အခန်း (၅၅၁-၅၅၅)
Vol. 37 Ch. 551-555
အခန်း (၅၅၁) ဓားနယ်မြေ။
သုံးရက်ဆိုသောအချိန်သည် လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားခဲ့ပါသည်။
ထိုအချိန်တွင် ရန်စီချီ၊ ချန်မင်ရှီနှင့် အခြားသူများသည် လင်ရှင်းရေကန်ဘေးရှိ ရေကန်စောင့်ကြည့်ရေးစင်မြင့်တစ်ခုပေါ်မှာ ထိုင်နေကြပါသည်။
ထိုကောင်ဇိုးလေးကတော့ စင်မြင်ပေါ်ရှိတိုင်တစ်လုံးပေါ်ကို သူ၏ခန္ဓာကိုယ်ဖြင့် ကုတ်ကပ်တက်ပြီးနောက် အဝေးမှ ကန်ရေပြင်ကို လှမ်းကြည့်နေလေသည်။ အချိန် အတော်ကြာအောင် ကြည့်ရူပြီးနောက် သူက ရန်စီချီ၊ ချန်မင်ရှီတို့ ဘက်ကို လှည့်ကာ "နတ်သမီးလေးတို့ ၊ ဆရာကြီးက ဘာအတွက် ကျင့်ကြံနေတယ်လို့ ထင်လဲ၊ သူက အဲဒီမှာ သုံးရက်နဲ့ ညတိုင်တိုင် မလှုပ်မယှက် ထိုင်နေခဲ့တာလေ"
ရန်စီချီ နှင့် ချန်မင်ရှီတို့သည် အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်ကြသည်။ လွန်ခဲ့သည့် သုံးရက်လုံးလုံး၊ ဤကောင်ဇိုးလေသည် သူမတို့အား ဆူကျိုးမြို့တစ်ခုလုံးကို လှည့်ပတ် ခေါ်ဆောင်ပြီး ပြသခဲ့သည်။ သူ့မှာ နတ်သမီး သိုင်းမိခင်တစ်ယောက်တောင်ရှိနေပြီဟု ပြောခဲ့ပြီး ယင်းစကားက အမျိုးသမီးနှစ်ယောက်ကို အလွန်ပျော်ရွှင်စေပြီး တသောသော ရယ်မောနေကြသည်။
"မင်းရဲ့ဆရာက ဓားဆန္ဒကို ကောင်းကောင်း နားလည်ထားပြီးပြီ။ အခု သူက ဓားနယ်မြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သူ ပြောတယ်။ ရန်စီချီ က ပြုံးရင်း ပြောလိုက်သည်။
"ဓားနယ်မြေလား….။ အဲဒါက သိပ်ကိုအစွမ်းထက်တာမလား။" ကောင်ဇိုးလေး၏ မျက်လုံးတွေက ဝင်းလတောက်ပလာသည်။
ရန်စီချီ နှင့် ချန်မင်ရှီတို့သည် ခေါင်းခါလိုက်၏။ ဓားတာအိုနယ်ပယ်အကြောင်းကို သူမတို့၏ နားလည်သဘောပေါက်မှုက ဓားဆန္ဒ(အဆင့်)မှာသာ ကန့်သတ်ထားပါ သည်။ ဓားနယ်မြေဆိုသည်ကိုတော့ ချင်ယွင်ပြောပြမှသာ ကြားဖူးခဲ့ပြီး တိတိကျကျ ရှင်းရှင်းလင်းလင်း မသိပါဘူး။
"ဓားနယ်မြေဆိုတာက ဓားတာအိုရဲ့ အလွန်အမင်း မြင့်မားတဲ့ နယ်ပယ်တစ်ခု ဖြစ်တယ်" အဲဒီအရာက ဓားနယ်မြေကို အတိုင်းအတာတစ်ခုအထိ ဖန်တီးနိုင်တယ်။ အဲဒီဓားနယ်မြေထဲမှာဆိုရင် အရာအားလုံးကို သတ်ပစ်နိုင်တယ်။ အဲဒီအချိန်တုန်းက ငါဟာ ဓားနယ်မြေထဲ ခြေလှမ်းတစ်ဝက်လောက် ရောက်ရှိနေခဲ့တာတောင်မှ ကောင်းကင်ဘုံဂိုဏ်းကို ငါကိုယ်တိုင် သတ်ဖြတ်နိုင်ခဲ့သေးတယ်။ တကယ်လို့ သခင်လေးသာ အခုအချိန်မှာ ဓားနယ်မြေကို အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင် ဒီဓားအင်မော်တယ်ဆိုတဲ့ဂုဏ်ပုဒ်က သခင်လေး ပိုင်သွားမှာကိုတောင် ငါကြောက် မိ တယ်။" ဟောင်ခွန်က ရေကန်လယ်ဘက်သို့ လှမ်းကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
ထိုအချိန်တုန်းက သူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ချင်ယွင်သည် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင်သာ ရှိသေးပါသည်။
အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိပြီး ဓားနယ်မြေတစ်ခုလုံးကိုပါ ဆုပ်ကိုင်နိုင်သည့်အခါ ချင်ယွင်သည် မည်သည့် ခွန်အားမျိုး ပိုင်ဆိုင်လာမည်ကို ဟောင်ခွန် မတွေးတော့ဝံ့တော့။
ရန်စီချီနှင့် ချန်မင်ရှီတို့သည်လည်း အံ့အားတသင့် အထွက်အော်မိကြသည်။ အထူးသခြင့် ချန်မင်ရှီဖြစ်သည်။ သူမသည်လည်း ဓားတာအိုကို ကျင့်ကြံထားသူ တစ်ဦး ဖြစ်သည်။ ထို့အပြင် သူမသည် ဟောင်ခွန်၏ လုပ်ဆောင်ချက်များကို နားထောင်ရင်း ကြီးပြင်းလာခဲ့သောကြောင့် ဟောင်ခွန်သည် အတိတ်ကာလတုန်းက မည်သို့သော စိတ်ဝိညာဉ်မျိုး ပိုင်ဆိုင်ထားသည်ကို သူမ နားလည်နိုင်သည်။ သို့တိုင် ဟောင်ခွန်သည် ပင် ဓားနယ်မြေကို အပြည့်အဝ နားလည်နိုင်စွမ်း မရှိခဲ့ဖူးပေ။
မင်း တကယ် လုပ်နိုင်ပါ့မလား?" ချန်မင်ရှီက ရေကန်အလယ်ကို လှည့်ကြည့်လိုက်ပြီး သူမကိုယ်သူမ တွေးလိုက်မိသည်။
ဟောင်ကျင်းလေးသည် အလိုလို သိမြင်နိုင်စွမ်း ထိုမျှလောက် မရှိသော်လည်း အချက် တစ်ချက်ကိုတော့ သူ နားလည်သည်။ ဆိုလိုသည်မှာ၊ ဓားနယ်မြေဟုခေါ်သည့် ထိုဓားနယ်ပယ်သည် အလွန်အစွမ်းထက်၏။ သူ၏ဆရာသည် ထိုဓားနယ်မြေကို နားလည်သွားသည်နှင့် သူသည် ဤကမ္ဘာပေါ်တွင် ဓားတာအို၏ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။
"ဝေါင်း….။ ငါ့ဆရာက ဒီလောက်ထိ အစွမ်းထက်မယ်လို့ မမျှော်လင့်ထားဘူး။ ဆရာ ဓားနယ်မြေကို နားလည်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ဒီလိုနည်းနဲ့ ငါလည်းပဲ ဒီကမ္ဘာပေါ်မှာ နံပါတ်တစ်ဓားသမားရဲ့ တပည့်ဖြစ်လာလိမ့်မယ်။" ဟောင်ကျင်းလေးက သူ့ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်လိုက်သည်။
ရန်စီချီနှင့် ချန်မင်ရှီတို့သည်လည်း ဤကောင်ဇိုးလေးကြောင့် ပွဲကျသွားကြပြန်သည်။
ဘန်း…..!
ထိုအချိန်တွင် မူလက ငြိမ်သက်နေသော ရေကန်၏ရေမျက်နှာပြင်သည် စတင် လှုပ်ရှားလာပါသည်။
မှန်ကဲ့သို့ ငြိမ်သက်နေသော ရေကန်ပြင်သည် ချင်ယွင်ကို အလယ်ဗဟိုပြုပြီး တဖြည်းဖြည်း ရေဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။
မူလကတည်းက ချင်ယွင် တင်ပျဉ်ခွေထိုင်နေစဉ်မှာ ကြီးမားသော အပေါက်ကြီး တစ်ခုက တဖြည်းဖြည်းဖြစ်ပေါ်လာခဲ့ပြီး ဤအပေါက်ကြီးသည် ကျယ်လာပုံရပါသည်။
ကမ္ဘာကြီးသည် တခဏအတွင်း အကန့်အသတ်မဲ့ ဖိအားများဖြင့် ပြည့်နေပုံရပြီး ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်တစ်ခုလုံး မငြိမ်မသက် ဖြစ်လာလေသည်။
"ဒါက... ဓားနယ်မြေများ ဖြစ်နိုင်သလား?"
ဟောင်ခွန်သည် ပထမဆုံး မတ်တပ်ထရပ်ပြီး သူ၏မျက်နှာက အံ့အားသင့်နေသည် ။
"နယ်မြေစွမ်းအားလား…?" ချန်မင်ရှီ နှင့် ရန်စီချီတို့သည် မတ်တပ်ထရပ်ကာ ရေကန်၏အလယ်ဗဟိုသို့ မျှော်ကြည့်နေကြသည်။ ဖြစ်ပျက်နေသည်ကို သူမတို့ နားမလည်သော်လည်း ကြောက်စရာကောင်းသည့်ဓားစွမ်းအားတစ်ခုက ကမ္ဘာကြီး တစ်ခုလုံး ပြည့်နေသည်ဟု သူမတို့ ခံစားရ၏။
"ဝိုး၊ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်တဲ့ မြင်ကွင်းလဲ!" ချင်ယွင် ဖန်တီးခဲ့သော ကြီးမားသော ရုန်းရင်းဆန်ခတ်ဖြစ်မူကြောင့် ထိုကောင်ဇိုးလေးသည် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်လေသည်။
ထိုအချိန်တွင် ချင်ယွင်သည် လေထဲတွင် တင်ပျဉ်ခွေထိုင်နေသေး၏။ သူ၏ ခြေထောက်အောက်ရှိ ရေကန်၏မျက်နှာပြင်သည် လုံးဝပျောက်ကွယ်သွားပြီး ကြီးမားသော အပေါက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ကန်ရေပြင်သည် အချင်း မီတာသုံးထောင်ရှိသော ကြီးမားသော အခေါင်းပေါက်ကြီးတစ်ခုအဖြစ် ကောင်းကင်ယံ၌ စီးဆင်းနေသည်။ ရေစီးကြောင်းကြီးသည် ပေတစ်ထောင်ကျော် မြင့်မားသည်။
မြင်ကွင်းက ထူးထူးခြားခြား အံ့မခန်းပင်။
ဘန်း….။
ထိုအချိန်တွင် ချင်ယွင်သည် ရုတ်တရက် မျက်လုံးများပွင့်လာပြီး ထောင်ပေါင်း များစွာသော ဓားအလင်းများ ပစ်လွှတ်လိုက်သကဲ့သို့ သူ၏မျက်လုံးများက ဝင်းလက် တောက်ပလာသည်။
ကောင်းကင်နှင့်မြေကြီးသည် တုန်ခါလာပြီး ဤအခိုက်အတန့်တွင် လည်ပတ်နေသော ရေစီးကြောင်းတိုင်လုံးကြီးသည် ဆန့်ထွက်စ ပြုလာသည်။ နောက်ဆုံးတွင် ရေဓားများ အဖြစ် ဆန့်ထုတ်လိုက်သည်။
ထိုရေဓားရှည်အရေအတွက်သည် တစ်သန်းနီးပါးရှိပြီး ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံထားပြီး မြေကြီးကိုဖုံးလွှမ်းနေကာ အချင်းဝက် ပေတစ်ထောင်အရပ်ကို ချက်ချင်း လွှမ်းခြုံသွားသည်။
"ပေတစ်ထောင်အတွင်း၊ ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဓားအဖြစ်သုံးနိုင်တယ်။" ချင်ယွင်က သူ၏ညာလက်ကို ဆန့်တန်းရင်း ရေရွတ်လိုက်သည်။ ရေဖြင့် လုံးလုံး လျားလျား သိပ်သည်းထားသော ဓားရှည်တစ်ချောင်းသည် သူ၏လက်ထဲတွင် ပေါ်လာသည်။
"ပေတစ်ထောင်အတွင်းမှာ ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေကိုပါ သတ်ပစ်နိုင်တယ်။" ချင်ယွင်သည် သူ၏ဓားကို ခုတ်ပိုင်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုက သူ၏လက်မှ လင်းလက် ထွက်ပေါ်လာပါသည်။
ဓားအလင်းတန်းသည် ရေဓားကြီးတစ်ခုလုံးကို လွှမ်းခြုံသွားကာ နဂါးငွေ့တန်းရှိ အတောက်ပဆုံးသော ကြယ်ရောင်ကဲ့သို့ တလက်လက်ဖြင့် ဝင်းလက် တောက်ပနေခဲ့ သည်။
"ဝှစ်….!"
