အခန်း (၅၈၁-၅၈၅)
Vol. 39 Ch. 581-585
အခန်း (၅၈၁) လက်ဆောင်ကြီးတစ်ခု။
"အစ်ကိုဖန်း၊ တစ်ယောက်ယောက်ကို သတ်ပေးဖို့ မင်း ငါ့ကို ကူညီစေချင်တယ်။" ဝူဒေါင်ရှန်က မှုန်ကုပ်ကုပ်မျက်နှာထားနှင့် ပြောလိုက်လေသည်။
"မနေ့က မင်းကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့လူလား" ဖန်ယုထန်းက ပြုံးပြီး မေးလိုက်သည်။
"ဟုတ်တယ်၊ အဲဒါ သူပဲ။ ဒီဒဏ်ရာတွေအတွက် ငါ လက်စားပြန်ချေရမယ်။" ဝူဒေါင်ရှန် သည် စိတ်လှုပ်ရှားနေသော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
မနေ့က ချင်ယွင်သည် သူ့ကို ဒဏ်ရာရစေခဲ့ပြီး၊ ယင်းဒဏ်ရာတွေက သူ့ကို မြေကြီးပေါ် လဲလျောင်းရလုနီးပါး ဖြစ်သွားစေခဲ့။ အကယ်၍ သူ့မှာ ဂိုဏ်း၏ မြင့်မြတ်သော ကုသခြင်းဆေးသာ မရှိခဲ့ဘူးဆိုလျှင်၊ သူသည် ယနေ့ မြေကြီးပေါ်မှာ လမ်းလျှောက် နိုင်မှာတောင် မဟုတ်ပါဘူး။
သို့သော်ငြားလည်း သူ၏မျက်နှာပေါ်ရှိ ဖူးဖူးရောင်နေသည့် ဒဏ်ရာများနှင့် ရင်ဘတ်တွင် နာကျင်မှုက လုံးလုံး မပျောက်သေးပေ။ ယခုအချိန်ထိ သူ၏ခန္ဓာကိုယ် တစ်ခုလုံး နာကျင် ကိုက်ခဲနေပါသည်။
အရေးအကြီးဆုံးကတော့၊ သူသည် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း၏ ထူးချွန်သော တပည့်တစ်ယောက်အနေဖြင့် ယခုလို အရှက်တကွဲ အကျိုးနည်းအဖြစ်မျိုး တစ်ခါမှ မကြုံဖူးပါဘူး။ လူအများရှေ့မှာ ပါးရိုက်ခံရခြင်းက သူ၏ဘဝတစ်ခုလုံးအတွက် ရှက်စရာကိစ္စ ဖြစ်ပါသည်။
"အဲ့ဒီကောင်က ဘယ်သူလဲဆိုတာ မင်းသိလို့လား" ဖန်ယုထန်း တဟားဟား ရယ်မောလိုက်သည်။
"ဟမ့်….၊ သူက အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်မှာရှိတဲ့ တကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပဲ။ သူကို ဘယ်သူက ဂရုစိုက်နေမှာလဲ… ။" ဝူဒေါင်ရှန်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏မျက်လုံးများက မထီမဲ့မြင်ပြုဟန်ဖြင့် လင်းလက် သွားခဲ့ပါသည်။
ထိုစကားကိုကြားလျှင် ဖန်ယုထန်းက ချက်ချင်းပင် အထင်မြင်သေးသည် အမူအရာကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း သူသည် သူ၏ရှေ့တွင်ရှိနေသော ဝူဒေါင်ရှန်ကို လှောင်ပြောင်ပြောလိုက်သည်။
"အရူးပဲ၊ အဲဒီကောင်က အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့် မှာပဲ ရှိသေးတယ်လို့ မင်း တကယ်ကို ထင်နေတာလား။ မင်းဝူဒေါင်ရှန်က အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်မှာရှိတဲ့ လူတစ်ယောကို တောင် အနိုင်မယူနိုင်ဘူးလား… " ဖန်ယုထန်းသည် စားပွဲပေါ်ရှိ ဝိုင်အားလုံးကို မော့သောက်လိုက်ပြီး တဟားဟား ရယ်မောလိုက်သည်။
"ဒါပေမယ့် သူ့ရဲ့ ကျင့်ကြံမူအဆင့်က အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာဆိုတာ ထင်ရှားပါတယ်။" ဝူဒေါင်ရှန်က မယုံကြည်နိုင်ဟန်ဖြင့် ကာကွယ်ပြောဆိုလိုက်သည်။
"ဒါဆို သူ ဘယ်သူလဲဆိုတာရော မင်းသိရဲ့လား? သူ့ရဲ့ကိုယ်ရေးအချက်လက်က ဘာလဲ။ သူ့မျိုးရိုးနာမည်ကရော ဘာလဲ။ မင်းကို ဘယ်သူ ရိုက်မှန်းတောင် မသိဘူး မဟုတ်လား။ ဒါနဲ့တောင် မင်းက လက်စားချေချင်သေးတာလား။" ဖန်ယုထန်းက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ဝူဒေါင်ရှန်အပေါ် အထင်အမြင်သေးမှုက တိုးမြင့်လာပုံရ ပါသည်။
ဝူဒေါင်ရှန်သည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရ၏။ အမှန်ပင်၊ သူသည် ဖန်ယုထန်း၏ မေးခွန်းများကို ပြန်မဖြေနိုင်ခဲ့ပေ။
ဤလူသည် လျှိုလင်းကို သိသည်ဟုသာ သူ သိထားသည်။ သူ၏ ကျင့်ကြံမှုအဆင့်သည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင်သာ ရှိသော ကြောင့် သူဝူဒေါင်ရှန်သည် သူ၏အမည် သို့မဟုတ် သူ၏ကိုယ်ရေးအချက်အလက်ကို အစကတည်းက သိရှိရန် စိတ်မဝင်စားခဲ့ပေ။
သူ၏အမြင်အရအရ၊ ကောင်းကင်နဂါးတိုက်ကြီးရှိ ထိပ်တန်းဂိုဏ်းကြီးသုံးဂိုဏ်း၏ တပည့်အနည်းငယ်မှ လွဲ၍ အခြားသော ပါမီရှင်လူငယ်လေးများသည် သူ၏ မျက်လုံးထဲ တွင် ပုရွက်ဆိတ်နှင့် ထူးမခြားနားပေ။
မနေ့က ချင်ယွင်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး သူ၏စိတ်ထဲမှာ ရှက်ရွံ့ဒေါသဖြစ်နေဆဲ ဖြစ်သော်လည်း သူသည် ချင်ယွင်ကို တူညီသော အဆင့်မှာထားပြီး မဆက်ဆံနိုင်ပါဘူး။
ယခု ဖန်ယုထန်း၏ မေးခွန်းကို ကြားသောအခါ ဝူဒေါင်ရှန်က သူ့ကိုယ်သူပင် သံသယဝင်လာပြီး " ရှောင်ယန်ဂိုဏ်းက ဖြစ်နိုင်မလား " ဟု မေးလိုက်ပါသည်။
ဖန်ယုထန်းက သူ့ကို အရူးတစ်ယောက်လို ကြည့်နေဟန်တူပြီး " မင်းကို ရိုက်နှက်လိုက် တဲ့သူက ချင်ယွင်လို့ခေါ်တယ် " ဟု အေးစက်စွာ ပြောလိုက်လေသည်။
"ချင်ယွင်…. ?" ဝူဒေါင်ရှန်သည် ထိုနာမည်ကို ထပ်ခါတလဲလဲ ရေရွတ်ရင်း၊ သူ၏ စိတ်ထဲမှာ ဤနာမည်က ရင်းနှီးသည်ဟု ခံစားလာရသည်။
ရုတ်တရက် သူသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး " သူက ချန်ကလန် နဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက် ပေးခဲ့သူ၊ ပြီးတော့ ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေး ယွန်ဟောင်ယန်နဲ့ စေ့စပ်ထာသူ အမျိုးသမီးကို လုယက်သွားသူ ချင်ယွင်လား… ?"
"မှန်တာပေါ့။ အဲဒါ သူပဲပေါ့ !" ဖန်ယုထန်းက သူ၏မျက်ခုံးနှစ်ခုကြားတွင် သတ်ဖြတ်လိုသည့် ဆန္ဒ အရိပ်အယောင်ကို ထုတ်ဖော်ရင်း ခိုင်မာစွာ ပြောလိုက်လေ သည်။
"ဒီယွန်ဟောင်ယန်က တကယ်ကောင်ပဲ။ သူနဲ့ စေ့စပ်ထားသူ အမျိုးသမီးတောင် အဝေးကို လုယူသွားခံရတယ်။ တကယ်တော့ သူက ဒီချင်ယွင်ကို ဘာဒုက္ခမှလည်း မပေးနိုင်ခဲ့ဘူး။ မင်းရဲ့ ကောင်းကင်ဘုံဂိုဏ်းကို အရှင်လတ်လတ် လာခွင့်ပေးတာကိုက ဒီယွန်ဟောင်ယန်က တကယ့် အမှိုက်ဆိုတာ ပြသပြီးဖြစ်နေပြီ။" ဝူဒေါင်ရှန်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
သို့သော်လည်း ဖန်ယုထန်းက သူ၏မျက်လုံးများကို လှည့်ပတ်ကစားက ဝူဒေါင်ရှန်ကို တစ်ဖန် ကြည့်လိုက်ပြီး သူ၏စိတ်ထဲတွင် လှောင်ပြောင်ပြောလိုက်လေသည် "ဒီ ယွန်ဟောင်ယန်က သုံးစားမရတဲ့ အရူးဆို၊ မင်းက ဘာကောင်လဲ။ မင်းက အရူးထက် တောင် နိမ့်ကျနေပြီ မဟုတ်ဘူးလား.. ။"
သို့သော် ဖန်ယုထန်းသည် ထိုစကားများကိုတော့ မပြောခဲ့ပါပေ။ သူက အေးစက်စွာ ပြောလိုက်သည် “ တကယ်တော့၊ ယွန်ဟောင်ယန်က ချင်ယွင်ကို ဒုက္ခမပေးခဲ့တာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ကိုသတ်ဖို့အတွက် ကျွမ်းကျင်ပညာရှင် အနည်းငယ်ကိုတောင် ခေါ်သွားခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ယွန်ဟောင်ယန်ဟာ ရှောင်ယန်ဂိုဏ်းကို ပြန်လာခဲ့တဲ့ တစ်ဦးတည်းသော လူပဲ။ ငါ သိသလောက်ဆို အဲဒီပညာရှင်တွေထဲမှာ တစ်ယောက်က ရှောင်ယန်ဂိုဏ်းရဲ့ တော်ဝင် အကြီးအကဲကြီး ကျန်းယွန်လည်း ပါတယ်”။
"ဘာ.?။ ကျန်းယွန်က အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်မှာ ရောက်နေပြီ မဟုတ်လား…?။ ဒီချင်ယွင်က သူ့ကို ဘယ်လို သတ်လိုက် တာလဲ" ဝူဒေါင်ရှန်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။
"ဒီကျန်းယွန်ကို ချင်ယွင်က မသတ်ခဲ့ပါဘူး၊ ဟောင်ခွန်က သတ်လိုက်တာပါ။ ဒါပေမယ့် ခမ်းနားထည်ဝါတဲ့ နှင်းဖြူရောင် ကျောက်စိမ်းချပ်ဝတ်တန်ဆာကို အသုံးပြုရင်း ယွန်ဟောင်ယန်ဟာ မြေပြင်ပေါ် ပြုတ်ကျတဲ့အထိ ချင်ယွင်ရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်" ဖန်ယုထန်းက ပြောပြီး သူ၏မျက်ခုံးကြားက လူသတ်ချင်စိတ်က ပိုပြင်း၍ ထန်လာသည်။
ဤအခိုက်အတန့်တွင်၊ ဝူဒေါင်ရှန်သည် ယွန်ဟောင်ယန်၏ ကျင့်ကြံမှုအဆင့်သည် ခမ်းနားထည်ဝါသော အဖြူရောင်ကျောက်စိမ်း ချပ်ဝတ်တန်ဆာကို အသုံးပြုပြီးနောက် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်နေ ပြီ ဖြစ်ကြောင်း သူ နားလည်လိုက်ပါသည်။ အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေစဉ်မှာ သူကိုယ်တိုင်သည်ပင် ယွန်ဟောင်ယန်၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
ဤချင်ယွင်သည် ယွန်ဟောင်ယန်ကို အလွန်ဆိုးဆိုးဝါးဝါး ဖြစ်သည်အထိ ရိုက်နှက်ခဲ့ပြီး ထွက်ပြေး သွားစေခဲ့သည်။ သူသည် အထွတ်အထိပ်အဆင့် အင်မော်တယ် အသွင်ကူး ပြောင်းခြင်းနယ်ပယ် လေ့ကျင့်သူတစ်ဦး၏ အစွမ်းကို ပိုင်ဆိုင်ထားပြီး ဖြစ်ကြောင်း တွေးကြည့်နိုင်ပါသည်။
