အခန်း (၂၀)
Vol. 2 Ch. 20
20
ချင်ရန် စဉ်းစားခန်းဝင်သွားသည်။
*ဒါက ဘာသဘောလဲ*
ချင်ရန်သာမက လီတဝေ့၊ ယန်ရှုနှင့် ကျောက်ကျီဝေ့တို့လည်း ထူးဆန်းနေကြသည်။ တခြားလူတိုင်းမှာ ဆရာတစ်ယောက်စီရှိကြသော်လည်း ချင်ရန်နှင့် ရှကျဲကတော့ ဆရာတစ်ယောက်တည်းကို မျှဝေထားရသည်။ အကြောင်းရင်းကိုစဉ်းစား၍မရနိုင်အောင် ဖြစ်နေကြ၏။ အားလုံး၏မျက်နှာထားများ ထူးဆန်းနေသည်ကိုမြင်သောအခါ ဝမ်ရှောင်ရီ အလျင်အမြန်ပြောလိုက်သည်။
"ကဲပါ ချင်ရန်၊ လီတဝေ့ နဲ့ ယန်ရှု မင်းတို့သုံးယောက် မနေ့ကတစ်နေ့လုံး တာဝန်ထမ်းဆောင်ထားရတော့ ပင်ပန်းနေလောက်ပြီ၊ ဒီတော့ မင်းတို့ကိုအိမ်ပြန်နားဖို့ အထူးခွင့်ပြုပေးလိုက်မယ်"
ဤစကားကိုကြားလိုက်ရမှ ချင်ရန် သက်ပြင်းချလိုက်နိုင်တော့သည်။ သူမအိပ်ရသေးငည်မှာ ၂၄နာရီကျော်နေပြီ ဖြစ်သဖြင့် အလွန်ပင်ပန်းနွမ်းနယ်နေပြီ။ လီတဝေ့ နှင့် ယန်ရှုတို့လည်း အလွန်ပင်ပန်းနေကြပြီး အိပ်ချင်နေကြပြီ ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် စခန်းမှူး"
လီတဝေ့ ရိုးသားဟန်ဖြင့်ပြုံးကာပြောလိုက်သည်။
"ကဲ ကဲ အားလုံး လူစုခွဲကြတော့"
ဝမ်ရှောင်ရီ လက်ယမ်းပြလိုက်သည်။
အထူးခွင့်ပြုချက်ရရှိပြီးနောက် ချင်ရန်လည်း အိမ်ပြန်ရန်ပြင်ဆင်လိုက်၏။
သူ အနားယူဖို့လိုအပ်နေပြီပင်။ သူ့ခန္ဓာကိုယ်မှာ သံမဏိနှင့်လုပ်ထားသည်မဟုတ်၍ ကျန်းမာရေးကောင်းမွန်မှသာ အလုပ်တာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သည်။ ချင်ရန်မှာ လီတဝေ့၊ ရှကျဲ နှင့် ယန်ရှုတို့ကို နှုတ်ဆက်ပြီးနောက် အိမ်ပြန်ခဲ့လေ၏။
အချိန်များ ကုန်ဆုံးသွားပြီး နောက်တစ်နေ့သို့ရောက်ရှိလာသည်။
ချင်ရန် ၁၀နာရီကျော်ကြာအိပ်စက်အနားယူလိုက်သဖြင့် လန်းဆန်းတက်ကြွနေသည်။ သူ ဘတ်စ်ကားစီးပြီး ပါလီမြစ်ရဲစခန်းသို့ မကြာမီရောက်ရှိလာ၏။ ထိုအချိန်တွင် ပါလီမြစ်ရဲစခန်း၌ တိရစ္ဆာန်ရုံမှအကြောင်းကြားစာတစ်စောင် လက်ခံရရှိထားသည်။
