← Chapters

အခန်း (၅၂၆-၅၃၀)

Vol. 36 Ch. 526-530

အခန်း (၅၂၆-၅၃၀)

Vol. 36 Ch. 526-530

အခန်း (၅၂၆) မိဘများ မမှတ်သည်အထိ ဆိုးဝါးစွာ ရိုက်နှက်ခြင်း။

"မင်းကို ငါ သတ်ပစ်မယ်!"

ယွန်ဟောင်သည် ရူးသွပ်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ချင်ယွင်ဆီသို့ အရူးအမူး ပြေးဝင်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မီးလျံများက သူ၏ လက်သီးများမှ ထွက်ပေါ်လာသည်။ မီးတောက်မီးလျှံတွေ၏ အပူချိန်က မြင်ရသူများကို နှလုံးခုန် ရင်တုန်စေ၏။

သို့သော်လည်း ချင်ယွင်သည် သူ၏မျက်နှာတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိပေ။ ယင်းအစား သူ၏ပါးစပ်ထောင့်က အပြုံးမပျက် ရှိနေလေသည်။ သူသည် ကောင်းကင် မီးလျှံများကိုပင် မကြောက်ရွံ့ခဲ့ချေ။ ထို့ကြောင့် ယွန်ဟောင်၏ အစစ်အမှန် အနှစ်သာရ မီးတောက်ကို သူမည်သို့ ကြောက်ရမည်နည်း။

"ဘုန်း…..!"

ချင်ယွင်က လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး ယွန်ဟောင်၏ လက်သီးနှင့် တွေ့ဆုံသွား ၏။

ယွန်ဟောင်၏လက်သီးပေါ်မှ ကြက်သွေးရောင်မီးတောက်မီးလျှံများသည် ပေါက်ကွဲသွား ခဲ့ပြီး ကြီးမားသော မီးလျှံလှိုင်းလုံးကြီးအဖြစ် ဖြစ်ပေါ်ကာ အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။

ယွန်ဟောင်၏ လက်မောင်းပေါ်ရှိ အနီရောင်ဝတ်ရုံသည် ကြောက်မက်ဖွယ် စွမ်းအင် အတက်အကျလှိုင်းများအောက်တွင် ချက်ချင်းဆိုသလို ဆုတ်ပြဲသွားကာ သူ၏ခန္ဓာကိုယ် တစ်ခုကိုယ်လုံးသည်လည်း ပေရာနှင့်ချီ၍ နောက်ပြန် ဆုတ်သွားခဲ့ရသည်။

ချင်ယွင်၏ရုပ်အသွင်အပြင်သည် ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်နေပြီး မလှုပ်ရှားဘဲ လေထဲတွင် ဂုဏ်ယူစွာ ရပ်နေသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အမှိုက် တစ်ယောက်ကြောင့် ငါက ဘယ်လိုလုပ် လွင့်ထွက်သွားရတာလဲ" ထုံကျင်နေသော ညာလက်မောင်းကို ကြည့်လိုက်ရင်း ယွန်ဟောင်သည် မယုံကြည်နိုင်လောက်သည့် အမူအရာ ပေါ်နေသည်။

အကယ်၍ သူသည် ယခင်က သူ၏သတိပေါ့ဆမူကြောင့် ကြီးမားသော ဆုံးရှုံးမှုကြီးကို ကြုံတွေ့ခဲ့ရသော်လည်း ယခုအခါ သူသည် သူ၏ အစစ်အမှန် စွမ်းအားကို ရှင်းရှင်း လင်းလင်း အသုံးချနိုင်ခဲ့ပါလျှက် သူ၏ရှေ့တွင်ရှိနေသော ဤ တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် ကျင့်ကြံသူလေးအား အနိုင်ယူနိုင်ခြင်း မရှိသေးပေ။ ယင်းက သူ့ကို မယုံကြည်နိုင် လောက်အောင် ဖြစ်စေသည်။

"ဟမ့်၊ မင်းတို့ကောင်းကင်ဘုံဂိုဏ်းရဲ့ တပည့်တွေအားလုံးက အမှိုက်တွေပဲလို့ ငါပြောခဲ့ သားပဲ။ မင်းက ငါ့စကားကို အခုထိ မယုံသေးဘူးပဲ။ အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်မှာရှိနေတဲ့ မင်းက ငါ့လို တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူလေးကိုတောင် အနိုင်မယူနိုင်ဘူး မဟုတ်လား။ မင်းကိုယ်မင်း အမှိုက် မဟုတ်ပါဘူးလို့ ပြောရဲလို့လား" ချင်ယွင်က လေထဲတွင်ရပ်နေကာ သူ၏လေသံက ပုံမှန်အတိုင်း မောက်မာမှုနှင့် ကြီးစိုးမှုအပြည့် ရှိနေသည်။

"မဖြစ်နိုင်ဘူး၊ မင်းက နည်းလမ်းတစ်မျိုးမျိုး သုံးထားတာဖြစ်ရမယ်။ ငါလို အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်က မင်းလို တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူလေးကို အနိုင်မယူနိုင်ဘူးလို့ ငါ မယုံဘူး။" ယွန်ဟောင်က ခေါင်းကို အထပ်ထပ်အခါခါ ယမ်းလိုက်ပြီး သူ၏လေသံက မလိုလားသည့် ခံစားချက်အပြည့် ပါဝင်နေလေသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ နီမြန်းသော မီးတောက်မီးလျှံများသည် ပြင်းထန်စွာ လောင်ကျွမ်း သွားခဲ့ပြီး အဆုံးမရှိသော အငွေ့အသက်က ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေကာ ပတ်ဝန်းကျင်ရှိ တိမ်ပင်လယ်ကြီးသည်ပင် ဘာမှမရှိခဲ့ဖူးသလို ဖြစ်သွားခဲ့ရသည်။

"သတ်”

ယွန်ဟောင်သည် အရူးအမူး အော်ဟစ်လိုက်ပြီး သူ၏ရုပ်အသွင်အပြင်က မီးတောက်မီးလျှံ အဖြစ်သို့ ပြောင်းလဲသွားကာ ချင်ယွင်ဆီသို့ တစ်ဖန်ပြန်၍ ပြေးဝင်သွားပြန်သည်။

"မင်း မီးနဲ့ကစားရတာကို ကြိုက်တယ်မဟုတ်လား" ချင်ယွင်၏ နှုတ်ခမ်းထောင့်စွန်းသည် တွန်းကွေးသွားပြီး သူ၏လက်နှစ်ဖက်လုံးကို ဆန့်ထုတ်ကာ ရယ်မောလိုက်ပါသည်။ သူ၏ လက်ဖဝါးကိုလှန်လိုက်သည်နှင့် ကြက်သွေးရောင်မီးလုံးနှစ်လုံးက သူ၏လက်ဖဝါးပေါ်တွင် ပေါ်လာပါသည်။

နောက်ဆုံးအကြိမ် ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးကတည်းက ထိုကောင်းကင်မီးလျှံသည် ချင်ယွင်၏ခန္ဓာကိုယ်ရှိ မီးနဂါး၏သွေးမျိုးဆက်ကို နှိုးဆွပေး နိုင်ခဲ့သည်။ ကောင်းကင်မီးလျှံအများစုကို မျိုချပြီးနောက်၊ ချင်ယွင်သည် ကောင်းကင် မီးလျှံများကို အချိန်မရွေး နေရာမရွေး စုစည်းနိုင်သည်ကို တွေ့ရှိခဲ့သည်။

ကောင်းကင်မီးလျှံတွေ ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ အပူချိန်သည် ရုတ်ခြည်း မြင့်တက်လာပြီး နှလုံးတုန်လှုပ်စေသော စွမ်းအင်အတက်အကျလှိုင်းများက ရုတ်ခြည်း ပျံ့နှံ့သွားခဲ့သည်။

"ဟမ့်၊ မင်းက ငါ့ရှေ့မှာ မီးနဲ့ကစားဝံ့တာလား၊ မင်းက သေချင်နေတာပဲ။"

ချင်ယွင်သည် မီးတောက်များကို အမှန်တကယ် ဆင့်ခေါ်ထားသည်ကို မြင်လိုက်ရသည်နှင့် ယွန်ဟောင်၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင် ချက်ချင်း ထွက်ပေါ်လာ သည်။

ယွန်ဟောင်သည် တခြားအရာတွေနှင့်ပတ်သက်လျှင် ယုံကြည်မှုသိပ်မရှိသည့်အတွက် သူ မပြောလိုသော်လည်း မီးတောက်တွေနှင့်ပတ်သက်ပြီး သူနှင့်ယှဉ်ပြိုင်ချင်သည်ဆိုလျှင် တော့ ယွန်ဟောင်က ယုံကြည်မှုအပြည့် ရှိနေပါသည်။

သူ၏ မီးစွမ်းရည်သဘောတရားသည် ကြီးမြတ်သောပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိ နေပြီ ဖြစ်ပါသည်။ ထိုမျှသာမကဘဲ သူသည် မီးဝိညာဉ်အသီးကိုလည်း စားသုံးခဲ့ဖူး သည့်အတွက် သူ၏ခန္ဓာကိုယ်သည် မီးဝိညာဉ်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွား ခဲ့ပါပြီ။

ယခုအချိန်တွင် သူ၏မီးတောက်များသည် သာမန် အစစ်အမှန် အနှစ်သာရ မီးတောက်များ ထက် အဆပေါင်းများစွာ ပိုကြောက်စရာ ကောင်းပါသည်။ သာမန် အထွက်အထိပ်အဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်များသည်ပင် သူ၏မီးတောက် များကို မထိဝံ့ပေ။ နှောင်းပိုင်းအဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျင့်ကြံသူများ ဆိုလျှင် ၎င်းကို ထိမိသည်နှင့် သေဆုံးသွားမည် ဖြစ်ပါသည်။

ချင်ယွင်က သူ့ကို မီးတောက်မီးလျှံဖြင့် တိုက်ခိုက်ရန် အမှန်တကယ် ကြံစည်နေသည်ကို တွေ့လိုက်ရလျှင် သူသည် မည်သို့ ကြောက်ရွံ့ခြင်းရှိမည်နည်း?။

"ဘုန်း………..!"

ယွန်ဟောင်သည် သူ၏လက်ဖဝါးတွင် ကြီးမားသော မီးလုံးကြီးတစ်လုံးကို တိုက်ရိုက် သိပ်သည်းလိုက်ပြီး ချင်ယွင်ကို တိုက်ရိုက်ပင် တရစပ် တိုက်ခိုက်လိုက်လေသည်။

ချင်ယွင်သည် မျက်ခုံးပင့်လိုက်ပြီး သူ၏လက်ဖဝါးနှစ်ဖက်ပေါ်ရှိ မီးလုံးများကို ပေါင်းစပ် လိုက်ကာ ဦးခေါင်းအရွယ်အစားရှိ အနီရောင်မီးလုံးကြီးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွား ပါသည်။ ထို့နောက် အချင်းနှစ်မီတာရှိသော ယွန်ဟောင်၏ ဧရာမ မီးလုံးကြီးကို ပြင်းပြင်းထန်ထန် ရင်ဆိုင်လိုက်သည်။

"ဟား…။ဟား…..။ မင်းက ငါ့ကို ဒီမီးသေးသေးလေးနဲ့ တကယ် ရင်ဆိုင်ရဲတယ်ပေါ့။ သေလိုက်တော့!" ယွန်ဟောင်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ချင်ယွင်၏ လက်ထဲရှိ မီးတောက်မီးလျှံအလုံးသည် သူ၏ဦးခေါင်းအရွယ်အစားလောက်သ ရှိနေသည် ကို တွေ့လိုက်ရလျှင် သူ၏မျက်လုံးတွေက ချက်ချင်းဆိုသလို ပြင်းထန်သော အထင်အမြင်သေးသည့် အမူအရာ ပေါ်လာ၏။

"မီးလုံးကြီး ကြီးတိုင်း အသုံးဝင်မယ်လို့ ထင်နေတာလား" ချင်ယွင်က အထင်အမြင်သေး စွာဖြင့် တုန့်ပြန်ပြောလိုက်သည်။

"ဟမ့်၊ မင်းရဲ့ မီးတောက်လုံးလေး အစိပ်စိပ်မွှာမွှာ ပြိုကွဲသွားတဲ့အထိ စောင့်နေလိုက်ဦး။ မင်းပါးစပ်ကပဲ ပိုမာရေကြောရေရှိနေသေးလား ကြည့်ရအောင်။" ယွန်ဟောင်က အေးစက်စွာ ဟစ်အော်လိုက်သည်။

"ဘုန်း….!"

