အခန်း (၁၉)
Vol. 2 Ch. 19
19
ဝမ်ရှောင်ရီ နှာမှုတ်လိုက်ပြီး
"ချောင်ကျန့်ကျွင်း ချန်ရှင်းချန် ခင်ဗျားတို့နှစ်ယောက်က ပါလီမြစ်ရဲစခန်းရဲ့အမာခံတွေလေ၊ ခင်ဗျားတို့လိုလူမျိုးက ချင်ရန်ကိုဦးဆောင်ရမယ်ဆိုရင် နည်းနည်းတော့ နှမြောစရာမကောင်းဘူးလား၊ ခင်ဗျားတို့က အကောင်းဆုံး ဆရာတွေဖြစ်တဲ့အတွက် ယန်ရှု၊ ကျောက်ကျီဝေ့၊ ရှကျဲ နဲ့ လီတဝေ့တို့ကို လမ်းပြပေးသင့်တာပေါ့"
ဝမ်ရှောင်ရီစကားကို ချောင်ကျန့်ကျွင်း နှင့် ချန်ရှင်းချန်တို့ လုံးဝစိတ်မဝင်စားကြပေ။ ထိုအချိန်တွင် ချောင်ကျန့်ကျွင်းမှာ ခေါင်းယမ်းရင်းပြောလိုက်သည်။
"စခန်းမှူး ကျွန်တော်ပြောချင်လို့ပြောတာမဟုတ်ပေမယ့် ဟိုယန်ရှုဆိုတဲ့ကောင်လေးက စာအုပ်ကြီးသမားလေ၊ သူကစာတော်ပေမယ့် အရမ်းတရားသေဆန်လွန်းတယ်၊ စာအုပ်ထဲက အသိပညာလောက်ပဲသိတာ"
ချန်ရှင်းချန်လည်း ဘေးမှထောက်ခံပြီး မနေ့ည၌ရွာသားများနှင့် ထိပ်တိုက်တွေ့စဉ် ယန်ရှုအဖြစ်အပျက်ကိုပြန်ပြောပြလိုက်သည်။ နားထောင်ပြီးနောက် ဝမ်ရှောင်ရီ ခဏတာစဉ်းစားလိုက်၏။
"ယန်ရှုက နည်းနည်းတော့တရားသေဆန်တာဟုတ်တယ်၊ ဒါပေမဲ့ အဲ့လိုဖြစ်နေလို့လည်း ခင်ဗျားတို့လိုလူမျိုးက သူ့ကိုပြုပြင်ပြောင်းလဲပေးဖို့လိုတာပေါ့ မဟုတ်ဘူးလား"
ချောင်ကျန့်ကျွင်းနှုတ်ခမ်းများ တွန့်သွားသည်။ ယန်ရှုအား တပည့်အဖြစ်သူလက်မခံချင်ပေ။ ထိုစဉ် ဝမ်ရှောင်ရီ၏အကြည့်များ သူ့ထံသို့စူးစိုက်ရောက်ရှိလာသဖြင့် ချောင်ကျန့်ကျွင်း စိတ်ထဲထင့်သွားသည်။ ဝမ်ရှောင်ရီပြုံးပြီး
"ကဲ ကျန့်ကျွင်းရေ ခင်ဗျားကယန်ရှုမကောင်းဘူးလို့ပြောမှတော့ သူ့အားနည်းချက်ကို ခင်ဗျားကကောင်းကောင်းသိနေလို့ပဲ၊ ဒါဆိုခင်ဗျားပဲ သူ့ကိုဦးဆောင်လိုက်တော့"
"ကျွန်တော်ကလား"
ချောင်ကျန့်ကျွင်းမျက်လုံးပြူးသွားပြီး ငြင်းဆန်ရန် ပြင်လိုက်သည်။ သို့သော် ဝမ်ရှောင်ရီမှာ သူ့ကိုအခွင့်အရေးမပေးဘဲ ချန်ရှင်းချန်ဘက်သို့လှည့်ကာပြောလိုက်သည်။
"ရှင်းချန် လီတဝေ့က နည်းနည်းလွတ်လွတ်လပ်လပ်ပုံပေါက်ပေမယ့် ဉာဏ်ကောင်းရှာပါတယ်၊ ခင်ဗျားသူ့ကို တာဝန်ယူလိုက်"
ထို့နောက်ဝမ်ရှောင်ရီမှာ ကျန်းကျစ်ကျယ်ကို ကြည့်ပြီးစီစဉ်လိုက်သည်။
"ကျစ်ကျယ် ကျောက်ကျီဝေ့က ခင်ဗျားနဲ့အတူတူအလုပ်လုပ်ဖူးတော့ ရင်းနှီးပြီးသားနေမှာပါ၊ ခင်ဗျားပဲသူ့ဆရာလုပ်လိုက်တော့"