ဓားအလင်းကြောင့် လေဟာနယ်သည် တိုက်ရိုက်အက်ကွဲသွားပြီး ဆယ်ပေရှည်လျား သည့် ကြီးမားသော လေဟာနယ်အက်ကြောင်းတစ်ခု ပေါ်လာလေသည်။
ကန်ရေပြင်သည် ဝါးမျိုခံရပြီး ချက်ခြင်းပင် စုပ်ယူခံလိုက်ရသော်လည်း ချင်ယွင်၏ ရုပ်အသွင်အပြင်သည် မြင့်မားသောတောင်ကြီးကဲ့သို့ မလှုပ်မယှက် ဖြစ်နေပြီး သက်ရှိ သတ္တဝါအားလုံးကို မောက်မာစွာ ငုံ့ကြည့်နေသည့် ထာဝရတည်ရှိနေသော ဓားအင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်နေလေသည်။
ဘန်း….!
ချင်ယွင်သည် သူ၏လက်ထဲမှ ရေဓားကို ဘာမှမရှိအဖြစ်သို့ ပြောင်းလဲလိုက်ပြီး သူ၏ နယ်မြေစွမ်းအားကိုလည်း ဖြည်းညှင်းစွာ ရုတ်သိမ်းလိုက်သည်။
ကောင်းကင်နှင့် မြေကြီးသည် ရုတ်တရက် ငြိမ်သက်သွားသော်လည်း သူတို့၏ ခြေထောက်အောက်ရှိ မူလလှပသော လင်ရှင်းရေကန်သည် ခန်းခြောက်သွားခဲ့ပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာပင်၊ ဤလင်ရှင်းရေကန်သည် ရေရှင်ဖြစ်ခဲ့ပြီး တစ်ရက် သို့မဟုတ် နှစ်ရက်ကြာပြီးနောက် ၎င်း၏ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိ သွားမည် ဖြစ်ပါသည်။
ချန်မင်ရှီ ၊ ရန်စီချီတို့နှင့် အဝေးမှ ခြံဝင်းအတွင်းရှိ အခြားသူများ အံ့ဩသွားကြသည်။ ချင်ယွင် ဓားကို ခုတ်ပိုင်းလိုက်သည့်အခိုက်မှာ သူတို့၏နှလုံးသားတွေက ဓားဖြင့်ထိုးစိုက်ခံလိုက်ရသလို ခံစားရ၏။ သူတို့သည် အရိုးထဲထိုးဖောက်လာသည့် အေးစက်မူကို အမှန်တကယ် ခံစားခဲ့ရသည်။
ထိုကောင်ဇိုးလေး၏ ပါးစပ်သည် ကျယ်လောင်စွာပွင့်နေပြီး ကြက်ဥတစ်လုံးတောင် ထည့်လို့ရနေပါသည်။ “သူခိုး.. ရှေ့ကို သွားစမ်း”ဟူသော စကားလုံးသုံးလုံးကို ယောင်ယမ်းမထွက်ခင်အထိ သူ၏မျက်လုံးများသည် အချိန်အတော်ကြာအောင် ပြူးကျယ်နေ၏။ (သူခိုး.. ရှေ့ကိုသွားစမ်း” ဟူသောစကားသည် ကလေးပါးစပ်မှ ယောင်ယမ်းပြီး လွတ်ခနဲ ထွက်သွားခြင်း ဖြစ်ပါသည်။ အခြားမည်သည့်အဓိပ္ပာယ်မှ မရှိပါ)။
ထိုအချိန်တွင် ချင်ယွင်သည် လေဟာနယ်ထဲတွင် လွင့်မျောနေပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းမှ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူသည် ဓားနယ်မြေကို လွန်ခဲ့သည့် သုံးရက်ကတည်းက ဆင်ခြင်နေခဲ့သော်လည်း သူသည် ၎င်းကို နားလည်ခဲ့ပြီး အမှန်တကယ် အောင်မြင်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ယခုအချိန်တွင်၊ ချင်ယွင်၏ ဓားတာအိုနယ်ပယ်သည် ဓားနယ်မြေဟူသည့် နယ်ပယ်သို့ တရားဝင် ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပါသည်။ ၎င်းသည် ဓားနယ်မြေ၏ သန္ဓေသားပုံစံ တစ်ခုမျှသာ ဖြစ်သော်လည်း နယ်မြေ၏စွမ်းအားကို ဆုပ်ကိုင်နိုင်ခဲ့ခြင်းကပင် အလွန်ကောင်းမွန်နေပြီ ဖြစ်ပါသည်။
အကယ်၍ သူသည် ယခုအချိန်မှာ ချန်ထန်းလောင်ကို ရင်ဆိုင်ရမည်ဆိုလျှင် ချင်ယွင် သည် သူ့ကို သတ်ပစ်နိုင်မည်ဟု ယုံကြည်ပါသည်။
သို့သော် ချန်ထန်းလောင်သည် ချင်ယွင်၏ပစ်မှတ် မည်သို့ ဖြစ်နိုင်မည်နည်း။ ချင်ယွင် ၏ တကယ့်ပြိုင်ဘက်မှာ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ဖြစ်ပါသည်။
"အခု ငါ 'လျှို့ဝှက်ဆန်းကြယ်သောအဝါရောင်နတ်ဆိုးပညာ'ရပ်ကို ကျင့်ကြံသင့်ပြီ” ချင်ယွင်သည် သူ့ကိုယ်သူ ပြောလိုက်သည်။
နောက်ဆုံးအကြိမ်တုန်းသည် ကောင်းကင်မီးလျှံများသည် ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ပေးခဲ့သည်။ သူသည် ကောင်းကင်ဘုံခွဲခြမ်းနယ်ပယ်၏ အစောပိုင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခု သူသည် ကောင်းကင်ဘုံ ခွဲခြင်းနယ်ပယ်၏ အလယ်လတ်အဆင့်သို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ ဝေးပါတော့သည်။
"ငါ့ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် ငါ ဘာကို အသုံးပြုရမလဲ” ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေ၏။
ရုတ်တရက် သူသည် တခုခုကို တွေးနေပုံရသည်။ သူသည် ရုတ်တရက် လင်ရှင်းရေကန် ၏ ခြံဝင်းဆီသို့ လှည့်ကြည့်လိုက်ပြီး ဟောင်ခွန်ကို လှမ်းအော်ပြောလိုက်သည် "ဟောင်ခွန် ငါ့ဆီလာပြီး တိုက်ခိုက်ပါ" ။
မှန်ပါတယ်၊ ချင်ယွင်၏ အကြံကောင်းကတော့ ဟောင်ခွန်၏ ဓားချီဖြင့် သူ၏ ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးဖို့ဖြစ်ပါသည်။
"ကောင်းပြီ!"
ဟောင်ခွန်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လင်ရှင်းရေကန်၏ အလယ်ဗဟို ဆီသို့ ပျံသန်းသွားစဉ် သူ၏အသွင်အပြင်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားလေသည်။
ချင်ယွင်သည် ဟောင်ခွန် သူ့ဆီသို့ ပျံသန်းလာသည်ကို မြင်သောအခါတွင် ရူးသွပ်သည့် တိုက်ခိုက်လိုစိတ်က သူ၏မျက်လုံးများတွင် ပေါ်လာပါသည်။ သူသည် မည်သည့် ဓားသိုင်းပညာရပ်ကိုမှ မသုံးမပြုဘဲ၊ လေဟာနယ်ကို ခြေချောင်းများဖြင့် ထိလိုက်ပြီး ဟောင်ခွန်ရှိနေသည့် ဦးတည်ချက်အတိုင်း ပစ်ဝင်သွားခဲ့သည်။
အခန်း (၅၅၂) ဓားချီဖြင့် ခန္ဓာကိုယ်ကိုတွန်းအားပေးခြင်း။
"ဘုန်း……!"
ချင်ယွင်၏အသံက မိုးခြိမ်းသံလို ပေါက်ကွဲထွက်လာပြီး သူသည် ဟောင်ခွန်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။ သူသည် ဟောင်ခွန်၏ဆီသို့ ပစ်ဝင်သွားရင်း သူ၏ လက်သီးချက်များကို ဖွင့်လိုက်ပိတ်လိုက်ဟန်ဖြင့် ပြင်ဆင်ထားလေသည်။
ဟောင်ခွန်၏အဝတ်အစားတွေက တဖျပ်ဖျပ် လွင့်ပျံနေပြီး သူ၏လက်ကို သူ၏ နောက်ကျောမှာ တင်ထားလိုက်၏။(လက်နောက်ပစ်ထား၏) သူသည် လျင်မြန်စွာ ချဉ်းကပ်လာနေသော ချင်ယွင်ကို ကြည့်ရင်း သူ၏မျက်လုံးထဲတွင် အပြုံးတစ်ခု တောက်ပလာသည်။
ဘန်ုး……။
ဟောင်ခွန်သည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး အကန့်အသတ်မရှိသော အစစ်အမှန်အနှစ်သာရက ချက်ချင်းဆိုသလို ထွက်ပေါ်လာကာ ချင်ယွင်၏ ရင်ဘတ် ဆီသို့ ဧရာမတူကြီးဖြင့် ထုနှက်လိုက်သည့်အလား ထိုးဖောက် ဝင်ရောက် သွားလေ သည်။
"ဗွမ်း!"
ချင်ယွင်၏ ရင်ဘတ်သည် နစ်ဝင်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ နောက်သို့ လွင့်ပျံသွားသည်။ သူသည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်မထိန်းနိုင်မီ လေထဲတွင် ပေရာပေါင်းများစွာ လွင့်ပျံသွားခဲ့သည်။
"လခွမ်း… မင်း ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ" ချင်ယွင်သည် မကျိန်ဆဲဘဲ မနေနိုင်ပါချေ။
မူလက သူသည် သူ၏ခန္ဓာကိုယ်ကို တွန်းအားပေးနိုင်ရန်အတွက် ဟောင်ခွန်၏ ဓားချီကို အသုံးပြုလိုသော်လည်း သူနှင့် ဟောင်ခွန်အကြားမှ ကွာဟချက်သည် အလွန်ကြီးမား နေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အခြားတဖက်က သူ၏ဓားချီကို လုံးလုံး အသုံးပြုရန်ပင် မလိုအပ်ပါ။ သူ၏ အစစ်အမှန်အနှစ်သာရကို အားကိုးရုံဖြင့် သူ၏ အနားသို့ ကပ်ရန်ပင် မဖြစ်နိုင်ခဲ့ပါ။
"သခင်လေး၊ ကျွန်တော် ကျင့်ကြံမူအဆင့်ကို နည်းနည်း လျှော့လိုက်ရမလား" ဟောင်ခွန်က ပြုံးပြီး ပြောသည်။
"မင်း ဘာလို့ စောစောက မပြောခဲ့တာလဲ။ မင်းရဲ့ ကျင့်ကြံမူအဆင့်ကို အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အလယ်အဆင့်အထိ ဖိနှိပ်ထားရမယ်။ ပြီးမှ ငါတို့ ထပ်ပြီး တိုက်ခိုက်မယ်။" ချင်ယွင်က စိတ်မချမ်းသာစွာဖြင့် ပြောလိုက်သည်။ ဟောင်ခွန်သည် ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး စောစောလေးက ရည်ရွယ်ချက် ရှိရှိဖြာင့် လုပ်လိုက်သည်ကို သူ သိသည်။
“အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အလယ်လတ်အဆင့်လား? အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့်ထိ နိမ့်ချလိုပါသ လား။ ဟောင်ခွန်က ပြုံးပြီး မေးသည်။
"မလိုဘူး၊ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အလယ်လတ်အဆင့်ပဲ" ချင်ယွင်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ သူသည် ဟောင်ခွန်၏ဓားချီကို အသုံးပြုပြီး သူ၏ ခန္ဓာကိုယ်ကို တွန်းအားပေးလိုခဲ့သည်။ အကယ်၍ သူ၏ ကျင့်ကြံမှု နည်းပါးလွန်းလျှင် သူ၏ခန္ဓာကိုယ်ကို တွန်းအားပေးရာမှာ အကျိုးသက်ရောက်မှုကို သိပ်ပြီး ရရှိနိုင်မှာ မဟုတ်ပါဘူး။
"ကောင်းပြီ သခင်လေး….၊ သတိထားပါ" ဟောင်ခွန်၏ နှုတ်ခမ်းများက တခစ်ခစ် ရယ်မောဟန်ဖြင့် တွန့်ကွေးသွား၏။ သူပြောပြီးသည်နှင့် သူ၏အကြည့်တွေက ပြင်းထန်လာသည်။ သူ၏ခန္ဓာကိုယ်က တုန်ခါသွားပြီး သူ၏အငွေ့အသက်က ချက်ချင်း ဆိုသလို လျော့ကျသွားသော်လည်း သူကတော့ အနှိုင်းမဲ့ အစွမ်းထက်နေဆဲပင်။
"ဟမ့်၊ လာစမ်း…!" ချင်ယွင်၏ မျက်လုံးများသည် တိုက်ခိုက်လိုက်စိတ် အရိပ်အမြွက်ဖြင့် ဝင်းလက် တောက်ပလာသည်။ သူ၏ခန္ဓာကိုယ်ပေါ် အနီရောင် စွမ်းအင်အလွှာတစ်ခုက တဖန် ပျံ့နှံ့လာခဲ့ပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် နောက်တဖန် ပစ်လွှတ်သွားပြန်သည်။
ထိုအချိန်တွင်၊ ဟောင်ခွန်သည်လည်း ရွေ့လျားသွားပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် အဖြူရောင် အရိပ်များအဖြစ် အစီအရီပြောင်းလဲကာ ချင်ယွင်ဆီသို့ ဦးတည်သွားသည်။
ဘန်း…!