အနီရောင်မီးလုံးနှစ်လုံး၊ တစ်လုံးကြီးပြီး တစ်လုံးက သေးငယ်၏။ ၎င်းတို့နှစ်လုံးသည် တစ်လုံးနှင့်တစ်လုံး တိုက်မိသွားသည်။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော သက်ရောက်မှုကို ခံစားရသလိုဖြစ်ပြီး ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

မီးလုံးနှစ်လုံးသည် တစ်ချိန်တည်းတွင် ပေါက်ကွဲသွားပြီး မီးတောက်များသည် ကြီးမားသော လှိုင်းလုံးကြီးများကဲ့သို့ ပေါက်ကွဲထွက်လာသည်။ မီးတောက်များသည် ကမ္ဘာကြီးတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသကဲ့သို့ လေထဲတွင် ကြီးမားသော အနီရောင် မီးတောက်ရောင်ခြည်တန်းကြီး ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးသည် အနီရောင်ဆေးဆိုးထားသကဲ့သို့ ဖြစ်နေသည်။ မိုးကုပ်စက်ဝိုင်းပေါ်ရှိ တိမ်များပင်လျှင် အနီရောင်တောက်တောက် တိမ်တိုက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ယွန်ဟောင်သည် ဤမြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေမိ၏။ သူ့အစွမ်းရှိသမျှ အကုန်အသုံးပြုခဲ့သော မီးတောက်များသည် လွယ်ကူစွာ ပျောက်ကွယ်သွားသည်ကို သူ မယုံကြည်နိုင်ပေ။

အင်မော်တယ်သင်္ဘောကြီးပေါ်ရှိ လျှိုလင်းသည်လည်း ထိတ်လန့်သွားသည်။ အထွတ်အထိပ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် အထွတ်အထိပ်အဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် အမှန်တကယ် လက်ရည်တူ တိုက်ခိုက်နိုင်သည်ကို သူမ မယုံကြည်နိုင်ခဲ့ပေ။

ရုတ်တရက် လျှိုလင်းသည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ သူမသည် သင်္ဘောကြီး နံဘေးမှာ အေးအေးဆေးဆေး ဝိုင်သောက်နေသော ဟောင်ခွန်ဆီကို ရုတ်တရက် ခေါင်းလှည့် ကြည့်လိုက်လေသည်။ သူမ၏ လှပသော မျက်လုံးများတွင် အံ့အားသင့်မူနှင့် အတူ အထိတ်တလန့်ဖြစ်သည့် ခံစားမှုတစ်ခု ပေါ်လာပါသည်။

"အရမ်းကို တည်ငြိမ်နေတယ်။" လျှိုလင်းသည် သူမကိုယ်သူမ တွေးနေမိသည်။

သူမ၏အမြင်တွင်၊ ဤအဖြူရောင်ဆံပင်နှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် အမြဲတမ်း သာမန် သေမျိုးတစ်ဦးသာ ဖြစ်ခဲ့သော်လည်း တစ်ခုခုမှားယွင်းနေသည်ဟု သူမ ခံစားမိသေး၏။

အဖြူရောင်ဆံပင်နှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ အကြည့်တွေက တည်ငြိမ် လွန်းနေမှန်း သူမ သတိထားမိသည်မှာ ယခုလေးတင်မှ မဟုတ်ပေ။ သေချာသည်မှာ၊ ဤအကြည့်မျိုးသည် သာမန် သေမျိုးလူသားတစ်ယောက်၏ အကြည့်မျိုး မဟုတ်ပေ။

သို့သော် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျင့်ကြံသူဖြစ်သည့် သူမအား ထိုအမျိုးသား၏ ကျင့်ကြံမူအခြေခံနှင့် စွမ်အားအမျိုးအစားကို အာရုံမခံနိုင်အောင် လုပ်ဆောင်နိုင် စွမ်းရှိနေခြင်းကပင် သူမအား ကြောက်ရွံ့မူ ဖြစ်ပေါ်စေမိသည်။ ထိုအခိုက်တန့်တွင် သူမသည် အဆုံးသတ်သို့ ရောက်သွားပြီဟု သူမစိတ်ထဲမှာ တွေးတောနေမိသည်။

.

"ဒီအင်မော်တယ်သင်္ဘောကြီးမှာ ဒီလိုကျွမ်းကျင်သူတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ မမျှော်ထားမိဘူး။" လျှိုလင်းသည် သူမကိုယ်သူမ တွေးနေမိ၏။ အဖြူရောင်ဆံပင်နှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို နောက်တကြိမ် ပြန်ကြည့်လိုက်ရင်း သူမ၏ မျက်လုံးတွေက လေးစားသည့်အမူအရာ ပေါ်လွင်လာသည်။

ဟောင်ခွန်သည် လျှိုလင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များကို အာရုံစိုက်ရန် အလွန် ပျင်းရိနေပါသည်။ ယခုအချိန်တွင် သူသည် ချင်ယွင်၏တိုက်ပွဲကို ကြည့်ရင်း ဝိုင်သောက်နေသည်။

“ဘုန်း….!"

ယခုအချိန်တွင် တိုက်ပွဲအတွင်း အခြေအနေသည် ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့နေရ၏။ ချင်ယွင်၏ ဝံ့ကြွားလှရုပ်အသွင်အပြင်သည် မီးပင်လယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားပြီး ယွန်ဟောင်၏ရှေ့မှာ ချက်ချင်း ပေါ်လာသည်။

ယွန်ဟောင်၏မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သွားသည့် အမူအရာ ဖြစ်ပေါ်လာပြီး သူသည် ချင်ယွင်ကို လက်သီးဖြင့် အလျင်အမြန် ထိုးတော့မည်။

"ဖတ်….!"

သို့သော် ကျယ်လောင်သော ပါးရိုက်သံတစ်ချက် ထွက်ပေါ်လာသည်။

ယွန်ဟောင်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ လည်ပတ်သွား၏။ ထိုအချိန်တွင် သူ၏ မျက်နှာမှာ ခြေရာတစ်ခုတင်မကတော့ဘဲ သူ၏မျက်နှာဘယ်ဘက်ခြမ်းမှာ နောက်ထပ် လက်ဗွေရာငါးခုပါသည့် လက်ဖဝါးရာကြီးလည်း ရှိနေပါသည်။

ယွန်ဟောင်က ဒေါသတကြီး အော်လိုက်၏ "မင်းအဘိုး..."

"ဖတ်….!"

နောက်ထပ် ကျယ်လောင်သော ပါးရိုက်သံတစ်ချက် ကြားလိုက်ရပြန်သည်။ ယခုတစ်ခါက အရင်တစ်ခေါက်ကထက်ပင် ပိုကျယ်လာသည်။

ယွန်ဟောင်၏ညာဘက်ပါးပြင်သည် ချက်ချင်း နစ်ဝင်သွား၏။ နောက်ထပ် သွားခြောက် ချောင်း လွင့်ထွက်သွားပြီး သူ၏တစ်ကိုယ်လုံး ဘယ်ဘက်သို့ လွင့်ပျံသွား သည်။

သို့သော် ချင်ယွင်သည် ရပ်တန့်ရန် အနည်းငယ်မျှ ရည်ရွယ်ချက်မရှိပေ။ ချက်ချင်းပင် သူသည် သူ၏ညာခြေကို မြှောက်ကာ ကန်ချလိုက်သည်။ သူ၏ခြေဖဝါးများက ယွန်ဟောင် ၏ မျက်နှာကို တည့်တည့်ထိမှန်သွားပြန်သည်။

ယွန်ဟောင်သည် ချက်ချင်းပင် ပါးစပ်မှ သွေးများ ထွက်လာပြီး သူ၏ ခန္ဓာကိုယ်သည် ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ တစ်ဖန် ပြုတ်ကျသွားပြီး မြေပြင်ပေါ်သို့ ပစ်ကျသွားသည်။

"ဘုန်း…..!"

ယွန်ဟောင်၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပစ်ကျသွားခဲ့ပြီး ကြီးမားသော တွင်းနက်ကြီး တစ်ခု ဖန်တီးဖြစ်ပေါ်လာခဲ့သည်။

'"မင်းရဲ့ မိဘတွေတောင်မှ မင်းကို မမှတ်မိတဲ့အထိ ရိုက်ပစ်မယ်လို့ ငါပြောခဲ့သားပဲ။ ငါက ငါ့စကားကို တည်အောင်လုပ်ပေးရမယ်။ ဟေ့ အမှိုက်ကလေး..။ ငါဆိုတဲ့ ဒီသခင်လေးက ချီမျိုးနွယ်စုရဲ့ ဒုတိယသခင်လေး ဆိုတာကို မှတ်ထားနော်။ နောက်အနာဂတ်မှာ မင်းနဲ့ငါ လမ်းမှာဆုံဖြစ်ခဲ့ရင် လမ်းဘေးကရှောင်သွားဖို့ သတိရလိုက်ပါ”။ ချင်ယွင်သည် တွင်းနက်ကြီးထဲသို့ ပြုတ်ကျပြီးနောက် ဝက်ခေါင်းအဖြစ်သို့ ပြောင်းလဲသွားသော ယွန်ဟောင်ကို ကြည့်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏အသံက ကမ္ဘာအနှံ့ ပဲ့တင်ထပ်နေလေ၏။

အခန်း(၅၂၇) အမှောင်မြူခိုးတောအုပ်။

"မင်းရဲ့ချီကလန်ကို ကြက်တစ်ကောင်ခွေးတစ်ကောင်မကျန်တဲ့အထိ လုံးဝ အမြစ်ပြတ် ရှင်းလင်းသုတ်သင်ပစ်ချင်တယ်။" ယွန်ဟောင်သည် ကောင်းကင်ကိုမော့ကာ လည်ချောင်း ကွဲမတတ် ဟစ်ကြွေးနေပြီး သူ၏ ဟစ်ကြွေးသံသည် ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်နေ၏။

သူသည် အမှန်တကယ်ပင် ဒေါသပေါက်ကွဲသွားခဲ့ရပြီ။ ဒဏ္ဍာရီဆန်ဆန် လူ့ပေါ်ကြော တစ်ယောက်၏ အရိုက်နှက်ခံရဖို့မပြောနှင့်။ သူသည် ကလေးဘဝတည်းကပင် ယခုလို အရှက်ကွဲရခြင်းမျိုး တစ်ခါမှ မကြုံဖူးပါဘူး။ အကယ်၍ ဤသတင်းသာ ကောင်းကင်ဘုံ ဂိုဏ်းအထိ ပြန်လည်ပြန့်နှံ့သွားမည်ဆိုလျှင်၊ သူသည် အခြားသူများကို မည်သို့ မျက်နှာချင်း ဆိုင်ရတော့မည်နည်း။

ထို့ကြောင့်၊ သူသည် ချီကလန်ကို ဤနာကျင်စေမူအတွက် တန်ရာတန်ကြေး ပြန်ပေး ဆပ်ခိုင်းမည်ဟု ကျိန်ဆိုလိုက်သည်။

"ဘုန်း….!"

သို့သော် ဤအခိုက်အတန့်တွင် ကြီးမားသော မီးလုံးကြီးတစ်ခု ကောင်းကင်မှ ဆင်းသက် လာခဲ့ပြီး ယွန်ဟောင်ပေါ်သို့ ကျရောက်သွားကာ သူ့ကို ချက်ခြင်း ဝါးမျိုသွားသည်။

ယွန်ဟောင်၏ ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်ဝတ်ရုံသည် ချက်ချင်းပင် ဘာမှမရှိသလို ဖြစ်သွားခဲ့ပြီး သနားစရာကောင်းသော အော်သံကို ထုတ်ဖော် အော်ဟစ်တော့၏။ သူ၏ မူလချောမောသော ရုပ်ရည်အသွင်အပြင်သည် ချက်ချင်း ပျောက်ကွယ်သွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ဆောင်းဦးရာသီမှာ ကျောက်မီးသွေးတွင်းထဲမှ ဆွဲထုတ်လိုက်သည့် မည်းမှောင်နေသော ကျောက်မီးသွေးတုံးကဲ့သို့ ဖြစ်နေဟန်တူသည်။

ယွန်ဟောင်သည် ဒေါသ အထွက်လွန်ပြီး ပါးစပ်ထဲမှ သွေးအန်ကာ မေ့လဲသွားတော့၏။

"ဒါဆို မင်းမိဘတွေကလည်း မင်းကို တကယ်မှတ်မိမှာ မဟုတ်တော့ဘူး။"

ချင်ယွင်သည် လေထဲတွင် ဝင့်ကြွားစွာ မတ်တပ်ရပ်နေပြီး အောက်တွင် လဲလျောင်းနေပြီး ဧရာမတွင်းနက်ကြီး၏ အရောင်များနှင့် လုံးလုံးလျားလျား ရောထွေးနေသော ယွန်ဟောင်ကို ကြည့်လိုက်ပါသည်။ ထို့နောက် သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းပြီး နောက် အင်မော်တယ်သင်္ဘောကြီးဆီသို့ ပျံသန်းလာခဲ့သည်။

အင်မော်တယ်သင်္ဘောကြီးင်္ပေါ်တွင်၊ လျှိုလင်း၏လှပသောမျက်နှာသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေ၏။ သူမ၏ သွက်လက်စွာလှုပ်ရှားနေသော မျက်လုံးတစ်စုံက ချင်ယွင်ကို ဘီလူးသရဲတစ်ကောင်ကို ကြည့်နေသလိုမျိုး ကြည့်နေလေသည်။

အထူးသဖြင့် ချင်ယွင်၏ အေးဆေးတည်ငြိမ်သော အမူအရာကို သူမမြင်သောအခါ အနည်းငယ် တွေဝေမိန်းမောသွားသလို ခံစားလိုက်ရသည်။ အထွတ်အထိပ်အဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရသည်မှာ သူ့အတွက် ဘာမှမဟုတ်ကြောင်း သူမ အမြဲ ခံစားရသည်။

"သူက ဘယ်လိုခွန်အားမျိုးကို ပိုင်ဆိုင်ထားတလဲ။ ဖြစ်နိုင်တာက ချီကလန်ရဲ့ ဒုတိယ သခင်လေးက ထာဝရ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်များ ဖြစ်နေလို့လား။ ပြင်ပကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ လူ့ပေါ်ကြော့တစ်ယောက်ရဲ့ ပုံသဏ္ဍာန်က သူ့ရဲ့ ပါရမီရှင်တစ်ယောက်ဆိုတဲ့ လက္ခဏာကို ဖုံးကွယ်ထားဖို့များလား။" လျှိုလင်းသည် သူမ၏ နှလုံးသားထဲတွင် သူမကိုယ်သူမ ရေရွတ်လိုက်မိသည်။

လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းတွင် အမြဲလိုလို ထူးချွန်ထက်မြက်သူများရှိပြီး သူတို့အားလုံး သည်လည်း ပါရမီရှင်များဖြစ်ကာ ထူးချွန်ကြသည်။ သို့သော်လည်း အထွတ်အထိပ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံမူအဆင့်ဖြင့် အထွတ်အထိပ်အဆင့်ရှိ တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးအား အနိုင်ယူနိုင်သူကိုပင် သူမအနေဖြင့် ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။ ဤသည်မှာ သူမ ဖြတ်ကျော်ခဲ့ရသော ကြီးကျယ်ခမ်းနား သည့် နယ်ပယ်တစ်ခုဖြစ်နေပါသည်။

"ဟေ့၊ မင်းက ဘာလို့ ဒီမှာရှိနေသေးတာလဲ" ချင်ယွင်သည် အင်မော်တယ်သင်္ဘောကြီးပေါ် သို့ ပြန်ရောက်နေပြီ ဖြစ်သော်လည်း ဤရင်သပ်ရူမောဖွယ် အလှပိုင်ရှင် အမျိုးသမီးသည် အင်မော်တယ်သင်္ဘောကြီးပေါ်တွင် ရှိနေသည်ကို မြင်သောအခါတွင် သူသည် မျက်မှောင် ကြုတ်ရုံသာ တတ်နိုင်တော့သည်။

ဤအမျိုးသမီးသည် ကောင်းကင်နတ်သမီးတစ်ပါးလို လှပနေသော်လည်း ချင်ယွင်သည် သူချစ်မြတ်နိုးရသူ တစ်ဦးတစ်ယောက်ကိုမှ မတွေ့သေးပေ။ သူသည် အစောကတည်းက ရန်စီချီကိုရှာတွေ့သည်နှင့် ဟောင်ခွန်ကိုခေါ်ဆောင်ကာ ကောင်းကင်ဘုံဂိုဏ်းမှ သူ၏ အစ်မကို ပြန်ခေါ်ချင်ရုံသာ ဖြစ်သည်။

ကောင်းကင်နဂါးတိုက်ကြီး၏ အလှပိုင်ရှင် လေးယောက်ကိုလား…..။ ချင်ယွင်သည် သူမတို့အားလုံးကို စုဆောင်းလိုသည့် ရည်မှန်းချက်မျိုး မရှိခဲ့ပေ။

"ရှင်တို့က အရှေ့တောင်အရပ်ကိုသွားဖို့ စီစဉ်နေတာမဟုတ်လား။" လျှိုလင်းက မေးကြည့်လိုက်သည်။

"ဟုတ်တယ်၊ ငါတို့ အရှေ့တောင်ဘက်မှာရှိတဲ့ ချန်ကလန်ကို သွားမှာ..။" ချင်ယွင်က အမှန်အတိုင်းဖြေသည်။

"ဒါဆို ရှင်တို့ ကျွန်မကို ပေးစီးနိုင်မလား၊ ကျွန်မလည်း အရှေ့တောင်ဘက်မှာရှိတဲ့ ချန်ကလန်ကို သွားချင်နေတာ။ ရှင်တို့နဲ့ လမ်းချင်းအတူတူပဲလေ။" လျှိုလင်းက ကမန်းကတန်း ပြောလိုက်သည်။ လောလောဆယ်မှာ သူမသည် ဒဏ်ရာအပြင်း အထန်ရနေ၏။ သူမတစ်ယောက်တည်း ခရီးထွက်မည်ဆိုလျှင် သိပ်ပြီး အဆင်မပြေနိုင်ပေ။ လမ်းတစ်ဝက်မှာ မတော်တဆမှု တစ်ခုခု ကြုံတွေ့ရနိုင်သည်။ လက်ရှိအခြေအနေအရ ချင်ယွင်၏ နောက်ကို လိုက်သွားခြင်းသည် လျှိုလင်းအတွက် ဉာဏ်အရှိဆုံး ရွေးချယ်မှုဟု ဆိုနိုင်ပါသည်။

ထို့အပြင်၊ သူမသည် ဤချီကလန်၏ ဒုတိယသခင်လေးအကြောင်းကို အလွန် သိချင်နေခဲ့ သည်။ ဤချီကလန်၏ ဒုတိယသခင်လေးသည် မည်သည့်အရာများ ဖုံးကွယ်သည်ကို သူမ မြင်ချင်မိသည်။

"ဒါဆိုလည်း မင်း နေနိုင်တယ်၊ ဒါပေမယ့် မင်း ကုန်းပတ်ပေါ်မှာပဲ နေနိုင်တယ်။" ချင်ယွင်က လျှိုလင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ ထိုစကားကို ပြောပြီးသည်နှင့် သူသည် ချက်ချင်းလှည့်ကာ အခန်းထဲသို့ ဝင်လိုက်သည်။ လျှိုလင်းကို ကျေးဇူးတင်စကားပြောဖို့ အခွင့်အရေးတောင် မပေးခဲ့ပါဘူး။

တင်းကျပ်စွာ ပိတ်သွားသော အခန်းတံခါးကို ကြည့်ရင်း လျှိုလင်းသည် သူမ၏ နှလုံးသားထဲတွင် ပြင်းထန်သော စိတ်ပျက်စရာ ခံစားချက်များကို ခံစားလိုက်ရ၏။

သူမသည် ကောင်းကင်နဂါးတိုက်ကြီး၏ တော်ဝင်အလှပိုင်ရှင်လေးဦးထဲမှ တစ်ဦးအဖြစ် ချီးကျူးခံရသည်။ သူမ၏ရုပ်ရည်အသွင်အပြင်နှင့်ပတ်သက်ပြီး သူမကိုယ်သူမ ယုံကြည်မှု အပြည့်ရှိခဲ့ပါသည်။ ယောက်ျားတစ်ယောက် သူမရှေ့မှာ ရပ်နေသမျှ ထိုလူသည် သူမ၏ ကျိန်းသေပေါက် ကျရှုံးသွားရလိမ့်မည်။

သို့သော်၊ ဤချီရှောက်ယန်းသည် အမှန်တကယ်ပင် သူမကို မကြည့်ခဲ့ပေ။ ဤအရာက သူမကို စိတ်ပျက်မူမခံစားရအောင် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။

"ချီရှောက်ယန်းက အကျင့်စရိုက် ဖောက်ပြန်သူလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကောလဟာလတွေ ရှိတယ်။ ငါ့ကို မြင်တဲ့အခါ သူက ဘာလို့ မတုံ့ပြန်ရတာလဲ၊ ငါ့ရဲ့ ရုပ်ရည်အသွင်အပြင်က သူ့မျက်လုံးထဲ မတိုးဝင်နိုင်အောင် ဖြစ်နေလို့များလား" လျှိုလင်း က သူမ၏စိတ်ထဲတွင် သူမကိုယ်သူမ တီးတိုး ရေရွတ်လိုက်၏။ ထိုအခိုက်တန့်တွင် သူ၏စိတ်တွေက ရှုပ်ထွေးနေ၏။ သူမ၏ သိမ်မွေ့နူးညံ့မူနှင့် ကြင်နာသနားတတ်သော စိတ်နေစိတ်ထားသည်ပင် ဤခံစားချက်ကြောင့် သက်ရောက်သွားခဲ့ရပြီး သိမ်မွေ့နူညံ့မူနှင့် ကြင်နာသနားတတ်သည့် စိတ်နေစိတ်ထားပင် နည်းပါးလာရ၏။

တစ်ယောက်တည်း ဝိုင်သောက်နေသော ဟောင်ခွန်သည် လျှိုလင်း၏ အံ့ဖွယ်အမူအရာ အားလုံးကို မြင်လိုက်ရသည်။ သူသည် နှစ်ပေါင်း ငါးရာကျော် အသက်ရှင် နေထိုင်ခဲ့ဖူးသော မွန်းစတာအိုကြီးတစ်ယောက်ဖြစ်ပြီး လျှိုလင်း၏ စိတ်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သဘာဝအတိုင်း မြင်နိုင်သည်။ သူက အပြုံးနှင့်အတူ ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချရင်း စိတ်ထဲမှ ကူကယ်ရာမဲ့စွာ ပြောမိ၏ "ဒီသခင်လေးက သာမန်ထက် ထူးခြားတဲ့ ပါရမီကို ပိုင်ဆိုင်ထားရုံတင်မကဘူး သူ့ရဲ့ကံကြမ္မာကလည်း မနာလိုစရာဖြစ်အောင် ကောင်းလွန်း တယ်"။

လျှိုလင်းသည် တိတ်ဆိတ်နေသော အခန်းတံခါးကို ခဏလောက် ကြည့်ပြီးနောက်တွင် သူမသည် အလွန်အမင်း စဉ်းစားမနေတော့ဘဲ သူမ၏ဒဏ်ရာများကို ကုစားရန် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

သူမသည် ချင်ယွင်ကို ချစ်မိသွားပြီဟု ဆိုလိုတာ မဟုတ်ပါဘူး။ သူမသည် သူ့အကြောင်းကို အလွန်သိချင်နေရုံသာ ဖြစ်ပါသည်။

အနယ်နယ် အရပ်ရပ်က အလှပိုင်ရှင်အမျိုးသမီးတွေကို မည်သို့ စုဆောင်းရမလဲ ဆိုတာ လောက်သာ သိသူဟု ကောလာဟလတွေ ထွက်ပေါ်နေသော လူ့ပေါ်ကြော့ တစ်ယောက် က ရုတ်တရက် ကြီးမားသည့် ခွန်အားကို ထုတ်ဖော်လာခဲ့သည်။ သူ့ထက်နယ်ပယ်ကြီး တစ်ခုလုံးမြင့်နေသော ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို အနိုင်ယူပြီး သူမ၏ အလှအပ ကိုတောင် မျက်ကွယ်ပြုထားခဲ့သည်။ ထိုကဲ့သို့လူမျိုးကို မည်သည့်အမျိုးသမီးမဆို စိတ်ဝင်စားကြပါလိမ့်မည်။

သို့သော် ဤစိတ်ဝင်စားမှုသည် မကြာခင်မှာပဲ အန္တရာယ်တစ်ခု၏ အစဖြစ်သည်ကို သူမ မသိခဲ့ပါ။

အင်မော်တယ်သင်္ဘောကြီးသည် တိမ်ပင်လယ်ကို ဖြတ်သန်းကာ ဆက်လက် ပြေးဆွဲနေ သော်လည်း ကောင်းကင်ဘုံသည် လူများကို လှည့်စားရန် နှစ်သက်နေပုံရသည်။

ကောင်းကင်နဂါးတိုက်ကြီး၏ အလယ်ပိုင်းဒေသသို့ ရောက်ခါနီးတွင် ကောင်းကင်ယံ၌ တိမ်မည်းများ ပေါ်လာပါသည်။

ထူထပ်သိပ်သည်းသော အနက်ရောင် တိမ်တိုက်များကြားတွင် တဖျတ်ဖျတ် လက်နေသည့် မိုးကြိုးလျှပ်စီးသံများနှင့်အတူ တုန်ခါနေသည်။ ခရမ်းရောင် လျှပ်စီးများသည် လင်းလက် နေခဲ့ပြီး မကြာခင် မုန်တိုင်းကြီးတစ်ခု ရောက်လာတော့မည့်အလား မိုးကုပ်စက်ဝိုင်းကို လင်းထိန်သွားစေသည်။

သူတို့၏ အင်မော်တယ်သင်္ဘောကြီးသည် ထူထပ်သိပ်သည်းပြီး နက်မှောင်နေသော တိမ်တိုက်များကြောင့် အနည်းငယ် ဆောင့်တက်လာသည်။

ချင်ယွင်လည်း ထိုအချက်ကို သတိထားမိပြီးနောက် အခန်းပြင်သို့ ထွက်လာခဲ့သည်။ သူသည် ဒဏ်ရာများကုသခြင်းတွင် နှစ်မြှုပ်နေဆဲဖြစ်သော လျှိုလင်းကို တစ်ချက် ကြည့်လိုက်သည်။ မည်သည့်စကားမှ မပြောတော့ဘဲ သူသည် ဟောင်ခွန်ဘေးသို့ တည့်တည့် လျှောက်လာလိုက်သည်။

ထိုအချိန်တွင် ဟောင်ခွန်သည် သင်္ဘောလေးကိုင်းပေါ်တွင် ရပ်နေ၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင် ၀တ်စုံသည် ပြင်းထန်စွာ လှုပ်ခါနေသော်လည်း သူ၏အမူအရာက အနည်းငယ် လေးနက်နေ၏။

"ဘာတွေ ဖြစ်နေတာလဲ?" ချင်ယွင်က မေးလိုက်သည်။ တစ်ခုခုမှားနေပြီဟုလည်း သူ ခံစားမိသည်။ ကောင်းကင်ယံတွင် မှောင်မိုက်နေသော တိမ်ဆိုင်တိမ်ရိပ်များသည် ထူးဆန်းလွန်းပြီး ကောင်းကင်ယံတစ်ခုလုံးသည်လည်း ပြင်းထန်သော အဖျက်စွမ်းအား များဖြင့် ပြည့်နှက်နေသည်။

"ဘာဖြစ်သွားမှန်း မသိသေးဘူး။ ဒါပေမယ့် ဒါက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး" ဟောင်ခွန်က လေးနက်စွာ ပြောသည်။

ဘန်း….!

သို့သော်လည်း ထိုအချိန်တွင် အင်မော်တယ်သင်္ဘောကြီးသည် ပြင်းထန်စွာ လှုပ်ခါစ ပြုနေပြီ ဖြစ်သည်။ ထို့နောက်တွင်၊ အင်မော်တယ်သင်္ဘောကြီးသည် ထိန်းချုပ်မှု ဆုံးရှုံးသွား ပုံရပြီး အောက်သို့ လျင်မြန်စွာ ကျဆင်းသွားခဲ့သည်။

"အယ်?"