ဝမ်ရှောင်ရီမှာ ဘယ်သူ့ကိုမှငြင်းဆန်ချိန်မပေးဘဲ ဆက်တိုက်ပြောသွားသည်။ ထို့နောက်ရုံးခန်းထဲတွင်ရှိနေသော ချန်ဟောက်ထံကြည့်လိုက်၏။ သူ့စိတ်ထဲတွင် အစီအစဉ်ရှိပြီးသားဖြစ်သည်။
"ညီအကိုချန်ရေ လူသစ် ၅ယောက်ထဲမှာ တစ်ယောက်တည်းပါတဲ့ကလေးမရှကျဲကို ခင်ဗျားပဲဦးဆောင်ပေးပါ"
ဝမ်ရှောင်ရီဆက်ပြောလိုက်သည်။
"ခင်ဗျားက အမြဲတမ်းတည်ငြိမ်ပြီး အလုပ်လုပ်တာသေချာတယ်၊ ခင်ဗျားရဲ့စွမ်းရည်ကို ကျွန်တော်ယုံပြီးသား၊ ရှကျဲက အာဇာနည်ရဲ့သမီးဖြစ်သလို ညွှန်ကြားရေးမှူးဆုန့်ကလည်း အထူးဂရုစိုက်နေတာ၊ ခင်ဗျားသူ့ကို သေချာစောင့်ရှောက်ပေးရမယ်၊ ခြစ်ရာလေးတောင်မထင်စေနဲ့ ကြားလား"
ချန်ဟောက် ခေါင်းညိတ်လိုက်သည်။
"စခန်းမှူး ဒါဆိုချင်ရန်ကရော၊ ချင်ရန်ကို ဘယ်သူဦးဆောင်မှာလဲ၊ ကျွန်တော်လုပ်လိုက်မယ်လေ၊၂ယောက်ယူရမယ်ဆိုလည်း ကျွန်တော်ပျော်ပျော်ကြီး လက်ခံပါတယ်"
ချောင်ကျန့်ကျွင်း ချက်ချင်းဝင်ပြောလိုက်သည်။ သူချင်ရန်ကို ဘယ်လောက်လိုချင်နေလဲဆိုသည်မှာသိသာလွန်းလှ၏။ ချင်ရန်မှာ စွမ်းရည်မြင့်မားသူဖြစ်သဖြင့် ယခုကတည်းမှ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားလျှင် အနာဂတ်အတွက် အသုံးဝင်နိုင်သည်ဟု သူတွေးထားသည်။ ဝမ်ရှောင်ရီပြုံးပြီး ပြောလိုက်၏။
"ချင်ရန်အတွက်ကတော့ ညီအကိုချန်ကိုပဲ ဒုက္ခပေးရတော့မယ်"
ချန်ဟောက် ကြောင်သွားသည်။ ဝမ်ရှောင်ရီက သူ့ကိုရှကျဲနဲ့ တွဲပေးထားပြီးပြီမဟုတ်လား။ ဝမ်ရှောင်ရီမေးလိုက်သည်။
"ဒီမှာရှိတဲ့လူတိုင်းလည်း ချင်ရန်ရဲ့စွမ်းရည်ကိုမြင်ပြီးကြပြီမလား"
ဤစကားကိုကြားလိုက်တော့ ချန်ဟောက် ချက်ချင်းသဘောပေါက်သွားသည်။ သူ့ကိုရှကျဲရော ချင်ရန်ပါတွဲပေးလိုက်ခြင်းမှာ ရှကျဲအားကာကွယ်ဖို့အတွက်သာပင်။ ရှကျဲနှင့်ချင်ရန်သာအတူတူအလုပ်လုပ်လျှင် ချင်ရန့်စွမ်းရည်ကြောင့် ရှကျဲထိခိုက်ဖို့ဆိုသည်မှာမဖြစ်နိုင်သလောက်ပင်။ ချောင်ကျန့်ကျွင်း စိတ်ပျက်သွားပြီး
"စခန်းမှူး ချန်ကောကနေ့တိုင်း အလုပ်ရှုပ်နေတာလေ၊ သူ့ကို ၂ယောက် ထည့်ပေးလိုက်ရင် မနိုင်ဝန်ထမ်းသလိုဖြစ်သွားမှာပေါ့၊ တကယ်တော့ ကျွန်တော် ၃ယောက်လုံးကိုယူလို့ရပါတယ်၊ ချင်ရန် ယန်ရှု ရှကျဲ ၃ယောက်လုံးကို ကျွန်တော်ကြည့်ပေးမယ်လေ"
ဝမ်ရှောင်ရီ : "......"