"ဒါဆို အစ်ကိုဖန်း၊ မင်းနဲ့ ချင်ယွင်ဆိုရင် ဘယ်တစ်ယောက်က ပိုသန်မာလဲ" ဝူဒေါင်ရှန် က မေးလိုက်သည်။
ဖန်ယုထန်းက အထင်သေးဟန်ဖြင့် ပြုံးပြီး ပြောလိုက်လေသည် " တကယ်လို့ ငါသာ အင်မော်တယ် အသွင်ကူးပြောင်း ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို မဖြတ်ကျော်နိုင်ခဲ့ဘူးဆိုရင်၊ ငါ သူ့ကို ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခုတော့ ငါ သူ့ကို ခွေးတစ်ကောင်လိုတောင် သတ်ပစ်လို့ရတယ်။"
ဖန်ယုထန်းက ထိုစကားကိုပြောလိုက်ချိန်မှာ သူ၏လေသံက ပြင်းထန်သည့် သတ်ပစ်ချင်စိတ်တွေ ပြည့်နှက်နေပါသည်။
"ဒါဆို ငါတို့ ဘာကိုစောင့်နေတာလဲ။ ဒီချင်ယွင်ကို ထွက်ပြေးမသွားခင် သတ်လိုက် ရအောင်လေ" ဝူဒေါင်ရှန်က ကမန်းကတန်း ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့၊ သူ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ သူ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက် လွှတ်ထားပြီးသား။ သူ ထွက်ပြေးဖို့ တစ်ခုခု လုပ်လာခဲ့ရင် သူ့ကို တားဆီးဖို့ တစ်ယောက်ယောက်ကို ချက်ချင်း ငါ လွှတ်လိုက်မယ်။" ဖန်ယုထန်းက သရော်ဟန်ဖြင့် ပြောလိုက်သည်။
"အစ်ကိုဖန်းက ဘာကို ဆိုလိုတာလဲ။" ဝူဒေါင်ရှန်က သံသယစိတ်ဖြင့် မေးလိုက်သည်။
"ဟမ့်၊ ငါက မနက်ဖြန် အင်မော်တယ် ဖိတ်ခေါ်ခြင်း အခမ်းအနားကို အခွင့်ကောင်းယူပြီး လူတိုင်းရှေ့မှာ သူ့ကို သတ်ပစ်ဖို့ စီစဉ်ထားတယ်။ သူတင်မကဘူး ဟောင်ခွန်လည်း ပါတယ်။ တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် ဟောင်ခွန်လည်း ချင်ယွင် နဲ့အတူတူ ကောင်းကင်ဘုံဂိုဏ်းဆီ သေချာပေါက် လိုက်လာလိမ့်မယ်။ နှစ်ထောင်ပေါင်း များစွာအတွင်း ဘယ်သူက နံပါတ်တစ် ပါရမီရှင်ဖြစ်တယ်ဆိုတာ လူတိုင်းမြင်အောင် ငါ ပြောပြရမယ်။" ဖန်ယုထန်းက ရယ်လိုက်ပြီး လက်နှစ်ဖက်နောက်ပစ်ကာ ရပ်လိုက် လေသည်။ ဦးခေါင်းကို မြင့်မြင့်မော့ထားပြီး ကမ္ဘာကြီးကို ငုံ့ကြည့်နေသယောင်ပင်။
"ထက်မြက်ပြီး ဉာဏ်ကောင်းလွန်းပါတယ်။ ထက်မြက်ပြီး ဉာဏ်ကောင်းလွန်းပါတယ်၊ ဒီနည်းနဲ့ဆို အစ်ကိုဖန်က ချင်ယွင်ကို သတ်နိုင်ရုံတင်မကဘူး၊ ကောင်းကင်ဘုံဂိုဏ်းရဲ့ မဟာရန်သူတော် ဟောင်ခွန်ကိုလည်း ဖယ်ရှားနိုင်လိမ့်မယ်။ တချိန်တည်းမှာပဲ ကိုယ်တိုင်ကလည်း နာမည်ကျော်ကြားမူကို ရစေနိုင်တယ်။ အင်မော်တယ်ကမ္ဘာက အင်မော်တယ်တွေ အစ်ကိုဖန်ကို သေချာပေါက် သူတို့တပည့်အဖြစ် ခေါ်ယူကြ လိမ့်မယ်။ အင်မော်တယ်တွေရဲ့ လမ်းညွှန်မှုဖြင့်ဆို အစ်ကိုဖန်၏ ကျင့်ကြံမှုအဆင့်က မိုင်တစ်ထောင်လောက် သေချာပေါက် တိုးမြင့်လာလိမ့်မယ်။" ဝူဒေါင်ရှန်က ချက်ချင်းပင် မြှောက်ပင့်ပြောဆိုလိုက်သည်။
"ဟား....။ ဟား......။ ချင်ယွင်၊ ဟောင်ခွန်၊ ငါဖန်ယုထန်းက ကောင်းကင်နဂါး တိုက်ကြီးရဲ့ နှစ်ထောင်ပေါင်းများစွာအတွင်း နံပါတ်တစ် ပါရမီရှင်တစ်ယောက် ဖြစ်ပြီး မင်းတို့ကတော့ ငါအင်မော်တယ်တစ်ပါးဖြစ်ဖို့ လျှောက်လှမ်းမယ့် လမ်းကြောင်းပေါ်မှာ ခြေနင်းကျောက်တုံးအဖြစ် နင်းကျော်သွားခံရမယ်ဆိုတာ မင်းတို့ကို ငါပြောပြပေး မယ်။" ဖန်ယုထန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ၏ရယ်မောသံက ခန်းမတစ်ခုလုံးကိုပင် တုန်လှုပ်စေသည်။
ဝူဒေါင်ရှန်၏ ပါးစပ်ထောင့်မှာလည်း ချင်ယွင်၏ ကြေကွဲဖွယ်သေဆုံးခြင်းကို သူ မြင်နေရသည့်အလား ပြင်းထန်သော လှောင်ပြောင်ဟန်များ ဖြစ်ပေါ်လာနေသည်။
ဝူဒေါင်ရှန် နှင့် ဖန်ယုထန်းတို့သည် ချင်ယွင်ကို မည်သို့ကိုင်တွယ်ရမည်ကို ဆွေးနွေးနေကြစဉ်၊ ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်သည် ကနဦးစကြဝဠာထဲသို့ တစ်ဖန် ဝင်ရောက်လာခဲ့သည်။ လျူရန်ယွင်ဘေးမှာ ချင်ယွင်၏ လျှပ်စီးစွမ်းရည် ကိုယ်ပွားကို ထားလိုက်ပါသည်။
ဤတစ်ကြိမ်တွင်၊ ကနဦးစကြဝဠာထဲသို့ ဝင်ပြီးနောက်၊ ချင်ယွင်သည် ကောင်းကင်ဘုံ ဂိုဏ်းကို လက်ဆောင်ကြီး ကြီးကြီးမားမားတစ်ခု ပေးလိုမိသည်။ ထို့ကြောင့် သူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ကို ဖြတ်ကျော်ရန် ရည်ရွယ်ထားပါသည်။
သူသည် ကောင်းကင်ဘုံဂိုဏ်း၏ အင်မော်တယ်ဖိတ်ကြားခြင်းအခမ်းအနားတွင် လူတိုင်း၏ ရှေ့မှာ ကပ်ဘေးဒုက္ခကြီးကို ဖြတ်ကျော်လိုသည်။ သူသည် ကောင်းကင်ဘုံဂိုဏ်း အတွင်းရှိ လူတိုင်းကို သူတို့ သူ၏အစ်မကို နာကျင်စေမှုအတွက် နာကျင်စေသော အဖိုးအခကို ပေးဆောင်ရကြောင်း သိစေလိုသည်။
ချင်ယွင်သည် ရှေးဟောင်း ဖရိုဖရဲ လေဟာနယ်နေရာတွင် တင်ပျဉ်ခွေထိုင်ကာ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ကို စတင် ဖြန့်ကျက်လိုက်သည်။
အကယ်၍ အခြားသူများသည် ကနဦးစကြဝဠာတွင် ရှိနေလျှင်ပင် ဝိညာဉ်စွမ်းအင် မရှိသောကြောင့် ကျင့်ကြံနိုင်မည် မဟုတ်ပေ။
သို့သော် ချင်ယွင်ကမူ ကွဲပြားပါသည်။ ပတ်ဝန်းကျင်ရှိ ဖရိုဖရဲ စွမ်းအင်များသည် သူ့အတွက် အလွန် အထောက်ကူ ဖြစ်စေပါသည်။
ဝှမ်း……!
ချင်ယွင်၏ ကျင့်ကြံခြင်းပညာရပ် ပျံ့နှံ့လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှ ဖရိုဖရဲ စွမ်းအင်များသည် ဒီရေလှိုင်းကဲ့သို့ သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာလေသည်။ ချင်ယွင် ၏ ခန္ဓာကိုယ်ရှိ ဖရိုဖရဲ အစစ်အမှန် အနှစ်သာရများသည်လည်း ပိုပို၍ပင် ထူထပ်လာသည်။ သူ၏ခန္ဓာကိုယ်ထဲက ခွန်အားတွေကလည်း တဖြည်းဖြည်း တိုးလာပြီး အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ကို ဖြတ်ကျော်ရန် နီးကပ်လာ ပါပြီ။
အခန်း (၅၈၂) အင်မော်တယ်ဖိတ်ကြားခြင်းအခမ်းအနား။
မကြာမီ နောက်တစ်နေ့ နံနက်ခင်းက ရောက်ရှိလာပါသည်။
ကောင်းကင်ဘုံဂိုဏ်း၏ အင်မော်တယ်ဖိတ်ကြားခြင်း အခမ်းအနားကိုလည်း ယနေ့တွင် ကျင်းပမှာဖြစ်ပြီး နေရာကို တောင်ထိပ် ၇၂ ခုရှိ ကြယ်ဖမ်းတောင်ထိပ်ပေါ်တွင် တည်ဆောက် ထားပါသည်။
ကြယ်ဖမ်းတောင်ထိပ်သည် ကောင်းကင်ဘုံဂိုဏ်းတွင် အမြင့်ဆုံးတောင်ထိပ် တစ်ခု ဖြစ်ပြီး ကြယ်ဖမ်းလက်ဟု လူသိများပါသည်။
ကြယ်ဖမ်းတောင်ထိပ်၏ တောင်ထိပ်ပေါ်တွင် ဧရာမ စင်မြင့်ကြီးတစ်ခု ရှိနေပါသည်။
ဤစင်မြင့်ကြီးသည် ကြီးမားပြီး လူတစ်သောင်းထက်မနည်း တည်းခိုနိုင်ပါသည်။
ယခုအချိန်တွင် ကြယ်ဖမ်းစင်မြင့်ပေါ်တွင် လူပေါင်း ၅၀၀၀ ထက်မနည်း ရှိနေပါပြီ။ အများစုမှာ ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များဖြစ်ပြီး ကျန်တစ်ဝက်မှာ အင်မော်တယ် ဖိတ်ကြားခြင်းအခမ်းအနားတွင် ပါဝင်ရန် ဖိတ်ကြားခံထားရသော အင်အားစုကြီး အမျိုးမျိုးမှ ဖြစ်ပါသည်။
ရှောင်ယန်ဂိုဏ်း၊ ချန်ကလန် နှင့် ဟောင်ကလန်မှလွဲ၍ ကောင်းကင်နဂါးတိုက်ကြီးရှိ အဖွဲ့ခွဲများမှ ကျွမ်းကျင်သူ အများစု ရောက်ရှိလာကြပါသည်။ ထို့ကြောင့် ကြယ်ဖမ်းစင်မြင့်တစ်ခုလုံးတွင် ကျွမ်းကျင်သူများဖြင့် ပြည့်နှက်နေပါသည်။
လျှပ်စီးစွမ်းရည်ကိုယ်ပွားဖြစ်သော ချင်ယွင်သည် လျူရန်ယွင်ကို သူနှင့်အတူ ခေါ်ဆောင်ကာ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းနောက်မှ လိုက်လာပါခဲ့သည်။ ဤထူးဆန်း သော ပေါင်းစပ်မှုကြောင့် သူသည် လူပေါင်းများစွာ၏ အာရုံကို စွဲဆောင် နိုင်ခဲ့သည်။
လူ့တိရိစ္ဆာန်များသည် လျှိုလင်းကို ရူးသွပ်သွားသလို မျက်လုံးများ ပြုတ်ကျလုမတတ် ကြည့်နေကြသည်။
သို့သော်၊ လျူရန်ယွင်၏ ရုပ်ဆိုးသော မျက်နှာကို မြင်လိုက်ရသောအခါတွင် သူတို့၏ မျက်နှာများသည် အထင်အမြင်သေးပြီး ရွံရှာမှုများဖြင့် ပြည့်နှက်နေပြီး ချင်ယွင်ကို ကြည့်သည့် သူတို့၏အကြည့်များက လွန်စွာမှပင် လှောင်ပြောင်သရော်မူများ ရှိနေကြသည်။
ချင်ယွင်သည် မူလက လျူရန်ယွင်၏ မျက်နှာကို ဖုံးအုပ်ထားရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမသည် ဂရုမစိုက်ကြောင်း ပြောကြားခဲ့သည်။ ယွင်အာက သူမကို သဘောကြနေသရွေ့ သူမကို ကမ္ဘာကြီးက မည်သို့ပင် ထင်မြင်နေပါစေ ဂရုမစိုက်ဟု ဆိုသည်။
ချင်ယွင်သည် အလွန် ရင်ထဲထိမိလွန်းသောကြောင့် နောက်တစ်ကြိမ် ထပ်မံ မတိုက်တွန်းတော့ပါ။
သို့သော် လျူရန်ယွင်အား သူ၏ပတ်ဝန်းကျင်မှ လူအများ၏ စက်ဆုပ်ရွံရှာဖွယ် အကြည့်များကို မြင်သောအခါ ချင်ယွင်၏ နှလုံးသားသည် ပြင်းထန်သော ဒေါသနှင့် ခုန်ထွက်လာခဲ့သည်။