ဟောင်ခွန်၏ လက်ညှိုးနှင့် လက်ခလယ်သည် ဓားတစ်လက်ပုံစံကို ပုံဖော်ကာ ဓားတစ်လက်ကဲ့သို့ ထိုးချိန်လိုက်သည်။
လေဟာနယ်သည် ချက်ချင်းပင် တုန်ခါသွားပြီး သူ၏လက်ချောင်းမှ ကြောက်မက်ဖွယ် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်၏ ရက်စက်ကြမ်းကြုတ်သော လက်သီးချက်နှင့် ပြင်းထန်စွာ တိုက်မိသွားသည်။
ချွင်…!
ကောင်းကင်နှင့်မြေကြီးကြားမှ ခေါင်းလောင်းသံတစ်ချက် ပဲ့တင်ထပ် ထွက်ပေါ်လာပြီး တော်ဝင်တာအိုက တေးသီနေ၏။
ချင်ယွင်၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး သူ၏ လက်သီးချက်အား ရုတ်ချည်း ရုတ်သိမ်းပြီး နောက်ပြန်ဆုတ်ရန် ပြင်ဆင်လိုက်သည်။ သို့သော်၊ ဟောင်ခွန်၏ လက်ချောင်းထိပ်များမှ ထွက်လာသော ဓားအလင်းသည် ထိုအခိုက်တန့်တွင် အနှိုင်းမဲ့ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပေါက်ကွဲ ထွက်ပေါ် လာလေသည်။
ထိုစွမ်းအားက ထူးဆန်းပြီး ကြောက်စရာကောင်းလွန်းသည်။ အမှန်တကယ်လည်း ချင်ယွင်၏ လက်မောင်းကို ထိုးဖောက်ပြီးနောက် ချင်ယွင်၏ အတွင်းအင်္ဂါတွေထဲကို ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားပါသည်။
"ဖူး….!"
ချင်ယွင်၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး သူ၏ အတွင်းအင်္ဂါများ ဒဏ်ရာရသွားကာ သူသည်လည်း နောက်ပြန်လွင့်ထွက်သွားသည်။
ဟောင်ခွန်သည် ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် သူ၏ပါးစပ်ထောင့်မှ ပေါ့ပေါ့ပါးပါး အပြုံးတစ်ခု ထွက်ပေါ်လာပြန်သည်။ သူသည် လေဟာနယ်ကို ခြေချောင်းများဖြင့် ထိလိုက်ပြီး နောက်ပြန် လွင့်ထွက်သွားနေသော ချင်ယွင်၏ပုံရိပ်ကို အလွယ်တကူ မှီသွားသည်။
"ဝှီး… ဝှီ…. ဝှီ…!"
ဟောင်ခွန်၏ ဓားလက်ချောင်းသည် ပုံရိပ်ယောင်များစွာ အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ကိုယ်ကို ပုစဉ်းရင်ကွဲတစ်ကောင်ကဲ့သို့ ဖိနှိပ်ကာ ၁၀၈ ကြိမ်တိတိ ချက်ခြင်း ပုတ်လိုက်လေသည်။
ချင်ယွင်သည် အံ့သြသွားပြီး ဟောင်ခွန် ဘာလုပ်နေလဲဆိုသည်ကို သူ နားမလည်နိုင်ပါ။
ထိုအချိန်မှာပင် ဟောင်ခွန်က ရုတ်တရက် သူ၏ရင်ဘတ်ကို ပုတ်လိုက်လေသည်။ သူ့လက်ဖဝါး၏ ခွန်အားက မကြီးမားပါဘူး၊ ချင်ယွင်အတွက် လုံးဝ ယားယံသွားရုံ လောက်ပင်။ သို့သော် ချင်ယွင်၏ အမူအရာက တခဏအတွင်းမှာ လုံးဝကို မမြင် နိုင်လောက်တော့အောင် ဖြစ်သွားရပါသည်။
"အား….…"
ချင်ယွင် မထိန်းနိုင်တော့ဘဲ ကြေကွဲဝမ်းနည်းစွာ အော်ဟစ်လိုက်မိသည်။ သူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲလုနီးပါး ဖြစ်သွားသလို ခံစားလိုက်ရ၏။
ထိုအချိန်တွင်၊ ဓားအမျှင်တန်း ၁၀၈ ချောင်းသည် သူ၏ ခန္ဓာကိုယ်ထဲတွင် တောက်လောင်နေလေသည်။ ဤဓားချီအမျှင်တန်း ၁၀၈ ချောင်းသည် အနှိုင်းမဲ့ ရက်စက်ကြမ်းကြုတ် လွန်းလှသည်။ ၎င်းတို့သည် သူ၏ခန္ဓာကိုယ်မှ ဖောက်ထွက်ချင် သည့်အလား လှုပ်ရှားသွားလာနေကြသည်။
ဤဓားချီ၏ ဖျက်ဆီးမှုအောက်တွင်၊ သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်များအားလုံး ပျက်စီးသွားခဲ့ပြီး၊ သူ၏အရိုးများ၊ ကြွက်သားများ၊ ချီစွမ်းအင်လမ်းကြောင်းများနှင့် သွေးပြန်ကြောများအားလုံးကို အရူးအမူး တိုက်ခိုက်နေခဲ့သည်။
ဓားချီအမျှင်တန်း ၁၀၈ ချောင်းကြောင့် သူ၏ အတွင်းအင်္ဂါများ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ပေါ်လာလာသော နာကျင်မှုသည် အင်းဆက်ပိုးမွှားပေါင်း များစွာက သူ၏အဆုတ်ကို ဖြဲကာ သူ၏အရိုးများကို ကိုက်ဖြတ်နေသကဲ့သို့ပင်။
"ဆရာက ဘာဖြစ်နေတာလဲ"
ချင်ယွင်၏ အလွန်နာကျင်သော အသွင်အပြင်ကို မြင်လိုက်ရတော့ ဟောင်ကျင်းလေး၏ မျက်နှာငယ်လေးသည် စိုးရိမ်ပူပန်သည့် အမူအရာ ပြင်းထန်စွာ ထွက်ပေါ်လာပါသည်။
'"မင်းရဲ့ဆရာက သူ့ရဲ့ခန္ဓာကိုယ်ကစပြီး ချီစွမ်းအင်လမ်းကြောင်းတွေ အထိ သန့်စင်နေတာလေ။ သူက ဓားချီကို အသုံးပြုပြီး သူရဲ့ခန္ဓာကိုယ်ကို ပိုပြီး တွန်းအားပေးနေခဲ့တယ်။ ဒါက ကွန်တိန်နာတစ်ခုလိုပဲ။ ကွန်တိန်နာကို ချဲ့ထားနိုင်မှသာ မင်းက ပိုပြင်းထန်တဲ့ စွမ်းအားတွေကို စုပ်ယူနိုင်လိမ့်မယ်။ ဒါပေမယ့် ဒီဖြစ်စဉ်က အလွန်မင်း နာကျင်ရတယ်။ တကယ်လို့ နည်းနည်းလေး သတိမထားမိတာနဲ့ အသက်ပါ ဆုံးရှုံးသွားနိုင်တယ်။” ချန်မင်ရှီက အလွန်မင်း နာကျင်နေပုံရသည့် ချင်ယွင်ကို အဝေးမှ ကြည့်ရင်း အနီရောင်နှုတ်ခမ်းတစ်စုံကို ညင်သာစွာ ဖွင့်လိုက်လေသည်။
ရန်စီချီ၏ လှပသောမျက်နှာပေါ်တွင် ဇင်ယောင်တောင် မျက်ခုံးတစ်ခုက တင်းတင်းကြပ်ကြပ် တွန့်နေပြီး သူမ၏ မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးများက စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။
ချန်မင်ရှီသည် ချန်ကလန်မှ ထွက်ခွာရန် ဆုံးဖြတ်ပြီးကတည်းက သူမ၏ မျက်နှာဖုံးကို ချွတ်ထားပြီး ဖြစ်သည်။
သူမသည် တစ်စုံတစ်ယောက်ကို အမှန်တကယ် ချစ်မိပြီဆိုလျှင် ထိုသူရှေ့မှာ သူ၏ မျက်နှာဖုံးကို ချွတ်ပစ်မည်ဟု ကျိန်ဆိုခဲ့ဖူးပါသည်။
ချင်ယွင်သည် သူမနှင့် ရန်စီချီတို့ကို ကယ်တင်ပြီးသည့်အချိန်ကတည်းက သူမသည် ကတိသစ္စာပြုထားသည့်အတိုင်း ချင်ယွင်ရှေ့တွင် သူမ၏ မျက်နှာဖုံးကို ချွတ်ပစ်ခဲ့သည်။ သို့သော် ဤလုပ်ရပ်က မည်သည့်သဘောကို ဆိုလိုသည်ကို ချင်ယွင်က သိလိမ့်မည် မဟုတ်ပေ။
ဟောင်ကျင်းလေး နှင့် ရန်စီချီ တို့သည် ချင်ယွင်သည် အသက်အန္တရာယ်ပင် ဖြစ်နိုင်သည်ဟု ကြားသောအခါ၊ သူတို့၏မျက်နှာများသည် ချင်ယွင်ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေရင်း ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေကြသည်။
ထိုအချိန်တွင် ချင်ယွင်သည် အလွန်နာကျင်သည့်အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ဓားချီက သူ၏ခန္ဓာကိုယ်ကို အရိုင်းဆန်စွာ ဖျက်ဆီးပစ်နေတုန်းပင်။
ချင်ယွင်သည် သူ၏သွားများကို တင်းတင်းကြိတ်လိုက်ပြီး ဓားချီကြောင့် ပျက်စီးဆုံးသွားအတွက် အရာများကို အစားထိုးကုစားရန်အတွက် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်ချီကို အဆက်မပြတ် စုပ်ယူရန်အတွက် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်ကို ဖြန့်ကျက်လိုက်သည်။
ဓားချီက ဖျက်စီးနေပြီး လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်ချီက ပြုပြင်နေပါသည်။
ချင်ယွင်သည် ဤလူမဆန်သောဆင်းရဲဝေဒနာကို ထပ်ခါထပ်ခါ ကြံ့ကြံ့ခံနေချိန်တွင် ဖျက်ဆီးခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းနှစ်ခုသည်လည်း တစ်ဖက်နှင့်တစ်ဖက် အဆက်မပြတ် တလှည့်စီ လွန်ဆွဲကြသကဲ့သို့ ဖြစ်နေပါသည်။
ယခုအချိန်တွင် ဓားချီဖြင့် သူ၏ခန္ဓာကိုယ် တွန်းအားပေးခြင်းသည် ထိုအချိန်တုန်းက ကောင်းကင်မီးလျှံဖြင့် သူ၏ခန္ဓာကိုယ်ကို သန့်စင်သည့် အချိန်တုန်းကကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပုံ မပေါ်သော်လည်း၊ ချင်ယွင်အတွက် တောင့်ခံရသည့် နာကျင်မှုသည် ကောင်းကင်မီးလျှံ၏ ဖျက်စီးမှုထက် အားမနည်းပေ။
ဟောင်ခွန်သည် လေထဲတွင် မတ်တပ်ရပ်ကာ နှိပ်စက်ခံနေရသော ချင်ယွင်ကို ကြည့်ကာ သူ၏မျက်လုံးများတွင် သည်းမခံနိုင်သည့် အရိပ်အယောင် ပေါ်လာသည်။
သူသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဓားအမျှင်တန်း ၁၀၈ ချောင်း ထိုးသွင်းခဲ့ရသည့် အကြောင်းရင်းမှာ ချင်ယွင်သည် ဓားချီဖြင့် သူ၏ခန္ဓာကိုယ်ကို တွန်းအားပေးခြင်းကို ပြီးမြောက်အောင် ကူညီပေးရန် ဖြစ်သည်။ သို့သော်လည်း ဤဓားချီဖြင့် ခန္ဓာကိုယ်ကို တွန်းအားပေးခြင်း၏ ဖျက်ဆီးခြင်းစွမ်းအားသည် မည်မျှ ကြောက်စရာကောင်းသည် ကိုလည်း သူ သိပါသည်။
"မလုံလောက်သေးဘူး၊ ဒီထက်ပိုလိုက်ဦး….!"