"ကျန့်ကျွင်း တော်တော့၊ ဒီကိစ္စအတည်ဖြစ်သွားပြီ ဘာမှထပ်မပြောနဲ့တော့"
ဝမ်ရှောင်ရီ လက်ကာပြလိုက်သည်။
ချောင်ကျန့်ကျွင်း သက်ပြင်းချလိုက်၏။ သူဘယ်လောက်ပဲ ကြိုးစားပြောပါစေ နောက်ဆုံးတော့ချင်ရန်ကိုမရလိုက်ပေ။ တခြားတစ်ဖက်တွင် အဘွားအိုတစ်ဦးနှင့်ဇနီးမောင်နှံနှစ်ဦး ပါလီမြစ်ရဲစခန်းသို့ ရောက်ရှိလာကြသည်။ ဝမ်ရှောင်ရီ သတင်းကြားသည်နှင့် ထွက်တွေ့လိုက်၏။ ဤမိသားစုသည် ဘတ်စ်ကားပေါ်တွင် လူကုန်ကူးခံရမည့်ဆဲဆဲ၌ ချင်ရန်ကယ်တင်ခဲ့သောကလေးငယ်၏မိသားစုဝင်များဖြစ်သည်။
ပါလီမြစ်ရဲစခန်းမှ သူတို့၏ဆက်သွယ်ရန်လိပ်စာကို ရှာဖွေတွေ့ရှိခဲ့ပြီး လာရောက်ရန်အကြောင်းကြားခဲ့ခြင်းပင်။
အဘွားအိုနှင့်ဇနီးမောင်နှံ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုနှင့် မောပန်းနွမ်းနယ်မှုများ အထင်းသားပေါ်နေသည်။ ကလေးပျောက်သွားသည်မှာ တစ်ရက်ရှိပြီဖြစ်၍ သူတို့အလွန်တရာထိတ်လန့်နေခဲ့ကြ၏။ ဝမ်ရှောင်ရီမှာ ကလေးငယ်ကိုခေါ်ထုတ်လာပြီးနောက် လင်မယားနှစ်ယောက်ထံ လေသံမာမာဖြင့်ပြောလိုက်သည်။
"ခင်ဗျားတို့က ဘယ်လိုမိဘတွေလဲ၊ ကိုယ့်ကလေးပျောက်သွားတာတောင် ဂရုမစိုက်ကြဘူးလား"
လင်မယားနှစ်ယောက် ရှက်ရွံ့သွားကြပြီး အဘွားအိုမှာ ပို၍ပင်မျက်နှာပျက်နေရှာသည်။ ချင်ရန်၊ ရှကျဲ နှင့် အခြားသူများအပြင်မှ ဆူညံသံကြား၍ထွက်ကြည့်ကြ၏။ ချင်ရန် အဘွားအိုကိုချက်ချင်းမြင်လိုက်သည်။
*ဒီအဘွားက မူရင်းဇာတ်လမ်းထဲက,ကလေးရဲ့အဘွားပဲ*
ချင်ရန် စိတ်ထဲမှအတည်ပြုလိုက်ပြီး စိတ်သက်သာရာ ရသွားသည်။ ဘာပဲဖြစ်ဖြစ် ကလေးဘေးကင်းသွားသည်မှာကောင်းပါ၏။ ထိုအချိန်တွင် ကလေးငယ်မှာ သူ့ကိုယ်သူလက်ညှိုးထိုးပြီး မိဘများနှင့်အဘွားအိုထံ တစ်စုံတစ်ခုပြောလိုက်သည်။ ထို့နောက် မိဘများနှင့်အဘွားအိုတို့သည် ကလေးကိုခေါ်ပြီး ချင်ရန်ရှိရာသို့ လျှောက်လာကြ၏။ အဘွားအိုမှာအနားရောက်သည်နှင့် ချင်ရန်ရှေ့တွင် ဒူးထောက်ချလိုက်တော့မလိုဖြစ်သွားသည်။ ချင်ရန်လန့်သွားပြီး အဘွားအိုကို အမြန်တွဲထူလိုက်၏။
