← Chapters

အခန်း (၅၆၆-၅၇၀)

Vol. 38 Ch. 566-570

အခန်း (၅၆၆-၅၇၀)

Vol. 38 Ch. 566-570

အခန်း (၅၆၆) ပြန်လည်ပေါင်းစည်းခြင်း။

"ဓား၏နယ်မြေလား….? သူသည် ဓား၏နယ်မြေကို ဘာ့ကြောင့် သိနေရတာလဲ?"

ယွန်ဟောင်ယန် သာမက သိုင်းလေ့ကျင့်ကွင်းအထဲမှာရှိနေကြသည့် လူတိုင်းသည် နှိုင်းယှဉ်၍မရအောင်ပင် ထိတ်လန့်တုန်လှုပ်သည့် အမူအရာတွေကို ထုတ်ဖော်ပြသ နေကြပါသည်။

ဓားလမ်းစဉ်သည် အကန့်အသတ်မရှိပေ။ ရှေးခေတ်မှစ၍ ယခုအချိန်အထိ အင်မော်တယ်ကမ္ဘာသို့ မတက်လှမ်းမီ ဓားသွားနယ်မြေသို့ ရောက်ရှိနိုင်သည့်လူ နှစ်ဦး သို့မဟုတ် သုံးဦးသာ ရှိပါသေးသည်။

ဟောင်ခွန်သည် လွန်ခဲ့သည့် နှစ်တစ်ထောင်အတွင်း ကောင်းကင်နဂါးတိုက်ကြီး၏ နံပါတ်တစ် ပါရမီရှင်အဖြစ် ဓားနယ်မြေတစ်ပိုင်းအဆင့်ဖြင့် ဓားနယ်မြေထဲသို့ ခြေလှမ်းတဝက် ဝင်ရောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။ သို့သော် ချင်ယွင်သည် သူ၏ ဓားနယ်မြေကို အမှန်တကယ် ထုတ်လွှတ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ တကယ်တော့၊ ချင်ယွင်သည် လက်ရှိထုတ်လွှတ်နေသော ဓားနယ်မြေသည် ဟောင်ခွန် ထက်တောင် ပိုမြင့်မားပါသည်။ ဤအရာက လူတိုင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေခဲ့ပါသည်။

ဟောင်ခွန်သည် ဓားနယ်မြေထဲသို့ ခြေလှမ်းတဝက်သာသာ ဝင်ရောက်နိုင်သော်လည်း ချင်ယွင်သည် သူ၏ဓားနယ်မြေတစ်ခုလုံးကို လုံးလုံး အသုံးပြုနေပါသည်။

"ကောင်းကင်နဂါးတိုက်ကြီးကနေ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာ မှာကို ငါကြောက်မိတယ်။" ဟောင်ဝမ်ရှင်းက မထိန်းနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်မိပါသည်။

ဟောင်လင်းယွင်လည်း သူ၏စိတ်ထဲတွင် အလွန်တုန်လှုပ်သွားခဲ့၏။ သူကိုယ်တိုင်က ဓားကို အသုံးပြုသူတစ်ဦးလည်း ဖြစ်ကာ သူသည်ပင် ဓားဆန္ဒနယ်ပယ်၏ တံခါးခုံသို့ ခြေလှမ်းချနိုင်ရုံသာ ရှိပါသေးသည်။ သူသည် အထွတ်အထိပ် ဓားနယ်မြေသို့ ရောက်ရန် အသားထား၊ ဓားဆန္ဒ၏ အထွတ်အထိပ်သို့ ရောက်ရန်ပင် အဝေးကြီး လိုနေပါသေး သည်။

ဟောင်ကလန်၏ တပည့်များအားလုံးသည် ချင်ယွင်ကို ဖော်ပြ၍မရသည့် ရိုသေလေးစားမှု အပြည့်ဖြင့် ကြည့်နေကြပါသည်။

ချင်ယွင်၏ ခွန်အားသည် လူတိုင်း၏ လေးစားမှုကို ရရှိရန် လုံလောက်ပါသည်။

ဘန်း….။

ထိုအချိန်တွင် ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ယွန်ဟောင်ယန်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ယွန်ဟောင်ယန်၏ နှလုံးက တုန်လှုပ်သွားပါသည်။

" မင်း... ဘာလုပ်ချင်လို့လဲ ?"

ယွန်ဟောင်ယန်သည် သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာနေသော ချင်ယွင်ကို ကြည့်ကာ နောက်ဆုံးတွင် ကြောက်ရွံ့မှု အရိပ်အယောင်ကို ထုတ်ဖော်လိုက်မိ၏။ သူသည် ချင်ယွင်ကို တိုက်ခိုက်ရန်အတွက် သူ၏လက်ထဲမှ နှင်းဖြူရောင်ဆေဘာကို ဝှေ့ယမ်းရန် ရုန်းကန်ကြိုးစားလိုက်သော်လည်း ပတ်ဝန်းကျင်မှ စွမ်းအားတွေက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချည်နှောင်ထားလေသည်။ ထို့ကြောင့် သူ၏လှုပ်ရှားမှုတွေက အလွန် နှေးကွေးသွားခဲ့ရသည်။

"ငါ မင်းကို သေစေချင်တယ်... !"

ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် အရိပ်အယောင် ထွက်ပေါ်လာပြီး ပြင်းထန်သော ဓားချီက သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားမှ ချက်ခြင်း ထိုးတက်လာလေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါက်ကွဲထွက်လာ ခဲ့ပြီး ချက်ချင်းဆိုသလို သူ၏ အရှိန်အဟုန်က ပြင်းထန်စွာ ထွက်ပေါ်လာလေသည်။

ထိုအချိန်တွင်၊ ရှောင်ယန်ဂိုဏ်းအပေါ် သူ၏ အမုန်းအာဃာတသည် အဆုံးမဲ့ဖြစ်နေပြီ ဖြစ်သည်။ ယခုအခြေအနေကို အခွင့်ကောင်းယူပြီး ယွန်ဟောင်ယန်ကို သတ်ဖြတ်လိုက်ခြင်းက အနာဂတ်မှာ သူ့အတွက် ပြဿနာတွေ ပိုနည်းသွားလိမ့်မည်။

"မင်းက ငါ့ကို အတင်းအကြပ် တွန်းအားပေးနေတာပဲ...."

ယွန်ဟောင်ယန်၏ မျက်လုံးများမှတဆင့် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှ တောက်ပသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ နှင်းဖြူရောင် ချပ်ဝတ်တန်ဆာတစ်ခုသည် ယွန်ဟောင်ယန်၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားလေသည်။

ချွင်…!

ချင်ယွင်၏ မြူနှင်းချောက်နက်ဓားသည် ထိုးဖောက်သွားပြီး ဓားဖျားသည် ယွန်ဟောင်ယန်၏ နှင်းဖြူရောင် ချပ်ဝတ်တန်ဆာပေါ်သို့ ကျသွားသည်။ မြူနှင်းချောက်နက်ဓားသည် ကြီးမားသည့် ဝင်ရိုးစွန်းသဖွယ် ချက်ချင်းပင် ကွေးညွှတ်သွားခဲ့ပြီး သန့်စင်သည့်သံမဏိတုံးကို ထိမိသည့်အသံတစ်ချက် ထွက်ပေါ်လာလေသည်။

ဓားစွမ်းအင်က ပေါက်ကွဲသွားပြီး စွမ်းအားများက သွန်းလောင်းထွက်လာလေသည်။

ယွန်ဟောင်ယန်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် လွင့်ထွက်သွားသော်လည်း နှင်းဖြူရောင် ချပ်ဝတ်တန်ဆာကြောင့် ချင်ယွင်၏ ဓားချီသည် သူ့ကို လုံးဝ မထိခိုက်ခဲ့ပေ။

ချင်ယွင်သည် ချက်ချင်း မျက်မှောင် ကြုတ်လိုက်မိသည်။ ဤနှင်းဖြူရောင် ချပ်ဝတ်တန်ဆာသည် အမှန်တကယ်ပင် မာကြောလွန်းပြီး မြူနှင်းချောက်နက်ဓား သည်ပင် ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

"အောင်း.....!"

ဤအခိုက်အတန့်တွင် ချောမောလှပသော လူငယ်တစ်ဦးအဖြစ် အသွင်ပြောင်းထား သော ခမ်းနားထည်ဝါသော ကျောက်စိမ်းရေနဂါးကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး ဧရာမနဂါးကြီးအဖြစ် ပြန်ပြောင်းလဲသွားသည်။ သို့သော်လည်း ၎င်း၏ နဂါးကိုယ်ထည် တစ်ခုလုံးသည် နှင်းဖြူရောင် ချပ်ဝတ်တန်ဆာထဲသို့ သွန်းလောင်းပြီး ဝင်ရောက်သွားလေသည်။

အဖြူရောင် ကျောက်စိမ်းရေနဂါးကြီးသည် နှင်းဖြူရောင် ချပ်ဝတ်တန်ဆာထဲသို့ သွန်းလောင်း ဝင်ရောက်လာသည်နှင့် ယွန်ဟောင်ယန်၏ အငွေ့အသက်သည် ယခုအချိန်တွင် အလွန် ကြောက်စရာကောင်းလာခဲ့သည်။ အဆုံးမရှိသော အအေးဓာတ်သည် ကမ္ဘာအနှံ့ ပျံ့နှံ့သွားလေသည်။

" ဘုန်း....!"

ယွန်ဟောင်ယန်၏ ခန္ဓာကိုယ်မှ ကြီးမားသော စွမ်းအားများစွာ ထုတ်လွှတ်လိုက်သည်။ ကောင်းကင်ယံမှ နှင်းတွေ တဖွဲဖွဲကျလာပါသည်။ ယွန်ဟောင်ယန်သည် ချင်ယွင်၏ ဓားနယ်မြေ၏ ချုပ်နှောင်မှုမှ လွတ်မြောက်ရန်အတွက် ဤကြောက်မက်ဖွယ် စွမ်းအားကို အားကိုးခဲ့သည်။ ထိုအချိန်တွင်၊ သူ၏အငွေ့အသက်သည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

လူတိုင်းက ရုတ်တရက် အငွေ့အသက်များ မြင့်တက်လာသည့် ယွန်ဟောင်ယန်ကို ကြည့်ပြီး သူတို့၏ မျက်နှာတွေက ထိတ်လန့်တုန်လှုပ်သည့် အမူအရာတွေ ပေါ်လာနေပါသည်။

ယွန်ဟောင်ယန်၏ အငွေ့အသက်သည် ရုတ်တရက် အဘယ်ကြောင့် ဤမျှ တိုးမြင့်လာသည်ကို သူတို့ နားမလည်ခဲ့ကြပေ။ သူသည် ယခုအချိန်တွင် အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ ဝေးနေပေမည်။

"ဟမ့်..…၊ မင်းတို့ အံ့သြသွားကြပြီ မဟုတ်လား။ ဒီကျောက်စိမ်းဖြူ ချပ်ဝတ်တန်ဆာက ငါတို့ရှောင်ယန်ဂိုဏ်းရဲ့ အဖိုးအတန်ဆုံး လျှို့ဝှက်ရတနာတစ်ခုပဲ။ ခမ်းနားထည်ဝါတဲ့ ကျောက်စိမ်းဖြူနဂါးကြီးက အဲဒီထဲမှာ အနှစ်တစ်ထောင်ကျော်ကြာအောင် အကျဉ်းချ ခံထားရပြီး ဒီချပ်ဝတ်တန်ဆာနဲ့ ပေါင်းစည်းထားသွားခဲ့တာ ကြာလှပြီ။ သူက ငါ့ကို သူ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုထားပြီး။ သူ့ရဲ့ ခွန်အားက ငါ့အပေါ် ကောင်းချီးပေး နိုင်ခဲ့တယ်။ မင်းတို့ သေဖို့ပဲ စောင့်နေလိုက်တော့ !" ယွန်ဟောင်ယန်က ရယ်မောရင်း ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်လိုက်လေသည်။

သူ၏ နှင်းဖြူရောင်ချပ်ဝတ်တန်ဆာကို သူ၏ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားပြီး၊ သူ၏ ဖော်မပြနိုင်လောက်အောင် ချောမောခန့်ညားပြီး ကြီးစိုးနိုင်သည့်အကြည့်က ချင်ယွင် အပေါ် ကျရောက်သွားရင်း သူ၏အကြည့်များတွင် နောက်တစ်ဖန် အထင်မြင်သေးများ ထွက်ပေါ်လာပြန်သည်။

ချင်ယွင်သည် နှင်းဖြူရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ယွန်ဟောင်ယန်ကို ကြည့်ကာ လှောင်ပြောင်သရော်မှု အရိပ်အယောင်တစ်ချက်က သူ၏မျက်လုံးများမှ တဆင့် ဖျတ်ခနဲ လင်းလက်သွားလေသည်။

"ချပ်ဝတ်တန်ဆာနဲ့ မင်းတစ်ယောက်တည်းပဲ ပေါင်းစပ်နိုင်တယ်လို့ မင်း တကယ် ထင်နေတာလား” ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်လေသည်။ ထို့နောက် ချင်ယွင်၏ ရင်ဘတ်မှ တောက်ပသော မိုးပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် တခဏအတွင်းမှာ ချင်ယွင်၏ ရှေ့တွင် အနက်ရောင် ရုပ်အသွင်ပြင်တစ်ခု ပေါ်လာခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် တံဆိပ်ရိုက် သလို ပေါင်းစပ်သွားလေသည်။

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ခန္ဓာကိုယ်သည် နဂါးအကြေးခွံများဖြင့် ကြီးထွားလာ ပုံရပြီး အနှိုင်းမဲ့လွှမ်းမိုးနိုင်သော နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားလေသည်။

ချင်ယွင်၏ အကြည့်သည် ချက်ချင်းပင် အနှိုင်းမဲ့လွှမ်းမိုးနိုင်စွမ်းရှိလာကာ သူ၏ စိတ်နေစိတ်ထားသည်လည်း ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေသည်။ သူ၏ မူလက သာမန်ကျပြီး ရိုးစင်းသော အသွင်အပြင်တစ်ခုမှ ရုတ်တရက် အနှိုင်းမဲ့ လွှမ်းမိုး ကြီးစိုးနိုင်စွမ်း ရှိလာလေသည်။

"ဖျစ်......!"

