← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

20

​ချင်ရန် စဉ်းစားခန်းဝင်သွားသည်။

*ဒါက ဘာသဘောလဲ*

ချင်ရန်သာမက လီတဝေ့၊ ယန်ရှုနှင့် ကျောက်ကျီဝေ့တို့လည်း ထူးဆန်းနေကြသည်။ တခြားလူတိုင်းမှာ ဆရာတစ်ယောက်စီရှိကြသော်လည်း ချင်ရန်နှင့် ရှကျဲကတော့ ဆရာတစ်ယောက်တည်းကို မျှဝေထားရသည်။ အကြောင်းရင်းကိုစဉ်းစား၍မရနိုင်အောင် ဖြစ်နေကြ၏။ ​အားလုံး၏မျက်နှာထားများ ထူးဆန်းနေသည်ကိုမြင်သောအခါ ဝမ်ရှောင်ရီ အလျင်အမြန်ပြောလိုက်သည်။

"ကဲပါ ချင်ရန်၊ လီတဝေ့ နဲ့ ယန်ရှု မင်းတို့သုံးယောက် မနေ့ကတစ်နေ့လုံး တာဝန်ထမ်းဆောင်ထားရတော့ ပင်ပန်းနေလောက်ပြီ၊ ဒီတော့ မင်းတို့ကိုအိမ်ပြန်နားဖို့ အထူးခွင့်ပြုပေးလိုက်မယ်"

ဤစကားကိုကြားလိုက်ရမှ ချင်ရန် သက်ပြင်းချလိုက်နိုင်တော့သည်။ သူမအိပ်ရသေးငည်မှာ ၂၄နာရီကျော်နေပြီ ဖြစ်သဖြင့် အလွန်ပင်ပန်းနွမ်းနယ်နေပြီ။ လီတဝေ့ နှင့် ယန်ရှုတို့လည်း အလွန်ပင်ပန်းနေကြပြီး အိပ်ချင်နေကြပြီ ဖြစ်သည်။

​"ကျေးဇူးတင်ပါတယ် စခန်းမှူး"

လီတဝေ့ ရိုးသားဟန်ဖြင့်ပြုံးကာပြောလိုက်သည်။

"ကဲ ကဲ အားလုံး လူစုခွဲကြတော့"

ဝမ်ရှောင်ရီ လက်ယမ်းပြလိုက်သည်။

​အထူးခွင့်ပြုချက်ရရှိပြီးနောက် ချင်ရန်လည်း အိမ်ပြန်ရန်ပြင်ဆင်လိုက်၏။

သူ အနားယူဖို့လိုအပ်နေပြီပင်။ သူ့ခန္ဓာကိုယ်မှာ သံမဏိနှင့်လုပ်ထားသည်မဟုတ်၍ ကျန်းမာရေးကောင်းမွန်မှသာ အလုပ်တာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သည်။ ချင်ရန်မှာ လီတဝေ့၊ ရှကျဲ နှင့် ယန်ရှုတို့ကို နှုတ်ဆက်ပြီးနောက် အိမ်ပြန်ခဲ့လေ၏။

​အချိန်များ ကုန်ဆုံးသွားပြီး နောက်တစ်နေ့သို့ရောက်ရှိလာသည်။

ချင်ရန် ၁၀နာရီကျော်ကြာအိပ်စက်အနားယူလိုက်သဖြင့် လန်းဆန်းတက်ကြွနေသည်။ သူ ဘတ်စ်ကားစီးပြီး ပါလီမြစ်ရဲစခန်းသို့ မကြာမီရောက်ရှိလာ၏။ ​ထိုအချိန်တွင် ပါလီမြစ်ရဲစခန်း၌ တိရစ္ဆာန်ရုံမှအကြောင်းကြားစာတစ်စောင် လက်ခံရရှိထားသည်။

တိရစ္ဆာန်ရုံမှ ချီတာအကောင်ပေါက်လေးတစ်ကောင် ပျောက်ဆုံးနေသည်မှာ ၃ရက်ရှိပြီဖြစ်ကြောင်း အကြောင်းကြားလာခြင်းပင်။ တိရစ္ဆာန်ရုံအတွင်း ရှာမတွေ့သဖြင့် ရဲစခန်းသို့အကူအညီတောင်းခံလာခြင်းဖြစ်သည်။ ​ဝမ်ရှောင်ရီ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်သည်။

