အခန်း (၅၉၁-၅၉၅)
Vol. 40 Ch. 591-595
အခန်း (၅၉၁) ကောင်းကင်ကပ်ဘေးဒုက္ခ ဆင်းသက်လာခြင်း။
ဝှီး….။
ဟောင်ခွန်၏ ရုပ်အသွင်အပြင်သည် တောင်ထိပ်ပေါ်ရှိ အပျက်အစီးများထဲမှ ထွက်လာသည်။ သူ၏မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ သူ၏ပါးစပ်ထောင့်မှာ နီမြန်းသောသွေးများ တွဲလောင်းကျနေ၏။ သူ၏လက်ထဲတွင် ကြက်သွေးရောင်သွေးဓားသည် ကြက်သွေးရောင်နေမင်းကဲ့သို့ ဖန်ချန်းယုဆီသို့ ခုတ်ပိုင်းလိုက်လေသည်။
"မင်း သေခြင်းတရားကို လာတောင်းခံနေတာဘဲ!"
ဖန်ချန်းယု၏ နှုတ်ခမ်းထောင့်စွန်းသည် တခစ်ခစ်ရယ်မောဟန်ဖြင့် တွန့်ကွေးနေသည်။ သူ၏ရုပ်အသွင်က ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖျတ်ခနဲ့ လင်းလက်သွားကာ သူသည် ဟောင်ခွန်၏ ရှေ့မှာ တစ်ဖန် ပြန်ပေါ်လာပါသည်။
ဖန်ချန်းယု၏ လက်ဖဝါးရိုက်ချက်က ဟောင်ခွန်၏ ရင်ဘတ်ကို နောက်တစ်ကြိမ် ထိမှန်သွားခဲ့ပြန်သည်။ ဟောင်ခွန်သည် ချက်ချင်းပင် လတ်ဆတ်သော သွေးများကို ထွေးထုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် လျှင်မြန်စွာ နောက်ပြန် ဆုတ်သွားသည်။
"ဟား…..၊ ဟား……။ မင်းရဲ့ဝမ်အာအတွက် လက်စားချေဖို့ ကြိုးစားနေတာ မဟုတ်ဘူး လား။ လာစမ်းပါ! ငါ့ကို လာသတ်လိုက်စမ်းပါ၊ မင်း ငါ့ကို အခုလိုသတ်ချင်နေတာ ကြောင့် မင်းကိုယ်တိုင်ကလည်း သေခြင်းတရားကို တောင်းခံနေတာပဲ မဟုတ်လား..။" ဖန်ချန်းယုက ဟက်ဟက်ပက်ပက် ရယ်မောသည်။ သူ၏ပိန်ပိန်ပါးပါး ရုပ်အသွင်က လေထဲမှာ မလှုပ်မယှက် ရပ်နေပါသည်။
ဝှီး…..!
ဖန်ချန်းယု၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာသည်။ သူ၏ အစစ်အမှန် အနှစ်သာရ တစ်ခုလုံးသည် တဟုန်ထိုး မြင့်တက်လာခဲ့ပြီး နောက်ပြန် လွင့်ပျံနေသော ဟောင်ခွန်၏နောက်သို့ ချက်ချင်း လိုက်ပါသွားခဲ့သည်။
ဖန်ချန်းယု၏ အရှိန်သည် အလွန်မြန်ဆန်လွန်းသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဟောင်ခွန်၏ရှေ့သို့ ရောက်ရှိလာခဲ့ပါသည်။
ယခုတစ်ကြိမ်မှာတော့ ဖန်ချန်းယုက သူ့ကို တိုက်ရိုက် သတ်ပစ်ချင်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော အစစ်အမှန် အနှစ်သာရသည် ထက်ရှသောဓားကဲ့သို့ သူ၏လက်ဖဝါးကို လွှမ်းခြုံထားပြီး ဟောင်ခွန်၏ လည်ပင်းဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်လေသည်။
သို့သော် ထိုအခိုက်အတန့်တွင် သွေးများဖြင့် ပြည့်နေသော ဟောင်ကွမ်း၏ ပါးစပ်ထောင့်စွန်းက ကျယ်လောင်စွာ ဟစ်အော်လိုက်ရင်း အပြုံးတစ်ခု ထွက်ပေါ် လာပါသည်။
"ဓားတစ်ပိုင်းနယ်မြေ.. ၊ ဖွင့်…. !"