ချင်ယွင်၏ မျက်လုံးများတွင် အနက်ရောင်လျှပ်စီးကြောင်းများ တဖျပ်ဖျပ် တောက်ပလာပြီး ပျက်စီးခြင်းအငွေ့အသက်၏ ပြင်းထန်သော ခံစားချက်ကို ပေါ်လွင် စေသည်။

ယခုအချိန်တွင် ချင်ယွင်သည် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကို ၀တ်ဆင်ထားပြီး သူ၏ မူလကတည်းက ကြံ့ခိုင်သန်မာပြီး အရပ်မြင့်မြင့် ရုပ်အသွင်အပြင်ကို ပို၍ပင် ရက်စက်ပြီး ကြီးစိုးလာစေသည်။

"အယ်?"

သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲရှိ လူအားလုံးသည် ခဏတာ မှင်သက် အံ့ဩ သွားကြလေသည်။ ချင်ယွင်သည်လည်း ချပ်ဝတ်တန်ဆာတစ်ခုကို အမှန်တကယ် ပိုင်နိုင်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ ထို့အပြင် ဤချပ်ဝတ်တန်ဆာ၏ အသွင်အပြင်ဖြင့်ဆို၊ ချင်ယွင်၏အငွေ့အသက်သည် ယွန်ဟောင်ယန်ထက် နိမ့်ကျပုံ မပေါ်ပေ။

ယွန်ဟောင်ယန်သည်လည်း ခဏတာမျှပင် အံ့အားသင့်သွားခဲ့ပြီး သူ၏ မျက်လုံးများ သည် အေးစက်မှု အရိပ်အယောင်များဖြင့် တောက်ပနေသည်။

"ဟမ်၊ မင်းရဲ့ချပ်ဝတ်တန်ဆာက ငါ့ရဲ့ မာကြောပြီး ခမ်းနားထည်ဝါလှတဲ့ အဖြူရောင် ကျောက်စိမ်း ချပ်ဝတ်တန်ဆာနဲ့ ယှဉ်နိုင်မယ်လို့ ငါမယုံဘူး။" ယွန်ဟောင်ယန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ပုံရိပ်က ဖျတ်ခနဲ လင်းလက်သွားလေသည်။ သူသည် ချင်ယွင်၏ရှေ့တွင် အဖြူရောင် တစ္ဆေသရဲလိုသဏ္ဍာန်တစ်ခုလို ထွက်ပေါ်လာပါသည်။ သူ၏လက်ထဲမှ အဖြူရောင်ဆေဘာက မြူနှင်းမှုန်တွေအသွင် ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်၏လည်ပင်းကို ရှင်းလင်းသုတ်သင်ပစ်လိုက်သည်။

ချင်ယွင်သည် အေးစက်စက်တိုးဝင်လာသော ဆေဘာအလင်းကို ကြည့်ရင်း သူ၏မျက်လုံးတွေက အထင်မြင်သေးဟန်ဖြင့် ဝင်းလက်သွားခဲ့ပါသည်။

သူသည် လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် မပေါင်းစည်းခဲ့သည်မှာ အလွန်ကြာခဲ့ပါပြီ။ ဤတစ်ကြိမ်တွင် လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် ပြန်လည်ပေါင်းစည်းလိုက်သည့်အခါ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်တွင် အဆုံးမရှိမဲ့ စွမ်းအားများရှိနေကြောင်း ခံစားလိုက် ရပါသည်။

လျင်မြန်စွာ နီးကပ်လာသော ဆေဘာအလင်းကို ကြည့်လိုက်ရင်း၊ ချင်ယွင်သည် လျှပ်စီးလက်သကဲ့သို့ သူ၏လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်လေသည်။ သူ၏ လက်ချောင်းများကို နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်က ချက်ချင်း ဖုံးအုပ်သွားသည်။

ချွင်….။

နှင်းဖြူရောင်ဆေဘာသည် ချင်ယွင်၏ လက်ချောင်းနှင့် ထိပ်တိုက်တွေ့ဆုံစဉ် သံမဏိအချင်းချင်း ရိုက်ခတ်မိသကဲ့သို့ အသံထွက်လာသည်။ သူ၏လက်ချောင်းကို ဆေဘာက လှီးဖြတ်သွားသည့် မြင်ကွင်းမျိုး ဖြစ်ပေါ်မလာခဲ့ပေ။ အနှိုင်းမဲ့ ထက်ရှသော နှင်းဖြူရောင်ဆေဘာသည် ချင်ယွင်၏ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ပေါ်တွင် အဖြူရောင် အမှတ်အသားတစ်ခုသာ ချန်ထားရစ်ခဲ့သည်။

"ဘာလဲဟ...?" လူတိုင်း ချက်ခြင်းပင် ထိတ်လန့်သွားကြ၏။ ဤ ချင်ယွင်၏ ချပ်ဝတ်တန်ဆာသည် အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်တစ်ခု၏ တိုက်ခိုက်ခြင်းကို အမှန်တကယ် ခံနိုင်ရည်ရှိနေပါသလား?။

"ဘုန်း....!"

ထိုအချိန်တွင် ချင်ယွင်၏လက်သီးမှ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် လျှပ်စီးတစ်စင်း ထွက်ပေါ်လာသည်။

"အဲဒါက အသုံးမဝင်ပါဘူး။ ငါ့ရဲ့ မာကြောပြီး လက်ရာမြောက်တဲ့ အဖြူရောင် ကျောက်စိမ်း ချပ်ဝတ်တန်ဆာက အလယ်အလတ်အဆင့် အင်မော်တယ်ပစ္စည်း တစ်ခုလည်း ဖြစ်တယ်။ မင်းက ငါ့ရဲ့ခံစစ်ကို လုံးဝ ချိုးဖျက်လို့ မရနိုင်ဘူး။" ယွန်ဟောင်ယန်က အေးစက်စွာ ပြောလိုက်လေသည်။ သူသည် သူ၏လက်ထဲမှ ဆေဘာကို ဝှေ့ယမ်းကာ ချင်ယွင်ကို ထပ်မံ တိုက်ခိုက်တော့မည် ဖြစ်ပါသည်။

"ဟုတ်လား..... ?" ချင်ယွင်က ရယ်မောလိုက်သည်။

သူ၏လက်သီးက လျှပ်စီးလက်သလို ပစ်လွှတ်သွားခဲ့ပြီး ယွန်ဟောင်ယန်၏ အဖြူရောင် ကျောက်စိမ်း ချပ်ဝတ်တန်ဆာကို တိုက်ရိုက်ပင် ပြင်းထန်စွာ ထိုးနှက်လိုက်လေသည်။

"ဘုန်း......!"

ကောင်းကင်နှင့်မြေကြီး ပြိုကျသွားသကဲ့သို့ ကောင်းကင်နှင့်မြေကြီးပင် တုန်ခါသွား လောက်သည့် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာလေသည်။

ဒေါင်......!

ပုံရိပ်တစ်ခုသည် ချက်ချင်းပင် နောက်ပြန် လွင့်သွားကာ ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ယွန်ဟောင်ယန်သည် အပျက်အစီးများ ထဲသို့ ပြုတ်ကျသွားခဲ့ပြီး သူ၏ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ၏ရင်ဘတ်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးတွေက ထိတ်လန့်တုန်လှုပ်သွားလေသည်။ သူသည် အင်မော်တယ် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး တစ်ဖက်လူ၏ ထိုးနှက်ချက် ကြောင့် ဒဏ်ရာရသွားသည်ကို သူ မယုံကြည်နိုင်ပါပေ။

ဤအခိုက်အတန့်တွင်၊ အထူးသဖြင့် သူ၏ရင်ဘတ်ပေါ်ရှိ နှင်းဖြူရောင် ချပ်ဝတ်တန်ဆာပေါ်တွင် လက်သီးအရွယ် အပေါက်တစ်ခု သိသာထင်ရှားစွာ ရှိနေပါသည်။

အခန်း (၅၆၇) ယွန်ထန်း၏ကိုယ့်ကိုယ်ကိုဖောက်ခွဲမှု။

"ဘုန်း….. !"

ယွန်ဟောင်ယန်သည် ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော ထိုးနှက်ချက်ကြောင့် ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး ယွန်ဟောင်ယန်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာလေသည်။

ယွန်ဟောင်ယန်၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးထွက်သွားပြီး ဟောင်ကလန်၏ သိုင်းလေ့ကျင့်ကွင်းပြင်ဧရိယာတစ်ခုလုံးသည် ချက်ချင်း ပြိုဆင်းသွားလေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖုန်မှုန့်တိမ်တိုက်များသည် အရပ်ရပ်သို့ ပျံ့နှံ့သွားသော ကြီးမားသော စက်ဝိုင်းကြီးတစ်ခု အသွင်ဖြင့် ဖြစ်ပေါ်လာလေသည်။

"အား…. !"

တစ်ချိန်တည်းမှာပင် သနားစရာအော်သံတစ်ခု ထွက်ပေါ်လာပါသည်။ ယွန်ဟောင်ယန် ၏ ရင်ဘတ်တစ်ခုလုံး နစ်မြုပ်ဝင်သွားပါသည်။ သူ၏ရင်ဘတ်ပေါ်ရှိ အလယ်အလတ် အဆင့် အင်မော်တယ် ချပ်ဝတ်တန်ဆာသည် ပျက်စီးသွားခြင်းမျိုး မရှိသော်လည်း ၎င်းသည် ကြီးမားသော ချိုင့်ခွက်ကြီးအဖြစ် နစ်မြုပ်သွားခဲ့သည်။

သူ၏ပါးစပ်မှ သွေးများ စီးကျလာပြီး သူ၏မျက်လုံးများက မယုံကြည်နိုင်သည့် အမူအရာဖြင့် ပြည့်နေသည်။

"ဒါက…. ?"

ဟောင်ကလန်၏ တပည့်များသည် တယောက်ပြီး တယောက် ဆုတ်ခွာသွားကြကာ အဝေးမှပင် ယွန်ဟောင်ယန်ကို စိုက်ကြည့်ရင်း မှင်သက်အံ့ဩသွားကြသည်။

စွမ်းအားအရာမှာ ယွန်ဟောင်ယန်၏ ပေါက်ကွဲပြီး မြင့်တက်လာမူကြောင့် ချင်ယွင်သည် စိတ်ဆင်းရဲစရာဖြစ်သည်အထိ တိုက်ခိုက်ခံရတော့မည်ဟု ယခင်က သူတို့ ထင်ခဲ့ကြ သည်။ ယခုမူကား သူတို့အထင် လုံးလုံး မှားသွားပုံရသည်။ ထို့အပြင် ဤသည်မှာ ကြီးမားတဲ့ အမှားတစ်ခုလည်း ဖြစ်ပေသည်။ ယွန်ဟောင်ယန်သည် ချင်ယွင်၏ ရှေ့တွင် လက်တုံ့ပြန်ရန်ပင် ခွန်အားမရှိပေ။

ချန်မင်ရှီ နှင့် ရန်စီချီတို့သည်လည်း အလွန် အံ့သြနေကြသည်။ သူမတို့သည် ချင်ယွင်အပေါ် ယုံကြည်မှု အပြည့်ရှိသော်လည်း ချင်ယွင်သည် ဤမျှ ထိတ်လန့်စရာ ကောင်းသော ခွန်အားဖြင့် အမှန်တကယ် ပေါက်ကွဲထွက်လာလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ကြပေ။

ယွန်ဟောင်ယန်၏ ဘက်တွင် ယွန်ထန်းအမည်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားသည် လေးနက်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် သူ၏ ဂိုဏ်းသခင်လေးကို ကယ်တင်ရန်အတွက် အချိန်မရွေး တိုက်ခိုက်ရန် ရည်ရွယ်ထားသည့်အလား သူ၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလေသည်။

အဝေးမှပင် ပြပွဲကို ကြည့်ရူနေကြသည့် ရှီရှောက်ယန်းနှင့် လင်းဖန်တို့အနေဖြင့်မူ သူတို့၏ အမူအရာတွေက လုံးဝ ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်တွင် ချင်ယွင်သည် သူတို့၏ မျက်လုံးထဲတွင် နတ်ဆိုးတစ်ပါး ဖြစ်နေပါပြီ။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ကြောက်စရာ ကောင်းနေရတာလဲ"

ထိုအချိန်တွင် ယွန်ဟောင်ယန်သည် အလွန်အမင်း ထိတ်လန့်သွားသည်။ သူသည် ဤမျှလောက်ထိ ထိတ်လန့်တုန်လှုပ်ရလိမ့်မည်ဟု တစ်ခါမှ မတွေးထားဖူးပါဘူး။

သူသည် အလယ်အလတ်အဆင့် အင်မော်တယ် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား သည်။ ဤချင်ယွင်သည် သူ၏လက်နှစ်ချောင်းမျှဖြင့် အလယ်အလတ်အဆင့် အင်မော်တယ် ချပ်ဝတ်တန်ဆာကို လုံးဝ ပုံပျက်သွားစေခဲ့သည်။ ယင်းက မည်မျှ ကြောက်စရာကောင်းလိုက်သည့် စွမ်းအားမျိုးနည်း…?။

ချင်ယွင်သည် ယွန်ဟောင်ယန်၏ အနားမှာ ရပ်နေပြီး သူ၏လက်သီးတွေကို တင်းတင်း ဆုပ်ထားသော်လည်း သူ၏ ပါးစပ်ထောင့်စွန်းမှာ ခပ်ပါးပါးအပြုံးတစ်ခုက ခိုတွဲနေလေသည်။

လျှပ်စီးစွမ်းရည်ကိုယ်ပွား နှင့် ပေါင်းစပ်ပြီးနောက် ဤမျှ ကြောက်စရာကောင်းသော ခွန်အားဖြင့် အမှန်တကယ် ပေါက်ကွဲလာလိမ့်မည်ဟု သူကိုယ်တိုင်ပင် မထင်ထားခဲ့ပေ။

