ်ကြသောကြောင့် ယခုအချိန်တွင် နေ့စဉ်လုပ်စရာ အလုပ်မရှိဘဲ ဝါသနာအနည်းငယ်သာ ကျန်တော့သည်။
ထိုဝါသနာများအနက် စားသောက်ခြင်းမှာလည်း တစ်ခုအပါအဝင် ဖြစ်ပေသည်။ ထို့ကြောင့် လင်းရန်၏ “အရသာရှိသော အစားအစာများ” ဟူသည့် စကားက လူတိုင်းအား ချက်ချင်းပင် စိတ်ဝင်စားသွားစေတော့သည်။
“ဟေး.. ဒါဆိုရင်တော့ ငါတို့ စောင့်ရကျိုးနပ်ပြီပေါ့၊ ဟားဟားဟား”
“ဒီရက်ပိုင်းအတွက် စားဖိုမှူးလေး လင်းရန်နဲ့ စားဖိုမှူးရှုန်းတို့ အလုပ်ရှုပ်နေတာ ငါမြင်သားပဲ၊ ဘာတွေ လုပ်နေလဲတော့ မသိဘူး၊ ဘာပဲဖြစ်ဖြစ် အနံ့ကတော့ အတော်ကိုမွှေးတာ ငါဖြင့် တံတွေးတွေ မြိုနေရတာ ကြာလှပြီ!”
ထိုစကားများကို ကြားလျှင် စုန့်လူကြီးမင်းသည်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်က သူစားခဲ့ရသော အရသာရှိလှသည့် ဟင်းလျာများကို သတိရလိုက်ပြီးနောက် သူ၏ စိတ်မကောင်းဖြစ်နေမှုများမှာလည်း များစွာ သက်သာသွားခဲ့ရသည်။
သူက အပြုံးတစ်ခုနှင့် ဘေးနားရှိ မိတ်ဆွေဟောင်းကြီးများအား ပြောလိုက်၏။
“တကယ့်ကို ကောင်းမွန်တဲ့ ဟင်းတွေပါပဲ၊ ခဏနေရင် ခင်ဗျားတို့ သိကြပါလိမ့်မယ် ဟားဟား... ကောင်းပြီ လင်းရန်၊ ဒါဆိုရင် မင်းနဲ့ စားဖိုမှူးရှုန်းတို့ ဟင်းတွေကို တည်ခင်းပေးကြတော့လေ ၊ လူတိုင်း အတူတူ မြည်းစမ်းကြည့်ကြရအောင်!”
“အရသာရှိသော အစားအစာများ” ကြောင့် ပတ်ဝန်းကျင်၏ လေထုမှာ ရုတ်တရက် ပြန်လည် ကောင်းမွန်သွားခဲ့ရပြီး ဘေးနားတွင် ရှိနေသော ကျန်းကျွင့်မှာမူ သူတို့၏ ကြားဖြတ်မှုကြောင့် ပြောရန်ပြင်ထားသော စကားများကို ပြောခွင့်မရတော့ပေ။
အရေးအကြီးဆုံးအချက်မှာ သူ့၏ဘေးနားရှိ လူအားလုံးက သူ့ကို လုံးဝအဖက်မလုပ်တော့သည်ကို ကျန်းကျွင့် သတိပြုမိသွားခြင်းပင် ဖြစ်သည်။
လူတိုင်းက ကြိုတင်ချိန်းဆိုထားကြသည့်အလား သူ့ကို မရှိသည့်လူတစ်ယောက်ကဲ့သို့ သဘောထားကာ လျစ်လျူရှုလာခဲ့ကြသည်။
အခု သူဘာဆက်လုပ်ရဦးမှာလဲ။
ဤနေရာတွင် ဆက်လက်ရပ်နေရမည်လား၊ သို့မဟုတ် မတိုင်ခင်က ခံစားချက်အတိုင်းပင် လှည့်ထွက်သွားရမည်လား။
သို့သော် ယခုတစ်ကြိမ်တွင် သူ့ကို မည်သူမျှ အဖြေမပေးကြတော့ချေ။
စုန့်လူကြီးမင်းကိုယ်တိုင်ပင် သူ့အား ထပ်မံကြည့်ရှုရန် ဆန္ဒမရှိတော့ဘဲ သူသည်က တစ်ဖက်လူ၏ မျက်စိရှေ့မှ လုံးဝကွယ်ပျောက်သွားသကဲ့သို့ ပြုမူနေတော့သည်။
ကျန်းကျွင့်တစ်ယောက် အံကြိတ်ပြီး စုန့်လူကြီးမင်းအား ဒေါသထွက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူ၏အခန်းထဲသို့ လှည့်ဝင်သွားကာ လူတိုင်း၏ရှေ့တွင်ပင် တံခါးကို ဘုန်းခနဲ အသံမြည်အောင် ဆောင့်ပိတ်လိုက်လေတော့သည်။
