← Chapters

အခန်း (၅၃၆-၅၄၀)

Vol. 36 Ch. 536-540

အခန်း (၅၃၆-၅၄၀)

Vol. 36 Ch. 536-540

အခန်း (၅၃၆) အစောပိုင်း အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကျွမ်းကျင်ပညာရှင်။

"ကစားပွဲအကြီးကြီး…..၊ ဒီကစားပွဲကအကြီးကြီးပဲ…"

ချန်ယွမ်ရှန်၏ ခန္ဓာကိုယ် နောက်ပြန်လွင့်ထွက်သွားကတည်းက ပတ်ဝန်းကျင်မှ လူများသည် စောင့်ကြည့်နေခဲ့ကြပြီး သူတို့၏မျက်နှာများသည် လုံးဝ တည်ငြိမ်နေခြင်း မရှိကြတော့။

ချန်ယွမ်ရှန်သည် ချန်ကလန်၏ အကြီးဆုံးအစ်ကိုကြီး၏ သားဖြစ်ပြီး သူသည် တစ်ဦးတည်းသောသားလည်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ချန်ယွမ်ရှန်သည် ချန်ကလန်၏ အကြီးဆုံးသခင်လေးဟု ယူဆနိုင်ပါသည်။

ချန်ယွမ်ရှန်သည် လူ့ပေါ်ကြော့တစ်ယောက် ဖြစ်သော်လည်း၊ သူ၏ ကျင့်ကြံမှုအဆင့် သည် မနိမ့်ကျသောကြောင့် မျိုးနွယ်စုတွင် တန်ဖိုးထားခံရသူ ဖြစ်သည်။ ချန်ကလန်က သူ့ကို နောက်အနာဂတ် မျိုးနွယ်စုခေါင်းဆောင်တစ်ဦး ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးရန်ပင် ကြံရွယ်ထားသေး၏။

ယခုမူ ချန်ယွမ်ရှန်သည် အမှန်တကယ်ပင် အသတ်ခံလိုက်ရပြီး ၎င်းသည်လည်း ချန်ကလန် စံအိမ်ကြီး၏ အဝင်တံခါးဝတွင် ဖြစ်နေ၏။ ဤသည်မှာ ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော် ပြောင်းသွားစေခြင်းပင် ဖြစ်လေသည်။

လျှိုလင်း၏ မျက်လုံးများသည်လည်း အံ့သြခြင်းများဖြင့် ပြည့်နှက်နေ၏။ ချင်ယွင်သည် ချန်ယွမ်ရှန်ကို အမှန်တကယ် သတ်ဝံ့မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ဆိုလိုသည်မှာ သူနှင့် ချန်ကလန်သည် ခင်မင်ရင်းနှီးခြင်း မရှိတော့ဟု ဆိုလိုပေသည်။

"သူက ဘယ်လိုလူမျိုးလဲ" လျှိုလင်းသည် သူမကိုယ်သူမ တွေးနေမိ၏။ ချင်ယွင်၏ ကျယ်ပြန့်သော ကျောပြင်ကို ငေးကြည့်ရင်း၊ ဤလူသည် သူမကို အလွန် ထိတ်လန့်စေသွားသည်ဟု ခံစားမိသည်။

ခရမ်းရောင်မျက်လုံးစွမ်နီ၏နှလုံးလည်း တစ်ချက် ခုန်သွားသည်။ ဤကာလအတွင်း သူသည် ကောင်းကင်နဂါးတိုက်ကြီးသို့ ရောက်ရှိလာပြီးနောက် ယုကျိုးမြို့တွင် နေထိုင်ခဲ့သည်။ သူသည် ကျွမ်းကျင်သူများစွာကို တွေ့ခဲ့ဖူးသည်။ သားရဲဘုရင်များလို ကြီးစိုးမူရှိခဲ့သော သူ၏သြဇာအာဏာနှင့် သွေးရဲရဲတောက်သတ္တိများသည်ပင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရသည်။

သူသည် ချန်ယွမ်ရှန်ကို ပထမဆုံးတွေ့တုန်းကဆိုလျှင် သူ့ကို ရှောင်တိမ်းရန် ရွေးချယ်ခဲ့ပြီး သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ခဲ့ပေ။

သို့သော်၊ ချင်ယွင်သည် ချန်ယွမ်ရှန်ကို သတ်လိုက်သည်ကို မြင်လိုက်ရသောအခါ၊ သူ၏ နှလုံးသားထဲတွင် ရက်စက်ကြမ်းကြုတ်ခဲ့ဖူးသော သွေးစာသည့်ခံစားချက်က အမှန်တကယ် ပြန်လာမည့် အရိပ်အယောင်များပင် ပေါ်လာရသည်။

သူသည် ချင်ယွင်၏ မောက်မာသော ကျောပြင်ကို ကြည့်နေမိပါသည်။ ဤအခိုက် အတန့်တွင် ချင်ယွင်၏နောက်ကို လိုက်ခြင်းသည် သူ့အတွက် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ဖြစ်မည်ဟု နောက်ဆုံးတွင် သူခံစားခဲ့ရသည်။ သူသည် နတ်ဘုရားသားရဲ နယ်ပယ်၏ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိနိုင်သည့် နေ့တစ်နေ့ပင် ရှိလာပေလိမ့်မည်။

ဟောင်ခွန်ကတော့ သိပ်မခံစားခဲ့ရပါဘူး၊ ချင်ယွင်၏ လက်ရှိပုံစံက သူ၏အတိတ်က ပုံရိပ်နှင့် တော်တော်လေး ဆင်တူသည်ဟု ခံစားရ၏။

ချင်ယွင်သည် သွေးအိုင်ထဲတွင် လဲလျောင်းနေသော ချန်ယွမ်ရှန်ကိုပင် ကြည့်ပင် မကြည့်ချေ။ သူသည် ချန်ယွမ်ရှန်၏ လည်ပင်းနောက်ဘက်တွင်ရှိနေသော ကော်လာကို ဆွဲကိုင်ရင်း ချန်ကလန်စံအိမ်ကြီး၏ အဝင်ပေါက်ဆီသို့ ဆွဲယူသွားသည်။

ချန်ယွမ်ရှန်သည် ချင်ယွင်၏ ပြောင်းပြန်ကြေးခွံကို စော်ကားခဲ့သည်။ ချင်ယွင်က သူ့ကို မည်သို့ ထားရစ်ခဲ့မည်နည်း။ ချန်ယွမ်ရှန်၏အလောင်းကို ဆွဲယူရခြင်းမှာ ချန်ကလန် အား သူ့ကို စော်ကားခြင်း၏ အကျိုးဆက်များကို သိရှိစေလိုသောကြောင့် ဖြစ်သည်။

ဟောင်ခွန် နှင့် ရှောင်ဇီတို့သည် ချင်ယွင် ချန်စံအိမ်ကြီးထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ ချင်ယွင်၏နောက်သို့ ချက်ချင်းလိုက်သွားကြသည်။

လျှိုလင်းသည် သူမ၏ အနီရောင်နှုတ်ခမ်းများကို ကိုက်လိုက်မိသည်။ သူမသည် လိုက်မသွားခင်မှာ သူမ၏ မျက်လုံးများတွင် ဆုံးဖြတ်ချက်တစ်ခု ချထားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

အနီးပတ်ဝန်းကျင်မှ ကြည့်ရှုသူလူအများသည် အချိန်အတော်ကြာအောင် လူစုခွဲခြင်း မပြုကြသေးပေ။ သူတို့သည် ပျော်ရွှင်ဖွယ်ကစားပွဲကို ကြည့်ချင်သော်လည်း တံခါးဝကို ဝင်မသွားရဲပေ။ သူတို့သည် လှုပ်ရှားမူများကို သိရှိနိုင်ရန်အတွက် တံခါး အပြင်ဘက်တွင်သာ စောင့်ဆိုင်းနေခဲ့ကြသည်။

ချင်ယွင်သည် ချန်ယွမ်ရှန်၏ အလောင်းကို ချန်စံအိမ်ကြီးထဲသို့ တလျှောက်လုံး ဆွဲယူသွားခဲ့သည်။ အိမ်အကူများနှင့် အစောင့်များသည် အလောင်းကို မည်သူ ဆွဲယူခဲ့ သနည်းဟုတွေးရင်း အံ့သြနေကြသော်လည်း ဆွဲယူလာသော အလောင်းမှာ သူတို့၏ သခင်လေးဖြစ်နေသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့၏ မျက်နှာများသည် ကြောက်ရွံ့နေရာမှ ဖြူဖျော့သွားကြပြီး ကြောက်လန့်နေသော ငှက်များကဲ့သို့ အရပ်အသီးသီသို့ ပြေးထွက်သွားကြပါသည်။

စံအိမ်ကြီးရှိ အစောင့်များသည် ချင်ယွင်ကို ထိတ်လန့်တကြား ကြည့်နေကြသည်။ သူတို့သည် ၎င်းတို့၏ဓားများကို ကိုင်ထားကြသော်လည်း ရှေ့သို့ ခြေတလှမ်းမှ မလှမ်းဝံ့ချေ။ ချင်ယွင် ရှေ့တိုးတက်လာသည်နှင့်အမျှ သူတို့သည်ပင် ပြန်လည် နောက်ဆုတ်သွားကြရသည်။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ အငွေ့အသက်သည် ခမ်းနားထည်ဝါလွန်းသည်။ အထူးသဖြင့် ချင်ယွင်လက်ဖြင့် ဆွဲယူလာသော ချန်ယွမ်ရှန်၏အလောင်းမှ စွန်းထင်းခဲ့ သည့် ရှည်လျားသော သွေးကြောင်းများသည် အလွန်တုန်လှုပ်စရာကောင်းပြီး သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ကြောက်ရွံ့ထိတ်လန့်နေသည်ကို သူတို့၏မျက်လုံးများတွင် ပေါ်လွင်စေသည်။

"ချန်းအာ!"

နောက်ဆုံးတွင် ချင်ယွင်နှင့် အခြားသူများသည် ချန်မျိုးနွယ်စု၏ အကြီးဆုံး ရင်ပြင်ကြီးဆီသို့ ရောက်သောအခါတွင် ကောင်းကင်ယံ၌ အချက်ပေးသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့နောက် အပြာရောင် ပိုးထည် ၀တ်စုံဝတ်ထားသော ဆံပင်ဖြူနှင့် အဘိုးအိုတစ်ဦးသည် ပျံသန်းလား၏။

ချင်ယွင်သည် ဤအဘိုးအိုကိုမြင်သောအခါ အေးစက်သော အပြုံးတစ်ခု သူ၏ ပါးစပ်ထောင့်တွင် ပေါ်လာသည်။ သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး သူ၏လက်ထဲမှ အလောင်းဖြင့် ပစ်ချလိုက်သည်။

ဆံပင်ဖြူအဘိုးအိုသည် အလောင်းကို ပွေ့ဖက်ကာ အဝေးရောက်သည်အထိ လွင့်မျောသွားခဲ့သည်။

"ချန်းအာ၊ ချန်းအာ၊ မင်း ဘာဖြစ်နေတာလဲ..."

ချန်ယွမ်ရှန်သည် သူ၏အသက်ဓာတ်များ ပျောက်ဆုံးသွားသည်ကို မြင်လိုက်ရသော အခါတွင် ထိုအဘိုးအို၏ လက်ဖဝါးများသည် တုန်ခါလာပြီး ဖော်ပြ၍မရသည့် နာကျင်ကျေကွဲသည့် အမူအရာ ပေါ်လာသည်။

ရုတ်တရက်ပင် အဘိုးအိုသည် ဒေါသအမျက် ထွက်လာခဲ့သည်။ သူက ချင်ယွင်နှင့် တခြားသူတွေကို ရုတ်တရက် ကြည့်လိုက်ပြီး အော်ပြောလိုက်သည် "မင်းတို့က ငါ့ရှန်းအာလေးကို သတ်လိုက်တာလား။"

"ကျုပ် သူ့ကို သတ်လိုက်တာ။" ချင်ယွင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

ရောက်လာသူ၏ ကိုယ်ရေးအချက်လက်ကို သူ ခန့်မှန်းပြီး ဖြစ်သည်။ ဤအဘိုးအိုသည် ချန်ယွမ်ရှန်၏အဖေ ချန်ထန်းဖန်ဖြစ်ပြီး ချန်ကလန် ကလန်ခေါင်းဆောင်၏ အကြီးဆုံး အစ်ကိုလည်း ဖြစ်သင့်၏။

"ငါ မင်းကို သတ်မယ်!" ဆံပင်ဖြူအဘိုးအိုသည် ပေါက်ကွဲလုမတတ် အရူးအမူး ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် ပြင်းထန်သော အငွေ့အသက်က ပေါက်ကွဲ ထွက်လာခဲ့သည်။ ကြီးမားသော အငွေ့အသက်သည် ဧရာမ ကျားသစ်ကြီး ဟိန်းဟောက်သံကဲ့သို့ ဖြစ်ပြီး သူ၏မျက်လုံးများက ချင်ယွင်ကို စိုက်ကြည့်နေသည်။

"အစောပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်လား ?" ချင်ယွင်၏ မျက်လုံးများတွင် လေးနက်မှုအရိပ်အယောင်များ ထွက်ပေါ်လာသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အေးစက်မူက အနည်းငယ်မျှပင် လျော့မသွားခဲ့ပေ။

ထိုအချိန်တုန်းက ချန်ကလန်မှ အဘွားအိုသည် သူ့ကို တစ်ကြိမ် တိုက်ခိုက်ဖူးခဲ့ပြီး သူသည် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည်။ ချန်ကလန်သည် ဤအရာကြောင့်ပင် နာကျင်စရာ တန်ဖိုးကို ပေးဆပ်သင့်နေပါပြီ။ ယခုတစ်ကြိမ် ချန်ကလန်သည် ရန်စီချီကို ချန်မင်ရှီနှင့်အတူတူ လက်ထပ်ရန် တွန်းအားပေးချင်နေခဲ့ပြန်သည်။ ချင်ယွင်သည် ချန်မျိုးနွယ်အပေါ် သွေးမလွှမ်းခဲ့ပေ။ ထို့အပြင်၊ ချန်ယွမ်ရှန်သည် ရန်စီချီနှင့် ပတ်သက်ပြီး မထိုက်တန်သော အကြံအစည်များကြောင့် သေဆုံးသွားသင့်၏။

"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်းက ငါ့သားကို သတ်လိုက်ပြီဆိုမှတော့ မင်း ဒီနေ့ ငါနဲ့အတူတူ နေခဲ့ရမယ်။" ဆံပင်ဖြူအဘိုးအိုသည် ချန်ယွမ်ရှန်ကို သူ၏ လက်နှစ်ဖက်ဖြင့် ဖြည်းညှင်းညင်သာစွာ ချလိုက်ပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

ဝှီး…..!