ကြီးမားလှသော ဓားဆန္ဒတစ်ခုသည် ပင်လယ်ရေကဲ့သို့ ချက်ချင်း မြင့်တက်ပြီး ထွက်ပေါ်လာသည်။ ဖန်ချန်းယု၏ လှုပ်ရှားမှုများလည်း နှေးကွေးသွားရသည်။
နည်းနည်းလေးမှ တုန့်ဆိုင်းနေခြင်းမရှိဘဲ, ဟောင်ခွန်၏ အစစ်အမှန်အနှစ်သာရသည် သူ၏ခန္ဓာကိုယ်ထဲမှ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး ဓားတိုက်ခိုက်မူ တစ်ချက်နှင့်အတူ ချက်ချင်း ပေါက်ကွဲသွားပါသည်။
သွေးနီရောင်အလင်းတန်းသည် မိုးကုပ်စက်ဝိုင်းပေါ်ရှိ နံနက်နေရောင်နှင့် သွေးနီရောင် မီးလျှံများကဲ့သို့ပင် ဖြစ်ပေါ်နေသည်။
ဖန်ချန်းယု၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူသည် ဤဓားချက်ကို တွန်းလှန်ရန်အတွက် သူ၏ အစစ်အမှန် အနှစ်သာရအားလုံးကို အလျင်အမြန် စုဆောင်းလိုက်ရသည်။ သို့သော် သူတို့နှစ်ဦးသည် နီးကပ်လွန်းလှသည်။ ဖန်ချန်းယုသည် ဤဓားချက်၏ တိုက်ခိုက်မှုကို အချိန်မီ ခုခံနိုင်ခဲ့သော်လည်း၊ သူ၏ ရင်ဘတ်ပေါ်တွင် ကြီးမားသော သွေးထွက်သံယို ဒဏ်ရာကြီးကို လက်ဖြင့်ဆုတ်ထားပြီး ပါးစပ်မှ သွေးများ ထွက်လာသည်။
"ငါ မင်းကို သတ်မယ်!"
သူသည် ဟောင်ခွန်ဆီသို့ အရူးတစ်ယောက်လို ပြေးထွက်သွားရင်း ဖန်ချန်းယု၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒကလည်း အကန့်အသတ်မရှိပေ။ လက်ဖဝါးကြီး က ဟောင်ခွန်ဆီသို့ ခုတ်ပိုင်းသွားလေသည်။
ဟောင်ခွန်သည် ဓားကို အလျားလိုက်အနေထားဖြင့် အလျင်အမြန် ပိတ်ဆို့ တားဆီး လိုက်သော်လည်း ဓားမှထွက်ပေါ်လာသော တောက်ပလာသည့် ဓားအလင်းကြောင့် ထပ်မံ လွင့်ပျံသွားရသေးသည်။ သူ၏ခန္ဓာကိုယ်မှ သွေးများ အလျင်အမြန် စီးကျလာ လေသည်။ ထင်ရှားသည်မှာ ဤလက်ဖဝါးဆေဘာဖြင့် တိုက်ခိုက်မှုသည် သူအား ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့ပါသည်။
"မင်း ငါ့ကို မသတ်ချင်ဘူးလား လာပါ၊ လာစမ်းပါ!" ဖန်ချန်းယုက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ယခုလေးတင် ဟောင်ခွန်၏ ဓားသည် သူ၏ရင်ဘတ်ကို တိုက်ရိုက် ဒဏ်ရာရသွားစေခဲ့သည်။ ယခု သူသည် သူ၏ အစစ်အမှန်အနှစ်သာရကို သုံးလိုက်သည်နှင့် သူ၏ရင်ဘတ်က သူ၏အဆုတ်ကို ခွဲထုတ်ထားသလိုမျိုး နာကျင်နေပါသည်။
