အခန်း (၁၇)
Vol. 2 Ch. 17
17
ကျင်းပေဗင်ကားကြီး ၃ စီးထိုးရပ်လိုက်ပြီးနောက် ကားပေါ်မှ လူ ၆ဦးဆင်းလာသည်။ ချောင်ကျန့်ကျွင်း ရှေ့ဆုံးမှဦးဆောင်လာပြီး ဒဏ်ရာရထားသော ကောင်းချောင်ကို ချက်ချင်းသတိထားမိလိုက်သည်။ သွေးစက်လက်ဖြစ်နေသော ကောင်းချောင်ကိုမြင်လိုက်ရသည့်အခါ ချောင်ကျန့်ကျွင်း အံ့ဩသွားပြီး အနားသို့အမြန်လျှောက်သွားကာမေးလိုက်၏။
"ကောင်းကော ဘာဖြစ်တာလဲ၊ ဘာလို့ သွေးတွေဒီလောက်ထွက်နေရတာလဲ"
ကောင်းချောင် ခါးသက်သက်ပြုံးလိုက်ပြီး မြေကြီးပေါ်တွင် ဖမ်းချုပ်ခံထားရသော ရွာသား ၄၀ကျော်ကို ညွှန်ပြကာပြန်ဖြေလာ၏။
"ဘာဖြစ်ရမလဲကွာ ဟိုလူတွေလက်ချက်ပေါ့"
မြေကြီးပေါ်တွင် လယ်ယာသုံးကိရိယာများ၊ တုတ်များပျံ့ကျဲနေပြီး ရွာသား ၄၀ကျော်မှာ ကြိုးတုပ်ခံထားရသည်။
ချောင်ကျန့်ကျွင်း တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဝမ်ရှောင်ရီပြောသည့်အတိုင်း လူ ၄၀ကျော် တကယ်ရှိနေသည်ကို အတည်ပြုလိုက်သည်။
"ဒီလူတွေက ဘာလုပ်လို့အကုန်လုံးအဖမ်းခံထားရတာလဲ"
ချောင်ကျန့်ကျွင်း ပို၍အံ့ဩသွားသည်။
ကောင်းချောင် သက်ပြင်းချလိုက်ပြီး
"ငါတို့ဖမ်းမယ့် တရားခံက ဒီရွာသားလေ၊ အဲ့ဒါရွာသားတွေက ဆူညံသံကြားပြီး ရောက်လာကြတာ၊ အိမ်ထဲမှာလည်း လူသေအလောင်းတစ်လောင်းရှိနေတော့ ဘယ်သူသတ်လဲမသိဘဲ ငါတို့ကို လာစွပ်စွဲပါလေရော၊ ငါတို့ဖမ်းထားတဲ့ တရားခံကလည်း ငါတို့ကိုပြန်စွပ်စွဲတော့ ရွာသားတွေကဝင်တိုက်ကြတာပေါ့"
အခြေအနေကို နားလည်သွားသောအခါ ချောင်ကျန့်ကျွင်း ခေါင်းညိတ်ကာပြောလိုက်သည်။
"ဒီလူတွေက နားမလည်ရင်လည်း ဘာတတ်နိုင်မှာလဲ၊ ဒါပေမဲ့ ပြစ်မှုကျူးလွန်သူကိုတော့ဖမ်းရမှာပဲ"
ထို့နောက် သူဆက်ပြောသည်။
"ဒါနဲ့ နေပါဦး၊ မင်းတို့က ၁၀ယောက်လောက်နဲ့ ဒီလူ ၄၀ကျော်ကိုနိုင်အောင် တိုက်လိုက်တာလား"
ချောင်ကျန့်ကျွင်း မမေးဘဲမနေနိုင်တော့ပေ။ လူအင်အားကွာခြားချက်က ဒီလောက်ကြီးမားနေတာကို ဘယ်လိုများ ထိန်းချုပ်လိုက်တာလဲ။ ပြီးတော့ ရွာသားတွေက လက်နက်တွေကိုင်ထားကြပြီး ကောင်းချောင်တို့မှာ နံပါတ်တုတ်ပဲပါတာလေ။ ကောင်းချောင်မျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်ခုပေါ်လာပြီး တဖက်တွင် ကျောက်လုံကိုစောင့်ကြပ်နေသော ချင်ရန်ထံညွှန်ပြလိုက်သည်။
"ဟိုကောင်လေးလေ၊ အခုမှရောက်တဲ့ လူသစ်လေး၊ သူတစ်ယောက်တည်းနဲ့ လူ ၂၀ကျော်ကို နှိမ်နင်းလိုက်တာ၊ ဒဏ်ရာတောင်မရဘူးကွ၊ သူပြီးမှငါတို့ကိုလာကူတာ၊ ဒီနေ့ဒီကောင်လေးသာမပါလာရင် ငါတို့အားလုံးဆေးရုံရောက်ရင်ရောက် မရောက်ရင်အသုဘချရမယ့်ကိန်းပဲ"