သူသည် ကနဦးစကြဝဠာထဲတွင် ကျင့်ကြံနေခဲ့စဉ်၊ သူ၏ လျှပ်စီးစွမ်းရည်ကိုယ်ပွား လည်း ကျင့်ကြံနေခဲ့သည်။ ချန်ကလန်၏ တော်ဝင်အကြီးအကဲထံမှ သူရရှိထားသော “လျှပ်စီးဝါးမျိုခြင်းလျှို့ဝှက်ပညာရပ်”ကို စေ့စေ့စပ်စပ် ကျွမ်းကျင်အောင် လေ့လာနိုင်ပါ ခဲ့သည်။ သူ၏ ကျင့်ကြံမှုအဆင့်သည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်ထိ ချိုးဖျက်သွားရုံသာမက၊ သူ၏ ရုပ်ခန္ဓာကိုယ်ကိုလည်း နောက်တကြိမ် မြှင့်တင်နိုင်ခဲ့ပါသည်။

ထို့ကြောင့် ချင်ယွင်သည် ဤပေါင်းစပ်မှုများမှတစ်ဆင့် ဤမှကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

အလယ်အလတ်အဆင့် အင်မော်တယ် ချပ်ဝတ်တန်ဆာလား?။ ဟမ့်၊ ဤကိစ္စနှင့် ပတ်သက်ပြီး ပြောရလျှင် ၎င်းကို အသုံးပြုသူအပေါ် မူတည်နေပါသေးသည်။

ယွန်ဟောင်ယန်၏ အစစ်အမှန် အနှစ်သာရဖြင့်၊ သူသည် အင်မော်တယ် ချပ်ဝတ်တန်ဆာ၏ စစ်မှန်သော စွမ်းအားကို လုံးဝ ထုတ်ဖော်ပြသနိုင်မည် မဟုတ်ပေ။

အကယ်၍ ယွန်ဟောင်ယန်နေရာမှာ အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်နေပါက၊ ထိုသူသည် အဆင့်နိမ့်အဆင့် အင်မော်တယ် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး ထိုနေရာမှာပင် ရပ်နေကာ ချင်ယွင်ကို တိုက်ခိုက်ကို တိုက်ခိုက်ခွင့် ပြုလျှင်ပင်၊ ချင်ယွင်သည် ထိုအစစ်အမှန်အင်မော်တယ် ကျွမ်းကျင်ပညာရှင်ကို အနည်းငယ်မျှပင် တုန်လှုပ်သွားအောင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

အင်မော်တယ် ချပ်ဝတ်တန်ဆာများသည် အင်မော်တယ် အနှစ်သာရ၏ ထောက်ပံမူ အောက်တွင်သာ ၎င်း၏ စစ်မှန်သောစွမ်းအားကို ပြသနိုင်မည် ဖြစ်ပါသည်။ ၎င်းသည် ယွန်ဟောင်ယန်၏ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားပါက အတော်လေး မာကျောသော သတ္တုတစ်မျိုးသာသာ ဖြစ်နေပါလိမ့်ည်။ ထို့ကြောင့်၊ ချင်ယွင်သည် အလယ်အလတ် အဆင့် အင်မော်တယ်ချပ်ဝတ်တန်ဆာကို ပုံပျက်ယွင်းအောင် ပြုလုပ်နိုင်ခဲ့ခြင်းမှာ သဘာဝအားဖြင့် ပြဿနာ မရှိပေ။

"အခု မင်းရဲ့ အင်မော်တယ်ချပ်ဝတ်တန်ဆာက မင်းကို ကာကွယ်နိုင်မယ် ထင်သေးလား။" ချင်ယွင်သည် ယွန်ဟောင်ယန်ကို ကြည့်ကာ ရယ်မောလိုက်သည်။ သူပြောပြီးသည်နှင့် ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာပါသည်။ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လျှပ်စီးကြောင်းများ သည် သူ၏လက်သီးများမှ တစ်ဖန် ထွက်ပေါ်လာပြန်သည်။ ဒေါသနှင့် ဖျက်ဆီးခြင်း၏ အငွေ့အသက်သည် အဆက်မပြတ် ရောယှက်နေပြီး လူများကို ထိတ်လန့်သွား စေသည်။

"မင်း ငါ့ကို သတ်လို့မရဘူး။ မင်း ငါ့ကိုသတ်လိုက်ရင် ငါ့အဖေက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး " ယွန်ဟောင်ယန်သည် ချင်ယွင်၏ သတ်ဖြတ်လိုသည့်ဆန္ဒကို သတိပြုမိပြီး ကမန်းကတန်း အော်ပြောလိုက်လေသည်။

"ဟမ်၊ မင်းရဲ့ ရှောင်ယန်ဂိုဏ်းကရော အခုလိုအနေထားမျိုး ရောက်နေမှတော့ ငါ့ကို အလွတ်ပေးမယ်လို့ မင်းထင်လား? ကျားကို တောင်ပေါ်ပြန်လွှတ်လိုက်တာထက် နောင်ဒုက္ခတွေကို ထာဝစဉ် ရှောင်တိမ်းနိုင်ဖို့ သတ်ပစ်လိုက်တာက ပိုကောင်းပါ လိမ့်မယ်။" ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာနေသည်။ သူပြောပြီးသည်နှင့် သူ၏လက်ထဲမှ လက်သီးသည် ယွန်ဟောင်ယန်၏ ခေါင်းဆီသို့ တိုးဝင်သွားတော့မည်။

ယွန်ဟောင်ယန်၏ အမူအရာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ သို့သော်လည်း ယခုအချိန်တွင် သူသည် အပြင်းအထန် ဒဏ်ရာရနေခဲ့ပြီး ချင်ယွင်၏ တိုက်ခိုက်မူကို ခုခံရန် လုံးလုံးလျားလျား အစွမ်းမရှိတော့ပေ။

"ငါ့ရဲ့ ဂိုဏ်းသခင်လေးကို လွှတ်လိုက်စမ်း!"

ထိုအချိန်မှာပဲ အလင်းတန်းတစ်ခုက သူတို့ဆီ ဦးတည်လာလေသည်။

ယွန်ထန်းဟုခေါ်သော ကြံ့ခိုင်သန်မာသော အမျိုးသားသည် ချင်ယွင်၏နောက်တွင် ရုတ်တရက်ပေါ်လာပြီး သူ၏ကြီးမားသော လက်သီးက ချင်ယွင်၏ ဦးခေါင်းဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်လေသည်။

ချင်ယွင်ကို ဤလက်သီးချက်တစ်ချက်တည်းဖြင့် သတ်ပစ်ချင်သလိုမျိုး သူ၏ လက်သီးချက်က ကြောက်စရာကောင်းသည့် စွမ်းအားကို သယ်ဆောင်လာပါသည်။

"မင်း သေခြင်းတရားကို တောင်းခံနေတာဘဲ!"

ချင်းယွင်၏ မျက်လုံးများတွင် အေးစက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူရှိနေရာ နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ယွန်ထန်းသည် လေထုကိုသာ ထိုးမိသွားခဲ့ပြီး လေထုသည် ပြင်းထန်စွာ တုန်ခါသွား ခဲ့သည်။

"ဘုန်း…. !"

ချင်ယွင်၏ ရုပ်အသွင်သည် ယွန်ထန်း၏ နောက်တွင် တစ္ဆေသရဲကဲ့သို့ ပေါ်လာပြီး ယွန်ထန်း၏ ပါးပြင်ပေါ်သို့ ကြာပွတ်လို ခြေကန်ချက်က ပြင်းထန်စွာ ကျရောက်သွား သည်။

ယွန်ထန်း၏ ပါးပြင်သည် လျင်မြန်စွာ ပုံပျက်သွားပြီး အရိုးများ ကွဲအက်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ဤသည်မှာ ယွန်ထန်း၏ မေးစေ့အရိုးတွေ ကွဲအက်သံ ဖြစ်ပါသည်။ ထို့နောက် ယွန်ထန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဧရာမကျောက်တုံးကြီးတစ်ခုလို နောက်ပြန် လွင့်ထွက်သွားခဲ့သည်။

ဝှီး….!

ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ခွန်အားများ ဖြည့်သွင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးလည်း လျင်မြန်စွာ လိုက်ပါသွားလေသည်။

ဟောင်ခွန်သည် ဤလူကြောင့် ဒဏ်ရာရခဲ့သည်။ ယခုအချိန်သည် ဟောင်ခွန်အတွက် လက်စားချေပေးရန် အချိန်ဖြစ်သည်။

"ဘုန်း….!"

ချင်ယွင်၏ ရုပ်အသွင်သည် ယွန်ထန်း၏ရှေ့တွင် ပေါ်လာပြန်သည်။ သူသည် ယွန်ထန်း၏ တဖက်ပါးပြင်ကို အပြင်းအထန် ထိုးနှက်ပြန်သည်။ ယွန်ထန်းသည် သွေးများ တိုက်ရိုက် အန်ထုတ်လိုက်ရသည်။ ပါးစပ်မှ သွေးများ လွင့်စင်သွားပြီး သူကိုယ်တိုင်လည်း အဝေးသို့ လွင့်စင်သွားပြန်သည်။

ယခုအချိန်တွင် ချင်ယွင်၏ ခွန်အားသည် လျှပ်စီးစွမ်းရည် ကိုယ်ပွားနှင့် ပေါင်းစပ်ပြီး နောက် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။ ထို့ကြောင့် နှောင်းပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်ရှိ ကျင့်ကြံသူဖြစ်သော ယွန်ထန်းသည် ချင်ယွင်အား သဘာဝအတိုင်း မယှဉ်နိုင်တော့ပါ။

"ဘုန်း….. !"

ယွန်ထန်း၏ ရုပ်အသွင်သည် ပေတစ်ထောင်ကျော်သို့ ပစ်လွင့်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အပျက်အစီးများကြားထဲသို့ ပြုတ်ကျသွားကာ ပါးစပ်ပြည့် သွေးများ အန်ထုတ်လိုက်ရသည်။

ချင်ယွင်သည် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေပြီး သူ၏မျက်လုံးများသည် နှင်းခဲကဲ့သို့ အေးစက်နေသည်။

ဝှီး….!

ချင်ယွင်သည် နောက်တစ်ကြိမ် ပြေးထွက်သွားပြီး ယွန်ထန်းဆီသို့ ပစ်ဝင်လိုက်လေ သည်။ သူသည် ယွန်ထန်းကို လုံးဝ ချေမှုန်းပစ်ချင်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် အပျက်အစီးများကြားထဲသို့ ပြုတ်ကျသွားသော ယွန်ထန်းသည် ရုတ်တရက် ခေါင်းကို မော့ကာ သူ၏မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု တောက်ပလာသည်။ ထို့နောက် ယွန်ထန်းသည် အရှိန်အဟုန် ပြင်းပြင်းဖြင့် ချက်ချင်း ပစ်ဝင်ကာ ချင်ယွင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်လေသည်။

"ဂိုဏ်းသခင်လေး..၊ မြန်မြန် ထွက်သွားတော့… !" မတ်တပ်ရပ်ပြီးဖြစ်သော ယွန်ထန်းက ယွန်ဟောင်ယန်ကို လှမ်းအော်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်တွင်းရှိ အစစ်အမှန် အနှစ်သာရသည် ပြင်းထန်စွာ ပွက်ပွက်ဆူလာနေပြီး သူ၏ခန္ဓာကိုယ်သည် နီမြန်းလာနေပါသည်။

"မကောင်းတော့ဘူး၊ သူက သူကိုယ့်သူ ဖောက်ခွဲပစ်ချင်နေတာ!"

ဟောင်ကလန် အတွင်းရှိ လူတိုင်း၏ မျက်နှာများသည် ချက်ချင်းပင် ဖြူဖျော့သွားကာ စိတ်ပျက်အားငယ်မှု လှိုင်းလုံးများက သူတို့၏ နှလုံးသားထဲသို့ တိုးဝင်လာလေသည်။

မိမိကိုယ်ကို ဖောက်ခွဲခြင်းသည် ကိုယ့်ကိုယ်ကို သတ်သေမှုတစ်ခု ဖြစ်သည်။ ၎င်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန် အနှစ်သာရကို လွန်ကဲစွာ ဖိသိပ်လိုက်ရာမှ တုနှိုင်းမရသည့် ကြောက်စရာကောင်းသော စွမ်းအားကို တခဏချင်း ပေါက်ကွဲ သွားစေနိုင်သည်။

နှောင်းပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင် တစ်ဦး၏ မိမိကိုယ်ကို ဖောက်ခွဲမှုသည် ဆူကျိုး၏ တစ်ဝက်ခန့်ကို ဖျက်ဆီးပစ်ရန် လုံလောက်ပါသည်။

ထိုအချိန်တွင်၊ ဟောင်ကလန်ကို မပြောနှင့်၊ တုန်းဝူးမြို့၏ ကျင့်ကြံသူ ထက်ဝက်ခန့်ပင် ချက်ခြင်း သေဆုံးသွားလိမ့်မည်။

"အယ်!"

