အခန်း (၅၇၁-၅၇၅)
Vol. 39 Ch. 571-575
အခန်း(၅၇၁) လျှိုလင်းနှင့်ပြန်လည်တွေ့ဆုံခြင်း။
"ကောင်လေး၊ မင်း ဘာတွေတွေးနေလဲဆိုတာ ငါ သိတယ်နော်။ မင်း ကောင်းကင်ဘုံ ဂိုဏ်းထဲကို ဘယ်လိုခိုးဝင်ရမလဲဆိုတာကို စဉ်းစားနေတာ မဟုတ်လား။ ” ချင်ယွင် သည် အတွေးနက်နက်ထဲ နစ်မြောသွားသည်ကို ထိုလူငယ် မြင်သောအခါ၊ သူသည် ချင်ယွင် တွေးနေသည့်အရာကို ချက်ချင်း သိလိုက်လေ၏။ သူ၏ ပါးစပ်ထောင့်တွင် မထင်မြင်သေးသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
ချင်ယွင်သည် ထိုလူငယ်၏ အမေးကိုကြားသောအခါ မသိစိတ်က အလိုလို ခေါင်းညိတ် မိသွားသည်။
"မင်း ဒီအကြောင်းကို မစဉ်းစားနဲ့လို့ ငါပြောပါရစေ။ ကောင်းကင်ဘုံဂိုဏ်းထဲကို မဝင်ချင်တဲ့လူ ဘယ်သူရှိမလဲ။ အင်မော်တယ်တစ်ပါးရဲ့ ခမ်းနားထည်ဝါတဲ့ အသရေကို မြင်ဖူးချင်ပြီး အင်မော်တယ်စွမ်းအင်တွေကို အနီးကပ် ထိတွေ့ခွင့် ရချင်တာပေါ့။ ဒါပေမယ့် မင်းမှာ စွမ်းအားနဲ့ အဆင့်အတန်း မရှိဘူးဆိုရင် ဘာမှ လုပ်လို့မရဘူး။ မင်းအနေနဲ့လည်း ကောင်းကင်ဘုံဂိုဏ်းက ဖိတ်ခေါ်မှုကို လက်ခံရရှိဖို့က မဖြစ်နိုင်ဘူး မဟုတ်လား.. ?" " ငါ မင်းကို ပြောပြမယ်။ ငါက အနောက်တောင်ပိုင်းဒေသက တတိယ အကြီးဆုံး ဟူကလန်ရဲ့ အကြီးဆုံးသခင်လေး ဟူချန်ဂန်ပဲ။ ငါ့အဖေတောင်မှ ကောင်းကင်ဘုံဂိုဏ်းက ဖိတ်ခေါ်ခံရဖို့ အရည်အချင်း မပြည့်မီဘူး။ မင်းလို နောက်ခံ မရှိတဲ့လူဆို ပြောမနေနဲ့တော့။"
ချင်ယွင်က ဟူချန်ဂန်၏ စကားကို ဂရုမစိုက်ဘဲ ပြုံးလိုက်လေသည်။
အနောက်တောင်ဘက်ဒေသရှိ တတိယ အကြီးဆုံး ဟူကန်လန်၏ သခင်လေးအဖြစ် သူ၏ကိုယ်ရေးအချက်လက်ကို ထုတ်ဖော်ပြောဆိုလိုက်သည့်အခါ ချင်ယွင်အထံမှ တုံ့ပြန်မှု လုံးဝမရှိခဲ့ပေ။ ယင်းက သူ့ကို အနည်းငယ် မပျော်မရွှင် ဖြစ်စေသည်။
“ဟမ့်၊ မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို ငါမသိပေမယ့် မင်းရဲ့ အသက်အရွယ်က ငါ့လောက် နီးနီး ဖြစ်ပုံရတယ်။ မင်းရဲ့ ကျင့်ကြံမှုအဆင့်က ငါ့ထက် မြင့်နေရင်တောင်မှ အများကြီး မြင့်နေခြင်းမရှိမှာ ငါ စိုးရိမ်မိတယ်။ အခု ငါက မင်းကို ကြင်နာစွာနဲ့ အကြံပေးစကား ပြောခဲ့တာ။ မင်းက ငါ့ကို တကယ် အထင်အမြင်သေးတာလား?။ မင်းက ငါ့ရဲ့ ဟူကလန် ကို အလေးအနက်မထားဘူးလို့တော့ မပြောနဲ့နော်… " ဟူချန်ဂန်က ချင်ယွင်ကို ဒေါသတကြီး ပြောလိုက်လေသည်။
ချင်ယွင်က သူ၏စိတ်ထဲထဲမှာ လှောင်ရယ်နေမိသည်။ သူသည် ဒီလိုလူမျိုးတွေနှင့် ငြင်းခုန်ရမှာ ပျင်းရိလွန်း၏။ ကလန်ကြီးအချို့၏ မြှောက်စားမူခံရသော ဤလူငယ်ကဲ့သို့ လူပေါ်ကြော့များသည် ဒေါသထွက်လွယ်လွန်း၏။
ယခုချိန်မှာ ချင်ယွင် တွေးနေသည့် တစ်ခုတည်းသောအရာက ကောင်းကင်ဘုံ ဂိုဏ်းထဲ သို့ သူ မည်သို့ ဝင်ရမည်နည်း ဆိုသည့်အရာ ဖြစ်လေသည်။
သူသည် သူ၏အမကို ရှာဖွေရန်အတွက် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ သူသည် သူ၏ အစ်မကို ရှာမတွေ့ခင် ကောင်းကင်ဘုံဂိုဏ်းနှင့် သူ၏ရန်ငြိုးကို လုံးလုံးလျားလျား ထုတ်ဖော်ပြသလိုစိတ် မရှိသေးပါဘူး။ ယင်းကြောင်း ကောင်းကင်ဘုံဂိုဏ်းက သူ၏အစ်မကို ဒုက္ခပေးမှာ သူစိုးရိမ်ပါသည်။
အကယ်၍ သူ၏အစ်မနှင့်ပတ်သက်ပြီး မျှော်လင့်မထားသည့် အဖြစ်အပျက်မျိုး ဖြစ်ပေါ်လာမည်ဆိုလျှင် သူ၏ ဘဝတစ်သက်တာလုံး နောင်တရမဆုံး ဖြစ်နေလိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် ကောင်းကင်ဂိုဏ်းက ထိုကိစ္စကို ရှာဖွေမတွေ့ရှိခင် သူ၏ အစ်မကို အရင်ရှာဖွေရလိမ့်မည်။
"ဟမ့်၊ မင်းမှာ ဘယ်လိုအရည်အချင်းမျိုးတွေရှိလို့ ကောင်းကင်ဘုံဂိုဏ်းရဲ့ တံခါးဝထဲ ခြေချနိုင်မလဲဆိုတာ ကြည့်ချင်မိတယ်။ အဲဒီအချိန်ရောက်ရင်း မင်းအနေနဲ့ ကန်ထုတ် မခံရဘူးဆိုရင် ကံကောင်းလို့ ဖြစ်လိမ့်မယ်.။" ချင်ယွင်က သူ၏စကားကို အမှန်တကယ် လျစ်လျူရှုထားသည်ကို မြင်လိုက်ရလျှင် ဟူချန်ဂန်က ချက်ချင်းပင် အထင်အမြင် သေးစွာ အော်ဟစ်ပြောဆိုလိုက်လေသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ကာ ခေါင်းကို ခါယမ်းလိုက်မိလေသည်။ ထိုစကားက အမုန်းတရားကို ဆွဲဆောင်နိုင်သော်လည်း သူ့အနေဖြင့် ငြင်းခုံနေရန် မလိုအပ်ပါဘူး။ သူသည် ဟူချန်ဂန်၏စကားကို ဆက်လက် လျစ်လျူရှုထားလိုက်သည်။
ဟူချန်ဂန်က ပိုလို့တောင် ဒေါသဖြစ်သွားသည်။ အကယ်၍ သူသည် ချင်ယွင်၏ ကျင့်ကြံမူအဆင့်ကို ကြောက်လန့်နေခြင်းမရှိပါက၊ သူသည် ကုန်လွန်ခဲ့သည့် အချိန်ကြာမြင့်စွာ ကတည်းကပင် သူ့ကို ရိုက်နှက်မိပြီး ဖြစ်လိမ့်မည်။
"ကြည့်စမ်း၊ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကလူတွေ ဒီကို ရောက်နေတာပဲ။"
ဟူချန်ဂန် နှင့် ချင်ယွင်တို့ ငြိမ်သက်နေကြစဉ်မှာပင် အဝေးမှ သတိပေး အော်ဟစ်သံ များ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ဤအော်သံသည် လူတိုင်း၏အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။ လူတိုင်းသည် အသံ၏ ဦးတည်ရာအရပ်သို့ ခေါင်းလှည့်ကြ၏။
ချင်ယွင်သည်လည်း အသံကြားရာနောက်ကို လိုက်ပါကြည့်လိုက်လေသည်။
ဒီရေလှိုင်းလိုမြင့်တက်နေသည့် လူစုလူဝေးကြီးသည် အလွန်သတိထားဟန်ဖြင့် လူစုကွဲသွားကြ၏။ ပုံရိပ်အနည်းငယ်သည် လူအုပ်ကြီးထဲမှ ချင်ယွင်နှင့် အခြားသူများ ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာလေသည်။
ထိုပုံရိပ်များထဲတွင် ကြယ်ခုနစ်ပွင့်ဝတ်ရုံကို ၀တ်ဆင်ထားသည့် အသက်လတ်ပိုင်း အရွယ် လှပသည့် အမျိုးသမီးတစ်ဦးလည်း ရှိနေပါသည်။ သူမသည် အသက်လေးဆယ် သို့မဟုတ် အသက်ငါးဆယ်ဝန်းကျင် ရှိနေပြီဖြစ်သော်လည်း သူမ၏အသွင်အပြင်နှင့် ရုပ်ရည်မှာ စွဲမက်ဖွယ်ကောင်းနေသေး၏။ သူမပုံစံအရ အသက်သုံးဆယ်လောက်ပင် ထင်ရ၏။ သူမငယ်ငယ်တုန်းက အတော်ကို ချောမောလွန်းသူတစ်ဦးဟု သေချာပေါက် သိနိုင်ပါသည်။
သို့သော်၊ ချင်ယွင်၏အာရုံ အစိုက်အခံရဆုံးအရာမှာ သူမ၏ကျင့်ကြံမှုအဆင့်သည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ အမှန် တကယ် ရောက်ရှိနေခြင်းပင် ဖြစ်ပါသည်။ သူမသည် သူမ၏အငွေ့အသက်ကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်ထားခြင်း မရှိသော်လည်း ပြင်းထန်သောဖိအားကို ပေးစွမ်းနေပါသည်။
အထူးသဖြင့် သူမခြေလှမ်းလှမ်းလိုက်တိုင်း၊ သူမသည် တစ်စုံတစ်ယောက်၏ နှလုံးသားကို နင်းချေသွားသလိုမျိုး ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် သူမကို မသိစိတ်မှ အလိုလို ရှောင်ဖမ်းပေးကြသည်။
သူမ၏နောက်တွင် တပည့်ငယ် သုံးဦးရှိပြီး၊ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးငယ် တစ်ဦးတို့ ဖြစ်သည်။ အားလုံးသည် ထက်မြက်ပြီး ထူးချွန်ကြ၏။
အမျိုးသားတစ်ဦးသည် သာမန် ရုပ်ရည်အသွင်အပြင်နှင့် အေးစက်သော အမူအရာရှိ၏။ သူ၏ ကျင့်ကြံမူအဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အခြားတပည့်ငယ်တစ်ဦးသည် ချောမောသောမျက်နှာနှင့် ထူးခြားသော အသွင်အပြင် ရှိသည်။ သူ၏ဟန်ပန်အမူအရာသည် ဟိတ်ကြီးဟန်ကြီးနိုင်ပြီး ကျက်သရေရှိ၏။ သူသည် ဇိမ်ခံပန်းထိုးဝတ်စုံကို ဝတ်စားထားပြီး လက်ထဲတွင် ခေါက်ယပ်တောင်ရှည်ကို ကိုင်ထားသည်။ အကြည့်တစ်ချက်ဖြင့်ပင် သူသည် ခမ်းနားထည်ဝါမူနှင့် ဖြောင့်မတ် ခြင်းကို ပိုင်ဆိုင်သူဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
သူ၏ ကျင့်ကြံမူအဆင့်ကလည်း နိမ့်ကျခြင်း မရှိပေ။ အမှန်တကယ်ဆို သူက အေးစက် မာကျောသောလူငယ်၏ အထက်မှာရှိနေပြီး အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ နှောင်းပိုင်းအဆင့်ကိုပင် ရောက်ရှိနေပါပြီ။
သေချာပါသည်။ အာရုံစိုက်မှု အရှိဆုံးသူကတော့ မိန်းမပျိုလေး ဖြစ်ပါသည်။ ယင်းက သူမ၏ ကျင့်ကြံမူအဆင့်ကြောင့် မဟုတ်ပါ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုတပည့် သုံးယောက်တွင် သူမ၏ ကျင့်ကြံမူအဆင့်သည် အနိမ့်ဆုံး ဖြစ်ပါသည်။ သူမသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိပါသေးသည်။
သို့သော်လည်း သူမ၏ ရုပ်ရည်အသွင်အပြင်သည် ရင်သပ်ရူမောဖွယ်ဖြစ်ပြီး သူမ၏ မည့်သည်အရာကိုမျှ စိတ်ဝင်စားဟန်မပြသည့် စိတ်နေစိတ်ထားက လူများကို ကမ္ဘာကို ငေးမောကြည့်နေသော နတ်သမီးတစ်ပါး၏ ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
"အိုး၊ အဲဒါက လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ လျှိုလင်း မဟုတ်ဘူးလား။ သူမလည်း လာမယ်လို့ မမျှော်လင့်ထားဘူး။"
"မှန်တယ်။ သူမက ကောင်းကင်နဂါးတိုက်ကြီးရဲ့ အလှပိုင်ရှင်လေးဦးထဲက တစ်ဦး ဖြစ်ထိုက်ပါတယ်။ သူမနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရနိုင်မယ်ဆိုရင် ငါ့ဘဝရဲ့ ဆယ်နှစ်တာ သက်တမ်းကို ဆုံးရှုံးခံဖို့တောင် ငါ ဆန္ဒရှိတယ်"