"ဒီတိရစ္ဆာန်ရုံမန်နေဂျာတွေက တော်တော်တာဝန်မဲ့တာပဲ၊ ၃ရက်လောက်ရှိမှ ဘာလို့အကြောင်းကြားရတာလဲဟ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး ချီတာအကောင်ပေါက်လေးဆိုတော့ သိပ်အန္တရာယ်မရှိလောက်ပါဘူး"

​ဝမ်ရှောင်ရီသည် တိရစ္ဆာန်ကမ္ဘာအစီအစဉ်ကို မကြာခဏကြည့်ရှုလေ့ရှိသဖြင့် ချီတာ၏တိုက်ခိုက်နိုင်စွမ်းကို သိထားသည်။ ချဲ့ကားပြောခြင်းမဟုတ်ဘဲ ချီတာသည် ကုန်းနေသတ္တဝါများထဲတွင် အမြန်ဆုံးပြေးနိုင်သည်မှလွဲ၍ တိုက်ခိုက်နိုင်စွမ်းမှာ ပြောပလောက်အောင်မရှိပေ။ အရွယ်အစားတူ ခွေးတစ်ကောင်ကပင် ချီတာကိုအလွယ်တကူအနိုင်ယူနိုင်သည်။ လူဆိုလျှင်တော့ ပြောစရာပင်မလိုပေ။

​ထို့ကြောင့် ဝမ်ရှောင်ရီသည် သိပ်အရေးမကြီးဟုယူဆကာ လူနှစ်ယောက်ကို တိရစ္ဆာန်ရုံသို့လွှတ်ပြီး ကူညီရှာဖွေပေးရန် စီစဉ်လိုက်သည်။

​ထိုအချိန်တွင် ချင်ရန်ရုံးခန်းသို့ရောက်ရှိလာ၏။ သူ့စားပွဲမှာ ရှကျဲဘေးတွင် ဖြစ်သည်။ ရှကျဲမှာ သူ့ထက်စောရောက်နေပြီး နှစ်ယောက်သားနှုတ်ဆက်ကာ ခေါင်းညိတ်ပြလိုက်ကြ၏။ ​ထိုစဉ်ရဲဝန်ထမ်းတစ်ဦး ဝမ်ရှောင်ရီ၏ရုံးခန်းထဲသို့ အလောတကြီးပြေးဝင်သွားသည်။ တစ်ခုခုအရေးကြီးကိစ္စ ဖြစ်ပျက်နေပုံရ၏။ ချင်ရန် ကြည့်နေရင်း ရေရွတ်လိုက်သည်။

"အလုပ်လုပ်စရာ ပေါ်လာပြီနဲ့ တူတယ်"

ရှကျဲ ခေါင်းညိတ်ထောက်ခံလိုက်သည်။ ​၃မိနစ်ခန့်အကြာတွင် ဝမ်ရှောင်ရီမှာ ရုံးခန်းထဲမှ‌နေတည်တင်းသော မျက်နှာထားဖြင့်ထွက်လာပြီး အော်ပြောလိုက်သည်။

"အားလုံးနားထောင်ကြ၊ တာဝန်ကျနေတဲ့သူတွေကလွဲပြီး ကျန်တဲ့သူအားလုံး ဆန်းရှိုင်းရပ်ကွက်ကို သွားကြမယ်၊ ဟိုမှာရွာနှစ်ရွာက လူတွေရန်ပွဲကြီးဖြစ်နေကြတယ်တဲ့"

