အခန်း (၁၅)
Vol. 2 Ch. 15
15
ရွာသားတစ်အုပ်သည် ချင်ရန့်စကားကို ကြားသော်လည်း နောက်ဆုတ်သွားမည့်ပုံမပေါ်ပေ။ ၎င်းအစား ချင်ရန်မှသူတို့ကို အထင်သေးနေသည်ဟုသာခံစားရပြီး အရှက်ရစိတ်နှင့်အတူ ဒေါသများပိုထွက်လာကာ ချင်ရန်အားဆက်လက်ဝိုင်းရံတိုက်ခိုက်ကြသည်။
"ခင်ဗျားတို့က ဒီလောက်တောင် ခေါင်းမာနေမှတော့ ကျွန်တော့်ကို အပြစ်မတင်နဲ့တော့"
ချင်ရန့်မျက်လုံးများ ဝင်းလက်သွားသည်။ ဒီလူတွေကို ဆက်ပြီးသနားညှာတာနေလို့ မဖြစ်တော့မှန်း သူသိလိုက်ပြီ။ ဆက်ပြီးလျှော့ပေးနေလျှင် ဒီအသိပညာနည်းပါးသော ရွာသားများသည် ပို၍ပင်ရဲတင်းလာကြလိမ့်မည်။ သူ ဒီကိစ္စကိုအမြန်ဆုံး အဆုံးသတ်ရမည်။ ကောင်းချောင်၊ လီတဝေ့ နှင့် အခြားသူများလည်း အခက်တွေ့နေကြသည်။ သူကိုယ်တိုင် အခြေအနေကို အမြန်ရှင်းနိုင်မှသာ လုပ်ဖော်ကိုင်ဖက်များကို သွားကူနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် ချင်ရန်သည် အားလုံးကိုဘေးချိတ်ထားပြီး အစွမ်းကုန် တိုက်ခိုက်တော့သည်။
လက်သီးတစ်ချက်ချင်းစီသည် ပြိုင်ဘက်၏အားနည်းချက်ရှိသော နေရာများကို တိတိကျကျထိမှန်သွားပြီး ချက်ချင်းပင် လှုပ်ရှားနိုင်စွမ်း မရှိအောင် လုပ်လိုက်သည်။ ဆရာသခင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ကြောင့် ချင်ရန်သည် ပြိုင်ဘက်၏ခန္ဓာကိုယ်ပေါ်ရှိ အားနည်းချက်တိုင်းကို အာရုံခံနိုင်စွမ်းရှိနေသည်။
ထို့ပြင် ချင်ရန့်လက်သီးအရှိန်နှင့် ကန်ချက်အရှိန်တို့သည်လည်း သိသိသာသာ မြင့်တက်လာသည်။ အခုအချိန်တွင် တိုက်ခိုက်ရေးသင်တန်းမတက်ဖူးသော ရွာသားများကိုတိုက်ခိုက်ရသည်မှာ ပွင့်ပွင့်လင်းလင်းပြောရလျှင် လူကြီးတစ်ယောက်မှ မူကြိုကျောင်းထဲဝင်ပြီး ကလေးတွေကို ရိုက်နှက်နေသလိုပင်။ ခဏအကြာတွင် နောက်ထပ်လူတစ်ဆယ်ခန့် မြေပြင်ပေါ်လဲကျသွားသည်။
"တောက် ဒီကောင်က ဘယ်သူလဲကွ၊ သူ့လက်သီးတွေက အရမ်းနာတာပဲ"