ဆံပင်ဖြူအဘိုးအို၏ ရုပ်အသွင်သည် လျှပ်စီးများနှင့်အတူ ချက်ချင်း ထွက်ပေါ်လာ သည်။ ကြောက်မက်ဖွယ်ကောင်းသော အပြာရောင်လျှပ်စီးများကြားတွင် သူ၏ ရုပ်အသွင်သည် ချင်ယွင်၏ရှေ့ ချက်ချင်း ပေါ်လာပါသည်။

"ဘယ်လောက်တောင် မြန်ဆန်လိုက်လဲ!"

ချင်ယွင်သည် အံ့အားသင့်သွားပြီး သူ၏ခန္ဓာကိုယ်တွင်းရှိ ခွန်အားအားလုံးကို အလျင်အမြန် စုစည်းလိုက်သည်။

"ငရဲကိုသွားလိုက်တော့!" ဆံပင်ဖြူအဘိုးအို၏ လက်ဖဝါးသည် အပြာရောင် လျှပ်စီးများ လင်းလက်တောက်ပနေပြီး ချင်ယွင်၏ နှလုံးသားဆီသို့ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းများဖြင့် ဖြတ်သန်းလာသည်။

ချင်ယွင်၏အမူအရာသည် ချက်ချင်းပင် ပြောင်းခဲသွားခဲ့ပြီး သူလည်း လက်သီးတစ်ချက် ပြန်ထိုးလိုက်သည်။

"ဘုန်း……!"

လျှပ်စီးလက်သီးသည် ပေါက်ကွဲသွားပြီး အပြာရောင် အလင်းတန်းများသည် ချင်ယွင်၏ လက်သီးနှင့် ချက်ချင်း ထိမှန်သွား၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တစ်ခုက သူ့ကို တိုက်ရိုက် လွင့်ထွက်သွားစေပြီး ပေတစ်ရာအကွာအထိပင် လွင့်ပျံစေခဲ့သည်။ ထိုမှသာ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းထားပြီး ရပ်တန့်နိုင်သွားသည်။

ချင်ယွင်သည် ဆံပင်ဖြူအဘိုးအိုကို အံ့သြစွာ ကြည့်လိုက်မိသည်။ အပြာရောင် လျှပ်စီးကြောင်းများသည် သူမျှော်လင့်ထားသည်ထက်ပင် ပိုကြောက်စရာကောင်းနေ ပုံရသည်။ ယခုအချိန်အတွင် သူ၏လက်တွေက အလွန်မင်း ထုံကျင်နေပြီး အားမထုတ် နိုင်လုနီးပါးပင် ဖြစ်နေပါသည်။

"ဟမ့်၊ မင်း ငါ့သားကို သတ်နိုင်ခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူး။ ငါ့ရဲ့ အပြာရောင် လျှပ်စီးကြောင့်တောင် မင်းက ဒဏ်ရာအပြင်းအထန် မရခဲ့ဘူး" ဆံပင်ဖြူ အဘိုးအိုက ဆက်မပြောခင် ခဏလောက် ရပ်လိုက်သည် "ဒါပေမယ့် ဒီနေ့ မင်း သေရမယ်!"

ဆံပင်ဖြူအဘိုးအို၏ အသံသည် တုနှိုင်းမရလောက်အောင်ပင် အေးစက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အပြာရောင်လျှပ်စီးကြောင်းများသည် သူ၏ ညာဖက်လက်တွင် တစ်ဖန်ပေါ်လာ၏။ အပြာရောင် လျှပ်စီးလက်သည် သူ၏ မျက်နှာပေါ် ထွန်းလင်းတောက်ပနေကာ သူ့ကို အလွန်ရက်စက်သည့်ပုံ ပေါက်စေသည်။

"ခင်ဗျားတစ်ယောက်ပဲ လျှပ်စီးကို သိတဲ့လူလို့ ထင်နေလား" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ဒေါသပြင်းထန်စွာ ထွက်ပေါ်လာ၏။

ခင်ဗျားက အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင် ဖြစ်တော့ ရော ဘာဖြစ်လဲ။ ဒီနေ့ ခင်ဗျားက ကျုပ်သတ်ဖူးတဲ့ အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လာရမယ်။

အနက်ရောင် ဖရိုဖရဲ လျှပ်စီးများ ထွက်ပေါ်လာပြီး ပျက်ဆီးခြင်းအငွေ့အသက်က ချင်ယွင်၏ တစ်ကိုယ်လုံးကို ချက်ချင်း စိမ့်ဝင်သွားခဲ့သည်။ အနက်ရောင် လျှပ်စီးကြောင်းများသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်မှာ လင်းလက်နေခဲ့ပြီး အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

"ဒါက ဘယ်လိုလျှပ်စီးမျိုးလဲ" ဆံပင်ဖြူအဘိုးအို၏ မျက်လုံးများတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာပါသည်။ အပြာရောင်လျှပ်စီးကြောင်းကို အရင်ကတည်းက သူ မြင်ခဲ့ဖူးသော်လည်း အနက်ရောင်လျှပ်စီးကြောင်းကိုတော့ သူ မမြင်ဖူးပါဘူး။

"ဟမ့်၊ မင်းက ဘယ်လို လျှပ်စီးမျိုးပဲ ပိုင်ဆိုင်ထားပါစေ၊ ဒါတွေအားလုံးကို အဆုံးမှာတော့ ငါ ပိုင်ဆိုင်ရလိမ့်မယ်" ချက်ခြင်းဆိုသလို ပစ်ဝင်သွားရင်း ဆံပင်ဖြူအဘိုးအို၏ မျက်လုံးတွေထဲ အေးစက်သည့် အရိပ်အယောင်တွေ ပေါ်လာပါသည်။

အခန်း (၅၃၇) လျှပ်စီးဝါးမျိုခြင်း လျှို့ဝှက်ပညာရပ်။

"ဘုန်း………..!"

ချင်ယွင်၏ အနက်ရောင်လျှပ်စီးလက်သီးချက်သည် ဆံပင်ဖြူအဘိုးအို၏ အပြာရောင် လျှပ်စီးလက်သီးနှင့် ထိပ်တိုက်ရင်မိသွား၏။

ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများသည် ကြောက်စရာကောင်းသည့် လျှပ်စီးမြွေများကဲ့သို့ အချင်းချင်း တိုက်မိသွားကြသည်။ သူတို့ခြေထောက်အောက်မှ မြေပြင်သည် ကြောက်စရာကောင်းသော လျှပ်စီးကြောင်းနှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမူ ကြောင့် ပေါက်ကွဲသွား၏။ မြေပြင်ပေါ်ရှိ ကျောက်တုံးများသည် တစ်လုံးပြီးတစ်လုံး တိုက်ရိုက် ပေါက်ကွဲသွားပြီး ကြီးမားသော တွင်းနက်ပေါက်ကြီးများပင် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

လျှပ်စီးနှစ်ခု၏ထိပ်တိုက်တွေ့ဆုံမူအရ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေပုံပင်။ အနက်ရောင်လျှပ်စီးနှင့် အပြာရောင်လျှပ်စီးတို့သည် တစ်ခုနှင့်တစ်ခု ထိပ်တိုက် တွေ့ဆုံနေခဲ့ပြီး အချိန်အတော်ကြာသည်အထိ သူတို့နှစ်ယောက်သည် အမှန်တကယ် လက်ရည်တူနေခဲ့သည်။

အဝေးမှလူတွေအားလုံးသည် ဤမြင်ကွင်းကို အံ့သြတကြီး ဖြစ်သည့်အမူအရာဖြင့် ကြည့်နေကြ၏။

လျှိုလင်းလည်း ထိတ်လန့်သွားသည်။ ချင်ယွင်သည် အင်မော်တယ်အသွင်ကူးပြောင်း ခြင်းနယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦးနှင့် လက်ရည်တူတိုက်ခိုက်နိုင်မည်ဟု သူမ အမှန်တကယ်ပင် မမျှော်လင့်ခဲ့ပေ။

တစ်ချိန်တည်းမှာပင် သားရဲဘုရင်ရှောင်ဇီသည်လည်း ထိတ်လန့်သွားရသည်။ ချင်ယွင် သူ့ကို တိုက်ခိုက်သည့်အချိန်တုန်းက တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်း အဆင့်မှာတောင် မရှိသေးပါဘူး။ ယခုအခါတွင်၊ သူ၏ခွန်အားသည် အစောပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရှိ ကျွမ်းကျင်သူနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်ပါသည်။ ထို့အပြင် ဤအချိန်သည် လအနည်းငယ်သာ ကြာပါသေးသည်။ ထိုသို့သော အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

"ဒါက ဘယ်လိုလျှပ်စီးမျိုးလဲ။ အဲဒါက တကယ်ကို အစွမ်းထက်တယ်။" ဆံပင်ဖြူ အဘိုးကြီးလည်း အံ့သြသွား၏။

သူ၏ရှေ့မှ ဤလူငယ်သည် သူ့ကို ဆန့်ကျင်တိုက်ခိုက်နိုင်ရခြင်း၏ အကြောင်းရင်းမှာ သူကိုယ်တိုင်က အစွမ်းထက်လွန်းနေခြင်းကြောင့်သာမဟုတ်ဘဲ အနက်ရောင်လျှပ်စီး တွင် ပါရှိသော စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းနေသောကြောင့်လည်း ဖြစ်ပါသည်။

"ဟမ့်၊ မင်းရဲ့လျှပ်စီးက ပို၍အားကောင်းလေလေ၊ ငါ့အတွက် ပိုကောင်းလေပဲ။ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်ကို ဖြတ်ကျော် နိုင်ဖို့ ဒီအနက်ရောင်လျှပ်စီးကြောင်းကို ငါ အသုံးပြုလို့ရတယ်။" ဆံပင်ဖြူအဘိုးအိုက သူ၏နှလုံးသားထဲမှာ လှောင်ရယ်နေမိသည် ချင်ယွင်၏လက်ထဲရှိ အနက်ရောင် လျှပ်စီးကြောင်းများကို ကြည့်လိုက်ရင်း သူ၏မျက်လုံးတွေက ပြင်းထန်သည့် လောဘမီးလျှံတွေနှင့်အတူ ပြူးကျယ်နေလေသည်။

"ကောင်စုတ်လေး…၊ မင်းက အဲဒီအနက်ရောင်လျှပ်စီးတွေနဲ့ လုံးဝ မထိုက်တန်ဘူး။ အခု မင်း ငါ့အတွက် ထားခဲ့လိုက်တော့။" ဆံပင်ဖြူ အဘိုးကြီးသည် ရုတ်တရက် အထင်သေးဟန်ဖြင့် ဆိုလိုက်၏။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါတွင် ဆိုးရွားသော ကြိုတင်သတိပေးချက် တစ်ခုက ချက်ချင်းဆိုသလို ထွက်ပေါ်လာပြီး ရပ်တန့်ပြီး နောက်ပြန်ဆုတ်ရန် အမြန် ပြင်ဆင်လိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင် ဆံပင်ဖြူအဘိုးအို၏ လက်သီးချက်မှ ရူးသွပ်ဖွယ် စုပ်ယူမူစွမ်းအားတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာသည်။ ချင်ယွ၏ လက်သီးမှာ လွှမ်းခြုံရစ်ပတ်ထားသော အနက်ရောင်လျှပ်စီးကြောင်းများသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

"ဘာတွေ ဖြစ်နေတာလဲ?" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ သူသည် သူ၏လက်သီးကို ပြန်ဆွဲထုတ်ချင်သော်လည်း သူ၏လက်သီးက ဆံပင်ဖြူအဘိုးအိုလက်သီးနှင့် တင်းတင်းကြပ်ကြပ် တွဲကပ်နေသည် ကို တွေ့လိုက်ရသည်။

ထိုမျှတင်မကသေးပေ။ ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်လျှပ်စီးကြောင်းတွေ ကလည်း ချင်ယွင်၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားခဲ့ပြီး သူ၏လက်မောင်းမှ တဆင့် ထွက်ပေါ်လာကာ နောက်ဆုံးမှာတော့ ဆံပင်ဖြူအဘိုးအို၏ ခန္ဓာကိုယ်ထဲကို စီးဆင်းသွားပါတော့သည်။