“ရှပ်… ၊ မင်းက ဆယ်နှစ်တာသက်တမ်းကိုပဲ ဆုံးရှုံးခံမှာလား.. ?။ တကယ်လို ငါသာ ဒီအမျိုးသမီးရဲ့နှလုံးသားကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် ငါက သေရမယ်ဆိုရင်တောင် ဆန္ဒရှိတယ်။“
လူအုပ်ထဲက အမျိုးသား ကျင့်ကြံသူများသည် လှပသည့်ထိုအမျိုးသမီးကို သူတို့၏ မျက်လုံးတွေနှင့် စိုက်ကြည့်နေကြသည်။
မှန်ပါသည်။ သူမသည် ချင်ယွင် အရင်တုန်းက ကယ်တင်ပေးခဲ့ဖူးသည် လျှိုလင်း ဖြစ်ပါသည်။
လျှိုလင်း၏ ရုပ်ရည်အသွင်အပြင်နှင့် စိတ်နေစိတ်ထား နှစ်ခုစလုံးသည် ထိပ်တန်း အဆင့်များထဲတွင်မှ ထိပ်တန်းအဆင့် ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ စိမ်းပြာရောင် ၀တ်စုံကြားမှ သွယ်လျသောခါး၏ ကောက်ကြောင်းအလှကို စိုက်ကြည့်နေကြသော တိရစ္ဆာန်တစ်အုပ်သည် မြေပြင်ပေါ်တွင် မြေပြင်ပေါ်သို့ သွားရည်တများများပင် ကျနေကြသည်။
ဤအမျိုးသားကျင့်ကြံသူများသာမက အသက်လတ်ပိုင်းအရွယ် အမျိုးသမီးနောက်သို့ လိုက်ပါလာသော ချောမောသည့် အမျိုးသားသည်လည်း လျှိုလင်းအား မြတ်နိုးမှု အရိပ်အယောင်ဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့်တမျိုး မရည်ရွယ်ဘဲတဖုံ အမျိုးမျိုး စိုက်ကြည့်နေလေသည်။
သို့သော်လည်း ထိုအမျိုးသမီးသည် လူတိုင်း၏ အကြည့်များကို လျစ်လျူရှုကာ မိုင်ထောင်ချီဝေးသော လူများကို ငြင်းပယ်နေသကဲ့သို့ သူမ၏မျက်နှာပေါ်တွင် အေးစက်သော အမူအရာဖြင့် ထိန်းသိမ်းထားလေသည်။
ချင်ယွင်သည် လူအုပ်ထဲတွင် ရပ်နေပြီး အနည်းငယ် အံ့သြသွားသည်။ လျှိုလင်းနှင့် တွေ့ဆုံလိမ့်မည်ဟု သူလည်း မျှော်လင့်မထားခဲ့ပေ။
ဤအနေထားကို ကြည့်ခြင်းအားဖြင့်၊ သူမတို့၏ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းသည် အင်မော်တယ် ဖိတ်ကြားခြင်းအခမ်းအနားတွင် ပါဝင်ရန် ကောင်းကင်ဘုံဂိုဏ်းထံမှ ဖိတ်ကြားချက်ကို လက်ခံရရှိသင့်သည်။
"လှတယ်၊ တကယ်ကို လှလွန်းတယ်။ ဒီလျှိုလင်းက ဒီကမ္ဘာကြီးရဲ့ မီးရှူးမီးပန်းတွေကို မစားရတဲ့ နတ်သမီးတစ်ပါပဲ။ တကယ်လို့ သူမနဲ့ ခဏလောက် စကားပြောခွင့်ရမယ် ဆိုရင် ငါသေသွားရင်တောင် နောင်တရမှာ မဟုတ်ဘူး။" ချင်ယွင်၏ အနားတွင်ရှိသော ဟူချန်ဂန်က လေးစားမှုအပြည့်ဖြင့် ပြောလိုက်လေသည်။
ချင်ယွင်သည် သူ၏မျက်နှာတွင် ကူကယ်ရာမဲ့သော အမူအရာမျိုး ရှိနေသည်။ လျှိုလင်း သည် အလွန်လှပသည်ဟု သူ ထင်သော်လည်း စွဲလန်းလောက်သည့် အတိုင်းအတာ အထိတော့ မဟုတ်ပေ။ သူ၏ဘေးနားရှိ အမျိုးသမီးများအားလုံးသည် ထူးခြားသော ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။ လျှိုလင်းသည် အခြားသူများထက် များစွာလှပ သည်ဆိုလျှင်ပင် ချင်ယွင်သည် ခံနိုင်ရည်ရှိလေသည်။
သို့သော်လည်း လျှိုလင်း၏ ထွက်ပေါ်လာခြင်းသည် ချင်ယွင်အတွက် အချိန်မှီ မိုးရွာသွန်းလိုက်ခြင်း ဖြစ်လေသည်။
ချင်ယွင်သည် သူ၏နောက်မှ ဟောင်ခွန်ကို မျက်စိမှိတ်ပြလိုက်ပြီး ဟောင်ခွန်ကို ကောင်းကင်ဘုံကိုးအလွှာကြယ်စင်စုပုံကြမ်းထဲသို့ ထည့်လိုက်လေသည်။
ထိုအသက်လတ်ပိုင်းအရွယ် လှပသော အမျိုးသမီး ရှိနေခြင်းကြောင်း ဟောင်ခွန်၏ တည်ရှိနေမှုသည် ထိုအသက်လတ်ပိုင်းအရွယ် လှပသော အမျိုးသမီး၏ အာရုံကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်။ ထို့ကြောင့်၊ ချင်ယွင်သည် သူ့ကို ကောင်းကင်ဘုံ ကိုးအလွှာကြယ်စင်စုပုံကြမ်းသို့ ရိုးရိုးရှင်းရှင်း ထည့်ထားလိုက်သည်။ ဤအရာ အားလုံးကို ပြုလုပ်ပြီးနောက်၊ ချင်ယွင်သည် ပို၍ ထင်သာမြင်သာရှိသော နေရာတွင် တမင်တကာရပ်လိုက်ကာ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှ ဖြည်းညှင်းစွာ လျှောက်လှမ်း လာသော လူအနည်းငယ်ကို တိတ်တဆိတ် စောင့်ဆိုင်းနေလေသည်။
ဟုတ်ပါသည်။ ချင်ယွင် မတ်တပ်သွားရပ်ပြီး သိပ်မကြာခင်မှာ အဝါရောင် အော်ရီယို ငှက်ကဲ့သို့ ချိုသာသောအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပါသည်။
"နင်…ပဲလား။ မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ။" လျှိုလင်းသည် လူအုပ်ထဲတွင် ချင်ယွင်ကို သဘာဝအတိုင်း မြင်တွေ့ရပြီး အနှစ်တစ်ထောင် ရေခဲတောင်သဖွယ် အေးစက်သည့် မျက်နှာသည် အံ့အားသင့်သည့် အရိပ်အယောင်ကို ပေါ်လွင်နေသည်။
သို့သော်လည်း သူမ၏ အံ့အားသင့်သော အကြည့်များနောက် လိုက်ပါကြည့်ရူရင်း ထောင်ပေါင်းများစွာသော လူများသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်လာကြပြီး သူတို့၏မျက်လုံးများတွင် စူးစမ်းချင်စိတ်နှင့်အတူ မနာလိုစိတ်များဖြင့် ပြည့်နှက်နေပါ သည်။
အခန်း (၅၇၂) မရေရာသောဆက်ဆံရေး။
"ဒီကောင်က ဘယ်သူလဲဟ။ လျှိုလင်းကို တကယ် သိနေတယ်။"
"ဟုတ်တယ်၊ လျှိုလင်းက သူနဲ့စကားပြောဖို့တောင် အရင်အစပျိုးခဲ့တယ်။ ဒီကောင်လေးက ခွေးချီးတက်နင်းပြီး ကံကောင်းသွားတာများလား။"။
"ငါလည်း အဲဒီလိုပဲ ထင်တယ်၊ တကယ်လို့ ဒီကောင်လေး ကံကောင်းတယ်လို့ ပြောမယ်ဆိုရင် တော်တော်ကို ကံကောင်းတယ်လို့ ပြောရမယ်။ လျှိုလင်းနဲ့ သူက ဘာမှ မပတ်သက်ပေမယ့် လျှိုလင်းက သူ့ကို စကားပြောဖို့ အစပျိုးလိုက်တာလေ။ ဘယ်လောက်တောင်မှ ကံကောင်းလိုက်လဲ။"
ရုတ်တရက် ကွင်းပြင်ထဲမှာ ဆူဆူညံညံသံတွေ ထွက်ပေါ်လာပြီး တစ်ယောက်ပြီး တစ်ယောက် မနာလိုသည့် အကြည့်တွေက ချင်ယွင်ဆီကို ပစ်ကျလာခဲ့ပြီး သူ့ကို စားမတတ်ဝါးမတတ်အကြည့်တွေဖြင့် ချင်ယွင်ကို စိုက်ကြည့်နေသည်။
လျှိုလင်းဘေးနားမှ ခေါက်ယပ်တောင်ကိုင်ထားသော လူငယ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ ဂျူနီယာညီမငယ်သည် ဂိုဏ်းထဲမှာ ကြီးပြင်းလာသည်ကို သူသိသည်။ နောက်ဆုံးအကြိမ် ခရီးထွက်မှလွဲပြီး သူမသည် တောင်တံခါးအဝမှ တစ်ခါမှ မထွက်ဖူးပါဘူး။ သူမသည် အခြားလူတစ်ဦးကို သိနေရန်မှာ မဖြစ်နိုင်ပေ။
ထို့အပြင် သူ့ဂျူနီယာညီမငယ်၏ ပင်ကိုယ်စရိုက်ကိုလည်း သူ သိထားသည်။ သူမ၏ ပင်ကိုယ်စရိုက်က လုံးဝ အေးစက်သည်။ ငယ်စဉ်ကတည်းက အတူကြီးပြင်းလာခဲ့သည့် စီနီယာအစ်ကိုဖြစ်သူ သူ့ကို ဆက်ဆံလျှင်တောင် အနည်းငယ်သာ နှုတ်ဆက် တတ်သည်။ အကယ်၍ သူသည် သူမနှင့် အလွန့်အလွန် နီးကပ်မူမရှိခဲ့ဖူးဆိုလျှင် သူ့ကိုပင် အစပြုပြီး စကားပြောရန်မှာ မဖြစ်နိုင်ပေ။
ထိုအကြောင်းကိုတွေးတောရင်း ထိုလူငယ်လေး၏ မျက်လုံးနက်နက်ထဲမှာ စူးစမ်း၍ မရနိုင်သည့် အေးစက်မူ အရိပ်အယောင် ပေါ်လာပါသည်။
ဟုတ်ပါသည်။ ထိတ်လန့်ဆုံးသူကတော့ ချင်ယွင်၏ အနားမှာ ရှိနေသူ ဟူချန်ဂန်ဘဲ ဖြစ်ပါသည်။ ယခုလေးတင်၊ သူသည် ချင်ယွင်ကို သူ၏နိမ့်ကျသော အဆင့်အတန်း အတွက် လှောင်ပြောင်နေခဲ့သော်လည်း သူ၏နတ်ဘုရားမတစ်ပါးကဲ့သို့ တည်ရှိသူ တစ်ဦးက ထိုအခိုက်တန့်မှာ ချင်ယွင်နှင့် စကားပြောရန်အတွက် အမှန်တကယ် အစပြုလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ ယင်းက သူ့ကို တစ်စုံတစ်ယောက်က အပြင်းအထန် ပါးရိုက်လိုက်သလိုမျိုး ခံစားရစေပါသည်။
"ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ရမယ်။ လျှိုလင်းနဲ့ ဒီကောင်ရဲ့ဆက်ဆံရေးက သေချာပေါက် နက်နက်ရှိုင်းရှိုင်း ရှိမှာမဟုတ်ပါဘူး။ ဒီလိုမျိုးပဲ ဖြစ်ရမယ်။" ဟူချန်ဂန်က သူ့ကိုယ်သူ နှလုံးသားထဲမှာ အသဲအသန် သတိပေးခဲ့သော်လည်း ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း ပြင်းထန်သည့် မနာလိုစိတ်တွေ ပြည့်နှက်နေပါသည်။
ချင်ယွင်သည် ဟူချန်ဂန်၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒကို ခံစားလိုက်ရပြီး သူ၏နှလုံးသားထဲတွင် ကူကယ်ရာမဲ့ဖြစ်ကာ ရယ်ချင်လာမိသည်။
သူသည် လူတိုင်း၏ မနာလိုခြင်းကို ခံနိုင်ရည်ရှိနေပြီ ဖြစ်သော်လည်း လျှိုလင်း၏ ဆွဲဆောင်နိုင်စွမ်းကို လျှော့တွက်နေဆဲ ဖြစ်ပါသည်။ သူသည် စကားတစ်ခွန်းသာ ပြောခံရသူဖြစ်ပြီး အဲဒီစကားကလည်း ဘာမှ မဟုတ်ခဲ့ပေ။ သို့တိုင် သူသည် ထိုကဲ့သို့ သတ်ဖြတ်လိုသည့် အကြည့်များကို စွဲဆောင်မိနေပြီ ဖြစ်ပါသည်။
ချန်ကလန်မှာရှိစဉ်တုန်း လျှိုလင်း၏ရှေ့မှာပင် သူ့မိန်းမပါဟု ချင်ယွင် တစ်ချိန်တုန်းက ပြောခဲ့ဖူးသည်ကို သူတို့သိသွားမည်ဆိုလျှင် ဒီတိရစ္ဆာန်အုပ်ကြီးသည် ကီလိုမီတာ ရာနှင့် ချီပြီး သူ့နောက်ကို လိုက်လာကြမည်လား မပြောတတ်ပေ။
လျှိုလင်းသည် ပတ်ဝန်းကျင်လူများ၏ အကြည့်များကို သတိမထားမိလိုက်ပေ။ ထိုအချိန်တွင် သူမ၏မျက်လုံးများသည် ချင်ယွင်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
သူမရှေ့မှ ဤကောင်သည် သူမကို လိမ်ညာခဲ့ပြီး အချိန်အတော်ကြာအောင်ပင် လိမ်ညာခဲ့လေသည်။ အားနွဲ့သော သူမလို မိန်းမသားတစ်ဦးသည်ပင် ဤသူသည် ဂန္တဝင်ဆန်ဆန် လူပေါ်ကြော့သခင်လေး ချီရှောက်ယန်း ဖြစ်သည်ဟု အမြဲထင်ခဲ့မိ သည်။
သူမသည် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းသို့ ပြန်ရောက်ပြီးမှသာ ထိုလူ၏အမည်မှာ ချင်ယွင် ဖြစ်သည်ကို သူမ သိလိုက်ရသည်။ ထိုအချိန်တုန်းက သူမသည် ဤသတင်းကို သိလိုက်ရစဉ်မှာ သူမသည် ဒေါသကြောင့် ရူးသွပ်လုမတတ်ပင် ဖြစ်ခဲ့ရသည်။