အထူးသဖြင့် လျှိုလင်း၏ အလှပနှင့် ဆန့်ကျင်ပြီး လျူရန်ယွင်၏ အရုပ်ဆိုးမှုက ပို၍ပင် ပြိုးပြိုးပြက်ပြက် ဖြစ်ပေါ်နေကာ ဝေဖန်သံတွေကလည်း လှိုင်းထလာနေပါသည်။
အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးသည် လျူရန်ယွင်ကို ရှာဖွေနေသည့် ချင်ယွင်အကြောင်း ကြိုတင်သိထားသည်။ ထို့ကြောင့် သူမ လုံးဝ မအံ့သြမိပေ။
လမ်းတစ်လျှောက်တွင်၊ လျှိုလင်းသည် သူမမျက်နှာပေါ်မှ ပဟေဠိဆန်သော အမူအရာဖြင့် အချင်းချင်း ကူညီဖေနေသော ထိုလူငယ်နှင့် အမျိုးသမီးကို လှည့်ကြည့် လိုက်သည်။
သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ် အသွင်အပြင်အပြင်နှင့်အတူ သူမရှေ့ရှိ ဤအမျိုးသမီးသည် အလွန်ဆိုးဝါးသောရုပ်ရည်ဟု ဖော်ပြနိုင်သော မျက်နှာတစ်ခု ရှိနေသည်။ ပုံမှန်အားဖြင့် ယောက်ျားများသည် သူမကိုမြင်လျှင်ပင် မျက်မှောင် ကြုတ်ပြီး အဝေးသို့ ရှောင်သွားတတ်ကြသည်။
သို့သော် ချင်ယွင်သည် ဤအမျိုးသမီးကို စက်ဆုပ်ရွံရှာစွာ မကြည့်ခဲ့ရုံသာမက သူသည် အလွန်နှစ်သက်သော ရတနာတစ်ခုကို ကြည့်နေသလိုမျိုး သူမကို ကြည့်နေလေသည်။
ချင်ယွင်သည် ဤအမျိုးသမီးကို အမှန်တကယ် ချစ်ကြောင်း သူမ ပြောနိုင်သော်လည်း၊ သူမအပြုမူက ပိုလွန်ကဲလာလေ လျှိုလင်းအနေဖြင့် နားမလည်နိုင်လေ ဖြစ်ရသည်။
ချင်ယွင်၏ အခြားအမျိုးသမီးနှစ်ဦးကို ယခင်ကလည်း သူမ မြင်ဖူးပါသည်။ ရန်စီချီ နှင့် ချန်မင်ရှီတို့ နှစ်ဦးစလုံးသည် ပြိုင်ဘက်ကင်း လှပကြပါသည်။ ထို့ကြောင့် လျှိုလင်း၏ နှလုံးသားထဲတွင် ချင်ယွင်၏ ပင်ကိုယ်စွမ်းရည်သည် သန်မာပြီး သူ၏ခွန်အားက မညံ့သော်လည်း သူသည် သာမာန်အမျိုးသားများကဲ့သို့ အလှအပကို နှစ်သက်သူဟု သူမ မြင်ထားသည်။
သို့သော်လည်း ယခု သူ၏ရှေ့မှ အရာအားလုံးသည် လျှိုလင်း၏ သံသယကို အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိစေသည်။
"သူက ဘယ်လိုလူမျိုးပါလိမ့်" လျှိုလင်းက သူမကိုယ်သူမ မေးလိုက်မိသည်။
အကြောင်းတစ်ခုခုကြောင့်၊ လက်ရှိ ချင်ယွင်သည် သူမအတွက် အထူး ဆွဲဆောင်မှုရှိကြောင်း သူမ ခံစားခဲ့ရပြီး သူမ၏မျက်လုံးများကို မခွာနိုင်ပင် ဖြစ်ခဲ့ရသည်။
ဝူဒေါင်ရှန်က ချင်ယွင်၏ အင်မော်တယ်ဖိတ်ကြားခြင်းအခမ်းအနားမှာ ပါဝင်ဖို့အတွက် သူတို့နောက်မှ လိုက်လာသည်ကို တွေ့လိုက်ရလျှင် သူ၏စိတ်တွေက အရမ်းကို ပျော်သွားခဲ့သည်။ ချင်ယွင်သည် ရုပ်ဆိုးဆိုး အမျိုးသမီးတစ်ဦးကို အမှန်တကယ် ခေါ်ဆောင်လာသည်ကို မြင်သောအခါ သူ၏စိတ်နှလုံးသည် ပို၍ပင် ပျော်ရွှင်လာခဲ့ သည်။
"ချင်ယွင်၊ မူလကတော့ အင်မော်တယ်ဖိတ်ကြားခြင်း အခမ်းအနားမှာ မင်းမျက်နှာ တစ်ခုလုံး ရစရာမရှိ လုပ်ချင်ပေမယ့် မင်းက ကိုယ့်ကိုယ်ကို အရင်ဆုံး အရှက်ခွဲလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒီလိုရုပ်ဆိုးဆိုး မိန်းမကို တွေ့မြင်ပြီး မင်းအနေနဲ့ ညည အိပ်မက်ဆိုးတွေ မက်မှာကို မကြောက်တော့ဘူးလား… ။ “ ဝူဒေါင်ရှန်က သူ့ကိုယ်သူ ရေရွတ်ရင်း သူ၏စိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။ ချင်ယွင်ကိုကြည့်သည့် သူ၏အကြည့်တွေက လွန်စွာမှပင် လှောင်ပြောင်သရော်ဟန် များ ရှိနေပါသည်။
ချင်ယွင်သည် ဤအကြည့်အားလုံးကို မျက်ကွယ်ပြုထားလိုက်ပါသည်။ ထိုအချိန်တွင် လျူရန်ယွင်တစ်ယောက်သာ သူ၏မျက်လုံးထဲတွင် ရှိနေပါသည်။
"ယွင်အာ၊ အင်မော်တယ်ဖိတ်ကြားခြင်း အခမ်းအနားကိုလာဖို့ ဘာလို့ တောင်းဆိုနေ ရတာလဲ။ ကောင်းကင်ဘုံဂိုဏ်းကနေ ထွက်သွားတာက ငါ့တို့အတွက် ပိုမကောင်းဘူးလား။ တကယ်လို့ ဖန်ယုထန်းသာ ငါ့ကိုမြင်သွားရင် သူ ငါတို့ကို သတ်ပစ်လိမ့်မယ်" လျူရန်ယွင်က ချင်ယွင်ကို ကြည့်ပြီး စိုးရိမ်စိတ်တွေ ပြည့်နှက်နေ သည့် မျက်လုံးတွေဖြင့် ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့ အစ်မ..။ ဒီမှာ ဘယ်သူမှ ကျွန်တော်တို့ကို သတ်လို့ မရပါဘူး။ ကျွန်တော် အစ်မကို ကောင်းကင်ဘုံဂိုဏ်းဆီ ခေါ်လာရတဲ့ အကြောင်းရင်းက ဒီနေရာမှာ ဇာတ်ပွဲကောင်းတစ်ခု လုပ်မှာမို့လို့ပဲ။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
"တကယ်လား..။ တကယ်ကို အန္တရာယ်မရှိဘူးလား?" လျူရန်ယွင်က တိုးတိုးလေး မေးလိုက်လေသည်။
“ သေချာပေါက် မရှိပါဘူး။ ယွင်အာ အစ်မကို ဘယ်တုန်းက လိမ်ခဲ့ဖူးလို့လဲ" ချင်ယွင် က ပြုံးပြုံးလေး ပြောလိုက်သည် ။
လျူရန်ယွင်က ခေါင်းညိတ်လိုက်သည်။ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပါ သည်။ ချင်ယွင်ပြောသည့် စကားနှင့်ပတ်သက်၍ လျူရန်ယွင်သည် ထိုကိစ္စကို သိပ်ပြီး မစဉ်းစားခဲ့ပေ။ ချင်ယွင်က အင်မော်တယ်ဆင်းသက်လာခြင်း အကြောင်းနှင့် ပတ်သက်ပြီး ပြောနေသည်ဟုသာ သူမ တွေးလိုက်သည်။
အလွန်လျင်မြန်စွာဖြင့်၊ ချင်ယွင်နှင့် အခြားသူများသည် ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များ ဦးဆောင်ကာ သတ်မှတ်ထားသော ပြပွဲကြည့်မည့် နေရာသို့ ရောက်ရှိလာ ခဲ့ပြီး အင်မော်တယ်ဖိတ်ကြားခြင်းအခမ်းအနား စတင်မည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။
ဝှီး…..!
အားလုံးက ကြယ်ဖမ်းစင်မြင့်ကို ရောက်ပြီးစအချိန်မှာ အဝေးရှိ ကောင်းကင်ယံမှ လေတိုးအသံတချို့ ရုတ်တရက် ထွက်ပေါ်လာပါသည်။
ထို့နောက် ကြယ်ဖမ်းစင်မြင်အလယ်ရှိ ကြီးမားသော ယဇ်ပလ္လင်စင်မြင့်ပေါ်၌ လူအချို့ ဆင်းသက်လာသည်။
ခေါင်းဆောင်သည် အေးစက်သော မျက်နှာနှင့် အသက်လတ်ပိုင်းအရွယ် ဖြစ်ပါသည်။ သူသည် ခရမ်းရောင် ၀တ်စုံကို ၀တ်ထားပြီး အမျက်ဒေါသ ထွက်နေခြင်း မရှိသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။
သူသည် ကောင်းကင်ဘုံဂိုဏ်း၏ လက်ရှိဂိုဏ်းခေါင်းဆောင် ယုချန်တန် ဖြစ်ပြီး သူ၏ ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏နောက်တွင် လူသုံးယောက်ရှိနေပြီး၊ လူသုံးယောက်စလုံးသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေကြပါသည်။
၎င်းတို့ထဲမှ နှစ်ဦးသည် ကောင်းကင်ဘုံဂိုဏ်း၏ အကြီးအကဲနှစ်ဦး ဖြစ်ပါသည်။ တစ်ယောက်က ဆံပင်ဖြူ အဘိုးကြီးဖြစ်ပြီး ကျန်တစ်ယောက်ကတော့ လမ်းလျှောက်တုတ်ကို မှီခိုနေရသော အဘွားကြီး ဖြစ်ပါသည်။
ဆံပင်ဖြူ အဘိုးကြီးသည် ယွန်ဟောင်၏ အဖေဖြစ်ပြီး ယွန်ကျင်းဖန်ဟု ခေါ်သည်။ သူသည် အသက်ကြီးနေပြီဖြစ်ပြီး သားသမီးတွေရှိနေသော်လည်း ယွန်ဟောင်ကိုတော့ အမြဲတမ်း ချစ်မြတ်နိုးသည်။
ယွမ်ဟောင် အသတ်ခံရသော အခါတွင်၊ သူသည် ထိုအမျိုးသမီးပြောသော လူသတ်သမားကို မတွေ့သည့်အတွက် ကောင်းကင်ဘုံဂိုဏ်းတစ်ခုလုံးကို ဇောက်ထိုး မိုးမျှော်လုနီးပါး ဖြစ်သွားစေခဲ့သည်။ သူ့သားသေသည့်ကိစ္စက သူ့ကို အလွန် ဒေါသထွက်စေခဲ့သည်။
ဤတော်ဝင်အကြီးအကဲကြီး နှစ်ဦးမှလွဲ၍ ယုချန်တန်၏ နောက်တွင်ရှိသော တတိယမြောက် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး လည်း ရှိနေပြီး သူသည် ကောင်းကင်ဘုံဂိုဏ်းတစ်ခုလုံး၏ နံပါတ်တစ်ပါရမီရှင် ကောင်းကင်ဘုံဂိုဏ်း၏ မျိုးဆက်သစ် လက်ရွေးစင်တပည့် ဖန်ယုထန်း ဖြစ်ပါသည်။
ဖန်ယုထန်းသည် အဖြူရောင်ဝတ်ရုံနှင့် ငွေရောင်ဆံပင်သရဖူဆောင်းကို ၀တ်ဆင်ထားသည်။ သူသည် ကျောက်စိမ်းသစ်ပင်မှ သစ်သီးတစ်လုံးလို ဖြစ်နေပြီး အလွန် ချောမောခန့်ညားနေပါသည်။
ဖန်ယုထန်း ပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များထံမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အထူးသဖြင့် အမျိုးသမီး တပည့်များသည် ဖန်ယုထန်းကိုကြည့်သည့် သူမတို့၏ပုံစံတွေက ပန်းအရူးတွေအတိုင်းပင်။ (ပန်းအရူးနှင့် ပတ်သက်ပြီး ရှေ့မှာတုန်းက ရေးပြခဲ့ပြီးပါပြီ။)
ဂိုဏ်းခေါင်းဆောင်နှင့် တော်ဝင်အကြီးအကဲကြီးများ ဤနေရာတွင် ရှိနေခြင်းကြောင့် သာ၊ ထိုသို့မဟုတ်ပါက၊ သူတို့သည် ဟိုးရှေးယခင်ကတည်းကပင် သူ့ကို တဟုန်ထိုး ခုန်အုပ်ကာ မြေပြင်ပေါ် ပစ်လဲမိပေလိမ့်မည်။
ချင်ယွင်သည် ဖန်ယုထန်း ပေါ်လာသည်ကို မြင်လိုက်သောအခါတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခုက သူ၏မျက်လုံးထဲသို့ တိုးဝင်လာခဲ့သည်။
အကယ်၍ ဤသူကြောင့်သာ မဟုတ်လျှင်ပင်၊ သူ၏အစ်မသည် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားမှာ မဟုတ်ပါဘူး။ ထို့အပြင် ပျက်စီးနေသော ကောင်းကင်ဘုံ ဝှက်ထားခြင်းတောင်ထိပ်မှာ နှစ်ဝက်လောက် နေခဲ့ရမှာ မဟုတ်ပါဘူး။
