အခန်း (၃၁၆)
Vol. 32 Ch. 316
*အခန်း(316)
ဧည့်ခန်းထဲတွင် လူအနည်းငယ်သာ ကျန်တော့သည့်အချိန်တွင် လင်းရန်နှင့် စားဖိုမှူးရှုန်းတို့သည်လည်း စားပွဲဝိုင်းများကို ရှင်းလင်းရန်အတွက် မီးဖိုချောင်ထဲမှ ထွက်လာခဲ့ကြသည်။
နေရာတွင် ရှိနေကြသောသူအားလုံးမှာလင်းရန်နှင့် စားဖိုမှူးရှုန်းတို့ထက် အသက်အရွယ်ကြီးရင့်သော ဝါရင့်ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြလေသည်။
ထို့ကြောင့် လင်းရန်တို့၏ ချက်ပြုတ်ရန်သဘောတူညီချက်များတွင် ပန်းကန်ဆေးခြင်းနှင့် စားပွဲရှင်းခြင်းတို့ မပါဝင်သော်လည်း သူတို့နှစ်ဦးလုံးက အလိုက်တသိဖြင့်ပင် သိမ်းဆည်းပေးခဲ့ကြလေသည်။
သူတို့အနေဖြင့် စုန့်လူကြီးမင်းတို့ကဲ့သို့ ပုဂ္ဂိုလ်ကြီးများမှ ပစ္စည်းများကို ကိုယ်တိုင်သိမ်းဆည်းနေသည်ကို ထိုင်ကြည့်နေရန်မှာ မဖြစ်နိုင်ပါချေ။
စုန့်လူကြီးမင်းသည်လည်း သူတို့၏လုပ်ဆောင်မှုကိုမြင်လျှင် အားနာစွာဖြင့် မလုပ်ရန်ပြောဆိုခဲ့သော်လည်း စားဖိုမှူးရှုန်းနှင့် လင်းရန်တို့က ပြတ်သားစွာငြင်းပယ်ခဲ့သည်။
သူတို့က ထိုလူကြီးမင်းများကို အလုပ်တစ်ခုမှ မလုပ်စေခဲ့ဘဲ သူတို့ဘာသာ သိမ်းဆည်းကြလေသည်။
နောက်ဆုံးတွင် စုန့်လူကြီးမင်းသည်လည်း မတတ်နိုင်တော့သည့်အတွက် စားဖိုမှူးရှုန်းနှင့် လင်းရန်ကို ထပ်မံကျေးဇူးတင်စကားဆိုကာ သူတို့ သိမ်းဆည်းနေသည်ကိုသာ ကြည့်နေခဲ့ရတော့သည်။
သို့သော် စုန့်လူကြီးမင်းအနေဖြင့် ပါးစပ်ဖြင့် ကျေးဇူးတင်ရုံဖြင့် မလုံလောက်ကြောင်း တွေးမိသည်။
သူ့အနေဖြင့် စားဖိုမှူးရှုန်းနှင့် လင်းရန်တို့ ပြန်မည့်အချိန်တွင် လက်တွေ့ကျသော ကျေးဇူးတုံ့ပြန်သည့် လက်ဆောင်များကို ထပ်မံပေးအပ်ရန် တွေးတောထားခဲ့လေသည်။
သူတို့နှစ်ဦး ပစ္စည်းများကို သိမ်းဆည်းနေချိန်တွင် စုန့်လူကြီးမင်းနှင့် ကျန်ရှိနေသူများက သူတို့၏စကားဝိုင်းကို ဆက်လက်ပြောဆိုနေခဲ့ကြလေ၏။