ယွန်ဟောင်ယန်သည် ယွန်ထန်းက မိမိကိုယ်ကို ဖောက်ခွဲတော့မည်ကို မြင်သော အခါတွင် စကားတစ်လုံးမှ မပြောတော့ဘဲ ပျံသန်းနေသော နဂါးကြီးနှင့်အတူ မိုးကုတ်စက်ဝိုင်းထဲသို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ယခုအချိန်တွင် ချင်ယွင်သည် ထွက်ပြေးလွတ်မြောက်သွားသော ယွန်ဟောင်ယန်ကို ဂရုမစိုက်နိုင်တော့ပေ။ ယွန်ထန်း၏ ခန္ဓာကိုယ်ပေါ်တွင် စုစည်းထားသော ကြောက်မက်ဖွယ် စွမ်းအားကိုလည်း သူ ခံစားနိုင်သည်။ ထိုအဖျက်စွမ်းအားသည် ရောက်ရှိနေသူ အားလုံးကို ချက်ချင်း သတ်ပစ်ရန် လုံလောက်ပါသည်။

သို့သော်၊ ယွန်ထန်းသည် ချင်ယွင်ကို လက်နှစ်ဘက်ဖြင့် တင်းကျပ်စွာ ဖက်ထားသည်။ ချင်ယွင်က သူ၏ခန္ဓာကိုယ်ကို မည်သို့ပင် တိုက်ခိုက်နေပါစေ သူက လွှတ်မပေးခဲ့ပါဘူး။

"ဟား…..၊ ဟား……၊ သွားသေလိုက်ကြတော့ မင်းတို့အားလုံးကို ငါနဲ့အတူ သင်္ဂြိုဟ်ရ လိမ့်မယ်။"

ယွန်ထန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲသွားပုံရသည်။ အက်ကွဲရာကနေ အနီရောင် အလင်းတန်းတစ်ခု ထွက်လာပေါ်လာပါသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း အငွေ့အသက်များက မြင်ရသူတိုင်း၏ နှလုံးသားကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ နောက်တစက္ကန့်မှာ ပေါက်ကွဲပြီး အရာအားလုံးကို လွှမ်းခြုံသွားပါလိမ့်မည်။

ရှီရှောက်ယန်း နှင့် လင်းဖန်တို့ အပါအဝင် ဟောင်ကလန်ရှိ လူတိုင်း၊ သူတို့၏ မျက်နှာများတွင် ဖော်ပြ၍မရသော စိတ်ပျက်အားငယ်မှု အရိပ်အယောင်များ ရှိနေပါ သည်။

"ဟမ့်၊ မင်း ကိုယ့်ကိုကိုယ် ဖောက်ခွဲနိုင်မယ်လို့ တကယ်ထင်နေတာလား"

ထိုအချိန်တွင် ချင်ယွင်၏ အေးစက်သော ရယ်မောသံက ရုတ်တရက် ထွက်ပေါ်လာ ပါသည်။ ထို့နောက် လူအားလုံးသည် ချင်ယွင် နှင့် ယွန်ထန်းတို့ လုံးဝ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရလေသည်။

နောက်တစ်စက္ကန့်အကြာတွင် ချင်ယွင်နှင့် ယွန်ထန်းတို့၏ ရုပ်အသွင်များ ပြန်ပေါ်လာ ပါသည်။

သို့သော် ယွန်ထန်းသည် လုံးဝ သေဆုံးသွားကာ ပေါက်ကွဲတော့မည့် သူ၏ခန္ဓာကိုယ် အတွင်းရှိ အစစ်အမှန် အနှစ်သာရများလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။

အခန်း (၅၆၈) ကောင်ကင်ကပ်ဘေးဒုက္ခကို အလွယ်တကူ ဖြတ်ကျော်ခြင်း။

"အဲဒီမှာ ဘာဖြစ်တာခဲ့လဲ"

ဟောင်ကလန်မှ လူတိုင်း အံ့သြသွားကြသည်။ ယခုလေးတင် ယွန်ထန်းက ကိုယ့်ကိုကိုယ် ဖောက်ခွဲပစ်ချင်နေတာ မဟုတ်ဘူးလား? သူ လုံးဝ ပေါက်ကွဲတော့မည့် အချိန်မှာ သူတို့က တခဏကြာအောင် ဘာလို့ ပျောက်သွားရတာလဲ။ စောစောလေးက ချင်ယွင်က သူ့ကို အတိအကျ ဘာလုပ်ခဲ့တာလဲ။

လူတိုင်းက ချင်ယွင်ကို အံ့ဩသော အမူအရာများဖြင့် ကြည့်နေကြသည်။

ချင်ယွင်သည် လူတိုင်း၏ ပဟေဠိအကြည့်တွေကို လျစ်လျူရှုလိုက်ပြီး ယွန်ထန်ေ၏ အသက်မဲ့ ရုပ်အလောင်းကို သူ၏မျက်လုံးထဲတွင် အပြုံးမပျက် ကြည့်နေလေသည်။

ထိုအချိန်တုန်းက ချင်ယွင်သည် ကနဦးစကြာဝဠာထဲသို့ ဝင်ရောက်ရန်သာ ရွေးချယ်လိုက်ရသည်။ ယွန်ထန်းသည် ချင်ယွင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား သောကြောင့်၊ သူက သူ့ကို ကနဦးစကြဝဠာထဲသို့ သဘာဝအတိုင်း ခေါ်ဆောင်လာ နိုင်ခဲ့သည်။

ကနဦးစကြဝဠာတွင် ချင်ယွင်သည် အုပ်စိုးရှင် ဖြစ်လေသည်။ ယွန်ထန်းသည် သူ၏ ရှေ့တွင် ကိုယ့်ကိုယ်ကို ဖောက်ခွဲရန် မည်သို့ ဖြစ်နိုင်တော့မည်နည်း။

ချင်ယွင်သည် အချိန်ကို တိုက်ရိုက် ရပ်တန့်လိုက်ပြီး ယွန်ထန်း၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန် အနှစ်သာရအားလုံးကို ထုတ်ယူလိုက်လေသည်။ ရုန်းရင်းဆန်ခတ် ဖြစ်နေသည့် အစစ်အမှန် အနှစ်သာရများ မရှိတော့လျှင် ယွန်ထန်းသည် ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုလျှင်ပင် မဖြစ်နိုင်တော့ပေ။

အဲဒီနောက် ချင်ယွင်က ယွန်ထန်းကို သတ်ပစ်လိုက်သည်။ ဤဖြစ်စဉ်သည် တခဏမျှသာ ဖြစ်သဖြင့် ဟောင်ကလန်၏ အဖွဲ့ဝင်များသည် ချင်ယွင် ပျောက်ကွယ်သွားပြီး တခဏကာ ပြန်လည်ပေါ်လာသည်ကိုသာ မြင်တွေ့ရမည် ဖြစ်ပါသည်။

ယွန်ဟောင်ယန်လည်း ထွက်ပြေးလွတ်မြောက်သွားပြီ ဖြစ်လေသည်။ ယွန်ဟောင်ယန် ခေါ်ဆောင်လာသူ အားလုံးနီးပါးလည်း သေဆုံးသွားကြပြီ။ ယခုအချိန်တွင် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရှိ ချီရှောက်ယန်း နှင့် လင်းဖန်တို့သာ ကျန်တော့ သည်။

ထို့ကြောင့် ချင်ယွင်သည် ချီရှောက်ယန်း နှင့် လင်းဖန်တို့ဘက်ကို လှည့်ကြည့် လိုက်လေသည်။

ချီရှောက်ယန်း နှင့် လင်းဖန်တို့သည် မူလက ထွက်ပြေးရန် ရည်ရွယ်ထားသော်လည်း ချင်ယွင်က သူတို့ကိုကြည့်ရန် ခေါင်းလှည့်လာသည်ကို တွေ့လိုက်ရသောအခါ သူတို့၏ မျက်နှာတွေက ဖြူဖပ်ဖြူရော် ဖြစ်သွားကြပါသည်။

ဝှီး….!

ချင်ယွင်၏ အသွင်အပြင်သည် လေပြေလေညင်းကဲ့သို့ ဖြစ်သွားပြီး ချီရှောက်ယန်း နှင့် လင်းဖန်တို့၏ ရှေ့တွင် တိတ်တဆိတ် ပေါ်လာပါသည်။

"ဖတ်…. !"

ချီရှောက်ယန်း နှင့် လင်းဖန်တို့သည် မြေပြင်ပေါ်တွင် တညီတညွတ်တည်း ဒူးထောက် လိုက်ကြသည်။

"မ….. ငါ့ကို မသတ်ပါနဲ့၊ ငါတို့အားလုံး အတင်းအကြပ် စေခိုင်းခံရတာပါ" ချီရှောက်ယန်းက ချင်ယွင်အား ကရုဏာသက်ရန် အလျင်စလို တောင်းပန်လိုက်ပြီး၊ သေမင်းနတ်ဘုရားတစ်ပါးကို မြင်လိုက်ရသကဲ့သို့ သူ၏အသံမှာ တုန်ယင်နေသည်။

အစောပိုင်းလေးကမှ ချင်ယွင်က ယွန်ဟောင်ယန်ကို တရစပ် တိုက်ခိုက်နေသည့် မြင်ကွင်းကို သူ မြင်ဖူးပါသည်။ အကယ်၍ ထိုလက်သီးတစ်ချက်သည်ပင် သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့မည်ဆိုပါလျှင် သူတို့ကို အသားငါးပိဖြစ်သည်အထိ တိုက်ရိုက် ကြိတ်ချေနိုင်ပါလိမ့်မည်။

"ဟုတ်ပါတယ်၊ ယွန်ဟောင်ယန်က ငါတို့ကို ဒီလိုလုပ်ခိုင်းလို့ပါ။ မင်းကိုသတ်ဖို့အတွက် ငါတို့ ဒီကိုရောက်လာတာ မဟုတ်ပါဘူး!" လင်းဖန်ကလည်း သနားညှာတာပေးရန် တောင်းပန်လိုက်ပါသည်။ သူသည် မြေပြင်ပေါ်သို့ လေးလေးနက်နက် ဒူးထောက် လိုက်ကာ မြေပြင်ပေါ်ရှိ ကျောက်ပြားသည်ပင် အက်ကွဲသွားလေသည်။

"မင်းတို့ကို သတ်ချင်တယ်လို့ ဘယ်တုန်းက ပြောဖူးလို့လဲ။" ချင်ယွင်က ပြုံးပြုံးလေးနှင့် ပြောလိုက်ပါသည် ။

"တကယ်လား မင်းက ငါတို့ကို သတ်မှာ မဟုတ်ဘူးလား" ချီရှောက်ယန်း နှင့် လင်းဖန် တို့သည် စိတ်လှုပ်ရှားစွာ ပြုံးလိုက်ကြလေသည်။

"ဟုတ်တယ် မင်းတို့ကို ငါမသတ်ပါဘူး" ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်ပြသည်။

"အရမ်းကို ကောင်းလိုက်တာ။ စီနီယာချင်၊ မင်းမှာ သနားကြင်နာစိတ် အများကြီး ရှိတာပဲ။ မင်းရဲ့ခွန်အားကလည်း ကမ္ဘာမှာ နံပါတ်တစ်ပါ " ချီရှောက်ယန်းသည် ချင်ယွင်၏ဖင်ကို အလျင်အမြန် နမ်းရန်အတွက် မြေပြင်မှပင် ထတော့မည်။

လင်းဖန်၏ မျက်နှာသည် ယုရှန်းအတွက် ပျော်ရွှင်နေသကဲ့သို့ အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော် ထိုအချိန်တွင်၊ ချင်ယွင်၏ နောက်ထပ် စကားကြောင့် သူတို့၏ မျက်နှာများ တင်းမာသွားကြပါသည်။

"သေခြင်းတရားဆိုတာက ရှောင်လွှဲလို့ ရတာရှိသလို ရှောင်လွှဲလို့ မရတာလည်း ရှိတယ်။ ငါက မင်းတို့ကို အရူးတွေအဖြစ်နဲ့ ရှင်သန်ခွင့်ပေးမယ်" ချင်ယွင်၏ မျက်လုံးများသည် အေးစက်သွားပြီး သူ၏ လက်ဖဝါးနှစ်ဖက်ကို ဆန့်ထုတ်ကာ လင်းဖန်နှင့် ချီရှောက်ယန်းတို့၏ ကောင်းကင်စိတ်ဝိညာဉ်အလွှာကို ရိုက်ချလိုက်လေ သည်။ (ကောင်းကင်စိတ်ဝိညာဉ်အလွှာဟူသည်.. နီဝမ်နန်းတော်ကို ဆိုလိုဟန် တူပါသည်။ ကျွန်တော်ကတော့ မူရင်းပါသည့်အတိုင် ပြန်ဆိုပေးထားခြင်း ဖြစ်ပါသည်။) (Qin Yun's eyes turned cold as he stretched out his two palms and slapped Lin Feng and Qi Shaoyang's Heavenly Spirit Cover.)။ ရှေ့မှာလည်း သုံးလေးနေရာမှာ တွေ့ခဲ့ရပါသည်။

ချီရှောက်ယန်း နှင့် လင်းဖန်တို့၏ ခန္ဓာကိုယ်များသည် ရုတ်တရက် တုန်ခါသွားကြ၏ ။ ထို့နောက် သူတို့၏ သူငယ်အိမ်များသည် တဖြည်းဖြည်း ရှင်းလင်းပြတ်သားမူ ဆုံးရှုံး လာကြပါသည်။ သူတို့၏ နှုတ်ခမ်းထောင့်စွန်းတွေမှာ အာရည်တံတွေးတွေ စီးကျနေ၏။ သူတို့သည် ရူးသွပ်စွာ ရယ်မောလိုက်ကြသည်။ သူတို့ နှစ်ယောက်စလုံးသည် လုံးလုံး အရူးတွေအဖြစ်သို့ ပြောင်းလဲသွားကြလေသည်။

ချင်ယွင်သည် ဤမျှလောက်ဖြင့် ရပ်တန့်ခြင်းမရှိဘဲ သူတို့၏ ဒန်တန်ကိုလည်း တစ်ဖန် ဖြိုခွဲလိုက်ကာ ဤအရူးနှစ်ယောက် ကမ္ဘာကြီးကို အန္တရာယ်မပေးနိုင်အောင် ကယ်တင်ခဲ့သည်။

ထို့နောက် သူသည် လေဟာနယ် သလင်းကျောက် အပိုင်းအစကို ထုတ်ယူကာ လေဟာနယ်ကို တိုက်ရိုက် ခွဲလိုက်လေသည်။ ထို့နောက် သူသည် ထိုအရူးနှစ်ယောက် ကို လေဟာနယ်ထဲသို့ ပစ်ချပြီး တုန်းဝူမြို့အပြင်ဘက်သို့ ပစ်ချလိုက်လေသည်။

ချင်ယွင်သည် ချီရှောက်ယန်း နှင့် လင်းဖန်တို့ကို အင်မော်တယ် သင်္ဘောကြီးပေါ်မှ နောက်ဆုံးအကြိမ် ပစ်ချခဲ့ပြီး၊ သူသည် သူတို့အား အခွင့်အရေး ပေးထားပြီး ဖြစ်ပါသည်။ သို့သော် သူတို့နှစ်ဦးသည် နောင်တမရရုံသာမက၊ သူ့ကို ရှာရန်အတွက် ယွန်ဟောင်ယန်ကိုပင် ဟောင်ကလန်သို့ ခေါ်ဆောင်လာခဲ့သည်။ ချင်ယွင်သည် သူတို့အပြောသက်သက်ဖြင့် သူတို့ကို ခွင့်မလွှတ်နိုင်ပါဘူး။

သို့သော် သူတို့၏ စွမ်းအားဖြင့် ချင်ယွင်သည် သူတို့ကို သတ်ရန် စိတ်မဝင်စားခြင်း မရှိတော့ပေ။ ထို့ကြောင့် ၎င်းတို့နှစ်ဦးကို အရူးများအဖြစ် ပြောင်းလဲကာ စိတ်ကမောက်ကမ ဖြစ်နေသောဘဝဖြင့် နေထိုင်ခွင့်ပေးရန် ဆုံးဖြတ်လိုက်ပါသည်။

သေချာသည်မှာ၊ ယခုလိုပြစ်ဒဏ်မျိုးက သူတို့ကို သတ်လိုက်တာထက်ပင် ပိုရက်စက်ရာ ကျပါသည်။ ချင်ယွင်သည် ခြောက်နှစ်ကြာအောင် လူတုံးလူအတစ်ယောက် ဖြစ်ခဲ့ဖူးပြီး ဤအရာကို အခြားသူများထက် ပိုသိပါသည်။

ချီရှောက်ယန်း နှင့် လင်းဖန်တို့ကို ရှင်းလင်းပြီးနောက် ဤမုန်တိုင်းသည် ပြီးဆုံးသွားခဲ့ပါသည်။

ထိုအချိန်တွင် ကောင်းကင်ယံ၌ တိမ်တိုက်များ စုစည်းပြီးလုနီးပါး ဖြစ်နေပါပြီ။ ကပ်ဘေးဒုက္ခ တိမ်တိုက်များသည် တုန်းဝူမြို့၏ ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံထားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် အလွန်ပြင်းထန်လွန်း သဖြင့် သာမန် ကျင့်ကြံသူများဆိုလျှင် အသက်ပင် မရှူနိုင်ကြပေ။

"ခင်ပွန်း!"

