← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

18

မည်သို့ပင်ဆိုစေကာမူ ကောင်းချောင် ကိုယ်တိုင် ချင်ရန်အားမြင်လိုက်ချိန်မှာ သူ့အနောက်တွင် လူ ၂၀ကျော်လဲကျနေပြီပင်။ ပြီးတော့ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလိုမျိုး သူ့ကိုဝိုင်းထားတဲ့ ရွာသားတွေကို ချင်ရန်က တစ်ယောက်ပြီးတစ်ယောက် ဖြိုလဲပစ်ခဲ့တာလေ။

ထိုကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်များနှင့် ကန်ချက်များသည် ကောင်းချောင်စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေဆဲဖြစ်သည်။ ရိုးရိုးသားသားဝန်ခံရလျှင် ချင်ရန့်လက်သီးချက်များသာ သူ့ဆီဦးတည်လာပါက နှစ်ချက်ထက်ပိုပြီး ခံနိုင်မည်မဟုတ်ဟု ကောင်းချောင် ယုံကြည်နေမိသည်။

​စုစုပေါင်း ကား ၅စီးသည် ပါလီမြစ်ရဲစခန်းသို့ ဦးတည်မောင်းနှင်လာ၏။

မောင်းနှင်နေစဉ်အတွင်း ကောင်းကင်ကြီးသည် တဖြည်းဖြည်းလင်းထိန်လာပြီး နောက်တစ်နေ့သို့ပင်ကူးပြောင်းရောက်ရှိလာပြီဖြစ်သည်။

ကားတစ်စီးပေါ်တွင် လိုက်ပါလာသော ယန်ရှုမှာတိတ်ဆိတ်ငြိမ်သက်နေသည်။ ရွာသားများနှင့်ရင်ဆိုင်ရစဉ်၌ သူပြောခဲ့သောဥပဒေကြောင်းအရ ဆင်ခြင်တုံတရားများသည် လုံးဝအရာမဝင်ခဲ့သည်ကို သူပြန်လည်တွေးတောနေမိ၏။ အဆုံးသတ်တွင်မူ သူတို့ကိုထိုအခြေအနေဆိုးမှ ကယ်တင်ပေးလိုက်သည်မှာ ချင်ရန့်လက်သီးများသာ ဖြစ်သည်။ ​ယန်ရှုမှ မည်မျှထိအကျိုးအကြောင်းရှင်းပြစေကာမူ ဒေါသထွက်နေသော ရွာသားများမှာ ဆင်ခြင်တုံတရားကို နားမဝင်ခဲ့ကြပေ။

​"ဆင်ခြင်တုံတရားနဲ့ လက်သီး၊ ဘယ်အရာက ပိုအသုံးဝင်လဲ"

ယန်ရှု သက်ပြင်းချလိုက်မိသည်။ သူ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော အသိပညာဗဟုသုတများသည် အချည်းနှီးဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤအသိပညာများသည် စည်းကမ်းလိုက်နာသော နေရာများတွင်သာအသုံးဝင်ပြီး ဥပဒေကို နားမလည်၊ အသိအမှတ်မပြုသော ရွာသားများအတွက်မူ လုံးဝအသုံးမဝင်ပေ။

​နေလုံးကြီးမှာ ကောင်းကင်ယံတွင်မြင့်တက်လာပြီး စူးရှတောက်ပနေသည်။

ကျင်းပေဗင်ကားကြီး ၅စီးသည် ပါလီမြစ်ရဲစခန်းဝင်ပေါက်တွင် ထိုးရပ်လိုက်ကြ၏။ ချင်ရန် ကားပေါ်မှဆင်းလာပြီး ကျောက်လုံနှင့် တင်းတယုံတို့ကို ကိုယ်တိုင်ထိန်းချုပ်ကာ ခေါ်ဆောင်လာသည်။ ပါလီမြစ်ရဲစခန်းဟူသောဆိုင်းဘုတ်ကို မြင်လိုက်ရသည့်အခါ ထိုနှစ်ဦးစလုံးတုန်လှုပ်သွားကြ၏။ သူတို့ အထဲသို့မဝင်ချင်ကြသော်လည်း ဘေးနားတွင် ချင်ရန်ရှိနေသဖြင့် ခြေလှမ်းတုန့်ဆိုင်း၍ပင်မရပေ။