မြေပေါ်လဲနေသော ရွာသားတစ်ဦးသည် မျက်နှာကိုရှုံ့မဲ့ကာ အလွန်တရာနာကျင်နေသည့်ပုံစံဖြင့် ညည်းညူနေသည်။
"သူ့လက်သီးတွေက အရိပ်လိုပဲ၊ ငါ သေချာတောင် မမြင်လိုက်ရဘူး"
"ငါတို့ ဒီကောင်ကိုမနိုင်တော့ဘူး"
မြေပေါ်တွင်မလှုပ်နိုင်ဘဲ လဲနေကြသော ရွာသားများအားလုံး ချင်ရန်ကို ကြောက်လန့်တကြားကြည့်နေကြသည်။ ဤလူ၏စွမ်းရည်မှာ အလွန်မြင့်မားလွန်းလှသည်။ ကိုယ်ခံပညာ ချန်ပီယံများပင် ဤမျှမတော်နိုင်ပေ။
*ဘုန်း*
ချင်ရန် မရပ်သေးပေ။ သူနောက်ထပ် တစ်ချက်ကန်လိုက်ပြန်ရာ နောက်ထပ် ရွာသားတစ်ဦး မြေပေါ်သို့လွင့်စဉ်သွားသည်။ ကျန်ရှိနေသော ရွာသားအချို့သည် သူ့ကိုထပ်မံတိုက်ခိုက်ရန်ပြင်သော်လည်း ချင်ရန့်ကန်ချက်ကိုမြင်လိုက်ရသည့်အခါ မျက်နှာများပြာနှမ်းသွားပြီး လက်ထဲမှကိရိယာများမှာလည်း ရှေ့သို့တိုးမလာတော့ပေ။ ဤလူ၏လက်သီးနှင့် ခြေကန်ချက်များသည် လျှပ်စီးကဲ့သို့မြန်ဆန်ရုံသာမက လျှပ်စစ်စီးသလို နာကျင်မှုမျိုးကိုလည်း ပေးစွမ်းနိုင်သည်။ ဤရွာသားများသည် အဆုံးတွင်တော့ အားနည်းသူကိုနှိပ်စက်ပြီး အားကြီးသူကိုကြောက်တတ်သော လူစားမျိုးများသာဖြစ်သည်။
ချင်ရန်၏ဆရာသခင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ကြောင့် ခဏချင်းအတွင်းမှာပင် လူတစ်ဒါဇင်ကျော်ကို နှိမ်နင်းလိုက်နိုင်ရာ ကျန်ရှိသောရွာသားအနည်းငယ်မှာ ကြောက်စိတ်များဖြင့် ပြည့်နှက်သွားတော့သည်။ ချင်ရန်ကို ထပ်မံတိုက်ခိုက်ရန်ဆိုသည်မှာ သူတို့အတွက် စဉ်းစားလို့ပင်မရတော့သော ကိစ္စဖြစ်သည်။
"ခင်ဗျားတို့ ကျွန်တော့်ကိုထပ်ပြီး တိုက်ခိုက်ချင်သေးလား"
ချင်ရန် ကျန်ရှိနေသူများကို အေးစက်စက်အကြည့်ဖြင့် ဝှေ့ကြည့်ကာ မေးလိုက်သည်။ ရွာသားများ၏မျက်နှာမှာ ဖြူဖျော့သွားကြ၏။ သူတို့အံတင်းတင်းကြိတ်ကာ ကြောက်လန့်နေကြသော်လည်း ဘာမှပြန်မပြောရဲဘဲ မလှုပ်မယှက်ရပ်နေကြသည်။ ချင်ရန် သူတို့ထံတစ်ချက်ကြည့်ပြီးနောက် ချက်ချင်းပင်ကောင်းချောင် နှင့် လီတဝေ့တို့ရှိရာသို့ ပြေးထွက်သွားတော့သည်။ ကောင်းချောင် နှင့် လီတဝေ့တို့သည် ကျောက်လုံနှင့်တင်းတယုံ ကိုကာကွယ်ရန်အတွက် အိမ်ထဲသို့ဆုတ်ခွာနေရသော်လည်း ရွာသားများမှာ တင်းတယုံကိုလွှတ်ပေးရန် အတင်းအကျပ်ဖိအားပေးနေကြသည်။