ရန်စီချီ နှင့် အခြားသူများသည် ဤကိစ္စပြီးသွားသည်ကို မြင်ပြီးသည်နှင့် ချင်ယွင်ဆီသို့ ပြေးသွားတော့မည် ဖြစ်သည်။

ချင်ယွင်က သူတို့ကို ခေါင်းယမ်းပြလိုက်ပြီး သူဆီ မလာဖို့ အချက်ပြလိုက်သည်။ ထို့နောက် သူသည် ပြန်လှည့်ပြီး လင်ရှင်းရေကန်၏ ဦးတည်ရာဆီသို့ ပျံသန်း သွားခဲ့သည်။

ဤနေရာသည် သေးငယ်လွန်းပါသည်၊ ချင်ယွင်အတွက် ကဘေးဒုက္ခကို ဖြတ်ကျော်ရန် မလုံလောက်ပါ။

အကယ်၍ ဟောင်ကလန်အတွင်းမှာ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့ပါက၊ ဟောင်ကလန် စံအိမ်ထဲဝင်းရှိ အဆောက်အဦများ အားလုံး ပျက်စီးသွားဖွယ် ရှိပါသည်။

လင်ရှင်းရေကန်ကတော့ ပိုကျယ်သည့်အတွက် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရန် အသင့်တော်ဆုံး နေရာဖြစ်ပါသည်။

ချင်ယွင်၏ အရှိန်သည် အလွန်လျင်မြန်ပြီး အနည်းငယ်မျှသော အခိုက်အတန့်တွင် သူသည် လင်ရှင်းရေကန်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိခဲ့သည်။

ဟောင်ကလန်၏ တပည့်များသည် ကောင်းကင်ယံရှိ တိမ်တိုက်များသည် ချင်ယွင်ဆီကို ဦးတည်နေကြောင်းလည်း နားလည်သွားကြသည်။ ချင်ယွင်သည် ကပ်ဘေးဒုက္ခကို မည်သို့ ဖြတ်ကျော်ခဲ့သည်ကို ကြည့်ရှုရန်အတွက် သူတို့အားလုံး လင်ရှင်းရေကန်၏ ကမ်းစပ်ဆီသို့ ပြေးသွားကြသည်။

ယနေ့တွင်၊ သိုင်းလေ့ကျင့်ရေးကွင်းအတွင်းမှ ချင်ယွင်၏တိုက်ပွဲသည် ရှောင်ယန်၏ ဂိုဏ်းသခင်လေးကို အနိုင်ယူပြီး အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်ရှိ ယွန်ထန်းကို သတ်ပစ်ကာ ကမ္ဘာကို လှုပ်ခါစေရန်အထိပင် ကံကြမ္မာက သတ်မှတ်ပေးထားလိုက်ပါပြီ။ မည်သည့်တိုက်ပွဲမျိုးက ယခုလို အောင်မြင်မှုမျိုး ရှိနိုင်တော့မည်နည်း?။

ယခုအချိန်တွင် ချင်ယွင်အပေါ် သူတို့၏ ကြည်ညိုလေးစားမှုသည် သူတို့၏ဘိုးဘေး ဟောင်ခွန်ထက် မနိမ့်ကျတော့ချေ။

ချင်ယွင်သည် ရေကန်၏မျက်နှာပြင်ပေါ်တွင် ရပ်ကာ မျက်လုံးများကို မှိတ်လိုက်ပြီး ဤကောင်းကင်ကပ်ဘေးဒုက္ခ ကျရောက်လာမည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်း နေခဲ့သည်။

သုံးနှစ်ကြာ တံခါးပိတ်ကျင့်ကြံမှုသည် ချင်ယွင်၏ ကျင့်ကြံမူအဆင့်အား အရည်အသွေး အရပါ ခုန်ပျံကျော်လွှားနိုင်စေခဲ့ပါသည်။ ယခု သူသည် အထွတ်အထိပ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကို ပိုင်ဆိုင် ထားပြီး၊ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ ဤကောင်းကင်ကပ်ဘေးဒုက္ခကို ကျော်လွှားခြင်းက သူ့အတွက် ပြဿနာမဖြစ်သင့်ဟု သူ ယုံကြည်ထားပါသည်။

"ဘုန်း…. !"

ကောင်းကင်ယံမှ လျှပ်စီးကြောင်းတစ်စင်းက ဆင်းသက်လာပါသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် တောင်တစ်ခုကဲ့သို့ မလှုပ်မယှက် ဖြစ်နေ၏။ လျှပ်စီးတိုင်ကဲ့သို့ ကောင်းကင်ကပ်ဘေးဒုက္ခသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ရိုက်နှက် လိုက်သော်လည်း ချင်ယွင်၏ ခန္ဓာကိုယ်သည် နည်းနည်းလေးမှ တုန်လှုပ်သွားခြင်း မရှိခဲ့ပါဘူး။

ချင်ယွင်သည် လက်ရှိတွင် လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် ပေါင်းသင်းနေသည့် အခြေအနေတွင် ရှိနေသည်ကို မပြောနှင့်၊ သူ၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုကပင် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်ပါသည်။ ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ် သက်သက်ဆိုလျှင်တောင် ဤလျှပ်စီးတွေက သူ့အတွက် ခြိမ်းခြောက်မှု တစ်ခုမှ မရှိတော့ပါဘူး။

သို့သော်လည်း ချင်ယွင်၏ အမြင်မှာ အလွန်စိတ်သက်သာရာ ရစရာကိစ္စတစ်ခုအဖြစ် ရှိနေသော်လည်း ဟောင်ကလန်မှ လူများ၏အမြင်တွင်မူ ဤလျှပ်စီးများသည် တုန်လှုပ်ချောက်ချားဖွယ်ရာပင် ဖြစ်နေပါသည်။

သူ၏ခန္ဓာကိုယ်ဖြင့်ပင် လျှပ်စီးကြောင်းကို လှုပ်ခါစေနိုင်ခဲ့သည်၊ ဤခန္ဓာကိုယ်သည် မည်မျှ သန်မာလိုက်မည်နည်း။

“ဘုန်း…… .၊ ဘုန်း…….။ ဘုန်း…… ၊ ဘုန်း…….”

ထိုနောက် ချင်ယွင်သည် လျှပ်စီးကြောင်းခြောက်ခုကို အလွယ်တကူ ခံယူခဲ့သည်။

ဆဋ္ဌမမြောက် လျှပ်စီးကပ်ဘေးဒုက္ခအရောက်မှာ ချင်ယွင်သည် လှုပ်ရှားသွားပြီး အနက်ရောင်လျှပ်စီးကြောင်းကို လက်သီးတစ်ချက်ဖြင့် အပြင်းအထန် ထိုးနှက်လိုက်ရ သည်။

သေချာသည်မှာ၊ ဤသည်မှာလည်း ချင်ယွင် ထင်ထားသည့်ပင် ဖြစ်နေပါသည်။ သူ၏လက်ရှိခွန်အားဖြင့်၊ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ ဤကောင်းကင် ကပ်ဘေးဒုက္ခကို ကျော်လွှားရန် အလွန်လွယ်ကူနေပါလိမ့်မည်။

"ဘုန်း…..!"

သတ္တမမြောက် လျှပ်စီးဒုက္ခသည် ဆင်းသက်လာ၏။ ယင်း လျှပ်စီးလင်းလက်နေသည့် ဧရာမ အနက်ရောင်ကြီးတစ်ခု ဖြစ်လေသည်။

ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လျှပ်စီးအလုံးကြီးကို ကြည့်ကာ သူ၏မျက်နှာသည် အလွန်ငြိမ်သက်နေသည်။

လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ချင်ယွင်၏ခန္ဓာကိုယ်မှ ထွက်သွားခဲ့ပြီး လျှပ်စီးဝါးမျိုခြင်း လျှို့ဝှက်ပညာရပ်ကို အသုံးပြုလိုက်သည်။ ကောင်းကင်ယံမှာ လျှပ်စီး လင်းလက်နေ သည့် အနက်ရောင်အလုံးကြီးကို ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားက လုံးလုံး လျားလျား ဝါးမြိုသွားခဲ့ပါသည်။

လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် အနက်ရောင်လျှပ်စီးလုံးကြီးအား ဝါးမျိုပြီးနောက်၊ သူ၏ခန္ဓာကိုယ်သည် ပိုမိုအားကောင်းလာပြီး သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းလာခဲ့ပါသည်။

အဋ္ဌမမြောက် တိုက်ခိုက်မူသည်လည်း လျှပ်စီးကပ်ဘေးဒုက္ခ ဖြစ်နေပါသည်။ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် တူညီသောအကွက်ကို ဆက်လက်အသုံးပြုကာ အနက်ရောင် လျှပ်စီးကြောင်းကို ဝါးမြိုသွားခဲ့၏။

ကိုးကြိမ်မြောက် ကောင်းကင်ကပ်ဘေးဒုက္ခ ရောက်လာချိန်မှာတော့၊ ထိုအရာသည် ကောင်းကင်ရေ ကပ်ဘေးဒုက္ခဖြစ်နေပါသည်။ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အား ကောင်းကင်ရေနှင့် တိုက်ရိုက်သန့်စင်ပြီး 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာ'ရပ်၏ ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက် ဖြတ်ကျော်သွားလေသည်။

ကောင်းကင်ကပ်ဘေးဒုက္ခကြီးကို ကျော်လွန်သွားပြီးနောက် ချင်ယွင်သည် ဒဏ်ရာ မရရှိခဲ့ရုံတင်သာမက သူ၏ခွန်အားလည်း တိုးမြင့်လာခဲ့ပြီး ယင်းက ဟောင်ကလန်၏ အဖွဲ့ဝင်များကို အံသြသွားစေခဲ့ပါသည်။

အခန်း (၅၆၉) ချန်မင်ရှီကိုလက်ခံခြင်း။

ညဉ့်သည် သန်းခေါင်ယံကျော်လွန်လာခဲ့ပြီး တောက်ပသော လမင်းကြီးသည် ကောင်းကင်ယံ အမြင့်တည့်တည့်တွင် ရှိနေပြီး ငွေရောင်ပန်းကန်လုံးကြီးကဲ့သို့ ဝင်းလက် တောက်ပနေ၏။

ဟောင်ကန်၏ ခြံဝင်းငယ်လေးထဲတွင် ချင်ယွင်သည် ကြီးမားသော လပြည့်ဝန်းကို ကြည့်ရူရန် ခေါင်းကိုမော့ထားသော်လည်း သူ၏စိတ်ခံစားမူက အလွန်အမင်း နိမ့်ဆင်းနေခဲ့ပါသည်။

ချင်ယွင်သည် ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးသည်မှာ သုံးရက်ကြာ သွားခဲ့ပါပြီ။ ဤသုံးရက်အတွင်း၊ ချင်ယွင်သည် ဟောင်ခွန်ကို အဆိပ်ထုတ်ပေးနေ ခဲ့သည်။

မူလက ဟောင်ခွန်၏ အဆိပ်သည် အဆိပ်ငွေ့များဖြင့် သူ၏နှလုံးကို တိုက်ခိုက်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ယုတ္တိနည်းဖြင့် ပြောရလျှင် အမှန်တကယ် ကုသရန် ဆေးမရှိတော့ပါ။

သို့သော် ကနဦးစကြဝဠာတွင် ချင်ယွင် မလုပ်နိုင်သည့်အရာ မရှိပါ။ ထို့ကြောင့် ချင်ယွင်သည် ဟောင်ခွန်၏ ခန္ဓာကိုယ်ရှိ အဆိပ်အားလုံးကို စုပ်ထုတ်ရန်အတွက် ကနဦး စကြဝဠာ၏စွမ်းအားကို တိုက်ရိုက် အသုံးပြုခဲ့ပါသည်။

အဆိပ်ထုတ်ပြီး သုံးရက်အကြာမှာတော့ ဟောင်ခွန်၏ ခန္ဓာကိုယ်သည် ပြန်လည် ကောင်းမွန်လုနီးပါး ဖြစ်နေပါပြီ။

ချင်ယွင်သည် မနက်ဖြန်တွင် ဟောင်ခွန်ကို ခေါ်ဆောင်ပြီး ကောင်းကင်ဘုံဂိုဏ်းသို့ သွားကာ သူ၏အစ်မကို ရှာဖွေရန် စီစဉ်ထားပါသည်။ ယုတ္တိနည်းအရ ပြောရလျှင်၊ ချင်ယွင်သည် သူ၏ကျင့်ကြံမူအခြေခံကို အင်မော်တယ်အသွင်ကူးခြင်းနယ်ပယ်သို့ ဖြတ်ကျော်ပြီးသည်အထိ စောင်းဆိုင်းပြီးမှ ကောင်းကင်ဘုံဂိုဏ်းသို့ သွားသင့်ပါသည်။ ယင်းက ပိုလုံခြုံပါလိမ့်မည်။