တိရစ္ဆာန်ရုံမှ ချီတာအကောင်ပေါက်လေးတစ်ကောင် ပျောက်ဆုံးနေသည်မှာ ၃ရက်ရှိပြီဖြစ်ကြောင်း အကြောင်းကြားလာခြင်းပင်။ တိရစ္ဆာန်ရုံအတွင်း ရှာမတွေ့သဖြင့် ရဲစခန်းသို့အကူအညီတောင်းခံလာခြင်းဖြစ်သည်။ ဝမ်ရှောင်ရီ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်သည်။
"ဒီတိရစ္ဆာန်ရုံမန်နေဂျာတွေက တော်တော်တာဝန်မဲ့တာပဲ၊ ၃ရက်လောက်ရှိမှ ဘာလို့အကြောင်းကြားရတာလဲဟ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး ချီတာအကောင်ပေါက်လေးဆိုတော့ သိပ်အန္တရာယ်မရှိလောက်ပါဘူး"
ဝမ်ရှောင်ရီသည် တိရစ္ဆာန်ကမ္ဘာအစီအစဉ်ကို မကြာခဏကြည့်ရှုလေ့ရှိသဖြင့် ချီတာ၏တိုက်ခိုက်နိုင်စွမ်းကို သိထားသည်။ ချဲ့ကားပြောခြင်းမဟုတ်ဘဲ ချီတာသည် ကုန်းနေသတ္တဝါများထဲတွင် အမြန်ဆုံးပြေးနိုင်သည်မှလွဲ၍ တိုက်ခိုက်နိုင်စွမ်းမှာ ပြောပလောက်အောင်မရှိပေ။ အရွယ်အစားတူ ခွေးတစ်ကောင်ကပင် ချီတာကိုအလွယ်တကူအနိုင်ယူနိုင်သည်။ လူဆိုလျှင်တော့ ပြောစရာပင်မလိုပေ။
ထို့ကြောင့် ဝမ်ရှောင်ရီသည် သိပ်အရေးမကြီးဟုယူဆကာ လူနှစ်ယောက်ကို တိရစ္ဆာန်ရုံသို့လွှတ်ပြီး ကူညီရှာဖွေပေးရန် စီစဉ်လိုက်သည်။
ထိုအချိန်တွင် ချင်ရန်ရုံးခန်းသို့ရောက်ရှိလာ၏။ သူ့စားပွဲမှာ ရှကျဲဘေးတွင် ဖြစ်သည်။ ရှကျဲမှာ သူ့ထက်စောရောက်နေပြီး နှစ်ယောက်သားနှုတ်ဆက်ကာ ခေါင်းညိတ်ပြလိုက်ကြ၏။ ထိုစဉ်ရဲဝန်ထမ်းတစ်ဦး ဝမ်ရှောင်ရီ၏ရုံးခန်းထဲသို့ အလောတကြီးပြေးဝင်သွားသည်။ တစ်ခုခုအရေးကြီးကိစ္စ ဖြစ်ပျက်နေပုံရ၏။ ချင်ရန် ကြည့်နေရင်း ရေရွတ်လိုက်သည်။
"အလုပ်လုပ်စရာ ပေါ်လာပြီနဲ့ တူတယ်"
ရှကျဲ ခေါင်းညိတ်ထောက်ခံလိုက်သည်။ ၃မိနစ်ခန့်အကြာတွင် ဝမ်ရှောင်ရီမှာ ရုံးခန်းထဲမှနေတည်တင်းသော မျက်နှာထားဖြင့်ထွက်လာပြီး အော်ပြောလိုက်သည်။
"အားလုံးနားထောင်ကြ၊ တာဝန်ကျနေတဲ့သူတွေကလွဲပြီး ကျန်တဲ့သူအားလုံး ဆန်းရှိုင်းရပ်ကွက်ကို သွားကြမယ်၊ ဟိုမှာရွာနှစ်ရွာက လူတွေရန်ပွဲကြီးဖြစ်နေကြတယ်တဲ့"