နောက်ဆုံးမှာတော့ သူတို့ဟာ သူတို့အသက်အန္တရာယ်အတွက် နှစ်ကြိမ်တိုင်တိုင် အတူတူ စွန့်စားခဲ့ကြပေမယ့် ဤကောင်ကတော့ သူ၏ကိုယ်ရေးအချက်လက် အမှန်ကိုတောင် မပြောခဲ့ပါဘူး။ သူမ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
ထို့ကြောင့် သူမသည် စိတ်ထဲတွင် ဒေါသဖြစ်ခဲ့ရသည်။ နောက်တစ်ခါ ဤကောင်ကို တွေ့ရင် သူ၏ရှေ့မှာပင် အဘယ့်ကြောင့် လိမ်ညာခဲ့သနည်းဟု မေးရမည်ဟု တေးမှတ်ထားခဲ့သည်။
သူမသည် ကောင်းကင်ဘုံဂိုဏ်း၏ တောင်ခြေတံခါးခြေရင်းမှ ချင်ယွင်နှင့် အမှန်တကယ် တွေ့ဆုံလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဤအရာက သူမကို ပထမဆုံးတွေ့သည့် မြင်ကွင်းကို သွား၍ အမှတ်ရစေသည်။
ချင်ယွင်သည် ကောင်းကင်ဘုံဂိုဏ်း၏ တော်ဝင်အကြီးအကဲ၏သား ယွန်ဟောင်ကိုပင် ရိုက်နှက်ခဲ့သည်။ သူသည် ဤနေရာသို့ လာရောက်ရန်ပင် အမှန်တကယ် သတ္တိရှိနေသည်လား?။
"ဟုတ်ပါတယ်။ ငါလည်း အင်မော်တယ်ဖိတ်ကြားမှု အခမ်းအနားမှာ ပါဝင်နိုင်ဖို့ ကောင်းကင်ဘုံဂိုဏ်းကို လာခဲ့တာပါ။ မင်းကိုတွေ့နိုင်ဖို့ ငါ ဒီကိုလာခဲ့တာ ဖြစ်နိုင်ပါ့ မလား" ချင်ယွင်က လျှိုလင်းကို ပြုံးပြီး နောက်ပြောင်ကျီစယ်လိုက်သည်။
ချင်ယွင်က ထိုစကားများကို ပြောပြီးသည်နှင့် ပတ်ဝန်းကျင်ရှိ သတ်ဖြတ် ချင်စိတ်တွေက ပို၍ပင် ပြင်းထန်လာ၏။ ချင်ယွင်ကို စိုက်ကြည့်နေကြသော အမျိုးသား ကျင့်ကြံသူများ၏ အကြည့်များသည် ချင်ယွင်ကို အရှင်လတ်လတ် ဝါးမြိုနိုင်ရန်ပင် ဆန္ဒ ရှိနေကြပြီး ဤမျိုးမစစ်ကောင်သည် သူတို့၏ နတ်ဘုရားမလေးနှင့် ပရောပရည် ပြုလုပ်လိုသည့် အခန်းကဏ္ဍကို အမှန်တကယ် သတ္တိရှိရှိ ကစားနေ၏။
သို့သော်လည်း လျှိုလင်း၏ စကားများက သူတို့အား လုံးဝ စကားပြန်ပြောစရာ မရှိအောင်ပင် ဖြစ်သွားရ၏။
"နင် ငါ့ကို ဘာလို့လိမ်ခဲ့တာလဲ" လျှိုလင်းက စစ်ဆေးမေးမြန်းလိုက်သည်။ ဤကောင်၏ အပျော်သဘောနှင့် စနောက်ကျီစယ် အပြုံးနေမျက်နှာကို မြင်လိုက်ရ လျှင် ဤကောင်သည် အရင်က သူမကို လိမ်ညာခဲ့ဖူးသည်ကို သတိရမိသွားသည်။ ထို့ကြောင့် သူမသည် မထိန်းနိုင်ဘဲ အော်ဟစ်ပြောမိသွားသည်။
သို့သော် ထိုစကားကို သူမပြောထွက်ပြီးသည့် အခိုက်တွင် သူမသည် စိတ်မကောင်း ဖြစ်မိသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ စကားများတွင် အဓိပ္ပာယ် သဲသဲကွဲကွဲ အရိပ်အမြွက် မပါရှိသောကြောင့် ဖြစ်သည်။ အထူးသဖြင့် သူမ၏ မျက်နှာပေါ်တွင် ဒေါသထွက်နေသည့် အမူအရာက သူမသည် လူအုပ်ကြားတွင် ဒေါသထွက်နေသော မယားငယ်တစ်ယောက်လိုပင် ဖြစ်နေချေသည်။
"သွားပါပြီ….. ၊ တကယ်ကို သွားပါပြီ…..။ ငါ့နတ်သမီးလေးတော့ ပျက်ဆီးသွားပါပြီ!"
"ဟုတ်ပါတယ်၊ ဒီကောင်ချောလေးက ဘယ်သူလဲဟ။ ဖြစ်နိုင်တာက နတ်ဘုရားမလျှိုက ဒီကောင်လို ချောမောလှပတဲ့ကောင်လေးတွေကို ကြိုက်နေတာ များ ဖြစ်နိုင်မလား"
"အလို, ကောင်းကင်နဲ့ မြေကြီး….။ ငါ့ကို ကယ်ပါ၊ ငါ့ရဲ့ အရင်က အေးစက်စက် နတ်ဘုရားမလေးကို ပြန်ခေါ်လာပေးပါ။"
လူတိုင်းသည် သူတို့၏စိတ်ထဲတွင် အော်ဟစ်နေကြ၏။ သူတို့နှလုံးသားတွေကို ဓားနှင့် တဇွတ်ဇွတ် ထိုးနေသလိုပင် ခံစားနေကြသည်။ အဖြူရောင်ဓားက ဖောက်ဝင်သွားပြီး အနီရောင်ဓားအဖြစ် ပြန်ထွက်သွားသလိုပင်။
ချောမောသည့်လူငယ်လည်း ချက်ချင်းပင် မျက်မှောင်ကြုတ်သွား၏။ မူလက သူသည် ဤကောင်လေးသည် အရေးမပါသော ကောင်တစ်ကောင်သာဟု ထင်ခဲ့သော်လည်း ယခုတော့ သူ မှားနေပြီဆိုသည်ကို သိလိုက်ရသည်။ လျှိုလင်းနှင့် ဤကောင်လေး၏ ဆက်ဆံရေးက ပုံမှန်မဟုတ်သည်မှာ သေချာပါသည်။
"ဒီကောင်သေရမယ်…. !" ချောမောသောလူငယ်သည် ခေါက်ယပ်တောင်ကို နောက်ကျောဘက်တွင် လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားရင် ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်များက ဗလိုင်းသက်သက်ကြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
အမှန်တော့၊ စိတ်ပျက်အားငယ်ရဆုံးလူမှာ ဟူချန်ဂန် ဖြစ်လေသည်။ ထိုအချိန်တွင် သူသည် ချင်ယွင်ဘေးတွင် ရပ်နေသည်။ သူ၏မျက်လုံးထဲတွင် နတ်ဘုရားမလေး၏ အမူအရာကို မြင်နိုင်လေသည်။
လျှိုလင်းထံမှ ထိုစကားကိုကြားသောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက် သကဲ့သို့ ဖြစ်နေသည်။ တခဏအတွင်းမှာပင် သူသည် ပူလောင်လာလိုက်၊ နောက်တဖန် နူးညံ့လာလိုက်ဖြင့် သူ၏ဘဝကိုပင် သံသယစဝင်လာမိသည်။
အကယ်၍ လျှိုလင်းသာ ရှေ့မှာ ရှိမနေခဲ့ဘူးဆိုလျှင် သူသည် ချင်ယွင်၏ အရေခွံဆုတ်ပြီး သူ၏ကြွက်သားများပင်ကို ထုတ်မိမည်လားမသိတော့ချေ။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ဒေါသထွက်ခြင်းနှင့် ရယ်စရာကောင်းခြင်း နှစ်မျိုးလုံးကို ခံစားနေရသော်လည်း သူသည် အမုန်းတရားကို ဆွဲဆောင်မိသွားလျှင်ပင် ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ ယခု သူအစိုးရိမ်ဆုံးအရာမှာ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း အပေါ် စီးနင်းလိုက်ပါပြီး၊ ကောင်းကင်ဘုံဂိုဏ်းထဲသို့ ဝင်ရောက်ကာ သူ၏အစ်မကို ရှာဖွေရန်ပင် ဖြစ်ပါသည်။
သေချာပါသည်၊ ထိုအချိန်မှာပင် ဦးဆောင်လာသူ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ချင်ယွင်ရှိနေသည့် ဘက်ကို ငေးကြည့်ရင်း လျှိုလင်းကို "လင်အာ..၊ နင် သူ့ကို သိလို့လား" ဟု မေးလိုက်ပါသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ စကားကို လျှိုလင်းကြားသောအခါ၊ သူမသည် ရိုသေလေးစားသော အမူအရာဖြင့် ချက်ချင်း ထုတ်ဖော်ပြောဆိုလိုက်သည် "ဆရာ.. ၊ သူက ဆရာကို့ တပည့် ပြောပြဖူးတဲ့လူပဲ… ။ အရင်က သူက တပည့်ရဲ့အသက်ကို ကယ်ခဲ့ဖူးပါတယ်…. "
လျှိုလင်းက ချင်ယွင်၏ နာမည်ကိုတော့ ထုတ်ဖော်ပြောခြင်း မရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ချင်ယွင်၏ နာမည်က အလွန်နာမည် ကြီးနေသောကြောင့် ဖြစ်လေသည်။ အကယ်၍ ချင်ယွင်ကို ဒုက္ခပေးချင်သူများရှိနေလျှင် ထိုလူများ၏ အာရုံကို ဆွဲဆောင်မိသွားမည်ကို သူမ ကြောက်သည်။
"အိုး… ?" အသက်လတ်ပိုင်းအရွယ် လှပသောအမျိုးသမီးက လျှိုလင်း ပြောသည်ကို ကြားဖူးဟန်တူသည်။ လျှိုလင်းပြောစကားကို သူမ ကြားသည်နှင့် ချက်ချင်းပင် ချင်ယွင်ဘက်ကို လှည့်ကြည့်လိုက်ပြီး သူ့ကို အပေါ်အောက် ဂရုတစိုက် စိုက်ကြည့်နေသည်။
"အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အထွက်အထိပ်လား….?" အသက်လတ်ပိုင်း အရွယ် လှပသောအမျိုးသမီး၏ မျက်လုံးများက အံ့သြမှု အရိပ်အယောင် ပေါ်လွင်နေ ပါသည်။ ဤကောင်လေး ကျင့်ကြံမှုအဆင့်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် ၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဟု လင်းအားပြောသည်ခဲ့ကို သူမ မှတ်မိပါသေးသည်။ တစ်လမပြည့်ခင်မှာပင်၊ သူသည် အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီလား?။
လျှိုလင်းသည် သူမဆရာ၏ စကားကိုကြားသောအခါ အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လာသည်။ ယခုပင် သူမသည် ချင်ယွင်အပေါ် ဒေါသ ပေါက်ကွဲချင် နေသည့်အတွက် ချင်ယွင်၏ ကျင့်ကြံမှုအဆင့်ကို စုံစမ်းရန်ပင် မေ့သွားခဲ့သည်။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ ကျင့်ကြံမှုအဆင့်သည် အမှန်တရားသို့ ပြန်လည်ခြင်း နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သူမတွေ့ရှိရသည်။
"သူ့ရဲ့ တိုးတက်မူအမြန်နှုန်းက ဘယ်လောက်တောင်မှ မြန်ဆန်လိုက်လဲ" လျှိုလင်း သည် အံ့သြသွားလေသည်။
သူမသည် နောက်ဆုံးအချိန် အပြင်ထွက်ခဲ့တုန်းက အဆင့်ချိုးဖြတ်မူတစ်ခု ရရှိရန် အတွက် အခွင့်အရေးတစ်ခုခုကို ရှာဖွေချင်ခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ဂိုဏ်းသို့ပြန်ရောက်လာခဲ့ပြီး အစောပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်သို့ တက်လှမ်းရန်အတွက် သူမရရှိခဲ့သော အဖိုးတန်ဆေးဝါးများကို မှီခိုခဲ့ရ သည်။
သို့သော် ဤကောင်သည် ကံကောင်းလွန်း၏။ သူသည် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်၏ အထွတ်အထိပ်မှ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ် အဆင့်သို့ပင် တိုက်ရိုက် ဖြတ်ကျော်သွားခဲ့သည်။ သူ၏ ကျင့်ကြံမူအရှိန်အဟုန်က သူစားနိုင်သည့်အရာ တစ်ခုခုမှ ဟုတ်ပါရဲ့လား.. ?..။
ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း ထိတ်လန့်သွားကြ၏။ ဤချောမောသော ကောင်လေး သည် အမှန်တကယ်ပင် အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ်၏ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေမည်ဟု သူတို့ မထင်ထားခဲ့ပေ။
"ဖူး…. !"
