အခန်း (၁၄)
Vol. 2 Ch. 14
14
ချင်ရန်၏မျက်နှာထားမှာ ခဏတာမျှ ပြောင်းလဲသွားသည်။ ရွာသားများစွာ၏အကြည့်များမှာ သူ့ထံတွင်သာ စုပြုံကျရောက်နေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
*ဒီတင်းတယုံက ငါ့ကိုဗြောင်ကျကျ စွပ်စွဲရဲတယ်ပေါ့လေ*
ချင်ရန့်မျက်လုံးများ အေးစက်သွားသည်။ ဤရွာသားများမှာ အသိပညာနည်းပါးလွန်းလှသလို တင်းတယုံ၏ပေါက်ကရစကားများအား တကယ်ကြီးယုံနေကြသည်ပင်။
"မင်း မင်းက အဘိုးကြီးတင်းကို သတ်လိုက်တာလား"
"ယုတ်မာလှချည်လား၊ ဒီနေ့တော့ ငါ မင်းနဲ့ အသေတိုက်မယ်"
"အရင်ဆုံး ဒီကောင်ကိုချုပ်ပြီး လက်နှစ်ဖက်လုံး ရိုက်ချိုးပစ်ကြစမ်း"
အသက် ၅၀/၆၀ အရွယ် ရွာသားအိုကြီးအချို့မှာ ချင်ရန်ကိုစိုက်ကြည့်ရင်း အော်ငေါက်နေကြသည်။ ကောင်းချောင်၊ ချန်ရှင်းချန်၊ လီတဝေနှင့် ယန်ရှုတို့အားလုံး သတိကပ်နေရ၏။ လက်ရှိသူတို့ရင်ဆိုင်နေရသည်မှာ ရာဇဝတ်ကောင်များမဟုတ်ဘဲ ရွာသားများဖြစ်နေသည်။ ဒုစခန်းမှူးကောင်းချောင်သည် သတိပေးချက်အနေဖြင့် မိုးပေါ်ထောင်ပစ်ရန် ခါးကြားမှ သေနတ်ကို ကိုင်လိုက်သည်။ သို့သော် ဤကဲ့သို့နေရာကျဥ်းကျဥ်းမျိုးတွင် သေနတ်ဖောက်ပါက ပိုဆူညံသွားနိုင်သလို ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် တစ်စုံတစ်ဦးကိုမတော်တဆ ထိမှန်သွားပါက ပြဿနာမှာပိုကြီးထွားသွားနိုင်သည်။ ထို့ကြောင့် ကောင်းချောင်သည် ရွာသားများကိုနောက်ဆုတ်ရန်သာ အဆက်မပြတ်ဖျောင်းဖျနေရတော့သည်။
"ကောင်လေး တယုံကိုလွှတ်လိုက်စမ်း၊ အခုချက်ချင်း လွှတ်ပေး"
ရွာသားတစ်ယောက်မှ ဒေါသတကြီး အော်ဟစ်လာသည်။ ကောင်းချောင် စူးရှသောအကြည့် လေးနက်သောအသံဖြင့် ပြောလိုက်၏။
"တင်းတယုံက လူသတ်ထားတာ၊ သူ့ကို လွှတ်ပေးလို့မရဘူး"
"စကားတွေအများကြီး ပြောမနေနဲ့၊ ဒီလူတွေက သွေးမမြင်ရင်မျက်ရည်မကျမယ့်ကောင်တွေ၊ သူတို့ကိုအသာမပေးနဲ့တော့၊ ဒါမှတယုံကို ကယ်နိုင်မှာ"
နောက်ထပ်ရွာသားအိုကြီးတစ်ယောက်မှ အော်ဟစ်လိုက်ပြီး လက်ထဲရှိလယ်ယာသုံးကိရိယာနှင့် ချင်ရန့်ထံတည့်တည့်လွှဲရိုက်လိုက်တော့သည်။
"သူတို့နဲ့ စကားအရှည်ကြီးပြောမနေနဲ့တော့ ဝိုင်းရိုက်ကြစမ်း"