"ဟား…၊ ဟား…..၊ ငါက မင်းကိုသတ်ဖို့ ဒီကိုရောက်လာတာ မဟုတ်ဘူး။ ငါ့ရဲ့ခွန်အားတွေက အရမ်းကိုပျက်စီးနေပြီး မင်းကို မအနိုင်ယူနိုင်ဘူးဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် မင်းက ကပ်ဘေးဒုက္ခကို ခံရတော့မယ်။ ငါက မင်း ဒီကပ်ဘေး ဒုက္ခကို မကျော်လွှားနိုင်အောင် တားဆီးနိုင်ရုံလောက်ပါပဲ။" ဟောင်ခွန်က ဟက်ဟက် ပက်ပက် ရယ်မောနေပြီး သူ၏နှလုံးသားမှာ ပျော်ရွှင်မှုအပြည့် ဖြစ်နေပါသည်။
အချိန်အတော်ကြာသည့်တိုင်၊ သူသည် ဖန်ချန်းယုကို ကိုယ်တိုင်ကိုယ်ကျ သတ်ပစ်ပြီး ဝမ်အာအတွက် လက်စားချေရန် အမြဲလိုလားခဲ့သည်။
သို့သော်၊ လက်ရှိတွင် သူသည် နှလုံးသားနတ်ဆိုး၏ ဖိနှိပ်ခြင်းကို ခံနေရပြီး ဖန်ချန်းယုကို သတ်ဖြတ်ခြင်းက ကောင်းကင်ဘုံသို့တက်ရန်ထက်ပင် ခက်ခဲသည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ချင်ယွင်က သူ့အား ဤသို့သော အကြံပြုချက်ကို ကျေနပ်စွာ လက်ခံခဲ့ခြင်း ဖြစ်ပါသည်။
ဖန်ချန်းယုကို ဓားအောက်မှာ ကိုယ်တိုင်ကိုယ်ကျ မသတ်နိုင်ခဲ့ပေမဲ့ ဖန်ချန်းယုသည် သူ၏မျက်စိရှေ့မှာတင် သေဆုံးသွားသည်ကို မြင်လိုက်ရလျှင် သူ့ကိုယ်သူ ကျေနပ်နေပါ ပြီ ။
ဤအခိုက်အတန့်တွင်၊ ဟောင်ခွန်၏နှလုံးသားသည် ဖော်ပြ၍ မရနိုင်အောင်ပင် ထမ်းထားသည့်ဝန်ထုတ်ကြီးကို ပစ်ချလိုက်ပြီး စိတ်လက်ပေါ့ပါးစွာဖြင့် စိတ်အေး လက်အေး ဖြစ်သွားလေသည်။ ကလဲ့စားချေနိုင်တော့မည် ဖြစ်သောကြောင့် သူ၏ စိတ်ထဲမှ အမုန်းတရားများလည်း အားနည်းလာပါသည်။
ဟောင်ခွန်သည်ပင် သူ၏နှလုံးသားနတ်ဆိုးများသည် တစ်စတစ်စ ရှင်းလင်းဖယ်ထုတ် ခံနေရကြောင်း သိလိုက်ရသဖြင့် အံ့ဩသွားပါသည်။
ဟောင်ခွန်သည် ဤအရာအားလုံးကို ခံစားခဲ့ရပြီးနောက် တစ်စုံတစ်ခုကို နားလည် သွားပုံရသည်။ သူသည် အပျက်အစီးများထဲသို့ ပြိုလဲကျသွားသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ ဒဏ်ရာများဖြင့် ဖုံးလွှမ်းထားသော်လည်း အပြုံးတစ်ခုက သူ၏ ပါးစပ်ထောင့်စွန်းတွင် ခိုတွဲလျက်ရှိသည်။
"ဝမ်အာ၊ အဲဒါကို မင်း မြင်ပြီးပြီ မဟုတ်လား၊ ဒီဖန်ချန်းယုက ကောင်းကင်ကပ်ဘေး ဒုက္ခအောက်မှာ သေရတော့မယ်။ မင်းကို ဒုက္ခပေးခဲ့တဲ့ လူတွေထဲမှာ ကျောက်ဝူကျင်း တစ်ယောက်ပဲ ကျန်တော့တယ်။ စိတ်မပူပါနဲ့၊ အတွင်းနှလုံးသားနတ်ဆိုးတွေကို ငါ သေချာပေါက် သုတ်သင်ပြီးတာနဲ့ ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်မယ်။ ပြီးတော့ ကျောက်ဝူကျင်းရဲ့ ခေါင်းကို အင်မော်တယ်ကမ္ဘာကနေ ဖြုတ်ချ ပစ်လိုက်မယ်။" ဟောင်ခွန်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ထိုအချိန်တွင် သူ၏ နှလုံးသားသည် မယှဉ်နိုင်လောက်အောင် လင်းလက်လာခဲ့သည်။