"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ လျှပ်စီးရဲ့စွမ်းအားတွေလဲ၊ ဒီလျှပ်စီးတွေက ဒီလောက်ပြင်းထန်တဲ့ စွမ်းအားတွေ ဖြစ်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး! ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလိုက်လဲ!" အနက်ရောင် လျှပ်စီးများသည် ဆံပင်ဖြူအဘိုးအို၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက်စီးဆင်းနေသည်နှင့်အမျှ ဆံပင်ဖြူ အဘိုးအို၏မျက်နှာသည် စိတ်အားတက်ကြွသည့်အမူအရာတစ်ခု ပေါ်လာပါသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည်လည်း ဆက်လက်မြင့်တက်လာခဲ့ပြီး ပို၍ပင် ကြောက်စရာကောင်းလာသည်။

"မကောင်းတော့ဘူး၊ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မကြာခင်မှာဘဲ ငါ့ရဲ့ ဖရိုဖရဲ လျှပ်စီးအားလုံးကို ခြောက်ခန်းသွားလိမ့်မယ်။" ချင်ယွင်က စိုးရိမ်တကြီး ပြောလိုက်မိသည်။

သူသည် မိုးကြိုးဝိညာဉ်တောင်တန်းရှိ လေဟာနယ်အက်ကြောင်းထဲမှ ဤအနက်ရောင် ဖရိုဖရဲလျှပ်စီးများကို ရရှိခဲ့သည်။ သူသည် လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ ခန္ဓာကိုယ်တွင် ဖရိုဖရဲလျှပ်စီးမျိုးစေ့များကို စိုက်ပျိုးထားသောကြောင့် ဤအနက်ရောင် ဖရိုဖရဲ လျှပ်စီးများကို အချိန်အကြာကြီး အသုံးချနိုင်ခဲ့သည်။ သို့တိုင် သူသည် အရူးအမူး ဝါးမျိုးနေသည့် ဆံပင်ဖြ်အဘိုးကြီးကို မခုခံနိုင်ခဲ့ပါဘူး။

"ဟား……...။ ဟား…..။ ရုန်းကန်မနေပါနဲ့တော့။ ငါက ပြည့်စုံခြင်းမရှိတော့တဲ့ ရှေးဟောင်း ခန္ဓာကိုယ်တစ်ခုကနေ ဒီလျှပ်စီးဝါးမျိုခြင်း လျှို့ဝှက်ပညာရပ်ကို ရရှိထားတာ။ လျှပ်စီးဖြစ်နေသမျှ ငါက ဝါးမျိုနိုင်စွမ်းရှိတယ်။ မင်း လွတ်မြောက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ လျှပ်စီးတွေ ခြောက်သွေ့သည်အထိ စုပ်ယူခံရတာကို စောင့်နေလိုက်၊ ပြီးရင် သေလိုက်တော့!" ဆံပင်ဖြူအဘိုးအိုသည် ဟက်ဟက်ပက်ပက် ရယ်မောနေပြီး သူ၏နှလုံးသားမှာ ရွှင်လန်းမှုအပြည့် ဖြစ်နေပါသည်။

ချင်ယွင်သည် နှိုင်းယှဉ်၍မရအောင်ပင် မျက်မှောင်ကြုတ်လိုက်သော်လည်း သူသည် ဤပြင်းထန်သော စုပ်ယူမှုစွမ်းအားမှ လွတ်မြောက်နိုင်စွမ်းမရှိဘဲ သူ၏ခန္ဓာကိုယ် တစ်လုံးသည် အကျဉ်းချခံထားရသလို ဖြစ်နေဟန်တူသည်။

"ငါ တကယ် မလုပ်နိုင်ခဲ့ဘူး။ ငါ ဟောင်ခွန်ကို လှုပ်ရှားခွင့် ပေးရုံပဲတတ်နိုင်တော့တယ်။ ဒီဖရိုဖရဲလျှပ်စီးတွေကို သူ့ကို စုပ်ယူခွင့် လုံးဝ ပေးလို့မရဘူး။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိသည်။

"အောင်း..……!"

သို့သော်၊ သူသည် ဟောင်ခွန်အား တိုက်ခိုက်ရန်အတွက် အသံပို့လွှတ်ပြီး တောင်းဆိုရန် စိတ်ကူးထားနေစဉ်မှာ နဂါးဟောက်သံသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာ လေသည်။

ထိုနဂါးဟိန်းဟောက်သံကိုကြားလျှင် ချင်ယွင်၏မျက်နှာသည် ချက်ခြင်းပင် စိတ်အား တက်ကြွသည့် အမူအရာ ပေါ်လာပါသည်။

ဤကောင်လေးကို သူ မည်သို့မေ့နိုင်မည်နည်း။ ဤကောင်လေးသည် ကောင်းကင် ကပ်ဘေးဒုက္ခလျှပ်စီးများကိုပင် ဝါးမျိုးနိုင်စွမ်းရှိသည်။ ဤဆံပင်ဖြူအဘိုးအိုသည် ဤထူးဆန်းသော အနက်ရောင်လျှပ်စီးနဂါးလေးကို ဝါးမျိုးနိုင်မည်ဟု ချင်ယွင် မယုံကြည်ပေ။

ဝှီး……!

အနက်ရောင်လျှပ်စီးနဂါးလေးသည် ချင်ယွင်၏လက်မှ ပြေးထွက်လာပြီး ဆံပင်ဖြူ အဘိုးအို၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

"ဒါက ဘာလဲ?"

ဆံပင်ဖြူ အဘိုးအိုသည် အနက်ရောင်လျှပ်စီးနဂါးလေးကို မြင်သောအခါ အံ့အားသင့် သော အမူအရာ ပေါ်လာပါသည်။ သို့သော် အနက်ရောင်လျှပ်စီးနဂါးငယ်လေး အတွင်းမှာပါရှိသော ကြီးမားလှသည့် စွမ်းအားကို သူ ခံစားနိုင်သည်။

"တကယ်လို့ ငါသာ အဲဒါကို မျိုချလိုက်မယ်ဆိုရင်၊ အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်ရဲ့ အလယ်အဆင့် ဒါမှမဟုတ် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ် ရဲ့ နှောင်းပိုင်းအဆင့်ကိုတောင် ရောက်ရှိသွားမှာ သေချာပါတယ်။" အနက်ရောင် လျှပ်စီးနဂါးလေးကို တိုက်ခိုက်ရန်အတွက် သူ၏စုပ်ယူခြင်းစွမ်းအားကို အလျင်အမြန် အသုံးပြုရင်း ဆံပင်ဖြူအဘိုးအို၏ မျက်လုံးတွေက ပြင်းထန်သည့် အလင်းရောင်တွေနှင့် အတူ ပေါက်ကွဲထွက်လာခဲ့သည်။

အနက်ရောင်လျှပ်စီးနဂါးလေးသည် ဤစုပ်ယူခြင်းစွမ်းအားနောက်သို့ လိုက်ပါရင်း ဆံပင်ဖြူ အဘိုးအို၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

"ဟား…..။ ဟား……။ ငါ အဲဒါကို လုံးလုံး ချေဖျက်လိုက်တာနဲ့ ငါ့ရဲ့ခွန်အားတွေက ကောင်းကင်အထိ ကျိန်းသေပေါက် ပျံတက်သွားလိမ့်မယ်။ ကောင်းကင်ဘုံက ငါ့ကို တကယ်ပဲ ကူညီပေးခဲ့တယ်။ ကောင်းကင်ဘုံက ငါ့ကို တကယ်ကို ကူညီပေးခဲ့တာပဲ ။" သူသည် သူ၏ ရှည်လျားသော အဖြူရောင်ဆံပင်များက ကောင်းကင်ယံသို့ ထောင်တက်နေသည်အထိပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။ သားဖြစ်သူကို ဆုံးရှုံးလိုက်ရသည့် နာကျင်မှုတွေက သူ၏ခွန်အားတွေ ပေါက်ကွဲ ထွက်လာတော့မည့် ပျော်ရွှင်မှုတွေကြောင့် လုံးလုံးလျားလျား လျော့ပါးသွားခဲ့ပြီ။

"အဲဒီအတိုင်း တကယ်ရော ဟုတ်ရဲ့လား?" ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက်သည်။

"အယ်….?" ဆံပင်ဖြူ အဘိုးအိုသည် အံ့သြသည့်အမူအရာကို ထုတ်ဖော်ပြီးနောက် သူ၏မျက်နှာအမူအရာက ချက်ချင်း ပြောင်းသွားလေသည်။

"အောင်း……!"

နဂါးတစ်ကောင်၏ဟိန်းဟောက်သံကို ကြားပြီးနောက်၊ ဆံပင်ဖြူအဘိုးအို၏ မျက်နှာ အမူအရာသည် အလွန် နာကျင်လာနေဟန်ရသည်။

"ဟင်... ဘာဖြစ်နေတာလဲ?"

ဆံပင်ဖြူ အဘိုးအိုသည် သူ၏ခန္ဓာကိုယ်ရှိ လျှပ်စီးစွမ်းအင်များ အမှန်တကယ် ပျောက်ကွယ်သွားကြောင်း တွေ့ရှိခဲ့ရ၏။ သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင် တွေတောင် ချက်ချင်းဆိုသလို ပျောက်သွားသည်။ တစ်နည်းဆိုရသော် ဆံပင်ဖြူ အဘိုးအိုသည် သူ၏ဝိညာဉ်စွမ်းအင်အားလုံးကို ချက်ခြင်း ဆုံးရှုံးသွားရသော သာမန် သေမျိုးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားရလေသည်။

"ဟမ့်၊ ငရဲဘုရင်ကပဲ ခင်ဗျားကို ပြောပြပေးနိုင်လိမ့်မယ်။"

ချင်ယွင်၏ မျက်လုံးများတွင် ရက်စက်မှုအရိပ်အမြွက် ထွက်ပေါ်လာသည်။ သူသည် မြူနှင်းချောက်နက်ဓားကို သူ၏ခါးမှ တိုက်ရိုက်ဆွဲထုတ်လိုက်ပြီး ဆံပင်ဖြူအဘိုးအို၏ ဦးခေါင်းကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်သည်။

ဤအချိန်တွင် သုံးစားမရသည့်ချီးဦးနှောက်ရှိသူကသာ ဆံပင်ဖြူအဘိုးအိုအား လွတ်မြောက်ရန် အခွင့်အရေး ပေးပါလိမ့်မည်။ အကယ်၍ အစွမ်းထက်သော ရန်သူတစ်ဦး ထပ်မံ ရောက်လာပါက၊ သူသည် ဤအဘိုးအိုကို သတ်ဖြတ်ရန် အလွန် ခဲယဉ်းသွားပေလိမ့်မည်။

ပြတ်ပြတ်သားသား သတ်ဖြတ်ပစ်ရမည်။ ဤသည်မှာ သေမျိုးတစ်ယောက် ဖြစ်သွားသည်အထိ လုပ်ကြံခံရပြီးနောက် ချင်ယွင် နားလည်ခဲ့သော နိယာမ ဖြစ်သည်။

ပတ်ဝန်းကျင်သည် လုံးဝတိတ်ဆိတ်သွားခဲ့၏။ အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ ကျွမ်းကျင်သူတစ်ဦးသည် ထိုကဲ့သို့ အသတ်ခံလိုက်ရသည်လား။

"အောင်း…..!"

အနက်ရောင်လျှပ်စီးနဂါးလေးသည် ဆံပင်ဖြူ အဘိုးအို၏ ခန္ဓာကိုယ်မှ ပျံထွက်သွားပြီး အပြည့်အဝ ဟိန်းဟောက်လိုက်၏။

ချင်ယွင်က ပြုံးလိုက်ပြီး သူ၏အကြည့်တွေက ဆံပင်ဖြူ အဘိုးအိုအလောင်း၏ လက်ချောင်းတွေပေါ် ချက်ချင်း ကျရောက်သွားခဲ့သည်။ ထိုနေရာမှာ သိုလှောင် လက်စွပ်တစ်ကွင်း ရှိနေ၏။

ချင်ယွင်သည် ထိုအဘိုးအိုအသုံးပြုခဲ့သော လျှပ်စီးဝါးမျိုးခြင်းလျှို့ဝှက်ပညာရပ်ကို အလွန်စိတ်ဝင်စားခဲ့သည်။ သူ၏ခွန်အားများ တိုးပွားလာစေရန်အတွက် လျှပ်စီးတွေကို ဝါးမျိုးရာမှာ ဤလျှပ်စီးဝါးမျိုးခြင်း လျှို့ဝှက်ပညာရပ်သည် သူ၏လျှပ်စီးစွမ်းရည် ကိုယ်ပွားအတွက် အံဝင်ခွင်ကျဖြစ်စေသည့် လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်ပုံရသည်။ သူ၏လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ဤလျှို့ဝှက်ပညာရပ်ကို ပိုင်ဆိုင်ထားသမျှ ကာလပတ်လုံး ၎င်း၏ စွမ်းအားသည် သိသိသာသာ တိုးလာမည် ဖြစ်သည်။

ဘန်း…..!