"ဟုတ်တယ် ရိုက်ကြ"
ဆူညံသံများနှင့်အတူ ရွာသားများစွာ၏လက်ထဲမှ ကိရိယာပေါင်းစုံသည် ချင်ရန်ရှိရာသို့ ဦးတည်ကာရောက်ရှိလာတော့သည်။ သို့သော် အပြင်ဘက်ရှိ ရဲအရာရှိများမှာ သူတို့၏နံပါတ်တုတ်များဖြင့် ရွာသားများကို ခုခံထားပြီး အထဲမှတရားခံများဆီသို့ အနားမကပ်နိုင်အောင် တားဆီးထားကြသည်။
ဤသည်ကိုမြင်တော့ ကောင်းချောင် ချက်ချင်းအမိန့်ပေးလိုက်သည်။
"နံပါတ်တုတ်တွေထုတ်ပြီး အသင့်ပြင်ထားကြ"
ကောင်းချောင်၏သက်တမ်းတစ်လျှောက် ဤကဲ့သို့သော အခြေအနေမျိုး တစ်ခါမှမကြုံဖူးသေးပေ။ အဓိကမှာနေရာက ကျဉ်းလွန်းနေပြီး ဝိုင်းရံခံထားရသဖြင့် ခြေလက်လှုပ်ရှားရသည်မှာ မလွတ်လပ်ပေ။ လီတဝေနှင့် ယန်ရှုတို့မှာ လက်များတုန်ရင်လျက် နံပါတ်တုတ်များကိုထုတ်ထားကြသည်။ လူပေါင်းဒါဇင်နှင့်ချီသော အုပ်စုလိုက် ရန်ပွဲကြီးဖြစ်ရာ သတိမထားပါက အသတ်ပင်ခံရနိုင်သည်။ အလုပ်ဝင်သည့် ပထမဆုံးနေ့မှာပင် ဤမျှအန္တရာယ်ကြီးမားသော အခြေအနေနှင့်ကြုံတွေ့ရလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။
"ခင်ဗျားတို့အားလုံးကို ကျွန်တော် မှတ်ထားတယ်နော်၊ ဒါကဝတ္တရားနှောင့်ယှက်မှုပဲ၊ အဲ့ကျရင်ခင်ဗျားတို့အားလုံးကို ဖမ်းဦးမှာ"
ကောင်းချောင်မှာ ပြေးဝင်လာသောရွာသားတစ်ဦးကို အားမသုံးဘဲတွန်းထုတ်ရင်း သတိပေးနေရသည်။ ချင်ရန်၏ဖိနှိပ်ခြင်းကိုခံထားရသော ကျောက်လုံနှင့် ဘေးနားမှတင်းတယုံတို့မှာမူ မျက်နှာတွင်ဝမ်းသာရိပ်များ ယှက်သန်းနေကြသည်။ ဤရွာသားများသည် သူတို့အတွက်နတ်သိကြားအလား အကူအညီများပင်ဖြစ်သည်။ ကျောက်လုံမှာ လွတ်လမ်းမရှိတော့ဟု ထင်ထားသော်လည်း ယခုတော့ အခြေအနေမှာပြောင်းလဲသွားပြီဖြစ်သည်။
ရွာသားများမှာ အိမ်ထဲရှိအဘိုးကြီးတင်း သေဆုံးနေသည်ကိုမြင်လိုက်ရသည့်အခါ ဤရဲများသတ်လိုက်သည်ဟုထင်သွားကြခြင်းသည် သူတို့အတွက်တော့ အခွင့်အရေးကောင်းပင်။ ရွာသားများမှာ သူတို့နှစ်ဦးကိုကယ်ထုတ်ချင်နေကြသည်။ ကောင်းချောင်မှာ သေနတ်ကိုလွယ်လွယ်နှင့်မဖောက်ရဲမှန်း ကျောက်လုံသိနေ၏။ နံပါတ်တုတ်လောက်နှင့်တော့ ဤရွာသားအုပ်ကြီးကို ထိန်းနိုင်မည်မဟုတ်ပေ။
*ငါ တကယ်ထွက်ပြေးဖို့ အခွင့်အရေး ရတော့မှာပဲ*