သို့သော် ဟောင်ခွန်သည် လှည့်ပြန်ပြီး ကုန်းပေါ်သို့ ပြန်သွားခါနီးတွင် ချင်ယွင်ထံမှ သူ့ကို ထိတ်လန့်သွားစေသည့် စကားတစ်ခွန်းကို ကြားလိုက်ရ၏။
"သခင်လေးက အရူးပဲ။ ဒါက သခင်လေးရဲ့ ခံနိုင်ရည်ရှိတဲ့ ကန့်သတ်ချက် ဖြစ်သွားပြီ။ ဒီအတိုင်းသာ ရှေ့ဆက်သွားမယ်ဆိုရင် သခင်လေး သေသွားလိမ့်မယ်။" ဟောင်ခွန်က မတတ်နိုင်ဘဲ မေးခွန်းထုတ်လိုက်သည်။
"နောက်တကြိမ်….!" ချင်ယွင်က ဟောင်ခွန်၏စကားတွေကို နားမထောင်ဘဲ အရူးအမူး အော်လိုက်၏။ သူ၏မျက်နှာပေါ်က သွေးကြောတွေပင် ပေါက်ထွက်နေပြီ။
ဟောင်ခွန်၏ ဓားအမျှင်တန်း ၁၀၈ ချောင်းမှ ဓားချီသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို များစွာ တွန်းအားပေးနိုင်ပြီ ဖြစ်သော်လည်း၊ ၎င်းတို့သည် ကောင်းကင်ဘုံခွဲခြင်း နယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်သည့် အနေထားသို့ မရောက်ရှိခဲ့ပေ။ ချင်ယွင်က မကျဆုံးချင်ပေ။
ဟောင်ခွန်သည် မျက်မှောင်ကြုတ်ကာ တုံ့ဆိုင်းနေမှန်း သိသာသည်။
"နောက်တကြိမ်….!" ချင်ယွင်က ဒေါသတကြီး အော်လိုက်သည်။
"ကောင်းပြီ သခင်လေးကိုယ်တိုင်က ရူးသွားပြီဆိုမှတော့ ကျွန်တော်ကလည်း လိုက်ပါပြီး အရူးလုပ်ပေးမယ်" ဟောင်ခွန်သည် ချင်ယွင်၏ ပြတ်သားသည့် အကြည့်ကို မြင်လိုက်ရလျှင် သူ၏မျက်လုံးများက သူပြောလိုက်သည့်အတိုင်း စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်ကို ပေါ်လွင်စေသည်။
ထိုစကားကို ပြောပြီးနောက် ဟောင်ခွန်သည် သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ၀တ်ရုံများသည် အဆက်မပြတ် တဖျပ်ဖျပ် လွင့်ပျံလာပြီး သမုဒ္ဒရာကဲ့သို့ ကြီးမားသော ဓားဆန္ဒတစ်ခုက ထွက်ပေါ်လာသည်။
"ဘုန်း…..!"
ဟောင်ခွန်ကို အလယ်ဗဟိုပြုပြီး မီတာငါးရာအကွာအဝေးသည် ကြောက်မက်ဖွယ် ကောင်းနေပြီး ရက်စက်ကြမ်းကြုတ်သော ဓားချီများဖြင့် ပြည့်နှက်နေကာ ချင်ယွင်၏ ခန္ဓာကိုယ်သည် ဤဓားချီပင်လယ်ပြင်တွင် ချက်ချင်း မြုပ်သွားခဲ့လေသည်။
အခန်း (၅၅၃) ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့်။
"အား………..!"
တစ်ကမ္ဘာလုံးသည် ချက်ချင်းဆိုသလို စိတ်နှလုံးကို ဆွဲညှစ်နိုင်သည့် အော်ဟစ်သံများဖြင့် ပြည့်နှက်သွားလေသည်။
ရေကန်စောင့်ကြည့်ရေးစင်မြင့်မှ အမျိုးသမီးနှစ်ဦးသည် ဤအော်သံကို ကြားသော အခါတွင် သူမတို့၏မျက်ခုံးများသည် တွန့်သွားသည်။ သူမတို့၏ လှပသော မျက်နှာများသည် နာကျင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
ဟောင်ခွန်၏ အမူအရာသည် အလွန် လေးနက်နေ၏။ သူသည် ဓားနယ်မြေတစ်ပိုင်း အဆင့်၏ စွမ်းအားကို အသုံးပြုပြီး ဖြစ်သည်။ ဤစွမ်းအားသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့် ကျင့်ကြံခြင်းစွမ်းအားကိုသာ အသုံးပြုခဲ့သော်လည်း သာမာန် အလယ်အလတ်အဆင့် အင်မော်တယ်အသွင်ကူး ပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတွေ ခံနိုင်ရည်ရှိသည့်အရာတော့ မဟုတ်ပါဘူး။
ချင်ယွင်၏ ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောနေပြီး သူ၏အဝတ်အစားများက လုံးဝ ကွဲအက်စုတ်ပြတ်သွားသည်။ သူ၏အရေပြားအားလုံးသည် ဤကြောက်စရာ ကောင်းသော ဓားချီနှင့် ထိတွေ့နေရသည်။
ထက်ရှသောဓားချီသည် ချင်ယွင်၏အရေပြားကို အဆက်မပြတ် ဖြတ်တောက်နေသည့် ချွန်ထက်သော ဓားနှင့် တူ၏။ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သိပ်သည်းသည့် သွေးအစွန်းထင်များဖြင့် ဖုံးလွှမ်းနေပြီး လတ်ဆတ်သောသွေးများဖြင့် ဆေးခြယ်ထား သည်။
သူသည် ရုတ်တရက် အချိန်ဆွဲပြီး ထိုနာကျင်မူအတွေ့ကို ခံစားနေသကဲ့သို့ ဖြစ်နေပါသည်။ ဤမျှတင်မကသေးဘဲ၊ သူ၏ ချီစွမ်းအင်လမ်းကြောင်းများ, အသားသွေး နှင့် အရိုးတွေအားလုံးသည်လည်း ဓားချီ၏ ဒေါသကို အပြည့်အဝ ခံစားနေရသည်။
လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်ချီသည် ဒီရေလှိုင်းကဲ့သို့ သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော အဝါရောင်ချီစိမ့်ဝင်မူအောက်တွင် သူ၏ မူလက ပျက်စီးနေသော ခန္ဓာကိုယ်သည် ကြီးမားစွာ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သည်။ သူ၏ ချီနှင့် သွေးများသည် အဆက်မပြတ် မြင့်တက်လာနေပြီး အကန့်အသတ်မရှိသော ခွန်အားက သူ၏ခန္ဓာကိုယ်အတွင်းမှာ ပေါက်ဖွားလာခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်၏ခန္ဓာကိုယ်သည် သွေးနီရောင် စွမ်းအင်အလွှာတစ်ခုဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းသွားခဲ့သည်။ သွေးနီရဲသော စွမ်းအင်သည် တောက်လောင်နေ သော မီးတောက်မီးလျှံကဲ့သို့ပင်။ သွေးနီရောင်စွမ်းအင်များ တိုးလာသည်နှင့်အမျှ ချင်ယွင်၏ ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း သန်မာလာခဲ့သည်။
ဘုန်း…..!
ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် အကန့်အသတ်မရှိသော စွမ်းအားများဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ အမှန်တကယ်ပင် ၎င်းသည် အနီးနားရှိ ဓားချီ အားလုံးကို တစ်ခဏအတွင်း အစိပ်စိပ်မွှာမွှာ ကွဲအက်သွားစေခဲ့သည်။ ချင်ယွင်လည်း မျက်လုံးမှိတ်ဟန်ဖြင့် လေဟာနယ်ထဲမှာ တင်ပျဉ်ခွေ ထိုင်နေပြန်သည်။
"ဟူး!"
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် အားလုံးက သက်ပြင်းကိုယ်စီ ချလိုက်မိကြသည်။
၎င်းကို ကြည့်ခြင်းအားဖြင့် ချင်ယွင်၏ ခန္ဓာကိုယ်သည် အဆင့်ချိုးဖြတ် ဝင်ရောက်နိုင် သည့် အစွန်းသို့ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် မကြာခင်မှာ အဆင့်ချိုးဖြတ်နိုင်တော့မည် ဖြစ်သည်။
ဟောင်ခွန်သည် သူ၏ ဓားနယ်မြေတစ်ပိုင်းအဆင့်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး ရေကန်စောင့်ကြည့်ရေးစင်မြင်သို့ ပြန်မလာခင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ သွားသည်။
သူသည် လုပ်စရာရှိသည်ကို လုပ်ပြီးသွားပါပြီ။ ထို့ကြောင့် ကျန်သည့်အပိုင်းကို ချင်ယွင်သည် သူ့ကိုယ်သူသာ အားကိုးနိုင်ပါသည်။
အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပါပြီ။
ချင်ယွင်သည် လေဟာနယ်ထဲမှာ မလှုပ်မယှက် တင်ပျဉ်ခွေထိုင်နေ၏။ သူ၏ မူလက ပျက်စီးနေသော အရေပြားသည် ထူထပ်သိပ်သည်းသော သွေးအနာဖေးများ ဖြစ်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို သွေးနီရောင် ချပ်ဝတ်တန်ဆာ အလွှာဖြင့် ဖုံးအုပ်ထားသလို ဖြစ်နေပါသည်။
"ဖျစ်……!"
ထိုအချိန်တွင် ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်ချပ်ဝတ်တန်ဆာသည် ကွဲအက်လာသည်။ သွေးအနာဖေးတွေက တဖြည်းဖြည်း ကွာကျလာပြီး ချောမွေ့ပြီး ဖြူစင်သော အသားအရေက ပေါ်လွင်လာသည်။ ဤအရေပြားသည် ထိပ်တန်းအဆင့် အဖိုးတန် ကျောက်စိမ်းကဲ့သို့ ဝင်းလက်တောက်ပသည့် တောက်ပြောင်မှုကို အမှန်တကယ် ထုတ်လွှတ်နေသည်။ သို့သော် ဤချောမွတ်နေသော အသားအရေသည် ပြိုင်ဘက်ကင်း သည့် ခံစားချက်မျိုးကို ထုတ်လွှတ်နေပါသည်။
ချင်ယွင်သည် သူ၏မူလအရေပြားအလွှာကို ခွာချပြီး ပြန်လည်မွေးဖွားလာသလို ခံစားရသည်။ သူ၏မျက်နှာက ပိုချောမောလာရုံသာမက သူ၏အငွေ့အသက်တွေက ပို၍ပင် လွှမ်းမိုးနိုင်စွမ်းရှိလာခဲ့သည်။
သူ၏ ရှည်လျားသော အနက်ရောင်ဆံပင်များက သူ၏နောက်ကျောတွင် ကခုန်နေကာ သူ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို ပံ့ပိုးပေးထားပြီး ဖော်မပြနိုင်အောင် လှပသည့် မြင်ကွင်းတစ်ခု ပေးစွမ်းနေသည်။
"ဝိုး၊ အရမ်းချောတာပဲ။ အရမ်းလည်း ကြီးစိုးနိုင်စွမ်းရှိလွန်းတယ်။ ငါကြီးလာရင် ဆရာလို ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ဆုပ်ကိုင်ထားပြီး ထောင်နဲ့ချီတဲ့ မိန်းမလှလေးတွေ ကို စွဲဆောင်ပစ်မယ်။" ကျင်းဟောင်လေးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး သူ၏ ရည်မှန်းချက်က အတော်ကြီးမားပုံပေါ်သည်။
တစ်ဖက်တွင် ချင်ယွင်သည် ယခုအချိန်တွင် ကိုယ်လုံးတီးဖြစ်နေသောကြောင့် ရန်စီချီ နှင့် ချန်မင်ရှီတို့၏မျက်နှာတွေက နီရဲသွားကသည်။
ရန်စီချီက အဆင်ပြေပါသည်။ သူမသည် အနည်းငယ် ရှက်သွားရုံသာ ဖြစ်သည်။ သို့သော် ချန်မင်ရှီ ထိုသို့မလုပ်နိုင်ခဲ့ပေ။ အမြဲတမ်းလိုလို ခံစားချက်အရိပ်အယောင် အနည်းငယ်သာ ရှိခဲ့သော သူမ၏မျက်နှာသည် ယခုအခါ မိုးကုတ်စက်ဝိုင်းပေါ်ရှိ တောက်လောင်နေသော တိမ်တိုက်များထက်ပင် နီရဲနေပြီ ဖြစ်ပါသည်။
ယခင်က ချင်ယွင်၏ ခန္ဓာကိုယ်တွင် သွေးစွန်းအနာဖေးများ စွန်းထင်းနေခဲ့သည့် အတွက် အဆင်ပြေနေပါသေးသည်။ နောက်ဆုံးတော့၊ ဤအနေထားသည် ထူထဲသည့် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည်နှင့် အတူတူပင် ဖြစ်ပါသည်။ သို့သော်၊ သွေးစွန်းထင်အနာဖေးများ ပြုတ်ကျပြီးနောက် ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် သူမ၏ရှေ့တွင် အထိန်းအကွပ်မရှိ ပေါ်လာသောအခါ သူမ၏ နှလုံးသည် ခုန်ထွက်လုနီးဖြစ်နေပြီဟုပင် ခံစားလိုက်ရသည်။
သူမပုံစံကိုကြည့်ရသည်မှာ ရှက်နေပုံရသော်လည်း သူမမျက်လုံးတွေက ခန္ဓာကိုယ်မှ မခွာနိုင်သေးပါဘူး။ သူမသည် ဆယ်စက္ကန့်ကြာအောင် ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်နေခဲ့မိပြီး ကြွက်သားများကို မှတ်မိပြီးမှသာ ရုတ်တရက် အသိအာရုံကို ပြန်လည်ရရှိလာခဲ့သည်။ သူမသည် ခေါင်းကို အလျင်အမြန် ငုံ့ထားလိုက်သော်လည်း နီရဲနေသော အရိပ်အယောင်များက နားရွက်ဖျားဆီသို့ပင် ပျံ့နှံ့နေခဲ့သည်။ သူမသည် စိတ်ထဲတွင် "အရှက်မရှိ!"ဟု သူမကိုယ်သူမ မြည်တမ်းမိလိုက်သည်။
ချန်မင်ရှီ၏ လုပ်ရပ်တွေကို သူမဘေးမှာရှိနေသည့် ရန်စီချီက မြင်နေရ၏။ ရန်စီချီက ပြုံးပြီး ချန်မင်ရှီ၏ နားအနားအထိ တိတ်တဆိတ် မှီလိုက်ရင်း မေးလိုက်သည် "ဘယ်လိုလဲ ငါ့ခင်ပွန်းရဲ့ ခန္ဓာကိုယ်က ကြည့်ကောင်းတယ် မဟုတ်လား?"