ဝမ်ရှောင်ရီစကားကိုကြားလိုက်သည်နှင့် ချင်ရန်သဘောပေါက်လိုက်သည်။ ဟုတ်ပြီ နောက်ဇာတ်လမ်းက ဆန်းရှိုင်းရပ်ကွက်အပိုင်းပဲ။ ချင်ရန်မတ်တပ်ထရပ်ကာ အဝတ်အစားများကို သပ်ရပ်အောင်ပြင်ဆင်ပြီး လူအုပ်ကြီးနောက်သို့ လိုက်ပါသွားသည်။ ပါလီမြစ်ရဲစခန်းမှ ရဲအင်အားအများစုသည် ဆန်းရှိုင်းရပ်ကွက်သို့ ဦးတည်ထွက်ခွာသွားကြသည်။ နာရီဝက်ခန့်အကြာတွင်
ရဲကားအများအပြား ဆန်းရှိုင်းရပ်ကွက်သို့ရောက်ရှိလာပြီး ချင်ရန်အပါအဝင် ရဲတပ်ဖွဲ့ဝင်များ ကားပေါ်မှဆင်းလာကြ၏။ ရပ်ကွက်ထဲတွင် လူအများအပြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည်ကို တွေ့လိုက်ရသည်။
ဒါကိုမြင်တော့ ဝမ်ရှောင်ရီမျက်လုံးပြူးသွားပြီး အော်ဟစ်အမိန့်ပေးလိုက်သည်။
"မြန်မြန် သူတို့ကိုတားကြ၊ လူစုခွဲလိုက်"
ချင်ရန် ချက်ချင်းရှေ့ထွက်သွားပြီး ရန်ဖြစ်နေသူများကို ဝင်ရောက် တားဆီးလိုက်သည်။ ရှကျဲလည်း ဝင်ကူညီရန်ပြင်လိုက်ပေသိ သူမအနောက်မှ ချန်ဟောက်မှာ လှမ်းဆွဲထားလိုက်၏။
"ရှကျဲ သမီးအထဲမဝင်နဲ့၊ သိပ်အန္တရာယ်များတယ်၊ အပြင်ကနေပဲ စောင့်ကြည့်ပြီးထိန်းသိမ်းပေး"
ချန်ဟောက် လေးနက်စွာပြောလိုက်သည်။ ရှကျဲနှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်၏။ ချင်ရန်မှာလူအုပ်ထဲဝင်ပြီး တက်တက်ကြွကြွဖြင့်ဖြေရှင်းနေချိန်တွင် သူမမှာတော့ အပြင်တွင်သာရပ်ကြည့်နေရသည်ကို မကျေနပ်ပေ။
အပြင်ကနေ ထိန်းသိမ်းပေးရမယ်ဟုတ်လား။ ဘာကိုထိန်းသိမ်းရမှာလဲ။
ချန်ဟောက်မှာ သူမကိုကာကွယ်ပေးချင်မှန်းသိသော်လည်း ဤကဲ့သို့သော ကာကွယ်မှုမျိုးကို သူမ,မလိုချင်ပေ။
တခြားတစ်ဖက်တွင် ဝမ်ရှောင်ရီနှင့် အဖွဲ့သားများသည် အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းများကို အသုံးပြုကာရန်ဖြစ်နေသော ယန်မိသားစုရွာသားများနှင့် လီမိသားစုရွာသားများကို အတင်းအဓမ္မ ခွဲထုတ်လိုက်ကြသည်။
"မငြင်းကြနဲ့တော့၊ ရန်မဖြစ်ကြနဲ့တော့၊ ဘာတွေဖြစ်နေကြတာလဲ၊ ဘာကိစ္စနဲ့ဒီလောက် ပြဿနာရှာနေကြတာလဲ"
ဝမ်ရှောင်ရီ သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ ဒီရွာသားနှစ်ဖွဲ့က မကြာခဏဆိုသလို ပြဿနာရှာလေ့ရှိသဖြင့် အလွန် စိတ်ညစ်စရာကောင်းလှ၏။