"ဦးလေးတို့ အဒေါ်တို့ရေ ကယ်ပါဦး၊ ကျွန်တော့်ကို ကယ်ကြပါဦး"
တင်းတယုံမှာ လူအများအာရုံစိုက်လာအောင် ပို၍ကျယ်လောင်စွာအော်ဟစ်တော့သည်။ ထိုအချိန်တွင် ချင်ရန့်မျက်နှာမှာ တည်ငြိမ်နေ၏။ အဘယ်ကြောင့်မှန်းမသိ လူ ၂၀၊ ၃၀၏တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ချင်ရန့်ထံတွင်အကြောက်တရားမရှိပေ။ ဝင်းထဲရှိလူတိုင်း၏လှုပ်ရှားမှုများမှာ ချင်ရန်အတွက်ဆယ်ဆခန့် နှေးကွေးနေသလို ခံစားနေရသည်။ နှေးကွေးနေရုံသာမက သူတို့ နောက်ထပ်ဘာလုပ်မည်ဆိုသည်ကိုပါ ချင်ရန်ကြိုတင်အာရုံခံနိုင်နေသည်။ ဤသည်မှာ ဆရာသခင်အဆင့်တိုက်ခိုက်ရေးစွမ်းရည်မှပေးသော အကျိုးကျေးဇူးပင်။
*ဒီရွာသားတွေကတော့ အသုံးချခံနေရတာပဲ*
ချင်ရန် သက်ပြင်းချကာခေါင်းခါလိုက်သည်။ ထိုစဉ် ရွာသားလေးဦးမှာ ရဲများ၏ခုခံမှုကိုဖောက်ထွက်ပြီး ချင်ရန်ရှိရာသို့ ပြေးဝင်လာကြ၏။ လေးယောက်လုံးမှာ လယ်ယာသုံးကိရိယာများကိုကိုင်ထားကြပြီး ချင်ရန့်ခေါင်းထံ ဦးတည်ကာ ရက်ရက်စက်စက်ရိုက်ချလိုက်ကြသည်။ လေထုကိုဖြတ်သန်းသွားသော ထိုကိရိယာများ၏အသံကိုပင် အတိုင်းသားကြားနေရတော့သည်။
ထိုအချိန်တွင် ချင်ရန့်မျက်လုံးထဲ၌ ထိုလေးယောက်၏လှုပ်ရှားမှုများသည် ဆယ်ဆခန့်နှေးကွေးသွားပြီး ခရုတစ်ကောင်သွားနေသကဲ့သို့ပင် ဖြစ်နေသည်။ ချင်ရန်သည် အလွန်ခက်ခဲသောထောင့်တစ်ခုမှနေ၍ ထိုလေးဦး၏ တိုက်ခိုက်မှုများကို လွယ်လင့်တကူ ရှောင်တိမ်းလိုက်၏။
"ဟမ်"
"ဒီကောင်လေးက တော်တော်မြန်တာပဲ"
ထိုလေးဦးမှာလည်း အံ့ဩမှင်သက်သွားကြသည်။
"မင်းတို့ချက်ချင်းရပ်ကြစမ်း၊ ဒီတင်းတယုံက လူသတ်သမားပဲ၊ သူတို့က ငါ့ကို အကွက်ဆင်စွပ်စွဲနေတာ၊ မြေကြီးပေါ်မှာလဲနေတဲ့လူကို သူကိုယ်တိုင်သတ်လိုက်တာလည်းဖြစ်နိုင်တယ်"
ချင်ရန် လေသံမာမာဖြင့်အော်ပြောလိုက်သည်။ ဤသည်ကိုကြားတော့ ရွာသားတစ်ယောက်မှ ပြန်အော်သည်။
"မင်းပေါက်ကရတွေ လာမပြောနဲ့၊ တယုံက ဘယ်လောက်ဆိုးဆိုး သူ့အဖေအရင်းကိုတော့ သူဘယ်တော့မှ မသတ်ဘူး"
ချင်ရန် ခေတ္တမျှမှင်သက်သွားရသည်။ မြေကြီးပေါ်မှာလဲနေတာက တင်းတယုံရဲ့အဖေလား။ ဇာတ်လမ်းကဘယ်လိုဖြစ်ပြီး ဒီလိုပြောင်းလဲသွားရတာလဲ။
*ရွှပ်*