ဖန်ချန်းယုသည် ကောင်းကင်ကပ်ဘေးဒုက္ခအောက်မှာ သေဆုံးသွားသည်ကို သူ၏ မျက်လုံးတွေနှင့် သူကိုယ်တိုင် မြင်နေသရွေ့ သူ၏အတွင်းနှလုံးသား နတ်ဆိုးတွေကို လုံးဝ ဖယ်ရှားပစ်နိုင်မည်ဟု သူ ယုံကြည်ထားပါသည်။
ဖန်ချန်းယုသည် အလွန်ဒေါသထွက်နေပြီ ဖြစ်သည်။ ပထမအချက်၊ သူသည် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကပ်ဘေးဒုက္ခကို ဆင့်ခေါ်နိုင်ရန်အတွက် ချင်ယွင်က အစီအစဉ် ရေးဆွဲထားခဲ့သည်။ အခုတော့ ဟောင်ခွန်၏ အစီအစဉ်ကြောင့် သူသည် ဒဏ်ရာအပြင်းအထန် ရနေပါပြီ။ ဤအရာက သူ့ကို တခြားတစ်ယောက်က ကစားနေသလို ခံစားရစေသည်။
"ဟောင်ခွန်၊ ငါ သေရင်တောင် မင်းကို ငါနဲ့အတူ သင်္ဂြိုဟ်ချင်တယ်!" ဖန်ချန်းယုက ဒေါသပေါက်ကွဲပြီး ဒေါသတကြီး အော်ဟစ်လိုက်ပါသည်။ သူပြောပြီးသည်နှင့် သူသည် ဟောင်ခွန်ဆီကို ပစ်ဝင်သွားတော့မည်။
"ဘုန်း…!"
သို့သော် ထိုအချိန်တွင် ကောင်းကင်ယံမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ် လာသည်။
ပထမအကြိမ် ကောင်းကင်ကပ်ဘေးဒုက္ခသည် အချိန်အတော်ကြာအောင် စုဆောင်း ပြီးနောက် နောက်ဆုံးတွင် ဆင်းသက်လာခဲ့သည်။
ချင်ယွင် နှင့် ဖန်ချန်းယုတို့ဆီ ကြီးမားသော ခရမ်းရောင်လျှပ်စီးတိုင်လုံးကြီး နှစ်ခုသည် ပစ်ခတ်လာခဲ့ပြီး၊ ယင်းကြောင့် ကောင်းကင်ကြီးသည် အက်ကွဲသွားပုံရသည်။
ဖန်ချန်းယု၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ ဤအခိုက်အတန့်တွင်၊ သူသည် ဟောင်ခွန်ကို လိုက်ဖမ်းရန် ဂရုမစိုက်နိုင်ဘဲ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းကပ်ဘေးဒုက္ခကို ရင်ဆိုင်ရန် သူ၏ ခွန်အားရှိသမျှကို အသုံးပြုလိုက်ရ သည်။
ချင်ယွင်က သူ၏လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပါသည်။ သူ၏ မျက်လုံးတွေက စူးရှလာသည်။
ဤကောင်းကင်ကပ်ဘေးဒုက္ခကြီးသည် နှစ်ခုထပ်နေသော ကောင်းကင်ကပ်ဘေးဒုက္ခ ကြီး ဖြစ်သည်။ သူတောင် ဂရုမစိုက်ဝံ့ဘဲ မနေဝံ့ပါဘူး။ သူသည် ကပ်ဘေးဒုက္ခကို အကြွင်းမဲ့စိတ်နှလုံးဖြင့် ဖြတ်ကျော်ရလိမ့်မည်။
အဝေးမှလူအုပ်ကြီးသည် ကောင်းကင်ကပ်ဘေးဒုက္ခကြီး ဆင်းသက်လာသည်ကို မြင်သောအခါ သူတို့၏မျက်နှာများသည် ထိတ်လန့်သွားကြသည်။
အထူးသဖြင့် လျှိုလင်း နှင့် လျူရန်ယွင်တို့၏ မျက်နှာများတွင် စိုးရိမ်သော အမူအရာများ ပေါ်လာသည်။
"ဘုန်း….!"