ချောင်ကျန့်ကျွင်း ကောင်းချောင်ညွှန်ပြရာသို့ကြည့်လိုက်ပြီး ချင်ရန်ကိုတွေ့လိုက်ရသည်။ သူ ခဏတာကြောင်သွားရ၏။ ဘာတွေဖြစ်နေတာလဲ ဟိုလူငယ်လေးက လူ ၂၀ကို တစ်ယောက်တည်း နိုင်ခဲ့တာလား။ ကောင်းချောင် သူ့ကို နောက်နေတာတော့မဟုတ်ပါဘူးနော်။
ချောင်ကျန့်ကျွင်းကိုယ်တိုင်လည်း တိုက်ရည်ခိုက်ရည်မဆိုးပေသိ လက်နက်ကိုင်ထားသူများကို ရင်ဆိုင်ရလျှင် အလွန်ဆုံး ၅ယောက်၊ ၆ယောက်လောက်သာနိုင်မည်ဖြစ်သည်။ အဲ့ဒါတောင်အတော်ကြီးစွမ်းဆောင်နိုင်ပြီဟု ပြောရမည်။ လူ ၂၀လောက် လက်နက်တွေနဲ့ဝိုင်းလာရင် ချောင်ကျန့်ကျွင်း ခေါင်းထဲပေါ်လာမည့် အတွေးမှာထွက်ပြေးဖို့သာ ဖြစ်သည်။ ချောင်ကျန့်ကျွင်းအံ့ဩတကြီး စဉ်းစားနေစဉ်တွင် ချင်ရန် အရာတစ်ခုကိုသတိပြုမိလိုက်၏။ ထောင့်တစ်နေရာတွင် သတိလစ်နေသော အဘွားအိုတစ်ဦး၏မျက်လုံးများပွင့်လာသည်ကို သူ မြင်လိုက်ရသည်။
"ဆရာ ဒီမှာ လူနာသတိရလာပြီ"
ချင်ရန် ချက်ချင်းလှမ်းအော်လိုက်သည်။ ကောင်းချောင်၊ ချောင်ကျန့်ကျွင်း၊ လီတဝေ့ နှင့် အခြားသူများ အားလုံးလှမ်းကြည့်လိုက်ကြ၏။
သတိရလာသူမှာ စောစောကကျောက်လုံကန်ချက်ကြောင့် သတိလစ်သွားသော တင်းတယုံအမေဖြစ်သည်။
သူမ၏စိတ်အာရုံမှာ ဝေဝါးနေဆဲဖြစ်ပြီး သူမအိမ်ဝင်းထဲတွင် လူအများအပြားရောက်နေသည်ကိုတွေ့လိုက်ရသဖြင့်လန့်သွားလေ၏။ ချင်ရန်ဘေးနားရှိ ကျောက်လုံမျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
*သွားပြီ ဒီမိန်းမကြီးကမသေသေးပါလား။ သူသတိရလာပြီဆိုတော့ ငါကသူ့လင်ကိုသတ်ခဲ့တာဆိုပြီး သေချာပေါက်ဖော်ကောင်လုပ်တော့မှာပဲ*
တင်းတယုံအမေ၏အကြည့်များ ဝေဝါးနေရာမှတဖြည်းဖြည်းကြည်လင်လာပြီး ချင်ရန်ဘေးတွင်ကြိုးတုပ်ခံထားရသော ကျောက်လုံနှင့်တင်းတယုံကို မြင်လိုက်ရသည်။ ချက်ချင်းပင် သူမမျက်နှာထားမှာ ဒေါသကြောင့်နီရဲလာပြီး တုန်ရီနေသောညာလက်ဖြင့် ကျောက်လုံထံလက်ညှိုးထိုးကာ တုန်တုန်ယင်ယင်အော်ပြောလိုက်၏။
"လူသတ်သမား နင်ကလူသတ်သမား"
တင်းတယုံအမေ၏ မျက်လုံးများ ရဲရဲတောက်နေသည်။ သူမနှင့်နှစ်ပေါင်းများစွာအတူနေထိုင်ခဲ့သော ခင်ပွန်းသည်မှာ သူမမျက်စိရှေ့မှာပင် အသတ်ခံခဲ့ရသည်မဟုတ်ပါလား။ သူမရင်ကွဲမတတ်ခံစားနေရသည်။
"နင် နင်ကတိရစ္ဆာန်ကောင်၊ ကိုယ့်အဖေအရင်းအသတ်ခံနေရတာကို မတားတဲ့အပြင် ရိုက်တောင်ရိုက်သေးတယ်ပေါ့လေ၊ ငါနင့်ကို အလကားမွေးထားခဲ့မိတာပဲ"