ချင်ယွင်က သူ၏လက်ကိုဖွင့်ပြီး သိုလှောင်လက်စွပ်ကို တိုက်ရိုက် စုပ်လိုက်သည်။ သိုလှောင်လက်စွပ်သည် ဆံပင်ဖြူအဘိုးအို၏လက်မှ တိုက်ရိုက် ပြုတ်ကျပြီး ချင်ယွင်၏ လက်ထဲသို့ ပျံတက်သွားခဲ့၏။

“တကယ်ကို အဲဒီလိုလျှို့ဝှက်ပညာမျိုး ရှိနေတာပဲ”။

ချင်ယွင်သည် စူးစမ်းရန်အတွက် သူ၏စိတ်ဝိညာဉ်စွမ်းအားကို အလျင်အမြန် အသုံးပြုကာ ကြည့်လိုက်လျှင် သိုလှောင်လက်စွပ်ထဲတွင် မပြည့်စုံသော ရှေးဟောင်း စာလိပ်တစ်ခုကို တွေ့ရှိခဲ့သည်။ ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ပျော်ရွှင်သည့် အမူအရာ ပေါ်လွင်စေသည်။

အခန်း (၅၃၈) ချန်ကလန်၏ကလန်ခေါင်းဆောင်။

"မြန်မြန်သွားပြီး ကလန်ခေါင်းဆောင်ကို သတင်းပို့လိုက်။ မြန်မြန်သွားပြီး ကလန် ခေါင်းဆောင်ကို သတင်းပို့လိုက်"

ချန်ကလန် တစ်ခုလုံး လုံးဝကို အရူးအမူး ဖြစ်သွားကြသည်။ ဆံပင်ဖြူ အဘိုးအိုက မည်သူနည်း…။

သူသည် ချန်ကလန်ခေါင်းဆောင်၏ အစ်ကိုအရင်းဖြစ်ပြီး ချန်ကလန်၏ ကြီးကြယ်ခမ်း နားသော အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ လေးယောက်ထဲ မှ တစ်ဦးဖြစ်သည့်အပြင် ချန်ကလန် တရားဥပဒေစိုးမိုးရေးခန်းမ၏ အကြီးအကဲလည်း ဖြစ်သည်။ ထိုကဲ့သို့‌ပုံစံမျိုးဖြင့် သူသည် ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ် အသတ်ခံ လိုက်ရသည်။ ဤသည်မှာ ကောင်းကင်ဘုံကိုပင် လုံးဝကို ဇောက်ထိုးမိုးမျှော် ဖြစ်သွား စေလောက်သည့် စည်းချက်တစ်ခု ဖြစ်နေပြီ။

သေချာပါသည်၊ ထိုအချက်ပေးအော်ဟစ်သံများ မြည်ဟီးသွားပြီး သိပ်မကြာခင်မှာ ချန်ကလန်မှလူတွေအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြပါ သည်။ ချန်ကလန်၏ တပည့်များအားလုံးသည် သူတို့၏လက်နက်များကို မြှောက်ပြီး ချင်ယွင် နှင့် အခြားလူများကို လုံးလုံးပိတ်ဆို့သွားသည်အထိ ဝိုင်းထားလိုက်ကြသည်။ သူတို့က ချင်ယွင် နှင့် အခြားလူများကို အငမ်းမရဖြစ်ဟန်ဖြင့် စိုက်ကြည့်နေသည်။

သို့သော် မည်သူမျှ ရှေ့သို့ ခြေတစ်လှမ်းမချဝံ့ကြပေ။ နောက်ဆုံးမှာတော့၊ တရားဥပဒေစိုးမိုးရေးခန်းမ အကြီးအကဲ၏အလောင်းသည် ချင်ယွင်၏ ခြေရင်း၌ လဲလျောင်းနေသေး၏။ ထို့အပြင် ထိုအလောင်းသည် အင်မော်တယ်အသွင်ကူးပြောင်း ခြင်းနယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်နေသည်။

ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို သူ၏လက်ထဲမှာ ကိုင်ထားရင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။ သူသည် ဆံပင်ဖြူအဘိုးအို၏ သိုလှောင်လက်စွပ်ကို ဖယ်ရှားလိုက်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။

ချန်ကလန်သည် အမှန်တကယ်ပင် နက်ရှိုင်းသော အခြေခံအုတ်မြစ်နှင့်အတူ မျိုးနွယ်စုကြီး လေးခုထဲမှ တစ်ခုဖြစ်သည်ဟု ဆိုရပေမည်။ ယခုအချိန်တွင် သူတို့ပတ်ဝန်းကျင်မှာ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူ အယောက် နှစ်ဆယ်ထက်မနည်း ရှိနေပါသည်။ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင် များသည် အမှန်တကယ်ပင် ရှစ်ဦးအထိရှိနေပြီး ယင်းသည် အရှေ့တောင်ဘက် ဒေသတစ်လျှောက်တွင် ပြန့်ကျဲနေသော ကျွမ်းကျင်သူများကို ဖော်ပြထားခြင်း မရှိသေးပေ။ ဤကဲ့သို့သော အင်အားစုသည် ဒေသတစ်ခုကို အုပ်စိုးရန် သဘာဝအတိုင်း မခက်ခဲတော့ပေ။

သို့သော် ချင်ယွင်သည် ယခင်ကနှင့် မတူတော့ပေ။ အင်မော်တယ် အသွင်ကူးပြောင်း ခြင်းနယ်ပယ် အောက်ရှိ မည်သူကမျှ သူ့ကို ခြိမ်းခြောက်မှု မပြုနိုင်တော့ပေ။ ချင်ယွင် အမှန်တကယ် ဂရုစိုက်သည်မှာ ချန်ကလန်၏ ကျန်ရှိနေသော အင်မော်တယ်အသွင် ကူးပြောင်းခြင်းနယ်ပယ်ရှိ ကျွမ်းကျင်သူသုံးဦး ဖြစ်သည်။

ရှပ်…။

ထိုအချိန်တွင် ချင်ယွင်နှင့် အခြားလူများကို ဝိုင်းရံနေသော ချန်ကလန်၏ အဖွဲ့ဝင်များ သည် ရုတ်တရက် လူစုခွဲသွားပြီးနောက် လူသုံးယောက် ထွက်လာခဲ့၏။

ထိုလူတို့ သုံးယောက် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ချန်ကလန်မှ တပည့်များ အားလုံးသည် ရိုသေလေးစားသည့်အမူအရာများ ပေါ်လာကြသည်။

ခေါင်းဆောင်သည် အသက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်သည်။ သူသည် ခရမ်းရောင် ပိုးထည်၀တ်စုံနှင့် ရွှေချည်မျှင်များဖြင့် ချယ်သထားသော ရွှေစပါးအုံးမြွေပါ ဝတ်ရုံကို ၀တ်ဆင်ထားသည်။ သူ၏မျက်နှာသည် ပြတ်သားပြီး အေးစက်နေကာ သူ၏ ခန္ဓာကိုယ်တစ်ခုထံမှ အုံ့မှိုင်းပြီး ခမ်းနားထည်ဝါသောအငွေ့အသက်ကို ထုတ်လွှတ်နေ ၏။

သူသည် ချန်ကလန်၏ ကလန်ခေါင်းဆောင် ဖြစ်သော ချန်ရှီထန် ဖြစ်ပါသည်။ သူ၏ ကျင့်ကြံမူအဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ နှောင်းပိုင်း အဆင့်သို့ရောက်ရှိနေခဲ့ပြီး ချန်ကလန်တွင် နံပါတ်တစ်ကျွမ်းကျင်သူအဖြစ် အသိအမှတ် ပြုခံရသူ ဖြစ်ပါသည်။

သူ၏ဘယ်ဘက်တွင် ဆံပင်ဖြူဖြူ မုတ်ဆိတ်ဖြူနှင့်အဘိုးကြီးတစ်ဦး ရှိနေပြီး သူသည် အနည်းငယ် ခါးကိုင်းကာ မျက်နှာက ရှုံ့တွနေ၏။ သူသည် ခေါင်းတလားသို့ ခြေတဝက် လှမ်းနေသည့် အဘိုးအိုတစ်ဦးနှင့်တူသော်လည်း သူ၏မျက်လုံးများက အေးစက်နေ၏။ သူ၏ပုံစံကြည့်ရသည်မှာ ယုတ်မာကောက်ကျစ်သည့် အဘိုးအိုတစ်ယောက်လိုပင်။

ဤအဘိုးအိုသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ချန်ကလန်၏ တော်ဝင်အကြီးအကဲ, ချန်ကျန်းဟိုင်ဖြစ်ကာ ချန်ကလန်တွင် ဒုတိယအစွမ်းထက်ဆုံး လူဖြစ်သည်။

ချန်ရှီထန်၏ညာဘက်တွင် အရပ်ရှည်ရှည်နှင့် ချောမောခန့်ညားသော လူငယ် တစ်ယောက် ရှိနေသည်။ သူ၏ပုံစံအရ အသက်နှစ်ဆယ့်ငါးနှစ် ဆယ့်ခြောက် နှစ်လောက်ရှိလိမ့်မည်။ သူသည် မိုးပြာရွှေရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး သူ၏ အကြည့်များက မောက်မာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ လွှမ်းမိုးကြီးစိုးပြီး မောက်မာသည့်အငွေ့အသက်ကို ထုတ်လွှတ်နေ၏။

သို့သော် ဤလူငယ်၏ ကျင့်ကြံခြင်းအဆင့်ကလည်း မနိမ့်ကျပေ။ သူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် အနှိုင်းမဲ့ မာနကြီးနေသည်မှာ အံ့သြစရာမရှိပေ။ သူ့မှာ အမှန်တကယ် မာနကြီးနိုင်သည့် အရည်အချင်းလည်း ရှိနေပုံရသည်။

သူသည် ချန်ရှီထန်၏ မွေးစားသားဖြစ်သည်။ သူ၏နာမည်က ချန်ထန်းလောင် ဖြစ်သည်။ သူသည် ချန်ကလန်၏ အရည်အချင်းအရှိဆုံးနှင့် အလားအလာအကြီးမား ဆုံး တပည့်တစ်ဦးလည်း ဖြစ်သည်။ အထူးသဖြင့် သူ၏ အုပ်စိုးရှင်လှံသည် မရေတွက် နိုင်အောင်များပြားသော သူနှင့်အသက်တူရွယ်တူများကို ဖိနှိပ်ထားနိုင်ခဲ့သည်။

သူ၏လှံသိုင်းပညာရပ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀ ခန့်က ဓားတာအို၏ ပါရမီရှင် ဟောင်ခွန်နှင့်ပင် ယှဉ်နိုင်သည်ဟု ကောလဟာလများ ရှိခဲ့ကြသည်။

အမှန်တကယ်ဆို ချန်ကလန်၏သွေးတွေက သူ၏ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေခြင်း မရှိခဲ့ခြင်းကြောင့်သာ၊ ထိုသို့မဟုတ်လျှင် အနာဂတ် ချန်ကလန်၏ ကလန်ခေါင်းဆောင် ကိုယ်စားလှယ်လောင်းလျာသည် အရင်ကတည်းက သူ၏ခေါင်းပေါ်ကို ကျရောက်လာ လိမ့်မည်။

ချန်ကလန်၏ ကျန်ရှိနေသေးသော အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ သုံးဦးစလုံးသည် ချက်ချင်းပင် ရောက်ရှိလာကြပြီး ကွင်းပြင်ပေါ်ရှိ အငွေ့အသက်သည် ချက်ချင်းပင် ပြောင်းပြန်ဖြစ်သွားကြသည်။

ချန်ကလန်၏ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ သုံးဦးသည် ချန်ကလန်၏ နှလုံးသားထဲတွင် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြပြီး အထူးသဖြင့် ချန်ကလန်၏ ကလန်ခေါင်းဆောင် ချန်ရှီထန် ဖြစ်သည်။

သူ၏ထွက်ပေါ်လာမူက ဆံပင်ဖြူအဘိုးအိုအား ဘာမှမဟုတ်သည့်အလား သတ်ဖြတ် ပြီး ယူဆောင်လာသော ချင်ယွင်အား ပြင်းထန်သောဖိအားကို ချက်ချင်း ဖြစ်ပေါ်စေခဲ့ သည်။

ချန်ကလန်မှ တပည့်များအားလုံးသည် ယုံကြည်မှုအပြည့်ရှိသည့် အမူအရာကို ထုတ်ဖော်မပြခင် အနည်းငယ် ထိတ်လန့်နေကြဆဲ ဖြစ်သည်။ သူတို့သည် ချင်ယွင်နှင့် အခြားလူများကို လှည့်ကြည့်လိုက်စဉ် သူတို့၏မျက်လုံးများသည် မာနကြီးသည့် အသွင်အပြင်ကို ပေါ်လွင်စေသည်။

ချန်ရှီထန်သည် လူအုပ်ကြီးကို ဖြတ်သန်းသွားပြီးနောက် ဆံပင်ဖြူ အဘိုးအိုနှင့် ချန်ယွမ်ရှန်တို့သည် သွေးအိုင်ထဲတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။ သူ၏ မျက်လုံးများသည် ချက်ချင်းပင် ကျဉ်းမြောင်းသွားပြီး သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် သူ၏အကြည့်တွေက ချင်ယွင်နှင့် အခြားလူများထံ ရောက်သွားခဲ့သည်။

သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရူလိုက်ပြီးနောက် ဤအုပ်စု၏ အမြင့်ဆုံး ကျင့်ကြံသူမှာ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင်သာ ရှိသည်ကို တွေ့လိုက်ရလျှင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ၏မျက်လုံးထဲတွင် ချက်ချင်းဆိုသလို ပြန်ပေါ်လာ၏။

အထူးသဖြင့် သူ၏ဓားကိုကိုင်ပြီး ရပ်နေသော ချင်ယွင်ကို တွေ့လိုက်ရလျှင် သူ၏ မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်တွေနှင့် ပြည့်နှက်နေခဲ့သည်။

ဆံပင်ဖြူဖြူ မုတ်ဆိတ်ဖြူနှင့် အဘိုးကြီးသည်လည်း ချင်ယွင်နှင့် အခြားလူများကို ကြည့်နေ၏။ ချင်ယွင်၏ ကျင့်ကြံမူအဆင့်ကြောင့် သူသည် အနည်းငယ် အံ့သြသွား၏။ နောက်ဆုံးတွင်၊ သူသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ဖူးပြီး ကမ္ဘာပေါ်တွင် မွန်းစတားဆန်သည့် မည်သို့သောပါရမီရှင်မျိုး ရှိနေသည်ကို သူသိထားသည်။