​ဝမ်ရှောင်ရီစကားကိုကြားလိုက်သည်နှင့် ချင်ရန်သဘောပေါက်လိုက်သည်။ ဟုတ်ပြီ နောက်ဇာတ်လမ်းက ဆန်းရှိုင်းရပ်ကွက်အပိုင်းပဲ။ ချင်ရန်မတ်တပ်ထရပ်ကာ အဝတ်အစားများကို သပ်ရပ်အောင်ပြင်ဆင်ပြီး လူအုပ်ကြီးနောက်သို့ လိုက်ပါသွားသည်။ ​ပါလီမြစ်ရဲစခန်းမှ ရဲအင်အားအများစုသည် ဆန်းရှိုင်းရပ်ကွက်သို့ ဦးတည်ထွက်ခွာသွားကြသည်။ နာရီဝက်ခန့်အကြာတွင်

ရဲကားအများအပြား ဆန်းရှိုင်းရပ်ကွက်သို့ရောက်ရှိလာပြီး ချင်ရန်အပါအဝင် ရဲတပ်ဖွဲ့ဝင်များ ကားပေါ်မှဆင်းလာကြ၏။ ရပ်ကွက်ထဲတွင် လူအများအပြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည်ကို တွေ့လိုက်ရသည်။

​ဒါကိုမြင်တော့ ဝမ်ရှောင်ရီမျက်လုံးပြူးသွားပြီး အော်ဟစ်အမိန့်ပေးလိုက်သည်။

"မြန်မြန် သူတို့ကိုတားကြ၊ လူစုခွဲလိုက်"

ချင်ရန် ချက်ချင်းရှေ့ထွက်သွားပြီး ရန်ဖြစ်နေသူများကို ဝင်ရောက် တားဆီးလိုက်သည်။ ရှကျဲလည်း ဝင်ကူညီရန်ပြင်လိုက်ပေသိ သူမအနောက်မှ ချန်ဟောက်မှာ လှမ်းဆွဲထားလိုက်၏။

"ရှကျဲ သမီးအထဲမဝင်နဲ့၊ သိပ်အန္တရာယ်များတယ်၊ အပြင်ကနေပဲ စောင့်ကြည့်ပြီးထိန်းသိမ်းပေး"

ချန်ဟောက် လေးနက်စွာပြောလိုက်သည်။ ​ရှကျဲနှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်၏။ ချင်ရန်မှာလူအုပ်ထဲဝင်ပြီး တက်တက်ကြွကြွဖြင့်ဖြေရှင်းနေချိန်တွင် သူမမှာတော့ အပြင်တွင်သာရပ်ကြည့်နေရသည်ကို မကျေနပ်ပေ။

အပြင်ကနေ ထိန်းသိမ်းပေးရမယ်ဟုတ်လား။ ဘာကိုထိန်းသိမ်းရမှာလဲ။

ချန်ဟောက်မှာ သူမကိုကာကွယ်ပေးချင်မှန်းသိသော်လည်း ဤကဲ့သို့သော ကာကွယ်မှုမျိုးကို သူမ,မလိုချင်ပေ။

​တခြားတစ်ဖက်တွင် ဝမ်ရှောင်ရီနှင့် အဖွဲ့သားများသည် အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းများကို အသုံးပြုကာရန်ဖြစ်နေသော ယန်မိသားစုရွာသားများနှင့် လီမိသားစုရွာသားများကို အတင်းအဓမ္မ ခွဲထုတ်လိုက်ကြသည်။

​"မငြင်းကြနဲ့တော့၊ ရန်မဖြစ်ကြနဲ့တော့၊ ဘာတွေဖြစ်နေကြတာလဲ၊ ဘာကိစ္စနဲ့ဒီလောက် ပြဿနာရှာနေကြတာလဲ"

ဝမ်ရှောင်ရီ သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ ဒီရွာသားနှစ်ဖွဲ့က မကြာခဏဆိုသလို ပြဿနာရှာလေ့ရှိသဖြင့် အလွန် စိတ်ညစ်စရာကောင်းလှ၏။

​ချင်ရန်ကတော့ လူတစ်ဒါဇင်လောက်ကိုတားဆီးပြီးနောက် ဘေးသို့ဆုတ်ကာ အခြေအနေကို တိတ်တဆိတ်စောင့်ကြည့်နေသည်။