ဟူချန်ဂန်သည် အသက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ စကားကို ကြားသောအခါ ပါးစပ်ထဲမှ သွေးတပွက်ပင် အန်ထုတ်လိုက်ရသည်။
ယခင်က ချင်ယွင်၏ ကျင့်ကြံမူအဆင့်သည် သူ့ထက် များစွာမမြင့်မားကြောင်း သူ ပြောခဲ့ဖူးသော်လည်း ယခုတွင် သူနှင့် အသက်တူ ဤကောင်လေးသည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် ရောက်နေပြီဖြစ်ကြောင်း သူ ကြားလိုက်ရ၏။ ဤအဆင့်သည် သူ၏မိသားစုမှာတောင် သူ၏အဖေနှင့် တန်းတူရှိနေ သည့် ဖြစ်တည်မှုတစ်ခု မဟုတ်ပါလော့?။
သူသည် သူ့ကို အမှန်တကယ် လှောင်ပြောင်ခဲ့သည့်အပြင်၊ အခုလေးတင် သူကို သတ်ပစ်ရန်ပင် စိတ်ထဲမှာ ဝင်လာသေးသည်။
သို့သော် ချင်ယွင်သည် ပတ်ဝန်းကျင်လူများ၏ အကြည့်များကို ဂရုမစိုက်ပါ။ ယင်းအစား၊ သူက အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကို တိုက်ရိုက်ပြောလိုက်သည် “စီနီယာ၊ အင်မော်တယ်ဖိတ်ကြားခြင်းအခမ်းအနားကို ကြည့်ရူဖို့အတွက် ကျွန်တော် ကောင်းကင်ဘုံဂိုဏ်းထဲကို ဝင်ချင်ပါတယ်၊ စီနီယာက ဒီဂျူနီယာလေးကို ခေါ်သွား ပေးနိုင်မလားလို့ သိချင်ပါတယ်”။
အခန်း (၅၇၃) ကောင်းကင်ဘုံဂိုဏ်းထဲသို့ဝင်ရောက်ခြင်း။
ချင်ယွင်သည် ဝေ့လည်ချောင်ပတ်ပြောရင်း အချိန်မဖြုန်းချင်တော့ပေ။ ဤအသက် လတ်ပိုင်းအရွယ် လှပသောအမျိုးသမီးသည် မြေခွေးတစ်ကောင်လိုပင် ဖြစ်သည်။ သူ၏လှည့်ကွက်တွေကို သူမကရော မည်သို့ မမြင်နိုင်ဘဲနေမည်နည်း။ ထိုကြောင့် လိုရင်းအချက်ကို တည့်တည့်သွားပြီး တိုက်ရိုက်ပြောလိုက်ခြင်းက ပိုကောင်းပါသည်။
သေချာသည်မှာ၊ ချင်ယွင်က ထိုစကားပြောပြီးသည်နှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ နှုတ်ခမ်းတွေက အပြုံးတစ်ခုဟန် တွန့်ကွေးသွားပြီး ချင်ယွင်ကို ကြည့်သည့် သူမ၏ အကြည့်တွေထဲ လေးစားမူအပြည့် ရှိလာလေသည်။
"မဖြစ်ပါဘူး၊ မင်းက လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကလည်း မဟုတ်ဘူး၊ ငါတို့က မင်းကို ဘာလို့ ခေါ်လာရမှာလဲ" သို့သော် အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက အကြောင်း မပြန်မီတွင် ခေါက်ယပ်တောင်နှင့် ချောမောသော လူငယ်က ရှေ့ထွက်လာပြီး ပြောလိုက်လေသည်။
သူပြောပြီးသည်နှင့် တစ်ပြိုင်နက် အသက်လတ်ပိုင်းအရွယ် အမျိုးသမီးနှင့် လျှိုလင်း တို့သည် တချိန်တည်းဆိုသလို မျက်မှောင်ကြုတ်သွားလေသည်။
"စီနီယာအစ်ကိုဝူ၊ သူက ကျွန်မရဲ့ ကယ်တင်ရှင်ပါ။ အင်မော်တယ် ဖိတ်ကြားခြင်း အခမ်းအနားကို ကြည့်ရှုဖို့အတွက် သူ့ကို ခေါ်သွားရုံလေးပဲလေ။ အဲဒါက ကျွန်မတို့ကို လည်း လုံးဝ မထိခိုက်ပါဘူး။" လျှိုလင်းက ကမန်းကတန်း ပြောလိုက်သည်။
သို့သော် သူမသည် ထိုချောမောသော လူငယ်လေးအား ဆွဲဆောင်ရန် ပိုကြိုးစားလေလေ၊ ထိုလူငယ်က ပို၍ပင် မနာလိုဖြစ်လာလေ ဖြစ်နေပါသည်။ သူသည် ဤမျိုးမစစ်ကောင်ကို သူတို့နောက်ကို လိုက်ခွင့်မပြုရန် သူ၏စိတ်ထဲ ဆုံးဖြတ် ထားလိုက်သည်။
ချင်ယွင်သည်လည်း ခေါင်းပြန်လှည့်ကာ ထိုချောမောသော လူငယ်ကို ကြည့်လိုက် လေသည်။ ယခုလေးတင် ဤကောင်သည် သူ့အပေါ် ပြင်းထန်သော သတ်ဖြတ်လိုစိတ် များ ဖြစ်ပေါ်ခဲ့သည်ကို သူ သတိထားမိခဲ့ပါသည်။ ယခု ဤကောင်သည် မနေနိုင်ဘဲ သူ့ကိုတားရန်အတွက် ရှေ့ထွက်လာလိမ့်မည်ဟု သူ မျှော်လင့်ထားခြင်း မရှိခဲ့ပေ။
"ဟမ့်၊ ငါတို့ ထွက်လာကတည်းက၊ ငါတို့က လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ ပုံရိပ်ကို ကိုယ်စားပြုသူတွေပဲ။ တကယ်လို ဒီကောင်ကို ငါတို့နောက် လိုက်ခွင့်ပြုလိုက်ရင်၊ သူက ငါတို့ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်လို့ တခြားသူတွေက လွဲမှားစွာ ထင်နေကြလိမ့်မယ်။ ကမ္ဘာကြီးက ငါတို့ရဲ့လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကို အထင်သေး သွားနိုင်တယ် မဟုတ်လား… ။" ချောမောသော လူငယ်က အေးစက်စွာ အော်ပြော လိုက်သည်။
"ဒါပေမယ့် သူရဲ့အစွမ်းက အပေါ်ယံမှာ မြင်နေရသလို မဟုတ်ဘူး။ သူ့ရဲ့အစွမ်းက သေချာပေါက် ကျွန်မအထက်မှာ ရှိတယ် ။" လျှိုလင်းက အလျင်အမြန် ရှင်းပြလိုက် သည်။
ချောမောသော လူငယ်သည် ထိုစကားကို ကြားသောအခါ ရယ်မောရင်း ပြောလိုက်လေ သည် " ညီမလျှို၊ တကယ်လို့ ဒီကောင်ကို ညီမလျှိုအနေနဲ့ ကာကွယ်ပေးချင်ရင်တောင် ဒီလိုမျိုး ကိုယ့်ကိုယ်ကို နှိမ့်ချနေစရာ မလိုပါဘူး။ ဒီကောင်က အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာပဲလေ။ ညီမလျှိုက အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အစောဆုံးအဆင့်ကို ဖြတ်ကျော်ပြီးနေပြီ။ သူက ညီမလျှိုရဲ့ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ ဒီကောင်ကို လိုက်ခွင့်မပြုနိုင်ဘူး…"
"တော်လောက်ပြီ!" အသက်လတ်ပိုင်းအရွယ်အမျိုးသမီး ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်ပြီး ချောမောသောလူငယ်ကို ကြားဖြတ်ဝင်ပြောလိုက်သည် " ဝူဒေါင်ရှန်၊ ဒီမှာ ဆုံးဖြတ်ခွင့်ရှိသူအဖြစ် ငါ မင်းကို မခန့်ပါဘူး။ သူ့ကို ငါတို့နဲ့အတူ ကောင်းကင်ဘုံ ဂိုဏ်းထဲခေါ်သွားဖို့ ငါ ဆုံးဖြတ်လိုက်ပြီ"။
ချင်ယွင်သည် ဤစကားကိုကြားသောအခါ စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက် ချလိုက်ပါသည်။ သူသည် ဤချောမောသော လူငယ်၏ ဝင်ရောက်နှောင့်ယှက် ခံရပြီးနောက် အသက်လတ်ပိုင်းအရွယ် လှပသောအမျိုးသမီးက သူ့ကို ကောင်းကင်ဘုံ ဂိုဏ်းထဲသို့ လိုက်ပါခွင့်မပြုမည်ကို အမှန်တကယ် ကြောက်လန့်နေခဲ့ပါသည်။
ချောမောသော လူငယ်သည် ပြန်လည်ချေပချင်ပုံ ပေါက်နေသော်လည်း အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက သူ့ကို စိုက်ကြည့်နေသောကြောင့် သူ၏ စကားကို ပြန်လည်မျိုချရုံသာ တတ်နိုင်ပါတော့သည်။
လျှိုလင်းသည်လည်း သူမ၏ဆရာဖြစ်သူက ချင်ယွင်ကို လိုက်လျောခွင့်ပြုပေးသည်ကို မြင်လိုက်ရသောအခါ မထင်မရှားအပြုံးကို ထုတ်ဖော်လိုက်ပါသည်။
သို့သော် ထိုအပြုံးကြောင့်ပင် ပတ်ဝန်းကျင်မှလူများ တွေဝေငေးမောသွားရသည်။ ထိုခံစားချက်က ဆောင်းရာသီ နှင်းထဲမှာပွင့်နေသော ဇီးသီးပွင့်လို ဆွဲဆောင်မှုမျိုး ဖြစ်ပြီး ၊ နတ်ဆိုးဆန်ဆန်ဆွဲဆောင်မူမျိုး မဟုတ်ပေ။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်ကိုကြည့်သည့် သူတို့၏အကြည့်များက လုံးလုံးလျားလျား မနာလို ဖြစ်လာကြသည်။
ဟူချန်ဂန်သည် စိတ်ပျက်စွာ ဟစ်ကြွေးရင်း ဘေးနားတွင် ပုန်းနေလိုက်လေသည်။ သူ၏နှလုံးသားက သွေးစိမ်းရှင်ရှင် ရွှဲနစ်နေပြီး တစ်စုံတစ်ယောက်၏ ပါးဖြတ်ရိုက်ခြင်း ခံရသလိုမျိုး သူ၏မျက်နှာက ပူစပ်ပူလောင်ဖြစ်နေသလို ခံစားလိုက်ရသည်။
ထွက်ခွာသွားသည့် ချင်ယွင်၏ပုံစံက သူ့ကို တိတ်တဆိတ် လှောင်ပြောင်နေပုံပင်။
အမှန်တကယ်ဆို ချင်ယွင်သည် လှည့်ပတ်ကြည့်ရူနေစရာပင် မလိုပါချေ။ ကောင်းကင်ဘုံဂိုဏ်း၏ တောင်ကာကွယ်ရေး အစီအရင်ဝင်္ကပါက တကယ်ကို အစွမ်းထက်လွန်းပါသည်။ ထိုအကာကွယ်အစီအရင်ဝင်္ကပါသည် အမှန်တကယ်ပင် စိတ်ဝိညာဉ်စွမ်းအားကို သီးခြား ဖြတ်တောက်ထားနိုင်သည်။
သူ၏စိတ်ဝိညာဉ်စွမ်းအားသည် အထဲသို့ မထိုးဖောက်နိုင်ပေ။ ထို့ကြောင့် သူသည် သဘာဝအတိုင်း လေဟာနယ်ကို ဖြတ်ကျော်ကာ ကောင်းကင်ဘုံဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိပေ။ ချင်ယွင်သည် ဤနည်းလမ်းကို အသုံးပြုပြီး ဝင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
အသက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ သဘောတူညီချက်ဖြင့် ချင်ယွင်သည် သူတို့နောက်မှ ကောင်းကင်ဘုံဂိုဏ်းထဲသို့ သဘာဝအတိုင်း လိုက်ပါသွားခဲ့သည်။
ကောင်းကင်ဘုံဂိုဏ်းထဲသို့ ရောက်သွားသည်နှင့် တပြိုင်နက် တစ်စုံတစ်ယောက်သည် သူတို့ကို အထူးဧည့်သည်များ လက်ခံထားသည့် ကောင်းကင်ဘုံတောင်ထိပ်သို့ ပို့ဆောင်ပေးခဲ့သည်။
လမ်းတစ်လျှောက်တွင် ထိုချောမောသော လူငယ်သည် ချင်ယွင်ကို ကောင်းကောင်း ကြည့်ရူလေ့လာခွင့် မပေးခဲ့ပေ။ ချင်ယွင်သည်လည်း သူစိတ်ဆိုးစေရန်အတွက် လျှိုလင်းနှင့် တမင်တကာ စကားပြောဆိုလာခဲ့သည်။ သူသည် လျှိုလင်းကို ချိုသာစွာ ပြုံးစေသည့် ဟာသအချို့ကိုပင် သူပြောခဲ့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဘေးမှချောမောသော အမျိုးသားသည် ဒေါသအထွက်လွန်ပြီး သွားတွေပင် ယားယံသွားလေသည်။
သာမာန် အေးစက်စက် လူတစ်ယောက်အနေဖြင့်၊ အေးစက်စက် မျက်နှာပိုင်ရှင် အမျိုးသားသည် အရာရာတိုင်းကို မျက်ကွယ်ပြုထားသလိုမျိုး အစမှအဆုံးအထိ ရေခဲမျက်နှာဖြင့် ရှိနေလေသည်။