"အဘွားရယ် မလိုပါဘူး မလိုပါဘူး၊ လူကုန်ကူးသမားကိုနှိမ်နင်းရတာက ပြည်သူ့ရဲတွေရဲ့တာဝန်ပါ၊ ကျေးဇူးတင်စရာမလိုပါဘူး"
ချင်ရန်ထပ်ခါတလဲလဲပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ကွယ်"
အဘွားအို ရှိုက်ကြီးတငင်ငိုကြွေးရင်းပြောလာ၏။
"ကျွန်မ အပြစ်ပါ၊ ကလေးကိုသေချာမကြည့်ခဲ့မိလို့ လူကုန်ကူးခံရမလိုဖြစ်သွားတာပါ"
ချင်ရန် သူမကိုနှစ်သိမ့်လိုက်သည်။
"နောက်ဆိုရင် သတိထားပါ၊ ဒီလိုအမှားမျိုးထပ်မဖြစ်စေနဲ့နော်၊ ကလေးကို သေချာစောင့်ရှောက်ပါ"
"ဟုတ်ကဲ့ပါ ကျေးဇူးရှင်ရဲ့စကားကို တစ်သက်လုံး မှတ်သားထားပါ့မယ်"
အဘွားအိုမှာ ချင်ရန်ကိုကျေးဇူးတင်စွာဖြင့်ပြောလိုက်သည်။ ကလေး၏အဖေဖြစ်သူမှာ စကားနည်းသူဖြစ်ပြီး ဘာပြောရမှန်းမသိဖြစ်နေ၏။ ခဏကြာ စဉ်းစားပြီးနောက် ပိုက်ဆံအိတ်ထဲမှငွေစက္ကူအနီ အနည်းဆုံးအရွက် ၂၀ခန့်ကိုထုတ်ပြီး ချင်ရန့်အိတ်ကပ်ထဲသို့ အတင်းထိုးထည့်လိုက်သည်။ ချင်ရန် အမြန်ငြင်းဆန်လိုက်ပြီး မျက်နှာထက်တွင် ခါးသက်သက်အပြုံးတစ်ခုပေါ်လာ၏။
"ဒီပိုက်ဆံကို ဆရာတို့လက်ခံမှဖြစ်မယ်၊ မဟုတ်ရင် ဒီနေ့ကျွန်တော်တို့ပြန်မသွားဘူး"
ကလေး၏အဖေမှာ အလွန်တရာဇွဲကောင်းနေသည်။ ချင်ရန် ဘယ်လောက်ငြင်းငြင်း သူကအိတ်ကပ်ထဲအတင်းထိုးထည့်နေသည်။ ဝမ်ရှောင်ရီ လျှောက်လာပြီး ပြုံးရွှင်စွာပြောလိုက်၏။
"ကဲပါ ကလေးမိဘတို့ရယ် ပိုက်ဆံပဲပေးမနေကြပါနဲ့၊ ကျွန်တော်တို့က ပြည်သူ့ဝန်ထမ်းတွေပါ၊ ပြည်သူတွေဆီက ပိုက်ဆံယူလို့မရပါဘူး၊ ကျွန်တော်တို့က ပြည်သူကိုအလုပ်အကျွေးပြုရတာလေ"
ချင်ရန်လည်း လေးနက်စွာပြောလိုက်သည်။
"ကျွန်တော် ဒီပိုက်ဆံကိုလက်မခံနိုင်ပါဘူး၊ တကယ်လို့ ခင်ဗျားတို့စိတ်မကောင်းဖြစ်နေရင် ဒီပိုက်ဆံကိုလိုအပ်နေတဲ့ တခြားလူတွေဆီသာလှူလိုက်ပါ"