လျှိုလင်းလည်း ဒီထိတ်လန့်ဖွယ်အဖြစ်ပျက်ကြောင့် နိုးလာပြီး အံ့အားသင့်စွာ လှည့်ပတ် ကြည့်လိုက်သည်။

အင်မော်တယ်သင်္ဘောကြီးသည် လျှင်မြန်စွာ ကျဆင်းနေ၏။ ချင်ယွင်နှင့် အခြားသူများ သည် အင်မော်တယ်သင်္ဘောကြီးပေါ်ရှိ အစီအရင်ဝင်္ကပါများကို မည်သို့ပင် ထိန်းချုပ်ထား ပါစေ အသုံးမဝင်တော့ပေ။

"သိမ်းဆည်းစမ်း….!"

ချင်ယွင်သည် ကူရာမဲ့ဖြစ်သွားပြီး အင်မော်တယ်သင်္ဘောကြီးကို ရုတ်သိမ်းကာ ကောင်းကင်ဘုံ ကိုးလွှာကြယ်စင်စုပုံကြမ်းထဲသို့ ထည့်သွင်းရုံသာ တတ်နိုင်တော့သည်။

သို့သော်၊ ဤအရာကြောင့် ချင်ယွင်နှင့် အခြားလူများကို ကျဆင်းမူ အရှိန်အဟုန်မှ ရပ်တန့် သွားစေခြင်း မရှိခဲ့ပေ။ သူတို့သုံးဦးသည် ကြောက်မက်ဖွယ်ရာ အရှိန်ဖြင့် ကျဆင်းသွား သည်။ သူတို့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်တွေကို မည်သို့ပင် စုစည်းနေပါစေ၊ ထိုကျဆင်းနေသော လမ်းကြောင်းကို မရပ်တန့်နိုင်ခဲ့ကြပါဘူး။ လက်ကြီးတစ်ဖက်က သူတို့ကို အလျင်အမြန် အောက်သို့ ဆွဲချနေသလိုပင်။

သူတို့ဦးခေါင်းထက်မှာ တိမ်ထူထပ်နေပြီး မိုးခြိမ်းသံက ကျယ်လောင်စွာ ထစ်ချုန်းလေ၏။ သူတို့အောက်မှာ မြူခိုးတွေဖုံးလွှမ်းနေသော တောအုပ်ကြီးတစ်ခု ရှိနေပါသည်။

'"အဲဒါများ ဖြစ်နိုင်မလား" လျှိုလင်းသည် အောက်သို့ကျဆင်းနေရင်း အဆုံးမဲ့တောအုပ်ကို ငုံ့ကြည့်ကာ သူမ၏လှပသောမျက်နှာသည် နိုင်းယှဉ်ပြရန်မဖြစ်နိုင်သည့် အံ့အားသင့်သွား သည့် အမူအရာကို ပေါ်လွင်နေသည်။

"အမှောင်မြူခိုးတောအုပ်က ကောင်းကင်နဂါးတိုက်ကြီးရှိ အဆိုးဝါးဆုံး နေရာသုံးခုထဲမှ တစ်ခုဖြစ်တယ်။" ဟောင်ခွန်က ပြောလိုက်ပြီး သူ၏လေသံတွင် လေးနက်သည့် အမူအရာ ပေါ်လွင်နေ၏

ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိ၏။ ဟောင်ခွန်တောင်မှ အလွန်အာရုံစိုက်ရသည့် နေရာဆိုလျှင် သေချာပေါက် ရိုးရှင်းသည့် နေရာတစ်ခု မဟုတ်နိုင်တော့ပေ။

ဝှီး….!

ချင်ယွင်နှင့် အခြားလူများသည် ထူထပ်သိပ်သည်းသော အနက်ရောင် မြူခိုး တိမ်တိုက်များကို တိုက်ရိုက် ထိုးဖောက်ပြီး တောထဲသို့ ကျသွားလေသည်။

အခန်း (၅၂၈) ထူးခြားဆန်းကြယ်သောတောအုပ်။

"ဘာတွေဖြစ်နေတာလဲ၊ ငါ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေကို ဘာလို့ မစုစည်းနိုင်ရ တာလဲ"

ချင်ယွင်သည် မြူခိုးတောထဲသို့ ရောက်သွားသည်နှင့် တပြိုင်နက် ဤထူးဆန်းသော ဖြစ်စဉ်ကို တွေ့ရှိခဲ့သည်။ သူ၏ဒန်တန်ထဲတွင် ဝိညာဉ်စွမ်းအင်ရှိနေကြောင်း ရှင်းရှင်းလင်းလင်း သူ သိမြင်နိုင်သော်လည်း သူ၏ဒန်တန်သည် အကျဉ်းချထားသကဲ့သို့ ဝိညာဉ်စွမ်းအင် တစွန်းတစကိုပင် သူ အသုံးမပြုနိုင်ခဲ့ပေ။

“ရှင် စမ်းကြည့်နေဖို့ မလိုဘူး။ ဒီအမှောင်မြူခိုးတောအုပ်နဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အရာ တွေရှိတယ်။ ဘယ်လိုနယ်ပယ်မျိုးမှာပဲ ဖြစ်ဖြစ် ဒီနေရာကို ဝင်လာတဲ့ ကျင့်ကြံသူတိုင်းက သူတို့ရဲ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင် ဒါမှမဟုတ် အစစ်အမှန် အနှစ်သာရတွေကို အသုံးချနိုင်မှာ မဟုတ်ပါဘူး။ ." လျှိုလင်းက ဝိညာဉ်စွမ်းအင်ကို အသုံးပြုရန် ကြိုးစားနေ သော ချင်ယွင်ကို မြင်သောအခါ သတိပေးစကား ပြောလိုက်သည်။

"ဒီအမှောင်မြူခိုးတောအုပ် ဘယ်နေမှာလဲ။" လျှိုလင်း၏စကားကို ကြားသောအခါ ချင်ယွင် သည် မျက်မှောင်ကြုတ်ပြီး မနေနိုင်ဘဲ ဟောင်ခွန်ဘက်လှည့်ပြီး မေးလိုက်သည်။

"အမှောင်မြူခိုးတောအုပ်၊ လျှပ်စီးရွှံ့ညွှန်တောနှင့် ဓားကျိုးတောင်ကြား၊ ဒီနယ်မြေ ကြီးသုံးခုကို ကောင်းကင်နဂါးတိုက်ကြီးမှာ ပျောက်ကွယ်သွားတဲ့ နယ်မြေကြီး (၃)ခုဆိုပြီး လူသိများကြသည်။ ဒီအမှောင်မြူခိုးတောအုပ်က အဲဒီနယ်မြေကြီးအားလုံးထဲမှာ အထူးဆန်းဆုံးဘဲ။ အရင်ကတည်းက ဒီတောအုပ်ထဲ ဝင်ရောက်လာတဲ့ လူမှန်သမျှ ဘယ်သူမှ ထွက်သွားနိုင်ပုံမပေါ်ဘူး။ ဒါကြောင့် ဒီအမှောင်မြူခိုးတောအုပ်ကို မရဏ တောအုပ်လို့လည်း လူသိများတယ်။" ဟောင်ခွန်က ပြောသည်။

ရှင်းနေသည်မှာပင်၊ သူသည်လည်း ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန် အနှစ်သာရကို မစုစည်းနိုင်တော့ပေ။

"မင်းဆိုလိုတာက၊ ငါတို့ ဒီထဲမှာပဲ ပိတ်မိနေပြီး ဘယ်တော့မှ ထွက်သွားလို့ မရတော့ဘူးလား" ချင်ယွင်က မေးလိုက်သည်။

ဟောင်ခွန်သည် ချင်ယွင်၏ စကားကို မတုန့်ပြန်လိုက်သော်လည်း သူ၏အမူအရာက ချင်ယွင်ကို တစ်ခု ပြောပြနေပါသည်။ “ဒီကနေ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်သ လောက်ပါပဲ။”

ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်းပင် တွန့်သွားကာ ပို၍ပင် နက်လာခဲ့၏။

သူသည် ချီရှောက်ယန်း၏ အင်မော်တယ်သင်္ဘောကြီးကို လုယူခဲ့ပြီး အရှေ့တောင်ဘက် ဒေသသို့ သွားရောက်ကာ ရန်စီချီကို အမြန်ဆုံး ရှာဖွေချင်ခဲ့သည်။

ထို့အပြင် ချန်မင်ရှီ နှင့် ရှောင်ယန်ဂိုဏ်း, ဂိုဏ်းသခင်လေးတို့၏ မင်္ဂလာပွဲသည် ဆယ့်ငါးရက်သာ ကျန်တော့သည်။ ထိုအချိန်တွင်၊ ချန်ကလန်သည် ငါးများနှင့် နဂါးများ ရှုပ်ယှက်ခတ်နေမည်မှာ သေချာပါသည်။

ရန်စီချီကို အဲဒီနေရာမှာ ထားခြင်းက သိပ်ပြီး မသင့်တော်သည့် အရာတစ်ခုဟု ချင်ယွင်သည် အမြဲလိုလို ခံစားခဲ့ရ၏။ အကယ်၍ ရန်စီချီသာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူ၏ ဘဝတစ်သက်သာလုံး နောင်တရနေသည်မှာ သေချာပါသည်။

"မဟုတ်ဘူး၊ ငါတို့ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားရမယ်။" ချင်ယွင်က ပြတ်ပြတ် သားသားပြောလိုက်ပြီး သူ၏မျက်လုံးတွေက ဆုံးဖြတ်ချက်ပြတ်သားသည့် အမူအရာနှင့် ပြည့်နေပါသည်။

လျှိုလင်းသည် ချင်ယွင်ကို အံ့အားတသင့် ကြည့်လိုက်မိသည်။ သူ့ကို ဤနေရာမှ ထွက်ခွာသွားရန်အတွက် မည်သည့်အရာက စိတ်ပူစေမှန်း သူမ နားမလည်နိုင်ပေ။

သို့သော်လည်း ချင်ယွင်သည် လျှိုလင်း၏ အံ့အားသင့်သော အကြည့်များကို လျစ်လျူရှုကာ အမှောင်မြူခိုးတောအုပ်ကို ခြုံငုံပြီး စေ့စေ့စပ်စပ် စတင်ကြည့်ရူလိုက်သည်။

သူတို့ပတ်ဝန်းကျင်မှာ ပေရာနှင့်ချီမြင့်မားသော သစ်ပင်ကြီးများ ထူထပ်စွာ ရှိနေပါသည်။ သစ်ပင်များသည် စိမ်းလန်းစိုပြေပြီး နေရာတိုင်းကို အကိုင်းအခက်များ ဖြန့်ကျက်ကာ အချင်းချင်း ထိုးဖောက်ဖြတ်ကျော်နေ၏။

ဤအပင်များသည် အချင်း မီတာသုံးဆယ်မှ မီတာလေးဆယ်အထိ အထူရှိသည်။ ၎င်းတို့သည် အနှစ်တစ်ထောင်ထက်မနည်း ကြီးထွားလာဖွယ် ရှိ၏။ အကိုင်းအခက် တစ်ခုလုံးသည် ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေသော်လည်း ပေါင်လုံးကဲ့သို့ ပါးလွှာပါသည်။

သစ်ပင်များကြားရှိ နေရာအလွတ်သည် ပေါင်းပင်များ, ချုံပုတ်များဖြင့် ပြည့်နေသော်လည်း ဤနေရာတွင် တစ်နှစ်ပတ်လုံး နေရောင်မရှိသောကြောင့် ပေါင်းပင်များသည် အနည်းငယ် ဝါဝါကြန့်ကြန့်နေပြီး သစ်ပင်များလောက် စိမ်းလန်းမှုမရှိဟု ထင်ရ၏။

တောအုပ်တစ်ခုလုံးသည် မြူခိုးများဖြင့် ပြည့်နှက်နေသည်။ ချင်ယွင်၏ မျက်လုံးများဖြင့်ပင် သူတို့သည် ဆယ်မီတာအချင်းဝက်အတွင်း မြင်ကွင်းကိုသာ မြင်နိုင်ပါသည်။ ထို့အပြင်၊ မြူခိုးများသည် စိတ်ဝိညာဉ်စွမ်းအားကို သီးခြားတားဆီးထားခြင်းမျိုး အကျိုး သက်ရောက် မှု ရှိနေပုံရသည်။ ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် ထူထပ်သော မြူခိုးအငွေ့များကို လုံးဝ ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။

ဤသည်မှာ အလွန်ဆိုးရွားသော ပြဿနာဖြစ်သည်။ အကြောင်းမှာ ဤအမှောင်မြူခိုး တောအုပ်သည် အလွန်ကြီးမားသောကြောင့် ဦးတည်ချက်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင် လျှင် လမ်းပျောက်ရန် လွယ်ကူပေလိမ့်မည်။

"တစ်ခုခု မှားနေပုံရတယ်။" ချင်ယွင်သည် ရုတ်တရက် ပြောလိုက်သည်။ မြူခိုးတွေအပြင် ဤတောအုပ်ထဲမှာ ထူးဆန်းတာ တစ်ခုခုရှိနေသည်ဟု သူ အမြဲတမ်းလိုလို ခံစားမိ၏။ သို့သော်လည်း မည်သည့်အရာ မှားယွင်းနေလဲဆိုသည်ကို တခဏအတွင်း သူ မတွေးတော နိုင်ပါဘူး။

"တိတ်ဆိတ်လွန်းတယ်။" လျှိုလင်းသည် ပတ်ဝန်းကျင်ကို အတိုင်းအတာတစ်ခုအထိ လှည့်ပတ်ကြည့်ရူပြီးနောက် သူမ၏ အနီရောင်နှုတ်ခမ်းများက ညင်သာစွာ ပွင့်သွားပြီး သူမ၏ စိတ်ထဲမှ သံသယများကို ထုတ်ဖော်လိုက်၏။