*နောက်ထပ် ကလေးတစ်ယောက်ရေထဲကျတဲ့အခန်း လာတော့မယ်*

ချင်ရန် တွေးလိုက်သည်။ ​ထိုအချိန်တွင် ရွာသားနှစ်ဖွဲ့မှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဆဲဆိုအော်ဟစ်နေကြသည်။

"လီမိသားစုရဲ့လူတွေက လူစိတ်မရှိကြဘူး၊ သူတို့မွေးထားတဲ့ခွေးတွေက ငါတို့ ကြက်တွေကို ကိုက်သတ်သွားတာ"

အဘိုးအိုတစ်ဦးမှာ ဒေါသတကြီးဖြင့်အော်ပြောလိုက်သည်။

"လီမိသားစုက တိဘက်ခွေးဘီလူးမွေးထားတာနေမှာ၊ ငါ့ကြောင်လေးလည်းအကိုက်ခံရလို့ ခေါင်းပဲကျန်တော့တယ်၊ ရက်စက်လိုက်တာလည်း လွန်ပါလေရော"

"ဟေ့လူတွေ ယန်မိသားစုကကောင်တွေ လျှောက်ပြောမနေနဲ့၊ ငါတို့ဘယ်တုန်းက ခွေးမွေးဖူးလို့လဲ"

"မင်းတို့ သက်သက်မဲ့စွပ်စွဲနေတာကွ၊ ပြဿနာရှာချင်ရင် ရှာချင်တယ်ပြောလိုက် ငါတို့ကကြောက်မယ်များမှတ်နေလား"

​ရွာသားများ၏ငြင်းခုံသံများမှာ ပိုမိုကျယ်လောင်လာပြီး နောက်ထပ်ရန်ပွဲတစ်ခုဖြစ်တော့မလို အခြေအနေသို့ရောက်လာသည်။ ဝမ်ရှောင်ရီ ပို၍စိတ်ပျက်လာပြီး လက်နှစ်ဖက်ကို မြှောက်ကာ အော်ဟစ်လိုက်၏။

"ကဲပါ တော်ကြပါတော့၊ ရှင်းရှင်းပြောရရင် ခင်ဗျားတို့ရဲ့ကြက်တွေ၊ ကြောင်တွေအကိုက်ခံရပြီးသေကုန်တယ် ဆိုတာပဲမလား၊ ဒီကိစ္စကို ကျွန်တော်တို့သေချာစုံစမ်းပေးမယ်၊ အခုဒီမှာပြဿနာမရှာကြနဲ့တော့၊ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမယ်ဟုတ်ပြီလား၊ ခင်ဗျားတို့မှာ သက်သေအထောက်အထားရှိရင် အခုထုတ်ပြကြ၊ မရှိရင် စုံစမ်းစစ်ဆေးမှုရလဒ်ကို စောင့်"

​ရွာသားနှစ်ဖွဲ့မှာ တစ်ဖက်နှင့်တစ်ဖက် အလျှော့မပေးဘဲ ဆက်လက်အော်ဟစ်နေကြပြီး ဝမ်ရှောင်ရီကိုပင်ဂရုမစိုက်ကြတော့ပေ။ ​သို့သော် ထိုအချိန်တွင်

အမျိုးသမီးကြီးတစ်ဦးမှာ ပြာပြာသလဲဖြင့်ပြေးလာပြီး ချင်ရန့်ဘေးနားတွင် ခြေခေါက်လဲကျသွားသည်။ ချင်ရန်ချက်ချင်းစိတ်ဝင်စားသွားပြီး အမျိုးသမီးကြီးကို ထူမပေးလိုက်၏။

"အန်တီ ဘာဖြစ်လို့လဲ"

​အမျိုးသမီးကြီး၏နှုတ်ခမ်းများမှာ တုန်ရီနေပြီး စကားကိုပင်ကောင်းကောင်းမပြောနိုင်ဖြစ်နေသည်။

"ရပ်ကွက်ထဲမှာ ရပ်ကွက်ထဲမှာခြင်္သေ့တစ်ကောင် ရှိနေတယ်၊ ခြင်္သေ့ကြီးတစ်ကောင်"

​"ဟမ်"