သို့သော်၊ သူသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် စွမ်းအားကို အသုံးပြု၍ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အစောပိုင်း အဆင့်ရှိ ကျင့်ကြံသူတစ်ဦးအား သတ်ဖြတ်နိုင်သည့် ပါရမီရှင်တစ်ဦးကို ယခင်က ဘယ်တုန်းကမှ သူ မမြင်တွေ့ခဲ့ဖူးပေ။

သို့သော် ဤအရာသည် သူ အစိုးရိမ်ဆုံးအရာတော့ မဟုတ်ပေ။ သူ အစိုးရိမ်ဆုံးက ချင်ယွင်၏ နောက်ကွယ်မှာ အသေကောင်လိုရပ်နေသည့် ဟောင်ခွန် ဖြစ်ပါသည်။ ဤအသက်လတ်ပိုင်းအရွယ်အမျိုးသားသည် လျှို့ဝှက်ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း သူ အမြဲတမ်း ခံစားမိ၏။ သို့သော် သူ့ကို အချိန်အတော်ကြာအောင် စစ်ဆေးပြီး နောက်တွင် သဲလွန်စ တစ်ခုတစ်လေမျှ မတွေ့ရှိရသဖြင့် သူ လက်လျှော့လိုက်ရသည်။

ချန်ထန်းလောင်သည် ဤမျှလောက် တွေးတောခြင်း မရှိပေ။ လက်ရှိတွင် သူသည် ချင်ယွင်ကို သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ကြည့်နေလေ၏။

သို့သော် သူချင်ယွင်ကို သတ်ဖြတ်လိုသည့်အကြောင်းအရင်းမှာ ချင်ယွင်က ဆံပင်ဖြူ အဘိုးအိုကို သတ်ပစ်သည့်အတွက် ဒေါသထွက်ခြင်းကြောင့် မဟုတ်ဘဲ ချင်ယွင် ပြသခဲ့သည့် အရည်အချင်းကြောင့် ဖြစ်လေသည်။ ယင်းကြောင့် အရှေ့တောင်ဒေသ တခွင်မှာ နံပါတ်တစ် ပါရမီရှင်အဖြစ် ရပ်တည်ခဲ့သော သူ၏ရာထူးကို ခြိမ်းခြောက် ခံနေရသည်ဟု သူ့ကို ခံစားရစေသည်။

အကယ်၍ အထွတ်အထိပ်အဆင့်ရှိ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးသည် အစောပိုင်းအဆင့်ရှိ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ပစ်ခဲ့သည့် ထိုသတင်းသာ ပျံ့နှံ့သွားပါက သူ၏ ထက်မြက်မှုကို ဖုံးကွယ်သွားမည်မှာ သေချာပါသည်။

"မျိုးမစစ်ကောင်၊ မင်းက ဘယ်သူလဲ၊ မင်းက ငါ့ရဲ့ချန်ကလန်ကလူတွေကို ဘာလို့ သတ်ဖြတ်ရတာလဲ။" ချန်ရှီထန်၏ အေးစက်စက် အသံသည် ရင်ပြင်တစ်ခုလုံးအနှံ့တွင် ထွက်ပေါ်လာသည်။

"ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျား မသိဘူးလား။ ကျုပ်က ချီကလန်ရဲ့ ဒုတိယ သခင်လေး ချီရှောက်ယန်းပဲ။ ခင်ဗျားရဲ့ ချန်ကလန်ကလူတွေကို ကျုပ် သတ်လိုက်ရ တာကတော့ ခင်ဗျားရဲ့ ချန်ကလန်က ကျုပ်မိန်းမကိုဖမ်းထားတာကြောင့်ပဲ။ ဒါပေမယ့် ခင်ဗျားရဲ့ချန်ကလန်ကလူအားလုံးကို ကျုပ်မသတ်ခဲ့ပါဘူး။ ဒါသည်ပင် ခင်ဗျားရဲ့ ချန်ကလန်အတွက် အကျိုးအမြတ်ရှိပြီးသား ဖြစ်နေပါပြီ။” ချန်ရှီထန်၏စကားကို ကြားသောအခါ ချင်ယွင်က မောက်မာစွာ ပြောလိုက်သည်။

"ချီရှောက်ယန်းလား….? ချီကလန်ကလား….?" ချန်ထန်းချီသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ရှေ့မှ ဤလူငယ်သည် ကောလဟာလ သတင်း တွေထွက်နေသော ချီကလန်၏ ဒုတိယသခင်လေး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထား ခဲ့ပါဘူး။

"ကောင်းပြီလေ…။ ခင်ဗျားကလည်း အဖေတစ်ယောက်ပဲ။ ခင်ဗျားကို ကျုပ်ပြောပါရ စေ။ ခင်ဗျားအနေနဲ့ ကျုပ်မိန်းမကို ပြန်လွှတ်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ခင်ဗျားရဲ့ ချန်ကလန်ကို ကျုပ် ချေမှုန်းပစ်ရလိမ့်မယ်။ ဟမ့်၊ ပြီးတော့၊ ကျုပ်ရဲ့ ချီကလန်ဆိုတာကလည်း ခင်ဗျားရဲ့ချန်ကလန်နဲ့ တန်းတူအဆင့်ရှိတယ်။ ခင်ဗျားရဲ့ ဒီလုပ်ရပ်က ငါတို့အတွက်တော့ အမှန်တကယ် အရှက်ရစရာကိစ္စပဲ!" ချင်ယွင်က မောက်မာစွာ ပြောလိုက်၏။

ချင်ယွင်သည် ထိုစကားကို ပြောသည့်အခိုက်တွင် ချန်ကလန်မှလူတိုင်းသည် ဒေါသ အလွန်ထွက်သွားကြသည်။

သူတို့၏ချန်ကလန်ကို ချေမှုန်းပစ်မည်ဟုပင် ပြောဝံသည်။ ဤချီကလန်၏ ဒုတိယ သခင်လေးသည် အမှန်တကယ်ပင် မာနကြီးရန် သတ္တိရှိနေခဲ့သည်။ အကယ်၍ ချီကလန်၏ ကလန်ခေါင်းဆောင်ကိုယ်တိုင် ရောက်လာလျှင်ပင် ထိုကဲ့သို့ မောက်မာစွာ ပြောဆိုဝံ့မည် မဟုတ်ပေ။

"နောက်တစ်ခါ ချီကလန်က လူတွေကိုတွေ့တာနဲ့ သူတို့ကို ကြည့်ကောင်းအောင် ငါ သေချာလုပ်ပေးရမယ်။" ချန်ကလန်၏တပည့်များသည် ဒေါသတလူလူ ထွက်နေကြ သည်။

အကယ်၍ ချီရှောက်ယန်းသာ ဤနေရာမှာရှိနေမည်ဆိုလျှင် သူသည် သေချာပေါက် ငိုယိုပြီး " ကျုပ်ချီရှောက်ယန်းက ဒီဒုက္ခအိုးကြီးကို သယ်လာတာ မဟုတ်ဘူး!"ဟု အော်ပြောပေလိမ့်မည်။

ချန်ရှီထန်၏အမူအရာသည်လည်း အလွန်အမင်း မဲမှောင်နေခဲ့သည်။ သူ၏ရှေ့မှာ သူ၏ ချန်ကလန်ကို ယခုလိုမျိုး မည်သူမှ အရှက်တကွဲ မပြုမူရဲခဲ့ကြပါဘူး။

"ကောင်လေး…။ ငါ့ရဲ့ချန်ကလန်က မင်းမိန်းမကို ဖမ်းသွားတယ်လို့ မင်း ဆက်တိုက် ပြောနေခဲ့တယ်။ ငါ့ရဲ့ချန်ကလန်မှာ မင်းရဲ့မိန်းမက ဘယ်အချိန်တုန်းက ရှိနေတာလဲ။ တကယ်လို့ ဒီနေ့ မင်း ဘာမှ ငါ့ကို မပြောနိုင်ဘူးဆိုရင် မင်းခေါင်းကို ဖြတ်ပြီးမှ ချီကလန်ကို ငါ သွားတောင်းပန်မယ်။” ချန်ရှီထန်က အေးစက်စွာ အော်ပြော လိုက်သည်။ သူသည် ဒေါသ ပေါက်ကွဲနေပြီး ဖြစ်သည်။

"ခင်ဗျားက သိချင်တယ်ဆိုမှတော့ ကျုပ် ခင်ဗျားကို အမှန်အတိုင်း ပြောပြမယ်။ ကျုပ်မိန်းမနာမည်က ရန်စီချီလို့ ခေါ်တယ်။ ဟုတ်တယ်…။ ချန်မင်ရှီကလည်း ငါ့မိန်းမပဲ။" ချင်ယွင်က ကျီစယ်လိုဟန်ဖြင့် ပြောလိုက်သည်။

ထိုစကားတွေ ပြောပြီးသည်နှင့် ပရိသတ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

အခန်း (၅၃၉) ချန်ထန်းလောင်လှုပ်ရှားခြင်း။

“ရန်စီချီက ဘယ်သူလဲ။”

ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးအား ရည်ရွယ်ထားသူ မဟုတ်ဘူးလား။

“ချန်မင်ရှီဆိုတာကရော…..”

သူမကလည်း လက်ရှိ ချန်ကလန်၏ ကလန်ခေါင်းဆောင်၏ သမီးဖြစ်ပြီး ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးနှင့် စေ့စပ်ထားသူ ဖြစ်သည်။ ဤသူသည် ဤအမျိုးသမီး နှစ်ယောက်စလုံးကို သူ၏မိန်းမဟုပင် အမှန်တကယ် နာမည်တပ်ပြီး ပြောဆိုနေခဲ့ သည်။ ဤသည်မှာ ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးထံမှ ထိုအမျိုးသမီးများကို လုယူခြင်း၏ စည်းချက်တစ်ခု ဖြစ်နေနိုင်သည် မဟုတ်ပါလား..။

"အရူး! အရူး! ဒီကောင်က အရူးပဲ၊ ချီလကန်ရဲ့ကလန်ခေါင်းဆောင်က ဒီအရူးကို ဘယ်လိုလုပ် လွှတ်ပေးထားရတာလဲ၊ သူ့ချီကလန်အတွက် ပျက်ဆီးခြင်း ဘေးဆိုးတွေ သယ်ဆောင်လာမှာကို မကြောက်ဘူးလား?" ပတ်ဝန်းကျင်ရှိလူတိုင်းသည် ထိုစကားမျိုး ကို မပြောဘဲ မနေနိုင်ကြတော့ပေ။

ချင်ယွင်က လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်၏။ သူသည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးထံမှ အမျိုးသမီးတစ်ဦးကို ခိုးယူချင်ခဲ့သည်။ ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးသည် ရန်စီချီကို သူ၏အစေခံအဖြစ် သတ်မှတ်ဝံ့သည်။ ထို့ကြောင့် သူသည် ယနေ့တွင် ချန်မင်ရှီကိုလည်း ခိုးယူသွားမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးသည် မည်သည့်အခါမျှ အိမ်ထောင်မပြုနိုင်တော့ ပေ။

ထို့အပြင်၊ ချန်မင်ရှီသည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးကို လက်ထပ်လိုပုံ မပေါ်ကြောင်း ချင်ယွင်လည်း ခံစားသိရှိနိုင်သည်။

"လုံလောက်ပြီ၊ မင်းက ဒီနေ့ ငါ့ချန်ကလန်ကို ဒုက္ခသက်သက် လာပေးတယ်လို့ ငါ ထင်တယ်၊ မင်းက ငါ့ချန်ကလန်ထဲမှာ လူတွေအများကြီး သတ်ခဲ့တယ်၊ ဒါကြောင့် ဒီနေ့ မင်း ပြန်မသွားနိုင်တော့ဘူး။" ချန်ရှီထန်သည် ရူးသွပ်နေသော ခြင်္သေ့တစ်ကောင်လို ချက်ချင်း အော်ပြောလိုက်သည်။

သူသည် လုံးဝကို ဒေါသ ပေါက်ကွဲသွားလေပြီ။ ဤမျိုးမစစ်ကောင်သည် သူ၏ အစ်ကိုအကြီးဆုံးနှင့် သူ၏တူကို သတ်ဖြတ်ရုံတင်မကဘဲ သူ၏ချန်ကလန်ကိုလည်း စော်ကားနေခဲ့သည်။ နောက်ဆုံးတွင် သူ၏သမီးကိုပင် လုယက်သွားဦးမည်။ ဤအရာသည် သူချန်ကလန်ကို မျက်လုံးထဲ လုံးလုံးထည့်မထားခြင်း မဟုတ်ပါလော။

"မွေးစားအဖေ၊ သူ့ကို ကျွန်တော့်လက်ထဲ လွှဲပေးလိုက်ပါ။ ကျွန်တော်တို့ ချန်ကလန်ကို စော်ကားခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ကျွန်တော် သူ့ကို သေချာပေါက် ပြောပြလိုက်မယ်" ချန်ထန်းလောင်က ကမန်းကတန်း ပြောလိုက်ပါသည်။ ဤအခိုက် အတန့်တွင် သူ၏နှလုံးသားထဲမှာ ကြီးမားသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ ၏။

သူသည် ချန်ရှီထန်၏မွေးစားသား ဖြစ်သော်လည်း ချန်မင်ရှီနှင့် ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ထုံးစံအတိုင်း၊ သူသည် ချန်မင်ရှီကို ညီမငယ် တစ်ယောက်လို မဆက်ဆံနိုင်ခဲ့ပေ။ ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးက ချန်မင်ရှီကို လက်ထပ်မှာဖြစ်သည့်အတွက် သူ့မှာ နည်းလမ်းမရှိခဲ့သော်လည်း သူသည် သူ၏ ချန်မင်ရှီကို ကောင်စုတ်လေးတစ်ယောက်က ညစ်ညစ်ညမ်းညမ်း စော်ကားလာမူကို သေချာပေါက် ခွင့်ပြုမည် မဟုတ်ပေ။