ဧည့်ခန်းမထဲတွင်တော့ ကျန်းကျွင့် တံခါးဆောင့်ပိတ်လိုက်သည့် အချိန်တွင်သာ လူတိုင်းက တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားကြပြီးနောက် မည်သည့်အရာမျှမဖြစ်ခဲ့သည့်အလား စကားဝိုင်းကို ဆက်လက်ဆင်နွှဲကြလေသည်။
တံခါးကိုဆောင့်ပိတ်ပြီး စိတ်ကောက်ပြခြင်းမှာ ကလေးများသာ လုပ်တတ်သည့် အလုပ်မဟုတ်ပါလား။
ကျန်းကျွင့်သည်က အသက်လေးဆယ်နီးပါး ရှိနေသည့် အမျိုးသားတစ်ဦး ဖြစ်ပေသည်။ သူ့အနေဖြင့် သူတို့မှ သူ့ကို ကလေးတစ်ယောက်ကဲ့သို့ ချော့မြှူပေးမည်ဟု မျှော်လင့်နေသေးသည်လား။
သူ့ဘာသာသူ အိပ်ချင်ရင်လည်း အိပ်နေပါစေပေါ့။
ကျန်းကျွင့် မရှိတော့သည့်အချိန်တွင် ဧည့်ခန်းမတစ်ခုလုံး၏ လေထုက ရုတ်တရက်ပင် ပိုမိုပေါ့ပါးသွားပြီး စုန့်လူကြီးမင်းပင်လျှင် မသိမသာ သက်ပြင်းချကာ စိတ်သက်သာရာရသွားခဲ့သည်။
ကျန်းကျွင့်က စိတ်ကောက်နေခြင်းသာဖြစ်ပြီး အမှန်တကယ် ထွက်သွားလိမ့်မည်မဟုတ်ကြောင်းကို သူ ခန့်မှန်းထားခဲ့ပေသည်။
သို့သော်လည်း ဤမျှအထိ သောင်းကျန်းသွားခြင်းအပေါ်တွင် သူ့အနေဖြင့် စိတ်မသက်မသာ ဖြစ်မိရသည်။
ယခုအချိန်တွင် သူက ထွက်မသွားဘဲ အခန်းထဲသို့ ဝင်သွားခြင်းမှာ အလျှော့ပေးပြီး အမှားကို ဝန်ခံသည့် သဘောပင် ဖြစ်ချေ၏။
သူ့ကို အခန်းထဲမှာပဲ စိတ်တည်ငြိမ်သွားစေရန် ဦးစွာနေခိုင်းပြီး ကျန်သည့်ကိစ္စများကိုတော့ ယနေ့မွေးနေ့ပွဲ ပြီးဆုံးမှသာ ဆက်လက်ဆောင်ရွက်ရပေလိမ့်မည်။
စုန့်လူကြီးမင်းက သူ့ကို ဆက်လက်၍ မထိန်းချုပ်ချင်တော့သကဲ့သို့ မထိန်းချုပ်နိုင်တော့ဟုလည်း ခံစားနေရပေပြီ ။ကျန်းကျွင့် မရှိတော့သည့်နောက်တွင် စားသောက်ပွဲတစ်ခုလုံး၏ အခြေအနေက အလွန်ပင် တိုးတက်ကောင်းမွန်လာခဲ့သည်။
အထူးသဖြင့် လင်းရန်နှင့် စားဖိုမှူးရှုန်းတို့က ဟင်းလျာများကို တစ်မျိုးပြီးတစ်မျိုး တည်ခင်းလိုက်သည့်အချိန်တွင် ပွဲက အထွတ်အထိပ်သို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။
“ဟေး..ဒီဟင်းနာမည်က ဘာလဲ၊ ကြည့်ရတာလည်း အရမ်းလှတာပဲ!”
“ကြည့်ရတာ လှရုံတင် မဟုတ်ဘူး၊ အရသာကလည်း တကယ်ကို ကောင်းလွန်းတယ်!”
“ငါရဲ့ဘဝတစ်လျောက်လုံး လက်ရာမျိုးစုံ စားခဲ့ဖူးပေမဲ့ ဒီလောက်ကောင်းတဲ့ဟင်းမျိုးကိုတော့ တစ်ခါမှ မစားဖူးသေးဘူး၊ အိုက်ယား ငါ့ဘဝမှာ ဒါမျိုးကို စားလိုက်ရတာနဲ့တင် တန်နေပြီ၊ တကယ်ကို လုံလောက်သွားပြီ ဟားဟားဟား”
“ဒါတွေအားလုံးက အဘိုးကြီးစုန့်ရဲ့ ကျေးဇူးကြောင့်ပဲ၊ အဘိုးကြီးစုန့်ရဲ့ မွေးနေ့မို့လို့သာ ငါတို့တွေ ဒီလို ကောင်းမွန်တဲ့ လက်ရာမျိုးတွေကို စားရတာ၊ လာကြ လာကြ၊ အဘိုးကြီးစုန့်အတွက် ခွက်မြှောက်ကြရအောင်!”