သို့သော် ချင်ယွင်သည် စိတ်ရိမ်နေမိသည်။ ကောင်းကင်ဘုံဂိုဏ်းမှာ သူ့အစ်မ၏ဘဝက ကောင်းမွန်ခြင်းမရှိဟု သူ၏အလိုလိုသိသည့်ဗီဇစိတ်က ပြောနေခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် နောက်ထပ် မစောင့်ချင်တော့ပေ။

သူသည် မူလကတည်းက သူ၏အစ်မကို ရှာဖွေရန်အတွက် ကောင်းကင်နဂါးတိုက်ကြီး သို့ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ ယခုဆိုလျှင် အချိန်အတော်ကြာကာ နှောင့်နှေး နေခဲ့ပြီး သူသည် အလွန်အပြစ်ရှိသလို ခံစားရ၏။ အကယ်၍ သူသည် ကောင်းကင်ဘုံဂိုဏ်းသို့ ထပ်မံ မသွားသေးပါက၊ မမျှော်လင့်ထားသော ကိစ္စရပ်များ တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့ပါက ချင်ယွင်သည် သူ၏ဘဝတစ်သက်တာလုံး နောင်တ ရနေရမည်ကို သူကြောက်မိသည်။

ထို့အပြင်၊ ချင်ယွင်သည် ကောင်းကင်နဂါးတိုက်ကြီးသို့ ရောက်ပြီးနောက် သူ၏ အစ်မနှင့် ပတ်သက်သည့် မည်သည့်အကြောင်းကိုမျှ မကြားရတော့ပေ။

သူ့အစ်မ၏ ရုပ်ရည် အသွင်အပြင်ဖြင့်ဆိုလျှင် သူမသည် ကောင်းကင်ဘုံဂိုဏ်းတွင် လူမသိသူမသိ သာမန်လူတစ်ယောက် မဖြစ်နိုင်ကြောင်း သူ ယုံကြည်ထားသည်။ ယင်းက သူ့ကို အလွန် စိတ်မသက်မသာ ခံစားရစေသည်။

"အစ်မ၊ ဘာပြဿနာမှ မဖြစ်ပါစေနဲ့၊ ယွင်အာ၊ မကြာခင်မှာ အစ်မကို လာရှာတော့မယ်" ချင်ယွင်သည် ကောင်းကင်ယံရှိ လပြည့်ဝန်းကြီးကို မော့ကြည့်ကာ သူ၏ ရင်ဘတ် ရှေ့တွင် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်ပြီး သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်လေသည်။

"မနက်ဖြန် ဒီကနေ ထွက်သွားဖို့ စီစဉ်နေတာလား"

ထိုအချိန်တွင် ချင်ယွင်၏ နားထဲတွင် နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာပြီး ထိုလေသံမှာ စိုးရိမ်မူအရိပ်ယောင် ပါဝင်နေပါသည်။

"ဟုတ်တယ်… ! မနက်ဖြန် ထွက်သွားဖို့ စီစဉ်ထားတယ်။" ချင်ယွင်က လှည့်မကြည့်ဘဲ ပြန်ဖြေသည်။

ထိုလူက ဘယ်သူလဲဆိုသည် သူ သိပါသည်။ ချန်မင်ရှီ ဤခြံဝင်းထဲသို့ လှမ်းဝင်လာသည့် အခိုက်တွင် သူမ ရောက်ရှိလာသည်ကို သူသိထားပြီး ဖြစ်ပါသည်။

ချန်မင်ရှီ၏ မျက်လုံးများသည် ရေကဲ့သို့တည်ငြိမ်နေပြီး သူမ၏ စိတ်ခံစားမူက သိပ်ကောင်းမွန်ခြင်း မရှိပေ။ သူမသည် သူမရှေ့မှ အရပ်မြင့်မြင့်ပုံရိပ်ကို ကြည့်ပြီး သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပါးစပ်ကို ဖွင့်ဟလိုက်ပါသည်။ သူမသည် တစ်ခုခုကို ပြောချင်နေသော်လည်း မပြောရဲ ဖြစ်နေပါသည်။

ဟောင်ကလန်မှာရှိသည့် လူတိုင်း၏ရှေ့မှာ ဤစကားတွေကို သူမ ပြောခဲ့ဖူးသည်မှာ သေချာပါသည်။ ဤအကြောင်းကို ဟောင်ကလန်မှ လူတိုင်း သိထားပြီးပါပြီ။ ယခုအချိန်တွင် ထိုကြီးမားသည့် ရုတ်ရုတ်သဲသဲကိစ္စရပ်ကြီး ဖြစ်ပြီးနောက် သုံးရက်ကြာ သွားခဲ့ပါပြီ။ ချင်ယွင်သည် အခြားသူတစ်ဦးဦးထံမှ ကြားသိပြီးဖြစ်ရမည်ဟု သူမ ယုံကြည်ထားသည်။

ဤသုံးရက်အတွင်း သူမသည် ချင်ယွင်၏ တုံ့ပြန်မှုကို စောင့်မျှော်နေခဲ့သော်လည်း ချင်ယွင်က မည်သည့်အရာမှ မဖြစ်ခဲ့သည့်အလား တုန့်ပြန်လိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ပေ။ ယင်းက သူမအား စိတ်ပျက်အားငယ်မှုနှင့်အတူ ယုံကြည်မူနည်းပါးခြင်း ကိုပါ ပြင်းပြင်းထန်ထန် ခံစားရစေသည်။

သို့သော် ချင်ယွင်၏ ငြင်းဆန်သောစကားကို မကြားရမခြင်း သူမ လက်မလျှော့ချင်ခဲ့ ပေ။

မနက်ဖြန် ချင်ယွင်သည် ထွက်သွားမည့်ကြောင်း ရန်စီချီထံမှ သူမ ကြားလိုက်ရ သောအခါ သူမသည် ချင်ယွင်ထံသို့ အသဲအသန် ပြေးလာခဲ့ပြီး လူကိုယ်တိုင် သီးသန့် တွေ့ကာ အဖြေကို တောင်းကြည့်ချင်သည်။

သို့သော် ချင်ယွင်၏ ကျောပြင်ကို သူမမြင်လိုက်ရသောအခါတွင် သူမသည် စကားပြောရဲလောက်အောင် သတ္တိမရှိ ဖြစ်ရပြန်သည်။

"မင်ရှီ…. !" ချင်ယွင် ရုတ်တရက် ခေါ်လိုက်သည်။

"ဟုတ်… !" ချန်မင်ရှီက သူမသည် ဓာတ်လိုက်သည့်အလား တုန့်ပြန်လာသည်။

"မင်း မသိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စီချီအပြင် ငါ့မှာ တခြားမိန်းမ နှစ်ယောက်ရှိသေးတယ်။ တစ်ယောက်က ငါ့အစ်မပဲ။ သူမကိုရှာဖို့အတွက် ငါက ကောင်းကင်နဂါးတိုက်ကြီးကို ရောက်လာခဲ့တာပဲ။ ဒါ့အပြင် ကျန်းရွန်ရှင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိသေးတယ်။ သူမကလည်း အရမ်းချစ်တတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပြီး လောလောဆယ်မှာ အိပ်ပျော်နေတယ်။" ချင်ယွင်က လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"ငါ သိပါတယ်၊ ဒီအကြောင်းတွေကို စီချီက ငါ့ကို ပြောပြပြီးပါပြီ။ ဒါပေမယ့် ငါ ဂရုမစိုက်ဘူး။ " ချန်မင်ရှီက နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်ပါသည်။ နောက်ဆုံး စကားလုံးကို သူမ ပြောထွက်လိုက်သည့်အခိုက် သူမ၏ခွန်အားများ ဆုံးရှုံးသွား သလိုပင် ဖြစ်သွားရပါသည်။

ချင်ယွင်က တိတ်ဆိတ်သွားပါသည်။

ချန်မင်ရှီလည်း ငြိမ်သက်သွား၏။

သူတို့နှစ်ယောက်သည် လရောင်အောက်တွင် အချိန်အကြာကြီး မည်သည့်စကားမျှ မဆိုဘဲ ရပ်နေကြ၏။

အချိန်အတော်ကြာပြီးနောက် ချင်ယွင်က ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ ချန်မင်ရှီ၏ မျက်နှာကို ကြည့်လိုက်စဉ်မှာ သူ၏နှလုံးသားသည် ပြင်းထန်စွာ ဆွဲငင်သွားလေသည်။

ချန်မင်ရှီ၏ မျက်နှာသည် ကြည်လင်ပြတ်သားသော မျက်ရည်စီးကြောင်း နှစ်လိုင်းဖြင့် ဖုံးလွှမ်းနေလေသည်။ တောက်ပသော လရောင်အောက်တွင် ယင်းက တလက်လက် တောက်ပနေပြီး သူမ၏လှပသော မျက်နှာထားသည် ပို၍ပင် သနားစရာကောင်း လှသည်။

ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ပြင်းထန်သော နာကျင်ကိုက်ခဲမှုကို မခံနိုင်တော့ဘဲ သူမ၏ လှပသော ပါးပြင်ကို ပွတ်သပ်ပေးရန်အတွက် လျှောက်လှမ်း လိုက်သည်။

သူ၏လက်ချောင်းတွေကို ဆန့်ထုတ်လိုက်ပြီး သူမပါးပြင်ပေါ်က မျက်ရည်စတွေကို ညင်သာစွာ သုတ်ပေးလိုက်မိသည်။

သူမက ငိုတာကို ရပ်လိုက်ပြီး သူမရှေ့မှာရှိနေသော ချောမောသည့် မျက်နှာလေးကို စိုက်ကြည့်နေ၏။ ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများသည် သာမန်အချိန်ထက် ထူးထူးခြားခြား ကြည့်ကောင်းနေသည်ကို သူမ သတိပြုမိပြီး သူ၏မျက်လုံးများတွင် နူးညံ့သိမ်မွေ့မှုတစ်ခု ရှိနေသည်ကို သူမ နှလုံးသားအောက်ခြေမှပင် ခံစားနိုင်သည်။

"ငါ့ကို မင်းမိန်းမ ဖြစ်ခွင့်ပေးပါ" ချန်မင်ရှီက သူမ၏ သတ္တိကို စုစည်းပြီး ပြောလိုက်သည်။ သူမ၏ ပါးပြင်များပင် နီမြန်းသွားသည်။

ချင်ယွင်က ပြုံးလိုက်ပါသည်။ သူ၏ပါးစပ်ထောင့်စွန်းမျ အပြုံးက ပို၍ပင် ကြည်လင်လာ၏။ ပြီးပြည့်စုံသော ကျောက်စိမ်းတစ်လုံးကို ကြည့်နေသလိုမျိုး သူမ၏ ပါးပြင်ပေါ်မှာ သူ့လက်တွေက ကခုန်နေလေသည်။

"မင်း တကယ် ငါ့မိန်းမ ဖြစ်ချင်တာလား" ချင်ယွင်က ပြုံးပြီး ပါးစပ်ထောင့်မှာ ဆိုးသွမ်းသည့် အပြုံးနှင့် ပြောလိုက်လေသည်။

ချင်ယွင်၏ စကားကိုကြားတော့ ချန်မင်ရှီသည် ချက်ချင်းပင် ခေါင်းငုံ့ကာ ရှက်ရှက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ငါ မင်းကို ကတိပေးတယ်၊ မင်းက အခုချိန်ကစပြီး ငါ့မိန်းမ ဖြစ်ရလိမ့်မယ်" ချင်ယွင်သည် ချန်မင်ရှီကို တိုက်ရိုက်ပွေ့ဖက်ကာ သူမ၏ ပျော့ပျောင်းပြီး အရိုးမဲ့နေသည့် ခါးသွယ်သွယ်လေးကို ဖက်ထားလေသည်။

ချန်မင်ရှီက ကျေနပ်စွာ ပြုံးလိုက်သည်။ သူမသည် ချင်ယွင်၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ပြန်လည်ပွေ့ဖက်ထားပြီး ချင်ယွင်၏ အငွေ့အသက်ကို အရူးအမူး ရှူရှိုက်လိုက်သည်။ သူမသည် လွတ်ထွက်သွားပြီး သူမရှေ့မှ အရာအားလုံး အိပ်မက် တစ်ခုအဖြစ် ပြောင်းလဲသွားမည်ကို နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့နေမိသည်။

"မင်ရှီ ၊ ဒီည ငါနဲ့အတူ အိပ်ပါ။ မင်းကို ငါ့မိန်းမအစစ်ဖြစ်အောင် ငါလုပ်ပေးရဦးမယ်။" ချင်ယွင်သည် ချန်မင်ရှီ၏ နားရွက်ကို ကိုက်မိလုနီးပါးကပ်ကာ ပြောလိုက်သည်။ သူ အသက်ရှုသွင်းလိုက်တိုင်း ချန်မင်ရှီသည် တကိုယ်လုံး အလွန်ထုံကျင်သွားသလို ခံစားရသည်။

ချန်မင်ရှီ၏ လှပသော မျက်နှာသည် စက်စက်ယိုလှပသည်အထိ နီရဲနေသည်။ သူမက ချင်ယွင်၏ ရင်ဘတ်ပေါ်မှာ ခေါင်းကိုမြှုပ်နှံလိုက်ပြီး " ဒါဆို စီချီကရော။ သူမ ဒီည ဘယ်လိုနေမလဲ… ?"