"သတိထားပါ၊ ဒီကောင်လေးက နည်းနည်းထူးဆန်းတယ်" ချန်ရှီထန်က ခေါင်းညိတ်ပြီး သတိပေးလိုက်သည်။

"ဟုတ်ကဲ့ပါ… မွေးစားအဖေ။" ချန်ထန်းလောင်က အမြန် ပြန်ဖြေလိုက်သည်။ သူပြောပြီးသည်နှင့် သူ၏ပါးစပ်ထောင့်သည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွဲထွက်သွား၏။ သူသည် ချင်ယွင်ကို လှည့်ကြည့်လိုက်ရင်း သူ၏မျက်လုံးတွေက သတ်ဖြတ်စိတ်တွေနှင့် ပြည့်နှက်နေခဲ့သည်။

"ကောင်စုတ်လေး…၊ မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒီနေ့ဟာ မင်းရဲ့ သေနေ့ပဲ" ချန်ထန်းလောင်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အစောပိုင်း အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အငွေ့အသက်က မြေပြင် ပေါ်တွင် သွားများနှင့် ခြေသည်းများ ဖြဲဟထားသော ဧရာမနဂါးကြီးကဲ့သို့ ချက်ချင်း ထွက်ပေါ်လာ၏။

ချန်ကလန်မှတပည့်များသည် ဤမျှကြီးမားလှသော အငွေ့အသက်ကြီးကို ခံစားလိုက် ရသောအခါတွင် သူတို့အားလုံး အံ့အားသင့်သွားသည့် အမူအရာများကို ထုတ်ဖော်လာ ကြသည်။ ချန်ထန်းလောင်ကိုကြည့်သည့် သူတို့၏ အကြည့်များသည် အနှိုင်းမဲ့ ရိုသေလေးစားမူများ ရှိလာကြသည်။

"သခင်လေးချန်ရဲ့အငွေ့အသက်တွေက ထပ်ပြီးတိုးလာပြန်ပြီ။ သူက အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ် အစောပိုင်းအဆင့်ရဲ့အထွတ်အထိပ်ကို ရောက်ရှိနေမှာ တောင် စိုးရတယ်။ သိပ်မကြာခင်မှာပဲ သူက အင်မော်တယ်အသွင်ကူး ပြောင်းခြင်း နယ်ပယ်ရဲ့ အလယ်အလတ်အဆင့်ကို ဖြတ်ကျော်သွားလိမ့်မယ် ထင်တယ်။ သူက အရှေ့တောင်ဒေသရဲ့ နံပါတ်တစ် ပါရမီရှင်အဖြစ်ခေါ်ဆိုဖို့ တကယ်ကို ထိုက်တန်ပါ တယ်"

"မှန်တယ်။ ချီကလန်ရဲ့ ဒုတိယသခင်လေး သေဆုံးသွားမှာကို ငါ မြင်နေရပြီ။ သခင်လေးချန်က သူ့ကို သတ်ဖို့အတွက် သူ့ရဲ့ လှံသိုင်းပညာရပ်ကိုတောင် အသုံးပြုဖို့ မလိုအပ်တော့ဘူးလို့ ငါ ထင်တယ်။"

"သခင်လေးချန်က သူ့ကို ကိုင်တွယ်ဖို့အတွက် လှံသိုင်းပညာရပ်ကို အသုံးပြုသင့်တယ် လို့ ထင်နေတုန်းပဲလား။ မင်းက သခင်လေးချန်ကို လျှော့တွက်နေတာ မဟုတ်ဘူးလား။ သခင်လေးချန်က သူ့ကို လက်တစ်ဖက်တည်းနဲ့တောင် သေအောင် နှိပ်စက်နိုင်တယ်"။

အရပ်မျက်နှာအသီးသီးမှ အံ့အားသင့်ဖွယ် သက်ပြင်းများ ထွက်ပေါ်လာပြီးနောက် ချင်ယွင်ကိုကြည့်နေကြသည့် သူတို့၏အကြည့်များသည်ပင် လှောင်ပြောင်သရော်ဟန် ရှိလာသည်။

ချင်ယွင်၏ နောက်မှာရှိနေသော လျှိုလင်းသည် မျက်မှောင်ကြုတ်လိုက်မိ၏။ ဤ ချန်ထန်းလောင်အကြောင်းကို သူမ အရင်က ကြားဖူးသည်။ သူသည် အရှေ့တောင် ဒေသမှ ပါရမီရှင်တစ်ဦးဖြစ်ပြီး သူ၏လှံသိုင်းပညာရပ်က ပို၍ပင် လွှမ်းမိုးနိုင်စွမ်း ရှိခဲ့သည်။ ချင်ယွင်သည် သူ၏ပြိုင်ဘက် မဖြစ်မည်ကို သူမသည် အလွန်စိုးရိမ်မိသည်။

သို့သော် သူမဘေးနားရှိ ဟောင်ခွန်အကြောင်းကို တွေးလိုက်ပြီးနောက် သူမသည် စိတ်သက်သာရာရသွားပါသည်။

"အရှေ့တောင်ဘက်ဒေသက နံပါတ်တစ် ပါရမီရှင်လား။ မင်းရဲ့ ထင်ပေါ်ကျော်ကြား မူတွေ ပျက်ဆီးမသွားဖို့ ငါမျှော်လင့်တယ်။" ချင်ယွင်က ချန်ထန်းလောင်ကို ကြည့်ရင်း ပြောလိုက်သည်။

သူ တိုက်ပွဲကောင်းတစ်ပွဲ မတိုက်ခိုက်ခဲ့ရသည်မှာ အချိန် အတော်ကြာခဲ့ပါပြီ။ ထိုအခိုက်တန့်တွင် ချင်ယွင်၏ နှလုံးသားထဲမှ သွေးများသည် စိတ်လှုပ်ရှားမူနှင့်အတူ ဆူပွက်နေပြီ ဖြစ်သည်။

"ဟမ့်၊ ငါ မင်းကို သေချာပေါက် စိတ်မပျက်စေရဘူး။" ချန်ထန်းလောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူသည် သူူ၏လက်ဖဝါးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည် နှင့် ကျယ်လောင်သည့်တုန်ခါသံများ ထွက်ပေါ်လာသည်။ ယင်းအသံသည် လေထု၏ ကြေမွပြီး ပေါက်ကွဲသံများပင် ဖြစ်လေသည်။

"ဘုန်း…..!"

ချက်ချင်းဆိုသလို သူ၏ခြေဖျားတွေဆီ ခွန်အားကို ဖြည့်သွင်းလိုက်သည်နှင့် မြေပြင်အောက်မှ ကျောက်တုံးကြီးသည် ချက်ချင်း ကွဲအက်သွား၏။ ချန်ထန်းလောင်၏ ခန္ဓာကိုယ်သည် ချက်ခြင်းပင် ပစ်လွှတ်သွားပြီး ချင်ယွင်ဆီကို အပြင်းအထန် ဖိနှိပ်ထား သည့်အလား ခက်ထန်သော အငွေ့အသက်ကို သယ်ဆောင်ထားသည့် လက်သီးကြီးက ချင်ယွင်ဆီသို့ ရက်စက်ကြမ်းကြုတ်စွာ ထိုးချလိုက်လေသည် ။

"ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံထားသူလား…၊ စိတ်ဝင်စားဖို့ ကောင်းတယ်။" ချင်ယွင်သည် ခက်ထန်သောအငွေ့အသက်ဖြင့် သူ့ဆီသို့ ပစ်ဝင်လာနေသော ချန်ထန်းလောင်ကို ကြည့်လိုက်ရင်း အေးစက်သော အပြုံးတစ်ခုက သူ၏ပါးစပ်ထောင့်တွင် ထွက်ပေါ်လာ သည်။ ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးထဲတွင် အကန့်အသတ်မဲ့ တိုက်ခိုက် လိုသည့်ဆန္ဒတစ်ခု ပေါ်လာသည်။

သူသည် သူ၏ထက်ထဲရှိ မြူနှင်းချောက်နက်ဓားကို သိမ်းဆည်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ မိုးခြိမ်းသံလို ပေါက်ကွဲသံများ ထွက်ပေါ်လာကာ ပစ်ဝင်သွားလေသည်။

"ဘုန်း……!"

ချန်ထန်းလောင်၏ လက်သီးနှင့် ချင်ယွင်၏ လက်သီးတို့သည် ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားသည်။ ကောင်းကင်ယံ၌ တဟုန်းဟုန်း တုန်ခါသံတစ်ချက် ထွက်ပေါ်လာ သည်။ လေထုသည် ပြင်းထန်လှသော တုန်ခါမှုကြောင့် ပေါက်ကွဲသံများပင် ထွက်ပေါ်လာသည်။

ဝိညာဉ်စွမ်းအင်ခြင်း ထိပ်တိုက်တွေ့ဆုံမူတွင် ကြီးကျယ်ခမ်းနားသည့် အရာမျိုး ထွက်ပေါ်လာခြင်းမရှိသော်လည်း ဤမမြင်နိုင်သော စွမ်းအင်အတက်အကျလှိုင်းများ ကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်ခြင်းမှာ မသေးငယ်လှပေ။ ချန်ကလန်၏ ရင်ပြင် တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့ပြီး မီတာထောင်ပေါင်းများစွာ အကွာအဝေးအတွင်းရှိ တောင်အတုပေါ်ရှိကျောက်တုံးများသည် ဤကြောက်စရာ ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများ ရိုတ်ခတ်မူအောက်တွင် ပေါက်ကွဲ သွားခဲ့ပြီး ကျိုးပဲ့နေသော ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ (တောင်အတုဟူသည် သဘာဝတောင်များမဟုတ်ဘဲ လူများဖန်တီးထားခြင်းကို ဆိုလိုပါသည်)။

"အလွန်အစွမ်းထက်လွန်းတယ်။"

ချန်ကလန်မှတပည့်များသည် ဤတိုက်ခိုက်မှုကို မြင်လိုက်ရသောအခါ၊ သူတို့၏ မျက်နှာများသည် ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေသည်။

အိုး!

ချင်ယွင်နှင့် ချန်ထန်းလောင် နှစ်ယောက်စလုံးသည် ဤကြောက်စရာကောင်းသော စွမ်းအင်အတက်အကျလှိုင်းများ ရိုက်ခတ်မူကြောင့် နောက်ပြန်ဆုတ်သွားခဲ့ကြပြီး သူတို့နှစ်ဦးသည် ကောင်းကင်မှာပင် ကိုယ့်ဘက်ဆီသို့ ကိုယ်စီကိုယ်စီ ပျံသန်းသွား ကြသည်။

"မင်းကလည်း ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံထားသူတစ်ဦး ဖြစ်မယ်လို့ ငါ မမျှော်လင့်ထား ဘူး။" ချန်ထန်းလောင်က ချင်ယွင်ကို ကြည့်ပြီး ပြောလိုက်သော်လည်း သူ၏ မျက်လုံးတွေက ကမ္ဘာကြီးကိုပင် အထင်သေးနေဟန်ပင်။

"မင်း မမျှော်လင့်ထားတဲ့အရာတွေ အများကြီးရှိပါသေးတယ်။" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြော၏။ ချန်ထန်းလောင်၏ မောက်မာသော သဘောထားက သူ့ကိုလည်း အလွန့်အလွန် ဂုဏ်ယူဝင့်ကြွားအောင် လုပ်ပေးနေ၏။

"ဟမ့်၊ စောစောက အဲဒီလက်သီးချက်က စမ်းသပ်မှုလေးတစ်ခုပဲ၊ ငါ့ခွန်အားရဲ့ သုံးဆယ်ရာခိုင်ကိုနှုန်းတောင် မသုံးထားသေးဘူး။ အဲဒီလက်ချက်နဲ့ဆိုရင် မင်း ငါ့ကို ယှဉ်ပြိုင်နိုင်မယ် မထင်နဲ့၊ နောက်ပိုင်း ငါ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို ငါချန်ထန်းလောင် ပြပေးမယ်။" ချန်ထန်းလောင်က အေးစက်စွာ ဟစ်အော် လိုက်သည်။

ထိုစကားကို ပြောပြီးနောက် ချန်ထန်းလောင်၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားသော အစိမ်းရောင်စွမ်းအင်များဖြင့် တဟုန်ထိုး လှုပ်ရှားပျံ့နှံ့လာလေသည်။ အကန့်အသတ် မရှိသော စွမ်းအင်သည် ချန်ထန်းလောင်၏ ခန္ဓာကိုယ်ကို ပတ်ပတ်လည်မှ ရစ်ပတ်နေသော ဧရာမအစိမ်းရောင်နဂါးကြီးအဖြစ် အငွေ့ပျံပြောင်းလဲသွားခဲ့သည်။

မိုးပြားရောင်နဂါးကြီး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ချန်ထန်းလောင်၏ အငွေ့အသက်သည် ပို၍ပင် လွှမ်းမိုးကြီးစိုးလာသည်။