ကောင်းချောင်အနေဖြင့် တရားခံကို လွှတ်ပေးရန်မဖြစ်ရာ အစွမ်းကုန်ကာကွယ်နေရသည်။ ဒုစခန်းမှူးဖြစ်သည့်အလျောက် သူ့တိုက်ခိုက်ရေးစွမ်းရည်မှာ အတော်အတန်မြင့်မားသော်လည်း တစ်ပြိုင်နက်တည်း ဝိုင်းဝန်းတိုက်ခိုက်နေသောလူအုပ်ကြီးကို ဖယ်ရှားရန်ခက်ခဲနေသည်။
ဤအချိန်တွင် ကောင်းချောင်ခန္ဓာကိုယ်ပေါ်တွင် ကိရိယာများဖြင့် ရိုက်ခံထားရသောဒဏ်ရာများမှ သွေးများထွက်နေသည်။ သို့သော် သူသည်အံကြိတ်ကာ နာကျင်မှုကိုအောင့်ထားပြီး အမိန့်ပေးနေဆဲဖြစ်သည်။
"အဖွဲ့လိုက်အနေအထားကို ထိန်းထားကြ၊ ဒီလူတွေကိုဖောက်ဝင်ခွင့် မပေးနဲ့၊ ငါတို့မျက်စိရှေ့တင် တရားခံကိုလုယူသွားခွင့် လုံးဝမပေးနိုင်ဘူး၊ ဒီလိုမျိုးလုံးဝမဖြစ်စေနဲ့"
အကယ်၍ ဤလူအုပ်ကြီးကိုတင်းတယုံ အားလုယူခွင့်ပေးလိုက်ပါက ၎င်းသည် ကြီးမားသောအရှက်ရမှုကိုဖြစ်စေရုံသာမက ကောင်းချောင်၏တောက်ပသော အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွင်လည်း ဖျက်မရသောအမည်းစက်တစ်ခု ဖြစ်သွားပေလိမ့်မည်။
"တာယုံကို လွှတ်ပေးစမ်း"
"မင်းတို့လူသတ်သမားတွေကို သတ်ပစ်တာတောင် အားမရဘူးကွ"
အရပ်မျက်နှာအနှံ့အပြားမှ ဆဲဆိုသံများ ထွက်ပေါ်နေသည်။ ယန်ရှုနှင့် လီတဝေ့တို့မှာ အနောက်ဘက်အကျဆုံးနေရာတွင်ရှိနေပြီး စီနီယာရဲများ၏ကာကွယ်မှုကို ခံထားရသည်။ သူတို့နှစ်ဦးမျက်နှာမှာ ဖြူဖျော့နေကြ၏။ အလုပ်ဝင်သည့်ပထမဆုံးနေ့မှာပင် ဤကဲ့သို့ အခြေအနေမျိုးကြုံတွေ့ရလိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့ပေ။
" ယန်ရှုရေ ချင်ရန် အခုဘယ်လိုနေမလဲ မသိဘူး၊ သူ့ကို လူ ၂၀ကျော်က ဝိုင်းထားတာလေ၊ သူ့အခြေအနေက ငါတို့ထက်တောင် ပိုဆိုးဦးမယ်၊ သူကတော့......"