​"မြန်မြန်လျှောက်"

သူတို့တွန့်ဆုတ်နေသည်ကို မြင်သောအခါ ချင်ရန်အေးစက်စွာပြောလိုက်သည်။ ထို့နောက် ကားပေါ်မှ လူ ၄၀ကျော်ကိုလည်း ကောင်းချောင်၊ ချောင်ကျန့်ကျွင်းနှင့် အခြားသူများက ခေါ်ပြီးဆင်းလာကြသည်။

​"တန်းစီပြီးသွားကြ တွန်းမနေကြနဲ့"

ကောင်းချောင် အသံကုန်ဟစ်ကာ လူအုပ်ကြီးကို အမိန့်ပေးနေသည်။

​ထိုအချိန်တွင် စခန်းထဲ၌ရှိနေသော ဝမ်ရှောင်ရီနှင့် အခြားသူများသည် အပြင်ဘက်မှ ဆူညံသံများကိုကြားလိုက်ရသဖြင့် အားလုံးထွက်ကြည့်ကြသည်။

ထွက်လာသည့်အခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူတို့အားလုံးမှင်သက်သွားကြ၏။ ဝမ်ရှောင်ရီမှာ ပါးစပ်အဟောင်းသားဖြစ်ကာစကားပင် မပြောနိုင်တော့ပေ။ သူသည် ချောင်ကျန့်ကျွင်းနှင့် ကောင်းချောင်တို့ကိုမြင်လိုက်ရသည့်အခါ ချက်ချင်းအနားသို့ သွားပြီး ဆူပူတော့သည်။

"ကောင်းကော ကျန့်ကျွင်းခင်ဗျားတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ၊ လူ ၄၀ကျော်ကြီးကို အကုန်ဖမ်းခေါ်လာတာလား၊ ငါတို့စခန်းမှာ အချုပ်ခန်း ၂ခန်းပဲ ရှိတာလေ၊ ဒီလူတွေအကုန်လုံး ဘယ်လိုလုပ်ဆံ့မှာလဲကွ"

​သို့သော် နောက်တစ်စက္ကန့်တွင် ကောင်းချောင်ခန္ဓာကိုယ်ပေါ်မှ သွေးစွန်းနေသောဒဏ်ရာများကို မြင်လိုက်ရသည်။ သူ့ရဲယူနီဖောင်းမှာ သွေးများဖြင့်ရဲရဲတောက်နေ၏။ ဝမ်ရှောင်ရီ မျက်လုံးပြူးသွားသည်။

"ခင်ဗျား ဘယ်လိုဖြစ်ပြီး ဒဏ်ရာရလာတာလဲ"

​ချောင်ကျန့်ကျွင်း ချက်ချင်းဝင်ပြောလိုက်သည်။

"ဒီလူတွေ လက်ချက်ပေါ့၊ သူတို့ကောင်းကောကို သေလုနီးပါးရိုက်ခဲ့ကြတာ၊ ခင်ဗျားက ကျွန်တော်တို့ကိုမဖမ်းလာနဲ့လို့ ပြောချင်နေတာလား၊ စခန်းမှာနေရာမဆံ့ရင် ညွှန်ကြားရေးမှူးဆုန့်ဆီ ဖုန်းဆက်ပြီး ဟိုမှာသွားချုပ်ခိုင်းလေ"

ဤစကားကြားလိုက်ရတော့ ဝမ်ရှောင်ရီ မျက်မှောင်ကြုတ်သွားသည်။ အစိုးရဝန်ထမ်းကို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းမှာ ပြစ်မှုသေးသေးမဟုတ်ပေ။ ဒီအတိုင်းသာဆိုလျှင် လူ ၄၀မက၊ ၄၀၀ရှိလျှင်ပင် ဖမ်းခေါ်လာရမည်သာဖြစ်သည်။ ထို့နောက် ဝမ်ရှောင်ရီ ညွှန်ကြားရေးမှူးဆုန့်ထံ ဖုန်းဆက် အကြောင်းကြားပြီး လူလာသယ်ရန် ကား ၃စီးလွှတ်ပေးဖို့ ပြောလိုက်၏။