ထို့နောက် သူမသည်တင်းတယုံကိုပါ လက်ညှိုးထိုးပြီး ဆဲဆိုကြိမ်းမောင်းတော့သည်။ ချင်ရန့်မျက်လုံးများ အရောင်လက်သွား၏။ ကြည့်ရတာ ဒီအဘွားက တင်းတယုံရဲ့အမေအရင်းဖြစ်ပုံရတယ်။
"အဘွား ဖြည်းဖြည်းပြောပါ၊ တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ"
ချင်ရန်အနားသို့ လျှောက်သွားပြီး နှစ်သိမ့်ပေးကာ မေးလိုက်သည်။
"ကျွန်တော်တို့က ပါလီမြစ်ရဲစခန်းကပါ၊ ဘာပဲဖြစ်ဖြစ် အဘွားအတွက်တရားမျှတမှုရစေရပါမယ်"
တင်းတယုံအမေ အံ့ဩသွားသည်။ ချင်ရန်ဝတ်ထားသောအဝတ်အစားကို သေချာကြည့်လိုက်မှ ရဲဝန်ထမ်းများ ဖြစ်ကြောင်းသတိထားမိလိုက်သည်။
သူမခင်ပွန်းသည်မှာ တင်းတယုံအားတိုင်တန်းရန် ပါလီမြစ်ရဲစခန်းသို့ဖုန်းဆက်ခဲ့သည်ကို သူမသတိရလိုက်သည်။ ယခု ပါလီမြစ်မှရဲများ ရောက်လာသည်ကို သိလိုက်ရသောအခါ သူမမျက်ရည်များကို မထိန်းနိုင်တော့ဘဲ ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကို ချင်ရန်အားငိုယိုကာပြောပြလေတော့၏။ ကောင်းချောင်နှင့် ချောင်ကျန့်ကျွင်းတို့လည်း ဘေးမှနေ၍ တိတ်တဆိတ်နားထောင်နေကြသည်။
သူတို့သာမက မြေပေါ်တွင်အဖမ်းခံထားရသော ရွာသားများပါနားစွင့်နေကြသည်။ ၅မိနစ်ခန့် ကြာသောအခါ တင်းတယုံအမေ ပြောစရာရှိသည်တို့ပြီးဆုံးသွား၏။ ထိုနေရာရှိ လူတိုင်းမျက်နှာတွင် ဒေါသနှင့်မခံမရပ်နိုင်ဖြစ်မှုများ ပေါ်လာကြသည်။ ချင်ရန်မှာတင်းတယုံထံ အေးစက်စက်ဖြင့်စိုက်ကြည့်လိုက်သည်။ ဒီကောင်က တကယ့် တိရစ္ဆာန်ပဲ။ ကိုယ့်အဖေအရင်း အသတ်ခံရတာတောင် မတားတဲ့အပြင် ပါဝင်ပတ်သက်ခဲ့သေးတယ်။ လူတိုင်း၏အေးစက်သောအကြည့်များမှာ တင်းတယုံအပေါ် ကျရောက်လာရာ သူတုန်လှုပ်ချောက်ချားစွာဖြင့် ခေါင်းမဖော်ရဲတော့ပေ။
"တောက် ဒီတိရစ္ဆာန်ကောင်က သေဒဏ်နဲ့မှတန်တာ"
ကောင်းချောင် ဒေါသထွက်လွန်း၍ အော်ဟစ်လိုက်သည်။ ချောင်ကျန့်ကျွင်းမျက်နှာလည်း မဲမှောင်နေ၏။ လူစိတ်မရှိတော့တဲ့ ဒီလိုကောင်မျိုးက သေဒဏ်ပေးမှ ကျေနပ်စရာကောင်းမှာ။ မြေပေါ်ရှိရွာသားများလည်း ဒေါသထွက်ကုန်ကြသည်။ ဒါပေမဲ့ ဒီတစ်ခါ သူတို့ဒေါသမှာ တင်းတယုံဆီ ဦးလှည့်သွားကြခြင်းပင်။
"မင်းကွာ တော်တော်ယုတ်မာတဲ့ကောင်ပဲ၊ ကိုယ့်အဖေ အသတ်ခံရတာတောင်မကယ်ဘဲ အမေကိုပါပြန်ရိုက်ရတယ်လို့"
"ငါတို့ကိုပါ လိမ်သွားသေးတယ်"
"ဆရာတို့ရေ ကျွန်တော်မှားသွားပါတယ်၊ ကျွန်တော့်ကို အရင်လွှတ်ပေးပါဦး၊ ဒီတိရစ္ဆာန်ကောင်ကို ကျွန်တော် ကိုယ်တိုင်သတ်ပစ်ချင်လို့ပါ"