အန်တီတုန်က ဤအခွင့်အရေးကို သုံးကာ သူမပြောချင်သည့်စကားများကိုသမျှကို အလျင်အမြန်ပင် ပြောခဲ့လေ၏။
“အစ်ကိုကြီးစုန့်၊ ပြောရရင် ရှင့်ရဲ့ ကျန်းကျွင့်က နေ့တိုင်း အိမ်ထဲမှာပဲ အောင်းနေတာကြာသွားလို့ ထင်ပါတယ်၊ လူဆိုတာက .. အထူးသဖြင့် အရွယ်ရောက်ပြီးယောက်ျားတစ်ယောက်က အိမ်ထဲမှာပဲ အမြဲတမ်းနေရင် အဆင်မပြေဘူးလေ
ကြည့်လိုက်ပါလား၊ ဒီလိုနဲ့ ကြာလာတော့ စိတ်သဘောထားရော အမြင်တွေပါ သေးသိမ်လာပြီ၊ ကျွန်မလို မိန်းမကြီးတစ်ယောက်လောက်တောင် စိတ်သဘောထား မကြီးနိုင်တော့ဘူး”
အန်တီတုန်က အထင်သေးသော အမူအရာဖြင့် ပြောလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ယနေ့ဖြစ်ရပ်ပြီးနောက်တွင် ကျန်းကျွင့်အပေါ်တွင်ရှိနေသော သူမ၏ မကျေနပ်မှုကို ဖုံးကွယ်ထားရန် အစီအစဉ်မရှိတော့ပေ။
သူမ၏ စိတ်ထဲတွင်ရှိနေသည့်အတိုင်း ဝေဖန်ပြောဆိုတော့မည် ဖြစ်ပေ၏။ စုန့်လူကြီးမင်းလည်း ထိုစကားကိုကြားလျှင် သက်ပြင်းကိုသာ အလေးအနက် ချလိုက်မိသည်။
“မင်းပြောတာလည်း မှန်ပါတယ်၊ ဒီကလေးက အခုဆိုရင် ပိုပြီးတော့ အဆင့်အတန်းမရှိသလို ဖြစ်လာပြီ၊ သူ့ကို အပြင်လောကထဲကို လွှတ်ပြီး အတွေ့အကြုံယူခိုင်းဖို့ အချိန်တန်ပြီ၊
မဟုတ်ရင် နောက်ပိုင်းမှာ သူ့ရဲ့ စိတ်သဘောထားက ပိုပြီးတော့ ကျဉ်းမြောင်းသွားလိမ့်မယ်”
မွန်းတည့်ချိန်လောက်က ကျန်းကျွင့် ပြောခဲ့သော စကားများမှာ တခြားသူများအမြင်တွင် ဒေါသကြောင့် မတွေးတောဘဲပြောလိုက်ခြင်းဟူ၍ ထင်နိုင်ပေသည်။
သို့သော်လည်း စုန့်လူကြီးမင်းအနေဖြင့် ထိုအချိန်က သူပြောခဲ့သမျှစကားများက သူ့၏စိတ်ထဲတွင်ရှိနေသော စကားများသာဖြစ်ကြောင်းကို ကောင်းစွာ သိရှိနေခဲ့သည်။
အကယ်၍ ကျန်းကျွင့်သာ ထိုအချိန်၌ အမှန်တကယ် ထွက်သွားခဲ့လျှင် စုန့်လူကြီးမင်းအနေဖြင့် တစ်စုံတစ်ရာကို ပြောဆိုလိမ့်မည်မဟုတ်သည့်အပြင် ကျန်းကျွင့်ထံတွင် မာန်မာနရှိသေးသည်ဟုပင် ထင်မြင်မိပေလိမ့်မည်။
သို့သော်လည်း...
