အခန်း (၁၆)
Vol. 2 Ch. 16
16
ချင်ရန် အနည်းငယ်အသက်ရှူမဝဖြစ်နေသည်။ တစ်ပြိုင်နက်တည်း လူအများကြီးကို တိုက်ခိုက်ခဲ့ရသဖြင့် သူလည်း အနည်းငယ်မောပန်းနေပြီ ဖြစ်သည်။ သို့သော် သူသည်ချွေးထွက်ရုံသာရှိသေးချိန်တွင် ကောင်းချောင်၊ ချန်ရှင်းချန်နှင့် အခြားဝါရင့်ရဲဘော်အချို့မှာမူ သွေးသံရဲရဲဖြစ်နေကြပြီပင်။
အကယ်၍ ချင်ရန်သာအချိန်မီဝင်မကူညီခဲ့လျှင် ဤရဲအဖွဲ့မှာရွာသားများ၏လက်ချက်ဖြင့် အသေသတ်ခံရမည့် ကိန်းဆိုက်သွားနိုင်သည်။
"မင်းကွာ တကယ်စွမ်းတဲ့ကောင်လေးပဲ"
ကောင်းချောင် ဒူးပေါ်လက်ထောက်ကာ အသက်ပြင်းပြင်းရှူနေရသည်။ သူမောလွန်း၍ လဲကျလုနီးပါးဖြစ်နေသော်လည်း ချင်ရန်ကိုချီးကျူးဖို့မမေ့ပေ။ ချင်ရန်သာမရှိခဲ့လျှင် ယနေ့သူတို့ အလောင်းကောင်ဖြစ်သွားနိုင်သည်။ ဤရွာသားများ၏ တိုက်ခိုက်မှုမှာ ညှာတာမှုလုံးဝမရှိပေ။
"ဆရာ အဆင်ပြေရဲ့လား၊ သွေးတွေ ထွက်နေတယ်"
ချင်ရန်အနားလျှောက်လာချိန် ကောင်းချောင်ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်နေသောဒဏ်ရာအချို့ကို မြင်လိုက်ရသဖြင့် စိုးရိမ်တကြီးမေးလိုက်သည်။
"ဘာဖြစ်ရမှာလဲကွ ဒီလောက်ဒဏ်ရာအသေးအမွှားလေးတွေကို စာဖွဲ့နေစရာ မလိုဘူး"
ကောင်းချောင် လက်ကာပြလိုက်ပြီး လီတဝေ့၊ ယန်ရှုနှင့် အခြားသူများဘက် လှည့်ကာအော်ပြောလိုက်သည်။
"မြန်မြန်လုပ်ကြ လက်ထိပ်တွေထုတ်ပြီး ဒီရွာသားဆိုးတွေကို ခတ်လိုက်ကြစမ်း၊ သောက်ကျိုးနည်း ဒီတစ်ခါချင်ရန်သာ မပါလာရင် ငါရောမင်းတို့ပါ ဒီနေရာမှာတင် ဇာတ်သိမ်းသွားလောက်ပြီ၊ ဒီရွာသားတွေက ဝတ္တရားနှောင့်ယှက်ရုံတင်မကဘူး၊ ငါတို့ကိုပါ ကိုယ်ထိလက်ရောက်ကျူးလွန်ကြတာ၊ ဒါကကြီးလေးတဲ့ပြစ်မှုပဲ"
ကောင်းချောင် တင်းမာသောမျက်နှာထားဖြင့် ပြောလိုက်သည်။