"ဒါက ငါတို့ချန်ကလန်ရဲ့ ကြီးမြတ်ဆုံးလျှို့ဝှက်ပညာရပ်ကြီး သုံးခုထဲက တစ်ခုဖြစ်တဲ့ မိုးပြာနဂါးခွန်အားလျှို့ဝှက်ပညာရပ် မဟုတ်လား။ ဒါက ဒဏ္ဍာရီဆန်ဆန် အင်မော်တယ်အဆင့် ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်း ပညာရပ်တစ်ခုဖြစ်တယ်။ ဒါပေမယ့် ကျင့်ကြံဖို့က အရမ်းကို ခက်ခဲတယ်။ ငါတို့ချန်ကလန်မှာ ဒီပညာရပ်ကို ဘယ်သူမှ ကျင့်ကြံနိုင်စွမ်းမရှိခဲ့တာ နှစ်ပေါင်းငါးရာကျော်သွားခဲ့ပြီ။ သခင်လေးချန်က ဒီပညာရပ် ကို ကျင့်ကြံရာမှာ အမှန်တကယ် အောင်မြင်နေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ပြီးတော့ သူက မိုးပြာနဂါးခွန်အားချီကိုတောင် ကျင့်ကြံထားနိုင်နေပြီ။” ချန်ကလန်မှ တစ်စုံတစ်ယောက်က ထိတ်လန့်စွာ အော်ပြေလိုက်သည်။

"မှန်တယ်။ မိုးပြာနဂါးခွန်အားလျှို့ဝှက်ပညာရပ်မှာ အဆင့်ခုနစ်ဆင့် ရှိတယ်လို့ ဆိုထားတယ်။ အဆင့်တစ်ခုစီတိုင်းက အစစ်အမှန်နဂါးခွန်အားချီကို စုစည်းပေးနိုင် တယ်။ အစစ်အမှန်နဂါးခွန်အားချီ ခုနစ်ခုကို ပေါင်းစည်းလိုက်တဲ့အခါ အစစ်အမှန် အင်မော်တယ်တွေကိုတောင်မှ လက်ဗလာသက်သက်နဲ့ သတ်ဖြတ်နိုင်တယ်။ သခင်လေးချန်က မိုးပြာနဂါးခွန်အားချီ ဘယ်လောက်များများ ကျင့်ကြံထားနိုင်ပြီလဲ ဆိုတာ ငါ သိချင်မိတယ်။” ချန်ကလန်၏ တပည့်နောက်တစ်ယောက်က သူ၏မျက်လုံး များတွင် လေစားသည့်အမူအရာဖြင့် ပြောလိုက်သည်။

ဤအင်မော်တယ်အဆင့် ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်သည် အဖိုးမဖြတ်နိုင် သော ရတနာတစ်ခုဖြစ်ပြီး လက်တွေ့ကျကျ ပြောရလျှင် ကျင့်ကြံသူတိုင်း အိပ်မက်မက်ခဲ့သော အရာတစ်ခု ဖြစ်သည်။

ချန်ထန်းလောင်၏ နှုတ်ခမ်းထောင့်စွန်းသည် တခစ်ခစ်ရယ်မောဟန်ဖြင့် တွန့်ကွေး သွား၏။ ပတ်ဝန်းကျင်မှ လူအများ၏ အံ့အားတသင့် ရေရွတ်အော်သံတွေက သူ၏ စိတ်နှလုံးကို ကျေနပ်စေ၏။ ဤအခိုက်အတန့်မှာ လူတိုင်းက သူ့ကို အာရုံစိုက်နေသည့် အတွက် ကြည်နူးနေမိ၏။

"ဟား…။ ဟာ….။ သေဖို့သာ ပြင်ထား!" သူ၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ မိုးပြာနဂါးချီသည် နဂါးဟန်းဟောက်သံတစ်ချက် ထွက်ပေါ် လာခဲ့ပြီး သူ၏ခန္ဓာကိုယ်ကလည်း ချက်ချင်းဆိုသလို ပေါက်ကွဲပြီး ပစ်လွှတ်သွားခဲ့ သည်။

"မိုးပြားနဂါးချီလား…၊ စောင့်ကြည့်နေ ငါ မင်းကို ချေမွပစ်မယ်!" ချင်ယွင်၏ နှုတ်ခမ်းတစ်စုံသည်လည်း အပြုံးရိပ်သမ်းကာ တွန်းကွေးသွားခဲ့သည်။

အဲဒါက အင်မော်တယ်အဆင့် ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်း ပညာရပ်ဆိုရင်ရော ဘာဖြစ်လဲ။

သူချင်ယွင်သည် 'လျှို့ဝှက်ဆန်းကြယ်သောအဝါရောင်နတ်ဆိုးပညာ'ရပ်လို ကြီးမြတ် သော ရှေးဟောင်းကျင့်ကြံခြင်းပညာရပ်တစ်ခုကို လေ့ကျင်ထားသူ ဖြစ်သည်။ သူ၏ ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းပညာရပ်သည် မိုးပြားနဂါးခွန်အားချီပညာရပ်နှင့် နှိုင်းယှဉ် မည်ဆိုလျှင် မည်မျှ မြင့်မားသည်ကို သူလည်း မသိပေ။

"ဖျစ်…. ဖျစ်….!"

ချင်ယွင်သည် သူ၏ 'လျှို့ဝှက်ဆန်းကြယ်သောအဝါရောင်နတ်ဆိုးပညာ' ရပ်ကို ချက်ခြင်းပင် လှည့်ပတ်လိုက်သည်။ သိမ်မွေ့နက်နဲသော အဝါရောင်စွမ်းအင်သည် သူ၏ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားခဲ့ပြီး ရှေးဦးသားရဲကြီးတစ်ကောင် ထွက်ပေါ်လာကဲ့သို့ အငွေ့အသက်တစ်ခုသည် တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်။ ဤကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်အောက်တွင် ပတ်ဝန်းကျင်ရှိ မြေသားနံရံများသည်ပင် တိုက်ရိုက် ကွဲအက်သွားခဲ့သည်။

"တိုက်…!"

ချင်ယွင်က ကျယ်လောင်စွာအော်လိုက်ပြီး သူ၏မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်က ပွက်ပွက်ဆူနေပြီး သူ၏ခန္ဓာကိုယ်ကလည်း ပစ်ဝင်သွားခဲ့လေသည်။

အခန်း (၅၄၀) ချန်မင်ရှီက ငါ့မိန်းမပဲ။

"သေလိုက်တော့….!"

ချန်ထန်းလောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ မိုးပြာနဂါးချီသည် သူ၏လက်ပေါ်တွင် တဝဲလည်လည် ရှိနေပြီး သူ၏ လက်သီးသည် ကောင်းကင် တုန်ခါကာ ကမ္ဘာမြေကြီး အက်ကွဲသွားလောက်သည့် အရှိန်အဟုန်ဖြင့် ချင်ယွင်ဆီသို့ ပစ်ဝင်သွားလေသည်။ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားသည် မိုးကြိုးပစ်လိုက် သကဲ့သို့ လေထုကိုပင် တုန်ခါသွားစေသည်။

"ဟမ့်၊ ငါ မင်းကို ချေမွပြမယ်!"

ချင်ယွင်က လှောင်ပြောင်ရယ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်တွေအားလုံးကို သူ၏လက်သီးမှာ စုစည်းလိုက်ပြီး အကြင်နာကင်းမဲ့စွာ ပစ်လွှတ်လိုက်၏။

"ဘုန်း….!"

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ၊ မူလက ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်နေသော မိုးပြာနဂါးချီသည် ချက်ချင်းပင် ပြိုကျသွားခဲ့၏။ ချန်ထန်းလောင် ၏ လက်တွေက တုန်ခါနေပြီး သူ၏ခန္ဓာကိုယ်က အထိန်းအကွပ်မရှိ နောက်ပြန် လွင့်သွားသည်။

“ဒါ…”

အဝေးမှာရှိနေကြသည့် ချန်ကလန်မှတပည့်တွေအားလုံးသည် အံ့အားသင့်နေသည့် အမူအရာတွေကို ထုတ်ဖော်နေကြသည်။ မိုးပြာနဂါးခွန်အားချီကို ကျင့်ကြံထားသော ချန်ထန်းလောင်သည် လက်သီးချက်တစ်ချက်ဖြင့် လွင့်ပျံသွားသည်ကို သူတို့ မယုံကြည် နိုင်ခဲ့ကြပေ။

ချန်ရှီထန် နှင့် ချန်ကျန်းဟိုင်တို့သည် ခပ်ဝေးဝေးမှနေ၍ မျက်မှောင်ကြုတ်နေကြသည်။ ထင်ရှားသည်မှာ ဤမြင်ကွင်းသည် သူတို့ မျှော်လင့်ထားချက်ထက် ကျော်လွန်သွားပါ ပြီ။

နောက်ပြန် လွင့်ထွက်သွားသော ချန်ထန်းလောင်လည်း အလွန် တုန်လှုပ်သွားခဲ့၏။ ယခုလေးတင် သူ၏လက်သီးထံသို့ တွန်းလှန်၍မရနိုင်အောင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခု ကျဆင်းလာသည်ဟု သူ ခံစားလိုက်ရ၏။ ထိုစွမ်းအား သည် သူ၏ မိုးပြာနဂါးချီထက်ပင် ပို၍ ကြီးကျယ်ခမ်းနားပြီး လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။

"ဟမ့်၊ အဲဒါ မိုးပြာနဂါးချီလေးပဲလေ။ တကယ်လို့ ငါသာ နောက်ထပ် နည်းနည်း လောက် ကျင့်ကြံလိုက်မယ်ဆိုရင် ငါ့ကိုယ်ငါတောင် ပြန်ကြောက်ရလိမ့်မယ်" ချင်ယွင်၏ နှုတ်ခမ်းထောင့်စွန်းက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေး သွားခဲ့သော်လည်း သူ၏ရုပ်အသွင်က ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ သူသည် လေဟာနယ်ထဲသို့ ခြေလှမ်းလိုက်ပြီး ချန်ထန်းလောင်ဆီသို့ ဆက်လက် ဦးတည် သွားခဲ့သည်။

ဝှီး…..!

ချင်ယွင်၏ ရုပ်အသွင်သည် လျှပ်စီးလစ်သလို လင်းလက်သွားခဲ့ပြီး ချန်ထန်းလောင်ကို တခဏအတွင်း မှီသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သိမ်မွေ့နက်နဲသော အဝါရောင်စွမ်းအင်များသည် တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့ပြီး ချန်ထန်းလောင် ဆီသို့ ဆက်လက် ပစ်ဝင်သွားလေသည်။

ချန်ထန်းလောင်သည် ချင်ယွင်ထံမှ တိုးဝင်လာသော လက်သီးချက်ကို ကြည့်ပြီး ရန်လိုသည့်အရိပ်အယောင်တစွန်းတစက သူ၏မျက်လုံးထဲမှာ ဖျတ်ခနဲ လင်းလက်သွား ၏။

"မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ!"

ဟိန်းဟောက်သံ ထွက်ပေါ်လာသည်နှင့် ချန်ထန်းလောင်၏ မျက်နှာက ခက်ထန်သွား ပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော လှိုင်းလုံးကြီး တစ်ဖန် ထွက်ပေါ်လာသည်။

"အောင်း….!"

အစိမ်းရောင်စွမ်းအင်မျှင်တန်းသုံးခုသည် သူ၏ခန္ဓာကိုယ်မှ ထွက်လာပြီး ချင်ယွင်၏ ရင်ဘတ်ဆီသို့ ချက်ချင်း ပစ်လွှတ်လိုက်သည်။

ချင်ယွင်၏အမူအရာသည် ပြောင်းသွားခဲ့ပြီး တားဆီးရန်အတွက် သူ၏လက်သီးကို အမြန် ဝှေ့ယမ်းလိုက်၏။ သို့သော် သူ၏ရင်ဘတ်ကို မိုးပြာရောင်နဂါးစွမ်းအင်က ထိမှန်သွားသေးသည်။ သူ၏ခန္ဓာကိုယ်သည် လွင့်ထွက်ပြီး အဝေးတစ်နေရာသို့ ပြုတ်ကျသွားခဲ့သည်။ သူ၏ပါးစပ်ထောင့်မှ သွေးတစွန်းတစ စီးထွက်လာသည်။

"ငါက မိုးပြာနဂါးခွန်အားချီ တစ်ခုလေးပဲ ကျင့်ကြံနိုင်မယ်လို့ မင်း တကယ် ထင်နေတာလား။" ချန်ထန်းလောင်သည် သူ၏ပတ်ပတ်လည်တွင် မိုးပြာရောင်နဂါး ၃ကောင်ခြံရံလျက် လေထဲတွင် ရပ်နေ၏။ သူသည် ချင်ယွင်ကို ရေခဲပမာ အေးစက်သည့် အမူအရာဖြင့် ကြည့်နေရင်း သူ၏အကြည့်တွေက မထီမဲ့မြင်ပြုကာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"တကယ်ကို မိုးပြာနဂါးအစစ်အမှန်ချီသုံးခုပဲ။ သခင်လေးချန်က မိုးပြာနဂါးခွန်အားချီ လျှို့ဝှက်ပညာရပ်ကို ဒီလောက်အတိုင်းအတာအထိ ကျင့်ကြံထားနိုင်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ သူက အရှေ့တောင်ဘက်ဒေသမှာရှိတဲ့ နံပါတ်တစ်ပါရမီရှင် အဖြစ် တကယ်ကို ထိုက်တန်ပါတယ်။" ချန်ကလန်မှ လူငယ်တစ်ယောက်က အံ့သြစွာ ပြောလိုက်သည်။

"မှန်ပါတယ်။ ဒီချီရှောက်ယန်းကတော့ ဆုံးခန်းတိုင်သွားပါပြီ။ မိုးပြာနဂါးချီသုံးခု ဆိုတာက အစောပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဒါ့အပြင် သခင်လေးချန်က သူ့ရဲ့ အစွမ်းထက်ဆုံး လှံသိုင်းပညာရပ်ကိုတောင် အသုံးမပြုရသေးဘူး။" ချန်ကလန်၏ နောက်ထပ် တပည့် တစ်ယောက်ကလည်း ထိတ်လန့်တကြား အော်ပြောလိုက်ရင်း သူ၏မျက်နှာက လေးစားအားကျမူများဖြင့် ပြည့်နှက်နေ၏။