ဖန်ယုထန်းသည် ချင်ယွင်၏ သတ်ဖြတ်လိုသည့်အကြည့်ကို သတိပြုမိသွားပုံရသည်။ ဤအခိုက်အတန့်တွင် သူက ချင်ယွင်ကို သူ၏ပါးစပ်ထောင့်တွင် လှောင်ပြောင်ဟန်ဖြင့် စိုက်ကြည့်နေသည်။
ချင်ယွင်၏ အနားတွင် လျူရန်ယွင်ကို မြင်သောအခါ သူ၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက ထင်ရှားပေါ်လာသည်။
ဤအခိုက်အတန့်တွင်၊ ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလာသည်။ သူက လူစုလူဝေးကို လှမ်းကြည့်ပြီး ပြောသည် ''ကျွန်တော်တို့ ကောင်းကင်ဘုံဂိုဏ်းရဲ့ အင်မော်တယ်ဖိတ်ကြားခြင်းအခမ်းအနားမှာ ပါဝင်ရန်အတွက် အဝေးမှကြွရောက်လာကြတဲ့ မိတ်သင်္ဂဟများ အားလုံးကို ကြိုဆိုပါတယ် ။ ဒီနေရာသို့ ရောက်ရှိနေကြတဲ့ လူတိုင်းကလည်း ဒီအခမ်းအနားကြီးရဲ့ အဓိပ္ပါယ်ကို အားလုံး သိရှိကြပြီး ဖြစ်ပါလိမ့်မယ်။ အင်မော်တယ်ကမ္ဘာမှ အင်မော်တယ် တစ်ပါး သက်ဆင်းလာခဲ့ပြီး အင်မော်တယ်တစ်ပါးရဲ့ အသွင်အပြင်ကို ဖူးမြင်ခွင့်ရပြီး အင်မော်တယ် စွမ်းအင်တွေနဲ့ ထိတွေ့ခွင့်ရဖို့က ကျွန်တော်တို့အတွက် အခွင့်ကောင်း ကြီး တစ်ခု ဖြစ်လာပါလိမ့်မယ်။ ကောင်းပါပြီ။ ကျွန်တော် ဒီထက်ပိုပြီး ဘာမှ မပြောတော့ပါဘူး။ အခုပဲ အင်မော်တယ်ဖိတ်ကြားခြင်းအခမ်းအနားကို စတင်လိုက်ကြ ပါစို့”။
ကွင်းပြင်အတွင်းမှာ ပျော်ရွှင်နေသည့်အသံတွေက ထွက်ပေါ်လာပြီး လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာနေပါသည်။
အခန်း (၅၈၃) အင်မော်တယ်ကမ္ဘာမှ အင်မော်တယ်တစ်ပါ ဆင်းသက်လာခြင်း။
အဘိုးအိုနှင့် ငွေရောင်ဆံပင်ဖြူ အဘွားအိုတို့သည် သူတို့ထွက်ခွာမသွားမီ အကြည့်ချင်း ဖလှယ်လိုက်ကြပါသည်။
သူတို့၏ပုံရိပ်များသည် လေထဲသို့ လွင့်ပျံသွားကြပြီး သူတို့ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက မြစ်ရေများကဲ့သို့ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာပါသည်။ သူတို့၏ ၀တ်ရုံများသည် တဖျပ်ဖျပ် ခတ်နေပြီး၊ သူတို့၏အငွေ့အသက်တွေကလည်း အဆုံးမရှိပေ။ သူတို့သည် သူတို့၏လက်များကို လျှို့ဝှက်ဆန်းကြယ်ပြီး မထင်မရှား လက်ဟန်များကို ဖန်တီးလိုက်လေသည်။
လက်ဟန်စည်းတံဆိပ်များကို ဆက်၍ ဖွဲ့စည်းလာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီး ကြားတွင် အကန့်အသတ်မဲ့ အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်နှင့်မြေကြီးသည် တုန်ခါလာပြီး လူတိုင်း၏ ခြေထောက်အောက်ရှိ တောင်ထိပ်သည်ပင် တုန်လှုပ်လာသည်။
လူတိုင်းသည် နှလုံးသားထဲမှာ အဆုံးမဲ့ အံ့အားတသင့် ပြောဆိုနေကြပါသည်။ ဒါက ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဟုန်ကို ဆုပ်ကိုင်ပြီး အင်မော်တယ်ကမ္ဘာကို တံခါးဖွင့်ဖို့များလား။?..။
ဘုန်း…..!
လက်ဟန်စည်းတံဆိပ်များ ဖွဲ့စည်းလာသည်နှင့်အမျှသူတို့နှစ်ဦး၏ ပတ်ပတ်လည်မှာ တောက်ပသော စာလုံးပုံစံအမျှင်တန်းများ လွင့်ပျံလာပါသည်။ ဤလျှို့ဝှက်ဆန်းကြယ် သော စာလုံးများမှ ထုတ်လွှတ်သော စွမ်းအင်အတက်အကျလှိုင်းများသည် နှလုံးသားကို တုန်လှုပ်စေပါသည်။
လူတိုင်းက ဤနည်းလမ်းကြောင့် အံ့အားသင့်နေကြပြီး ဤအရာအားလုံးကို ကြည့်နေ ကြပါသည်။
"ဘုန်း…. !"
ထိုအချိန်တွင် ဆံပင်ဖြူအဘိုးအိုနှင့် အဘွားအိုတို့၏ မျက်လုံးများသည် ရုတ်တရက် စူးရှလာသည်။ သူတို့၏အငွေ့အသက်တွေက ရုတ်တရက် ပျံ့နှံ့ထွက်လာခဲ့ပြီး အောက်မှ ယဇ်ပလ္လင်ကို ရိုက်ချလိုက်လေသည်။ သူတို့ပတ်ပတ်လည်မှာ လွင့်မျောနေသည့် စာလုံးတွေ မြန်မြန်ဆန်ဆန် ပျံ့လွင့်သွားပြီး သူတို့အားလုံး အောက်နားမှ ယဇ်ပလ္လင်ထဲကို ဝင်ရောက်နစ်မြုပ်သွားလေသည်။
ဘုန်း…..!
ကြယ်ဖမ်းတောင်ထိပ် တစ်ခုလုံးသည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးသည် အဆုံးမရှိ တုန်လှုပ်သွားလေသည်။
မူလက သာမာန် ယဇ်ပလ္လင်တစ်ခုသည် ယခုအခါ အနှိုင်းမဲ့ တောက်ပသော အလင်းရောင်ဖြင့် စတင် တောက်ပလာသည်။ တောက်ပပြီး ချောမွတ်နေသည့် အလင်းတန်းတစ်ခုက ယဇ်ပလ္လင်အတွင်းရှိ အစွန်းအထင်းများမှ တစ်ဆင့် သွေးများ ကဲ့သို့ စီးဆင်းသွားပြီး အစီအရင်ပုံစံများမှ ထူးဆန်းသော အစီအရင်ပုံစံတစ်ခု ဖြစ်ပေါ်လာပါသည်။ ထို့နောက် တောက်ပသော အလင်းတန်းအားလုံးသည် ယဇ်ပလ္လင် အလယ်၌ စုဝေးသွားကြကုန်၏။
ဝှမ်း….!
ပြိုးပြိုးပြက်ပြက် လင်းလက်နေသော အလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ တည့်တည့် ထိုးတက်သွားခဲ့ပြီး ကောင်းကင်ယံရှိ တိမ်တိုက်များသည် ချက်ချင်းပင် လွင့်ပျယ်သွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးအနှံ့ ထိုးဖောက်ဝင်ရောက်သွားလေသည်။
ကောင်းကင်ယံတွင် လေပြင်းနှင့် တိမ်များများသည် အရှိန်အဟုန် ပြင်းစွာ ပျံ့နှံ့လာနေ သည်။ ကောင်းကင်နှင့် မြေကြီးသည် ချက်ချင်းပင် မှောင်မိုက်သွားလေသည်။ တိမ်တိုက်များသည် အလင်းတိုင်များနှင့်အတူ အလယ်ဗဟိုတွင် ကြီးမားသော လေဝဲကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာနေသည်။
ကောင်းကင်ယံမှ ကြီးကျယ်ခမ်းနားသော အငွေ့အသက်တစ်ခု ပျံ့နှံ့ထွက်လာသည်။ ယင်းအငွေ့အသက်သည် အင်မော်တယ်ကမ္ဘာ၏ တံခါး ပွင့်သွားသည့်အလားပင်။ ပြိုင်ဘက်ကင်း အင်မော်တယ်တစ်ပါးသည် ၎င်းလေဝဲကြီးထဲမှ လမ်းလျှောက် ထွက်လာတော့မည် ဖြစ်ပြီး ပြင်းထန်သော ဖိနှိပ်မှု ခံစားချက်ကို ပေးစွမ်းနေသည်။
လူပေါင်း ထောင်နှင့်ချီသော တက်ရောက်ခဲ့ကြသော်လည်း အသံတစ်သံမှ ထွက်မလာပေ။ အားလုံးသည် ကောင်းကင်ယံမှ ကြီးမားလှသော လေဝဲကြီးကို မျှော်ကြည့်ရင်း အသက်အောင့်ကာ သူတို့၏ မျက်လုံးတွေက မျှော်လင့်ချက်တွေ ပြည့်နှက်နေခဲ့သည်.
"အဆင့်ကိုး ကြီးမြတ်သော တယ်လီပို့အစီအရင်တစ်ခုလား…. ?"
ထိုအချိန်တွင် ချင်ယွင်လည်း ထိတ်လန့်သွားလေသည်။ သူ၏မျက်လုံးထဲမှာ မြင်နေရသည့် ယဇ်ပလ္လင်ဟု ခေါ်သည့်အရာသည် အမှန်တကယ်တော့ ကြီးမားသည့် တယ်လီပို့အစီအရင်တစ်ခုကို တည်ဆောက်ထားသည့် စင်မြင့်တစ်ခု ဖြစ်နေပါသည်။
ထိုသို့သော အစီအရင်စင်မြင့်သည် လေဟာနယ်အတားဆီးများကို လျစ်လျူရူထား နိုင်ပြီး အခြားဂြိုဟ်ကမ္ဘာများကို တယ်လီပို့လုပ်ဆောင်နိုင်ပါသည်။
သို့သော်၊ ဤ အစီအရင်ဝင်္ကပါသည် လေဟာနယ် အတားအဆီးများကို လျစ်လျူရူပြီး ဝေးကွာသော အကွာအဝေးများကို တယ်လီပို့နိုင်သော်လည်း အင်မော်တယ်ကမ္ဘာနှင့် သေမျိုးကမ္ဘာအကြားမှ အတားအဆီးများသည် အဆိုပါ ဂြိုဟ်ကမ္ဘာ အတားအဆီးများ နှင့် ကွဲပြားခြားနားပါသည်။ ၎င်းအတားအဆီးသည် ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများဖြင့် ချည်နှောင်ထားသည်။ ထို့ကြောင့် ၎င်းအင်မော်တယ်ကမ္ဘာနှင့် သေမျိုးကမ္ဘာအကြားမှ အတားအဆီးများတို့ကို ဖြတ်ကျော်ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။
အင်မော်တယ် ဧကရာဇ်ပင်များပင်လျှင် အင်မော်တယ်ကမ္ဘာ၏ အတားအဆီးများကို ဖြတ်ကျော်ရန် ကြီးမားလှသော စွမ်းအင်ပမာဏကို သုံးစွဲရမည် ဖြစ်ပါသည်။ အဆင့်ကိုး အစီအရင်ဝင်္ကပါတစ်ခုသည် ကြောက်မက်ဖွယ် ကောင်းသော်လည်း၊ အင်မော်တယ် ကမ္ဘာ၏ အတားအဆီးများကို ဖြတ်ကျော်ပြီး အင်မော်တယ်ကမ္ဘာကြီးမှ အောက်သေမျိုး ကမ္ဘာကို ပို့ဆောင်ရန် လုံလောက်ဖို့အတွက်တော့ အလှမ်းဝေးနေပါသေးသည်။
အကယ်၍ အင်မော်တယ်ကမ္ဘာ၏ အတားအဆီးများကို မကျော်ဖြတ်နိုင်ဘူးဆိုလျှင် ကောင်းကင်ဘုံဂိုဏ်းသည် သေမျိုးကမ္ဘာသို့ မည်သို့ ဆင်းသက်နိုင်မည်နည်း။
သေချာပါသည်၊ အကယ်၍ အင်မော်တယ်ကမ္ဘာမှ အင်မော်တယ်တစ်ပါးသည် အမှန်တကယ် ဆင်းသက်လာပါက၊ ၎င်းသည် အစောပိုင်း အစစ်အမှန် အင်မော်တယ် နယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်နေလျှင်ပင်၊ ယနေ့ ကောင်းကင်ဘုံဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်နိုင်ဖို့ အသာထား၊ ချင်ယွင်သည် ကနဦး စကြဝဠာထဲသို့ မ၀င်ရောက်နိုင်ခင် နေရာမှာပင် အသတ်ခံရနိုင်ဖွယ် ရှိနေပါသည်။
ချင်ယွင်သည် ပဟေဠိဖြစ်နေချိန်မှာ အဝေးမှာရှိနေသည့် လေဝဲကြီးထဲမှာ လှုပ်ရှားမှု အသစ်တစ်ခု ဖြစ်ပေါ်လာပါသည်။
ရွှေရောင်အလင်းတန်းများသည် ကောင်းကင်ယံမှ ဖြာဆင်းလာသကဲ့သို့ ရွှေရောင်အလင်းတန်းများသည် လေဝဲကြီးမှတဆင့် ထိုးဖောက်ဝင်ရောက်လာပါသည်။ အနှိုင်းမဲ့ ကြီးမားသော စွမ်းအင်ပမာဏကို လေဝဲကြီးထဲမှ ထုတ်လွှတ်နေပါသည်။