ထိုကိုလူချောကိုတော့ ဝူဒေါင်ရှန်ဟုခေါ်ကြောင်း ချင်ယွင်သည် လျှိုလင်းထံမှ သိရှိရ၏။ သူသည်လည်း အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီး၏ တပည့် တစ်ဦး ဖြစ်လေသည်။ သူသည် ယခုနှစ်တွင် အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး သူ၏ ကျင့်ကြံမူ အဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက ဖန်ယုထန်းလောက် ကြီးကျယ်ခမ်းနားသူ မဟုတ်သော်လည်း ထူးထူးခြားခြား အရည်အချင်းရှိသူဟု သတ်မှတ်ခံရဆဲ ဖြစ်ပါသည်။
အရေးအကြီးဆုံးကတော့ သူနှင့် ဖန်ယုထန်းတို့သည် သူငယ်ချင်းကောင်းတွေ ဖြစ်နေပုံရပါသည်။ အရင်က သူတို့သည် အရာအားလုံးကို စူးစမ်းလေ့လာရန် အတွက် အတူတူထွက်သွားကြဖူးပြီး သူတို့နှစ်ဦးကြားက ခင်မင်ရင်းနှီးမှုက တိမ်မြုပ် ပျောက်ကွယ်သွားပုံ မပေါ်ပါဘူး။
အေးစက်ပြီး တင်းမာသော အမျိုးသားကတော့ သူ၏နာမည်က ယွမ်ဖန်းဖြစ်သည်။ သူသည်လည်း အသက် ၂၈ နှစ်ပင် ဖြစ်သည်။ သူသည် ကိုယ်ခံပညာရှင်တစ်ဦးလည်း ဖြစ်သည်။ သူ၏မျက်လုံးထဲမှာတော့ သူက ကျင့်ကြံဖို့သာ အာရုံရှိသည်။ ဤယခု တစ်ကြိမ်တွင် သူသည် အင်မော်တယ်တစ်ပါး၏ ဂုဏ်ကျက်သရေကို ခံစားနိုင်ရန် ကောင်းကင်ဘုံဂိုဏ်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။
ထိုစကားကို ကြားပြီးနောက် ချင်ယွင်သည် ယွမ်ဖန်းကို အထင်မကြီးဘဲ မနေနိုင်တော့ပေ။
အဘယ်ကြောင့်ပါနည်း….?။ ဤယွမ်ဖန်း၏ အရည်အချင်းသည် အလွန် သာမန် ဖြစ်ကြောင်း ချင်ယွင်သည် တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ သူ့အတွက် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် အလယ်အဆင့်အထိ ကျင့်ကြံနိုင်ခြင်းက ပင် အလွန်ရှားရှားပါးပါးကိစ္စ ဖြစ်နေပါပြီ။
အကယ်၍ အခွင့်အလမ်းကောင်းများ ကြီးကြီးမားမား မရှိခဲ့ဘူးဆိုလျှင် သူသည် လုံလောက်သော အားထုတ်မှုမရှိဘဲ ဤအဆင့်သို့ ရောက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ချင်ယွင်သည်လည်း ယွမ်ဖန်း၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအမာရွတ် အချို့ ရှိနေ သည်ကို တွေ့လိုက်ရ၏။ ဤအမာရွတ်များအားလုံးသည် အသစ်ဖြစ်ပြီး သိပ်မကြာသေးခင်က သူရရှိထားခြင်း ဖြစ်ပုံရသည်။ ထို့ကြောင့် ချင်ယွင်သည် ယွမ်ဖန်းနှင့်ပတ်သက်ပြီး ပို၍ပင် အကောင်းမြတ်လာခဲ့သည်။
ချင်ယွင်သည် အလုပ်ကြိုးစားသူများကို သူ၏နှလုံးသားအောက်ခြေမှပင် အမြဲတမ်း လေးစားသူ ဖြစ်သည်။
ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များ၏ စီစဉ်မှုအောက်တွင် ချင်ယွင်နှင့် အခြားသူများ သည် ကောင်းကင်ဘုံတောင်ထိပ်သို့ လျင်မြန်စွာ အမြန် ပြောင်းရွှေ့ သွားရသည်။
ကောင်းကင်ဘုံဂိုဏ်းသည် အမှန်တကယ်ပင် ထိပ်တန်းဂိုဏ်းတစ်ခုဟု ခေါ်ဆို ထိုက်ပါ သည်။ သူတို့သည် ဧည့်သည်များကို ဆက်ဆံရာတွင်လည်း အလွန် ရက်ရောလှသည်။ အမှန်တကယ်မှာလည်း သူတို့သည် လူတစ်ဦးချင်းစီအတွက် ခြံဝင်းတစ်ခုစီပင် ရှိနေပါသည်။ ဤသည်မှာ ချင်ယွင် လိုချင်သည့်အရာနှင့် အတိအကျ ဖြစ်နေသည်။
အကယ်၍ ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှ လူများနှင့် အတူတကွ နေထိုင်ရပါက သူသည် သူ၏အစ်မကို လျှို့ဝှက်ရှာဖွေရန်မှာ ပို၍ပင် ခက်ခဲပေလိမ့်မည်။
မကြာခင်မှာ ညဉ့်နက်အချိန် ရောက်ရှိလာခဲ့သည်။ ကောင်းကင်ယံမှာ တိမ်မည်းတွေက ဖုံးလွှမ်းနေခဲ့ပြီး လမင်းကြီးကိုပင် ဖုံးလွှမ်းထားသည်။
ချင်ယွင်သည် ချက်ချင်းပင် အနက်ရောင်အ၀တ် တစ်ထည်ကို ၀တ်ဆင်ပြီးနောက် သူ၏ ခန္ဓာကိုယ်ရှိ အငွေ့အသက်အားလုံးကို ဖုံးကွယ်နိုင်ရန်အတွက် နတ်ဘုရားအသွင်ပြောင်း ပညာရပ်ကို အသုံးပြုကာ သူ၏ ရုပ်ရည်အသွင်အပြင်နှင့် ကိုယ်ရေးအချက်အလက်ကို ထုတ်ဖော်၍မရအောင် ပြုပြင်လိုက်လေသည်။
သူသည် သူ၏အစ်မကို ရှာဖွေရန်အတွက် အမှောင်ထုကို အခွင့်ကောင်းယူရန် စီစဉ်ထားသော်လည်း ကောင်းကင်ဘုံဂိုဏ်းက အလွန်ကြီးမားသည့်အတွက် တစ်ယောက်ယောက်ကို ရှာဖွေရန်မှာ အလွန်ခက်ခဲလှသည်။
သို့သော် မည်မျှပင် ခက်ခဲစေကာမူ ချင်ယွင်သည် သူ၏အစ်မကို ရှာဖွေနေရမည် ဖြစ်သည်။
ချင်ယွင်၏ပုံရိပ်သည် ညဉ့်အမှောင်ထုထဲတွင် အနက်ရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ဘုံတောင်ထိပ်မှ ပျောက်ကွယ်သွားခဲ့သည်။
၎င်းသည် ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းအတွင်းမှာ ဖြစ်နေသောကြောင့်၊ အကယ်၍ ချင်ယွင်သည် စိတ်ဝိညာဉ်စွမ်းအားမှ တစ်ဆင့် ရှာဖွေမည်ဆိုလျှင်ပင် သတိထားရမည် ဖြစ်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် ကောင်းကင်ဘုံဂိုဏ်း၏ တပည့်တစ်ဦးကို ရှာဖွေရန် ရည်ရွယ်ထားပြီး သူ၏အစ်မ မည်သည့်နေရာတွင် ရှိနေသည်ကို သိမသိ မေးမြန်းရလိမ့်မည်။ ၎င်းနည်းလမ်းက ရှာဖွေရန် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။
ချင်ယွင်သည် သူ့အစ်မ၏ အလှအပကို အားကိုးပြီး ကောင်းကင်ဘုံဂိုဏ်းထဲတွင် သူမအကြောင်းကို မသိသူ တစ်ယောက်မှ မရှိနိုင်ဟု သူ ယုံကြည်ထားသည်။
ချင်ယွင်၏ ရုပ်အသွင်သည် တောင်ထိပ်တစ်ခုပေါ်တွင် တိတ်တဆိတ် ဆင်းသက်လာ သည်။ ဤသည်မှာ ချီရူတောင်ထိပ် ဖြစ်သည်။ ကောင်းကင်ဘုံဂိုဏ်း၏ တပည့် ထက်ဝက်ကျော်သည် ဤတောင်ထိပ်တွင် နေထိုင်သောကြောင့် ချင်ယွင်က ဤနေရာမှ စတင်ရန် စီစဉ်ထားသည်။
ဘန်း…..!
ချင်ယွင်သည် သူ၏စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး ချီရူတောင်ထိပ် တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ ချင်ယွင်သည် ဤချီရူတောင်ထိပ်တွင် သူ့အစ်မ၏ အရိပ်အယောင် မရှိသည်ကို တွေ့ရှိခဲ့ပြီး၊ ယင်းက ချင်ယွင်ကို စိတ်ပျက်စေခဲ့သည်။
"မေ့လိုက်ပါ။ ငါ ဘယ်လိုလုပ် လွယ်လွယ်ကူကူနဲ့ ရှာတွေ့နိုင်မှာလဲ၊ အခြေအနေ အကြောင်းအရင်မေးမြန်းဖို့ တပည့်တစ်ယောက်ကို ရှာတာ ပိုကောင်းလိမ့်မယ်" ချင်ယွင်သည် သင့်လျော်သော စစ်ဆေးမေးမြန်းမည့်သူကို ရှာဖွေရန်အတွက် သူ၏စိတ်ဝိညာဉ်စွမ်းအားကို ဆက်လက်အသုံးပြုရင်း သူ့ကိုယ်သူ အသံတိုးတိုး ထွက်သွားလေသည်။
"ယီ…..။ တကယ်ကို သူပါလား..!" ချင်ယွင်၏မျက်နှာသည် အံ့အားသင့်သည့် အမူအရာ တစ်ခုကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်ဘုံဂိုဏ်း၏ တော်ဝင် အကြီးအကဲကြီး တစ်ဦး၏ သားဖြစ်သော ယွန်ဟောင်သည် သူ ပထမဆုံး ကောင်းကင်ဘုံဂိုဏ်းသို့ ရောက်ရှိချိန်မှာ သူ့အား ထိပ်တိုက်ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤယွန်ဟောင်သည် ရှက်စရာကိစ္စ တစ်ခုခုကို လုပ်နေပုံရ၏။
"ကြည့်ရတာ၊ ငါ့မှာ မင်းကိုတွေ့ဖို့ တကယ်ကို ကံကြမ္မာရေစက် ရှိနေပုံရတယ်။ အခြေအနေက ဒီလိုဆိုမှတော့ မင်းအပေါ်မှာပဲ မူတည်တော့တယ်။" ချင်ယွင်၏ ပါးစပ်ထောင့်များသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားကာ သူ၏ ပုံရိပ်သည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
အခန်း (၅၇၄) ထိတ်လန့်သွားခြင်း။
"အီယာ…, သခင်လေးယွန်, သခင်လေးက အဆင်ရောပြေရဲ့လား။ ဒါမှမဟုတ် အဆင်မပြေဘူးလား..? ။ သခင်လေးယွန်က ဘာလို့ အရမ်း စိုးရိမ်နေတာလဲ"
ချီရူတောင်ထိပ်ရှိ သာမန်အမျိုးသမီးတပည့်တစ်ဦး၏ ခြံဝင်းထဲတွင် အမျိုးသမီးတပည့် တစ်ဦးသည် ဆွဲမက်ဖွယ်ကောင်းစွာ ရယ်မောနေပါသည်။ သူသည် သူမ၏ အဝတ်အစား တစ်ဝက်ကျော်ကို ချွတ်ထားပြီး ဗိုက်ဖုံးအဝတ်တစ်ထည်သာ ကျန်ပါတော့သည်။
သူမ၏လည်ပင်းသည် နှင်းများကဲ့သို့ဖြူဆွတ်နေပြီး သူမ၏သွယ်လျပြီး စွဲမက်ဖွယ် အသွင်အပြင်ကို ဝေဝေဝါးဝါး တွေ့မြင်နိုင်ပါသည်။
မိန်းကလေး၏ရုပ်ရည်အသွင်အပြင်က လုံးဝအလှကြီး မဟုတ်သော်လည်း သူမသည် လှပသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်မှာ သေချာပါသည်။ အထူးသဖြင့် စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သော ဆွဲဆောင်မှုရှိသည့် သူ၏ မျက်လုံးတစ်စုံ ဖြစ်ပါသည်။
ထိုအချိန်တွင် ယွန်ဟောင်သည် ထိုအမျိုးသမီး၏မျက်နှာကို ကိုင်ထားပြီး အမှန်တယ် သဘောကျနေကာ သူ၏ပါးစပ်ထောင့်တွင် ဆိုးရွားသော အပြုံးတစ်ခု ခိုတွဲနေပါသည်။
"ချင်ရို၊ မင်းရဲ့ အသားအရေလေးက ပိုပိုပြီး ချောမွတ်လာတယ်၊ ဒီသခင်လေးက မင်းလေးကို တကယ်ကို လက်မလွှတ်နိုင်တော့ဘူးကွာ။ ဒီသခင်လေးက မင်းကို ပိုပိုပြီး သဘောကျနေပြီ။" ယွန်ဟောင်သည် လှုပ်ရှားနေသော အမျိုးသမီးကို ကြည့်ကာ ဆိုးသွမ်းစွာ ပြုံးလိုက်လေသည်။
"ဟမ့်၊ သခင်လေးယွန်က တကယ်ကို လိမ်တဲ့နေရာမှာ တော်ပါပေတယ်။ သခင်လေး ကျွန်မခြံဝန်းထဲကို မလာတာဖြင့် ကြာလှပြီ။ ဒီကျွန်မလေးက သခင်လေး ကျွန်မကို မေ့သွားပြီလို့တောင် ထင်နေခဲ့တာ။ နောက်ဆုံးအကြိမ်တုန်းက၊ ဒီကျွန်မလေးက သခင်လေးကို ကိုယ်လုပ်တော် အဆင့်ပေးဖို့ပဲ တောင်းဆိုခဲ့တာလေ။ ပြီးတော့ သခင်လေး ဒီကျွန်မကို ခွဲခွာသွားမှာ သိပ်ကြောက်မိတယ်။" ရင်ခွင်ထဲမှ အမျိုးသမီးက ချက်ချင်းပင် ညုတုတုအသံဖြင့် ပြောလိုက်လေသည်။