လီတဝေ့သည် ချင်ရန့်အရည်အချင်းကို သိသော်လည်း မတွေးဘဲမနေနိုင်ပေ။ ဤကဲ့သို့ ကျဉ်းမြောင်းသောနေရာမျိုးတွင် လူအုပ်ကြီး၏ဝိုင်းရံမှုကိုခံနေရရုံမက လူတိုင်းမှာ သေစေနိုင်လောက်သည့် လယ်ယာသုံးကိရိယာများကိုကိုင်ထားကြသည်ပင်။ ရဲများ၏ခံစစ်မှာ ကျိုးပျက်လုနီးပါးဖြစ်နေပြီး ရွာသားများ၏တိုက်ခိုက်မှုမှာလည်း ပိုမိုပြင်းထန်လာသည်။ စီနီယာရဲများစွာလည်း ဒဏ်ရာရကုန်ကြပြီပင်။ ဤအချိန်တွင် အတွင်းဘက်၌ရှိနေသော ကျောက်လုံနှင့်တင်းတယုံတို့မှာတော့ အလွန်ဝမ်းသာနေကြသည်။ ရွာသားတွေ ဒေါသထွက်လေ သူတို့ လွတ်မြောက်ဖို့ အခွင့်အရေးပိုများလေပင်။ ကျောက်လုံတွေးနေမိသည်။
*ဒီရဲတွေကတော့ အနှေးနဲ့အမြန်အရိုက်ခံရလို့ သေကုန်တော့မှာပဲ။ ဟိုကောင်လေးရော ဘယ်လိုနေမလဲ။ ခုလောက်ဆိုသေလောက်အောင်စုတ်ပြတ်နေလောက်ပြီမလား။
ကျောက်လုံတွေးနေသည်မှာ ချင်ရန်ပင်ဖြစ်သည်။ လူ ၂၀ကျော်၏ဝိုင်းရံမှုကြားမှ ချင်ရန်လွတ်မြောက်နိုင်လိမ့်မည်ဟု သူမယုံကြည်ပေ။ အခုဆိုလျှင် ထိုရဲလေး၏ခန္ဓာကိုယ်မှာ အပေါက်ပေါင်းရာနဲ့ချီနေလောက်ပြီဟု သူ ကျေကျေနပ်နပ်ကြီးတွေးနေမိသည်။ ကျောက်လုံ ကိုယ့်ကိုကိုယ်ကျေနပ်နေစဉ်မှာပင် ကန်ချက်တစ်ချက်နှင့် လက်သီးသံတို့ထွက်ပေါ်လာ၏။
*ဘုန်း*
တပြိုင်နက်တည်းမှာပင် အော်ဟစ်သံကျယ်ကျယ်ကို ကြားလိုက်ရသည်။
"ဒုစခန်းမှူး ကျွန်တော်လာကယ်ပြီ"
ကျောက်လုံမျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ နေပါဦး ဒီအသံက ရင်းနှီးနေသလိုပဲ။ ဒါ သူ့ကိုဖမ်းခဲ့တဲ့ ရဲရဲ့အသံမလား။ ထို့နောက် ကျောက်လုံသည် သူ့ရှေ့တွင်လူတစ်ယောက်မှာ လက်သီးနှင့်ခြေထောက်ကိုသုံးပြီး ရွာသားများ၏လူတံတိုင်းကြီးကို အတင်းဖောက်ထွက်လာသည်ကိုမြင်လိုက်ရသည်။ ထိုလမ်းကြောင်းမှတဆင့် ကျောက်လုံမြင်လိုက်ရသည်မှာ အပြင်ဘက် မြေပြင်ပေါ်တွင် အနည်းဆုံး လူ ၂၀ခန့်လဲကျနေပြီပင်။
"ဒါ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ကျောက်လုံ မျက်လုံးပြူးသွားရသည်။ သူ့ကိုဖမ်းခဲ့တဲ့ ရဲပဲမလား။ သူကဘာလို့ မသေတာလဲ။ လူ ၂၀ကျော်ဝိုင်းတိုက်တာတောင် မသေဘူးလား။ ဒါက ယုတ္တိမရှိဘူးလေ။ ပုံပြင်ထဲကလိုဖြစ်နေပြီကွ။