အစစ်အမှန်အနှစ်သာရသည် ဖန်ချန်းယု၏ ခန္ဓာကိုယ်ထဲမှ အရူးအမူး ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံမှ ဆင်းသက်လာသော ကြီးမားလှသော လျှပ်စီးတိုင်လုံးကြီးကို တိုက်ရိုက်ပင် ရိုက်ချလိုက်လေသည်။
အစစ်အမှန်အနှစ်သာရသည် လျှပ်စီးတိုင်လုံးကြီးနှင့် အပြင်းအထန် ထိမှန်ပြီး ပေါက်ကွဲသွားကာ လျှပ်စီးကပ်ဘေးဒုက္ခသည်လည်း ပျောက်ကွယ်သွားလေသည်။
ဖန်ချန်းယုသည် ထိုလျှပ်စီးကပ်ဘေးဒုက္ခကို မခံယူခင် သူ၏ အစစ်အမှန်အနှစ်သာရကို အတင်းအကြပ် စုစည်းလိုက်ရသည်။ ယခုအချိန်တွင် သူ၏ရင်ဘတ်ပေါ်မှာ သွေးတွေက အဆက်မပြတ် စီးကျနေပြီး သူ၏ဝတ်ရုံတစ်ခုလုံး အနီရောင်ဆိုးလုနီးပါးပင် ဖြစ်နေပါသည်။
ဖန်ချန်းယု၏ မျက်လုံးများသည် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ပထမဦးဆုံး ကောင်းကင်ကပ်ဘေးဒုက္ခမျှသာ ဖြစ်သေးပြီး၊ သူသည် အလွန်ခက်ခဲစွာ ရုန်းကန်နေရသည်။ သို့ဆိုလျှင် နောက်ထပ် ကောင်းကင်ကပ်ဘေးဒုက္ခ ရှစ်ခုကို သူ မည်သို့ ခုခံနိုင်မည်နည်း။
အခြားတစ်ဖက်တွင်မူ၊ ဤကောင်းကင်ကပ်ဘေးဒုက္ခသည် ကြောက်မက်ဖွယ် ကောင်းသော်လည်း၊ ချင်ယွင်အတွက်မူ ဤပထမဆုံး ကောင်းကင်ကပ်ဘေး ဒုက္ခကြီးသည် ထိပ်တိုက်ရင်ဆိုင်ရန် မလုံလောက်သေးပေ။
ချင်ယွင်သည် ဂုဏ်ယူဝံ့ကြွားစွာ မတ်တပ်ရပ်လိုက်ပြီး ကြောက်မက်ဖွယ်ရာ လျှပ်စီးတိုင်လုံးကြီးကို လှမ်းရိုက်လိုက်လေသည်။
သူ၏ခန္ဓာကိုယ်က လုံးဝမလှုပ်သော်လည်း ကြောက်စရာကောင်းသည့် ခရမ်းရောင် လျှပ်စီးကြောင်းက သူ့ကို မည်သည့်အန္တရာယ်မှ မဖြစ်စေခဲ့ပါဘူး။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ဖန်ချန်းယုသည် အလွန် ဒေါသထွက်သွားလေသည်။ ဤကောင်ကြောင့်သာ မဟုတ်လျှင် သူသည် ဤလောကကြီးထဲသို့ ထွက်ပေါ်လာမည် မဟုတ်သေးပေ။
သူအမုန်းဆုံးအရာမှာ တရားခံဖြစ်သောဤခွေးကောင်သည် ထိုကောင်းကင်ကပ်ဘေး ဒုက္ခကို ခုခံကာကွယ်ပြီးနောက် သူ့အပေါ် မထီမဲ့မြင်ပြုသည့် ပုံစံကို အမှန်တကယ် ထုတ်ဖော်ပြသခဲ့ခြင်းပင် ဖြစ်လေသည်။ ဤအရာက ဒေါသဖြစ်နေသော ဖန်ချန်းယုကို ပို၍ပင် ဒေါသဖြစ်စေခဲ့သည်။ သူသည် ယခုအချိန်တွင် ဤခွေးကောင်ကို အသားဆော့စ်လုပ်ရန်အတွက် အစိပ်စိပ်မွှာမွှာ ခုတ်ပိုင်းပစ်ချင်သည်ဟု ပြောချင်စိတ် ပင် ဖြစ်ပေါ်နေသည်။
"ဘုန်း……!"