သူ မျက်လုံးထောင့်မှနေ၍ ကျန်းကျွင့်၏ ပိတ်ထားသော တံခါးကို လှမ်းကြည့်လိုက်မိသည်။ ယခုအချိန်တွင် စုန့်လူကြီးမင်းအနေဖြင့် ထိုတံခါးကိုကြည့်ရင်း ကျန်းကျွင့်၏ ရှောင်လွှဲလိုသော စိတ်ဓာတ်ကို ရုတ်တရက် နားလည်သွားခဲ့ရသည်။
ဤအတိုင်း ဆက်သွား၍ မဖြစ်တော့ပေ။
အကယ်၍ သူ့ဘက်မှသာ စိတ်နုပြီး ကျန်းကျွင့်ကို ထပ်မံအလိုလိုက်နေဦးမည်ဆိုပါက ဤကလေးမှာ အမှန်တကယ်ပင် အသုံးမကျသူဖြစ်သွားပေတော့မည်။
ထိုအချိန်တွင် မည်သူမျှ ကူညီ၍ရတော့မည် မဟုတ်ချေ။
“ကောင်းပြီ၊ ဒီကိစ္စကို ငါ အလေးအနက် စဉ်းစားပါ့မယ်၊ ဒါပေမဲ့ သူနဲ့ ဘယ်လိုအလုပ်မျိုးက သင့်တော်မလဲဆိုတာတော့ မသိသေးဘူး”
စုန့်လူကြီးမင်းက မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းကျွင့်အတွက် အလုပ်အကိုင်အကြောင်းကို စတင်စဉ်းစားနေခဲ့လေ၏။
အန်တီတုန်လည်း သူ၏စကားကိုကြားလျှင် တိုက်ရိုက်ပင် ပြောလိုက်သည်။
“ရှင်က ဒီကိစ္စတွေအထိ ဘာလို့ လိုက်ပြီးပန်ပူနေရတာလဲ၊ သူက အမျိုးသား တစ်ယောက်ပဲ၊ ရှင့်ဘက်ကနေ သူ့အတွက် အလုပ်ရှာပေးပြီး အကုန်လုံးကို လိုက်စီစဉ်ပေးနေရဦးမှာလား
အဲဒါဆိုရင် ဘာတွေများထူးခြားနေဦးမှာလဲ၊ အဲဒီအစား သူ့ကို အိမ်မှာပဲ ဒီအတိုင်း အလကားနေခိုင်းလိုက်တာကမှ ပိုကောင်းနေဦးမယ်”
ကျန်းကျွင့်ကဲ့သို့ လေ့ကျင့်မှုကို အရေးတကြီး လိုအပ်နေသူများကို မဆိုထားနှင့်။ သူတို့၏ သားသမီးများပင်လျှင် လူမှုပတ်ဝန်းကျင်သို့ စတင်ဝင်ရောက်ချိန်က သူတို့၏ကိုယ်ပိုင်ခြေထောက်ပေါ်တွင်သာ ရပ်တည်ခဲ့ကြခြင်းဖြစ်သည်။သူတို့ထံတွင် အထက်သို့တက်လှမ်းနိုင်သော အရည်အချင်းရှိနေတတ်သည်။ နောက်ဆုံး အခွင့်အလမ်း လုံးဝ မရှိသည့်အချိန်မျိုးတွင်မှသာ မိသားစုဝင်များက သူတို့၏ဆက်ဆံရေးကို အသုံးချပြီး ကူညီပေးလေ့ရှိကြသည်။
ကျန်ရှိသည့်အချိန်များတွင်တော့ သူတို့၏ ကြိုးစားအားထုတ်မှုအပေါ်၌သာ မူတည်ပေသည်။
အကယ်၍ စုန့်လူကြီးမင်းကသာ ကျန်းကျွင့်၏ အလုပ်အကိုင်ရှာဖွေရေးတွင် ဝင်ရောက်စွက်ဖက်နေဦးမည်ဆိုပါက ဤကိစ္စကို ဆက်မပြောခြင်းက ပို၍ကောင်းပေလိမ့်မည်။
စုန့်လူကြီးမင်းလည်း သူမ၏စကားကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားရပြီး သူ၏အမှားကို ချက်ချင်းပင် ဝန်ခံလိုက်တော့သည်။
“မင်းပြောတာ အမှန်ပဲ၊ ငါလည်း နောက်ဆိုရင်တော့ ဒီအကျင့်ကို ဖျောက်ပြီး သူ့ဘာသာသူ လုပ်ခိုင်းရတော့မယ်”
“ဒီလိုမှပေါ့”
စုန့်လူကြီးမင်းနှင့် အန်တီတုန်တို့က ဤအကြောင်းများကို ဆက်လက်ပြီး ဆွေးနွေးနေခဲ့ကြလေသည်။