ယန်ရှု၊ လီတဝေ့ နှင့်အခြားသူများလည်း လက်ထိပ်များကို အလျင်အမြန် ထုတ်လိုက်ကြသည်။ ယခုအချိန်တွင် ရွာသားများမှာ ပြန်လည်ခုခံနိုင်စွမ်းမရှိတော့သဖြင့် သူတို့ကိုထိန်းချုပ်ရန် အကောင်းဆုံး အချိန်ပင်။ သို့သော် အားလုံးကိုလက်ထိပ်လိုက်ခတ်ပြီးသည့်အခါ ပြဿနာသစ်တစ်ခုပေါ်လာသည်။ ဤသည်မှာတော့ လက်ထိပ်မလောက်တော့ခြင်းပင်။ အနည်းဆုံး လူတစ်ဝက်လောက်မှာ လက်ထိပ်မရှိဘဲကျန်နေသေးသည်။ ဤသည်ကိုမြင်တော့ ကောင်းချောင်ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။
"အိမ်ထဲဝင်ရှာကြ၊ ကြိုးဖြစ်ဖြစ် ဘာဖြစ်ဖြစ်ကွာ သူတို့ကိုတုပ်လို့ရမယ့်ဟာမှန်သမျှအကုန်ယူခဲ့"
"ဟုတ်ကဲ့"
ချက်ချင်းပင် ရဲအချို့အိမ်ထဲဝင်မွှေကာ ကြိုးများ၊ ပလပ်စတစ်အိတ်များကိုပါ ယူလာကြသည်။ နောက်ဆုံးတွင်တော့ ရွာသား ၄၀ကျော်လုံးကို နည်းမျိုးစုံဖြင့် ကြိုးတုပ်ကာ လှုပ်ရှားမရအောင်လုပ်လိုက်နိုင်တော့သည်။ ဤမြင်ကွင်းကိုမြင်တော့မှ ချင်ရန်သက်ပြင်းချနိုင်တော့သည်။ နောက်ဆုံးတော့ ဒီလူအုပ်ကြီးကို ထိန်းချုပ်လိုက်နိုင်ပြီ။ ကောင်းချောင်တို့ကိုဒဏ်ရာရအောင် လုပ်ခဲ့သည့်အတွက် ဒီကိစ္စကိုလွယ်လွယ်ကျော်သွားလို့မဖြစ်ပေ။
"ဆရာ ဒီလူတွေကို ဘယ်လိုဆက်လုပ်ကြမလဲ"
ချင်ရန်က လေးလေးနက်နက်မေးလိုက်သည်။
"ကျွန်တော်တို့မှာကား ၂စီးထပ်ရှိရင်တောင် သူတို့ကိုတင်ခေါ်သွားဖို့မလောက်ဘူး"
ကောင်းချောင်ပြောလိုက်သည်။
"ကိစ္စမရှိဘူး၊ ငါအခုပဲဝမ်ကောဆီ ဖုန်းဆက်ပြီး လူထပ်လွှတ်ခိုင်းလိုက်မယ်"
ကောင်းချောင် အချိန်မဆွဲဘဲ ဝမ်ရှောင်ရီထံဖုန်းခေါ်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် ကောင်းချောင် ချက်ချင်း ပြောလိုက်သည်။
"ဝမ်ကောရေ ကျင်းပေကားကြီး ၃စီးလောက်အမြန်လွှတ်ပေးပါဦး၊ ဒီမှာဖမ်းရမယ့်လူက ၄၀ကျော်လောက်ရှိတယ်"
"ဘာ မင်းဘာပြောလိုက်တယ်၊ လူ ၄၀ကျော်ဟုတ်လား"
ဖုန်းတဖက်ခြမ်းမှ ဝမ်ရှောင်ရီလုံးဝကြောင်အမ်းသွားသည်။
"ညီအစ်ကိုကောင်း နောက်မနေပါနဲ့၊ ရာဇဝတ်ကောင်ဖမ်းရင် လူနည်းနည်းလောက်ပဲမိတာပါ၊ ဘယ်လိုလုပ်ပြီး ၄၀ကျော်ထိ ဖြစ်သွားရတာလဲ၊ ခင်ဗျားတို့ ဟိုမှာဂိုဏ်းလိုက်ကြီးမိတာလား"
ကောင်းချောင်မျက်နှာမှာ တည်တင်းနေပြီး