"ဟုတ်တယ်၊ အတော်ကို တိတ်ဆိတ်လွန်းတယ်။ ဒီနေရာက တိတ်ဆိတ်လွန်းအားကြီး တယ်။ ဒီမှာ တိရစ္ဆာန်တောင် မရှိဘူး" ချင်ယွင်သည် အာရုံခံစားကြည့်နေရာမှ အသိပြန်ဝင်လာပြီး ရုတ်တရက် ကမန်းကတန်း ပြောလိုက်သည်။

သစ်တောကြီးတစ်ခုမှာ တိရိစ္ဆာန်တွေ ဒါမှမဟုတ် အင်းဆက် ပုရွက်ဆိတ် မည်သို့ မရှိဘဲ နေမည်နည်း။ ဤအရာက ယုတ္တိမဲ့လွန်းပါသည်။

"ဟောင်ခွန်၊ ဒီအမှောင်မြူခိုးတောအုပ် အကြောင်း မင်း ဘာသိထားသေးလဲ။" ချင်ယွင်က ဟောင်ခွန် ဘက်လှည့်ပြီး မေးလိုက်သည်။

"သခင်လေး….၊ ကျွန်တော် ကောင်းကင်နဂါးတိုက်ကြီးကို ပြန်မရောက်တာ နှစ်ပေါင်း ငါးရာကျော်သွားပြီ။ ဒီအမှောင်မြူခိုးတောအုပ်အကြောင်း ကျွန်တော် သိပ်မသိဘူး၊ ဒီ အမှောင်မြူခိုးတောအုပ်က ဟိုးအရင်ကတည်းက ရှိနေခဲ့ပြီး ဝင်သွားသူမှန်သမျှ ဘယ်သူမှ ပြန်ထွက်လာတာ မရှိခဲ့ဖူးဘူး။ ဒီလောက်ပဲ ကျွန်တော် သိတယ်။" ဟောင်ခွန်က အမှန်အတိုင်း ဖြေသည်။ ဤအမှောင်မြူခိုးတောအုပ် အကြောင်း သူလည်း သိပ်မသိပါဘူး။

ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး မေးခွန်းတွေ ထပ်မမေးတော့ပေ။

သို့သော် လျှိုလင်းသည် သူတို့နှစ်ဦးကြား ပြောစကားများကို ကြားလိုက်သောအခါတွင် သူမ၏ မျက်နှာသည် အလွန်အံ့အားသင့်သွားသည့် အမူအရာတစ်ခု ထွက်ပေါ်လာ၏။

"ဟောင်ခွန်လား….? ဖြစ်နိုင်တာက ရှင်က လွန်ခဲ့တဲ့နှစ်ငါးရာက ဓားတစ်ချောင်းတည်းနဲ့ ကောင်းကင်ဘုံဂိုဏ်းရဲ့ အထွက်အထိပ်တောင်ထိပ်အထိ တက်ရောက် သတ်ဖြတ်ခဲ့တဲ့ ပါရမီရှင် ဓားအင်မော်တယ် ဟောင်ခွန်လား။ ရှင် သေသွားပြီ မဟုတ်ဘူးလား?” လျှိုလင်းက အံ့သြစွာ ပြောသည်။ ထင်ရှားသည်မှာ၊ ဒဏ္ဍာရီဆန်ဆန် လူတစ်ယောက်ကို ရုတ်တရက် တွေ့မြင်လိုက်ရခြင်းက သူမကို စိတ်လွတ်သွားသလို ဖြစ်စေခဲ့သည်။

"သေသွားတယ်၊ ငါ သေသွားပြီလို့ ဘယ်သူပြောလဲ" ဟောင်ခွန်က လျှိုလင်းကို ကြည့်ရင်း ရယ်မောလိုက်၏။ နှစ်ပေါင်း ငါးရာကြာပြီးနောက် သူ့ကို မှတ်မိသည့်လူတစ်ယောက် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။

"အဲဒီတုန်းက ရှင်က ကောင်းကင်ဘုံဂိုဏ်းကို ပျောက်ကွယ်သွားအောင် လုပ်ပြီးတဲ့နောက် ဟောင်ကလန်က ရှင်သေသွားပြီလို့ လူသိရှင်ကြား ကြေညာခဲ့တယ်လေ။ ဒီကိစ္စကို ကောင်းကင်နဂါးတိုက်ကြီးမှာရှိတဲ့လူအားလုံး ကောင်းကောင်း သိထာပါတယ်" လျှိုလင်း က ပြန်ပြောသည် ။

"ဟမ့်၊ အားနည်းတဲ့ကောင်တွေကများ။" ဟောင်ခွန်က ရယ်မောလိုက်သည်။

ထိုအချိန်တုန်းက သူသည် ဝမ်အာကြောင့် ကောင်းကင်ဘုံဂိုဏ်းကို တစ်ယောက်တည်း ဝင်ရောက်သတ်ဖြတ်ခဲ့ပြီး ကောင်းကင်ဘုံဂိုဏ်း၏ တောင်တံခါးအဝတွင် ကြီးမားသော အနှောက်အယှက်ကြီး ဖြစ်ပေါ်စေခဲ့ကာ ကောင်းကင်ဘုံဂိုဏ်းကို အကြီးအကျယ် ဆုံးရှုံးစေခဲ့သည်။

သို့သော် သူကိုယ်တိုယ်လည်း ဒဏ်ရာဗရပွနှင့် ကောင်းကင်ဘုံဂိုဏ်းမှ ထွက်ပြေးခဲ့ရသည်။ သို့သော်လည်း နောက်ဆုံးတွင်၊ သူသည် အဆုံးမဲ့တွင်းနက်ကြီးထဲရှိ လှိုဏ်ဂူတစ်ခုတွင် ကျောက်ဝူကျင်း၏ အကျဉ်းချထားခြင်းကို ခံလိုက်ရသည်။ ဟောင်ကလန်သည် ဤအချက်ကြောင့် ကောင်းကင်ဘုံဂိုဏ်းကို ပြစ်မှားရာရောက်ခဲ့သည်။ မျိုးနွယ်စုကို ကာကွယ်ရန်အတွက် ဟောင်ခွန်၀သည် ပြင်ပကမ္ဘာတွင် ကျဆုံးသွားပြီ ဖြစ်ကြောင်းသာ ကြေငြာနိုင်ခဲ့သည်။

ယခုအချိန်မှာတော့ သူ၏နှလုံးသားနတ်ဆိုးတွေကြောင့် သူ၏စွမ်းအားက ဟိုယခင် တုန်းကထက် ထက်ဝက်တောင် လျော့နည်းနေခဲ့ပါပြီ။ ထိုသို့မဟုတ်လျှင် အကယ်၍ သူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်မှာ ရှိနေသည်ဆိုလျှင်ပင် သူ့ကို သတ်ဖြတ်နိုင်ပါသေးသည်။

ထိုအချိန်တုန်းက အရှေ့မြောက်ဒေသရှိ ဟောင်ကလန်၏ နံပါတ်တစ် ပါရမီရှင် ဓားအင်မော်တယ်ဖြစ်သော သူသည် အံ့ဩစရာကောင်းလောက်အောင် ထူးချွန်ပြီး ခမ်းနားထည်ဝါသူ ဖြစ်လေသည်။

ဓားတစ်ချောင်းတည်းဖြင့် ကောင်းကင်ဘုံဂိုဏ်း၏ အမြင့်ဆုံး ထောင်ထိပ်ဖြစ်သော ကောင်းကင်နန်းတော်သို့ တက်ရောက်သတ်ဖြတ်ပြီး အဆုံးသတ်မှာ အသက်ရှင်လျက် ထွက်ပြေးသွားနိုင်သူ မည်သူရှိမည်နည်း…။

ရှေးခေတ်မှ ယနေ့အထိ ဤသူသည် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပါသည်။

လျှိုလင်း၏စကားကိုကြားတော့ ချင်ယွင်သည် သိချင်စိတ်ပြင်းပြသည့် အမူအရာ ထုတ်ဖော်ပြလာသည်။ ဟောင်ခွန်သည် ကောင်းကင်ဘုံဂိုဏ်းကို မုန်းတီးနေမှန်း သူ သိသော်လည်း ဟောင်ခွန်သည် သူ၏အတိတ်အကြောင်းပြောပြသည်ကို သူ တစ်ခါမျှ မကြားခဲ့ဖူးပေ။

တကိုယ်တော် ဓားသမားတစ်ယောက်က ကောင်းကင်ဘုံဂိုဏ်းကို သတ်ဖြတ်ခဲ့တာလား။

ကြည့်ရတာ ပျော်စရာကောင်းပုံပဲ။

သို့သော်လည်း ဟောင်ခွန်၏ လက်ရှိအင်အားသည် ယခင်ကထက် များစွာ အားနည်းနေ ပါပြီ။ နှလုံးသားနတ်ဆိုးကို မဖြေမရှာနိုင်သမျှ သူ၏ ခွန်အားသည် သာမန် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ထူးမခြားနားတော့ပေ။

"ဟောင်ခွန် စိတ်မပူနဲ့။ မင်းရဲ့စွမ်းအားတွေ ပြန်ရလာအောင် ငါ ကူညီပေးမယ်။ ဒါပေမယ့် မင်းရဲ့ဓားချက်အောက်မှာ မသေသေးတဲ့လူတွေ အမှန်တကယ် ကြောက်လန့်သွား အောင်လို့ မင်းကို ကောင်းကင်ဘုံဂိုဏ်းကို ငါ ခေါ်သွားရမယ်။" ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်သည် ။

ဟောင်ခွန်၏ မျက်နှာသည်လည်း ဖော်ပြ၍မရသည့် မာန်မာနများ တဟုန်ထိုး ပျံ့နှံ့လာခဲ့ သည်။ သူက ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဟား….၊ ဟား….၊ ကောင်းပါပြီ၊ ဒါဆိုလည်း အဲဒီအချိန်ရောက်မှ သခင်လေးက ကောင်းကင်တောင်ထိပ်ကို အုပ်စိုးပြီး ကောင်းကင်ဘုံဂိုဏ်းက အမှိုက်တွေကို အထင်မြင်သေးစွာကြည့်နေဟန်ကို မြင်ပြီး အားရပါးရ ရယ်မောဦးမယ်။"

ထိုစကားပြောသံကို ကြားရလျှင် လျှိုလင်း၏ နှလုံးသားသည် မုန်တိုင်းထန်သွားပုံရသည်။

အကယ်၍ တခြားလူတွေသာ ထိုစကားတွေကို ပြောခဲ့လျှင် သူတို့ ကြွားလုံးထုတ်နေသည် ဟု သူမထင်မည်မှာ သေချာပါသည်။ သို့သော် ဟောင်ခွန်ကိုယ်တိုင်က သူမရှေ့တွင် ထိုစကားများကို ပြောသောအခါတွင် သူမသည် သံသယ အနည်းငယ်မျှ မခံစားရပေ။ နောက်ဆုံးတော့ သူသည် အရင်တုန်းကလည်း ထိုကဲ့သို့ ပြုလုပ်ခဲ့ဖူးသည်။

သို့သော် လျှိုလင်း အံ့အားသင့်ရသည်မှာ၊ ဤဓားအင်မော်တယ်သည် ချီကလန်၏ ဒုတိယ သခင်လေးအား သူ၏သခင်လေးအဖြစ် အဘယ်ကြောင့် ပြောဆိုရသနည်း။ အလွန် လေးစားပုံရသည်။

ယင်းက သူမကို စိတ်ရှုပ်ထွေးစေပါသည်။

အခန်း (၅၂၉) လေဟာနယ် သလင်းကျောက်အပိုင်းအစ။

ချင်ယွင်နှင့် အခြားသူများသည် ဤအမှောင်မြူခိုးတောအုပ်ထဲသို့ ကျရောက်ခဲ့သည်မှာ သုံးရက်ရှိပြီ ဖြစ်သည်။

ဤသုံးရက်အတွင်း ချင်ယွင်နှင့် အခြားသူများသည် ဤအမှောင်မြူခိုးတောအုပ်မှ ရုန်းထွက်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် ဤအမှောင်မြူခိုးတောအုပ်သည် အလွန် ထူးဆန်းပါသည်။

သူတို့သည် လမ်းကြောင်းတစ်ခုသို့ လျှောက်လာခဲ့ကြသော်လည်း စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်နေသကဲ့သို့ပင် သူတို့၏ မူလအစနေရာသို့ အဖန်ဖန် အခါခါ ပြန်ရောက် သွားကြ၏။

အစပိုင်းတွင်၊ ချင်ယွင်သည် အမှောင်မြူခိုးတောအုပ်ကို အစွမ်းထက်သော ပုံရိပ်ယောင် အစီအရင်ဝင်္ကပါနှင့် ထောင်ချောက် အစီအရင်ဝင်္ကပါများဖြင့် ခင်းကျင်းထားကြောင်း သံသယ ရှိခဲ့၏။ သို့သော်၊ ၎င်းကို အသေအချာ စစ်ဆေးပြီးနောက်၊ အမှောင်မြူခိုး တောအုပ်တွင် အစီအရင်ဝင်္ကပါခင်း၏ စွမ်းအင်အတက်အကျလှိုင်းမျိုး အနည်းငယ်မျှ ရိုက်ခတ်မူ မရှိသည်ကို သူတွေ့ရှိခဲ့ရသည်။ တစ်နည်းဆိုရသော် အမှောင်မြူခိုးတောအုပ်မှ ဖြစ်ပေါ်လာသော ထူးဆန်းသည့် ဖြစ်စဉ်သည် အစီအရင်ဝင်္ကပါကြောင့် ဖြစ်ပေါ်လာခြင်း လုံးဝ မဟုတ်ပေ။