ထိုစကားကို ကြားသည်နှင့် လူတိုင်းက သူတို့၏ရှေ့မှ ဂျင်ဆင်းစွပ်ပြုတ် ပန်းကန်များကို မြှောက်ကာ ဂုဏ်ပြုလိုက်ကြလေသည်။
ရောက်ရှိနေသူအားလုံးမှာ သက်ကြီးရွယ်အိုများ ဖြစ်သည့်အတွက် ဆေးလိပ်နှင့် အရက်ကို ဆရာဝန်များက တင်းကျပ်စွာ တားမြစ်ထားသောကြောင့် ယခုကဲ့သို့ နေ့ထူးနေ့မြတ်မျိုးတွင်ပင် အရက်အစား ဂျင်ဆင်းစွပ်ပြုတ်ဖြင့်သာ အစားထိုးကြရခြင်း ဖြစ်ပေသည်။
သို့သော်လည်း ကိစ္စမရှိပါချေ။ ပျော်ရွှင်ရန်အတွက် သောက်ကြခြင်းဖြစ်သောကြောင့် ဂျင်ဆင်းစွပ်ပြုတ်နှင့်လည်း ပျော်ရွှင်နိုင်ပေ၏။
မည်သို့ပင်ဖြစ်စေ ရလဒ်က တူညီပေသည်။
ဤစားပွဲဝိုင်းမှာ ဧည့်သည်ရော အိမ်ရှင်ပါ ကျေနပ်စရာကောင်းသော စားသောက်ပွဲကြီးတစ်ခုဟု ဆိုနိုင်ပေသည်။
အစားအသောက်ဆိုသည်က လူတို့၏ စိတ်နှလုံးကို အမြဲတစေ နှစ်သိမ့်ပေးနိုင်စွမ်း ရှိသည်။
ကောင်းမွန်သော ထမင်းတစ်နပ် စားလိုက်ရခြင်းကြောင့် သောကများစွာကို မေ့လျော့သွားစေနိုင်၏။
အပြင်ဘက်မှ ထွက်ပေါ်လာသော ရယ်မောသံများနှင့် စည်ကားစွာ ပြောဆိုသံများက အခန်းထဲရှိ ကျန်းကျွင့်အား ပိုမို၍ သနားစရာကောင်းကာ အထီးကျန်သူတစ်ဦးဖြစ်အောင် လုပ်ဆောင်နေသကဲ့သို့ ရှိနေသည်။
အထူးသဖြင့် ယခုအချိန်က နေ့လယ်စာ စားချိန်ဖြစ်နေပြီ မဟုတ်ပါလား။ သူသည်က မနက်ခင်းတစ်ခုလုံး ဧည့်ခံကျွေးမွေးရန် အလုပ်ရှုပ်ခဲ့ရသော်လည်း ရလဒ်အနေဖြင့် မနက်ခင်းတစ်ခုလုံးတွင် ဒေါသထွက်ခဲ့ရရုံသာမက အစားတစ်လုပ်ပင် စားခွင့်မရခဲ့ချေ။
ကျန်းကျွင့် ထိုသို့ တွေးတောရင်း ပို၍ပင် ဒေါသထွက်လာခဲ့လေသည်။
အပြင်ဘက်မှ ဟင်းရနံ့များက တံခါးအက်ကြောင်းများကြားမှတစ်ဆင့် အဆက်မပြတ် တိုးဝင်လာနေခဲ့ပေ၏။ ကျန်းကျွင့်တစ်ယောက် သူ၏ ဗိုက်ကိုဖိကာ တခြားသူများကိုသာ စိတ်ထဲမှ ကျိန်ဆဲနေခဲ့ရသည်။
နောက်ဆုံးတွင် လူတိုင်းက စားသောက်ပြီးစီးသွားသည့်အချိန်၌ မွန်းလွဲပိုင်း နှစ်နာရီဝန်းကျင်ခန့်ပင် ရှိနေခဲ့ပြီ။
စားသောက်ဝိုင်းတွင် ခေတ္တမျှ စကားပြောဆိုပြီးနောက် လူအများစုက ဖြည်းဖြည်းချင်း သိမ်းဆည်းကာ အိမ်သို့ ပြန်သွားခဲ့ကြလေသည်။
စုန့်လူကြီးမင်းနှင့် အရင်းနှီးဆုံးဖြစ်သော လူအနည်းငယ်သာ ကျန်ရစ်ခဲ့ပြီး သူနှင့်အတူ ဆက်လက်စကားပြောရန် စီစဉ်နေခဲ့ကြသည်။
