← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

12

"သွားပြီ ဒီကောင်ကလေ့ကျင့်ထားတဲ့ကောင်ပဲ၊ ဓားကိုင်ပုံက နည်းစနစ်ကျလွန်းတယ်"

​ကောင်းချောင်မျက်နှာပျက်သွားပြီး ခါးကြားမှ သေနတ်ဆီသို့ လက်ရောက်သွားသည်။ သေနတ်ပစ်ဖောက်ခြင်း(မိုး ပေါ်ထောင်ပစ်တာ)မှာ ကိစ္စကြီးတစ်ခုဖြစ်သော်လည်း ချင်ရန့်အသက်အန္တရာယ်ရှိနေပါက ကောင်းချောင် ပစ်ရတော့မည်။ သို့မှသာ ချင်ရန့်အသက်ကို အာမခံနိုင်ပေမည်။ သို့သော် သေနတ်ထုတ်လျှင်ပင် နောက်ကျသွားနိုင်သည့် အနေအထားဖြစ်နေသည်။ ကျောက်လုံ၏ဓားမှာ ချင်ရန့်ရင်ဘတ်အားထိုးစိုက်ရန် လက်မအနည်းငယ်သာ လိုတော့သည်။

ထိုစိုးရိမ်စရာကောင်းသောအချိန်တွင် အားလုံး၏ စိုးထိတ်နေသောအကြည့်များအောက်၌ ချင်ရန်သည် အနောက်သို့လျင်မြန်စွာ နှစ်လှမ်းဆုတ်လိုက်ပြီး ကျောက်လုံ၏သေစေနိုင်သော ဓားချက်ကို သီသီလေးရှောင်တိမ်းလိုက်နိုင်၏။

​"အိုး ဒီကောင်လေးကအစွမ်းရှိတာပဲ"

​ကျောက်လုံ ဓားချက်လွဲသွားသဖြင့် မျက်နှာထားအနည်းငယ် ပြောင်းသွားသည်။ သူချက်ချင်းပင် နောက်ထပ်ဓားချက်တစ်ချက်ကို ထပ်မံထိုးစိုက်ကာ တန်ပြန်တိုက်စစ်ဆင်လိုက်၏။

*​ရွှပ်*

​ထိုအချိန်မှာပင် တင်းတယုံဓားကလည်း ဝှေ့ယမ်းကာ ရောက်လာသည်။ ချင်ရန် သူ့ညာလက်ကိုဆန့်ထုတ်ကာ တင်းတယုံလက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး တစ်ချက်တည်းနှင့် လမ်းကြောင်းလွှဲလိုက်၏။ တင်းတယုံမှာ အရှိန်ပြင်းပြင်းနှင့်ထိုးစိုက်လိုက်ချိန်ဖြစ်သဖြင့် ချင်ရန် လမ်းကြောင်းပြောင်းလိုက်သော ဓားဦးမှာ သူ့ဘေးနားရှိကျောက်လုံဆီသို့ ဦးတည်သွားတော့သည်။

​"သောက်ကျိုးနည်း"

​တင်းတယုံထိတ်လန့်သွားပြီး လက်အားပြန်ရုတ်ရန် ကြိုးစားသော်လည်း အားကုန်သုံးထားသဖြင့် လက်ကို အချိန်မီမဆွဲနိုင်တော့ပေ။ ကျောက်လုံလည်း တစ်ခုခုမှားနေပြီမှန်း သိလိုက်သည်။ သူငုံ့ကြည့်လိုက်သည့်အခါ တင်းတယုံဓားမှာ သူ့ဆီသို့ဦးတည်လာသည်ကို မြင်လိုက်ရ၏။ သူ မျက်လုံးပြူးသွားပြီး *တင်းတယုံ ဘာလုပ်နေတာလဲ၊ ငါ့ကို ဘာလို့ပြန်လှည့်တိုက်နေတာလဲ*ဟု တွေးလိုက်မိသည်။ ကံကောင်းသည်မှာ ကျောက်လုံသည် တိုက်ရည်ခိုက်ရည်ရှိသူဖြစ်သဖြင့် အချိန်မီ ရှောင်တိမ်းနိုင်ခဲ့၏။ ထို့နောက်နှစ်ယောက်သား ချင်ရန်၏သေစေနိုင်သောချက်ကောင်းများအား ဦးတည်ကာ အဆက်မပြတ်တိုက်ခိုက်ကြတော့သည်။ ကောင်းချောင်နှင့် အဖွဲ့သားများ အနားသို့ရောက်လာကြပြီပင်။ သေနတ်ဖြင့် သူပစ်လိုက်ချင်သော်လည်း ချင်ရန်နှင့်တရားခံနှစ်ဦးမှာ လုံးထွေးနေသဖြင့် မတော်တဆချင်ရန်ကို ထိသွားမည်စိုးရာ သေနတ်မထုတ်ရဲပေ။