"ဝမ်ကော ခင်ဗျားမသိဘူးနော်၊ ဒီလူ ၄၀ကျော်လုံးက ကျွန်တော်တို့ကိုဝိုင်းတိုက်ကြတာ၊ ကျွန်တော်က ဒဏ်ရာ ၃နေရာရသွားသလို တခြားရဲဘော်တွေလည်း ဒဏ်ရာရကုန်ပြီ၊ ချင်ရန်သာမပါရင် ကျွန်တော်တို့ဒီခရီးစဉ်ကနေ အသက်ပြန်ပါလာမှာတောင်မဟုတ်ဘူး"
"ရှုပ်ကုန်ပြီ ရှုပ်ကုန်ပြီ"
ဝမ်ရှောင်ရီ ခေါင်းပင်ထူပူသွားရသည်။ အခြေအနေမှာ ဒီလောက်ထိဆိုးရွားလိမ့်မည်ဟုထင်မထားခဲ့ပေ။
ဒါပေမဲ့ ကောင်းချောင်က ဒီလိုပြောမှတော့ သူလူလွှတ်ပေးရတော့မှာပဲလေ။
ဖုန်းချလိုက်ပြီးနောက် ဝမ်ရှောင်ရီရုံးခန်းထဲမှအမြန်ပြေးထွက်ပြီး လူလိုက်စုတော့သည်။
*ဝူး*
ထိုအချိန်မှာပင် ပါလီမြစ်ရဲစခန်းဝင်းထဲသို့ ဆလွန်းကားတစ်စီးမောင်းဝင်လာသည်။ ထိုကားကိုမြင်လိုက်သည်နှင့် ဝမ်ရှောင်ရီမျက်လုံးများ အရောင်တောက်သွားကာ သူအပြေးသွားလိုက်သည်။
"ကျန့်ကျွင်း မင်းရောက်လာပြီကိုး"
ဝမ်ရှောင်ရီပြုံးလိုက်မိသည်။ ကားမောင်းလာသူမှာ နာမည်ကြီးလုပ်သက်ရင့်ရဲသား ချောင်ကျန့်ကျွင်းပင် ဖြစ်သည်။ ကားတံခါးပွင့်လာပြီး အနောက်ခန်းမှလူနှစ်ယောက် ဆင်းလာကြသည်။ ဝမ်ရှောင်ရီ မျက်မှောင်ကြုတ်ကာမေးလိုက်သည်။
"ကျန့်ကျွင်း ဒီနှစ်ယောက်ကဘယ်သူတွေလဲ"
ချောင်ကျန့်ကျွင်း လေသံမာမာဖြင့် ထိုလူနှစ်ယောက်အားအော်လိုက်သည်။
"မင်းတို့နှစ်ကောင် ကားပေါ်ကနေဆင်းစမ်း"
လူငယ်နှစ်ယောက်မှာ ကြောက်ရွံ့စွာဖြင့် ကားပေါ်မှဆင်းလာကြသည်။
ချောင်ကျန့်ကျွင်း နှာမှုတ်လိုက်ပြီး
"ဒီကိုလာတဲ့လမ်းမှာ သူခိုးနှစ်ကောင် အလုပ်ဖြစ်နေတာတွေ့လို့ ကားနဲ့ပိတ်ပြီး ဖမ်းလာခဲ့တာလေ၊ ဝမ်ကော လူတစ်ယောက်လောက်ခေါ်ပြီး ဒီကောင်လေးတွေကိုအတွေးအခေါ် ပညာပေးလေး ဘာလေးလုပ်ခိုင်းလိုက်ပါဦး"
"အေးပါ ငါစီစဉ်လိုက်ပါ့မယ်"
ဝမ်ရှောင်ရီ ခေါင်းညိတ်လိုက်သည်။
"ဒါနဲ့ ကျန့်ကျွင်း ညီအကိုကောင်းတို့ဘက်မှာ ပြဿနာတက်နေတယ်၊ မင်း လိုက်သွားမှရလောက်မယ်"
ချောင်ကျန့်ကျွင်း အံ့ဩသွားသည်။
"ဘယ်လို ကောင်းကောလိုလူမျိုးတောင် ဒုက္ခရောက်နေတယ်ဟုတ်လား"
ဝမ်ရှောင်ရီ သက်ပြင်းချလိုက်သည်။
"ဘယ်သိမလဲကွာ၊ ကြားတာတော့ လူ ၄၀လောက် ဖမ်းခေါ်လာရမယ်တဲ့"
"လူ ၄၀ ကျော်ဟုတ်လား"