"ဟမ့်၊ ဒီချီရှောက်ယန်းက ငါတို့သခင်လေးချန်နှင့် အတူတူ ပေါ်ထွက်လာခဲ့တာ ကံဆိုးတာပဲ။ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ပါရမီရှင်တွေနဲ့ ယှဉ်ရင်တောင် ငါတို့သခင်လေးချန် ရဲ့ အရည်အချင်းက နည်းနည်းလေးမှ မနိမ့်ဘူး။" ချန်ကလန်မှ အမျိုးသမီးတစ်ဦးက လည်း ချန်ထန်းလောင်၏ ကျယ်ပြန့်သော ကျောပြင်ကို လေးလေးနက်နက် စိုက်ကြည့်ရင်း အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

ချန်ထန်းလောင်၏ မျက်လုံးများသည် နှင်းခဲများကဲ့သို့ အေးစက်နေပြီး၊ သူသည် ချင်ယွင်ဆီသို့ စတင် လျှောက်လှမ်းလာသည်။ သူ ခြေလှမ်းလှမ်းလိုက်တိုင်း ကောင်းကင်နှင့် မြေကြီးကြားက လေထုသည် ရေလွှမ်းနေသော ခေါင်းလောင်းတစ်လုံး လို တဒင်ဒင်မြည်ဟီးနေပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ အငွေ့အသက်တွေကလည်း ဆက်လက် တိုးမြင့်လာနေ၏။

ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် လျှိုလင်းသည် အံ့အားသင့်နေသည့် အမူအရာတွေကို ထုတ်ဖော်လိုက်မိ၏။ ချင်ယွင်၏ ရုပ်အသွင်ကို ကြည့်ရင်း သူမသည် စိုးရိမ်မှုအပြည့် ရှိနေသည်။ ထိုအချိန်တွင် ချန်ထန်းလောင်မှ ထုတ်လွှတ်နေသော အငွေ့အသက်သည် သူမ၏ နှလုံးကို တုန်ယင်စေသည်။ အကယ်၍ သူမသာ ချန်ထန်းလောင်ကို ရင်ဆိုင်ရ မည်ဆိုလျှင် သူမသည် ချန်ထန်းလောင်၏ပြိုင်ဘက် ဖြစ်မည်မဟုတ်ဟု သူမ ယုံကြည်သည်။

ချင်ယွင်၏ မျက်လုံးများသည် ကြောက်ရွံ့မှု အနည်းငယ်မျှပင် မပြခဲ့ပေ။ ယင်းအစား သူ၏ပါးစပ်ထောင့်မှ ပေါ့ပေါ့ပါးပါး အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူသည် ပါးစပ်ထောင့်မှ သွေးများကို လက်သီးဖြင့် သုတ်လိုက်ပြီး "ဒါက စိတ်ဝင်စားစရာပဲ" ဟု ပေါ့ပါးသော အပြုံးဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်၏။

"သေလိုက်တော့…. !"

ချန်ထန်းလောင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ မိုးပြာနဂါးချီ သုံးခုစလုံးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။

ချန်ထန်းလောင်၏ ခန္ဓာကိုယ်သည် အစိမ်းရောင်အလင်းနှင့်အတူ ချက်ချင်းဆိုသလို လင်းထိန်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပုံရိပ်ယောင်အဆင့်ဆင့်အဖြစ် ပြောင်းလဲသွားခဲပြီး သူသည် ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။

ဝှီး…..။

ချန်ထန်းလောင်၏ ရုပ်အသွင်သည် ချက်ချင်းရောက်ရှိလာခဲ့ပြီး သူ၏ လက်သီးက ချက်ချင်းပင် ချင်ယွင်၏ ဦးခေါင်းဆီသို့ တိုးဝင်သွားသည်။

"ငရဲကိုသွားလိုက်တော့….!"

ချန်ထန်းလောင်၏ ပါးစပ်ထောင့်မှ ရက်စက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူ၏ သတ်ဖြတ်လိုသည့်ဆန္ဒက ပေါက်ကွဲထွက်လာကာ သူ၏လက်သီးပေါ်မှ လေလှိုင်း လက်သီးသည် အစစ်အမှန်နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ပြီး တိမ်ပင်လယ် ကြီးကို လှိုင်းထစေခဲ့သည်။

" ချန်မင်ရှီက ငါ့မိန်းမပဲ….။"

သို့သော်၊ ချင်ယွင်၏ခေါင်းသည် ပေါက်ကွဲတော့မည်ကို လူတိုင်းက ထင်မြင်နေစဉ်မှာ ချင်ယွင်၏ ပါးစပ်ထောင့်သည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွဲထွက်သွားပြီး ချန်ထန်းလောင် ဒေါသထွက်စေသည့် စကားတစ်ခွန်းကို အော်ပြောလိုက်သည်။

"ဘုန်း……!"

တစ်ချိန်တည်းမှာပင်၊ လက်သီးတစ်ချက်က ပုံရိပ်ယောင်တစ်ခုလို ပစ်လွှတ်သွားခဲ့ပြီး ချန်ထန်းလောင်၏ ဝမ်းဗိုက်ကို တိုက်ရိုက် ထိမှန်သွားသည်။

ချန်ထန်းလောင်သည် ပုဇွန်တစ်ကောင်လို ချက်ခြင်း ကွေးညွတ်သွားပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထို့အပြင် သူ၏မျက်လုံးများတွင် ပြင်းထန်သော မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် လောင်ကျွမ်းနေသော အနီရောင် မီးတောက်မီးလျှံကဲ့သို့ ပြင်းထန်သော သွေးနီရောင်အလင်းတန်းများ ထုတ်လွှတ်နေသည်။ သူ၏ ပါးစပ်ထောင့် စွန်းများသည် မထီမဲ့မြင်ပြုဟန်ဖြင့် တွန့်ကွေးသွားသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက အဆက်မပြတ် မြင့်တက်နေသည်။

သွေးအနှစ်သာရလောင်ကျွမ်းခြင်းနည်းပညာရပ်။ ယခုအချိန်တွင် ချင်ယွင်သည် သွေးအနှစ်သာရလောင်ကျွမ်းခြင်းနည်းပညာရပ်ကို အသုံးပြုနေပါသည်။

သူ၏ ရုပ်ခန္ဓာကိုယ် ကျင့်ကြံမူအဆင့်သည် ကောင်းကင်ဘုံခွဲခြမ်းနယ်ပယ်သို့ ရောက်ရှိ သွားပြီးဖြစ်သဖြင့် ချင်ယွင်၏အငွေ့အသက်သည်လည်း ပို၍ပင် အားကောင်းလာ ခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် သူ၏သွေးအနှစ်သာရ တစိတ်တပိုင်းကို လောင်ကျွမ်းထားသည်ဆိုလျှင်ပင် သူထုတ်လွှတ်သော စွမ်းအားသည် အလွန် ကြောက်စရာကောင်းနေပါသေးသည်။ (သွေးအနှစ်သာရလောင်ကျွမ်းခြင်းသည် တစိတ်တပိုင်းလောင်ကျွမ်းခြင်းနှင့် အပြည့်အဝလောင်ကျွမ်းခြင်းကို ရှေ့မှာတုန်းက ဖတ်ရူပြီးဖြစ်ပါလိမ့်မည်)။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ချန်ထန်းလောင်၏ မျက်လုံးများသည် အံ့သြခြင်းများဖြင့် ပြည့်နှက်နေသည်။ သူသည် မိုးပြာနဂါးချီ အမျှင်တန်းသုံးခုကို အသုံးပြုထားပြီးဖြစ်သော်လည်း သူ၏ရှေ့တွင်ရှိနေသော ဤလူငယ်၏တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိသေးပေ။

ယခုလေးတင်။ ချင်ယွင်၏ လက်သီးချက်ကြောင့် မိုးပြာနဂါးချီအမျှင်တန်းသုံးခုလုံး ကြေမွသွားရုံသာမက သူ၏ခန္ဓာကိုယ်ကိုပါ ချက်ချင်း ထုံကျင်သွားစေသည်။ ပို၍ပင် ကြောက်စရာကောင်းသည်မှာ ချင်ယွင်၏ခန္ဓာကိုယ်ထဲမှ တဟုန်ထိုး ထွက်ပေါ်လာနေ သည့် အငွေ့အသက်က အရပ်မြင့်မားသည့် နတ်ဆိုးနတ်ဘုရားတစ်ပါးက သူ့ကို ငုံ့ကြည့်နေသလိုမျိုး သူ၏နှလုံးသားကို တုန်လှုပ်စေ၏။

"ဘုန်း…!"

နောက်ထပ် ကောင်းကင်နှင့် ကမ္ဘာမြေကိုပင် ကွဲအက်သွားစေသည့် လက်သီး တစ်ချက်က ချန်ထန်းလောင်၏ ဝမ်းဗိုက်ကို နောက်တစ်ကြိမ် ထပ်ထိသွားပြန်သည်။

ချန်ထန်းလောင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို နောက်သို့ ပစ်လွှင့်သွားခဲ့ပြီး သူ၏ ဝမ်းဗိုက်သို့ တိုးဝင်လာသည့် ပြင်းထန်သော ခွန်အားကြောင့် သူသည် ချက်ချင်း သွေးအန်လိုက်ရသည်။

"မင်းမရနိုင်တော့တဲ့ ချန်မင်ရှီက ငါ့မိန်းမ ဖြစ်နေပြီ။"

ချင်ယွင်၏ ခွန်အားက တဟုန်ထိုး မြင့်တက်လာနေရင်း နောက်ပြန် လွင့်ထွက် သွားသော ချန်ထန်းလောင်၏ နောက်သို့ လျင်မြန်စွာ လိုက်ပါသွားရင်း သူ၏နား အနား ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

ချန်ထန်းလောင်၏ နှလုံးသားထဲတွင် ဒေါသများက မီးတောင်ကြီးကဲ့သို့ ပေါက်ကွဲ သွားလေသည်။ ဤချီသခင်လေးသည် တကယ်ကို မုန်းတီးစရာကောင်းလွန်းသည်။ သူသည် သူ၏ခန္ဓာကိုယ်ကို တရစပ်တိုက်ခိုက်နေရုံသာမကဘဲ သူ၏စိတ်ဝိညာဉ်ကို တိုက်ခိုက်ရန်အတွက် ချန်မင်ရှီကို အဆက်မပြတ် အသုံးချနေသေး၏။

"ငါ မင်းကို သတ်….." ချန်ထန်းလောင်က အရူးအမူး အော်လိုက်သည်။

“ဖတ်….!"

ချန်ထန်းလောင် စကားမဆုံးခင်မှာ ချန်ထန်းလောင်၏ ပါးပြင်ပေါ်သို့ လက်ဖဝါးတစ်ခု က ကျရောက်လာပါသည်။

ချန်ထန်းလောင်၏ ချောမောသော မျက်နှာသည် ချက်ချင်း ပုံပျက်သွားပြီး သူ၏သွားများ ပြုတ်ကျသွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဘေးတိုက် အနေထားဖြင့် လွင့်ထွက်သွားပြန်သည်။

"ဘုန်း….!"

ချန်ထန်းလောင်၏ ခန္ဓာကိုယ်သည် အဝေးမှာရှိနေသည့် အိမ်တစ်လုံးကို ပစ်မှန်သွားခဲ့ပြီး ထိုအိမ်သည် အစိပ်စိပ်အမွှာမွှာ ပြိုကျသွားသည်။

ကွင်းပြင်းကြီးသည် လုံးဝ တိတ်ဆိတ်သွား၏။ ယခင်က ချန်ထန်းလောင်ကို ချီးကျူးခဲ့ကြဖူးသည့် ချန်ကလန်မှ တပည့်တွေအားလုံး စကားမပြောနိုင်ဘဲ ဖြစ်နေကြသည်။ ချင်ယွင်ကိုကြည့်သည့် သူတို့အကြည့်တွေက ထိတ်လန့်မူအပြည့် ရှိနေသည်။

ချန်ရှီထန်၏ အမူအရာသည် ပြိုဆင်းတော့မည်မိုးလို အလွန်အမင်း အုံ့မှိုင်းနေခဲ့ပြီး သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ကောင်းကင်ယံမှာရှိနေသော ချင်ယွင်ကို ကြည့်လိုက်လေ သည်။

ချင်ယွင်သည် လေထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေပြီး ချီထန်းလောင် လဲကျသွားသည့်နေရာကို ကြည့်နေရင်း သူ၏ နှုတ်ခမ်းစွန်းများက အပြုံးတစ်ခု ခိုတွဲနေသည်။

"မင်းက ငါ့ကို အတင်းအကျပ် တွန်းအားပေးခဲ့တာပဲ!"

ထိုအချိန်တွင် ဒေါသတကြီး အော်ဟစ်သံက ကောင်းကင်တိုင် ပျံ့လွင့်လာသည်။ မြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်လာ၏။ ကျိုးပဲ့နေသော အုတ်များနှင့် အုတ်ကြွပ်များသည် ကြီးမားသော အငွေ့အသက်၏ လွှမ်းမိုးမှုအောက်တွင် မြေပြင်မှ ကြွတက်လာကာ လွင့်မျောနေသကဲ့သို့ပင်။

ထိုအခိုက်တန့်တွင် လှံတစ်ချောင်းကိုင်ဆောင်ထားသော ရုပ်အသွင်အပြင်တစ်ခုသည် အပျက်အစီးများထဲမှ ထွက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းသည့် သတ်ဖြတ်လိုသည့်ဆန္ဒတွေကို ထုတ်လွှတ်နေ၏။

စာစဉ် (၃၆) ပြီးပါပြီ။

All Chapters