ဘန်း…..။
ရွှေရောင်အလင်းတန်းများ လင်းလက်နေချိန်နေစဉ်မှာ ရွှေရောင်ဝတ်ရုံဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရွှေရောင်အလင်းတန်းများထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ကျောနောက်ဘက်တွင် လက်နှစ်ဖက် ပစ်ကာ ရပ်နေပြီး ဒေါသမထွက်ဘဲ ကြီးကျယ်ခမ်းနားသည့်အမူအရာ ဖြစ်ပေါ်သည်။ သူ၏အကြည့်တွေက ကမ္ဘာကြီးကို အထင်သေးဟန်ရှိပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှ ဖော်မပြနိုင်လောက်အောင် နူးညံ့သိမ်မွေ့ပြီး ဖော်မပြနိုင်လောက်သည့် ပြိုင်ဘက်ကင်း အင်မော်တယ် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
"အင်မော်တယ် ၊ ခင်ဗျားက တကယ် အင်မော်တယ်တစ်ပါလား…။"
စင်မြင့်ပေါ်ရှိ လူတိုင်းသည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ကြသည်။ သူတို့သည် ရွှေရောင်ဝတ်စုံဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ရိုသေလေးစားသည့် အမူအရာတွေဖြင့် ကြည့်နေကြပါသည်။
"သူက တကယ်ကို အင်မော်တယ်တစ်ပါးလား။ ဒီအဆင့်ကိုး တယ်လီပို့စနစ်က အင်မော်တယ်ကမ္ဘာ နဲ့ သေမျိုးကမ္ဘာတွေကြားက အတားအဆီးတွေကို တကယ် ထိုးဖောက်နိုင်ပါ့မလား" ချင်ယွင်သည် အသက်လတ်ပိုင်းအရွယ် အမျိုးသား ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခိုက်တွင် သူ၏မျက်ခုံးများ တွန့်သွားလေ သည်။
"အယ်? မဟုတ်သေးပါဘူး။ ဒါက သူရဲ့အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘူး။ အဲဒါက ပုံရိပ်ယောင်ထိုးပြထားသည့် ကိုယ်ပွားတစ်ခုပဲ။ သူ့ရဲ့ ခွန်အားကလည်း အစစ်အမှန် ခန္ဓာကိုယ်ရဲ့ခွန်အားထက် အဆတစ်ထောင်ထက် နိမ့်ကျတယ်။ အများဆုံး အထွတ်အထိပ်အဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်နဲ့ပဲ ညီမျှလိမ့်မယ်။" ချင်ယွင်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။
မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သည် ကြောက်မက်ဖွယ် ကောင်းနေသေးသော်လည်း အစစ်အမှန် အင်မော်တယ်နယ်ပယ်နှင့် ယှဉ်လျှင် များစွာ ကောင်းနေပါသေးသည်။
လျှို့ဝှက်နည်းပညာများဖြင့် ဖန်တီးထားသော အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်ဖြစ်သည့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သည်ပင် ကောင်းကင်ဘုံကပ်ဘေး ဒုက္ခကို မတွေ့ကြုံရမီ အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိရန် မဖြစ်နိုင်ပါပေ။ သူတို့၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များသည် အစစ်အမှန် အနှစ်သာရအဖြစ် ရှိနေဆဲ ဖြစ်ပါသည်။
အစစ်အမှန် အင်မော်တယ်တစ်ပါး ကိုယ်တိုင်ကိုယ်ကျ ရောက်လာခြင်း မဟုတ်သရွေ့ ချင်ယွင်သည် ကြောက်စရာ ဘာမှမရှိပါဘူး။ အနည်းဆုံးတော့ သူ၏အသက်အတွက် ထွက်ပြေးရန် ပြဿနာ မရှိတော့ပါဘူး။
"သေမျိုးကမ္ဘာရဲ့ လက်ရှိဂိုဏ်းခေါင်းဆောင် ယုချန်တန်က ကောင်းကင်ဘုံဂိုဏ်းရဲ့ တပည့်များအားလုံးနဲ့အတူ သင်ဆင်းလာတဲ့ အင်မော်တယ်ကို နှုတ်ဆက်ပါတယ်။" ယုချန်တန်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပင် ဒူးတစ်ဖက် ချကာ ဒူးထောက်လိုက်လေသည်။
"ဝှီး…. !
ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များအားလုံးသည် ယုချန်တန်၏ နောက်သို့ လိုက်ပါပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူတို့၏မျက်နှာပေါ်တွင် လေးလေးစားစား အမူအရာဖြင့် ဖြစ်ပေါ်နေကြပါသည်။။
ကောင်းကင်ယံမှ အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏အကြည့်များကို အောက်ဘက်ရှိ လူအုပ်ကြားထဲသို့ လွှမ်းခြုံကြည့်နေသည်။ သူ၏အကြည့်တွေက အနည်းငယ်မျှ အပြောင်းအလဲမရှိဘဲ သူ၏အမူအရာကလည်း အနှိုင်းမဲ့ အေးစက်မြဲ အေးစက်နေသည်။
"ထကြပါ. ဒီတခေါက် ငါ့ကို သေမျိုးကမ္ဘာသို့ ဆင့်ခေါ်လာရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ" အသက်လတ်ပိုင်းအရွယ် အမျိုးသားက သူ၏အသံသည် အလွန် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားကာ ဘုန်းတန်ခိုးအာနုဘော်ကို ထုတ်လွှတ်နေ သညေ။
ယုချန်တန်သည် အင်မော်တယ်၏ စကားကို ကြားလျှင် သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာ ပေါ်လာပါသည်။ သူက သူ၏ဘေးမှ ဖန်ယုထန်းကို အလျင်စလို ညွှန်ပြပြီး ပြောလိုက်သည် " ဒီကလေးက ဖန်ယုထန်းလို့ ခေါ်ပါတယ်။ သူက ကျွန်တော်တို့ ကောင်းကင်ဘုံဂိုဏ်းရဲ့ အထူးချွန်ဆုံး ပါရမီရှင်ပါပဲ။ အခု သူက အသက် ၂၄ နှစ်ရှိပြီး၊ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေပါပြီ။ သူက ဓားတာအိုမှာလည်း အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပါပြီ။ ဒီနိမ့်ကျတဲ့လူရဲ့လက်ထဲမှာဆို သူ့အရည်အချင်းတွေ တိမ်မြုပ် သွားမှာကို ကြောက်မိပါသည်။ ဒါကြောင့် အင်မော်တယ်က သူ့ကို တပည့်အဖြစ် လက်ခံပြီး သင်ကြားပေးဖို့ ကျွန်တော်က ရိုးသားစွာ တောင်းဆို လိုက်ပါတယ်။"
"အိုး? အသက်နှစ်ဆယ့်လေးနှစ်နဲ့ အထွက်အထိပ်အဆင့် အင်မော်တယ်အသွင် ကူးပြောင်းခြင်းနယ်ပယ်လား… ? ဒီသေမျိုးကမ္ဘာမှာတော့ ဒါက တကယ်ကို ရှားရှား ပါးပါးပါပဲ။" အသက်လတ်ပိုင်းအရွယ် အမျိုးသားက ဖန်ယုထန်းအား စူးစူးစိုက်စိုက် ကြည့်ရင်း သိလိုသည့်အမူအရာကို ထုတ်ဖော်လာသည်။
သူသည် ခဏအကြာ အပေါ်အောက် ငုံ့ကြည့်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ကျေနပ်သည့် အမူအရာတစ်ခု ပေါ်လာပါသည်။
"မဆိုးပါဘူး မဆိုးပါဘူး။ မင်းမှာ အရည်အချင်း နည်းနည်းရှိတယ်။" အသက်လတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။
ထိုစကားများကို ကြားသောအခါ၊ ယုချန်တန် နှင့် ဖန်ယုထန်းတို့၏ မျက်နှာများသည် စိတ်လှုပ်ရှားသည့်အမူအရာများ ထွက်ပေါ်လာပြီး အထူးသဖြင့် ဖန်ယုထန်း၏ မျက်လုံးများသည် ဝင်းလက်စွာ တောက်ပနေပါသည်။
"ဒါဆို မြင့်မြတ်တဲ့ အင်မော်တယ်က သူ့ကို တပည့်အဖြစ် လက်ခံပြီး အင်မော်တယ် နည်းစနစ်တွေကို သင်ကြားပေးမှာလား။" ယုချန်တန် စူးစမ်းကြည့်လိုက်ပါသည် ။
"ဟုတ်တယ်။ သူ့ရဲ့အခြေအနေတွေက တပည့်အဖြစ် လက်ခံဖို့အတွက် ငါ့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပါတယ်။" အသက်လတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။ ထို့နောက် အသက်လတ်ပိုင်းအရွယ် အမျိုးသားက ဖန်ယုထန်းအား စိုက်ကြည့်ကာ ပြောလိုက်သည် " ဖန်ယုထန်း ၊ မင်းက ငါဖန်ချန်ကျီရဲ့ ဂိုဏ်းမှာ ပါဝင်ပြီး ငါ့ရဲ့ ၁၃၂ ယောက်မြောက် တပည့်ဖြစ်လာဖို့ ဆန္ဒရှိရဲ့လား…. ။"
ထိုစကားသံပြီးဆုံးသည်နှင့် လူတိုင်းက ဖန်ယုထန်းကို သဘောကျသည့် မျက်လုံးတွေနှင့် ချက်ချင်း ကြည့်လိုက်ကြလေသည်။
အင်မော်တယ်တစ်ပါး၏ တပည့်တစ်ဦးအဖြစ် လက်ခံမူရခြင်းသည် အလွန်ဂုဏ်ယူစရာ ဖြစ်နေပါသည်။
လက်ရှိရောက်ရှိနေကြသောလူများတွင် အချို့လူများသည် အင်မော်တယ်အဆင့် ပညာများရပ်ကို ကျင့်ကြံထားခဲ့ကြသော်လည်း၊ ယင်းသည် အင်မော်တယ်တစ်ပါး၏ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပြသမှုနှင့် လုံးဝ ကွဲပြားပါသည်။
အင်မော်တယ်တစ်ပါး၏ လမ်းညွှန်ပြသမူသည် ကျင့်ကြံနေစဉ် အလွှဲအမှားများစွာကို ရှောင်ရှားနိုင်ရန် ကူညီပေးနိုင်ပြီး တူညီသော အင်မော်တယ်အဆင့် ပညာရပ်များသည် ပင် အင်မော်တယ်တစ်ပါး၏ လမ်းညွှန်မှုအောက်မှာ ပိုမိုကြီးမားသော စွမ်းအားကို ပြသနိုင်မည် ဖြစ်ပါသည်။
ဟုတ်ပါသည်။ အရေးကြီးဆုံး အချက်ကတော့ ဖန်ယုထန်းသည် အင်မော်တယ်ကမ္ဘာ ကို တက်လှမ်းနိုင်သည်နှင့်၊ အင်မော်တယ်ကမ္ဘာ၏ ကောင်းကင်ဘုံဂိုဏ်းသို့ ရောက်ရှိမှာ ဖြစ်ပြီး သူ၏ကျင့်ကြံခြင်း လမ်းကြောင်းက အဟန့်အတားမရှိ ဖြစ်သွားပါလိမ့်မည်။ ဤသည်မှာ ကြီးမြတ်သော ကောင်းချီးတစ်ခု ဖြစ်ပါသည်။
ဖန်ယုထန်း၏ မျက်လုံးများသည်လည်း တဖျပ်ဖျပ် လင်းလက်နေပြီး သူ၏မျက်နှာပေါ်ရှိ အပြုံးသည် နွေဦးလေပြေကဲ့သို့ပင် ဖြစ်နေပါသည်။ သူသည် “တပည့်က ဆရာအား ဂါရဝပြု ပါတယ် ” ဟု ကမန်းကတန်း ပြောလိုက်လေ၏။
အခန်း (၅၈၄) ဖန်ယုထန်း၏ရန်စမူ။