ချင်ရန်ရင်ထိတ်သွားသည်။ ဒီရပ်ကွက်ထဲမှာ ခြင်္သေ့ဟုတ်လား။

"ဘယ်နားမှာလဲ"

ချင်ရန် အမြန်မေးလိုက်သည်။

​"ဟို အဆောက်အဦးအမှတ် ၁၅အောက်က ကားဂိုဒေါင်ထဲမှာ၊ အဲ့ခြင်္သေ့ကြီးက အခုလေးတင် ကျွန်မခွေးလေးကိုကိုက်သတ်လိုက်ပြီ"

အမျိုးသမီးကြီးမှာ တုန်တုန်ရီရီဖြင့်ပြောလာသည်။ သူမအလွန် ကြောက်လန့်နေပုံရ၏။ သူမ၏အချစ်တော်အိမ်မွေးခွေးလေးမှာ သူမမျက်စိရှေ့တွင်ပင် ရက်ရက်စက်စက်အသတ်ခံလိုက်ရသဖြင့် သူမစိတ်ဒဏ်ရာအကြီးအကျယ်ရသွားခြင်းဖြစ်သည်။

​"မြန်မြန် အဲ့ခြင်္သေ့ကိုမြန်မြန်သွားဖမ်းပေးကြပါ၊ မဟုတ်ရင် ရပ်ကွက်ထဲက လူတွေအန္တရာယ်ရှိလိမ့်မယ်"

အမျိုးသမီးကြီးမှာ ယူနီဖောင်းဝတ်ထားသော ချင်ရန်ကိုအားကိုးတကြီး ပြောရှာသည်။ ​ချင်ရန် မျက်မှောင်ကြုတ်လိုက်၏။ အခြေအနေ တော်တော်လေးဆိုးရွားနေပြီမှန်းသိလိုက်သဖြင့် ဝမ်ရှောင်ရီရှိရာသို့ အမြန်လျှောက်သွားသည်။ ထိုအချိန်တွင် ဝမ်ရှောင်ရီသည် ရွာသားများကိုဖျန်ဖြေနေဆဲဖြစ်သော်လည်း ဘယ်သူမှ သူ့ကိုဂရုမစိုက်ကြပေ။

ချင်ရန်လျှောက်လာသည်ကို မြင်သောအခါ ဝမ်ရှောင်ရီအံ့ဩသွားသည်။

"ဘာဖြစ်လို့လဲ"

​ချင်ရန်က တည့်တိုးပင်ပြောလိုက်သည်။

"စခန်းမှူး ရပ်ကွက်ထဲကကြက်တွေ၊ ကြောင်တွေကို ဘာကောင်ကိုက်သတ်သွားတာလဲဆိုတာသိရပြီ"

"ဘာ"

ဝမ်ရှောင်ရီ ကြောင်သွားသည်။

​"ရပ်ကွက်ထဲမှာ ခြင်္သေ့တစ်ကောင်ရှိနေတယ်လို့ ဟိုအန်တီကြီးလာပြောတာ၊ ကျွန်တော်တို့ အခုချက်ချင်းသွားကြည့်မှဖြစ်မယ်၊ အဆောက်အဦးအမှတ် ၁၅ကားဂိုဒေါင်ထဲမှာ ရှိနေတယ်တဲ့"

"ခြင်္သေ့ဟုတ်လား"

ဝမ်ရှောင်ရီ ပို၍ပင်မျက်လုံးပြူးသွားရသည်။ နေ့ခင်းကြောင်တောင်ကြီး ဒီလို မြို့လယ်ခေါင်မှာ ခြင်္သေ့ရှိတယ်ဟုတ်လား။ ခြင်္သေ့ဆိုတာ တိရစ္ဆာန်ရုံထဲတင် ရှိရမှာမဟုတ်ဘူးလား။ ​တိရစ္ဆာန်ရုံအကြောင်း တွေးမိလိုက်သည်နှင့် ဝမ်ရှောင်ရီသတိရသွားသည်။ ဒီမနက်တင် တိရစ္ဆာန်ရုံက ချီတာတစ်ကောင်ပျောက်နေကြောင်း ဖုန်းဆက်ပြောခဲ့သည်ပင်။

All Chapters