ထိုစဉ် ညာဘက်မှနေ လယ်ယာသုံး ကိရိယာတစ်ခုမှ အရှိန်ဖြင့်ဝှေ့ယမ်းကျလာသည်။ ချင်ရန် အာရုံပျံ့လွင့်နေသည့် ခဏတာအတွင်း အခွင့်ကောင်းယူကာ အလစ်အငိုက် တိုက်ခိုက်ခြင်းပင်။
"ဒီကောင့်ခေါင်းကို ဒီနေ့ငါမခွဲလိုက်ရရင် ငါ့နာမည် ဝူမဟုတ်ဘူး"
ရိုက်ချလိုက်သူမှာ အော်ဟစ်ကြုံးဝါးလိုက်သည်။ သို့သော် ချင်ရန့်မျက်နှာထက်တွင် အကြောက်တရားမရှိပေ။ သူ့ဘယ်လက်ကိုဆန့်ထုတ်ကာ ထိုကိရိယာကို အသာအယာအလှည့်အပြောင်း လုပ်လိုက်ပြီး ရိုက်ချက်၏အားကို ဖယ်ရှားလိုက်သည်။
"ဒါ ဒါက ဘာလဲ"
ထိုလူမှာ ချက်ချင်းပင်အံ့အားသင့်သွားသည်။ ဒါက ဘယ်လိုကိုယ်ခံပညာမျိုးလဲဟ။ ထိုက်ကျိလား။
"ဘုန်း*
ထိုလူ ဘာမှပြန်မတုံ့ပြန်နိုင်ခင်မှာပင် ချင်ရန် ခုန်တက်ကာ သူ့ရင်ဘတ်ကို တည့်တည့်ကန်ထည့်လိုက်တော့သည်။
"ခင်ဗျားတို့က အကျိုးအကြောင်းပြောလို့မရမှတော့ ကျွန်တော်အားသုံးရတာ ခင်ဗျားတို့ အပြစ်ပဲ"
ချင်ရန် အသာခေါင်းယမ်းလိုက်ပြီး ထိုလူအုပ်ကြီးထဲသို့ တည့်တည့်တိုးဝင်သွားတော့သည်။ သူ့အနောက်ရှိလီတဝေနှင့် ယန်ရှုတို့မှာပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ချင်ရန်က ဒီလောက်တောင် သတ္တိကောင်းရသလား။ လက်နက်ကိုင်ထားတဲ့လူအုပ်ကြီးထဲ လက်ဗလာနဲ့တိုးဝင်တိုက်ရဲတယ်ပေါ့လေ။
*ဘုန်း*
လက်သီးတစ်ချက်မှာ လူတစ်ယောက်ပါးကို တိတိကျကျထိမှန်သွားသည်။ ဤလက်သီးမှာ အားပါလွန်းသဖြင့် ထိုလူမှာ လှုပ်ရှားနိုင်စွမ်းမရှိတော့ဘဲ မြေပေါ်သို့ ပျော့ခွေလဲကျသွားတော့သည်။ ပတ်ဝန်းကျင်ရှိရွာသားများသည် ချင်ရန် ဤမျှရဲတင်းနေသည်ကိုမြင်သောအခါ ဒေါသပိုထွက်သွားကြပြီး သူတို့အာရုံအားလုံးကို ချင်ရန်ထံသို့သာ ပုံအောလိုက်ကြသည်။
"အရင်ဆုံး ဒီလူသတ်သမားကို အပြတ်ရှင်းကြစမ်း"
"ငါ့အသက်ရဲ့တစ်ဝက်က အဘိုးကြီးတင်းရဲ့ ကျေးဇူးတွေပဲ၊ အခုသူသေပြီဆိုတော့ ငါ့အသက်နဲ့လဲပြီး ဒီလူသတ်သမားကို တိုက်မယ်၊ ဒါ အဘိုးကြီးတင်းရဲ့ကျေးဇူးကို ဆပ်တာပဲ"
ရွာသားတစ်ဦးမှာ ချင်ရန်ဆီသို့ သေမည်ကိုမကြောက်ပြေးဝင်လာသည်။