ချန်မင်ရှီသည် သူမ၏တာဝန်ကြီး အဆုံးမသတ်ခြင်ချိန်ထိ ယခုမှသာ ဆန့်ကျင်ဘက် လိင်၏ ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ် မြင်ဖူးသည်။ သူမ၏ နှလုံးသားသည် ရှုပ်ပွနေသော သမင်တစ်ကောင်လိုပင် ဖြစ်နေသည်။ ရုတ်တရက် သူမ၏ နားဘေးမှ အသံကို ကြားလိုက်ရသည်နှင့် သူမ၏ မသိစိတ်က "ကြည့်ကောင်းတယ်!" ဟု အလိုလို ဖြေထွက်သွားလေသည်.
သို့သော် ချန်မင်ရှီသည် သူမ ဖြေဆိုပြီးသည်နှင့် သူမ လုပ်ကြံခံလိုက်ရပြီးဖြစ်ကြောင်း သိလိုက်ရသည်။ သူမသည် ရန်စီချီ၏ မျက်နှာပေါ်ရှိ ဆိုးသွမ်းသောအပြုံးကို တစ်ချက် ကြည့်ရင်း သူမ၏ လှပသောမျက်နှာသည် နီမြန်းနေပြီး ဒေါသများထွက်နေ၏။
ရန်စီချီက ကျယ်လောင်စွာ ရယ်မောနေပြီး ချန်မင်ရှီအား တိုးတိုးပြောလိုက်သည် "ညီမ မင်ရှီ၊ ငါ့ခင်ပွန်းရဲ့ ကျင့်ကြံခြင်းကိစ္စ အဆုံးသတ်ပြီးအောင် စောင့်ပြီး နင်က တစ်ညလောက် သူနဲ့အတူရှိနေလိုက်ပါလား။ ငါ့ခင်ပွန်းရဲ့ပညာရပ်တွေက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ငါ နင့်ကို ပြောပြချင်လို့ပါ။"
"စီချီ၊ မင်း ရန်ပွဲရှာနေတာလား" ချန်မင်ရှီက ဆောလျင်စွာ ငြင်းဆိုလိုက်သော်လည်း သူမ၏နှုတ်ခမ်းပေါ်မှ ရှက်ပြုံးလေးတစ်ခုက သူမကို သစ္စာဖောက်နေလေသည်။
"ဟီး…၊ ဟီး…..။ မင်း အဲဒါကို မစဉ်းစားဘူးလို့တော့ ငါ့ကို မပြောနဲ့နော။ ကြည့်ပါလား။ မင်းရဲ့ပါးစပ်က စောင်းနေပြီ။ ငါခင်ပွန်းကို နောက်မှပြောပြပြီး နင်နဲ့အတူတူ ကောင်းကောင်း နေခွင့်ပေးပါဦးမယ်" ရန်စီချီ ရယ်လိုက်သည်။
"နင် လုပ်ရဲလို့လား…!" ချန်မင်ရှီက ဒေါသထွက်ဟန် ဆောင်လိုက်သည်။
"ငါက သတ္တိရှိတယ်လို့ရော နင် ထင်လား" ရန်စီချီသည် ထိုစကားပြောပြီးသည်နှင့် သူမသည် ရေကန်စောင့်ကြည့်ရေးစင်မြင်ဆီသို့ ပြေးသွားတော့သည်။
"အဲဒီမှာ ရပ်နေလိုက်စမ်း…။ ငါ နင့်ကို ဘယ်လို ဆက်ဆံမလဲဆိုတာ ကြည့်စမ်း။" ချန်မင်ရှီက သူမနောက်ကို ကမန်းကတန်း လိုက်လာလေသည်။
ဟောင်ကလန်၏ ခြံဝင်းထဲတွင် အမျိုးသမီးနှစ်ယောက် ရန်ဖြစ်နေကြတော့သည်။ သူမတို့သည် လှပပြီး လှုပ်ရှားနေသော လိပ်ပြာလေး နှစ်ကောင်လိုပင်။ သူမတို့၏ တောက်ပသော အပြုံးတွေက လူသားကမ္ဘာမှာ မြင်ဖူးသမျှထက် ပို၍ပင် လှပနေပါသေး သည်။
ကောင်ဇိုးလေးဟောင်ကျင်းသည် ပါးပြင်များပေါ် လက်ဖဝါးနှစ်ဘက်ဖြင့် ထောက်ရင်း လိုက်ပြေးတမ်းကစားနေသည့် နတ်သမီးလေးနှစ်ယောက်ကို ကြည့်နေလေသည်။ သူသည် မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်.."ဟင့်….၊ ဆရာက ကျင့်ကြံရာမှာသာ အစွမ်းထက်ရုံသာမက ရုပ်ရည်ကလည်း ချောမောလှပပါပေတယ်။ ဒီကံတရားကတော့ တုနှိုင်းလို့ မရနိုင်တော့ဘူး။ နောင်အနာဂတ်မှာ ငါလည်း ဆရာလိုပဲ ချောမောလှပတဲ့ ဇနီးမယား ရှစ်ယောက် ဒါမှမဟုတ် ဆယ်ယောက်လောက်တော့ လက်ထပ်ရလိမ့်မယ်။"
ဟောင်ကျင်းလေး၏ စကားကိုကြားသောအခါ ဟောင်ခွန်သည် ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းမယမ်းဘဲ မနေနိုင်တော့ပေ။ ဟောင်ကျင်းလေးသည် ချင်ယွင်၏ ဂိုဏ်းထဲသို့ ဝင်ခွင့်ရခြင်းသည် ကံကောင်းသလား၊ ကံဆိုးသလားဆိုသည်ကို သူတကယ် မသိတော့ပါဘူး။
ထိုအချိန်တွင် ချင်ယွင်သည် ကမ်းပေါ်ရှိ လှုပ်ရှားမှုများကို ဂရုမစိုက်ပေ။ သူသည် အဝတ်အစားအသစ်ကို ဝတ်ဆင်ပြီးနောက် လေဟာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်ကာ သူတံခါးပိတ်ကျင့်ကြံခြင်း၏ နောက်ဆုံးပန်းတိုင်ဖြစ်သော အမှန်တရားသို့ ပြန်လည် ခြင်းနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ရန် စတင်လိုက်လေသည်။
အစောပိုင်းတွင် ချင်ယွင်၏ 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ် သည် ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်၏ အလယ်လတ်အဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင်၊ သူ၏ ရုပ်ခန္ဓာကိုယ်တစ်ခုတည်းကပင် သာမန် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူများကို သတ်ဖြတ်ရန် လုံလောက်ပါသည်။
သို့သော် ဤအရာသည် မလုံလောက်သေးပါ။ ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေး ကဲ့သို့သော ဂိုဏ်းကြီးတစ်ခုခု၏ တပည့်တစ်ဦးသည် သာမန် အင်မော်တယ် အသွင်ကူး ပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားဖြင့် တိုင်းတာ၍ မရနိုင်ပေ။ ထို့ကြောင့် ချင်ယွင်သည် သူ၏ကျင့်ကြံမူအဆင့်အား မြင့်တင်ရန် လိုအပ်ပါသည်။
ဘုန်း…..!
သို့သော်၊ ချင်ယွင်သည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြားပန်ပညာကို ဖြန့်ကျက်နေ စဉ်မှာ သူ၏ရင်ဘတ်ရှိ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် တောက်ပသော အစိမ်းရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်ပေးသည်။
"အယ်? ဘာဖြစ်နေတာလဲ?" ချင်ယွင်သည် ရုတ်တရက် လှုပ်ရှားသွားသော အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို ကြည့်လိုက်ရင်း သူ၏မျက်နှာပေါ်တွင် အလွန် အံ့သြသွားသည့် အမူအရာ ပေါ်လာပါသည်။ သူသည် ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာကို အကြိမ်များစွာ ဖြန့်ကျက်ခဲ့ဖူးသော်လည်း အစိမ်းရောင် ကြာပန်းစည်းတံဆိပ်သည် တစ်ချက်တလေမျှ လှုပ်ရှားခြင်းမျိုး မရှိခဲ့ပေ။ ယခုတစ်ခါ ကျမှ ဘာဖြစ်လို့ ရုတ်တရက် လှုပ်ရှားလာရသနည်း?။
ဘန်း…..။
ချင်ယွင်သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်နှင့်ပတ်သက်ပြီး မည်သည့်အရာ ဖြစ်သနည်းဟု တွေးတောနေစဉ်မှာပင် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ဆီမှ ကြီးမားသော စုပ်ယူမှု စွမ်းအားကြီးတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာပါသည်။ ထို့နောက် ချင်ယွင်၏ စိတ်သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ လေဟာနယ်ထဲ သို့ စုပ်ယူသွားခံရလေသည်။
အခန်း (၅၅၄) မိုးပြာဧကရာဇ်။
"ဒီနေရာက ဘယ်နေရာလဲ" ချင်ယွင်သည် ပတ်ဝန်းကျင်ကို ကြည့်ရင်း အံ့အားသင့်စွာ မေးလိုက်မိပါသည်။
ထိုအချိန်တွင် သူသည် ဖရိုဖရဲကမ္ဘာတစ်ခုထဲတွင် ရှိနေပါသည်။ ကောင်းကင်နှင့် မြေကြီးသည် ဆက်စပ်နေပြီး လေဟာနယ်တစ်ခုလုံး ဖရိုဖရဲဖြစ်နေသော အရာများဖြင့် ပြည့်နှက်နေ၏။ ဤကမ္ဘာကြီးသည် ကြီးမားကျယ်ပြန့်ပြီး အဆုံးမဲ့ ဖြစ်နေသည်။
"ဖြစ်နိုင်တာက ဒီနေရာက ဖရိုဖရဲ အစိမ်းရောင်ကြာပန်းက ဖိနှိပ်ထားတဲ့ လေဟာနယ်များလား" ချင်ယွင်က သံသယစိတ်ဖြင့် မေးလိုက်သည်။
သူသည် နောက်ဆုံးအကြိမ် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ လေဟာနယ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး၊ သူသည် စကြာဝဠာတစ်ခု၏ လေဟာနယ်ထဲသို့ ရှင်းရှင်း လင်းလင်း ဝင်ရောက်သွားခဲ့၏။ ထိုနေရာမှာ အစိမ်းရောင်ကြာပန်းကြီး တစ်ပွင့် ရှိနေသည်။ ယခုတစ်ကြိမ်မှာ ထိုနေရာသည် အဘယ့်ကြောင့် ဖရိုဖရဲဖြစ်နေသည့် လေဟာနယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားရသနည်း။ ထို့အပြင် အနက်လေး နှင့် အနီလေးတို့လည်း ပျောက်ကွယ်နေခဲ့သည်။ ဖြစ်နိုင်တာက ဒီအစိမ်းရောင်ကြာပန်း စည်းတံဆိပ်ထဲမှာ နောက်ထပ် လေဟာနယ်တစ်ခုများ ရှိနေနိုင်သလား။
"ဒီနေရာက အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ထဲက လေဟာနယ် မဟုတ်ဘူး။ ငါ ဖန်တီးထားတဲ့ ကမ္ဘာတစ်ခုပဲ"
ချင်ယွင်သည် ပဟေဠိဖြစ်နေစဉ်မှာပင် ချင်ယွင်၏ နားထဲတွင် အစစ်အမှန် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် မိုးပြာရောင်ပုံရိပ်တစ်ခုက လေဟာနယ်ထဲမှ ထွက်ပေါ် လာခဲ့သည်။
ဤသည်မှာ အလွန်တရာ ချောမောသော ယောက်ျားတစ်ဦး ဖြစ်သည်။ သူ၏ မျက်လုံးများက ကြယ်ရောင်လွှမ်းသော ကောင်းကင်ကြီးကဲ့သို့ နက်ရှိုင်းလှသည်။ သူ၏မျက်နှာပေါ်ရှိ အရေးကြောင်းများသည် ဓားခုတ်ပုဆိန်ဖြင့် ခုတ်ဖြတ်ထားသကဲ့သို့ ပြတ်သား၏။ သူသည် အစိမ်းရောင် ၀တ်စုံကို ၀တ်ထားပြီး သူ၏ အနက်ရောင် ဆံပင်ရှည်များက လေတိုက်ခြင်းမရှိဘဲ သူ၏နောက်ကျောပေါ်တွင် ပြန့်ကျဲနေသည်။ သူ၏တစ်ကိုယ်လုံးက အလွန်နူးညံ့သိမ်မွေ့သည့် အငွေ့အသက်ကို ထုတ်လွှတ်နေပြီး မသေချာမရေရာသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
"အသင်က ဘယ်သူလဲ?" ချင်ယွင်သည် ထိုလူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ငါ့နာမည်က မိုးပြာရောင်ကောင်းကင်ကြာပန်းတဲ့။ ရှေးဟောင်းဖရိုဖရဲပင်လယ်မှာ မိုးပြာကြားပန်းတစ်ပွင့်ကနေ ဖန်တီးဖြစ်ပေါ်လာတာပဲ။ လူတိုင်းကတော့ ငါ့ကို မိုးပြာဧကရာဇ်လို့ ခေါ်ကြတယ်!" ထိုချောမောသည့်အမျိုးသားက ထူးမခြားဟန်ဖြင့် ပြောလိုက်သည်။
"မိုးပြာဧကရာဇ်လား။ ဒါဆို ခင်ဗျားက ဒဏ္ဍာရီလာ မိုးပြာဧကရာဇ်လား။" ချင်ယွင်သည် မယုံနိုင်စွာ မျက်လုံးပြူးသွားလေသည်။
ဤမိုးပြာဧကရာဇ်သည် ဖရိုဖရဲစကြဝဠာကြီး၏ စတင်ဖြစ်ပွားသည့်အချိန်မှ မွေးဖွားလာခဲ့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ သူသည် အဆုံးမရှိသော ဒဏ္ဍာရီများကို ပိုင်ဆိုင်ထားသည်။ လွန်ခဲ့သောနှစ်ပေါင်း တစ်သိန်းခန့်က မိုးကောင်းကင်အောက်တွင် ကျော်ကြားခဲ့သော ဧကရာဇ် ယူမင်ပင်လျှင် သူနှင့် မနှိုင်းယှဉ်နိုင်ပေ။ ထို့အပြင် ချင်ယွင် ကျင့်ကြံထားသော ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကိုလည်း သူ ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။
ချင်ယွင်သည် ဤဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်မျိုးနှင့် အမှန်တကယ် တွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယင်းက သူ့ကို ကြောက်ရွံ့ထိတ်လန့် စေခဲ့သည်။
"ဟား….။ ဟား….။ မကြောက်ပါနဲ့။ တစ်နည်းအားဖြင့်ပြောရရင် မင်းက ငါ့သခင်ပါပဲလေ" မိုးပြာဧကရာဇ်က ပြုံးပြုံးလေး ပြောသည်။
"သခင်လား…?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
'"မှန်တာပေါ့။ ဖရိုဖရဲအစိမ်းရောင်ကြာပန်းမျိုးစေ့က မင်းကို သူ့ရဲ့သခင်အဖြစ် အသိအမှတ် ပြုထားပြီးပြီ။ ငါကိုယ်တိုင်ကတော့ ဖရိုဖရဲ အစိမ်းရောင်ကြာပန်းပါပဲ။ ဖရိုဖရဲ အစိမ်းရောင်ကြာပန်းမျိုးစေ့ဆိုတာကလည်း ငါ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာမို့ ငါ ပြောတာလည်း မမှားပါဘူး။ သဘောတရားအရ မင်းက ငါ့ရဲ့သခင်အဖြစ် မှတ်ယူလို့ ရပါတယ်။" မိုးပြာဧကရာဇ်က ပြောပြသည်.