​"သေနတ်မသုံးနဲ့၊ နံပါတ်တုတ်တွေ ထုတ်ကြ"

​ကောင်းချောင် တိုးတိုးလေးအမိန့်ပေးကာ သူ့နံပါတ်တုတ်ကို အရင်ဆုံးထုတ်ပြီး တင်းတယုံတို့ဆီ ပြေးဝင်သွားသည်။ သို့သော် ထိုအချိန်မှာပင်

​ဘုန်း!!

​ချင်ရန် လှပသောဘေးတိုက်ကန်ချက်တစ်ချက်ဖြင့် ကျောက်လုံ၏ဓားကိုင်ထားသော လက်ကောက်ဝတ်ကို အရှိန်ပြင်းပြင်း ကန်ထည့်လိုက်ရာ ဓားမြှောင်မှာ လေထဲသို့လွင့်စဉ်သွားပြီး မြေပေါ်သို့ တောက်ကနဲကျသွားတော့သည်။

​"အား"

​ကျောက်လုံမျက်နှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ ကျောက်လုံ၏ဓားကန်ထုတ်ခံလိုက်ရသဖြင့် တင်းတယုံမှာ ပို၍ပင်အားကိုးရာမဲ့သွား၏။ တင်းတယုံဆိုသည်မှာ ရိုးရိုးပြောရလျှင် ဘာနည်းစနစ်မှမရှိသော လူမိုက်တစ်ဦးသာ ဖြစ်သည်။

​ဘုန်း ဘုန်း

​ချင်ရန်လျှပ်စီးကဲ့သို့ မြန်ဆန်သောကန်ချက်နှစ်ချက်ထပ်ကျွေးလိုက်ရာ တင်းတယုံပါမြေပေါ်သို့ လဲကျသွားတော့သည်။ ထိုစဉ် ကောင်းချောင်၊ လီတဝေနှင့် အခြားသူများ ဝိုင်းအုံလာကြသည်။ သူတို့အားလုံး အံ့ဩမှင်သက်သွားကြ၏။ ဒါ ဒါက ပြီးသွားပြီလား။ ဓားကိုင်ထားသော လူသတ်သမားနှစ်ယောက် ကြည့်ရုံနှင့်ပင်ကြောက်စရာကောင်းသော ထိုလူနှစ်ယောက်ကို လက်ဗလာနှင့် နှိမ်နင်းလိုက်ခြင်းပင်။ သာမန်အားဖြင့်ဆိုလျှင် ဓားအနေအထားအရ ရှပ်ထိသွားရုံနှင့် ဒဏ်ရာရနိုင်သည့် အခြေအနေ ဖြစ်သည်။ ကောင်းချောင်ထင်ထားခဲ့သည်မှာ ချင်ရန် သေချာပေါက် ဒုက္ခရောက်တော့မည်ဟုပင်။ လက်ဗလာနှင့် ဓားသမားနှစ်ယောက်ကို ရင်ဆိုင်ခြင်းမှာ သေမင်းအားလက်ယပ်ခေါ်နေခြင်းပင် မဟုတ်လား။