ဤအရာက ချင်ယွင်ကို ခေါင်းကိုက်စေသည်။ အကယ်၍ အစီအရင်ဝင်္ကပါကြောင့် ဖြစ်လျှင် သူသည် အစီအရင်ဝင်္ကပါကို ချိုးဖျက်နိုင်ခြေ ရှိနိုင်ပါသေးသည်။

သို့သော်လည်း ယခုအချိန်မှာ ထိုထူးဆန်းသော ဖြစ်စဉ်အတွက် အကြောင်းပြချက်တောင် ရှာမတွေ့သေးပါဘူး။ အမှောင်မြူခိုးတောအုပ်မှ သူ မည်သို့ ရုန်းထွက်နိုင်မည်နည်း..။

ထိုအချိန်တွင် ချင်ယွင်နှင့် အခြားသူများသည် ပထမဆုံး ပြုတ်ကျသည့်နေရာသို့ ပြန်ရောက်လာကြသည်။ ရင်းနှီးပြီးသား မြင်ကွင်းကို ကြည့်လိုက်ရင်း သူတို့ သုံးယောက်၏ မျက်နှာတွေက ထူးထူးခြားခြား လေးနက်နေခဲ့၏။

"လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတချို့က ငါတို့အပေါ်မှာ သက်ရောက်မှုရှိနေတယ်လို့ ခံစားရပြီး ကျွန်မတို့ကို အမြဲတမ်းလိုလို လည်ပတ်နေစေခဲ့တယ်။" လျှိုလင်းက သူမ၏ စိတ်ထဲတွင်ရှိနေသည့် တိုးပွားလာသော သံသယများကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ချင်ယွင်သည် တိတ်ဆိတ်သွားနေ၏။ သူသည်လည်း ထူးဆန်းသော စွမ်းအားကို ခံစားလိုက်ရသည်။ ဤထူးဆန်းသောစွမ်းအားသည် လေဟာနယ်တစ်ခုလုံးကို ပုံပျက် သွားစေသကဲ့သို့ အမှောင်မြူခိုးတောအုပ် တစ်ခုလုံးကို ပြည့်လျှံစေကာ သူတို့ကို ဤလေဟာနယ်အတွင်းမှာပင် ဆက်လက် လည်ပတ်နေစေခဲ့သည်။

"လေဟာနယ် တွန့်လိမ်ခြင်းလား..…? ဟုတ်ပါတယ်၊ လေဟာနယ် တွန့်လိမ်ခြင်း" ဖြစ်ရမယ်။ ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။

နောက်ဆုံးတော့ သူတို့သည် မျဉ်းဖြောင့်အတိုင်း လျှောက်လာခဲ့ကြသော်လည်း အဘယ့်ကြောင့် သူတို့၏မူလနေရာကိုသာ ပြန်ရောက်နေရသနည်း ဆိုသည်ကို သူ နားလည်သွားခဲ့ပါပြီ။ အဘယ်ကြောင့်ဆိုသော် အမှောင်မြူခိုးတောအုပ်ရှိ လေဟာနယ် သည် တွန့်လိမ်နေပြီး အဆုံးမှ အဆုံးအထိ (အဆုံးနှစ်ခုကို) ချိတ်ဆက်ထားကာ အသေပိတ်ထားသော နေရာတစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သူတို့သည် မည်သို့ပင် လျှောက်သွားနေစေကာမူ၊ အတွင်းထဲမှာဘဲ အမြဲ လည်ပတ်နေရ ခြင်း ဖြစ်ပါသည်။

"လေဟာနယ်ကိုတောင် အမှန်တကယ် သက်ရောက်စေနိုင်တဲ့ စွမ်းအားအမျိုးအစားက ဘာများဖြစ်မလဲ။ ဒီကျယ်ပြောလှတဲ့ လေဟာနယ်ကြီးကိုတောင် တွန့်လိမ်စေတာလား" ချင်ယွင်၏ နှလုံးသားသည် အတွေးထဲသို့ လေးလေးနက်နက် နစ်မြုပ်သွားပြန်သည်။

မထွက်ခွာနိုင်ရခြင်း၏ အကြောင်းရင်းကို သူ ရှာတွေ့ခဲ့သော်လည်း လွတ်မြောက်ရန် နည်းလမ်းရှာဖို့ အလွန်ခက်ခဲ နေပါသေးသည်။

အသေပိတ်ထားသောနေရာတစ်ခုသည် လုံးဝ ပိတ်လှောင်ထားသော လှောင်အိမ်တစ်ခုနှင့် တူ၏။ သူတို့ မည်သို့ပင် လျှောက်လှမ်းသည်ဖြစ်စေ ထိုလှောင်အိမ်ထဲမှ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ အကယ်၍ သင်သည် ထိုလှောင်အိမ်အား ချိုးဖျက်လိုပါက၊ သင်သည် ထိုလှောင်အိမ်အပေါ် အကျိုးသက်ရောက်စေမည့် စွမ်းအားအရင်းအမြစ်ကို ရှာဖွေရမည် ဖြစ်ပါသည်။

ချင်ယွင်သည် မတ်တပ်ထရပ်လိုက်ပြီး အနီးနားရှိ ထူးဆန်းသော စွမ်းအားတွေကို ခံစားနိုင်ရန် သူ၏မျက်လုံးတွေကို မှိတ်ထားလိုက်ပါသည်။ နောက်ဆုံးတွင်၊ ဤစွမ်းအား သည် ဤအမှောင်မြူခိုးတောအုပ်၏ နက်ရှိုင်းသောအရပ်မှ ထွက်ပေါ်လာသည်ကို သူ တွေ့ရှိရသည်။ အမှောင်မြူခိုးတောအုပ်၏ နက်ရှိုင်းသောအရပ်သို့ ပို၍ နီးကပ်လာလေ ပို၍ အားကောင်းလေလေဖြစ်ကြောင်း သူ တွေ့ရှိခဲ့၏။

"အမှောင်မြူခိုး တောအုပ်ရဲ့ နက်ရှိုင်းတဲ့အရပ်ကို သွားရအောင်။" ချင်ယွင်က လျှိုလင်း နှင့် ဟောင်ခွန်ကို ပြောလိုက်ပါသည်.

"ဒီထက်နက်ရှိုင်းတဲ့ အရပ်ကို သွားမှာလား?" လျှိုလင်းက အံ့သြစွာ မေးလိုက်သည်။

ငါတို့က ဒီတောထဲက ထွက်မှာမဟုတ်ဘူးလား။ သူက ဘာလို့ နက်ရှိုင်းတဲ့ တောအုပ်ထဲကို သွားနေရတာလဲ။ အပြင်ထွက်ဖို့ ပိုပြီး ခက်မသွားဘူးလား။

ထို့အပြင်၊ ဤအမှောင်မြူခိုးတောအုပ်သည် ထူးဆန်းသော စွမ်းအင်အတက်အကျလှိုင်း များဖြင့် ပြည့်နေပါသည်။ ပို၍နက်ရှိုင်းလာလေလေ စွမ်းအင်အတက်အကျ လှိုင်းများက ပို၍ ပြင်းထန်လာလေ ဖြစ်ပါသည်။ တောအုပ်ကြီး၏ နက်ရှိုင်းသောအရပ်တွင် ပုန်းကွယ်နေသည့် အမည်မသိ အန္တရာယ်တစ်ခု ရှိနေနိုင်ဖွယ်ရှိ၏။ ယခုအချိန်တွင် သူတို့၏ ဝိညာဉ်စွမ်းအားများ လုံးလုံး ဆုံးရှုံးထားပြီး ဖြစ်ကာ ယင်းတို့သွားခြင်းက သေခြင်းတရားသို့ ဝင်ရောက်ရန် ဆွဲဆောင်နေခြင်း မဟုတ်ပါလော။

ဟောင်ခွန်သည် အနည်းငယ် ထူးဆန်းနေသော်လည်း သူသည် ချင်ယွင်ကို ယုံကြည်ရန် ရွေးချယ်ခဲ့ခြင်းကြောင့် မည်သည့်မေးခွန်းမှမထုတ်ဘဲ သူ့နောက်သို့ လိုက်ပါသွားခဲ့၏။

ဟောင်ခွန် လိုက်ပါသွားသည်ကို မြင်လိုက်ရလျှင် လျှိုလင်းသည် တခဏမျှ တုံ့ဆိုင်းသွားပြီး ချက်ချင်းပင် နောက်သို့ လိုက်သွားသည်။

သူတို့၏ ဝိညာဉ်စွမ်းအားကို အသုံးမပြုနိုင်သောကြောင့် လျှိုလင်း နှင့် ဟောင်ခွန်တို့၏ ခန္ဓာကိုယ်များသည် သာမန်လူများထက် အနည်းငယ်သာ၍ သန်မာသော်လည်း သူတို့၏ လမ်းလျှောက်နှုန်းသည် အလွန် နှေးကွေးသွားခဲ့သည်။

ချင်ယွင်သည်လည်း ကူကယ်ရာမဲ့စွာဖြင့် အရှိန်လျှော့ပြီး သူတို့ကို စောင့်နေရုံသာ တတ်နိုင်တော့သည်။

တစ်ရက်နီးပါး လမ်းလျှောက်ပြီးနောက်၊ ချင်ယွင်သည် နောက်ဆုံးတွင် အမှောင်မြူခိုး တောအုပ်၏ နက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိတော့မည် ဖြစ်သည်။

ချင်ယွင်ကို သိချင်စိတ်ပြင်းပြအောင် လုပ်နေသည့်အရာမှာ တောအုပ်၏ နက်ရှိုင်းသည့် အရပ်မှာရှိနေသော မြူခိုးများသည် အများကြီး မှေးမှိန်သွားခဲ့ပြီး သူတို့၏ အမြင်အာရုံတွေ ကလည်း ဆယ်မီတာမှ မီတာတစ်ရာအကွာအဝေးအထိ တိုးလာခဲ့ပါသည်။

"အယ်၊ အဲဒါ ဘာကြီးလဲ?" လျှိုလင်းသည် ရုတ်တရက် ရှေ့မီတာတစ်ရာအကွာဝေးကို လက်ညှိုး ညွှန်ပြလိုက်သည်။

ချင်ယွင် နှင့် ဟောင်ခွန်တို့သည် လျှိုလင်းညွှန်ပြသည့် လမ်းကြောင်းအတိုင်း ချက်ချင်း ကြည့်လိုက်ကြသည်။ မြေပြင်မှ နှစ်မီတာခန့်အကွာတွင် လွင့်မျောနေသည့် လက်သီးဆုပ်အရွယ် ကျောက်တုံးတစ်တုံးကို တွေ့လိုက်ရ၏။ ထိုကျောက်တုံးသည် ကြည်လင်တောက်ပနေပြီး သိသာထင်ရှားသော အစွန်းများနှင့် ထောင့်များရှိနေ၏။ ၎င်းသည် ရေခဲပြာရောင် ဖြစ်သည်။

အမှောင်မြူခိုးတောအုပ်၏ ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျလှိုင်းများ သည် ဤအရာအကြောင့် ဖြစ်ပေါ်နေသည့်အလား ထိုကျောက်တုံးထံမှ ကြောက်စရာ ကောင်းပြီး ထူးဆန်းသော စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။

"လေဟာနယ် သလင်းကျောက်အပိုင်းအစလား…?" ချင်ယွင်သည် ထိုအပြာရောင် သလင်းကျောက်တုံးကို မြင်လိုက်ရသည့်အခိုက်တွင် သူ၏မျက်နှာသည် ဖော်ပြလို့မရသော ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာတစ်ခု ထွက်ပေါ်လာသည်။

"လေဟာနယ် သလင်းကျောက်အပိုင်းအစ၊ ဟုတ်လား…။ အဲဒါက ဘာလဲ။" လျှိုလင်းက အံ့သြစွာ မေးလိုက်၏။

ဟောင်ခွန်သည် သူ၏မျက်နှာတွင် စူးစမ်းလိုသော အမူအရာ ရှိနေသည်။ သိသိသာသာပင်၊ သူသည် မည်သည့် လေဟာနယ်သလင်းကျောက်ကိုမျှ မကြားဖူးခဲ့ပေ။

“လေဟာနယ် သလင်းကျောက်ဆိုတာက လေဟာနယ်တစ်ခုရဲ့ အလယ်ဗဟို အူတိုင် ဖြစ်တယ်။ ၎င်းက ဒီလေဟာနယ်အတွင်းမှာရှိတဲ့ လေဟာနယ်စွမ်းအား အားလုံးကို ထိန်းချုပ်ထားနိုင်တယ်။ ငါတို့နေထိုင်တဲ့ တိုက်ကြီးတစ်ခုလိုပဲ၊ တိုက်ကြီးဆိုတာက အမှန်တကယ်တော့ ဂြိုလ်တစ်ခုပဲ။ အဲဒီဂြိုဟ်ရဲ့အလယ်ဗဟိုမှာလည်း လေဟာနယ် သလင်းကျောက်တစ်ခု ရှိတယ်။ အဲဒီသလင်းကျောက်က လေဟာနယ်တစ်ခုလုံးရဲ့ လေဟာနယ်စွမ်းအားကို ထိန်းချုပ်ထားတာ။" ချင်ယွင်က ရှင်းပြလိုက်သည်။

"ဒါဆို ဒီလေဟာနယ် သလင်းကျောက်အပိုင်းအစက ကျွန်မတို့ ဂြိုဟ်ကမ္ဘာရဲ့ လေဟာနယ် သလင်းကျောက်အပိုင်းအစကနေ ဖြစ်ပေါ်လာခဲ့တာလား။ လျှိုလင်းက ဆက်မေးသည်။