"ဟား….၊ ဟား……၊ ကောင်းပြီ။ ဒီနေ့ကစပြီး မင်းက ကောင်းကင်နယ်မြေ ကောင်းကင်ဘုံဂိုဏ်းရဲ့ ၁၇၃ မျိုးဆက်ထဲက တပည့်တစ်ယောက် ဖြစ်လာလိမ့်မယ်။ မင်းက ငါ့ရဲ့ ဖန်ချန်ဂိုဏ်းနဲ့ ပူးပေါင်းလိုက်ပြီဆိုမှတော့ ငါက မင်းကို ကောင်းကင်ဘုံ ဂိုဏ်းရဲ့ အကြီးအမြတ်ဆုံးအဆင့် အင်မော်တယ်ပညာရပ်ဖြစ်တဲ့ ဒြဗ်စင်ကိုးပါး ကောင်းကင်ဖရိုဖရဲပညာရပ်နဲ့ ၊ ဓားတာအိုနဲ့ပတ်သက်ပြီး လျှို့ဝှက်ကျမ်းစာတစ်ခုကို ငါ လွှဲပြောင်းပေးခဲ့မယ်။ မင်းအနေနဲ့ ဒီကျမ်းချက်နှစ်ခုကို အောင်မြင်အောင် ကျင့်ကြံထား နိုင်သရွေ့ အင်မော်တယ်ကပ်ဘေးဒုက္ခက မင်းအတွက် ခက်ခဲမှာ မဟုတ်တော့ဘူး။" ဖန်ချန်ကျီက ပြောလိုက်ပါသည်။
ထို့နောက် ဖန်ချန်ကျီ၏ လက်ထဲမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဖန်ယုထန်း၏ မျက်ခုံးကြားဆီသို့ တိုးဝင်သွားလေသည်။
ဖန်ယုထန်းသည် ခဏတာ မှင်သက် အံ့အားသင့်သွားလေသည်။ သူ၏စိတ်ထဲမှ ထွက်ပေါ်လာသည့် အသိဉာဏ်အသစ်များကို ခွဲခြမ်းစိတ်ဖြာပြီးနောက် သူ၏မျက်နှာက စိတ်အားတက်ကြွသည့်အမူအရာ ပေါ်လာပါသည်။
ယခုလေးတင်ပဲ၊ သူ အကြမ်းဖျင်း လေ့လာကြည့်ရုံဖြင့် ဒြဗ်စင်ကိုးပါး ကောင်းကင် ဖရိုဖရဲပညာရပ်သည် ယခု သူကျင့်ကြံနေသည့် ပညာရပ်ထက် ဆယ်ဆပိုပြီး သိမ်မွေ့လေးနက်သည်ကို သူ သိလိုက်ရပါသည်။ အကယ်၍ သူသာ အောင်အောင် မြင်မြင် လေ့ကျင့်နိုင်ခဲ့မည်ဆိုလျှင် သူ၏ စွမ်းအားသည် ဆယ်ဆနီးပါး တိုးလာမည်မှာ သေချာပါသည်။ ယခု သူသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သော်လည်း၊ အကယ်၍ သူ၏ စွမ်းအား ဆယ်ဆ တိုးလာပါက ဘာဖြစ်လာမည်နည်း။
သူ၏ဆရာ ယခုလေးတင် ပြောခဲ့သလိုပဲ၊ ကောင်းကင်ကပ်ဘေးဒုက္ခသည် သူ့အတွက် မည်သည့်အန္တရာယ်မှ မရှိနိုင်တော့ပါဘူး။
"ကျေးဇူးတင်ပါတယ် ဆရာ..။ ဒီတပည့်က ဆရာရဲ့ ညွှန်ကြားချက်တွေကို သေချာ လိုက်နာပြီး စိတ်အားထက်သန်စွာ ကျင့်ကြံမှာပါ" ဖန်ယုထန်းက စိတ်လှုပ်ရှားစွာ ပြောလေသည်။
စင်မြင့်အောက်မှ လူတွေအားလုံးသည် ဖန်ယုထန်းကို မနာလိုသည့် အကြည့်တွေဖြင့် ကြည့်နေကြပါသည်။ ဖန်ယုထန်းသည် မည်သို့သော အင်မော်တယ်နည်းပညာရပ်ကို ရရှိခဲ့သည်ကို မသိသော်လည်း၊ အင်မော်တယ်တစ်ပါး၏ ချီးမြှောက်မူသည် သာမန်အရည်အသွေး မည်သို့ ရှိနိုင်မည်နည်း။ ဖန်ယုထန်း၏ ပျော်ရွှင်သော အမူအရာကို ကြည့်ရင်း၊ သူသည် ကြီးမြတ်ဆုံးအဆင့် အင်မော်တယ်နည်းပညာအချို့ကို ရရှိထားရမည်ကို သူတို့ သိနိုင်ပါသည်။
ကောင်းကင်ဘုံဂိုဏ်း၏ တော်ဝင်အကြီးအကဲကြီးနှစ်ဦးနှင့် ဂိုဏ်းခေါင်းဆောင်သည် လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပါသည်။ သူတို့၏ဂိုဏ်းသည် ထိုသို့သော ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးခဲ့ပြီး ယခု သူသည် အင်မော်တယ်တစ်ပါး၏ လမ်းညွှန်မှုကို လက်ခံရရှိခဲ့သည်။ ယင်းက သူတို့၏ဂိုဏ်းအတွက် အမြင့်မြတ်ဆုံးသော ဂုဏ်အသရေတစ်ခုလည်း ဖြစ်ပေလိမ့်မည်။
ချင်ယွင်သည် ဤအရာအားလုံးကို သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကြည့်နေပြီး သူ၏မျက်လုံးများတွင် ငြူစူခြင်း အရိပ်အယောင် စိုးစဉ်းမျှ မရှိပေ။
ဒြဗ်စင်ကိုးပါးကောင်းကင်ဖရိုဖရဲပညာရပ်ကိုလည်း သူ ကြားဖူးပါသည်။ ၎င်းသည် အင်မော်တယ်ကမ္ဘာတွင် အလွန်ကောင်းမွန်သော အင်မော်တယ်အဆင့်ရှိ ပညာရပ် တစ်ခု ဖြစ်သော်လည်း၊ ၎င်းသည် သူ၏ ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာ ရပ်၏ ပြန်လည်ပြင်ဆင်ထားသော ဗားရှင်းကို မဆိုထားနှင့် ယခင်က သူကျင့်ကြံခဲ့သော ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်နှင့်ပင် အလှမ်းဝေး နေပါသေးသည်။
"ကောင်းပြီလေ။ အင်မော်တယ်နည်းပညာရပ်ကို မင်းကို သင်ပေးပြီးသွားပြီဆိုတော့ မင်းအနေနဲ့ နောက်ထပ်လုပ်ရမှာက ကြိုးကြိုးစားစားနဲ့ ကျင့်ကြံဖို့ပါပဲ။ ငါ အင်မော်တယ်ကမ္ဘာမှာ မင်းကို စောင့်နေမယ်။" ဖန်ချန်ကျီက ထိုသို့ပြောပြီးနောက် အင်မော်တယ်ကမ္ဘာဆီသို့ မော့လှည့်ကြည့်လိုက်သည်။
"ဆရာ၊ ခဏလေးစောင့်ပါဦး…!"
သို့သော် ဤအခိုက်အတန့်တွင် ဖန်ယုထန်းက ရုတ်တရက် ပြောလိုက်ပါသည်။
ဖန်ယုထန်းကို မကြည့်မီ လူတိုင်းလည်း မှင်သက် အံ့ဩသွားကြပါသည်။
ဖန်ချန်ကျီလည်း ရပ်လိုက်ပြီး ဖန်ယုထန်းကို လှည့်ကြည့်လိုက်သည်။ "နောက်ထပ် ဘာလိုသေးလို့လဲ။"
"ဆရာ၊ ခဏလောက်နေပေးပါဦး။ ဒီတပည့်က ဆရာ့အတွက် ပွဲကောင်းတစ်ပွဲကို ပြင်ဆင်ထားပါတယ်။" ဖန်ယုထန်းက ပြုံးပြီး ပြန်ဖြေသည်။
ဖန်ချန်ကျီက ဖန်ယုထန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်သဘောတူ လိုက်ပြီး ပြောသည် "ကောင်းပြီလေ။ ဒါဆိုလည်း ငါ ခဏနေဦးမယ်။ မင်းရဲ့ပြင်ဆင်မှုက အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းမယ်လို့ ငါမျှော်လင့်တယ်"
"ဆရာကို စိတ်မပျက်စေရပါဘူးလို့ တပည့်က ကတိပေးပါတယ်။" ဖန်ယုထန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်ပါသည်။
ထိုစကားကို ပြောပြီးနောက် လူတိုင်း၏ ပဟေဠိအကြည့်များအောက်တွင် သူသည် ဖြည်းညှင်းစွာ ထလာပြီး လူအုပ်ကြီးဆီကို လှည့်ကြည့်လိုက်ပါသည်။ ထို့နောက် သူက အလွန်ကျယ်လောင်သော အသံဖြင့် အော်ခေါ်လိုက်သည် "ချင်ယွင်၊ မင်း ဒီနေရာကို ထွက်လာခဲ့စမ်း… !"
ထိုစကားတွေ ပြောပြီးသည်နှင့် ပရိသတ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါသည်။
" ချင်ယွင်က ဘယ်သူလဲ။"
"ချင်ယွင်လား..၊ မင်းက သူ့ကိုတောင် မသိဘူးလား။ ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးနဲ့ စေ့စပ်ထားသူ အမျိုးသမီးကို လုယက်သွားတဲ့ ကောင်လေး မဟုတ်လား။"
"အဲဒါဆို သူပေါ့…။ သူက အခု ဒီမှာ ရှိနေတာလား။ ဖန်ယုထန်းက သူနဲ့ ရန်ငြိုးရန်စ ရှိနေတာများ ဖြစ်နိုင်ပါ့မလား"
"ငါလည်း အဲလိုထင်တယ်။ ဖန်ယုထန်းက ချင်ယွင်ကို လူတိုင်းရှေ့မှာ ရိုက်နှက်ချင်တာ ဖြစ်လိမ့်မယ်"
ကွင်းပြင်ကြီးထဲမှာ ဆွေးနွေးမှုတွေ အများကြီး ရှိနေကြပါသည်။
လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းဘက်မှာ…..။
ဝူဒေါင်ရှန်သည် ဖန်ယုထန်း၏ စကားကို ကြားသောအခါ၊ သူ၏ ပါးစပ်ထောင့်စွန်းက ချက်ချင်းပင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ သူ၏အကြည့်များက လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေပါသည်။
"ချင်ယွင်၊ မင်း ငါ့ကို နောက်ဆုံးအကြိမ် အရှက်ခွဲခဲ့တုန်းက မင်းကို ငါ ပြောခဲ့ဖူးပါတယ်၊ ဒီတစ်ခါတော့ မင်း ဖန်ယုထန်းရဲ့ လက်ထဲမှာ ကြေကွဲစရာကောင်းတဲ့ သေဆုံးမူမျိုးနဲ့ သေဆုံးသွားတာကို ငါ မြင်ချင်တယ်" ဝူဒေါင်ရှန်သည် သူ၏နှလုံးသားထဲတွင် အဆုံးမရှိမဲ့ လှောင်ရယ်နေမိသည်။ သူသည် ဤအခိုက်အတန့်ကို အချိန်အတော် ကြာအောင် စောင့်ဆိုင်းခဲ့ရပြီး နောက်ဆုံးတွင် စောင့်ဆိုင်းသည့်အတိုင်း ရောက်ရှိလာခဲ့ ပြီ။
လျှိုလင်းလည်း အံ့သြသွားသည်။ သူမလည်း အဖြစ်အပျက်တွေကို နားမလည် နိုင်တော့ပေ။ သူမ၏နှလုံးသားထဲသို့ စိုးရိမ်ပူပန်မှု အရိပ်အယောင် တိုးဝင်လာရုံမှတပါး သူမလည်း ဘာမှမတတ်နိုင်ခဲ့ပေ။
ဟုတ်ပါသည်။ ယခုအချိန်တွင် အစိုးရိမ်ဆုံးလူမှာ လျူရန်ယွင် ဖြစ်ပါသည်။ ဖန်ယုထန်းက ချင်ယွင်၏ နာမည်ကို လူတိုင်း၏ရှေ့မှာ အော်ခေါ်သည်ကို ကြားလိုက်ရသည့်အခါ သူမ၏မျက်နှာက ဖြူဖျော့လာပြီး ဤနေရာကို ရောက်လာခြင်း အတွက် စိတ်မကောင်းပင် ဖြစ်သွားပါသည်။
"ယွင်အာ၊ မြန်မြန်ပြေးရအောင်လေ၊ မင်း မပြေးရင် ဖန်ယုထန်းက မင်းကို သတ်လိမ့်မယ်။" လျူရန်ယွင်က ချင်ယွင်ကို အမြန်ပြောလိုက်သည်။
ချင်ယွင်က ပြုံးပြီး ပြောသည် "အစ်မ၊ ကျွန်တော်တို့ ထွက်ပြေးဖို့ မလိုပါဘူး။ စိတ်မပူပါနဲ့၊ သူက ကျွန်တော့်ကို သတ်နိုင်မှာ မဟုတ်ဘူး"
"ဒါပေမယ့်" လျူရန်ယွင်က တစ်ခုခုပြောချင်ပေမယ့် ချင်ယွင်က အတင်း ကြားဖြတ် ပြောလိုက်လေသည်။
"ဘာမှ မဖြစ်ပါဘူး၊ ဒါပေမယ့် အစ်မ ကျွန်တော့်ကို ယုံကြည်ရမယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
ချင်ယွင်၏ တည်ငြိမ်သော အကြည့်ကို မြင်လိုက်ရလျှင် လျူရန်ယွင်သည် နောက်ဆုံးတွင် ခေါင်းညိတ်ပြီး ပြောလိုက်သည် "ကောင်းပြီ၊ အစ်မ မင်းကို ယုံကြည်ပါတယ်။ တကယ်လို့ ဒီနေ့ တကယ်ကံဆိုးပြီး တစ်ခုခုဖြစ်ခဲ့ရင်တောင် အစ်မက မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်။ မင်းနဲ့အတူသေရမယ်ဆိုရင်တောင် အစ်မကြီးက အရမ်းကျေနပ်ပါတယ်။ ."