ချင်ယွင်သည် ရုတ်တရက် ခေါင်းညိတ်ပြလိုက်သည်။ သူရရှိခဲ့သော ဖရိုဖရဲ အစိမ်းရောင် ကြာပန်းမျိုးစေ့သည် မိုးပြာဧကရာဇ်၏ အစစ်အမှန် ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ကို တွေ့ရှိရသည်။
ရှေးဟောင်းခေတ် ဖရိုဖရဲ အစိမ်းရောင်ကြာပန်းသည် ရှေးဟောင်းခေတ် ဖရိုဖရဲ ရတနာ အမျိုးအစားတစ်ခု ဖြစ်သည်။ ရှေးဟောင်းခေတ် ဖရိုဖရဲ ရတနာများသည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာကြပြီး အကန့်အသတ်မရှိသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့သည် ကြီးမြတ်သော မှော်ရတနာနှင့် အထူးသက်ရှိဘဝ ပုံစံ နှစ်မျိုးစလုံး ဖြစ်နိုင်ပါသည်။ သို့သော် မိုးပြာဧကရာဇ်သည် ထိုအချိန်က ပျက်စီးသွားပုံရပါသည်။
"စီနီယာ… မိုးပြာဧကရာဇ်၊ စီနီယာက သေသွားပြီလို့ ဘာလို့ ကောလဟာလတွေ ထွက်နေရတာလဲ" ချင်ယွင်က သံသယစိတ်ဖြင့် မေးလိုက်ပါသည်။
မိုးပြာဧကရာဇ်ကျဆုံးခြင်းနှင့် ပတ်သက်သည့် ဒဏ္ဍာရီတွေက မတူညီကြပါဘူး။ မိုးပြာဧကရာဇ်သည် ထာဝရ အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်ပြီး လုံးလုံးလျားလျား ပျောက်ကွယ်ရန်မှာ မဖြစ်နိုင်ဟု လူအချို့က ဆိုကြပါသည်။ သူသည် နက်နက်ရှိုင်းရှိုင်း အိပ်မောကျသွားခဲ့ပြီး မရေမတွက်နိုင်သော နှစ်ပေါင်းများပြီးနောက်၊ သူသည် တစ်ဖန် ပြန်လည် နိုးထလာမည်ဖြစ်ကာ အင်မော်တယ်ကမ္ဘာကို တစ်ဖန်ပြန်လည် စိုးမိုးနိုင်မည် ဟု ပြောဆိုကြသည်။
မိုးပြာဧကရာဇ်သည် အမှန်တကယ် သေဆုံးသွားခဲ့ပြီဟု ဆိုကြသူများလည်း ရှိနေပါသေးသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ကောင်းကင်ဘုံ၏ တန်ခိုးတော်ကို စော်ကားမိပြီး ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ကို ခံယူကာ ဤကမ္ဘာကြီးမှ လုံးလုံး လျားလျား ဖျက်ဆီးခံလိုက်ရသောကြောင့် ဖြစ်ပါသည်။
ဤသီအိုရီနှစ်ခုသည် ရှေးခေတ် ဖင်းဂေါ့များနှင့် နတ်ဘုရားသားရဲများ ပျောက်ကွယ် သွားသကဲ့သို့ပင် ဖြစ်နေပြီး ကမ္ဘာပေါ်တွင် နှစ်ဘီလီယံနှင့်ချီ၍ အခြေအတင် ဆွေးနွေးခဲ့ကြသည်။ အစကနေအဆုံးထိ ဆန်းကြယ်လွန်းသည်လေ။
လွန်ခဲ့သော နှစ်ပေါင်းဘီလီယံသုံးဆယ်အချိန်အခါက ခေတ်ကို ရှေးခေတ်ဟု ခေါ်သည်။ ဖင်းဂေါ့များနှင့် နတ်ဘုရားသားရဲများ အုပ်စိုးသော ခေတ်ဖြစ်သည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းဘီလီယံ သုံးဆယ်က ၎င်းတို့သည် ကပ်ဆိုးကြီးတစ်ခု ကြုံတွေ့ခဲ့ရသည်။ ၎င်းကပ်ဆိုးကြီးနှင့်အတူ ဖင်းဂေါ့များနှင့် နတ်ဘုရားသားရဲများ အုပ်စိုးသည့်ခေတ်သည် ကုန်ဆုံးသွားခဲ့ပြီး ဖင်းဂေါ့များနှင့် နတ်ဘုရားသားရဲသည်လည်း ကမ္ဘာကြီးမှ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
အလွန်ရှားပါးသော မှတ်တမ်းအချို့ကြောင့်သာ၊ ထိုသို့မဟုတ်ပါက ဤကဲ့သို့သော ရှေးခေတ် ယဉ်ကျေးမှုတစ်ခု ရှိနေသည်ကို ဤကမ္ဘာကြီးက သိလိမ့်မည်ပင် မဟုတ်ပါ။
ထိုကပ်ဘေးဆိုးကြီး ပြီးဆုံးပြီးနောက် လူသားများသည် တဖြည်းဖြည်း ဖြစ်တည်လာကြသည်မှာ အတိအကျပင်။ သို့သော် မွေးခါစလူသားများသည် ရှေးခေတ် ဘိုးဘေးများလောက် အစွမ်းထက်ကြသူများ မဟုတ်ကြပေ။ သူတို့သည် သူတို့ကိုသူတို့ မည်ကဲ့သို့ ပြုပြင်သည်ဖြစ်စေ ၎င်းတို့သည် ရှေးခေတ် ဖင်းဂေါ့များအဆင့်သို့ မရောက်ရှိနိုင်ကြပေ။
လူသားများသည် သူတို့၏ကိုယ်ပိုင် ကျင့်ကြံခြင်းနည်းစနစ်အတိုင်း ကျင့်ကြံကြပြီး ကောင်းကင်နှင့် မြေကြီးကို နားလည်ကြသည်။ သူတို့ရောက်နိုင်သည့် အမြင့်ဆုံးအဆင့် ကတော့ အင်မော်တယ်ဧကရာဇ်နယ်ပယ်ဖြစ်သည်။
ဧကရာဇ်ယူမင်သည် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခု ဖြစ်သည့် အထွက်အထိပ် ဉသျှောင်နယ်ပယ်သို့ ရောက်ရှိသွားပုံရသည်ဟု ဆိုကြပါသည်။ ဤစကားသည် အမှန်လားဆိုသည်ကို သူမသိသော်လည်း အရာအားလုံးသည် လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုဖြစ်နေပါသေးသည်။
ဤသည်မှာ နှစ်ပေါင်းအလွန့်လွန် ကြာမြင့်ခဲ့ပြီဖြစ်ပြီဂ ကောလာဟလများသည် အမှန်နှင့် အမှားကို မခွဲခြားနိုင်တော့ပေ။
သို့သော်လည်း သူ၏ရှေ့တွင်ရှိနေသော ဤမိုးပြာဧကရာဇ်သည် ရှေးခေတ်ကတည်းက တည်ရှိခဲ့သော တည်ရှိမှုတစ်ခု ဖြစ်သည်။ သို့သော်၊ ခဏတိုင်းဆိုသလို သူသည် အိပ်ပျော်သွားခဲ့ပြီး ပြန်လည်ဝင်စားခြင်းကို ထပ်ခါထပ်ခါ တွေ့ကြုံခံစားရလိမ့်မည်။ ထို့ကြောင့် မိုးပြာဧကရာဇ်ဟူသော အမည်သည် အတိတ်နှင့် ပစ္စုပ္ပန်ကို ဖြတ်သန်းခဲ့ဖူး သူ၏ အမည်ဖြစ်သည်။
မိုးပြာဧကရာဇ် ၊ ထာဝရ မိုးပြာဧကရာဇ်။
မိုးပြာဧကရာဇ်၏ ရှေးခေတ်အချိန်တွေအကြောင်းကို လူတိုင်း သိချင်ကြသော်လည်း ကံမကောင်းစွာပင် မိုးပြာဧကရာဇ်နိုးလာတိုင်းမှာ သူ အိပ်မပျော်ခင်က အရာအားလုံးကို မေ့သွားပါလိမ့်မည်။
လွန်ခဲ့သည့် နှစ်ပေါင်း သောင်းပေါင်းများစွာက မိုးပြာဧကရာဇ် ဆုံးပါးသွားသည့် သတင်း နောက်တကြိမ် ပြန့်နှံ့လာခဲ့ဖူးသည်။ ထိုအချိန်မှစ၍ မိုးပြာဧကရာဇ်သည် ဘယ်တော့မှ ပြန်ပေါ်မလာတော့ပါ။
"မှန်ပါတယ်၊ ငါက လုံးလုံး သေဆုံးသွားခဲ့ပြီ။" ချင်ယွင်သည် မှတ်ဉာဏ် ရေတွင်းထဲသို့ ကျရောက်သွားစဉ်မျာ မိုးပြာဧကရာဇ်၏အသံသည် ချင်ယွင်၏ နားထဲတွင် ထွက်ပေါ် လာသည်။
"ဘယ်လိုလုပ် လုံးလုံးလျားလျား သေဆုံးသွားနိုင်မှာလဲ" ချင်ယွင် အံ့သြစွာ မေးခွန်းထုတ်လိုက်သည်။
မိုးပြာဧကရာဇ်က ပြုံးပြီး ပြောသည် "အဲဒီအချိန်တုန်းက ဖရိုဖရဲ အစိမ်းရောင်ကြာပန်း လုံးဝ အစိပ်စိပ်မွှာမွှာ ပျက်ဆီးသွားတဲ့အခါ အဲဒီ ဖရိုဖရဲ အစေ့ငယ်လေး တစ်စေ့ပဲ ကျန်ရစ်ခဲ့တော့တယ်။ မူလကတော့ အဲဒီမျိုးစေ့ငယ်လေးထဲကို ငါ့စိတ်ဝိညာဉ်က ပြန်ဝင်သွားသရွေ့ ငါဟာ နှစ်ပေါင်းထောင်ချီ ကြာပြီးနောက် ပြန်ရှင်သန်နိုင်လိမ့်မယ်။ ဒါပေမယ့် ငါ လက်လျော့ခဲ့လိုက်တယ်။”
"ဘာကြောင့်လဲ?" ချင်ယွင် က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ငါ ပင်ပန်းလို့ပေါ့ကွာ။ ငါ နိုးထလာတဲ့အခါ ဒီလိုရှင်သန်နေထိုင်ရတာကို ငြီးငွေ့နေပြီ။ အဲဒါက ထာဝရကွ။ အဲဒါက စိတ်ကူးထားသလောက် ကောင်းမယ် မထင်ပါဘူး။" မိုးပြာဧကရာဇ်က တခစ်ခစ်ရယ်ပြီး ကိုယ့်ကိုယ်ကို သရော်သည့် အရိပ်အမြွက်ဖြင့် ပြောလိုက်သည်။
"ခင်ဗျား သေသွားပြီဆိုမှတော့ ဘာလို့ ဒီမှာရှိနေရသေးတုန်း၊ ခင်ဗျား ဘာကြောင့် သေသွားရတာလဲ" ချင်ယွင်က ထပ်မေးလိုက်သည်။ ယခုအချိန်မှာ သူ၏နှလုံးသားထဲ တွင် သံသယတွေနှင့် ပြည့်နှက်နေခဲ့ပါသည်။
မိုးပြာဧကရာဇ်က တစ်ဖန်ပြုံးပြီး ချင်ယွင်၏မေးခွန်းကို တိုက်ရိုက် ပြန်မဖြေတော့ပါ။ ယင်းအစား သူက ပြန်မေးသည် "မင်းရှေ့မှာရှိနေတဲ့ ဒီနေရာနဲ့ ပတ်သက်ပြီး ထူးဆန်းတယ်လို့ မထင်ဘူးလား?"