"အဲဒါ မဖြစ်သင့်ဘူး။ ငါတို့နေထိုင်တဲ့ ဂြိုဟ်ကမ္ဘာက လေဟာနယ်သလင်းကျောက် အက်ကွဲသွားတာနဲ့ ဂြိုဟ်တစ်ခုလုံးရဲ့ လေဟာနယ်စွမ်းအားကို ထိခိုက်စေလိမ့်မယ်။ ဒါပေမယ့်၊ ဒီမှာက အမှောင်မြူခိုးတောအုပ်ထဲမှာရှိတဲ့ လေဟာနယ်ကိုပဲ ထိခိုက်စေခဲ့ တယ်။ ဒီလေဟာနယ်သလင်းကျောက်အပိုင်းအစက အခြားနေရာကနေ ဒီနေရာကို ပြုတ်ကျလာတယ်လို့ ထင်ရတာပဲ။" ချင်ယွင်က ခေါင်းခါယမ်းပြီး ပြောလိုက်သည်။

လျှိုလင်း နှင့် ဟောင်ခွန် နှစ်ယောက်လုံးသည် ရုတ်တရက် သဘောပေါက်သွားကြသည်။

ဤနေရာမှ သူတို့ မထွက်ခွာနိုင်ရခြင်း၏ အကြောင်းရင်းမှာ အမှောင်မြူခိုးတောအုပ်ထဲရှိ လေဟာနယ်သည် ဤလေဟာနယ်သလင်းကျောက်အပိုင်းအစ၏ သက်ရောက်မူကြောင့် လွတ်လပ်သော လေဟာနယ်တစ်ခုအဖြစ် လေဟာနယ် တွန့်လိမ်ခြင်းကို ဖြစ်ပေါ်စေခဲ့ ခြင်းကြောင့် ဖြစ်ပါသည်။

"ဒါဆို အဲဒီကျောက်တုံးကို ဖျက်ဆီးပြီးမှ ဒီထဲကနေ ထွက်သွားလို့ရမှာလား" လျှိုလင်းက ဆက်မေးသည်။

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းမှ ဖျတ်ခနဲ အပြုံးတစ်ခု ပေါ်လာသည် " ဖျက်ဆီးရမှာလား ၊ ဒီလောက်ကောင်းတဲ့ ရတနာကို ဘယ်လိုလုပ် ဖျက်ဆီးပစ်ရမှာလဲ"

ဤလေဟာနယ်သလင်းကျောက်အပိုင်းအစဖြင့်ဆို သူသည် ကောင်းကင်နှင့် မြေကြီး၏ လေဟာနယ် နိယာမများကို လျစ်လျူရှုပြီး လေဟာနယ်အတွင်း သွားလာနိုင်တော့မည်။

တစ်နည်းဆိုရသော်၊ ဤလေဟာနယ်သလင်းကျောက်ဖြင့်ဆိုပါက ချင်ယွင်သည် တယ်လီပို့ခြင်းကို ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။

တယ်လီပို့ခြင်းစွမ်းရည်သည် မူလကတည်းက လျှိုအင်မော်တယ်နယ်ပယ် (လျှိူ့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ်) ရောက်မှသာ လုပ်ဆောင်နိုင်သည့် နတ်ဘုရား စွမ်းရည်တစ်ခု ဖြစ်သော်လည်း၊ ဤလေဟာနယ် သလင်းကျောက်အပိုင်းအစဖြင့်ဆိုပါက၊ သူသည် လေဟာနယ်ကို ဖြတ်တောက်ပြီး လေဟာနယ်အတွင်း ခေါက်တုံ့ခေါက်ပြန် ဖြတ်ကျော် သွားလာနိုင်ပါလိမ့်မည်။

ဤသည်မှာ ချင်ယွင် အမြဲအိပ်မက်မက်ခဲ့ရသော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။ တခဏအတွင်း ကီလိုမီတာတစ်ထောင် ရှည်လျားသောခရီးကို ရောက်သွားနိုင်၏။ အကယ်၍ သူ၏ ကျင့်ကြံမူအခြေခံ မပျက်စီးခဲ့ဘူးဆိုလျှင်ပင်၊ သူသည် ကောင်းကင်ဘုံကို အံတုနိုင်သော ထိုကဲ့သို့ နတ်ဘုရားစွမ်းရည်မျိုးကို မပိုင်ဆိုင်နိုင်သေးပါ။ ၎င်းသည် အင်မော်တယ်သင်္ဘောကြီးထက်ပင် ကောင်းကင်ဘုံကို အံတုနိုင်ပါသည်။

"ငါတို့ ဒီလေဟာနယ် သလင်းကျောက်အပိုင်းအစကို ရအောင်ယူရမယ်။" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်ပေါ်လာပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေဟာနယ်သလင်းကျောက် အပိုင်းအစဆီသို့ တဟုန်ထိုး ပြေးထွက်သွားခဲ့၏။

"ဘုန်း….!"

သို့သော်၊ ချင်ယွင်သည် လေဟာနယ်သလင်းကျောက်အပိုင်းအစနှင့် ဆယ်မီတာထက် မနည်း အကွာအဝေးထိ ရောက်သွားစဉ်မှာ သူ၏ရင်ဘတ်တွင် ကြီးမားသော စွမ်းအား တစ်ခုက ရုတ်တရက် ပေါက်ကွဲသွား၏။

ချင်ယွင်၏ ရင်ဘတ်သည် ချက်ချင်းပင် ပြင်းပြင်းထန်ထန် ထိမှန်သွားခဲ့ပြီး သူ၏ တစ်ကိုယ်လုံးသည် အထိန်းအကွပ်မရှိ နောက်ပြန်ဆုတ်သွားရ၏။

လွင့်ပျံသွားသော သူ၏ခန္ဓာကိုယ်သည် ရပ်တန့်ခြင်းမရှိမီ သစ်ပင်ကြီးဆယ်ပင်ထက် မနည်း ထိမှန်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် ရိုက်ခတ်မူကြောင့် ချင်ယွင်သည် သွေးတစ်လုတ် အန်ထုတ်လိုက်ရကာ လေဟာနယ်သလင်းကျောက် အပိုင်းအစ၏ ဦးတည်ရာဆီသို့ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ပြီး ကြည့်လိုက်လေသည်။

အခန်း (၅၃၀) လေဟာနယ်သားရဲ။

လေဟာနယ်ထဲမှ ဧရာမခြေသည်းကြီးတစ်ချောင်းသည် ရုတ်တရက် ဆန့်ထွက်လာကာ လူတိုင်း၏ အမြင်အာရုံထဲတွင် ကြီးမားသော ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

၎င်းသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး တကိုယ်လုံးကို မာကျောသော အကြေးခွံ များဖြင့် ဖုံးအုပ်ထားသော အရှည်ကျန်းသုံးရာရှိသည့် ဧရာမ ဖွတ်ကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏မျက်လုံးတစ်စုံသည် နောက်ပြန် လွင့်ထွက်သွားသော ချင်ယွင်ကို စိုက်ကြည့်နေပြီး ပြင်းထန်သော လှောင်ပြောင်မှုနှင့် အထင်အမြင်သေးမှုတို့ကို ပေါ်လွင်စေ သည်။ (ကျန်း….ဟူသည်… ပေနှင့်အတူတူပင် ဖြစ်ပါသည်)။

၎င်း၏မျက်လုံးများသည် အဆုံးမရှိသော လေဟာနယ်တစ်ခုနှင့် ဆင်တူပြီး ၎င်း၏ ကြီးမားသောမျက်လုံးများသည် အပြာရောင်အလင်းတန်းများဖြင့် လင်းလက်နေသည်။

ဟောင်ခွန် နှင့် လျှိုလင်းတို့သည် ဤကြီးမားသော လေဟာနယ်သားရဲ ဖွတ်ကြီး၏ ရုတ်တရက် ထွက်ပေါ်လာမူကြောင့် ထိတ်လန့်သွားကြ၏။

ချင်ယွင်သည် အချင်း မီတာနှစ်ဆယ်ခန့်ရှိသော ဧရာမသစ်ပင်ကြီးတစ်ပင်ကို မှီလိုက်သည်။ သူ၏နောက်မှ ဧရာမသစ်ပင်ကြီးသည် တွင်းနက်ကြီးဖြစ်သည်အထိ ပေါက်ကွဲသွားသော် လည်း သူ၏မျက်လုံးတွေက အနက်ရောင်ကြေးခွံပါ ဧရာမဖွတ်ကြီးကို စူးစိုက်ပြီး ကြည့်နေသည်။

ဤအခိုက်အတန့်တွင် ချင်ယွင်သည် အမှောင်မြူခိုးတောအုပ်ထဲတွင် ဤထူးဆန်းသော မြူခိုးများဖြင့် ပြည့်နှက်နေရ၏အကြောင်းအရင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့၏။ ထို့အပြင် ဤသစ်ပင်များမှလွဲ၍ အမှောင်မြူခိုးတောအုပ်ထဲတွင် အခြားသက်ရှိ သတ္တဝါများ မရှိရ၏ခြင်းကိုပါ တွေ့ရှိသွားခဲ့ပါပြီ။ ဤအရာအားလုံးသည် သူ၏ရှေ့မှ ဤကောင်ကြီးနှင့် သက်ဆိုင်နေပါသည်။

"လေဟာနယ်သားရဲ!"

ချင်ယွင်သည် စကားလုံးသုံးလုံးကို ထုတ်ပြောလိုက်၏။ ဤသည်မှာ အဆုံးမရှိသော လေဟာနယ်ထဲတွင် အသက်ရှင်သန် နေထိုင်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးသားရဲ တစ်ကောင်ဖြစ်ပါသည်။ ၎င်း၏သဘောသဘာဝသည် ရက်စက် ကြမ်းကြုတ်၏။

၎င်းတို့သည် လေဟာနယ်၏စွမ်းအားကိုသာ သီးသန့် စားသုံးကြပြီး ထူးခြားသော အခိုးအငွေ့အမျိုးအစားကိုလည်း ထုတ်လွှတ်နိုင်၏။ ထို့ကြောင့် ကျင့်ကြံသူများသည် သူတို့၏ ဝိညာဉ်စွမ်းအင်များကို လှုံ့ဆော်ရန် မဖြစ်နိုင်ခဲ့ကြပေ။

အရွယ်ရောက်ပြီး လေဟာနယ်သားရဲများသည် များသောအားဖြင့် လေဟာနယ် သားရဲငယ်များကို ငယ်ရွယ်စဉ်ကတည်းက ဂြိုဟ်တစ်ခုပေါ်သို့ ပစ်ချကပြီး ၎င်းတို့ကို ပုန်းအောင်းနေခိုင်းကြသည်။

ထို့နောက် သူတို့သည် ထိုဂြိုလ်ပေါ်ရှိ လေဟာနယ်စွမ်းအားကို တဖြည်းဖြည်း ဝါးမြိုသွား ကြသည်။ သူတို့ အတိုင်းအတာတစ်ခုအထိ ကြီးထွားလာပြီးနောက်၊ သူတို့သည် ထိုဂြိုလ်ပေါ်မှ လေဟာနယ်သလင်းကျောက်ကို လုံးလုံးလျားလျား ဝါးမြိုသွားကြပါ လိမ့်မည်။ ထိုနောက်မှာတော့ သူတို့သည် ထိုဂြိုဟ်ကမ္ဘာမြေပေါ်ရှိ သက်ရှိအားလုံးကို စားသောက်ပြီး ထိုကမ္ဘာကြီးကို သုံးစားမရသည့် ဂြိုဟ်တစ်ခုအဖြစ် ပြောင်းလဲပစ်ပါလိမ့် မည်။

လေဟာနယ်သားရဲများသည် သူတို့၏ နို့စို့အရွယ်မှ အရွယ်ရောက်သည်အထိ ကြီးထွားချိန် အလွန်ရှည်ကြာကြသည်။ သူတို့၏ကြီးထွားခြင်း သံသရာစက်ဝိုင်းသည် နှစ်ပေါင်း ငါးထောင်နီးပါး ကြာမြင့်ကြ၏။

ဤလေဟာနယ်သားရဲ၏ အရွယ်အစားကို ကြည့်လျှင် သူသည် ဤကမ္ဘာမြေပေါ်တွင် နှစ်ပေါင်းသုံးထောင်နီးပါးကြာ ပုန်းအောင်းနေသူ ဖြစ်လိမ့်မည်။

သို့သော်၊ ဤဂြိုဟ်ပေါ်သို့ မတော်တဆ ကျရောက်လာခဲ့သော ထိုလေဟာနယ် သလင်းကျောက်အပိုင်းအစသည် အချိန်အတော်ကြာအောင် သူ့ကို အစာကျွေးထားနိုင်၏။ ထို့ကြောင့် သူသည် ဤဂြိုဟ်ကမ္ဘာပေါ်ရှိ လေဟာနယ်သလင်းကျောက်ကို ဝါးမျိုရန် အတွက် ဤဂြိုလ်ကြီးအလယ်သို့ မသွားနိုင်သေးပေ။

အစပိုင်းမှာတော့ ဤလေဟာနယ်သလင်းကျောက်အပိုင်းအစသည် လက်သီးဆုပ်အရွယ် မဟုတ်သည်မှာ သေချာပါသည်။ ၎င်းသည် အနည်းဆုံး ဦးခေါင်းအရွယ်အစား ရှိရလိမ့်မည်။ ထိုသို့မဟုတ်လျှင်၊ ဤလေဟာနယ်သားရဲသည် ဤသလင်းကျောက်ကို အရင်ကတည်းက ဝါးမြိုသွားလိမ့်မည်။