ထိုကျန်ရစ်ခဲ့သူများထဲတွင် အန်တီတုန်လည်း ပါဝင်ပေသည်။ သို့သော် အန်တီတုန်က သူမ၏ ဆန္ဒအရအလိုအလျောက် ကျန်ရစ်ခဲ့ခြင်းမျိုးမဟုတ်ဘဲ စုန့်လူကြီးမင်းကိုယ်တိုင် တောင်းဆိုသောကြောင့်သာ နေခဲ့ခြင်းဖြစ်၏။
မည်သို့ပင်ဆိုစေ အန်တီတုန် ပြောခဲ့သောစကားများမှာ စေတနာနှင့် ပြောခဲ့ခြင်းသာဖြစ်ပြီး ထိုမိန်းကလေး၏ အခြေအနေမှာလည်း အမှန်တကယ်ပင် ကောင်းမွန်နေခဲ့သည်။
ကျန်းကျွင့်ကဲ့သို့ အလိုက်မသိသူနှင့် တွေ့ဆုံရလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ ထိုသူက ကျေးဇူးတင်စကားပြောမည့်အစား ရိုင်းစိုင်းစွာပင် ပြုမူခဲ့သည်။
ထို့ကြောင့် အိမ်ရှင်ဖြစ်သူ စုန့်လူကြီးမင်းအနေဖြင့် အန်တီတုန်ကို အလေးအနက် တောင်းပန်ရန် လိုအပ်သည်ဟု ခံယူထားခဲ့သည်။
ဆိုရလျှင် အန်တီတုန်သည်လည်း စုန့်လူကြီးမင်းက အဘယ်ကြောင့် သူမကို ခေါ်ထားခြင်းဖြစ်ကြောင်းကို သိရှိခဲ့သည်ပင်။
သူမအနေဖြင့် ထိုကိစ္စကို အစကတည်းက အလေးအနက်မထားခဲ့ပေ။ ထို့အပြင် ရိုင်းစိုင်းစွာ ပြောဆိုခဲ့သူက စုန့်လူကြီးမင်းမဟုတ်ဘဲ ကျန်းကျွင့်သာ ဖြစ်ပေ၏။
အကယ်၍ အပြစ်တင်လိုလျှင် ကျန်းကျွင့်ကိုသာ အပြစ်တင်ရပေလိမ့်မည်။ ထို့ကြောင့် တောင်းပန်ခြင်းကိုလည်း ကျန်းကျွင့်ကိုယ်တိုင်သာ လုပ်ဆောင်သင့်သည်ဟု သူမ ထင်မြင်မိသည်။
သို့သော်လည်း အန်တီတုန်တွင်လည်း စုန့်လူကြီးမင်းကို ပြောပြစရာ ကိစ္စများရှိနေသေးသောကြောင့် နောက်ဆုံးတွင် ကျန်ရစ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။
သူမ ပြောပြချင်သည့်စကားများက အလွန်ရိုးရှင်းပေသည်။ ယနေ့တွင် ကျန်းကျွင့်နှင့် စုန့်လူကြီးမင်းတို့ကြားတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို သူတို့ မြင်တွေ့ရသည်။
ထို့အပြင် လွန်ခဲ့သောရက်ပိုင်းက ကျန်းကျွင့်မှ စုန့်လူကြီးမင်းကို ကောင်းမွန်စွာ မစောင့်ရှောက်နိုင်သောကြောင့် စုန့်လူကြီးမင်းက ကြမ်းပြင်ပေါ်၌ သတိလစ်လဲကျနေသည်ကိုပင် မည်သူမျှ မသိရှိခဲ့ပေ။
ထိုအချက်များကို တွေးတောမိပြီးနောက် သူမအနေဖြင့် အကြံတစ်ခုပေးချင်နေခဲ့လေ၏။ယခင်က သူတို့သားအဖနှစ်ဦး၏ကြားမှ ဆက်ဆံရေးမှာ အဆင်ပြေနေသည်ဟု ထင်ထားခဲ့သောကြောင့် ဝင်ရောက်ပြောဆိုပါက လူဆိုးဖြစ်သွားမည်ကို သူမ စိုးရိမ်ခဲ့ရ၏။
သို့သော် ယနေ့အခြေအနေကို ကြည့်ခြင်းအားဖြင့် သူမအနေဖြင့် လူဆိုးအဖြစ် အထင်ခံရလျှင်ပင် တစ်စုံတစ်ခုကိုတော့ သေချာပေါက် ပြောပြရပေလိမ့်မည်။