"အယ်?" မူလက ချင်ယွင်သည် မည်သို့မျှ မခံစားရသော်လည်း မိုးပြာဧကရာဇ်၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ချင်ယွင်သည် ဤနေရာ၌ တစ်ခုခု မှားယွင်းနေပြီ ဆိုသည်ကို ချက်ချင်း သိလိုက်ရလေသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်ရတာလဲ?" ချင်ယွင်သည် သူ၏မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ ပြောလိုက်ရင်း သူ၏မျက်နှာပေါ်မှာ နှိုင်းစား၍မရသည့် ကြောက်ရွံ့သည့် အမူအရာ ပေါ်လာပါသည်။
"ဒါကို ငါလည်း တွေ့ပါတယ်။ မင်းရဲ့ မူလကမ္ဘာရဲ့ နိယာမတွေကို ဒီနေရာမှာ မင်း ခံစားလို့ မရဘူးမဟုတ်လား…။ ဒီနေရာရဲ့ အချိန်ရဲ့အမြန်နှုန်းက ပြင်ပကမ္ဘာနဲ့ မတူဘူး။" မိုးပြာဧကရာဇ်က အပြုံးနှင့်အတူ ပြောလိုက်သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်ရတာလဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်း သို့မဟုတ် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ထဲရှိ လေဟာနယ် မည်သည့်နေရာဘဲ ဖြစ်ဖြစ်၊ ဤနေရာများသည် သီးခြားနေရာများဖြစ်သော်လည်း ၎င်းတို့ကို မူလကမ္ဘာ၏ ကောင်းကင်တာအိုနှင့် နိယာမများက ချည်နှောင်ထားကြပါသည်။ တစ်နည်းဆိုရသော် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းရှိ သီးခြားနေရာများပင်လျှင် မူလစကြာဝဠာနှင့် သက်ဆိုင်နေပါ သည်။
သို့သော်လည်း ယခု ချင်ယွင်ရှိနေသည့် လေဟာနယ်သည် မူလကမ္ဘာရှိ ကောင်းကင်ဘုံတာအို၏ ဖိအား အနည်းငယ်မျှပင် မခံစားရဘဲ အခြားစကြာဝဠာ တစ်ခုကဲ့သို့ ဖြစ်နေပါသည်။
"မင်းပြောတာ မှန်ပါတယ်။ ဒါက ငါဖန်တီးထားတဲ့ စကြာဝဠာအသစ်တစ်ခုပဲ။ အဲဒါက သန္ဓေတည်စ ပုံစံတစ်ခုပဲဆိုပေမယ့် ငါတို့နေထိုင်တဲ့ စကြာဝဠာကြီးနဲ့ လုံးဝမတူဘူး။ ဒါကြောင့် မင်းအနေနဲ့ မူလစကြဝဠာရဲ့ ကောင်းကင်တာအို နိယာမတွေကို သဘာဝအတိုင်း ခံစားလို့ မရနိုင်ဘူး။ ." မိုးပြာဧကရာဇ်က ပြုံးပြုံးလေး ပြောလိုက်ပါ သည်။
"စကြာဝဠာအသစ်တစ်ခုလား….?"
ချင်ယွင်သည် သူ၏မျက်လုံးများကို ပြူးကျယ်သွားကာ အနှိုင်းမဲ့ ထိတ်လန့် တုန်လှုပ်သွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိပါသည်။
ဤကိစ္စသည် သူ၏စိတ်ကူးစိတ်သန်းများကို လုံးဝ ကျော်လွန်သွားခဲ့ပါသည်။
အခန်း (၅၅၅) ကနဦးစကြာဝဠာ။
"ဟုတ်တယ်၊ စကြာဝဠာအသစ်တစ်ခုပဲ။ အဲဒီတုန်းက၊ ငါက ဒီစကြာဝဠာအသစ်ကို အမှန်တကယ် ဖန်တီးခဲ့တာကြောင့် ကောင်းကင်ဘုံရဲ့ တန်ခိုးစွမ်းအားက အဲဒါကို ရှာဖွေတွေ့ရှိသွားခဲ့တာပဲ။ ဒါကြောင့်ပဲ ကောင်းကင်ဘုံက အမျက်ထွက်ပြီး ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ကို ပို့လွှတ်လိုက်ကာ ငါ့ခန္ဓာကိုယ်ကို ပျက်စီးစေခဲ့တယ်။ နောက်ဆုံးမှာတော့၊ ငါဟာ ငါ့ မပြည့်စုံတော့တဲ့ စိတ်ဝိညာဉ်သည် အဲဒီဖရိုဖရဲ အစိမ်းရောင်ကြာပန်းမျိုးစေ့ထဲ ပေါင်းစည်းရန် မရွေးချယ်တော့ဘဲ၊ အဲဒီအစား ငါဖန်တီးထားတဲ့ စကြာဝဠာနှင့် ပေါင်းစည်းရန် ရွေးချယ်ခဲ့တာပဲ”။ မိုးပြာဧကရာဇ်က ပြောပြသည်။
"ဒါဆို ခင်ဗျားက ဒီစကြဝဠာရဲ့ ကောင်းကင်ဘုံရဲ့ တန်ခိုးစွမ်းအား ဖြစ်မသွားဘူးလား" ချင်ယွင်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။
ချင်ယွင်သည် သူ၏နားများကို မယုံနိုင်အောင် ဖြစ်ရသည်။ သူပိုင်ဆိုင်သည့် စကြဝဠာတစ်ခုကို ဖန်တီးပြီး ထိုစကြာဝဠာ၏ ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားလည်း ဖြစ်လာခဲ့သည်။ ထိုအချိန်တုန်းက မိုးပြာဧကရာဇ်သည် ကောင်းကင်ဘုံကို မည်သို့ အံတုခဲ့လေသနည်း။
"ဒါက မင်းပြောသလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါက စကြာဝဠာတစ်ခုရဲ့ ရှေ့ပြေးပုံစံလို့ပဲ ပြောလို့ရပါသေးတယ်။ ပြီးပြည့်စုံတဲ့ စကြာဝဠာတစ်ခုတော့ မဟုတ်သေးပါဘူး။ စစ်မှန်တဲ့စကြာဝဠာတစ်ခုနဲ့ဆို အဝေးကြီးကွာခြားနေပါသေးတယ်။ အဲဒါကို ကနဦးစကြာဝဠာလို့ ငါ ခေါ်ထားတယ်။" မိုးပြာဧကရာဇ်က ပြောပါသည်။
"စီနီယာ မိုးပြာဧကရာဇ်၊ စီနီယာက ကျွန်တော့်ကို ဒီကိုခေါ်လာတာ ဘာကို ဆိုလိုတာလဲ" ချင်ယွင်က မေးသည်။
မိုးပြာဧကရာဇ်က သူ့ကို ယခုအချိန်မှာ ဤနေရာကို ခေါ်လာခဲ့သည်ဆိုမှတော့ သူ့မှာ သေချာပေါက် သူ၏ရည်မှန်းချက် ရှိနေပါလိမ့်မည်။ သို့သော် ချင်ယွင်သည် မိုးပြာဧကရာဇ် မည်သည့်အရာလုပ်လိုသနည်းဆိုသည်ကို မသိနိုင်သေးပေ။
"တကယ်တော့ မင်းကို ဒီမှာခေါ်လာရတဲ့အကြောင်းရင်းက အရမ်းကို ရိုးရှင်းပါတယ်။ ငါက မင်းကို ဆန္ဒလေးတစ်ခုကို ဖြည့်ဆည်းပေးစေချင်လို့ပါ။" မိုးပြာဧကရာဇ်က ပြောပါသည်။
"ဘာဆန္ဒလဲ?" ချင်ယွင်က ဆက်မေးလိုက်သည်။
"ဒီစကြဝဠာကို တကယ့်စကြဝဠာတစ်ခုကြီးဖြစ်အောင် ငါ့ကို ကူညီပေးပါ။" မိုးပြာဧကရာဇ်သည် ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။
"အစစ်အမှန် စကြဝဠာကြီးတစ်ခု ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ။" ချင်ယွင် ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်သည်။
ဤကနဦးစကြဝဠာကို အစစ်အမှန် စကြဝဠာအဖြစ်သို့ ပြောင်းလဲရန် မည်သို့သော နတ်ဘုရားစွမ်းရည်မျိုး လိုအပ်မည်နည်း။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်မှာရှိနေသည့် ကောင်လေးတစ်ယောက်ကို မပြောနှင့်ဦး၊ အင်မော်တယ်ဧကရာဇ် နှင့် အထွက်အထိပ်ဉသျှောင်နယ်ပယ် ကျွမ်းကျင်ပညာရှင် တွေတောင်မှ လုပ်နိုင်မှာ မဟုတ်ဘူး မဟုတ်ပါလား။
"မင်း အခုမလုပ်နိုင်သေးတာက နောင်အနာဂတ်မှာ မလုပ်နိုင်ဘူးလို့ မဆိုလိုပါဘူးလေ။ ပြီးတော့ မင်းက ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်းပညာရပ်ကိုလည်း ကျင့်ကြံ ထားတာပဲ။" မိုးပြာဧကရာဇ်က ပြောသည်။
"ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်လား။ ဒါက ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်နဲ့ ဘယ်လိုများ သက်ဆိုင်နေလို့လဲ။" ချင်ယွင်က ထပ်မေးသည်။
ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို မိုးပြာဧကရာဇ်မှ ဖန်တီးထားပုံ ရသည်ကို ချင်ယွင်သည် ယခုမှပင် သတိရလိုက်မိသည်။ မိုးပြာဧကရာဇ်သည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အားကိုးပြီး စကြဝဠာတစ်ခုကို ဖန်တီးခဲ့ခြင်းများ ဖြစ်နိုင်ပါသလား။ သို့သော်၊ ချင်ယွင်သည် အချိန်အတော်ကြာ ကျင့်ကြံထားသောကြောင့် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်တွင် ထိုသို့သော လုပ်ဆောင်ချက်တစ်ရပ် ရှိသည်ဆိုလျှင် သူ မည်သို့ မသိဘဲ နေမည်နည်း။
'"မင်းကျင့်ကြံထားတဲ့ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ် တမင်တကာ ပြုပြင် မွမ်းမံထားတဲ့ ပညာရပ်ပဲ။ အမှန်တရားသို့ ပြန်လည်ခြင်း နယ်ပယ်မတိုင်ခင်မှာ ကျင့်ကြံခြင်းနည်းစနစ်အားလုံးက အတူတူပါပဲ။ ဒါပေမယ့်၊ အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်ကို ချိုးဖြတ်ဝင်ရောက်ပြီးတဲ့ နောက်မှာတော့ လုံးဝကို ကွဲပြားသွားပါလိမ့်မယ်။ အဲဒီအထဲမှာ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေပါတယ်။” မိုးပြာဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။
ချင်ယွင်သည် အသက်ပြင်းပြင်း ရှူလိုက်မိပါသည်။ ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်သည် လုံလောက်အောင်ပင် အစွမ်းထက်နေပြီဟု သူသည် ကာလ ကြာရှည်ကတည်းက ခံစားနေခဲ့ရသည်။ ဤရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်း ပညာရပ်သည် စကြာဝဠာအသစ်တစ်ခုကို ဖန်တီးနိုင်သည်အထိ အမှန်တကယ် အစွမ်းထက်နေမည်ဟု သူ မထင်ထားခဲ့ပေ။ ဤသည်မှဦ ကောင်းကင်ဘုံကို အံတုနေသည့် စည်းချက်တစ်ခုပဲ မဟုတ်ပါလား။
"စီနီယာ မိုးပြာဧကရာဇ်၊ ဒါဆို ဘာလို့ ဒီစကြာဝဠာအသစ်ကို စီနီယာကိုယ်တိုင် ပြီးမြောက်အောင် မလုပ်ဆောင်ခဲ့တာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက် သည်။