"ဒါဆို ငါတို့ စီချီနဲ့အတူ ဘာလို့ လက်မတွဲတာရလဲ" ချင်ယွင်က ဆိုးသွမ်းသော အပြုံးဖြင့် ပြောလိုက်လေသည်။

"မုန်းစရာကောင်းလိုက်တာ…" ချန်မင်ရှီက ချင်ယွင်၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထုရိုက်လေသည်။ ဟောင်ကလန်မှ တပည့်များသည် ချစ်စရာကောင်းသော သူမ၏ မျက်နှာပေါ်ရှိ ချစ်စရာကောင်းသည့် ယခုလို အမူအရာကို မြင်လိုက်လျှင် သူတို့၏ မေးရိုးများ မြေပေါ်သို့ ကျိန်းသေပေါက် ကျနေပါလိမ့်မည်။

သူတို့၏ မှတ်ဉာဏ်များတွင် ချန်မင်ရှီသည် မာနကြီးပြီး ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာအဝေးရှိသည်အထိ လူများကိုပင် ငြင်းပယ်ပစ်သော နတ်ဘုရားမမျိုး ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်ဟန်အနေအထားသည် ကောင်းကင်နဂါးတိုက်ကြီးရှိ မရေမတွက်နိုင်သော လူ့တိရစ္ဆာန်များကို စွဲဆောင်သွားမည် ဖြစ်ပါသည်။

"ဟား….။ ဟား……။ ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချန်မင်ရှီကို တိုက်ရိုက် ကောက်မကာ အခန်းထဲသို့ လျှောက်သွားလိုက်လေသည်။

ချင်ယွင်သည် သူ၏အနားမှာ ယခုလို ရင်သပ်ရှုမောဖွယ် မိန်းမလှလေးကို စိတ်မဝင်စားဟု ပြောမည်ဆိုလျှင် လိမ်ညာခြင်းသာ ဖြစ်ပါလိမ့်မည်။ ဟုတ်ပါသည်။ ချင်ယွင်က ချန်မင်ရှီကို လက်ခံလိုစိတ် ဖြစ်စေခဲ့သည်က သူမ၏ အလှပကြောင့်သာမက ချန်မင်ရှီက သူ့ကို သူမ၏စိတ်နှလုံး အောက်ခြေမှ ရိုးရိုးသားသား ဝန်ခံခြင်းကြောင့် လည်းဖြစ်ပြီး ယင်းက ချင်ယွင်ကို အလွန်စိတ်လှုပ်ရှားစေခဲ့ပါသည်။

ချန်မင်ရှီသည် ချင်ယွင်၏ ရင်ခွင်အသိုက်အမြုံထဲတွင် ရှိနေပြီး သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ရှိနေပါသည်။

ယနေ့ညတွင် သူမသည် သူမရှေ့တွင်ရှိသော ယောက်ျားနှင့်သာ သက်ဆိုင်တော့မည် ဖြစ်ပြီး၊ သူမသည် သူ့ကို ထာဝရ ကာကွယ်ပေးရပါလိမ့်မည်။

မကြာမီ ခြံဝင်းအတွင်းမှ သာယာပျော်ရွင်သည့် ရယ်သံများ တီးတိုး ထွက်ပေါ်လာသည်။ ကောင်းကင်ပေါ်ရှိ လပြည့်ဝန်းကြီးသည် တိမ်တိုက်များကြားသို့ ရှက်ရွံ့စွာဖြင့် ပုန်းကွယ်သွားလေသည်။

နောက်တနေ့မနက်မှာ ချင်ယွင်နှင့် ဟောခွန်တို့သည် ကောင်းကင်ဘုံဂိုဏ်းကို သွားရန် စီစဉ်ကြလေသည်။

အမျိုးသမီးနှစ်ဦးသည် သူနှင့်လမ်းခွဲရန် အလွန်ဝန်လေးနေပြီး မျက်ရည်ကျကာ ငိုနေပုံရသည်။

ချင်ယွင်သည် အမျိုးသမီးနှစ်ယောက်လုံးကို သူ၏ရင်ခွင်ထဲတွင် ဆွဲသွင်းထားပြီး သူမတို့ကို နာခံသည့်အချိန်ထိ အချိန်အတော်ကြာ နှစ်သိမ့်ပေးခဲ့ရသည်။

အဆုံးတွင် ချင်ယွင်သည် လေဟာနယ် သလင်းကျောက်အပိုင်းအစကို ထုတ်ယူကာ လေဟာနယ် အက်ကြောင်းကို တိုက်ရိုက် ဆုတ်ဖြဲလိုက်သည်။ ထို့နောက် သူနှင့် ဟောင်ခွန်တို့သည် လေဟာနယ်အက်ကြောင်းထဲသို့ အတူတူ ဝင်ရောက်ခဲ့ကြသည်။

ဟောင်ဝမ်ရှင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော လေဟာနယ်အက်ကြောင်း ကို ကြည့်ရင်း သူ၏စိတ်ထဲတွင် သက်ပြင်းချကာ "သူထွက်သွားတာနဲ့ ကောင်းကင်နဂါး တိုက်ကြီးမှာ နောက်ထပ် မြေကြီးတုန်ခါလောက်တဲ့ အဖြစ်အပျက်ကြီး တစ်ခု ထပ်မံဖြစ်ပေါ်လာမှာကို ငါ စိုးရိမ်မိတယ်…။"

အခန်း (၅၇၀) ထန်းရွှေတောင်တန်း

ထန်းရွှေတောင်တန်းသည် အလွန်သာယာလှပပါသည်။ ရေကန်ကြီးနှစ်ခု၊ ရေတံခွန် လေးခု၊ စမ်းချောင်းရှစ်ခု၊ နက်ရှိုင်းသောချောက်ကြီး သုံးဆယ့်ခြောက်ခုနှင့် ထူးဆန်း သော တောင်ထိပ် ခုနစ်ဆယ့်နှစ်ခုတို့ ရှိနေပါသည်။ ဝိညာဉ်ချီသည် မြူအလွှာများကဲ့သို့ တောင်ထိပ်များ ပတ်ပတ်လည်တွင် ရစ်ပတ်လွှမ်းခြုံနေသည်။ စိမ်းလန်းသော တောင်တန်းများနှင့် လှပသောရေကန်များသည် ကျောက်စိမ်းဆေးပြားများနှင့် အစိမ်းရောင် စမ်းချောင်းများကဲ့သို့ စီးဆင်းနေပါသည်။ ထန်းရွှေတောင်တန်းသည် သေမျိုးအင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်နယ်မြေတစ်ခုဖြစ်ကြောင်း သေချာပေါက် ပြောနိုင်ပါသည်။ (အင်မော်တယ်ကမ္ဘာ၏နယ်မြေနှင့် တင်စားပြောခြင်း ဖြစ်ပါသည်)။

ကောင်းကင်နဂါးတိုက်ကြီး၏ လူသိရှင်ကြား အသိအမှတ်ပြုခံထားရသော နံပါတ်တစ် ဂိုဏ်းကြီးဖြစ်သည့် ကောင်းကင်ဘုံးဂိုဏ်းသည် ကျင့်ကြံသူများ၏ မြင့်မြတ်နယ်မြေဟု လူသိများသော သေမျိုးအင်မော်တယ်ကမ္ဘာ နယ်မြေအတွင်းမှာ တည်ရှိသည်။

ကောင်းကင်ဘုံဂိုဏ်းအတွက် ချီစုစည်းခြင်းအစီအရင်ကို တပ်ဆင်ရန်အတွက် အင်မော်တယ်ကမ္ဘာမှ အင်မော်တယ်အဆင့် ကျွမ်းကျင်သူများသည် ကိုယ်တိုင်ကိုယ်ကျ ဆင်းသက်လာခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်နေသဖြင့် ကောင်းကင်ဘုံဂိုဏ်း သည် မည်မျှ ကြွယ်ဝချမ်းသာသနည်းဆိုသည်ကို သိနိုင်ပါသည်။

ယနေ့တွင်၊ ထန်းရွှေတောင်တန်း၏ တောင်ခြေရင်း၌ ထူးထူးခြားခြား သက်ဝင် လှုပ်ရှား နေပါသည်။ လူပေါင်းများစွာသည် စုဝေးနေကြ၏။ တောင်ခြေမှာရှိသည့် လူများသည် ဆယ်မိုင်လောက်ပင်ရှည်လျား၏။ အရေးအကြီးဆုံးအချက်က အဆုံးမဲ့လူတန်းကြီးက အလောတကြီး သွားလာနေကြပါသည်။ ဤမြင်ကွင်းက အလွန်ခမ်းနားထည်ဝါလွန်း လှပါသည်။

ချင်ယွင် နှင့် ဟောင်ခွန်တို့သည် လူအုပ်ကြီးအလယ်တွင် လျှောက်သွားနေကြပြီး ဒီရေလှိုင်းနှင့်တူသော လူအုပ်ကြီးကို တွေ့လိုက်ရသောအခါတွင် သူတို့သည် အံ့သြသွားကြရ၏။

ကောင်းကင်ဘုံဂိုဏ်း၏ တောင်ခြေရင်း၌ လူတွေ အဘယ်ကြောင့် ဤမျှလောက် များပြားနေရသနည်း။ သူတို့အားလုံး သူတို့ဆရာသခင်တွေထံမှ သင်ယူရန်အတွက် ဤနေရာ၌ ရှိနေခြင်းမျိုး ဖြစ်နိုင်ပါသလား။

သို့သော်၊ ဤအဖြေသည် သိပ်သဘောကျစရာ မကောင်းလှပေ။ အဘယ့်ကြောင့် ဆိုသော် ကျင့်ကြံသူအများစုသည် ငယ်ရွယ်ကြသော်လည်း သူတို့၏ ကျင့်ကြံမူအဆင့် များသည် မြင့်မားသူများရှိကြသလို နိမ့်သည့်လူများလည်း ရှိကြပါသည်။ ကျင့်ကြံခြင်း အဆင့် မြင့်မားသူများသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်အထိ ရောက်ရှိ နေကြသော်လည်း ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများသည် သိုင်းသခင်နယ်ပယ်သိုသာ ရောက်ရှိပါသေးသည်။

သိုင်းပညာရှင်နယ်ပယ်များအတွက်မူ၊ ၎င်းတို့သည် ကောင်းကင်နဂါးတိုက်ကြီးတွင် အနိမ့်ဆုံး တည်ရှိနေသူများ ဖြစ်ကြပါသည်။ ထို့ကြောင့် သူတို့သည် အပြင်ထွက်၍ သူတို့ကိုယ်သူတို့ အရှက်ကွဲခံမည် မဟုတ်ပေ။

ချင်ယွင်သည် အချိန်အတော်ကြအောင် ကြည့်နေခဲ့သော်လည်း မည်သည့် ထူးခြားချက် ကိုမှ မတွေ့ခဲ့ရပေ။ ကူကယ်ရာမဲ့ဖြစ်ပြီး နောက်ဆုံးတွင် ချင်ယွင်သည် သူနှင့် အသက်တူလောက်ဖြစ်သည့် လူငယ်တစ်ယောက်ကို လှမ်းဆွဲပြီး အဖြစ်ပျက်ကို မေးမြန်းရုံသာ တတ်နိုင်ပါတော့သည်။

"အစ်ကို ၊ ဒီမှာ ဘာဖြစ်နေတာလဲ။ ဘာလို့ ရုတ်တရက် လူတွေ ဒီလောက်ကြီး များနေရတာလဲ" ချင်ယွင်က ယဉ်ယဉ်ကျေးကျေး မေးလိုက်ပါသည်။

အဆွဲခံရသော လူငယ်သည် အသက်နှစ်ဆယ်ခန့် ရှိပြီ ဖြစ်သည်။ သူသည် သူ၏ပုခုံးကို ရုတ်တရက် လှမ်းဆွဲလိုက်သော တစ်စုံတစ်ယောက်ကို ပြန်လည့်ကြည့်လိုက်သည်။ သူ၏မျက်နှာက ချက်ချင်းပင် အနည်းငယ် မကျေနပ်သည့်အမူအရာ ဖြစ်သွားပါသည်။ သို့သော်၊ သူ လှည့်ကြည့်လိုက်စဉ် ချင်ယွင်တွင် မကောင်းသော ရည်ရွယ်ချက်များ မရှိကြောင်း တွေ့လိုက်ရသည့်အခါ သူ၏အမူအရာက သက်သာရာရသွားသည်။ အရေးအကြီးဆုံးကတော့ ချင်ယွင်၏ ကျင့်ကြံမှုအဆင့်ကို သူမမြင်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ယင်းက သူ့ကို သတိရှိစေသည်။

"ဘာဖြစ်နေမှန်း မင်း တကယ်မသိဘူးလား။ ဒီနေရာက ဘယ်နေရာလဲဆိုတာတော့ မင်းသိပါတယ်နော်" ထိုလူငယ်လေးသည် ချင်ယွင်နှင့်ပတ်သက်ပြီး တစ်ခုခု ဖြစ်နေသည့် အလား အရမ်းအံ့သြသွားဟန်ဖြင့် စကားစပြောလာသည်.