ချင်ရန်မှာ ဘယ်လိုမှလက်မခံမှန်းသိလိုက်ရ၍ ကလေး၏မိသားစုလည်း လက်လျော့လိုက်ကြသည်။ သူတို့သည်အကြိမ်ကြိမ် ကျေးဇူးတင်စကားပြောကြားပြီးမှ ပြန်သွားကြလေ၏။ ကလေးနှင့် မိသားစုပြန်သွားသည်ကိုကြည့်ရင်း ချင်ရန့်ရင်ထဲတွင် ကြည်နူးမှုတစ်ခုဖြစ်ပေါ်လာသည်။ သူတစ်ပါးကိုကူညီပေးပြီး တန်ဖိုးထားလေးစားခံရသည့် ခံစားမှုမှာတော်တော်ကောင်းမွန်၏။
ဘေးနားရှိ လီတဝေ့၊ ရှကျဲ နှင့် အခြားသူများမှာ ချင်ရန်ကိုအားကျနေကြသည်။ ရောက်ရောက်ချင်း ဂုဏ်ပြုခံရမည့်အလုပ်တစ်ခုကို လုပ်နိုင်ခဲ့တာ တကယ်မခေဘူးပဲ။ ဝမ်ရှောင်ရီပြုံးပြီး ချင်ရန်ကို ပြောလိုက်သည်။
"ချင်ရန် ဒီတစ်ခါ မင်းလူကုန်ကူးသမားကို ဖမ်းနိုင်ခဲ့တဲ့အတွက် ရဲစခန်းကနေမင်းကို ဆုချမယ်၊ စခန်းက မင်းကို ယွမ် ၅ထောင်ဆုချဖို့ ဆုံးဖြတ်လိုက်တယ်၊ ပြီးတော့ ဂုဏ်ပြုမှတ်တမ်းလွှာလည်းပေးမယ်၊ မှတ်တမ်းလွှာက ငါ့ရုံးခန်းထဲရောက်နေပြီ၊ ဆုကြေးငွေ ၅ထောင်ကိုတော့ လစာနဲ့အတူပေါင်းထည့်ပေးလိုက်မယ်"
ဤအချိန်တွင် ဘေးနားရှိကျောက်ကျီဝေ့ရင်ထဲတွင် အကြီးမားဆုံးခံစားချက် အပြောင်းအလဲ ဖြစ်သွားသည်။ ဆုကြေးငွေ ၅ထောင်တောင်လား။ ဤသည်မှာတော်တော်များသောပမာဏပင်။ ကျောက်ကျီဝေ့မှာ ဆင်းရဲသောမိသားစုမှဆင်းသက်လာသူဖြစ်ပြီး ပုံမှန်အားဖြင့် ပိုက်ဆံစုကာအိမ်ပြန်ပို့လေ့ရှိသည်။ အကယ်၍ သူသာဒီလိုစွမ်းဆောင်မှုမျိုးပြနိုင်လျှင် ထိုပိုက်ဆံကို မိသားစုဆီပို့ပေးနိုင်မည်ဖြစ်သလို ရရှိလာမည့်ဂုဏ်သိက္ခာကြောင့် မိသားစုလည်းပျော်ရွှင်ရမည်ဖြစ်၏။
ကျောက်ကျီဝေ့ ချင်ရန်ကိုကြည့်ပြီး တစ်နေ့ကျရင် သူလည်းချင်ရန်လို လူမျိုးဖြစ်လာရမည်ဟုတွေးလိုက်မိသည်။ ထို့နောက် ဝမ်ရှောင်ရီမှာ ချင်ရန်နှင့်အခြားသူများကို သက်ဆိုင်ရာဆရာများနှင့် မိတ်ဆက်ပေးလိုက်၏။
ချင်ရန်နှင့် ရှကျဲတို့မှာ သူတို့၏ဆရာသည် တစ်ယောက်တည်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ တစ်ယောက်ကိုတစ်ယောက် ပြိုင်တူကြည့်မိလိုက်ကြသည်။