ထိုစကားကိုကြားတော့ မိုးပြာဧကရာဇ်သည် နောက်ဆုံး သက်ပြင်းရှည်ကြီး မချခင် တခဏလောက် ငြိမ်သက်သွားပြီး "ငါ့စိဝိညာဉ်က ကောင်းကင်ဘုံရဲ့ တန်ခိုးစွမ်းအား တွေကနေ လွတ်မြောက်သွားပြီး ဒီကနဦးစကြာဝဠာထဲကို ဝင်ရောက် ပေါင်းစည်း နိုင်ခဲ့ပေမဲ့၊ ကောင်းကင်ဘုံရဲ့တန်ခိုးစွမ်းအားကြောင့် ငါ့စိတ်ဝိညာဉ်က ပြင်းပြင်း ထန်ထန် ဒဏ်ရာရသွားခဲ့တယ်။ အခုဆို နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီ။ နှစ်တွေကြာလာတာနဲ့အမျှ ငါ့စိတ်ဝိညာဉ်ကလည်း အဆက်မပြတ် သေနေဆဲပဲ၊ အခုတော့ ငါ့စိတ်ဝိညာဉ်စွမ်းအားက အဆုံးတိုင်သွားခဲ့ပြီ၊ ငါက လုံးလုံးလျားလျား ကွယ်ပျောက် သွားတော့မယ်။"
"ဘာ….?" ချင်ယွင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါသည်။
စိတ်ဝိညာဉ်သေဆုံးခြင်းသည် မိုးပြာဧကရာဇ်သည် ဤကမ္ဘာမှ လုံးဝ ပျောက်ကွယ် သွားလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
'"မင်းက ဖရိုဖရဲအစိမ်းရောင်ကြာပန်းမျိုးစေ့ကို ရရှိပြီးကတည်းက မင်းနဲ့ငါကြားမှာ ကံကြမ္မာက အဆုံးအဖြတ် ပေးထားပြီးသားပါ။ ဒါ့အပြင် မင်းရဲ့ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို ကျင့်ကြံခွင့်ရမှုကလည်း ဒီအချက်ကို သရုပ်ဖော် ပြသရာရောက်တဲ့အတွက် မင်းကို ငါ့တပည့်တစ်ပိုင်းအဖြစ် မှတ်ယူနိုင်ပါတယ်။" မိုးပြာဧကရာဇ်က ပြောသည်။
"ဆရာကြီးရဲ့ ကြင်နာမူအတွက် ကျေးဇူးပါ ဆရာကြီး။ ဆရာကြီးရဲ့ ဖရိုဖရဲ အစိမ်းရောင် ကြာပန်းမျိုးစေ့ကြောင့်သာ မဟုတ်ရင် ကျွန်တော်က လူတုံးလူအ အရူးတစ်ယောက်လို အခြေအနေမျိုးမှာ ရှိနေဦးမှာပါပဲ" ချင်ယွင်သည် မိုးပြာဧကရာဇ်၏ ရှေ့တွင် ဒူးထောက်ကာ ကမန်းကတန်း ပြောလိုက်သည်။
သူသည် သူတပါးကျေးဇူးကို ပြန်လည်ပေးဆပ်မည့် လူတစ်ယောက် ဖြစ်ပါသည်။ ဤနေရာ ဤအခြေအနေထိရောက်ရန် သူသည် ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ် နှင့် ဖရိုဖရဲ အစိမ်းရောင်ကြာပန်းမျိုးစေ့တို့ထံမှ အကျိုးတရား အကြီးအကျယ် ခံစားခဲ့ရပါသည်။
"ဟား…။ ဟား….။ ငါ့မိုးပြာဧကရာဇ်က မသေဆုံးခင်မှာ နောက်ထပ် တပည့်တစ်ယောက် ထပ်ရနိုင်မယ်လို့ မမျှော်လင့်ထားဘူး။ ကောင်းကင်ုဘုံကြီးရေ..၊ ငါမအောင်မြင်ခဲ့သမျှ ငါ့တပည့်က အပြီးသတ်ပေးလိမ့်မယ်လို့ မင်း မမျှော်လင့်ထားဘူး။ မဟုတ်လား…။ မင်းစောင့်ကြည့်နေပါ။" မိုးပြာဧကရာဇ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“ထတော့…. တပည့်၊ မင်းနဲ့ငါ့ကြားမှာ ဆရာတပည့်ဆက်ဆံရေး ရှိနေပြီဆိုမှတော့ စစ်မှန်တဲ့ ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်ကို ငါ သင်ကြားပေးမယ်။ ဒါပေမယ့် မင်း တစ်ခုတော့ မှတ်သားထားဖို့ လိုတယ်။ မင်းအနေနဲ့ စကြဝဠာကြီးရဲ့ စွမ်းအားကို အမှန်တကယ် မထိန်းချုပ်မီ၊ မင်းက စကြာဝဠာကြီးတစ်ခုကို ပိုင်ဆိုင် တယ်ဆိုတဲ့အချက်ကို သွားပြီး ထုတ်ဖော်မပြသမိစေနဲ့။ မဟုတ်ရင် ကောင်းကင်ဘုံရဲ့ တန်ခိုးစွမ်းအားတွေက မင်းကို လုံးလုံးလျားလျား ချေမှုန်းပစ်လိမ့်မယ်။ မှတ်မိပြီလား။ မိုးပြာဧကရာဇ်က ပြောသည်။
"တပည့်၊ မှတ်ထားပါ့မယ်!" ချင်ယွင် မတ်တပ်ထရပ်ပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ငါ မင်းကို ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်းပညာရပ်ကို အခုပဲ သင်ပေးလိုက်မယ်။" မိုးပြာဧကရာဇ်က သူ၏ ပါးစပ်ကိုဖွင့်ပြီး ချင်ယွင်၏ မျက်ခုံးကြားကို လက်ချောင်းဖြင့် ညွှန်လိုက်သည်။ ထို့နောက်တွင် များပြားလှသော အချက်အလက်များစွာသည် မြစ်ရေပြင် စီးစင်းနေသည့်အလား ချင်ယွင်၏ စိတ်ထဲသို့ စိမ့်ဝင်လာလေသည်။
အချိန်အတော်ကြာပြီးနောက်၊ ချင်ယွင်သည် နောက်ဆုံးတွင် စစ်မှန်သော "ရှေး ဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ် "ကို စေ့စေ့စပ်စပ် နားလည်လာလေ သည်။
“ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အတွေးများ၊ အရာအားလုံး၏အစ၊ ဒါက စစ်မှန်တဲ့ ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်းပညာရပ်လား?။ ဒီလို ကောင်းကင်ဘုံကို စိန်ခေါ်တဲ့ ကျင့်ကြံခြင်းနည်းပညာရပ်တစ်ခုက ဘယ်လိုလုပ် ဖြစ်လာနိုင်တာလဲ" ချင်ယွင်သည် သူ၏စိတ်ထဲမှ အချက်အလက်များကြောင့် လုံးဝကို တုန်လှုပ် သွားခဲ့လေသည်။
သူ မူလကတည်းက ကျင့်ကြံထားသည့် ရှေးဟောင်းခေတ်အစိမ်းရောင် ကြာပန်းပညာရပ်ကပင် ကောင်းကင်ဘုံကို အံတုရန် လုံလောက်နေပြီ ဖြစ်သော်လည်း အစစ်အမှန် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်သည် ပို၍ပင် ကြောက်စရာကောင်းနေပြီး ကောင်းကင်ကို အံတုနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
စကြာဝဠာ၏အမြင့်ဆုံး နယ်ပယ်၊ ကြီးကျယ်ခမ်းနားသော ပြီးပြည့်စုံခြင်း၊ စကြဝဠာတစ်ခု၏ စွမ်းအားကို ထိန်းချုပ်ခြင်းလား…။
"ကောင်းပြီ၊ အခု မင်းက ရှေးဟောင်းခေတ်အစိမ်းရောင်ကြာပန်းပညာရပ်ကို ကျွမ်းကျင် ပိုင်နိုင်သွားပြီ၊ ဒီကနဦးစကြဝဠာကို မင်းဆီကို အမှန်တကယ် လွှဲပြောင်းပေးဖို့ အချိန်တန်ပြီ။" မိုးပြာဧကရာဇ်က ပြောသည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ သူ၏ဆရာမိုးပြာဧကရာဇ်က ဒီကနဦး စကြာဝဠာကို သူ့ဆီ အပြီးအပိုင် လွှဲပြောင်းပေးဖို့ စီစဉ်နေတာလား။
ဘန်း…..။
ချင်ယွင် မှိန်းမောတွေဝေသွားလောက်သည့် တောက်ပသော အလင်းတန်းတစ်ခုက မိုးပြာဧကရာဇ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပါသည်။ ထို့နောက် ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပကတိအခြေအနေသို့ ရောက်ရှိသွားပုံရသည်။
''တပည့်၊ ဒီစကြာဝဠာကြီး မပြီးဆုံသေးခင်မှာ ဒီကနဦးစကြာဝဠာကြီးရဲ့ စွမ်းအားကို မသုံးရဘူး။ မဟုတ်ရင် ကောင်းကင်ဘုံရဲ့တန်ခိုးစွမ်းအားကြောင့် မင်းက ချက်ချင်း ပျက်သုဉ်းသွားလိမ့်မယ်။ ဆရာက မင်းအတွက် စကြဝဠာထဲကို ဖြတ်သန်းဝင်ရောက်ဖို့ ဖရိုဖရဲ အစိမ်းရောင်ကြာပန်းမျိုးစေ့ကို ဖန်တီးခဲ့တာပဲ။ မင်းအနေနဲ့ စကြာဝဠာထဲကို ဝင်ရောက်ချင်တယ်ဆို ဖရိုဖရဲ အစိမ်းရောင်ကြာပန်းမျိုးစေ့ကို သုံးဖို့ပဲ လိုအပ်တယ်”။
မိုးပြာဧကရာဇ်သည် ထွန်းလင်းတောက်ပစွာ လင်းလက်နေခဲ့ပြီး သူ၏အသံသည် ကနဦးစကြဝဠာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေသည်။ ထို့နောက် မိုးပြာဧကရာဇ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏စိတ်ထဲသို့ ဝင်ရောက် လာခဲ့သည်။ ထိုအချိန်တွင် ချင်ယွင်၏စိတ်သည် ကနဦးစကြဝဠာတစ်ခုလုံးနှင့် ချိတ်ဆက်နေပါသည်။
"ဒါက ကနဦးစကြာဝဠာပဲလား။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။ ဤအခိုက်အတန့်တွင်၊ သူသည် အုပ်စိုးရှင်တစ်ဦးအဖြစ် ဤကနဦး စကြဝဠာတစ်ခု လုံးနှင့် ဆက်စပ်နေသည်ဟု သူခံစားမိသည်။
"ဆရာကြီး…။ ဘယ်မှဦလဲ" ချင်ယွင်က အစဦးစကြဝဠာထဲကို လှမ်းအော်လိုက်၏။
'"တပည့်၊ မင်း ဒီစကြာဝဠာကြီး ပြီးပြည့်စုံသွားတဲ့အခါ ဒီစကြဝဠာအသစ်ထဲမှာ အဲဒီ ဖရိုဖရဲ အစိမ်းရောင်ကြာပန်းမျိုးစေ့ကို စိုက်ကြည့်ဖို့ မမေ့နဲ့နော်၊ အဲဒီအချိန် ရောက်ရင် သခင်တစ်ယောက်အနေနဲ့ မင်းရဲ့ဆန္ဒတွေ ပြည့်စုံလာလိမ့်မယ်။ ကောင်းပြီ၊ ငါ့အချိန်လည်း ရောက်လာခဲ့ပြီ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။!" မိုးပြာဧကရာဇ်၏ အသံသည် ကနဦးစကြဝဠာတစ်ခုလုံးကို နောက်ဆုံးအကြိမ်အဖြစ် ပဲ့တင်ထပ်နေ ခဲ့သည်။
"စိတ်မပူပါနဲ့ ဆရာကြီး။ ဆရာကြီးရဲ့ဆန္ဒကို တပည့် သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်။ အချိန်ကျတာနဲ့ ရှေးဟောင်းခေတ် ဖရိုဖရဲပင်လယ်ပြင် တစ်ခုလုံးကို အစိမ်းရောင်ကြာပန်းတွေနဲ့ ပြည့်နေခွင့်ပေးမယ်။" ချင်ယွင်သည် ရှေးဟောင်းခေတ် ဖရိုဖရဲ စကြဝဠာကို ကြည့်လိုက်သည်။ သူသည် သူ၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်ပြီး သူ၏မျက်လုံးများသည် ဆုံးဖြတ်ပြတ်သားမူများဖြင့် ပြည့်နှက်နေသည်။
စာစဉ် (၃၇) ပြီးပါပြီ။