ယွန်ဟောင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်လေသည်။ လှုပ်ရှားနေသည့် အမျိုးသမီး တစ်ယောက်၏ အတွေးတွေကို သူ မည်သို့ မသိဘဲနေမည်နည်း?။
သူမသည် သူ၏ ကိုယ်လုပ်တော်အဆင့်အတန်းကို ရရှိရန်နှင့် ကျင့်ကြံခြင်း အရင်းအမြစ် များ ပိုမိုရရှိရန်အတွက် သူမခန္ဓာကိုယ်ကို အသုံးပြုရန်ပင် ဆန္ဒရှိခဲ့သည်။ ထိုကြောင့် သူသည် အဘယ့်ကြောင့် သူမ၏ခန္ဓာကိုယ်နှင့် ဆက်လက်တွယ်ကပ်မနေဘဲ ရှိမည်နည်း?။
ယမန်နှစ်က သူမသည် ဖန်ယုထန်းကို ဆွဲဆောင်လှည့်ဖြားရန် မအောင်မြင်ခဲ့ သော်လည်း ယခုအခါ ဖန်ယုထန်းအစား သူ့ကို လှည့်စားခဲ့ခြင်း ဖြစ်လေသည်။
ပြီးတော့ သူသည် ကစားလိုသည့် စိတ်ကူးရှိလာချိန်မှာသာ သူမကို အသုံးချခြင်းဖြစ်ပြီး ရံဖန်ရံခါ သူမကို ဖျော်ဖြေမူပေးနိုင်သည်။ သူသည် သူမကို မည်သို့ အမှန်တကယ် လက်ထပ်နိုင်မည်နည်း?။
"အီယာ…., ချင်ရို ၊ စိတ်မပူပါနဲ့၊ ငါ့အဖေက စကားပြောဖို့ မလွယ်ဘူးဆိုတာ မင်းလည်း သိသားပဲ။ ငါက သူ့ကို ဒီအကြောင်းတွေပြောဖို့ အခွင့်အရေး ရှာနေရတာ။ စိတ်မပူပါနဲ့၊ ငါ သေချာပေါက် မင်းကို လက်ထပ်ယူမယ်။" ယွန်ဟောင်က အပြုံးနှင့်အတူ ပြောလိုက်လေသည်။
"တကယ်လား?" ချင်ရိုက ချစ်စရာကောင်းသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ် လှုပ်ရှားရင်း မေးလိုက်လေသည်။
"တကယ်ပေါ့၊ လာ…… လာ…...။ ဒီအကြောင်းပြောရအောင်။" ယွန်ဟောင်က ကမန်းကတန်း ပြောပြီး ထိုအမျိုးသမီးကို ကုတင်ပေါ် ဖိချလိုက်လေသည်။
သို့သော် ထိုအချိန်တွင် ယွမ်ဟောင်သည် သူ၏ပခုံးကို နှစ်ကြိမ်တိုင်တိုင် ပုတ်ခံလိုက်ရ သည်ကို ခံစားလိုက်ရလေသည်။
"ရှုပ်နေတာ ရပ်လိုက်တော့… !" ယွန်ဟောင်က မသိစိတ်မှ အလိုလို ပြောထွက်သွား၏။
သို့သော်လည်း သူပြောပြီးသည်နှင့် တစ်ခုခုမှားနေပြီဆိုသည်ကို သိလိုက်ရ၏။ အယ်, အခန်းထဲမှာ လူနှစ်ယောက်ပဲ ရှိတာ မဟုတ်ဘူးလား?
တစ်စုံတစ်ယောက်က သူ၏ပခုံးကို ဘာလို့ ပုတ်လိုက်ရတာလဲ။
အခု ချင်ရိုသည် သူ၏အောက်မှာ ရှိနေပြီ။ ဒါဆို သူ၏ပုခုံးကို ပုတ်လိုက်သည့်လူက မည်သူနည်း?။
ယွန်ဟောင်က အလျင်စလို လှည့်ကြည့်လိုက်လျှင် ကုတင်နံဘေးမှာ ထိုင်နေပြီး ပြုံးပြနေသော သိပ်မရင်းနှီးသည့်လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။
"အစ်ကို၊ မင်းက အရမ်းတော်ပါပေတယ်။ ငါ ခဏလောက် ကြည့်ဦးမယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်လေသည် ။
ယွန်ဟောင် အံသြသွားသည်။
ထိုစကားက ဘာကိုဆိုလိုတာလဲ။ တစ်ချက်လောက် ဆက်ပြီး ကြည့်ခွင့်ပြုရမှာလား”?။
မင်းက ငါ့ကို သောက်ရမ်း ဆက်ပြီး ကြည့်ချင်နေတာလား?။
"ဟိတ်၊ သောက်ကောင်။ မင်းက ဘယ်သူလဲ" ယွန်ဟောင်က အသိဝင်လာပြီး ချက်ချင်း အော်ဆဲလိုက်လေသည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသော ချင်ရိုသည် မူလက သူမကိုယ်သူမ ပျော်ရွှင်မူကို ခံစားရန် မျက်လုံးမှိတ်ထားသော်လည်း သူမသည် ထိုပျော်ရွင်မူကို အကြာကြီး မခံစားခဲ့ရပေ။ ယွန်ဟောင်၏ ကျယ်လောင်သော အော်ဆဲသံကို သူမ ကြားလိုက်သော အခါတွင် သူမ၏ မျက်လုံးများကို ချက်ချင်းဖွင့်လိုက်ပြီး အခန်းထဲတွင် တစ်စုံတစ်ယောက် ရောက်လာနေပြီဆိုသည်ကို သိလိုက်ရလေသည်။ သူမသည် အလွန်ထိတ်လန့်သွားသဖြင့် သူမ၏ ခန္ဓာကိုယ်ကို ပတ်ရစ်ပြီး ထောင့်တစ်နေရာတွင် ပုန်းအောင်းနေလိုက်လေသည်။
ယွန်ဟောင်က ဆဲဆိုအော်ဟစ်နေသည်ကို မြင်သော်လည်း ချင်ယွင်က သူ့ကို မတားခဲ့ပေ။ ယခုလေးတင် သူသည် ဤခြံဝန်းထဲကို မဝင်ခင်ကတည်းက ခြံဝင်းထဲမှာ အစီအရင်ဝင်္ကပါတစ်ခု ချထားပြီးသား ဖြစ်လေသည်။ အော်ဟစ်ဆဲဆိုသည်ကို အသားထား၊ သူသည် လည်ချောင်းကွဲအောင် အော်နေလျှင်ပင် မည်သူမျှ မကြားနိုင်ပေ။
"ဟင်…..။ အစ်ကို၊ မင်းရဲ့ ကောင်းမွန်တဲ့ခံစားမူတွေကို ငါ မနှောက်ယှက်ချင်ပါဘူး။ ငါ မင်းဆီက တစ်ခုခုမေးစရာရှိလို့ လာခဲ့တာပါ။ ကောင်းကင်နဂါးတိုက်ကြီးရဲ့ အလှမယ် လေးယောက်ထဲက တစ်ယောက်က မင်းရဲ့ကောင်းကင်ဘုံဂိုဏ်းမှာ ရှိနေတယ်လို့ ငါ ကြားထားတယ်၊ သူမနာမည်ကို မင်း သိလား။ ချင်ယွင်က ပြုံးရင်း ပြောလိုက်လေသည် ။
" လျူရန်ယွင်လား… " ယွန်ဟောင်က သတိလက်လွတ်ဖြစ်ပြီး ထုတ်ပြောမိသွားသည်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ဝင်းလက် တောက်ပလာသည်။ သေချာပါသည်။ သူ၏အထင်က မှန်နေပါသည်။ သူ့အစ်မ၏ ရုပ်ရည်အသွင်အပြင်ဖြင့် ဆို၊ သူမသည် ကောင်းကင်နဂါးတိုက်ကြီး၏ ခမ်းနားထည်ဝါသော အလှမယ် လေးဦးထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရမည်သာ ဖြစ်သည်။
"အင်း၊ အခု သူမ ဘယ်မှာနေလဲ သိလား" ချင်ယွင်က ဆက်မေးလိုက်သည်။
ယွန်ဟောင်သည် အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။ သူက ချင်ယွင်ကို စိုက်ကြည့်ပြီး ပြောလိုက်လေသည် "ဘာလို့ မင်းကို ငါက ပြောပြရမှာလဲ။"
ချင်ယွင်က ပြုံးပြီး အခန်းထောင့်မှာရှိသည့် အမျိုးသမီးကို ညွှန်ပြလိုက်သည်။ ထို့နောက် သူက ပြုံးပြီး ပြောလိုက်သည် "အစ်ကို၊ အစ်ကိုပုံစံကြည့်ရတာ အစ်ကိုက ဒီကမ္ဘာကြီးရဲ့ ကောင်းချီးမင်္ဂလာတွေကို ခံစားပြီး ပျော်ရွှင်နေပုံပဲ။ ဒါပေမယ့် အစ်ကို၊ ငါ့ဘဝက မပြေလည်သေးဘူး။ လျူရန်ယွင်က အလှမယ်လေးယောက်ထဲက တစ်ယောက်လို့ အစ်ကို မထင်ဘူးလား။ သူမကို ချွေးမအဖြစ် အိမ်ကို မြန်မြန်ခေါ်သွားရမှာ မဟုတ်ဘူးလား”?။
"ရှပ်…။ လျူရန်ယွင်ကို လက်ထပ်ချင်နေတဲ့လူတွေက မင်းတစ်ယောက်ထဲလို့ ထင်နေတာလား?။ ပြီးတော့ မင်းက ထိုက်တန်လို့လား…!" ယွန်ဟောင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
"ငါက မထိုက်တန်ဘူး။ ငါက မထိုက်တန်ဘူး ဟုတ်လား….။ ဒါဆို သူမက ဘယ်လောက်လှလဲ ငါ မြင်ချင်မိတယ်၊ ဒီအလှမယ် လေးယောက်က ဘယ်လောက် လှလဲ ငါ မသိသေးဘူး။" ချင်ယွင်က မြှောက်ပင့်သည့် အမူအရာဖြင့် ပြောလိုက်သည်။
ချင်ယွင်၏ စကားကိုကြားလျှင် ယွမ်ဟောင်၏ မျက်နှာပေါ်ရှိ အမူအရာက ပို၍ပင် လှောင်ပြောင်ဟန် ပေါ်လာသည်။ တခဏကြာအောင် သူသည် ချင်ယွင်ကို အမှန်တကယ် သတိထားနေခဲ့သည်။
"ဟမ့်၊ ငါ မင်းကို ပြောပြမယ်။ ဒီ လျူရန်ယွင်က တော်တော်ကို လှတယ်။ သူမကို မြင်တဲ့လူတိုင်းက စိတ်တွေ မရိုးမရွဖြစ်လာသည်။ အထူးသဖြင့် သူမ ကျင့်ကြံပြီးတဲ့ နောက်ပိုင်းမှာ သူမရဲ့ နဂိုက လှပတဲ့ ရုပ်ရည်အသွင်အပြင်က ပိုလို့တောင် လှပလာခဲ့ တယ်။ သူမရဲ့ရုပ်ရည်က ကမ္ဘာမြေပေါ်မှာ တကယ်ကို အလှမယ်တစ်ယောက် ဖြစ်ထိုက်တယ်။ ငါဆို သူမကိုတွေ့တိုင်း သူမကို အိပ်ယာပေါ်တင်ထားချင်စိတ်တွေ ပေါက်လာတယ်။” ယွန်ဟောင်က တောင့်တသော အမူအရာဖြင့် ပြောလိုက်လေသည်။
ချင်ယွင်၏ မျက်လုံးများသည် အေးစက်သည့် အရိပ်အယောင်တစ်ချက် တောက်ပသွားသော်လည်း သူ၏မျက်နှာပေါ်ရှိ အပြုံးက ပြောင်းလဲသွားခြင်း မရှိပေ။ သူက သရော်ဟန်ဖြင့် “ဆက်ပြောပါဦး” ဟု ဆိုလိုက်လေသည်။
"ဒါပေမယ့် အဲဒါကလည်း လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကပါ။ အခုတော့ မင်း နောက်ကျသွားပြီ။" ယွန်ဟောင်က လှောင်ပြောင်ရင်း ပြောလိုက်လေသည်။
ချင်ယွင်၏မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားလေသည်။ သူက ယွန်ဟောင်၏ လည်ပင်းကို တိုက်ရိုက် ဆွဲကိုင်ပြီး " ပြောစမ်း။ သူမ ဘာဖြစ်သွားတာလဲ၊ သူမ သေသွားပြီလား" ဟု အရူးအမူး အော်မေးလိုက်လေသည်။
"မဟုတ်ဘူး... သူမ မသေပါဘူး!" ယွန်ဟောင်က အလျင်စလို ပြောလိုက်ပြီး သူ၏ မျက်လုံးတွေက ထိတ်လန့်မှုအပြည့်ပင်။
ထိုအချိန်တွင် ယွန်ဟောင်သည် တုနှိုင်းမရသည့် ကြောက်စရာကောင်းသော ရှေးဦး သားရဲကြီးတစ်ကောင်၏ ဝါးမျိုခြင်း ခံလိုက်ရသလို ခံစားလိုက်ရလေသည်။ ထိုခံစားချက်သည် အလွန်စွမ်းအားကင်းမဲ့သွားပြီး ရုန်းကန်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။
ချင်ယွင်သည် သူ၏အစ်မ မသေကြောင်းကို ကြားသောအခါတွင် တင်းကြပ်နေသည့် သူ၏နှလုံးသားက ချက်ချင်းပင် သက်သာရာရသွားပါသည်။ သို့သော် သူ၏အစ်မနှင့် ပတ်သက်ပြီး တစ်ခုခုဖြစ်နေမည်ကို သူ သိသည်။ သူက ယွန်ဟောင်၏ လည်ပင်းကို လွှတ်လိုက်ပြီး ဆာလောင်နေသော ဝံပုလွေတစ်ကောင်လို သူ့ကို စိုက်ကြည့်နေ၏။
"ငါ့ကို ပြောစမ်းပါ။ အတိအကျ ဘာတွေ ဖြစ်နေတာလဲ။ အခု လျူရန်ယွင်က ဘယ်မှာလဲ" ချင်ယွင်က ယွန်ဟောင်ကို အော်ပြောလိုက်သည်။
ယွန်ဟောင်၏ လည်ပင်းကို ပြေလျော့သွားသည်နှင့် သ်၏စိတ်ထဲမှ ကြောက်ရွံ့မှုများ လည်း လျော့ကျသွားသည်။ သူသည် ချင်ယွင်၏ ခက်ထန်သော အကြည့်ကို မြင်လိုက်ရတော့ သူ၏နှလုံးသားက တုန်လှုပ်သွားသည်။ သူသည် သူ့ကိုယ်သူ တွေးကြည့်လိုက်သည် " ဒီအလှမယ်ကို မြင်ရဖို့အတွက်နဲ့ ဒီလိုဖြစ်မှာမဟုတ်ဘူး ဟုတ်တယ် မဟုတ်လား…"
"ဖတ်… !"