စားပွဲများကို ရှင်းလင်းနေသော လင်းရန်သည်လည်း ထိုစကားများကို ကြားနေခဲ့ရ၏။ စုန့်လူကြီးမင်းက အန်တီတုန်၏စကားကို လက်ခံကာ ကျန်းကျွင့်ကို ကိုယ်တိုင်ရပ်တည်ခိုင်းရန် စီစဉ်နေသည်ကို ကြားလျှင် သူမမှာ ရုတ်တရက် ရယ်မောချင်စိတ် ဖြစ်ပေါ်လာရသည်။
ကျန်းကျွင့်၏ အပြုအမူတို့နှင့်ဆိုပါက နောက်ဘဝသို့ရောက်လျှင်ပင် သူ့အတွက် အလုပ်ကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။
အထူးသဖြင့် မတိုင်မီက လူအများရှေ့တွင် အန်တီတုန်ကို အော်ဟစ်ရဲသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ အအစစ်မှန်စရိုက်က မည်မျှအထိ မောက်မာရိုင်းစိုင်းပြီး စည်းမဲ့ကမ်းမဲ့ ရှိနေကြောင်းကို သူမ ခန့်မှန်းနိုင်ပေသည်။
ဤသို့သောလူမျိုးက “လုပ်ငန်းခွင်အသစ်”သို့ ဝင်ရောက်မည်ဆိုပါက လုပ်ငန်းခွင်သို့ မဝင်ရောက်နိုင်မီကတည်းက ဝါရင့်ဝန်ထမ်းများ၏ အမုန်းကို ခံရပေလိမ့်မည်။ သို့မဟုတ်ပါက လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်မည့် လမ်းကိုပင် ရှာမတွေ့နိုင်ခြင်းလည်းဖြစ်နိုင်သည်။
အတိုချုပ်ပြောရလျှင် သူသည်က သာမန်လုပ်ငန်းခွင်တစ်ခု၌ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။
သူကဲ့သို့သော လူစားမျိုးကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ လောကကြီးက မည်မျှအထိ ရက်စက်ကြမ်းကြုတ်ကြောင်းကို သိရှိနားလည်သွားစေရန်အတွက် ဒုက္ခနှင့် ရင်ဆိုင်စေခြင်းသာ ဖြစ်ပေ၏။
ထိုအချိန်မှသာ ပြောင်းလဲမှုများ ရှိလာနိုင်ပေလိမ့်မည်။
သို့ဖြစ်၍ ယခုအချိန်တွင် အဓိကအကျဆုံးအချက်မှာ စုန့်လူကြီးမင်းအနေဖြင့် ထိုမျှအထိ ရက်စက်စွာ ဆုံးဖြတ်နိုင်မည်လားဟူသည့် အချက်ပင် ဖြစ်သည်။
လင်းရန်၏ သဘောထားမှာလည်း အန်တီတုန်နှင့်တူညီပေ၏။
“အစ်ကိုကြီးစုန့်၊ ဒီတစ်ကြိမ်မှာတော့ ရှင့်အနေနဲ့ သေချာပေါက်ပြတ်သားရလိမ့်မယ်၊ မဟုတ်ရင် ကျန်းကျွင့်က နောက်ပိုင်းမှာ သူ့ကိုယ်သူ ပြုပြင်နိုင်တော့မှာ မဟုတ်ဘူး”
စုန့်လူကြီးမင်းလည်း ခေါင်းကိုညိတ်လိုက်လေ၏။
“စိတ်ချပါ၊ ဘာတွေလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ ငါ သိပါတယ်”
မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် စိတ်သဘောထားကို နူးညံ့လွန်းနေ၍ မရတော့ပေ။
နောက်ပိုင်းတွင် ထိုလူတစ်စုက မည်သည့်အကြောင်းအရာများကို ဆက်လက်ပြောဆိုနေကြသည်ကို မသိရတော့ပါချေ။