ရွာသားများ နောင်တရကုန်ကြသည်။ အမှန်တရားကိုသိလိုက်ရပြီးနောက် သူတို့အသုံးချခံလိုက်ရမှန်း သဘောပေါက်သွားကြသည်။ ယခု သူတို့ဒေါသများမှာ တင်းတယုံဆီသို့ ပုံကျသွားသည်။ ကောင်းချောင် နှာမှုတ်ကာပြောလိုက်သည်။
"ခင်ဗျားတို့ကလိမ်ခံရတယ်ဆိုပေမယ့် ရဲတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာကတော့ အပြစ်မသေးဘူးနော်"
ဤစကားကြားသော် ရွာသားများမှာ ရှက်ရွံ့စိတ်ဖြင့် ခေါင်းငုံ့သွားကြသည်။
ကောင်းချောင် လက်ဝှေ့ယမ်းကာအမိန့်ပေးလိုက်သည်။
"အားလုံးကို ကားပေါ်တင်လိုက်ကြ၊ ပါလီမြစ်ရဲစခန်းကို ခေါ်သွားမယ်၊ ခင်ဗျားတို့ဆွေမျိုးတွေကို လာခေါ်ခိုင်းလိုက်ကြ"
ချက်ချင်းပင် ရဲအရာရှိများလှုပ်ရှားလိုက်ကြသည်။ ဒီတစ်ခါတော့ ရွာသားများမှာ အလွန်တရာပူးပေါင်းဆောင်ရွက်ကြသည်။ သူတို့မှားမှန်း သူတို့သိနေကြပြီလေ။ တကယ့်လူယုတ်မာကို ကာကွယ်ပေးခဲ့မိပြီး ရဲကောင်းတွေကိုတိုက်ခိုက်ခဲ့မိကြ၏။ မကြာခင်မှာပင် ရွာသား ၄၀ကျော်ကို ကားပေါ် တင်လိုက်ကြသည်။ ကောင်းချောင်ထပ်ပြောလိုက်၏။
"အဘွား အဘွားလည်း ကားပေါ်လိုက်ခဲ့ပါဦး၊ စခန်းမှာ အသေးစိတ်ထွက်ဆိုချက်ပေးရပါမယ်"
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ"
တင်းတယုံအမေ ခေါင်းညိတ်လိုက်သည်။ သူမမှာ မြေပေါ်တွင်ငြိမ်သက်နေသော ခင်ပွန်းသည်၏အလောင်းကို ကြည့်ပြီး တုန်တုန်ရီရီဖြင့်မေးလိုက်သည်။
"ဆရာ ကျွန်မယောကျာ်းရဲ့အလောင်းကျတော့ ဘယ်လိုလုပ်ရမလဲ"
"ကျွန်တော်မှုခင်းဆရာဝန်နဲ့ တာဝန်ရှိသူတွေကို လာသယ်ခိုင်းလိုက်ပါ့မယ်"
ကောင်းချောင် ပြန်ဖြေသည်။
"ကျေးဇူးပါပဲ"
သူမခေါင်းညိတ်လိုက်သည်။
"ချင်ရန် မင်းလည်းကားပေါ်လိုက်ခဲ့၊ ဒီနှစ်ကောင်ကို မျက်ခြည်မပြတ်စောင့်ကြည့်ထားနော်၊ နှစ်ယောက်လုံးက လူသတ်သမားတွေ ပေါ့ဆလို့မဖြစ်ဘူး"
"ဟုတ်ကဲ့ ဆရာ"
ချင်ရန်ခေါင်းညိတ်ပြီး ကျောက်လုံနှင့် တင်းတယုံကို အေးစက်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထိုနှစ်ယောက်မှာ ချင်ရန့်အကြည့်အောက်တွင်တုန်လှုပ်သွားပြီး ကားပေါ်သို့ငြိမ်သက်စွာတက်သွားကြသည်။ အားလုံးစီစဉ်ပြီးသည်နှင့် ကောင်းချောင်မှာ ဗျူရို၏မှုခင်းစုံစမ်းစစ်ဆေးရေး တပ်ဖွဲ့ခွဲသို့ ဖုန်းဆက်အကြောင်းကြားလိုက်၏။ ဖုန်းပြောပြီးနောက် ကောင်းချောင်နှင့် ချောင်ကျန့်ကျွင်းတို့ ကားပေါ်တက်လိုက်ကြသည်။ ကားပေါ်ရောက်သည်နှင့် ချောင်ကျန့်ကျွင်းမှာ ချင်ရန်တစ်ယောက်တည်း လူ ၂၀ကျော်ကို ဘယ်လိုနှိမ်နင်းခဲ့လဲဆိုသည်အား ကောင်းချောင်ထံ အသေးစိတ်မေးမြန်းနေတော့၏။