ဘေးနားရှိ ကောင်းချောင်၊ ချန်ရှင်းချန်နှင့် အခြားသူများမှာ အလွန်စိုးရိမ်နေကြသည်။ သူတို့ရုန်းထွက်ပြီး ချင်ရန်ကို ကူညီချင်သော်လည်း ရွာသားအရေအတွက်မှာ ပို၍ပင်တိုးလာနေသည်။ အစက ၂၀ကျော်သာရှိသော်လည်း ယခုအခါ ၄၀နီးပါးဖြစ်နေပြီပင်။ ဤမျှ လူများလွန်းသဖြင့် ကောင်းချောင်မှာ ခဏတာမထိန်းနိုင်ဖြစ်နေသည်။ မိမိကိုယ်ကိုယ်လုံခြုံအောင်ပင် ခက်ခက်ခဲခဲကာကွယ်နေရသဖြင့် ချင်ရန်ကို လုံးဝမကူညီနိုင်တော့ပေ။ ရှုပ်ထွေးနေသောမြင်ကွင်းထဲတွင် လူတိုင်းသည် မိမိကိုယ်ကိုယ်သာ ကာကွယ်နေကြရသည်။
ဤအချိန်တွင် ကောင်းချောင်သည် လူပိုခေါ်မလာခဲ့မိသည်ကို နောင်တရလာမိသည်။ ထိုစဉ် လူ ၂၀ခန့်မှာ ချင်ရန်ကိုဆူနာမီလှိုင်းလုံးကြီးမှ ဝါးမြိုလိုက်သကဲ့သို့ ဝိုင်းအုံသွားကြသည်။ ကောင်းချောင်တို့မှာ ချင်ရန့်ပုံရိပ်ကိုပင် မမြင်ရတော့ပေ။
"သွားပြီ ချင်ရန်တော့ ဒုက္ခရောက်ပြီ"
ကောင်းချောင်ရင်ထဲစိမ့်တက်သွားပြီး သူ့နံပါတ်တုတ်ကို ဝှေ့ယမ်းကာ ချင်ရန်ကို ကယ်ရန်အတင်းရုန်းထွက်တော့သည်။
"အစ်ကိုရန် ဝိုင်းတိုက်ခံနေရပြီ"
လီတဝေမျက်နှာမှာ စိုးရိမ်မှုများဖြင့်ပြည့်နှက်နေသော်လည်း သူ့ကိုယ်သူ ကာကွယ်ဖို့ပင်ခက်ခဲနေသည်။
*ခွပ်*
လက်သီးတစ်ချက် နောက်ထပ် လက်သီးတစ်ချက်
ကောင်းချောင်နှင့် လီတဝေတို့စိုးရိမ်မဆုံးဖြစ်နေစဉ်မှာပင် ချင်ရန်သည် ဆက်တိုက်လက်သီးချက်များဖြင့် လူ ၅ယောက်ကို ခဏချင်းမှာပင် နှိမ်နင်းလိုက်ပြီးဖြစ်သည်။
"ခင်ဗျားတို့ ချက်ချင်းရပ်လိုက်ကြ၊ ခင်ဗျားတို့ ကျွန်တော့်ကိုမယှဉ်နိုင်ပါဘူး၊ အချိန်မဖြုန်းကြပါနဲ့"
လူ ၅ယောက်ကို လွယ်လွယ်ကူကူ လဲကျအောင်လုပ်ပြီးနောက် ချင်ရန်မှာ ရှေ့ရှိရွာသားများထံအကူအညီမဲ့ဟန်ဖြင့်ကြည့်ရင်း ပြောလိုက်သည်။ တချိန်တည်းမှာပင် သူသည်လည်း စိတ်တွင်းမှနေအံ့ဩနေမိသည်။ ဆရာသခင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်သည် သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ပြောင်းလဲပေးလိုက်ခြင်းပင်။ လူ ၅ယောက်ကို ဘာပြဿနာမှမရှိဘဲ သူကိုင်တွယ်နိုင်ခဲ့သည်။ ယခုဆိုလျှင် သူ့ကိုဝိုင်းထားသည့် လူ ၂၀မက နောက်ထပ် လူ ၂၀ထပ်လာလျှင်ပင် ချင်ရန်မှာတော့ အားလုံးကိုနှိမ်နင်းနိုင်မည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေတော့သည်။