ကောင်းချောင်တင်မက လီတဝေနှင့် ယန်ရှုတို့လည်း ထိုအတိုင်းပင်တွေးခဲ့ကြသည်။ ချင်ရန် ပြင်းပြင်းထန်ထန်ဒဏ်ရာရမည် သို့မဟုတ် အသက်ပင် ဆုံးရှုံးနိုင်သည်ဟု ထင်ခဲ့ကြသည်။ သို့သော် သူတို့မမျှော်လင့်ထားသည်မှာ ခဏလေးအတွင်းမှာပင် ထိုလူသတ်သမားများ၏ဓားကို ချင်ရန်ကန်ထုတ်လိုက်ပြီး ခုခံနိုင်စွမ်းလုံးဝမရှိအောင် လုပ်လိုက်နိုင်ခြင်းပင်။

​"မြန်မြန် မြန်မြန် အရင်လက်ထိပ်ခတ်လိုက်ကြ"

​ကောင်းချောင် အော်ပြောလိုက်သည်။

သူ အလွန်အံ့ဩနေသော်လည်း ယခုအချိန်တွင် အရေးအကြီးဆုံးမှာ တရားခံနှစ်ဦးကို လက်ထိပ်ခတ်ရန် ဖြစ်သည်။

​ကလစ် ကလစ်

​လီတဝေနှင့်ယန်ရှုတို့မှာ လက်ထိပ်များကိုအမြန်ထုတ်၍ တင်းတယုံနှင့်ကျောက်လုံတို့ကို လက်ထိပ်ခတ်လိုက်ကြသည်။ ကျောက်လုံမှာ အသက်လုရှူနေရပြီး နဖူးမှချွေးစေးများ စီးကျနေ၏။

​"ငါ့ ငါ့လက်"

​ကျောက်လုံ၏ဓားကိုင်ခဲ့သောလက်မှာ ယခုပျော့ခွေနေပြီး ဘာခံစားမှုမှမရှိတော့ပေ။ သူချင်ရန်ကို စိုက်ကြည့်လိုက်သည်။ အသက် ၂၅နှစ်ပင်မပြည့်သေးသည့် ဤလူငယ်တွင် ဤမျှပြင်းထန်သောစွမ်းရည်နှင့် သတ္တိရှိလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

​"သောက်ကျိုးနည်း ငါသာသိခဲ့ရင် ဒီနေ့ လုံးဝမလာဘူး၊ ဒီမှာအဖမ်းခံရတော့မှာပဲ"

​ကျောက်လုံ နောင်တရစွာဖြင့်တွေးလိုက်မိသည်။ အစ၌ တင်းတယုံနှင့် သူလာတွေ့သည်မှာ ပိုက်ဆံခြိမ်းခြောက်ယူရန်သာဖြစ်၏။ ပိုက်ဆံရခဲ့သော်လည်း ထောင်ထဲသို့ရောက်သွားရမည်ဟု သူမတွေးခဲ့မိပေ။ တင်းတယုံမျက်နှာမှာလည်းဖြူဖျော့နေပြီး အသက်ကိုခက်ခက်ခဲခဲရှူနေရသည်။ သူလူသတ်ပြီး ထွက်ပြေးခဲ့စဉ်၌ လွတ်မြောက်မည်ဟု ထင်ခဲ့သော်လည်း သူ့မိဘအရင်းများမှ သူ့ကိုရဲတိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဤသည်အားတွေးမိသည့်အခါ သူ့မိဘများကို ပို၍ပင်မုန်းတီးသွားတော့သည်။ တဖက်တွင် ကောင်းချောင်မှာ ချင်ရန်ထံအံ့ဩတကြီးကြည့်ရင်း ပြောလိုက်၏။

​"မင်းစွမ်းရည်က ဒီလောက်တောင် တော်တာလား၊ ဓားကိုင်ထားတဲ့ လူသတ်သမားနှစ်ယောက်ကို တစ်ယောက်တည်းနဲ့ နှိမ်နင်းလိုက်တာပဲ"

​"ဟီး မဆိုးပါဘူးဆရာ"