ယွန်ဟောင်သည် မှိန်းမောဝေတွေနေစဉ်မှာ ချင်ယွင်က ယွန်ဟောင်၏ မျက်နှာကို ဖြတ်ရိုက်လိုက်လေသည်။
ယွန်ဟောင်သည် ချက်ချင်းပင် ပါးရိုက်ခံလိုက်ရပြီး သူ၏ပါးစပ်တွင် သွေးများ ဖုံးလွှမ်းသွားကာ ချင်ယွင်ကို ငေးကြည့်ရင်း ပို၍ပင် ထိတ်လန့်သွားလေသည်။
"ငါ ပြောပြမယ်။ ငါ မင်းကို အကုန်ပြောပြပါ့မယ်" ယွန်ဟောင်က ကမန်းကတန်း ပြောလိုက်သည်။
ထို့နောက် ယွန်ဟောင်က ချင်ယွင်ကို အရာအားလုံးကို ပြောပြပြီး ချင်ယွင်သည် နားထောင်လေလေ ဒေါသထွက်လေလေ ဖြစ်လာရသည်။
ဖန်ယုထန်း နှင့် လက်ထပ်ရန် ငြင်းဆိုဖို့အတွက် သူ၏အစ်မဖြစ်သူသည် သူမ၏ မျက်နှာကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးပစ်ခဲ့သည်ဟု ကြားလိုက်ရသည့်အခါ ချင်ယွင်သည် ဒေါသအထွက်အထိပ်အထိ ရောက်သွားခဲ့လေသည်။
သူသည် သူ၏လက်သီးတွေကို တင်းကြပ်စွာ ဆုပ်ထားပြီး သူ၏ လက်သည်းတွေက သူ၏ လက်ဖဝါးထဲကိုပင် ထိုးဖောက်ဝင်ရောက်နေပြီ။ သူ၏လက်ဖဝါးတစ်ခုလုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏မျက်လုံးတွေက နီမြန်းလာသည်။ သူ၏နှလုံးသားထဲ တွင် ပြင်းထန်သော အမျက်ဒေါသက တဟုန်ထိုး ထွက်ပေါ်လာနေသည်။
"ဖန်ယုထန်း၊ ကောင်းကင်ဘုံဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်၊ မင်းတို့အားလုံးကို ငါ သေစေချင်တယ်!" ချင်ယွင်က ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ရူးသွပ်နေသော ခြင်္သေ့တစ်ကောင်လို ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ အငွေ့အသက်က ပို၍ပင် ကြောက်စရာကောင်းလာသည်။
ယွန်ဟောင်၏ မျက်နှာသည် သေသွားသည့်အလား ဖြူဖျော့နေပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံး ကြောက်ရွံ့တုန်လှုပ်နေကာ သူ၏ဘေးနားရှိ အမျိုးသမီးသည် ကြောက်ရွံ့မှု ကြောင့် မေ့လဲသွားလေသည်။
အခန်း(၅၇၅) မြေကမ္ဘာအင်မော်တယ်နယ်ပယ်။
ဤအခိုက်အတန့်တွင် ယွန်ဟောင်သည် တုန်လှုပ်ခြောက်ခြားကာ ကြောက်လန့်နေခဲ့ သည်။ သူ၏ရှေ့မှ ဤလူသည် အဘယ့်ကြောင့် ရုတ်တရတ် ဒေါသထွက်လာရ သနည်း ဆိုသည်ကို သူနားမလည်ပါဘူး။
မင်းက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည့် အလှမယ်တစ်ဦးကို မတွေ့မြင်ချင်တော့ဘူး မဟုတ်လား..?။ ဤကိစ္စနှင့်ပတ်သက်ပြီး သူ နောင်တရနေသည်ဆိုလျှင်ပင် ယခုလိုမျိုး လုပ်စရာ မလိုဘူး မဟုတ်ပါလား။
သူသည် ဖန်ယုထန်းနှင့် သူတို့ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကိုပင် သတ်ပစ်မည်ဟု ကျိန်ဆိုနေခဲ့သည်။ ထိုလူနှစ်ဦးသည် အထွက်အထိပ်အဆင့် အင်မော်တယ်အသွင်ကူပြောင်းခြင်းနယ်ပယ်ရှိ ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ သူသည် ထိုလူနှစ်ယောက်ကို သာမန်ကာလျှံကာဖြင့် မည်သို့ သတ်ဖြတ်နိုင်မည်နည်း။
သို့သော် ယခု သူအကြောက်ဆုံးအရာမှာ သူ၏ရှေ့မှ ဤကောင်သည် သူ့ကို သတ်ပစ်သွားမည်ကိုပင် ဖြစ်ပါသည်။ သူ၏ရှေ့မှ ဤကောင် ထုတ်လွှတ်နေသော သတ်ဖြတ်လိုသည့်ဆန္ဒက သူ့ကို အေးစက်စက်တိုက်ခတ်နေသည့် လေပြင်းတွေနှင့် နှင်းတွေကြားမှာ အင်္ကျီချွတ်ပြီး လမ်းလျှောက်နေရသည့် ခံစားချက်ကို ဖြစ်ပေါ်စေ ပါသည်။
အစ်ကို၊ စိတ်မလှုပ်ရှားပါနဲ့။ လျူရန်ယွင်၏ ရုပ်ရည်အသွင်ပြင်က ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပေမယ့် ဤအလှမယ်လေးယောက်ထဲမှာ နောက်ထပ် သုံးယောက် ရှိနေသေး တယ် မဟုတ်လား..။ ဟုတ်တယ်၊ အခု ဒီအလှမယ်လေးယောက်ထဲက လျှိုလင်းဟာ ဒီနေ့ ငါတို့ရဲ့ကောင်းကင်ဘုံဂိုဏ်းကို ရောက်နေပြီပဲ။ အစ်ကို ဘာလို့ သွားမကြည့် တာလဲ...” ယွန်ဟောင်က သူ၏မျက်နှာကို လျှာဖြင့်သပ်ရင်း ပြုံးကာ ပြောလိုက်လေ သည်။
ယွန်ဟောင်၏ စကားကို ရုတ်တရက် ကြားလိုက်ရသောအခါ ချင်ယွင်သည် ဒေါသအကြီးအကျယ် ထွက်သွားလေသည်။ သူသည် ရုတ်တရက် လှည့်လာရင်း ယွန်ဟောင်ကို နီမြန်းသော သူ၏မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
ယွန်ဟောင်၏ ခန္ဓာကိုယ်သည် တခဏကြာအောင် မှင်သက်အံ့ဩသွားလေသည်။ သူသည် ကြောက်လွန်းပြီး သူ၏ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။ ဤမျက်လုံး တွေက ကြောက်စရာကောင်းလွန်း၏။ ထိုမျက်လုံးများတွင် သတ်ဖြတ်လို သည့်ဆန္ဒက သူ့ကို လုံးဝ မခုခံနိုင်ဖြစ်စေသည်။
ဝှီး…..!
လက်တစ်ဖက်က လျှပ်စီးလက်သလို ဆန့်ထွက်လာပြီး သူ၏လည်ပင်းကို ချက်ခြင်း ဆုပ်ကိုင်ကာ လေထဲသို့ မြှောက်လိုက်လေ၏။
"ပြောစမ်း။ လျူရန်ယွင်က အခု ဘယ်မှာလဲ" ချင်ယွင်က မျက်လုံးနီရဲနေပြီး ပြောလိုက် သည်။ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်က သူ၏နက်ရှိုင်းသော မျက်လုံးများထဲမှ တဟုန်ထိုး ပျံ့နှံ့လာသည်။
ယွန်ဟောင်၏ မျက်လုံးထဲတွင် ချက်ချင်းပင် အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်သွား၏။ သူ၏ခန္ဓာကိုယ်ရှိ အစစ်အမှန်သော အနှစ်သာရသည် လုံးဝ အေးခဲသွားပုံရပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပေ။ အထူးသဖြင့် ချင်ယွင်၏ အကြည့်များက သူ့ကို သေမင်းနတ်ဘုရားတစ်ပါးက စိုက်ကြည့်နေသလိုမျိုုး ခံစားရစေသည်။
"ငါ့ကို ချမ်းသားပေးပါ။ ... ချမ်းသားပေးပါ။ ငါ တကယ်မသိပါဘူး။ လျူရန်ယွင်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ဖန်ယုထန်းရဲ့ အကျဉ်းချခြင်း ခံခဲ့ရတယ်။ အဲ့အချိန်က စပြီး ဘယ်သူမှ သူမကို ထပ်မတွေ့တော့ပါဘူး။" ယွန်ဟောင်က သူ၏နှလုံးသားထဲမှ စကားလုံးအားလုံးကို တစ်ခွန်းပြီးတစ်ခွန်း ထုတ်ပြောလိုက်သည်။ အကယ်၍ သူ သဘောမတူဘူးဆိုလျှင် သူ၏ရှေ့မှ ဤအရူးကောင်သည် သူ၏လည်ပင်းကို ဖြတ်သွားမှာကို သူ အရမ်းကြောက်နေ၏။
"ဖန်ယုထန်း…. !" ချင်ယွင်သည် သူ၏သွားများကြားမှ စကားသုံးခွန်းကို ညှစ်ထုတ်လိုက်ပြီး သူ၏ဒေါသသည် မြစ်ရေပြင်ကဲ့သို့ အဆုံးမသတ်နိုင်ဘဲ စီးဆင်းနေလေသည်။
သူ၏ရှေ့မှ ဤအရူးကောင်သည် လျူရန်ယွင်ကို အစကတည်းက ရှာဖွေနေခြင်း ဖြစ်သည်ကို ယွန်ဟောင်သည် နောက်ဆုံးတွင် နားလည်လိုက်ပါသည်။ အရင်က အလှမယ် လေးယောက်အကြောင်း သူပြောဖူးခဲ့သည့် စကားတွေက သူ့ကို လှည့်စားရန် သက်သက်သာ ဖြစ်ပါသည်။
"ပြောစမ်း။ ဖန်ယုထန်း အခု ဘယ်မှာလဲ" ချင်ယွင်က ယွန်ဟောင်ကို ဟိန်းဟောက်လိုက်ပြန်သည်။
"ကောင်းကင်ဘုံငယ်တောင်ထိပ်မှာပါ…!" ယွန်ဟောင်က ကမန်းကတန်း ပြောလိုက်လေသည်။
သူနှင့် ဖန်ယုထန်းသည် မူလကတည်းက သဟဇာတမဖြစ်သောကြောင့် ဖန်ယုထန်း အကြောင်းကို သူသည် သဘာဝအတိုင်း ဖုံးကွယ်ထားရန် မလိုအပ်ပေ။
ချင်ယွင်၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုသည့်ဆန္ဒက နက်ရှိုင်းလာ၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အအေးဓာတ်က လူတွေကို အရိုးထိ အေးစိမ့်သွားစေသည်။
"အစ်ကိုကြီး၊ မဟုတ်ဘူး၊ စီနီယာ..။ ငါ လျူရန်ယွင်ကို ဘာမှ မလုပ်ဖူးပါဘူး။ ကျေးဇူးပြုပြီး ငါ့ကို ချမ်းသားပေးပါ.. !" ယွန်ဟောင်က သနားညှာတာပေးရန် တောင်းဆိုလိုက်သည်။
ချင်ယွင်က သရော်ဟန်ဖြင့် ရယ်လိုက်ပြီး ယွန်ဟောင်ကို ပြန်ကြည့်လိုက်သည်။
"မင်းက သူမကို တွေ့တဲ့အချိန် ကုတင်ပေါ်တင်ထားချင်တယ်လို့ မင်းကိုယ်တိုင် ပြောတာ မဟုတ်ဘူးလား။" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက်နေပြီး သူ၏ပါးစပ်ထောင့်စွန်းများက ရက်စက်သည့် သရော်ဟန် တစ်ခု သယ်ဆောင်လာသည်။
“မဟုတ်ဘူး… မဟုတ်ဘူး…” ယွန်ဟောင်က ဆောလျင်စွာ ခေါင်းယမ်းလိုက်သည်။ သူသည် ချင်ယွင်၏ မျက်လုံးများတွင် ဖြစ်ပေါ်နေသော သတ်ဖြတ်ချင်စိတ်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
ယခင်က သတ်ဖြတ်လိုသည့်ဆန္ဒသည် သူ့အပေါ် ရည်ရွယ်ထားခြင်း မဟုတ်ပေ။ သူသည် အကြောက်တရားကို ခံစားရသော်လည်း ယခုအခိုက်အတန့်တွင် ဤမျှ လောက် ကြောက်လန့်စရာကောင်းမည်ဟု သူ သေချာပေါက် မမျှော်လင့်ထားခဲ့ပေ။ ဤအခိုက်အတန့်တွင် သေခြင်းတရားက နီးကပ်လာသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
"သေလိုက်တော့…!"