ချင်ရန်ကတော့ လူတစ်ဒါဇင်လောက်ကိုတားဆီးပြီးနောက် ဘေးသို့ဆုတ်ကာ အခြေအနေကို တိတ်တဆိတ်စောင့်ကြည့်နေသည်။
*နောက်ထပ် ကလေးတစ်ယောက်ရေထဲကျတဲ့အခန်း လာတော့မယ်*
ချင်ရန် တွေးလိုက်သည်။ ထိုအချိန်တွင် ရွာသားနှစ်ဖွဲ့မှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဆဲဆိုအော်ဟစ်နေကြသည်။
"လီမိသားစုရဲ့လူတွေက လူစိတ်မရှိကြဘူး၊ သူတို့မွေးထားတဲ့ခွေးတွေက ငါတို့ ကြက်တွေကို ကိုက်သတ်သွားတာ"
အဘိုးအိုတစ်ဦးမှာ ဒေါသတကြီးဖြင့်အော်ပြောလိုက်သည်။
"လီမိသားစုက တိဘက်ခွေးဘီလူးမွေးထားတာနေမှာ၊ ငါ့ကြောင်လေးလည်းအကိုက်ခံရလို့ ခေါင်းပဲကျန်တော့တယ်၊ ရက်စက်လိုက်တာလည်း လွန်ပါလေရော"
"ဟေ့လူတွေ ယန်မိသားစုကကောင်တွေ လျှောက်ပြောမနေနဲ့၊ ငါတို့ဘယ်တုန်းက ခွေးမွေးဖူးလို့လဲ"
"မင်းတို့ သက်သက်မဲ့စွပ်စွဲနေတာကွ၊ ပြဿနာရှာချင်ရင် ရှာချင်တယ်ပြောလိုက် ငါတို့ကကြောက်မယ်များမှတ်နေလား"
ရွာသားများ၏ငြင်းခုံသံများမှာ ပိုမိုကျယ်လောင်လာပြီး နောက်ထပ်ရန်ပွဲတစ်ခုဖြစ်တော့မလို အခြေအနေသို့ရောက်လာသည်။ ဝမ်ရှောင်ရီ ပို၍စိတ်ပျက်လာပြီး လက်နှစ်ဖက်ကို မြှောက်ကာ အော်ဟစ်လိုက်၏။
"ကဲပါ တော်ကြပါတော့၊ ရှင်းရှင်းပြောရရင် ခင်ဗျားတို့ရဲ့ကြက်တွေ၊ ကြောင်တွေအကိုက်ခံရပြီးသေကုန်တယ် ဆိုတာပဲမလား၊ ဒီကိစ္စကို ကျွန်တော်တို့သေချာစုံစမ်းပေးမယ်၊ အခုဒီမှာပြဿနာမရှာကြနဲ့တော့၊ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမယ်ဟုတ်ပြီလား၊ ခင်ဗျားတို့မှာ သက်သေအထောက်အထားရှိရင် အခုထုတ်ပြကြ၊ မရှိရင် စုံစမ်းစစ်ဆေးမှုရလဒ်ကို စောင့်"
ရွာသားနှစ်ဖွဲ့မှာ တစ်ဖက်နှင့်တစ်ဖက် အလျှော့မပေးဘဲ ဆက်လက်အော်ဟစ်နေကြပြီး ဝမ်ရှောင်ရီကိုပင်ဂရုမစိုက်ကြတော့ပေ။ သို့သော် ထိုအချိန်တွင်
အမျိုးသမီးကြီးတစ်ဦးမှာ ပြာပြာသလဲဖြင့်ပြေးလာပြီး ချင်ရန့်ဘေးနားတွင် ခြေခေါက်လဲကျသွားသည်။ ချင်ရန်ချက်ချင်းစိတ်ဝင်စားသွားပြီး အမျိုးသမီးကြီးကို ထူမပေးလိုက်၏။
"အန်တီ ဘာဖြစ်လို့လဲ"
အမျိုးသမီးကြီး၏နှုတ်ခမ်းများမှာ တုန်ရီနေပြီး စကားကိုပင်ကောင်းကောင်းမပြောနိုင်ဖြစ်နေသည်။