လျူရန်ယွင်၏ မျက်လုံးများသည် မနှိုင်းယှဉ်နိုင်လောက်အောင် ခိုင်မာနေပြီး သူမ၏ လေသံမှာလည်း ဆုံးဖြတ်ချက်ပြတ်သားမူ အပြည့်ရှိနေပါသည်။
ချင်ယွင်က ညင်ညင်သာသာ ပြုံးလိုက်ပြီး သူ့ကိုယ်သူ တွေးလိုက်ပါသည် "စိတ်မပူပါနဲ့ အစ်မ၊ ကျွန်တော် အစ်မကို ဘယ်သူမှ ထိခိုက်နာကျင်အောင် လုပ်ခွင့် မပြုဘူး။ ဒီနေ့၊ အစ်မရဲ့မောင်လေး ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲဆိုတာ ကျွန်တော် အစ်မကို ကြည့်ခွင့်ပေးမယ်။"
ထို့နောက် ချင်ယွင်သည် စင်မြင့်ပေါ်ရှိ ဖန်ယုထန်းကို လှမ်းကြည့်ကာ လူအုပ်ထဲမှ ခြေလှမ်းတစ်လှမ်းချင်း လှမ်းထွက်လာခဲ့သည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသမီးအနား ဖြတ်သွားစဉ် ချင်ယွင်သည် တခဏရပ်ပြီး သူမအား ပြုံးပြကာ ပြောလိုက်လေသည် "စီနီယာ၊ ကျွန်တော့်အစ်မကို ဂရုစိုက်ပေးပါ"
ချင်ယွင်ကို သုံးစက္ကန့်ကြာ ကြည့်ပြီးနောက် အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ခေါင်းညိတ်ကာ ပြောလိုက်လေသည် " စိတ်မပူပါနဲ့၊ ငါ ဒီမှာရှိနေသမျှ မင်းအစ်မကို လုံးဝ မထိခိုက်စေရပါဘူး " ။
ထိုစကားကို ကြားရလျှင် ချင်ယွင်သည် ကျေနပ်သည့်အပြုံးကို ထုတ်ဖော်လိုက်ပါသည်။ သူသည် အသက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ ကြင်နာမှုကို မှတ်သားရင်း ကြယ်ဖမ်းတောင်ထိပ်ရှိ စင်မြင့်၏ အလယ်ဗဟိုဆီသို့ လျှောက်သွားခဲ့သည်။
ချင်ယွင် လျှောက်လှမ်းလာစဉ်မှာ လေထဲတွင် ရပ်နေသော ဖန်ယုထန်း အပါအဝင် လူတိုင်း၏ အကြည့်များသည် ချင်ယွင်အပေါ် ကျရောက်လာသည်။
ချင်ယွင်သည် လူအုပ်ထဲမှ ထွက်လာသည်ကို မြင်လိုက်ရတော့ ဖန်ယုထန်းသည် သူ၏အကြံအစည် အောင်မြင်သွားဟန်ဖြင့် ပြုံးလိုက်သည်။
" ချင်ယွင်၊ မင်းက လှည့်ထွက်ပြီး ထွက်ပြေးသွားမယ်လို့ ငါ ထင်ထားခဲ့တာ။ မင်းက ပေါ်ပေါ်ထင်ထင်နဲ့ ရှေ့ထွက်လာရဲလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ငါ မင်းကို လျှော့တွက်ခဲ့ပုံရတယ်။" ဖန်ယုထန်းက လှောင်ရယ်ရယ်လိုက်ပြီး သူ၏လေသံမှာ မောက်မာမူအပြည့် ရှိနေပါသည်။
"ငါက မင်းကို ရင်ဆိုင်ရုံသက်သက်ပဲလေ။ ငါက ဘာလို့ ထွက်ပြေးရမှာလဲ၊ ကောင်းကင်ဘုံဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်ဖြစ်တဲ့ မင်းကို မပြောနဲ့၊ မင်းရဲ့ ကောင်းကင်ဘုံဂိုဏ်း တစ်ခုလုံးကိုတောင် ငါ ဂရုမစိုက်ဘူး" ချင်ယွင်က မထီမဲ့မြင် ပြုဟန်ဖြင့် ပြောလိုက်ပြီး သူ၏လေသံက ထပ်တူထပ်မျှ မောက်မာလွန်းသည်။
ထိုစကားပြောပြီးသည်နှင့် ပရိသတ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါသည်။
ကောင်းကင်ဘုံဂိုဏ်းကို ဂရုမစိုက်ဟု ကောင်းကင်ဘုံမှ လူတိုင်း၏ရှေ့မှာ တစ်ယောက်ယောက်က သတ္တိရှိရှိ ပြောရဲလိမ့်မည်ဟု တွေးကြည့်ရင်, အဲဒါက အရမ်းကို မောက်မာလွန်းတာ မဟုတ်ပေဘူးလား။
သေချာပါသည်။ ချင်ယွင်က ထိုစကားတွေ ပြောပြီးသည်နှင့် ကောင်းကင်ဂိုဏ်းမှ တပည့်အားလုံး၏ မျက်နှာတွေက ပြင်းထန်သည့် နာကြည်းမှုတွေကို ထုတ်ဖော်လာကြ ပါသည်။
ထိုမျှတင်မကဘဲ ကောင်းကင်ယံမှာ ရှိနေကြသည့် ယုချန်တန်နှင့် ဖန်ချန်ကျီ တို့သည်ပင် မကျေမနပ်ဖြစ်သည့် အရိပ်အယောင်ကို ထုတ်ပြလာကြသည်။
ဖန်ယုထန်း၏ မျက်နှာသည် ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေပြီး သူ၏ အေးစက်ပြီး တင်းမာသော မျက်ခုံးနှစ်ခုကြားတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒက ပေါ်လာပါသည်။
ချင်ယွင်၏ ပါးစပ်ထောင့်စွန်းတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေပြီး အရာအားလုံးကို မထီမဲ့မြင် ပြုနေဆဲပင်။
"မင်းက အရူးပဲ။ ငါက မင်းထက်တောင် ရူးနေတာပဲ။ မင်းက လူတိုင်းရဲ့ရှေ့မှာ ငါ့ကို နင်းပြီး မင်းရဲ့ကျော်ကြားမှုအတွက် ခြေနင်းကျောက်တုံးအဖြစ် ဆက်ဆံချင်တယ် ဆိုရင် မင်းအနေနဲ့ အခြားလူတွေပေါ် တက်မနင်းခင်မှာ ကိုယ်ကိုယ်တိုင်လည်း နင်းခြေခံရနိုင်တာကို သတိထားသင့်တယ်..။"
သူ၏လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားရင်း ချင်ယွင်၏ မျက်လုံးထောင့်စွန်းမှ ပြင်းထန်သော သတ်ပစ်ချင်စိတ်က တဖွားဖွား ထွက်ပေါ်လာပါသည်။ လွှမ်းမိုးကြီးစိုးသော အငွေ့အသက်က ပျံ့နှံ့သွားခဲ့ပြီး၊ သူ၏ခြေထောက်အောက်မှ ကြမ်းပြင်က ကွဲအက်စ ပြုလာလေသည်။
အခန်း (၅၈၅) မိုးကြိုးအင်မော်တယ်ခန္ဓာကိုယ်။
"ဟမ့်၊ မင်းရဲ့ ပါးစပ်နဲ့ မင်းရဲ့စွမ်းအား ဘယ်တစ်ခုက ပိုအားကောင်းလဲဆိုတာ ငါ ကြည့်ချင်မိတယ်" ဖန်ယုထန်း၏ ခန္ဓာကိုယ်သည် ပြင်းထန်သော အစစ်အမှန် အနှစ်သာရနှင့် ပေါက်ကွဲထွက်လာပြီး သူ၏ အထွတ်အထိပ်အဆင့် အင်မော်တယ် အသွင်ကူးပြောင်းခြင်း အငွေ့အသက်က ချီစွမ်းအင်လှိုင်းလုံးများကဲ့သို့ ချက်ချင်း ထွက်ပေါ်လာပါသည်။
ချင်ယွင်၏ နှုတ်ခမ်းတစ်စုံသည် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ သူ၏လက်ထဲတွင် မထင်မရှား အနက်ရောင်လျှပ်စီးကြောင်းက လင်းလက်သွားပြီး ဖျက်ဆီးခြင်းအငွေ့အသက်က တဟုန်ထိုး ပျံ့နှံ့သွားလေသည်။
အလင်းတန်းနှစ်ခုသည် အချင်းချင်း ထိပ်တိုက်တွေ့ဆုံမိပြီး ကွင်းပြင်ရှိ လေထုသည် ချက်ချင်းပင် တင်းမာလာခဲ့သည်။
"သူ ရူးနေသလား၊ သူက တကယ်ပဲ စီနီယာအစ်ကိုဖန် နဲ့ တိုက်ချင်တာလား?။ သူက သေချင်နေတာပဲ မဟုတ်ဘူးလား?။
"သူက ရူးနေတာ ဖြစ်လောက်ထင်တယ်။ စီနီယာအစ်ကိုဖန်က အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ ရောက်ရှိနေပြီး သူ့ရဲ့ဓားဆန္ဒကလည်း ကြီးမြတ်သော ပြီးပြည့်စုံခြင်း နယ်ပယ်ကို ရောက်ရှိနေပြီ။ ဒီ ချင်ယွင်က အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာပဲ ရှိသေးတယ်။ သူက စီနီယာအစ်ကိုဖန်ရဲ့ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။”
"ငါ့အမြင်အရ ပြောရမယ်ဆိုရင်၊ ဒီချင်ယွင်က စီနီယာအစ်ကိုဖန်ရဲ့ လက်ထဲမှာ သုံးကွက်တောင် လှုပ်ရှားနိုင်မှာ မဟုတ်လောက်ပါဘူး။ စီနီယာအစ်ကိုဖန်က သူ့ကို မြေပြင်ပေါ် ပစ်ချပြီး ကျိန်းသေပေါက် ရိုက်နှက်လိမ့်မယ်။"
" သုံးကွက်လား?။ မင်းက ဒီချင်ယွင်ကို သိပ်ကို အထင်ကြီးလွန်းရာ ကျမနေဘူးလား။ သူက တစ်ကွက်လေးတောင် လှုပ်ရှားနိုင်မှာမဟုတ်ဘူးလို့ ငါ ခန့်မှန်းတယ်။ မင်းက သူတို့နှစ်ယောက်ကြားက ကွာခြားချက်ကို မမြင်ရလောက်အောင်၊ မင်းက ငါတို့ရဲ့ ကောင်းကင်ဘုံဂိုဏ်းရဲ့စွမ်းအားကို ဘယ်လိုလုပ် လျစ်လျူရှုထားဝံ့တာလဲ?။ မင်းက အမှန်တကယ် သေခြင်းတရားကို တောင်းခံနေတာလား?။
ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များသည်လည်း အချင်းချင်း ဆွေးနွေးကြပြီး ချင်ယွင်ကို ကြည်သည့် သူတို့၏ အကြည့်များသည် လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။
ဝှီး…..!
ဤအခိုက်တွင် ဖန်ယုထန်းသည် သူ၏ လှုပ်ရှားမှုကို စတင်ပြုလုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မုန်တိုင်းတစ်ခုလို တဟုန်ထိုး ရွှေ့လျားသွားသည်။ တခဏအတွင်းမှာပင် စင်မြင်ပေါ်တွင် မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ပေါ်လာသည်။ ထိုပုံရိပ်ယောင်များသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွင်၏ ရှေ့ကို ရှောက်ရှိလာပါသည်။
"ငရဲကိုသွားလိုက်တော့….!"
ဖန်ယုထန်းက အေးစက်စွာ အော်လိုက်ပြီး အစစ်အမှန် အနှစ်သာရ သူ၏လက်သီးက ချင်းယွင်၏ ရင်ဘတ်ကို တုနှိုင်းမရအောင် ကြောက်စရာကောင်းသည့် အငွေ့အသက် နှင့်အတူ တိုက်ခိုက်လိုက်ပါသည်။
ချင်ယွင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပါသည်။ အနက်ရောင်လျှပ်စီးကြောင်းသည် သူ၏လက်သီးပေါ်တွင် လင်းလက်သွားသည်။ သူက ရှောင်တိမ်းခြင်းမရှိဘဲ ဖန်ယုထန်း၏ လက်သီးကို တိုက်ရိုက် လက်ခံလိုက်သည်။
"ဘုန်း…… !"
ကြောက်မက်ဖွယ်ကောင်းသော အစစ်အမှန်အနှစ်သာရ နှင့် အနက်ရောင် လျှပ်စီး တို့သည် ထိပ်တိုက်တွေ့ဆုံပြီး ပြင်းထန်သော ပေါက်ကွဲအသံတစ်ချက် ထွက်ပေါ်ကာ ပြင်းထန်သော ကြမ်းကြုတ်သော အငွေ့အသက်က ချက်ချင်း ပျံ့နှံ့သွားသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ပြင်းထန်သော အင်အားကို မဖယ်ရှားနိုင်မီ သူသည် ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားခဲ့ရပြီး သူ၏လက်များ ထုံကျင်သွားခဲ့သည်။
ဖန်ယုထန်းလည်း နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်ရကာ သူ၏အမူအရာက အလွန်ပင် မှိုင်းညို့သွားလေသည်။ ချင်ယွင်သည် သူ၏လက်သီးကို ခံနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ဟမ့်၊ မင်း ဘယ်လောက်တောင် သန်မာလဲဆိုတာ ငါကြည့်ချင်သေးတယ်" ဖန်ယုထန်း၏ နှုတ်ခမ်းထောင့်စွန်းသည် အပြုံးတစ်ခုအဖြစ် တွန့်တွေးလိုက်သည်။
ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တစ္ဆေသရဲကဲ့သို့ ချင်ယွင်၏ ရှေ့တွင် ထွက်ပေါ်လာပြန်သည်။
"ခြင်္သေ့ကျား နဂါးဟိန်းလက်သီး!"