"လူသား၊ မင်းက ငါ့ရဲ့ဖြစ်တည်မှုကို သိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းက ငါ့ကို ကောင်းကောင်းကြီး သိပုံရတယ်။" လေဟာနယ်သားရဲ၏ ပုံသဏ္ဍာန်သည် ပြောင်းလဲ သွားပြီး ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် လူငယ်နှင့်တူသော လူသားတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားသည်။ သူက ချင်ယွင်ကို အေးစက်သော အပြုံးဖြင့် ကြည့်နေ၏။

"ငါ မသိပါဘူး။ ဒါပေမယ့် မင်း ဘာလို့ ဒီဂြိုလ်ပေါ်မှာ ပုန်းနေလဲဆိုတာတော့ ငါသိတယ်" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။

"ဟား….။ ဟား…..။ မင်း သိတယ်ဆိုရင်ရော ဘာအရေးလဲ။ မင်းက ငါ့ကို တားဆီးနိုင် မယ်လို့ ထင်နေတာလား။ ငါပြောပြပါရစေ။ ဒါက ငါ့နယ်မြေပဲ။ အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ရောက်လာရင်တောင် ငါ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။ မင်းတို့အားလုံးလည်း ငါ့အစားစာ ဖြစ်လာလိမ့်မယ်။" လေဟာနယ်သားရဲလူငယ်သည် အထင်အမြင်သေးစွာဖြင့် ပြောသည်။ သူ၏မျက်လုံးများက နီလာများကဲ့သို့ ဝင်းလက်တောက်ပနေ၏။

"မင်းပျော်ဖို့က အရမ်းစောသေးပုံရတယ်။" ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက် သည်။

ကံကောင်းထောက်မစွာ၊ သူ၏ရှေ့ရှိ ဤလေဟာနယ်သားရဲသည် အရွယ်ရောက်ပြီးသူ မဟုတ်သေးပေ။ သူ၏ခွန်အားသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်သို့ မရောက်ရှိသေးပေ။ ၎င်းသည် အမြင့်ဆုံး အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အထွက်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် အတူတူဖြစ်သင့်၏။

ချင်ယွင်သည် သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားဖြင့် အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားသည်။ သို့သော် သူ၏ ထူးဆန်းသော လေဟာနယ်စွမ်းအားသည် သူ့အတွက် ကိုင်တွယ်ရန် ပိုပြီး ခက်ခဲမည့်ပုံ ပေါ်သည်။

"ဟမ့်၊ ငါ မင်းကို မျိုချမယ့်အချိန် စောင့်နေလိုက်ပါ။ မင်းက အခုလို စကားကြီးစကားကျယ် ပြောရဲသေးလားဆိုတာ ကြည့်ရအောင်။" လေဟာနယ်သားရဲလူငယ်၏ နက်ရှိုင်းသော မျက်လုံးများမှတဆင့် မထီမဲ့မြင်ပြုဟန် အရိပ်အယောင် ပေါ်လာသည်။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူရှိနေသည့်နေရာမှ ပျောက်ကွယ်သွား၏။

"ဘုန်း…..!"

လေဟာနယ်သားရဲလူငယ်၏ရုပ်အသွင်သည် ချင်ယွင်၏ရှေ့တွင် ချက်ချင်း ပေါ်လာသည်။ ချင်ယွင် မတုံ့ပြန်နိုင်ခင်မှာ သူ၏လက်သီးက ချင်ယွင်၏ ရင်ဘတ်ကို ထိမှန်သွားခဲ့ပြီလေ။

ချင်ယွင်၏နောက်ကွယ်ရှိ ဧရာမသစ်ပင်ကြီးသည် ချက်ခြင်း ပေါက်ကွဲပြီး အမှုန့်အဖြစ်သို့ ပြောင်းလဲသွားကာ တစ်ချိန်တည်းတွင် ချင်ယွင်၏ခန္ဓာကိုယ်သည်လည်း နောက်ပြန် လွင့်ထွက်သွားခဲ့သည်။

ချင်ယွင်၏ မျက်နှာသည် နာကျင်သည့်အမူအရာဖြင့် ပြည့်နှက်နေသည်။ သေချာသည်မှာ၊ ဤအရာသည် လေဟာနယ်စွမ်းအားကို ကျွမ်းကျင်သူ၏ ပုံမှန်မဟုတ်သည့် စွမ်းအား အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်။ ယခုလေးတင် သူ၏မျက်နှာရှေ့မှလူငယ်သည် သူနှင့် မီတာတစ်ရာ ကွာဝေးသေး၏။ နောက်အခိုက်အတန့်မှာပင် သူ၏လက်သီးက သူ့အပေါ်ကို ကျရောက်နေလေပြီ။

လေဟာနယ်သားရဲလူငယ်၏ ခွန်အားသည် အလွန်ကြောက်စရာကောင်းနေသေးသည်ဟု ဆိုရမည် ဖြစ်သည်။ ဤလက်ချက်က ချင်ယွင်၏ရင်ဘတ်ကို ထိမှန်သွားပြီး သူ၏နံရိုးတွေ ကျိုးလုမတတ်ပင်။

ဟောင်ခွန်နှင့် လျှိုလင်းတို့သည် ချင်ယွင် အဝေးကို လွင့်ပျံသွားသည်ကို မြင်လိုက်ရလျှင် သူတို့ပုံစံတွေက စိတ်ပူနေပုံရသည်။

သို့သော် သူတို့သည် ရုပ်ခန္ဓာကိုယ်သက်သက်ဖြင့် တားဆီးနိုင်မည် မဟုတ်ပေ။ ဝိညာဉ်စွမ်းအင်ကို အသုံးပြုနိုင်ခြင်းမရှိသည်နှင့် သူတို့ ကူညီပေးနိုင်ဖို့ အသထားထား၊ သူတို့၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည် ချင်ယွင်ထက် အဆပေါင်းများစွာ နိမ့်ကျသွားလိမ့် မည်။

"ဟမ့်၊ မင်းက တစ်ချက်ထိုးနှက်တာတောင် မခံနိုင်ပါလား။" လေဟာနယ်သားရဲလူငယ်၏ နှုတ်ခမ်းစွန်းများသည် အထင်အမြင်သေးသည့် အရိပ်အမြွက်အဖြစ်သို့ တွန့်ကွေးသွားခဲ့ ကာ သူ၏ရုပ်အသွင်သည် တဖန် ဖျတ်ခနဲလင်းလက်သွားပြီး လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားလေသည်။

အနောက်သို့ လွင့်ပျံသွားသော ချင်ယွင်သည် လေဟာနယ်သားရဲလူငယ် နောက်တကြိမ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ ချက်ချင်းပင် သူ၏မျက်ခုံးများ တွန့်သွား၏။ ရုတ်တရက်၊ သူသည် သူ၏ဘယ်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်ကို ရုတ်တရက် ဆောင့်ကန်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ညာဘက်သို့ ရွေ့လျားသွားကာ သူရှိနေသည့်မူလနေရာတွင် ပုံရိပ်ယောင်များသာ ကျန်ရစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သံမဏိလက်သီးတစ်ချက်က လေကဲ့သို့ထိုးဖောက်လာကာ သူ၏ ပုံရိပ်ယောင်များကို ထိုးဖောက်လိုက်၏။

"မဖြစ်နိုင်ဘူးမလား?" လေဟာနယ်သားရဲလူငယ်သည် အနည်းငယ် အံ့သြသွားသည်မှာ ထင်ရှား၏။ ဤလူသားလူငယ်သည် သူ၏တိုက်ခိုက်မှုကို ကြိုတင်ပြီး ရှောင်ရှားနိုင်ခဲ့ တာလား။ ဒါမှမဟုတ် တိုက်ဆိုင်မှုတစ်ခုများ ဖြစ်နိုင်ပါသလား။

"ဟမ့်၊ ငရဲကို သွားလိုက်တော့….!"

သို့သော်၊ လေဟာနယ်သားရဲလူငယ်သည် တုံ့ဆိုင်းနေစဉ်မှာ ချင်ယွင်သည် လေထဲသို့ ကန်ချက်ထုတ်လိုက်ပြီး သံမဏိကြာပွတ်ကဲ့သို့ သံမဏိခြေထောက်တစ်ဖက်သည် လေဟာနယ်သားရဲလူငယ်ဆီသို့ တိုက်ရိုက် တိုးဝင်သွားလေသည်။

ပြင်းထန်သော လေခြေထောက်ကြီးသည် မနိုင်းယှဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်တွေ ပါဝင်နေ၏။ ထိုခြေထောက်ကြီးသည် တောင်ထိပ်တစ်ခုကိုပင် ပေါက်ကွဲပစ်ရန် လုံလောက်၏။

"ဘုန်း….!"

လေဟာနယ်သားရဲလူငယ်၏ နောက်မှာရှိနေသည့် အချင်း မီတာသုံးဆယ်ရှိသော ဧရာမသစ်ပင်ကြီးသည် ချက်ချင်း ပေါက်ကွဲသွားပြီး သစ်သားအပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော်လည်း လေဟာနယ်သားရဲလူငယ်၏ရုပ်ပုံလွှာသည် လေထုထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့၏။

"မင်း ငါ့ကို အနိုင်မယူနိုင်ဘူးလို့ ပြောခဲ့သားပဲ"

လေဟာနယ်သားရဲလူငယ်၏ အသံသည် ချင်ယွင်နောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ရုတ်တရက် နောက်ပြန်လှည့်ကြည့်လိုက်စဉ် အေးစက်သော အပြုံးဖြင့် သူ၏ နောက်တွင် ရပ်နေသော လေဟာနယ်သားရဲလူငယ်ကို တွေ့လိုက်ရသည်။

"ဘုန်း….!"

လေဟာနယ်သားရဲလူငယ်သည် ချင်ယွင်၏ ဝမ်းဗိုက်ထဲကို တိုက်ရိုက် ကန်ချလိုက်သည်။ ချင်ယွင်သည် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်က နောက်ပြန် ဆုတ်သွားကာ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။

"ဘုန်း…..!"

ဤအဖြစ်အပျက် မပြီးဆုံးသေးခင် လေဟာနယ်သားရဲလူငယ်၏ ရုပ်အသွင်သည် ပါးလွှာသောလေထုထဲမှ တစ်ဖန်ထွက်ပေါ်လာကာ ချင်ယွင်၏ရှေ့တွင် အမှန်တကယ် ပေါ်လာခဲ့ပြီး သူ၏လက်သီးသည် ချင်ယွင်၏ရင်ဘတ်ပေါ်တွင် တစ်ဖန် ရိုက်နှက်သွား ခဲ့သည်။

ချင်ယွင်၏ ပါးစပ်မှ သွေးများ စီးကျလာပြီး သူ၏ လျင်မြန်စွာ ဆုတ်ခွာနေပြီဖြစ်သော ခန္ဓာကိုယ်သည် နောက်သို့ ပြန်ဆုတ်သွားရပြန်သည်။

"ဘန်း….!"

ချင်ယွင် ဖြတ်ကျော်သွားတိုင်း သစ်ပင်များအားလုံး ကျိုးပြတ်ကုန်ပြီး မြင့်မားသော သစ်ပင်ကြီး နှစ်ဆယ်ကျော် ကျိုးသွားခဲ့၏။

ချင်ယွင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေရပြီး အဝေးမှ လေဟာနယ်သားရဲလူငယ်ကို စူးစူးစိုက်စိုက် ကြည့်နေ၏။ သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေသည်။

ဤလေဟာနယ်သားရဲလူငယ်သည် သူ မျှော်လင့်ထားသည်ထက် ပို၍ပင် အားကောင်းနေပုံရသည်။ သူ၏ခွန်အားသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်နှင့် အကန့်အသတ်မရှိ နီးကပ်နေလေပြီ။ သူ၏ လေဟာနယ်စွမ်းအားအပေါ် ထိန်းချုပ်နိုင်မှုသည် ချင်ယွင် မျှော်လင့်ထားသည်ထက် များစွာ ပိုကျွမ်းကျင်နေပုံရသည်။

"ဟား…။ ဟား….၊ အခု မင်း ငါဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းသိသွားပြီ မဟုတ်လား၊ ငါ့ရဲ့တိုက်ခိုက်မှုတွေကို ခံနေရတာတောင် မင်းက သေမသွားခဲ့ဘူး။ မင်းရဲ့ ရုပ်ခန္ဓာကိုယ်ကလည်း တော်တော်လေး အားကောင်းနေပုံပဲ။ ဒါပေမယ့် အရသာ ဘယ်လိုခံစားရလဲလို့ ငါ သိချင်မိတယ်။" လေဟာနယ် သားရဲလူငယ်သည် ရက်စက်သော အပြုံးကို ထုတ်ဖော်ရင်း ချင်ယွင်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း စတင်လှမ်းလာခဲ့သည်။

သူ၏ရှေ့မှာ သေရတော့မည့် သားကောင်တစ်ကောင်၏ ရုန်းကန်မှုကို ကြည့်ရှုရသည်ကို သူ အလွန်သဘောကျပြီး ထိုခံစားချက်က သူ့ကို ဖော်ပြ၍မရအောင် လှပစေ၏။

"မင်း ငါ့ကို စားနိုင်ပြီလို့ တကယ်ထင်နေတာလား?"

ထိုအချိန်တွင် ချင်ယွင်သည် ရုတ်တရက် သူ၏ခေါင်းကို မော့လိုက်ပြီး သူ၏ မျက်လုံးထဲ တွင် နီမြန်းသော မီးတောက်မီးလျှံများ တဟုန်ထိုး ပျံ့နှံ့လာသည်။ သူ၏နောက်မှ နဂါးအတောင်များသည် ရုတ်တရက် ပြန့်ကားသွားကာ ပြင်းထန်သော အပူချိန်သည် ပတ်ဝန်းကျင်ကို ချက်ချင်း လွှမ်းခြုံသွားသည်။

All Chapters