"ရပ်ကွက်ထဲမှာ ရပ်ကွက်ထဲမှာခြင်္သေ့တစ်ကောင် ရှိနေတယ်၊ ခြင်္သေ့ကြီးတစ်ကောင်"
"ဟမ်"
ချင်ရန်ရင်ထိတ်သွားသည်။ ဒီရပ်ကွက်ထဲမှာ ခြင်္သေ့ဟုတ်လား။
"ဘယ်နားမှာလဲ"
ချင်ရန် အမြန်မေးလိုက်သည်။
"ဟို အဆောက်အဦးအမှတ် ၁၅အောက်က ကားဂိုဒေါင်ထဲမှာ၊ အဲ့ခြင်္သေ့ကြီးက အခုလေးတင် ကျွန်မခွေးလေးကိုကိုက်သတ်လိုက်ပြီ"
အမျိုးသမီးကြီးမှာ တုန်တုန်ရီရီဖြင့်ပြောလာသည်။ သူမအလွန် ကြောက်လန့်နေပုံရ၏။ သူမ၏အချစ်တော်အိမ်မွေးခွေးလေးမှာ သူမမျက်စိရှေ့တွင်ပင် ရက်ရက်စက်စက်အသတ်ခံလိုက်ရသဖြင့် သူမစိတ်ဒဏ်ရာအကြီးအကျယ်ရသွားခြင်းဖြစ်သည်။
"မြန်မြန် အဲ့ခြင်္သေ့ကိုမြန်မြန်သွားဖမ်းပေးကြပါ၊ မဟုတ်ရင် ရပ်ကွက်ထဲက လူတွေအန္တရာယ်ရှိလိမ့်မယ်"
အမျိုးသမီးကြီးမှာ ယူနီဖောင်းဝတ်ထားသော ချင်ရန်ကိုအားကိုးတကြီး ပြောရှာသည်။ ချင်ရန် မျက်မှောင်ကြုတ်လိုက်၏။ အခြေအနေ တော်တော်လေးဆိုးရွားနေပြီမှန်းသိလိုက်သဖြင့် ဝမ်ရှောင်ရီရှိရာသို့ အမြန်လျှောက်သွားသည်။ ထိုအချိန်တွင် ဝမ်ရှောင်ရီသည် ရွာသားများကိုဖျန်ဖြေနေဆဲဖြစ်သော်လည်း ဘယ်သူမှ သူ့ကိုဂရုမစိုက်ကြပေ။
ချင်ရန်လျှောက်လာသည်ကို မြင်သောအခါ ဝမ်ရှောင်ရီအံ့ဩသွားသည်။
"ဘာဖြစ်လို့လဲ"
ချင်ရန်က တည့်တိုးပင်ပြောလိုက်သည်။
"စခန်းမှူး ရပ်ကွက်ထဲကကြက်တွေ၊ ကြောင်တွေကို ဘာကောင်ကိုက်သတ်သွားတာလဲဆိုတာသိရပြီ"
"ဘာ"
ဝမ်ရှောင်ရီ ကြောင်သွားသည်။
"ရပ်ကွက်ထဲမှာ ခြင်္သေ့တစ်ကောင်ရှိနေတယ်လို့ ဟိုအန်တီကြီးလာပြောတာ၊ ကျွန်တော်တို့ အခုချက်ချင်းသွားကြည့်မှဖြစ်မယ်၊ အဆောက်အဦးအမှတ် ၁၅ကားဂိုဒေါင်ထဲမှာ ရှိနေတယ်တဲ့"
"ခြင်္သေ့ဟုတ်လား"
ဝမ်ရှောင်ရီ ပို၍ပင်မျက်လုံးပြူးသွားရသည်။ နေ့ခင်းကြောင်တောင်ကြီး ဒီလို မြို့လယ်ခေါင်မှာ ခြင်္သေ့ရှိတယ်ဟုတ်လား။ ခြင်္သေ့ဆိုတာ တိရစ္ဆာန်ရုံထဲတင် ရှိရမှာမဟုတ်ဘူးလား။ တိရစ္ဆာန်ရုံအကြောင်း တွေးမိလိုက်သည်နှင့် ဝမ်ရှောင်ရီသတိရသွားသည်။ ဒီမနက်တင် တိရစ္ဆာန်ရုံက ချီတာတစ်ကောင်ပျောက်နေကြောင်း ဖုန်းဆက်ပြောခဲ့သည်ပင်။