ဖန်ယုထန်းက ကျယ်လောင်စွာ အော်လိုက်ပြီး ချင်ယွင်ကို လက်သီးဖြင့် ထိုးလိုက်သည်။ သူ၏နောက်တွင် ဧရာမ နတ်ဆိုးသားရဲကြီး သုံးကောင်၏ပုံရိပ်တွေက ပေါ်လာပါသည်။ ခြင်္သေ့၊ ကျား၊ နဂါး သုံးကောင်တို့သည် တညီတညွတ်တည်း ဟိန်းဟောက်ကြသည်။ သူတို့၏ ဟောက်သံများသည် တဟုန်ထိုး မြေပြင်ကို ရိုက်ခတ်သွားကာ ၎င်းတို့၏ ပြင်းထန်သော အငွေ့အသက်များက ကြယ်ဖမ်းတောင်ထိပ်စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး တက်ရောက်လာကြသူအားလုံးကို သူတို့၏ အမူအရာများ ပြောင်းလဲ သွားစေခဲ့သည်။
ချင်ယွင်သည် သူ၏မျက်လုံးများတွင် တောက်ပနေသော အနက်ရောင် လျှပ်စီးကြောင်း များဖြင့် ကြည့်လိုက်ရင်း အင်အားအပြည့် လက်သီးတစ်ချက် ထိုးလိုက်လေသည်။
"အောင်း…..!"
ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှ နဂါးဟောက်သံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် ချင်းယွင်၏ ခန္ဓာကိုယ်ပေါ်တွင် အနှိုင်းမဲ့ ကြမ်းတမ်းသော အနက်ရောင် နဂါးအကြေးခွံများ ပေါ်လာပြီး ပြင်းထန်သော အငွေ့အသက်များက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
"မိုးကြိုးအင်မော်တယ် ခန္ဓာကိုယ်၊ ဖွင့်…. !"
ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ပြီး အနက်ရောင်လျှပ်စီးက ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း သွန်းလောင်းပြီး ဝင်ရောက်သွားလေသည်။
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည် ချက်ချင်းပင် ပြင်းထန်လာခဲ့ပြီး သူ၏မျက်လုံးများသည် ချက်ချင်းပင် နက်မှောင် သွားလေသည်။ အနက်ရောင် လျှပ်စီးကြောင်းများသည် သူ၏ဆံပင်များကြားတွင် တဖျပ်ဖျပ် လင်းလက်နေပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင်လျှပ်စီးများဖြင့် တိုက်ရိုက် ရစ်ပတ်ထားလေ သည်။
ဤအခိုက်အတန့်တွင်၊ အနက်ရောင်လျှပ်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်ထဲတွင် အရူးအမူး ပေါက်ကွဲထွက်နေကာ အဆုံးမဲ့ ပြင်းထန်သော စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားလေသည်။
မိုးကြိုးအင်မော်တယ်ခန္ဓာကိုယ်သည် လျှပ်စီးစွမ်းရည် သဘောတရားသုံးခု သိမ်မွေ့ နက်နဲနယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် လျှပ်စီးစွမ်းရည်ကိုယ်ပွားမှ ဖန်တီးထားသော လျှို့ဝှက်သိုင်းပညာရပ်တစ်ခုဖြစ်သည်။ ၎င်းသည် လူတစ်ယောက်၏ ခွန်အားနှင့် အမြန်နှုန်းကို အချိန်တိုအတွင်း အဆနှစ်ဆယ် မြှင့်တင်ပေးနိုင်ပြီး ယခင် ဒေါသပေါက်ကွဲသည့် အခြေအနေသို့ ဝင်ရောက်ခြင်းထက်ပင် ပိုမိုအားကောင်းပါသည်။
ချင်ယွင်သည် လျှပ်စီးလက်သကဲ့သို့ တိုက်ခိုက်လိုက်လေသည်။ အနက်ရောင် လျှပ်စီးလက်ဖြင့် ဖုံးလွှမ်းထားသော သူ၏လက်ဖဝါးသည် ဖန်ယုထန်း၏ ပြင်းထန်သော လက်သီးကို တိုက်ရိုက် ပိတ်ဆို့တားဆီးလိုက်သည်။ ထိုကဲ့သို့ပင် ဖန်ယုထန်း၏ လက်သီးသည် ချင်ယွင်၏ လက်ဖဝါးဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်ရသည်။
"ဘုန်း…. !"
ပတ်ဝန်းကျင်သည် ချက်ချင်းပေါက်ကွဲပြီး မြေကြီးသည်ပင် ပြိုဆင်းသွားခဲ့သည်။ ကောင်းကင်နှင့် မြေကြီးသည် တစ်လက်မချင်းစီ အက်ကွဲသွားလေသည်။
ကမ္ဘာကြီး တုန်လှုပ်သွားပြီး ဖန်ယုထန်း၏ နောက်ကွယ်မှ ဧရာမပုံရိပ်ကြီး သုံးခုလည်း တိုက်ရိုက် ကွဲအက်သွားလေသည်။
"မဖြစ်နိုင်ဘူး မဟုတ်လား?" ဖန်ယုထန်း၏ မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်သွားသည့် အမူအရာ ပေါ်လာသည်။
သူ၏ ခြင်္သေ့ကျားနဂါးဟိန်းလက်သီးသည် ဧကရာဇ်အဆင့် လက်သီးပညာရပ် တစ်ခု ဖြစ်သည်။ လက်သီးတစ်ချက်က နှောင်းပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်း ခြင်း နယ်ပယ် ကျွမ်းကျင်သူများကို သတ်ပစ်ရန် လုံလောက်သော်လည်း ယခုမူ ချင်ယွင်၏ လက်တစ်ဖက်တည်းဖြင့် တားဆီးခြင်းကို ခံလိုက်ရပါသည်။
ဖန်ယုထန်းတစ်ဦးသာ တုန်လှုပ်သွားသည်မက၊ သူ၏ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးလည်း ထိတ်လန့်သွားကြသည်။ ကောင်းကင်ယံမှာရှိနေသည့် ဖန်ချန်ကျီသည်ပင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"အိုက်….!"
ထိုအချိန်မှာ ချင်ယွင်က အော်ဟစ်မာန်သွင်းလိုက်သည်။ ဖန်ယုထန်း၏ လက်သီးကို ဆုပ်ကိုင်ထားသည့် သူ၏လက်ဖဝါးကို ချက်ချင်းဆိုသလို ခွန်အား ဖြည့်သွင်းလိုက်ပြီး သူ့ကို နောက်ပြန် ဆွဲထုတ်လိုက်လေသည်။ ဖန်ယုထန်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ချင်ယွင်ခေါ်ဆောင်ရာဆီသို့ ပါသွားခဲ့ပြီး ထိုအချိန်တွင် ချင်ယွင်၏ ညာလက်က အချိန်အတော်ကြာအောင် သူ၏ခွန်အားတွေ စုဆောင်းထားပြီးသား ဖြစ်နေပါပြီ။ အကန့်အသတ်မရှိသော ခွန်အားက အနှိုင်းမဲ့ ပြင်းထန်သော မိုးကြိုးတစ်ခုကို သယ်ဆောင်လာသည့်အလား ဖန်ယုထန်း၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ကျရောက်သွားလေလည်။
"ဘုန်း….. !"
ကြောက်စရာကောင်းသည့် စွမ်းအားက ချက်ချင်းပင် ဖန်ယုထန်း၏ ဝမ်းဗိုက်ပေါ်ကို မီတာတစ်သောင်းအမြင့်မှ ကျဆင်းနေသော ရေတံခွန်ကဲ့သို့ ချက်ခြင်း ကျဆင်းသွား လေသည်။
"ဖူး….!"
ဖန်ယုထန်းသည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရပြီး ပုစွန်တစ်ကောင်လို ကွေးညွှတ်သွားလေသည်။
သို့သော် ဤအရာများ မပြီးဆုံးခင်မှာ ချင်ယွင်၏ အနက်ရောင်မျက်လုံးများမှတဆင့် သတ်ဖြတ်လိုသော ဆန္ဒများ ထွက်ပေါ်လာပြီး အနက်ရောင်လျှပ်စီးစွမ်းအင်က သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားလေသည်။
ချင်ယွင်၏ ခြေဖဝါးအောက်ရှိ စွမ်းအားသည် ချက်ချင်း ပေါက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်လာသည်။ သူ၏ဒူးချက်က ဖန်ယုထန်း၏ မေးစေ့ကို ပြင်းပြင်းထန်ထန် တိုက်ချိုးလိုက်လေသည်။
ဖန်ယုထန်း၏ မေးအရိုးမှ အက်ကွဲသည့်အသံ တစ်ချက် ထွက်ပေါ်လာပြီး သူ့ကို နောက်သို့ ပစ်လွင့်သွားစေသည်။
ချင်ယွင်သည် ဤမျှဖြင့် ရပ်တန့်လိုခြင်း မရှိသေးပေ။ သူ၏ရုပ်အသွင်က လင်းလက်သွားပြီး ဖန်ယုထန်း၏ ခန္ဓာကိုယ်အထက်မှာ ပေါ်လာပါသည်။ ဂျင်ဆွဲသီး တစ်ထောင်လောက်ရှိသော အဟုန်ဖြင့် ဖန်ယုထန်း၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ရက်စက်စွာ ရိုက်ချိုးပစ်လိုက်လေသည်။
မြေပြင်ပေါ်ရှိ အပျက်အစီးများသည် လှိုင်းလုံးများကဲ့သို့ လှိမ့်တက်လာကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ပေဒါဇင်ပေါင်းများစွာ ဆုတ်ခွာသွားခဲ့ကြပြီး ကြယ်ဖမ်းတောင်ထိပ်တစ်ခုလုံး၏ တစ်ဝက်ခန့် ပျက်စီးသွားခဲ့သည်။
ဤကြမ်းပြင်များကို အလွန်မာကျောသော ကောင်းကင်ကျောက်စိမ်းများဖြင့် ခင်းကျင်း ထားသည်။ အထွတ်အထိပ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူ သည်ပင် သူတို့၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ခဲ့လျှင်ပင် အက်ကွဲကြောင်း အနည်းငယ်သာ ပေါ်လာလိမ့်မည်။ သို့သော်လည်း ယခုအချိန်တွင် ကြယ်ဖမ်းတောင်ထိပ် တစ်ခုလုံးသည် ကြီးမားသော တွင်းနက်ပေါက်ကြီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချင်ယွင်သည် ဖန်ယုထန်း၏ လက်သီးတစ်ချက်ပင် ခံနိုင်ရည်ရှိမည်မဟုတ်ဟု ပြောခဲ့သော ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် စကားမပြောနိုင်ဘဲ ဖြစ်နေကြသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး သူတို့ အံသြသွားကြပါသည်။
ဤအခိုက်အတန့်တွင် လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ ခန္ဓာကိုယ်သည် အနက်ရောင် လျှပ်စီးကြောင်းများဖြင့် ဝန်းရံထားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်သည် အနှိုင်းမဲ့ လွှမ်းမိုးနိုင်သော အငွေ့အသက်ကို ထုတ်လွှတ် နေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် အနှိုင်းမဲ့ အစွမ်းထက်သော မိုးကြိုး အင်မော်တယ်တစ်ပါးလို ဖြစ်သည်။
မိုးကြိုးအင်မော်တယ်ခန္ဓာကိုယ်နှင့် နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်၏ ပံ့ပိုးမှုဖြင့်၊ ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် အထွတ်အထိပ်အဆင့် အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ် ကျွမ်းကျင်သူတစ်ဦးထက်ပင် အစွမ်းထက်နေပါသည်။
ဖန်ယုထန်းကို သနားစဖွယ်အခြေအနေ ဖြစ်သွားသည်အထိ အနိုင်ယူနိုင်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ ချင်ယွင်၏ ရုတ်တရက် ကြောက်မက်ဖွယ် ပေါက်ကွဲထွက်နိုင်သော စွမ်းအားနှင့် လျှပ်စီးတို့ကြောင့် ဖြစ်ပါသည်။
တခါတရံ သူတို့သည် စွမ်းအားတူညီသည့် အဆင့်မှာ ရှိနေသောအခါ မထင်မှတ်ထား သည့် ရလာဒ်တစ်ခုကို ရရှိလာရန်အတွက် အစကတည်းက သူတို့၏ ခွန်အား အားလုံးကို အသုံးပြုကြရပါသည်။ ချင်ယွင်သည် ထိုနည်းအတိုင်း အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။
ဤတိုက်ခိုက်မှုများသည် ဖန်ယုထန်းကို လုံးဝအနိုင်ယူရန် မလုံလောက်ကြောင်း ချင်ယွင်လည်း သိထားသည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ!"
သေချာပါသည်။ ထိုအချိန်မှာပင် ဖန်ယုထန်းသည် တွင်းနက်ကြီးထဲမှ ပြေးထွက် လာခဲ့ပါသည်. သူ၏ရုပ်အသွင်ပြင်က လေထဲမှာ လွင့်မျောနေ၏။ သူ၏ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားတွေက ညစ်ပတ်ပြီး ရှုပ်ပွနေ၏။ သူ၏ဦးခေါင်းပေါ်ရှိ သရဖူလည်း ကွဲအက်သွားပါသည်။ သူ၏ဆံပင်တွေက သူ၏နောက်ကျောမှာ ပြန့်ကျဲနေပြီး ရူးသွပ်နေသော မြွေများကဲ့သို့ ကခုန်နေပါသည်။
ချင်ယွင်ကို ကြည့်လိုက်နေသည့် သူ၏ မျက်လုံးတစ်စုံက အဆုံးမဲ့သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် တစ်ခုပြီးတစ်ခု ကျော်တက်သွားသော လှိုင်းလုံးကြီးများကဲ့သို့ လှိမ့်တက်နေလေသည်။
စာစဉ် (၃၉) ပြီးပါပြီ။