​တခြားတစ်ဖက်တွင် ရှကျဲနှင့် ကျောက်ကျီဝေ့တို့သည်လည်း ဆူညံသံများကြောင့်လန့်နိုးလာပြီးထွက်ကြည့်ရာ လူ ၄၀ကျော်ကိုတွေ့လိုက်ရသဖြင့် အံ့ဩသွားကြသည်။ ရှကျဲလျှောက်လာသည့်အခါ ချင်ရန်တစ်ယောက်တည်းဖြင့် လူနှစ်ယောက်အားဖမ်းချုပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုနှစ်ယောက်မှာ ကလေးလေးတွေလို လိမ္မာနေကြပြီး မူပျက်မနေကြပေ။

​"ဒါ ဒါဘာဖြစ်ကြတာလဲ၊ ချင်ရန် ဘာတွေဖြစ်ခဲ့တာလဲ"

ရှကျဲနားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ တစ်ပြိုင်နက်တည်း လူ ၄၀ကျော်ဖမ်းလာတယ်ဆိုတော့ ဒါကဘယ်လိုအမှုကြီးလဲ။ ​ချင်ရန် တည်တည်ငြိမ်ငြိမ်ပင်ဖြေလိုက်သည်။

"ကျွန်တော်တို့တရားခံဖမ်းတုန်း ဒီရွာသားတွေက ဝင်တိုက်ကြတာ၊ ဒုစခန်းမှူးကောင်းတောင် ဒဏ်ရာရလာတယ်၊ ဒါကြောင့် ဒီလူတွေကိုဖမ်းခေါ်လာခဲ့တာ"

​ရှကျဲရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ ကောင်းချောင်တောင် ဒဏ်ရာရတယ်ဆိုတော့ ချင်ရန်ရောဘယ်လိုနေမလဲ။ စိုးရိမ်စိတ်ဖြင့် ရှကျဲမသိစိတ်မှ လှမ်းမေးလိုက်မိသည်။

"နင်ရော အဆင်ပြေရဲ့လား"

ချင်ရန်အသာခေါင်းညိတ်ပြပြီး ပြုံးလိုက်သည်။

"ငါက ဘာဖြစ်ရမှာလဲ"

​လီတဝေ့နှင့် ယန်ရှုတို့လည်း ရွာသားအချို့ကိုကားပေါ်မှ ဆွဲချလာကြသည်။ သို့သော် ယန်ရှုမျက်နှာထားမှာ တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးတောနေပုံ ပေါ်သည်။ လီတဝေ့ကတော့သက်ပြင်းချလိုက်ပြီး ကျောက်ကျီဝေ့ နှင့် ရှကျဲတို့ကိုမြင်သောအခါ ပြုံးရွှင်စွာဖြင့်လျှောက်လာ၏။

"ဟူး နောက်တစ်နေ့တောင်ရောက်ပြီပဲ၊ မနေ့ညက ငါတို့ဘယ်လောက်အန္တရာယ်များခဲ့လဲဆိုတာ မင်းတို့ယုံမှာတောင် မဟုတ်ဘူး"

လီတဝေ့ သက်ပြင်းချရင်းပြောလိုက်သည်။ ​လီတဝေ့မှာ မနေ့ည၌ဖြစ်ပျက်ခဲ့သမျှကို ရှကျဲ နှင့် ကျောက်ကျီဝေ့တို့အား ကွက်ကွက်ကွင်းကွင်းပြန်ပြောပြလေ၏။ အစပိုင်းတွင် နားမလည်နိုင်ဖြစ်နေကြသော်လည်း နောက်ပိုင်းတွင် သူတို့မျက်လုံးများပြူးကျယ်လာပြီး မယုံနိုင်လောက်အောင်ဖြစ်သွားကြသည်။ လီတဝေ့ပြောနေပုံမှာ သိုင်းဝတ္ထုတစ်ပုဒ်ကိုပြန်ပြောပြနေသလို ဖြစ်နေပြီး ချင်ရန်မှာတော့ ထိုဝတ္ထုထဲမှဇာတ်လိုက်ကျော်ကြီးဖြစ်နေ၏။ တစ်ယောက်တည်းနဲ့ လူ ၂၀ကိုရင်ဆိုင်တယ်ဆိုတာ နည်းနည်းတော့မများလွန်းဘူးလား။ ​ချင်ရန်ချောင်းတစ်ချက်ဟန့်ကာပြောလိုက်သည်။