လင်းရန်နှင့် စားဖိုမှူးရှုန်းတို့က အရာအားလုံးကို သိမ်းဆည်းသန့်ရှင်းပြီးသွားသည့်အချိန်တွင် တခြားလူများက ပြန်သွားကြပြီ ဖြစ်ပေသည်။
စုန့်လူကြီးမင်းသည်ကား ဧည့်ခန်းအတွင်း၌ မတ်တတ်ရပ်ကာ သူတို့နှစ်ဦးကို နွေးထွေးကြင်နာသောအပြုံးဖြင့် ကြည့်နေချေ၏။
“ဒီနေ့ မင်းတို့နှစ်ယောက် တကယ်ကို ပင်ပန်းသွားကြပြီ၊ ဟင်းချက်တာရော၊ ချက်ပြီးတော့ သိမ်းဆည်းတာတွေရော အကုန်လုံးကို လုပ်ပေးခဲ့ကြတာပဲ၊ ငါ မင်းတို့ကို ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး”
“ဘာအတွက် ကျေးဇူးတင်နေဦးမှာလဲ ၊ စုန့်လူကြီးမင်းတို့လို သူရဲကောင်းတစ်ယောက်အတွက် ဟင်းချက်ပေးခွင့်ရတာကကို ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ”
စားဖိုမှူးရှုန်းကလည်း စုန့်လူကြီးမင်းကို အပြုံးတစ်ခုနှင့် ပြန်ပြောခဲ့သည်။
“ဟားဟား.. ဂုဏ်ယူစရာလို့တော့ မပြောပါနဲ့၊ ငါက အသုံးမကျတဲ့ အဘိုးကြီးတစ်ယောက်ပါပဲ၊ ငါ့ အဆင့်အတန်းတွေကို ဂရုစိုက်နေစရာ မလိုပါဘူး”
သူတို့နှစ်ဦး အပြန်အလှန် ယဉ်ကျေးစွာ စကားပြောပြီးနောက် စုန့်လူကြီးမင်းက သူကြိုတင်ပြင်ဆင်ထားသော အရာများကို ထုတ်ယူလိုက်လေသည်။
“စားဖိုမှူးရှုန်း၊ စားဖိုမှူးလေး လင်းရန်၊ ဒါက ငါ့ရဲ့ ကျေးဇူးတင်တဲ့အနေနဲ့လက်ဆောင်လေးတွေပါ၊ ဒီနေ့ ဒီကိုလာပြီး ငါတို့အတွက် အရသာရှိတဲ့ ဟင်းလျာတွေ ချက်ပေးခဲ့လို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်
ဒါက နိုင်ငံတော်ကပေးတဲ့ အခကြေးငွေနဲ့ မဆိုင်ပါဘူး၊ ငါ့ရဲ့ စေတနာသက်သက်ပါပဲ”
“ပြီးတော့ ဒါက အဖိုးတန်တဲ့ အရာမျိုးလည်း မဟုတ်ပါဘူး၊ ဒီတော့ အားမနာဘဲ လက်ခံပေးကြပါဦး”
စုန့်လူကြီးမင်း၏ စကားအဆုံးတွင် စားဖိုမှူးရှုန်းနှင့် လင်းရန်တို့က တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။
ဤ “လက်ဆောင်” ကို လက်ခံရန်အတွက် သူတို့ အားနာနေကြသော်လည်း စုန့်လူကြီးမင်း၏ မျှော်လင့်တကြီး ကြည့်နေသော မျက်ဝန်းများကြောင့် နောက်ဆုံးတွင် လက်ခံလိုက်ကြရတော့သည်။
စုန့်လူကြီးမင်းက အလျင်စလို ပြင်ဆင်ခဲ့ခြင်းဖြစ်သော်လည်း အလွန်ပင် လက်တွေ့ကျကြောင်း တွေ့ရပေသည်။စားဖိုမှူးရှုန်းကို ပေးလိုက်သည်မှာစာအိတ်နီကြီး တစ်ခုဖြစ်၏။ အနည်းဆုံး ယွမ်ငါးဆယ်ခန့် ရှိနေလိမ့်မည်ဟု ခန့်မှန်းရပြီး အလွန်ပင် ရက်ရောသောပမာဏလည်း ဖြစ်ပေသည်။
လင်းရန်ကို ပေးလာသော လက်ဆောင်မှာလည်း စာအိတ်နီပင် ဖြစ်သော်လည်း ထိုအထဲတွင်တော့ နောက်ထပ် ပစ္စည်းတစ်ခု ပိုနေခဲ့လေ၏။