ချောင်ကျန့်ကျွင်း မျက်လုံးပြူးသွားသည်။
"နောက်နေတာတော့မဟုတ်ပါဘူးနော်၊ လူ ၄၀ကျော်ဆိုရင် ကျွန်တော်တို့ ရဲစခန်းအသေးလေးထဲ ဆံ့ပါ့မလား"
"ဟူး သွားသာကြည့်လိုက်ပါကွာ၊ ပြီးတော့ ညီအကိုကောင်းက ကား ၃စီးလောက်လိုတယ်ဆိုလို့ ငါ လူ ၂ယောက်လောက်ထပ်ခေါ်ပေးလိုက်မယ်"
"ကောင်းပြီလေ ဒါဆိုကျွန်တော်သွားလိုက်မယ်"
ချောင်ကျန့်ကျွင်း ခေါင်းညိတ်လိုက်သည်။ ရှောင်ယန်ရွာ၌ ချင်ရန်နှင့် အခြားသူများသည် ပါလီမြစ်မှစစ်ကူများကို တိတ်တဆိတ်စောင့်ဆိုင်းနေကြသည်။ ထိုအချိန်တွင် ချင်ရန့်ဘေး၌ ဖမ်းချုပ်ခံထားရသော ကျောက်လုံမှာ စိတ်ပျက်အားငယ်နေပြီး တိုးတိုးလေးကပ်မေးလိုက်သည်။
"အစ်ကိုကြီး ခင်ဗျားရဲ့နောက်ခံကဘာလဲ၊ ခင်ဗျားရဲ့သိုင်းပညာက ဒီလောက်ကောင်းတာကို ဘာလို့ရဲလုပ်နေတာလဲ၊ အစ်ကိုကြီးရာ ကျွန်တော့်ကိုသာလွှတ်ပေးလိုက်ပါ၊ ကျွန်တော် ခင်ဗျားကိုပိုက်ဆံရမယ့် နေရာကောင်းတစ်ခု မိတ်ဆက်ပေးမယ်လေ၊ ခင်ဗျားရဲ့သိုင်းစွမ်းရည်နဲ့ဆိုရင် တစ်လကိုယွမ်တစ်သိန်းလောက်ရဖို့က အေးဆေးပဲ"
ကျောက်လုံ အသံတိုးတိုးဖြင့်တောင်းပန်ရင်း စည်းရုံးနေသည်။ ချင်ရန်ကို လူ ၂၃ယောက်လောက်ဝိုင်းထားသည်ကိုတောင် မဖြိုနိုင်ခဲ့ဘူးဆိုသည်ကို သူမယုံနိုင်အောင်ဖြစ်နေတုန်းပင်။ ဖြိုခွင်းဖို့မပြောနဲ့ ဒဏ်ရာရအောင်တောင်မလုပ်နိုင်ခဲ့ဘူး။ ဒီလောက်ကြောက်စရာကောင်းတဲ့သိုင်းပညာရှိရက်နဲ့ ဘာလို့ရဲသားလေးလာလုပ်နေတာလဲ။ ကျောက်လုံမှာ နိုင်ငံခြား၌နေခဲ့ဖူးသူပီပီ မြေအောက်တိုက်ခိုက်ရေးပွဲတွေအကြောင်း ကောင်းကောင်းသိသည်။ ပွဲတစ်ပွဲကို ငွေသန်းချီလှိမ့်ဝင်နေပြီး ဖိုက်တာတွေလည်းသိန်းချီရကြသည်။ ကျောက်လုံမှာ ဒီအကြောင်းပြချက်ဖြင့် ချင်ရန်အားစည်းရုံးဖို့ကြိုးစားပေသိ ချင်ရန်မှာတော့သူ့ထံလှည့်ပင်မကြည့်ပေ။
"မင်းရဲ့မသမာတဲ့အတွေးတွေကို ခေါက်ထားလိုက်တော့၊ မင်းရဲ့နောက်ကြောင်းရာဇဝင်ကိုစစ်ဆေးပြီးတာနဲ့ ထိုက်တန်တဲ့ပြစ်ဒဏ်ကိုရလိမ့်မယ်"
ချင်ရန်က အေးစက်စက်ပင်ပြန်ပြောလိုက်သည်။
"ကျွန်တော်....."