ချင်ယွင်၏ ပါးစပ်မှ စကားလုံးတစ်လုံး ထွက်ပေါ်လာပြီးနောက် ယွန်ဟောင်၏ ရင်ဘတ်ကို လက်သီးချက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်လေသည် ။
"မလုပ်နဲ့…!"
ယွန်ဟောင်က စိတ်ပျက်လက်ပျက်ဖြစ်သည့်အသံဖြင့် ထိုစကားလုံးကို အော်ဟစ်လိုက် သော်လည်း သူ၏အမူအရာက နောက်တစ်စက္ကန့်အတွင်းမှာ လုံးဝ ပြောင်းလဲသွား သည်။
သူ၏မျက်နှာသည် အလွန့်အလွန် ထိတ်လန့်သွားခဲ့ပြီး သူ၏မျက်လုံးများက သူ၏မျက်လုံးအိမ်မှ ထွက်လုမတတ် ပြူးကျယ်သွားသည်။ သူ၏မျက်လုံးတွေကို ချက်ချင်းပင် သွေးတွေဖုံးလွှမ်းသွားပြီး သူ၏ရင်ဘတ်ထဲက ချိုင့်ဝင်သွားခဲ့သည်။ သူ၏အရေပြားအောက်မှ အင်္ဂါအစိတ်အပိုင်းတွေအားလုံး ကွဲအက်သွားပြီး တခဏအတွင်းမှာပင် အသက်ထွက်သွားလေသည်။
ဂုဏ်သိက္ခာကြီးမားသော အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ် အဆင့် ကျွမ်းကျင်သူ၊ ကောင်းကင်ဘုံဂိုဏ်း တော်ဝင်အကြီးအကဲကြီးတစ်ဦး၏ သားဖြစ်သူသည် လက်သီးတစ်ချက်ဖြင့် အသတ်ခံခဲ့ရသည်။
ချင်ယွင်၏ လက်ရှိအင်အားဖြင့်၊ အစောပိုင်းအဆင့် အင်မော်တယ်အသွင်ကူပြောင်းခြင်း နယ်ပယ် ကျွမ်းကျင်သူကိုသတ်ခြင်းသည် ခွေးတစ်ကောင်ကို သတ်လိုက်သကဲ့သို့ပင် ဖြစ်နေပါပြီ။ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင်သာ ရှိနေသည့် ယွန်ဟောင်ကိုဆို စကားထဲပင် ထည့်ပြောနေစရာ မလိုချေ။
“ ဘန်း..…..!"
ချင်ယွင်က ယွန်ဟောင်၏အလောင်းကို ကုတင်ပေါ် ပစ်ချလိုက်သည်။ အခန်းထောင့်စွန်းမှာ ပုန်းအောင်းနေသော အမျိုးသမီးကို သူသည် တစ်ချက် ကြည့် လိုက်ပြီး သတိလစ်နေတာလား ဒါမှမဟုတ် သတိလစ်ချင် ဟန်ဆောင်တာလားဟု တွေးလိုက်သေးသည်။ ထို့နောက် သူသည် မထီမဲ့မြင်ပြုဟန်ဖြင့် ပြုံးကာ အခန်းထဲမှ ထွက်သွားလေသည်။
တော်ဝင်အကြီးအကဲကြီးတစ်ဦး၏ သားသည် သူမ၏အိပ်ရာပေါ်တွင် သေဆုံးသွား ခဲ့သည်။ သူမသည် မည်သို့ ရှင်သန်နိုင်တော့မည်နည်း။
ဝှီး….!
ချင်ယွင်၏ရုပ်အသွင်သည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ခြံဝင်းထဲမှ ပျောက်ကွယ်သွားသည်။ ဤအခိုက်အတန့်တွင် သူ၏ဒေါသသည် ပြေငြိမ်းသွားသည်။
သူ့အစ်မ၏မျက်နှာသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် ယခုအချိန် အရေးကြီးဆုံးမှာ သူ၏အစ်မအား ဦးစွာရှာဖွေရန်ဖြစ်ပြီး သူ၏အစ်မအား နာကျင်မူများ နောက်ထပ် ခံစားရခြင်းမှ ကာကွယ်ပေးရန် ဖြစ်သည်။
ဖန်ယုထန်းနှင့် ကောင်းကင်ဘုံဂိုဏ်းအကြား ရန်ငြိုးအတွက်လား?..။
အကယ်၍ သူချင်ယွင် သေဆုံးသွားမည်ဆိုလျှင်ပင် သူသည် ကောင်းကင်ဘုံဂိုဏ်းကို နာကျင်စေလောက်သည့် အဖိုးအခကို ပေးဆောင်ရဦးမည် ဖြစ်ပါသည်။
ဘန်း….!
ချင်ယွင်သည် သူ၏အစ်မကို ရှာဖွေရန်အတွက် သူ့ကိုယ်ပွား၏ စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း အသုံးပြုလိုက်သည်။ ယခုအချိန်မှာတော့ သူသည် ဒီလောက်အများကြီးကို မစဉ်းစားနိုင်တော့ပါဘူး။ သူ၏အစ်မကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရှာဖွေရလိမ့်မည်။
သို့သော်လည်း ချင်ယွင်၏ဝိညာဉ်စွမ်းအားသည် ကောင်းကင်ဘုံဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံထားပြီးဖြစ်သော်လည်း သူအစ်မ လျူရန်ယွင်၏ သဲလွန်စကို အနည်းငယ်မျှပင် မတွေ့နိုင်ခဲ့ပေ။
ယင်းက ချင်ယွင်၏ မျက်ခုံးတွေကို တွန့်သွားစေ၏။ ဖန်ယုထန်းက သူ၏အစ်မကို အတိအကျ မည်သည့်နေရာ၌ ဝှက်ထားသနည်း?။
ဝှီး….!
ထိုအခိုက်အတန့်တွင် အဝေးမှ လေတိုးသံတစ်ချက် ထွက်ပေါ်လာသည်။
"မကောင်းတော့ဘူး၊ တစ်ယောက်ယောက် လာနေတယ်"
ချင်ယွင်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး၊ သူသည် ကနဦးစကြဝဠာထဲကို ကမန်းကတန်း ဝင်လိုက်လေသည်။
ချင်ယွင်၏ ရုပ်အသွင်အပြင် ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် ချက်ချင်းဆိုသလို ချင်ယွင် ပျောက်ကွယ်သွားသော နေရာတွင် ဆံပင်ဖြူ အဘိုးကြီးတစ်ယောက် ပေါ်လာလေသည်။
အဘိုးအိုသည် တဖျပ်ဖျပ်လင်းလက်နေသော ဆံပင်နှင့် ကလေးဆန်သော ရုပ်ရည် အသွင်အပြင်ရှိသည်။ သူထုတ်လွှတ်လိုက်သည့် အငွေ့အသက်ကြောင့် သူ၏ပုံစံအရ သူသည် သာမန် အင်မော်တယ် အသွင်ကူပြောင်းခြင်းနယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက် မဖြစ်နိုင်ပါဘူး။
"အယ်…။ ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ။ ဒီနေရာကနေ ထွက်ပေါ်လာတဲ့ ပြင်းထန်တဲ့ စိတ်ဝိညာဉ်စွမ်းအားကို အခုလေးတင် ငါ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ ပါတယ်။ ဒါပေမယ့် ဘာလို့ ရုတ်တရက် ပျောက်သွားရတာလဲ။" အဘိုးအိုက လှည့်ပတ်ကြည့်ရူရင်း အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
အဘိုးအိုသည် တစ်နေရာတည်းတွင် အချိန်အတော်ကြာ ရပ်တန့်သွားပြီးနောက် လှုပ်ရှားမှုကို လုံးဝသတိမထားမိသည့်အတွက် နောက်ပြန်လှည့်ကာ ထွက်ခွာ သွားခဲ့သည်။
ချင်ယွင်သည် လေဟာနယ်ထဲမှ ပြန်ထွက်လာခဲ့ပြီး အဖိုးအို ထွက်ခွားသွားသည့် လမ်းကြောင်းကို လှမ်းကြည့်လိုက်ရင်း စကားလုံးနှစ်လုံး ထုတ်ပြောလိုက်သည်။ "မြေကမ္ဘာအင်မော်တယ်နယ်ပယ်လား….!
အင်မော်တယ် အသွင်ကူပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်သည် သေမျိုး ကမ္ဘာတွင် အထွတ်အထိပ်အဆင့် တည်ရှိမူတစ်ခု ဖြစ်ပုံရပါသည်။ သို့သော် ယင်းသည် လုံးဝ မဟုတ်ပေ။
အင်မော်တယ်ကမ္ဘာမှာ မသေနိုင်သေးသည့် လူအိုကြီးအချို့သည် သူတို့၏ ကျင့်ကြံမူ အဆင့်ကို ဖိနှိပ်ရန်အတွက် လျှို့ဝှက်နည်းပညာရပ်တွေကို အသုံးပြုကြသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်သည် အပေါ်ယံမျက်နှာပြင်မှာ အင်မော်တယ်အသွင်ကူပြောင်းခြင်း နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့သာ ရောက်နေပြီ ဖြစ်သော်လည်း သူတို့၏ အစစ်အမှန်စွမ်းအားသည် အင်မော်တယ်အသွင်ကူပြောင်းခြင်းနယ်ပယ်၏ အထွတ် အထိပ်အဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ အင်မော်တယ်ကမ္ဘာမှာဆိုလျှင် ဤကဲ့သို့သော နယ်ပယ်မျိုးကို ယေဘုယျအားဖြင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်ဟု ခေါ်ကြသည်။
မြေကမ္ဘာအင်မော်တယ်နယ်ပယ်သည် အင်မော်တယ်အသွင်ကူပြောင်းခြင်းနယ်ပယ် နှင့် အစစ်အမှန်အင်မော်တယ်နယ်ပယ်တို့ အကြားဖြစ်ပြီး ၎င်းနယ်ပယ်ကိုလည်း အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်နှင့် အထွတ်အထိပ် အဆင့် ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။ (ဤမြေကမ္ဘာအင်မော်တယ် နယ်ပယ်ဟူသည် အင်မော်တယ်ကမ္ဘာမှ သေမျိုးကမ္ဘာသို့ ဆင်းတက်လာချိန်မှာ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ပြီး ဖြစ်ပေါ်လာသည့် နယ်ပယ်ဖြစ်ပါသည်။ သီးသန့်ကျင့်ကြံယူရသည့် နယ်ပယ်မျိုး မဟုတ်ပေ။)
ချင်ယွင်သည် ထိုကဲ့သို့သော လျှို့ဝှက်နည်းပညာရပ်မျိုးကို အင်မော်တယ်ကမ္ဘာရှိ အင်အားစုကြီး အချို့မှာသာရှိသည်ဟု မူလက ထင်ထားခဲ့သော်လည်း၊ သေမျိုးကမ္ဘာမှာ လည်း ထိုကဲ့သို့ပညာရပ်မျိုးကို တွေ့ကြုံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ၎င်းတို့သည် အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာပုံရသည်။
ဤအဘိုးအိုသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေခဲ့သည်မှာ ထင်ရှားပါသည်။ ထိုသို့မဟုတ်လျှင် သူ၏စိတ်ဝိဥာဉ်စွမ်းအားကို သိရှိခံစားနိုင်ရန်မှာ မဖြစ်နိုင်ပါဘူး။ သီးခြားနယ်ပယ်တစ်ခုဖြစ်သော မြေကမ္ဘာအင်မော်တယ်ကျွမ်းကျင်သူ နှင့် သူသည် တိုက်ပွဲဝင်ရဦးမည်ဟု သိထားရတော့မည်။
သို့သော်၊ ကောင်းကင်ဘုံဂိုဏ်းတွင် ထိုကဲ့သို့ အစွမ်းထက်သော ကျွမ်းကျင်ပညာရှင် တစ်ဦးရှိနေခြင်းမှာ ချင်ယွင်အတွက်တော့ သေချာပေါက် သတင်းဆိုးတစ်ခုပင်။
"ဟမ့်၊ ခင်ဗျားရဲ့ ကျင့်ကြံမှုနယ်ပယ်က ဘယ်လိုပဲ ဖြစ်နေပါစေ၊ ကျုပ်အစ်မသာ တစ်ခုခုဖြစ်သွားလို့ကတော့ ခင်ဗျားရဲ့ ကောင်းကင်ဘုံဂိုဏ်းကို အမြစ်ကနေ ကျိန်းသေ ပေါက် ကျုပ်နှုတ်ပစ်မယ်" ချင်ယွင်သည် သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပြင်းထန်သော အေးစက်မှုကို ထုတ်ဖော်လိုက်ပါသည်။