"ကဲပါကွာ ကြွားမနေပါနဲ့တော့၊ ငါမနေ့ညက အဲ့လောက်လည်းမစွမ်းပါဘူး၊ အထဲဝင်နားကြရအောင်၊ ငါတို့မထိုင်ရတာ ဘယ်လောက်ကြာပြီလဲ"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ အစ်ကိုရန်ရဲ့သဘောအတိုင်းပဲ"

လီတဝေ့ရွှင်မြူးစွာ ပြောလိုက်သည်။ ​ကျောက်ကျီဝေ့မျက်နှာတွင် အားကျစိတ်များ အထင်းသားပေါ်နေ၏။ မနေ့ည၌ သူတို့ကြုံတွေ့ခဲ့ရတာသည်တို့မှာ တကယ့်အတွေ့အကြုံကောင်းများပင်ဖြစ်သည်။ သူသည်တော့တစ်ညလုံး စောင့်ကြည့်ကင်မရာမှတ်တမ်းတွေကိုသာ ထိုင်ကြည့်နေခဲ့ရပြီးမျက်လုံးများကျိန်းစပ်ကာပျင်းဖို့ကောင်းလွန်းလှ၏။

ရှကျဲမျက်လုံးများတွင်တော့ အရောင်တစ်မျိုးတောက်သွားသည်။ လီတဝေ့ပြောပြသော ချင်ရန်၏သူရဲကောင်းဆန်ဆန်စွမ်းဆောင်မှုများကို ကြားရသောအခါ သူမစပ်စုချင်စိတ်ရော၊ သံသယစိတ်ပါဖြစ်ပေါ်လာ၏။ မနေ့ည၌ သူမသာပါသွားခဲ့ပါက ဘယ်လောက်ကောင်းမလဲဟုပင် တွေးမိလိုက်သည်။

​မကြာမီတွင် ညွှန်ကြားရေးမှူးဆုန့်လွှတ်လိုက်သော ကား ၃စီးရောက်ရှိလာပြီး ရွာသား ၄၀ကျော်ကိုခေါ်ဆောင်သွား၏။ ကောင်းချောင်တို့ကို တိုက်ခိုက်ခဲ့သည့်အတွက် ထောင်ဒဏ် မကျလျှင်တောင် အနည်းဆုံး ၂ရက်လောက်တော့ အချုပ်ထဲထည့်ထားရမည်။ မဟုတ်လျှင် ရဲသိက္ခာဘယ်နားသွားထားမလဲ။ ​အားလုံးရှင်းလင်းသွားပြီးနောက် ဝမ်ရှောင်ရီသက်ပြင်းချလိုက်ပြီး ချောင်ကျန့်ကျွင်း၊ ချန်ရှင်းချန် နှင့် ပါလီမြစ်ရဲစခန်းမှ အခြားဝါရင့်အရာရှိများကို အစည်းအဝေးခေါ်လိုက်သည်။ ကောင်းချောင်မှာတော့ ဒဏ်ရာများကြောင့် ဆေးရုံသို့ပို့လိုက်ရပြီပင်။

​ဝမ်ရှောင်ရီ ထိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီး

"ဒီနေ့ကိစ္စက တော်တော်ရှုပ်ထွေးသွားတယ်၊ လူ ၄၀ကျော်တောင်ပါလာတာကိုး၊ တော်သေးတာပေါ့ ညွှန်ကြားရေးမှူးဆုန့် ကူညီဖြေရှင်းပေးလို့သာပဲ"

ညွှန်ကြားရေးမှူးဆုန့်ကိုယ်တိုင်လည်း လူ ၄၀ကျော်ဆိုသည်အားကြားတော့ ညည်းညူနေသေးသည်။ သို့သော် နောက်ဆုံးတော့ လူလွှတ်ပြီးခေါ်သွားပေး၏။ ​ဝမ်ရှောင်ရီ ဝါရင့်အရာရှိများကိုကြည့်ပြီး လေးနက်စွာမေးလိုက်သည်။