"မင်းပြောချင်တာက ဒီနေရာက ကောင်းကင်ဘုံဂိုဏ်း ဆိုတာကိုလား!" ချင်ယွင်က စကားပြောနေရင်း သူ၏ရှေ့မှ ထိုလူငယ်ကို လှမ်းကြည့်နေသည်။

ဤလူငယ်၏ ကျင့်ကြံမူအဆင့်သည် သိုင်းဧကရာဇ်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေကြောင်း သူတွေ့ရှိခဲ့ရသည်။ သူ၏ဝတ်ပုံစားပုံအရ သူသည် မျိုးနွယ်စုလေး တစ်ခုထဲမှ သခင်လေးတစ်ယောက်ဖြစ်နိုင်သည်။ အသက်နှစ်ဆယ်မှာ သိုင်းဧကရာဇ် နယ်ပယ်၏ အထွတ်အထိပ်ကို ရောက်နိုင်ခဲ့ခြင်းက အတော်ကို ကောင်းနေပါပြီ။

ဖန်ယုထန်းနှင့် ယွန်ဟောင်ယန်တို့လို တူညီသည့် ပါရမီအရည်အချင်းမျိုးတွေ လူတိုင်းမှာ မရှိနိုင်ကြပါဘူး။ သူတို့သည် အလွန်မြင့်မားသော အရည်အချင်းများနှင့် ပေါကြွယ်ဝသော ကျင့်ကြံခြင်း အရင်းအမြစ်များကို ပိုင်ဆိုင်ထားကြပါသည်။ သာမာန် တကိုယ်တော် ကျင့်ကြံသူများ သို့မဟုတ် မျိုးနွယ်စုငယ်လေးများမှ ကျင့်ကြံသူများ အတွက်မူ၊ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးကို မွေးထုတ် ပေးနိုင်ခြင်းသည်ပင် ၎င်းတို့အတွက် အထင်ကြီးလောက်စရာ စွမ်းဆောင်ချက်တစ်ခု ဖြစ်နေပါပြီ။

သူ၏ရှေ့မှ ဤလူငယ်လေးသည် အသက်နှစ်ဆယ်အရွယ်တွင် သိုင်းဧကရာဇ်၏ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့၏။ သူ၏အရည်အချင်းက မဆိုးသလို သူ၏မိသားစု အသိုင်းဝိုင်းကလည်း သေးငယ်ခြင်းမရှိဟု ချင်ယွင်က ဆုံးဖြတ်ထားပါသည်။ သို့သော်လည်း ထိုလူငယ်လေးသည် မျိုးနွယ်စုကြီးလေးခုနှင့် ဂိုဏ်းကြီးသုံးခုတို့ကိုတော့ ယှဉ်လို့ မရနိုင်ပါဘူး။

"ဒီနေရာက ကောင်းကင်ဘုံဂိုဏ်းဆိုတာ မင်းသိနေတာတောင် ဘာဖြစ်နေလဲဆိုတာ မသိဘူးလား…." လူငယ်က တအံ့တကြီး မေးလိုက်လေသည်။

"အို၊ ငါက တောင်ပေါ်မှာ ငါ့ဆရာကြီးနဲ့ လေ့ကျင့်နေတာလေ။ ကောင်းကင်နဂါး တိုက်ကြီးမှာ သိပ်မကြာခင်အတွင်းက ဖြစ်ပျက်ခဲ့တာတွေကို ငါ မသိသေးဘူး။" ချင်ယွင် က အပြုံးနှင့်အတူ အမြန်ရှင်းပြလိုက်လေသည်။

"အဲဒါကြောင့်…. !" ထိုလူငယ်သည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွား၏။

"အစ်ကို ၊ ကျွန်တော့်ကို ပြောပြပါဦး… !" ချင်ယွင်က ဆက်ပြောသည် ။

"ဒါဆို မင်းကို တစ်ခုလောက်ပြောပြပေးမယ်။ သိပ်မကြာခင်မှာ ကောင်းကင်ဘုံဂိုဏ်းမှာ ကြီးကြီးမားမား ကိစ္စကြီးတစ်ခု ဖြစ်ပျက်တော့မယ်။ ကောင်းကင်ဘုံဂိုဏ်းရဲ့ နံပါတ်တစ် တပည့် ဖန်ယုထန်းကို မင်း သိတယ်မဟုတ်လား" လူငယ်က အာပါးတရ အမူအရာဖြင့် ပြောလေသည်။

ချင်ယွင်က ခေါင်းခါပြလိုက်သည်။

လူငယ်သည် ချက်ချင်းပင် သူ့နဖူးသူ ပြန်ပုတ်လိုက်လေသည်။ သူ၏ရှေ့မှ ဤလူသည် တောင်ပေါ်မှ ဆင်းလာသည်ကို အခုမှပင် သူ တကယ် ယုံကြည်သွားခဲ့သည်။

“ ငါ မင်းကို ပြောပြရမယ်ဆိုရင် ဖန်ယုထန်းက နှစ်ထောင်ပေါင်းများစွာအတွင်းမှာ ကောင်းကင်ဘုံးဂိုဏ်းရဲ့ ထူးချွန်အပြောင်မြောက်ဆုံး ပါရမီရှင်တစ်ဦးပဲ။ သူက အသက် ၂၄ နှစ်အရွယ်မှာ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေပြီ။ ဒါပေမယ့် သိပ်မကြာသေးခင်ကမှ သူက နောက်ထပ် အဆင့်ထပ်မံ ချိုးဖျက်နိုင်ခဲ့တယ်။ အခု သူက ကောင်းကင်ဘုံဂိုဏ်းရဲ့ သမိုင်းတစ်လျှောက် အသက် အငယ်ဆုံး အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့တယ်။” ထိုလူငယ်၏အမူအရာသည် အလွန်အမင်း ချဲ့ကား ပြောဆိုနေခဲ့ပြီး သူပြောပြနေစဉ်မှာ သူ၏မျက်လုံးများတွင် ပြင်းထန်သော ကြည်ညိုလေးစားမှုများ ထင်ရှားပေါ်လွင်နေပါသည်။

အသက်နှစ်ဆယ့်လေးနှစ်အရွယ် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး?။

ချင်ယွင်လည်း အလွန်အံ့သြသွားမိသည်။ ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေး ယွန်ဟောင်ယန်သည် အသက်နှစ်ဆယ့်လေးနှစ်ခန့် ရှိပြီဖြစ်သော်လည်း သူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အလယ်တန်းအဆင့်တွင် ရှိနေပါသေး သည်။ အထူးရတနာတွေ မရှိဘဲ၊ အကယ်၍ သူသည် အင်မော်တယ်အသွင်ကူးပြောင်း ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်ကို ဖြတ်ကျော်ချင်သည်ဆိုလျှင် သူသည် အနည်းဆုံး ရက်သတ္တပတ် အနည်းငယ် အချိန်ယူရပါဦးမည်။

ဤဖန်ယုထန်းသည် အသက် ၂၄ နှစ်အရွယ်တွင် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ ၎င်းသည် ကောင်းကင်ဘုံ ဂိုဏ်း၏ ကြွယ်ဝသော အရင်းအမြစ်များကြောင့် ဖြစ်နိုင်သော်လည်း၊ သူ၏ကိုယ်ပိုင် အရည်အချင်းကလည်း ထူးထူးခြားခြား ဖြစ်နေသည်ကို တွေ့ရပါလိမ့်မည်။

"ဒါက ဒီမှာ စုဝေးနေတဲ့လူတွေအများကြီးနဲ့ ဘာဆိုင်လို့လဲ၊ ဒီဖန်ယုထန်းက ကောင်းကင်ဘုံဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ရာထူးကို ဆက်ခံဖို့များ ဖြစ်နိုင်မလား" ချင်ယွင်က စိတ်ဝင်တစား မေးလိုက်သည်။

"ရှပ်… ၊ ကောင်းကင်ဘုံဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ရာထူးက မြင့်မြတ်ပေမယ့် ဖန်ယုထန်းအတွက်တော့ အဲဒါက ဘာမှ မဟုတ်ဘူး။ တကယ်လို့ သူသာ အဲဒီရာထူးကို အမွေဆက်ခံချင်တယ်ဆိုရင်၊ သူက အမွေဆက်ခံပြီးသား ဖြစ်နေမှာကိုတောင် စိုးရ သေးတယ်။ သူတကယ် ဂရုစိုက်တာက ကောင်းကင်ဘုံကိုပဲ" ထိုလူငယ်က ကောင်းကင်ကြီးကို ညွှန်ပြပြီး ပြောလိုက်လေသည်။

" ကောင်းကင်ဘုံလား… ။ အင်မော်တယ်ကမ္ဘာကို တက်လှမ်းဖို့လား.. " ချင်ယွင်က မေးသည်။

"မှန်တာပေါ့။ ဒါပေမယ့် အဲဒါက တစ်ဝက်ပဲ မှန်သေးတယ်။ ဖန်ယုထန်းက အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော် ပြီး ဖြစ်ပေမယ့်၊ သူက ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ဖို့ အလှမ်းဝေး နေပါသေးတယ်။ ဒီတစ်ကြိမ်မှာတော့ ဖန်ယုထန်းဟာ အင်မော်တယ်တစ်ပါးကို ဖြစ်လာတော့မှာကွ.. ။" လူငယ်က ထူးဆန်းစွာ ပြောလေသည်။

" ဆရာသခင် အင်မော်တယ်လား… ?" ချင်ယွင် အံ့သြသွားလေသည်။

လူငယ်သည် ချင်ယွင်၏အမူအရာကို အလွန်ကျေနပ်နေပုံရသည်။ သူက ပြုံးပြီး ဆက်ပြောသည် "မှန်တယ်၊ သူက ကောင်းကင်ဘုံဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ နောက်သုံးရက်အကြာမှာ ကောင်းကင်ဘုံဂိုဏ်းက ကောင်းကင်နဲ့ မြေကြီးကိုတောင် နှိုးဆော်နိုင်တဲ့ အင်မော်တယ် ဖိတ်ကြားခြင်းအခမ်းအနားကို ကျင်းပြပြီး အင်မော်တယ် တွေကို သေမျိုးကမ္ဘာထဲကို ဆင်းလာဖို့ ဖိတ်တော့လိမ့်မယ်။ အဲဒီအင်မော်တယ်က ဖန်ယုထန်းကို သူ့တပည့်အဖြစ် လက်ခံပြီး သူ့ကို အင်မော်တယ် ပညာရပ်တွေကို သင်ကြားပေးလိမ့်မယ်။"

"အင်မော်တယ်လား?" ချင်ယွင်က မျက်မှောင်ကြုတ်လိုက်လေသည်။

အင်မော်တယ်ကမ္ဘာနှင့် သေမျိုးကမ္ဘာကို ထူထဲသော အတားအဆီးဖြင့် ပိုင်းခြားထားပါ သည်။ အကယ်၍ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ စွမ်းအားမျိုးမရှိလျှင် ထိုအတား အဆီးကို ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်ပေ။ ကောင်းကင်ဘုံဂိုဏ်းသည် အမှန်တကယ် အင်မော်တယ်များကို သေမျိုးကမ္ဘာသို့ ခေါ်ဆောင်နိုင်သည်လား ?။

ချင်ယွင်၏ အသိဉာဏ်ဗဟုသုတအရ၊ အင်မော်တယ်ကမ္ဘာရှိ ကောင်းကင်ဘုံဂိုဏ်းတွင် အင်မော်တယ်ဧကရာဇ်အဆင့် ဂေါ့ရှန်တစ်ဦးသာ ရှိပါသည်။ ထိုလူ၏စွမ်းအားသည် အင်မော်တယ်ကမ္ဘာ၏ အတားအဆီးကို ဖြတ်ကျော်နိုင်သော်လည်း၊ ထိုသို့ ဖြတ်ကျော်ခြင်းသည် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေသည်မှာ သေချာပါသည်။ လေအင်ပါယာကောင်းကင်က ကောင်းကင်ဘုံးဂိုဏ်း၏ တပည့်တစ်ဦးကို လက်ခံရန် အတွက် ထိုကဲ့သို့သော တန်ဖိုးကို ပေးချေမည်လား။

ထို့အပြင်၊ ဖန်ယုထန်း၏ ပင်ကိုယ်စွမ်းရည်သည် သေမျိုးကမ္ဘာတွင် ထိတ်လန့်တုန်လှုပ် ဖွယ် ဖြစ်နိုင်သော်လည်း အင်မော်တယ်ကမ္ဘာတွင်မူ အထူးဆန်း မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင်သည် ဖန်ယုထန်းအတွက် ကောင်းကင်ဘုံဂိုဏ်းမှ အင်မော်တယ်တစ်ပါးက အမှန်တကယ် ဆင်းသက်လာမည်ဟု မထင်ထားပေ။

သို့သော်၊ ကောင်းကင်ဘုံဂိုဏ်းသည် ထိုသတင်းအချက်အလတ်များကို ထုတ်ပြရန်ပင် သတ္တိရှိသောကြောင့်၊ သူတို့သည် မသေချာမရေရာသည့် မည်သည့်အရာကိုမျှ ပြုလုပ်မည်လည်း မဟုတ်ပေ။

ယင်းက ချင်ယွင်ကို တခဏတာ စူးစမ်းချင်စိတ် ဖြစ်ပေါ်စေခဲ့ပြီး ကောင်းကင်ဘုံ ဂိုဏ်းက အင်မော်တယ်တစ်ပါးကို မည်သို့ဖိတ်ကြားမည်နည်းဆိုသည်ကို သိချင်လာမိ သည်။

"ဒါဆို အင်မော်တယ်ဖိတ်ကြားခြင်း အခမ်းအနားကို ကြည့်ရှုဖို့အတွက် လူတွေက ဒီလောက်အများကြီး စုဝေးနေကြတာလား… ?" ချင်ယွင်က ဆက်မေးသည်။

"အင်မော်တယ်ဖိတ်ကြားခြင်းအခမ်းအနားကို ကြည့်ရူဖို့ ဟုတ်လား.. ?။ အစစ်အမှန် အင်မော်တယ်တစ်ပါးရဲ့ ရုပ်အသွင်အပြင်ကို တွေ့မြင်နိုင်ဖို့ ဘယ်လိုလုပ် ဒီလောက် လွယ်ကူနေပါ့မလဲ?။ ဒီလူအများကြီးက အင်မော်တယ်စွမ်းအင်ကို ထိတွေ့နိုင်ရန် ဒီနေရာမှာ စောင့်ဆိုင်းနေကြတာ။ ကောင်းကင်ဘုံဂိုဏ်းက ဖိတ်ကြားခြင်းမရှိဘဲ၊ အဲဒီတောင်တံခါးထဲကို ခြေတစ်လှမ်းလှမ်းဖို့တောင် မဖြစ်နိုင်ဘူး " လူငယ်က ချက်ချင်း ပြောလိုက်လေသည်။

ချင်ယွင်သည် ရုတ်တရက် နားလည်သွားလေသည်။

ဒီလူတွေက အပျော်သက်သက် ဤနေရာမှာ ရှိနေကြခြင်း ဖြစ်ပါသည်။ သူတို့သည် တောင်၏အဝင်တံခါးဝကို ဝင်ရန်အတွက် အရည်အချင်းတောင် မရှိပါဘူး။

ထန်းရွှေတောင်တန်း တစ်ခုလုံးကို ကြီးကျယ်ခမ်းနားသော အစီအရင်ဝင်္ကပါ အကာကွယ်ဖြင့် ဖုံးအုပ်ထားပါသည်။ ကောင်းကင်ဘုံဂိုဏ်းမှ ဖိတ်ကြားချက် မရရှိခဲ့ပါက သူတို့သည် ပျံသန်းသွားရန်ပင် မဖြစ်နိုင်ပေ။

"ကြည့်ရတာ ငါလည်း ခိုးဝင်ဖို့ နည်းလမ်းကို စဉ်းစားရမယ့်ပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

စာစဉ် (၃၈) ပြီးပါပြီ။

All Chapters