​ချင်ရန် ခေါင်းကုတ်ရင်းပြန်ဖြေလိုက်သည်။ ရုတ်တရက် ကောင်းချောင်မျက်နှာမှာ မိုးမှောင်ကျသလိုမဲမှောင်သွားသည်။

​"ဒါပေမဲ့ ခုနက မင်းအမိန့်မနာခံခဲ့ဘူး၊ ဟေ့ကောင်လေး ခုနက ဓားသမားနှစ်ယောက်ကို ရင်ဆိုင်တဲ့အချိန်မှာ အကောင်းဆုံးနည်းလမ်းကနောက်ဆုတ်ဖို့ပဲ၊ ဘာလို့လဲဆိုတော့ မင်းမှာ လက်နက်မပါလို့ပဲ၊ သူတို့ကို ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

​ကောင်းချောင် ချင်ရန်ထံစိုက်ကြည့်ကာ ဆူပူလိုက်သည်။ အမိန့်မနာခံဘဲ တစ်ကိုယ်တော်လှုပ်ရှားခြင်းမှာ အလွန်ကြီးလေးသောကိစ္စဖြစ်၏။ ချင်ရန် ချောင်းတစ်ချက်ဟန့်လိုက်ပြီး လေးနက်သောမျက်နှာထားဖြင့်ပြောလိုက်သည်။

​"ဆရာ ကျွန်တော် ခုနကနောက်ဆုတ်လို့မရပါဘူး၊ ဒီယူနီဖောင်းကိုဝတ်ထားသရွေ့ ကျွန်တော် ဘယ်တော့မှနောက်မဆုတ်ပါဘူး"

​ကောင်းချောင် ခေတ္တမျှမှင်သက်သွားရသည်။ ချင်ရန်ဆီမှ ဤကဲ့သို့လေးနက်သောစကားထွက်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူပြောသည်မှာလည်း မမှားပေ။ ရာဇဝတ်ကောင်များကို ဖမ်းဆီးခြင်းမှာ ရဲဝန်ထမ်းတစ်ဦး၏တာဝန်ပင် ဖြစ်သည်။

​"နောက်တစ်ခါ ဒီလိုအန္တရာယ်များတာတွေ မလုပ်နဲ့တော့"

​ကောင်းချောင် ဟန်ဆောင်နှာမှုတ်လိုက်သော်လည်း သူ့ရင်ထဲတွင်မူ ချင်ရန့်စွမ်းရည်အပေါ် အလွန်အထင်ကြီးသွားခဲ့သည်။

*ဒီကောင်လေးရဲ့စွမ်းရည်ကို ငါတောင် မမီနိုင်ဘူး။ ငါသာသူ့နေရာမှာဆိုရင်လည်း နောက်ဆုတ်မှာမဟုတ်ပေမယ့် ဘာဒဏ်ရာမှမရဘဲ နှိမ်နင်းနိုင်ပါ့မလားဆိုတာတော့ မသေချာဘူး*

​"တင်း တာဝန်ပြီးမြောက်မှုအတွက် ဂုဏ်ပြုပါတယ်။

ဆုလာဘ် - ဆရာသခင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ကို ရရှိပါပြီ"

​စနစ်အသံမှာ ချင်ရန့်စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ချင်ရန်သည် သူ့တိုက်ခိုက်ရေးအသိပညာများမှာ ဆယ်ဆမကတိုးပွားသွားသည်ကို ခံစားလိုက်ရ၏။

*အခု ငါပိုသန်မာလာပြီလို့ ခံစားရတယ်*

သူ တွေးလိုက်မိသည်။ ယခုသာ သူ ကျောက်လုံနှင့် တင်းတယုံတို့ကို ရင်ဆိုင်ရပါက လက်သီးတစ်ချက်စီနှင့်ပင် အပြတ်နှိမ်နင်းနိုင်ပေလိမ့်မည်။

တခြားတဖက်တွင် လီတဝေနှင့် ယန်ရှုတို့မှာမူ ချင်ရန်အပေါ် အားကျစိတ်ကို ဖုံးကွယ်မရ ဖြစ်နေကြသည်။ လီတဝေ စိတ်လှုပ်ရှားစွာဖြင့် အနားတိုးလာကာ ပြောလိုက်၏။