"ရှင်းချန် တင်းတယုံကိုဖမ်းတဲ့ကိစ္စမှာ ချင်ရန်ရဲ့စွမ်းဆောင်ရည်က ကောင်းကောပြောသလောက် တကယ်ဟုတ်ရဲ့လား"

ချန်ရှင်းချန် ခေါင်းညိတ်ကာပြန်ဖြေလိုက်၏။

"အပိုပြောတာ လုံးဝမပါပါဘူး စခန်းမှူး"

ဤစကားကြားတော့ ဝမ်ရှောင်ရီမေးစေ့ကို ပွတ်သပ်လိုက်ပြီး ရုတ်တရက်ပြုံးလိုက်သည်။

"ညွှန်ကြားရေးမှူးဆုန့်က ငါတို့ပါလီမြစ်အတွက် ဒီလောက်တော်တဲ့လူစွမ်းကောင်းတစ်ယောက် ရှာပေးလိမ့်မယ်လို့ထင်မထားခဲ့ဘူး၊ ဒီလောက်ထူးခြားတဲ့စွမ်းရည်ရှိတဲ့လူက ငါတို့ပါလီမြစ်မှာနေရတာ နည်းနည်းတော့ နှမြောစရာကောင်းသလိုပဲ"

​"စခန်းမှူး ကျွန်တော်တို့ကိုဘာလို့စုဝေးခိုင်းတာလဲ"

ချောင်ကျန့်ကျွင်း မောပန်းနေသောအသွင်ဖြင့် မေးလိုက်သည်။ ဝမ်ရှောင်ရီပြုံးပြီးပြန်ဖြေလိုက်သည်။

"အခု လူသစ် ၅ယောက်ရောက်လာပြီဆိုတော့ သူတို့အတွက် ဆရာတွေရွေးပေးရမယ်လေ"

ဤသည်ကိုကြားသည်နှင့် ချောင်ကျန့်ကျွင်း၏အိပ်ချင်စိတ်များပျောက်သွားပြီး မတ်တပ်ထရပ်ကာအလျင်အမြန် ပြောလိုက်သည်။

"စခန်းမှူး ကျွန်တော့်အထင် ချင်ရန်ကကျွန်တော်နဲ့ အလိုက်ဖက်ဆုံးပဲ၊ ကျွန်တော်သာ သူ့ကိုသင်ပေးရင် လုံးဝ ပြဿနာမရှိစေရဘူး"

​"အဟွတ်"

ပုံမှန်အားဖြင့် ရိုးသားအေးဆေးသော ချန်ရှင်းချန်ပင်လျှင် ဒီတစ်ခါတော့ဝင်ပြောလာသည်။

"စခန်းမှူး ကျွန်တော်က ချင်ရန်နဲ့မစ်ရှင်တစ်ခုအတူတူ ထမ်းဆောင်ဖူးတယ်ဆိုတော့ ကျွန်တော်တို့အချင်းချင်း ရင်းနှီးနေပါပြီ၊ သူ့ကို ကျွန်တော့်တပည့်အဖြစ် ထားသင့်တယ်လို့ထင်ပါတယ်"

​ချင်ရန်လိုတည်ငြိမ်ပြတ်သားပြီး စွမ်းရည်မြင့်မားသည့်လူတစ်ယောက်ကို ဘယ်သူကလူသစ်လို့ သတ်မှတ်မှာလဲ။

​ထိုအချိန်တွင် ဝမ်ရှောင်ရီမှာ စားပွဲကိုဒုန်းခနဲမြည်သည်ထိထုကာ ဆူငေါက်လိုက်သည်။

"ကဲ ကဲ ခင်ဗျားတို့နှစ်ယောက် ဘာတွေ ငြင်းနေကြတာလဲ၊ လူသစ်ကစုစုပေါင်း ၅ယောက်ရှိတာ၊ နှစ်ယောက်စလုံးက ချင်ရန်ကိုပဲလိုချင်နေကြရင် ဘယ်ဖြစ်မလဲ"

​

All Chapters