ကျောက်လုံ မျက်နှာရှုံ့မဲ့သွားသည်။
ချင်ရန်မှာ ငယ်ရွယ်သော်လည်း စိတ်ဓာတ်ခိုင်မာသူဖြစ်မှန်း သိလိုက်ရသဖြင့် ကျောက်လုံတွင် နည်းလမ်းမရှိတော့ပေ။ လွတ်လပ်မှုကိုမြတ်နိုးသူပီပီ အခုလိုအဖမ်းခံရသည်မှာ သူ့အတွက်တော့ ငရဲကျသလိုပင်။ သို့သော် ချင်ရန်မှ ဘေး၌ရှိနေသဖြင့် သူမလှုပ်ရှားရဲပေ။ လူ ၂၀တောင်မနိုင်တဲ့ ချင်ရန်ကို သူတစ်ယောက်တည်း ဘယ်လိုလုပ်ထွက်ပြေးနိုင်မှာလဲ။ အိပ်မက်မက်နေသလိုသာဖြစ်နေမည်။ ထိုအချိန်တွင် မြေပေါ်လဲနေသောရွာသားများမှာ တစ်ယောက်ပြီးတစ်ယောက် သတိပြန်ဝင်လာကြသည်။ သူတို့ကိုယ်ကိုကြိုးတုပ်ခံထားရမှန်းသိလိုက်ရသော် မျက်နှာများပျက်ယွင်းကုန်ကြသည်။
အစပိုင်းတွင်ဆဲဆိုရန် ပြင်လိုက်ကြသော်လည်း ချင်ရန်၏အေးစက်သော အကြည့်တစ်ချက်အောက်တွင် အားလုံးတုန်လှုပ်သွားကြပြီး ပါးစပ်ပိတ်သွားကြသည်။
သူတို့မှာ အရှိန်အဝါကိုတော့ကြောက်တတ်ကြသည်။ ချင်ရန်၏ကြောက်မက်ဖွယ်သိုင်းကွက်များကို သူတို့ကောင်းကောင်းကြီး မှတ်မိနေကြသေး၏။ ချင်ရန့်အကြည့်တစ်ချက်မှာ ကောင်းချောင် ခါးကြားရှိသေနတ်ထက်ပင် ပိုကြောက်စရာကောင်းနေသည်။ ၂နာရီခန့် စောင့်ပြီးနောက် ကောင်းကင်ကြီးလင်းထိန်လာပြီပင်။ လီတဝေ့မှာ ထွက်ပြူလာသော နေလုံးကြီးကိုကြည့်ပြီး အော်လိုက်သည်။
"နောက်တစ်နေ့တောင်ရောက်သွားပြီပဲ၊ ငါတို့တစ်ညလုံး ဖမ်းနေခဲ့ရတာပေါ့"
ထိုစဉ် ဒီဇယ်အင်ဂျင်သံ ၃သံ ဆက်တိုက် ထွက်ပေါ်လာသည်။
ကောင်းချောင်မျက်နှာ ဝင်းလက်သွားရ၏။ ပါလီမြစ်မှစစ်ကူများ ရောက်လာပြီဟု သူခန့်မှန်းလိုက်သည်။