"ဟင် ချင်ရန်"
ကောင်းချောင်၊ လီတဝေ့ နှင့် အခြားသူများသည် ချင်ရန့်အသံကို ကြားလိုက်ရသလို ချင်ရန်ကိုယ်တိုင် ရောက်လာသည်ကိုလည်း မြင်လိုက်ရသည်။ ချင်ရန်သည် လျှောက်လာရင်းနှင့်ပင် လက်သီးနှင့်ကန်ချက်များကို သုံးကာ ရွာသားများဘာမှမတုံ့ပြန်နိုင်ခင်မှာပင် လူ ၁၀ယောက်ခန့်ကို မျက်စိတစ်မှိတ်အတွင်း လဲကျအောင်လုပ်လိုက်ပြန်သည်။
"အား"
"ဘယ်သူ ငါ့ကိုရိုက်တာလဲ"
ရွာသားများ၏နာကျင်စွာ အော်ဟစ်သံများမှာ မပြတ်ထွက်ပေါ်နေသည်။ သူတို့ သတိဝင်လာပြီးကြည့်လိုက်သည့်အခါ မြင်လိုက်ရသည်မှာ သူတို့မျက်နှာဆီသို့ ပျံသန်းလာသောလက်သီးများသာ ဖြစ်သည်။
"ချင်ရန်က ဘယ်လိုဖြစ်ပြီး ဒီလောက်တောင်သန်မာနေရတာလဲ"
ကောင်းချောင်မှာ လုံးဝအံ့ဩမှင်သက်သွားသည်။ လက်နက်ကိုင်ထားတဲ့ ရွာသားများအား ချင်ရန်တိုက်ခိုက်နေပုံမှာ ဂိမ်းတစ်ခုဆော့နေသလိုပင်။ လက်သီးချက်တိုင်းမှာ အလွန်ပါးနပ်သောထောင့်များမှ ထွက်ပေါ်လာပြီး ရွာသားများကို လဲကျစေသည်။ လီတဝေ့ နှင့်ယန်ရှုတို့မှာတော့ မျက်စိလည်သွားကြသည်။ ချင်ရန်ကကိုယ်ခံပညာ ပြပွဲတစ်ခု လုပ်နေသလိုပဲလေ။ လူတစ်ယောက်ကို လက်သီးတစ်ချက်၊ ကန်ချက်တစ်ချက်ဖြင့် လူအုပ်ကြီးထံဝှေ့ယမ်းသွားသည်။
"ဒါ ဒါက အရမ်းစွမ်းတာပဲ"
လီတဝေ့ နှင့် ယန်ရှုတို့မျက်နှာမှာ အံ့ဩလွန်း၍ကြောင်အမ်းနေကြသည်။
သို့သော် ကောင်းချောင်မှာတော့ကြာကြာ အံ့ဩမနေနိုင်ပေ။ ချက်ချင်း သူအော်ပြောလိုက်သည်။
"ဝိုင်းရံမှုကို ဖောက်ထွက်ကြ၊ အရင်ဆုံး ဒီလူတွေကိုလက်ထိပ်ခတ်ကြစမ်း"
ကောင်းချောင်တို့အဖွဲ့မှာအတွင်းမှ ချင်ရန်မှာ အပြင်မှညှပ်ပိတ်တိုက်ခိုက်လိုက်သည့်အခါ ဓားမနှင့်ပေါက်ပြားများ ကိုင်ထားသည့် ရွာသား ၄၀နီးပါးမှာ အခက်တွေ့သွားကြသည်။ ချင်ရန်သည်ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ လူအများစုအာရုံကို ဆွဲဆောင်ထားပြီး အခြေအနေကိုထိန်းချုပ်လိုက်သည်။ ချင်ရန်ရောက်လာပြီးနောက် အခြေအနေမှာ ချက်ချင်းပြောင်းပြန်လှန်သွားတော့သည်။
၅မိနစ်ခန့် အကြာတွင်
ရွာသား ၄၀ကျော်လုံးမှာ မြေကြီးပေါ်တွင်လဲကျကာ ညည်းညူနေကြပြီး မလှုပ်နိုင်တော့ပေ။