​"အစ်ကိုရန်ရေ ခုနက ကျွန်တော်ရေထဲခုန်ချခိုင်းတာက အစ်ကိုဒဏ်ရာရမှာ စိုးလို့ဆိုပေမဲ့ အစ်ကိုက ဒီလောက်တော်လိမ့်မယ်လို့မထင်ထားဘူး၊ ဟိုလူမိုက်နှစ်ယောက်ခမျာ အစ်ကို့ကိုခြစ်ရာလေးတောင်ထင်အောင် မလုပ်နိုင်ပါလား"

​ယန်ရှုမှာတော့ အနည်းငယ်စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။ သူ့ဘွဲ့ဒီဂရီများမှာ ဤနေရာတွင်အသုံးမဝင်သလို ခံစားနေရ၏။ ရှေ့တန်းတွင် အရေးကြီးသည်မှာ လက်တွေ့စွမ်းဆောင်ရည်သာဖြစ်သည်။ သူကဲ့သို့ စာဂျပိုးတစ်ယောက်မှာ ရုံးလုပ်ငန်းအတွက်သာ သင့်တော်မည်လားဟု သူ တွေးလိုက်မိသည်။ ချင်ရန် ပြုံးပြီးပြောလိုက်၏။

​"ဒီလူမိုက်နှစ်ယောက်က အပေါ်ယံပဲရှိတာပါ၊ တကယ်တမ်းကျ သိပ်မစွမ်းပါဘူး"

​ထိုစကားကိုကြားသောအခါ ကောင်းချောင်နှုတ်ခမ်းများ တွန့်သွားရသည်။ သိပ်မစွမ်းဘူး ဟုတ်လား။ ကျောက်လုံ၏ဓားကိုင်ပုံအရ သာမန်လူမဟုတ်မှန်း ကောင်းချောင်ကောင်းကောင်းသိသည်။ အဖမ်းခံထားရသော ကျောက်လုံလည်း ချင်ရန့်စကားကိုကြားသောအခါ အရှက်ရသွား၏။ နိုင်ငံခြားတွင် သူအနည်းဆုံး လူ ၅ယောက်လောက်ကိုသတ်ခဲ့ဖူးပြီး ဓားရေးမှာလည်း မညံ့ဖျင်းပေ။ သို့သော် ချင်ရန့်မျက်လုံးထဲတွင်တော့ သူသည်မှာသိပ်မစွမ်းသောသူဖြစ်နေသည်။

*ဒီရဲတွေက အထူးရဲတွေများလား။ ဒီကောင်လေးရဲ့စွမ်းရည်က သာမန်ရဲဝန်ထမ်းတစ်ယောက်မဟုတ်နိုင်ဘူး*

ကျောက်လုံ တွေးလိုက်မိသည်။

ထို့နောက် ကောင်းချောင်မှာ ကျောက်လုံနှင့်တင်းတယုံတို့ကို သူတို့နေအိမ်သို့ပြန်ခေါ်သွားကာ ကျန်ရဲဝန်ထမ်းများနှင့် သွားရောက်ပူးပေါင်းရန် အမိန့်ပေးလိုက်သည်။ လမ်းလျှောက်နေစဉ် ကောင်းချောင် နောက်လှည့်ကြည့်ကာ ပြောလိုက်၏။

​"ချင်ရန် မင်းဒီတစ်ခါလည်း ဂုဏ်ပြုမှတ်တမ်းတစ်ခုရဦးမှာပဲ၊ မင်း တစ်ယောက်တည်းနဲ့ ရာဇဝတ်ကောင်နှစ်ယောက်ကို တားဆီးနိုင်ခဲ့တာ၊ မင်းသာမရှိရင် ဒီနှစ်ယောက်ကိုဖမ်းဖို့ ငါတို့ အချိန်အများကြီး ထပ်ပေးရဦးမှာပဲ"

All Chapters