သို့သော်လည်း ဤအခိုက်တွင် ၊ ဒုတိယကောင်းကင်ကပ်ဘေးဒုက္ခသည် ဆင်းသက်လာ ခဲ့သည်။
ယခုတစ်ခါတော့ ပို၍ ကောင်းပါသေးသည်။ တကယ်တော့ ထိုအရာသည် ခရမ်းရောင် မိုးကြိုးရေတံခွန် နှစ်ခုဖြစ်သည်။
လျှပ်စီးရေတံခွန်သည် သွန်းလောင်းချလိုက်ပြီးနောက် သူတို့နှစ်ဦးကို တိုက်ရိုက် မြှုပ်နှံထားသည်။ ကောင်းကင်ဘုံဂိုဏ်း၏ အထက်ကောင်းကင်ယံတစ်ခုလုံးသည် လျှပ်စီးပင်လယ်ကြီး ဖြစ်သွားလေသည်။
ဖန်ချန်းယုသည် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးပင်လယ်များ၏ တိုက်ခိုက်ခြင်းကို တွန်းလှန်ရန် သူ၏ အစစ်အမှန်အနှစ်သာရကို အရူးအမူး စုစည်းလိုက်သည်။ သူသည် ဒဏ်ရာအပြင်းအထန် ရထားခဲ့သော်လည်း၊ ဤဒုတိယ ကောင်းကင်ဘုံဒုက္ခကြီးသည် သူ၏အသက်ကို မသတ်နိုင်သေးပေ။
သို့သော် ချင်ယွင်ကတော့ အလွန်သာယာနေပါသည်။ ယခုအချိန်တွင် သူ၏ ရုပ်ခန္ဓာကိုယ်သည် ကြယ်ဖမ်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ။ ထို့ကြောင့် ဤလျှပ်စီးကြောင်းသည် သူ၏ခန္ဓာကိုယ်ကို မထိခိုက်စေနိုင်ပေ။ ၎င်းလျှပ်စီးသည် တစ်စုံတစ်ယောက်က သူ့ကို နှိပ်နယ်နေသလိုမျိုး သူ၏ခန္ဓာကိုယ်အပေါ် အမှန်တကယ် သက်ရောက်မှုမျိုး ရှိနေပါသည်။
ထို့ကြောင့် သူသည် သူ့ကိုယ်သူ ပျော်ရွှင်နေဟန်ဖြင့် မိုးကြိုးလျှပ်စီးပင်လယ်ထဲတွင် အမှန်တကယ် လဲလျောင်းနေလိုက်သည်။
ပတ်ဝန်းကျင်မှ လူအများသည် လုံးဝ ဆွံအသွားရ၏။ ဤကဲ့သို့သော ကပ်ဘေးဒုက္ခကို ခံနိုင်ရည်ရှိသူမျိုးကို သူတို့သည် ယခင်က မည်သူ့ကိုမျှ မတွေ့ဖူးကြပေ။
ထိုမြင်ကွင်းကို မြင်တော့ ဖန်ချန်းယုသည် ဒေါသအရမ်းထွက်ပြီး ပါးစပ်ထဲမှ သွေးအန်လုမတတ် ဖြစ်သွားရပါသည်။
“နှိုင်းယှဥ်ခြင်းမရှိလျှင်၊ နာကျင်မူလည်း မရှိနိုင်” ဤစာကြောင်းလေးသည် မြေနိုး ဆောက်ရမ်း ကျိုးကြောင်းဆီလျော်သော စာကြောင်းလေး ဖြစ်နေပါသည်။ (ကိုယ့်ကိုယ် ကို အခြားလူများနှင့် မနှိုင်းယှဉ်ပါနဲ့။ မယှဉ်နိုင်ရင် ကိုယ်ကိုယ်တိုင်သာ နာကျင်ရ တတ်သည်) ဟု ဆိုလိုဟန်တူ။
အခန်း (၅၉၂) ကြေကွဲဖွယ် ဖန်ချန်းယု။
လျှပ်စီးဒီရေလှိုင်းကြီးသည် တဖြေးဖြေး ပျောက်ကွယ်မသွားမီ အသက်ရူချိန် ဆယ်ကြိမ်ပြည့်သည်အထိ ဆက်လက်ကျဆင်းနေခဲ့ပါသည်။ ဤကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးကပ်ဘေးဒုက္ခကြောင့် ပတ်ဝန်းကျင် တောင်ထိပ်များရှိ အပင်များ နှင့် အဆောက်အဦများသည် ပျက်စီးခဲ့ရပြီး လုံးဝ လောင်ကျွမ်းသွားခဲ့ပါသည်။
ကောင်းကင်ကပ်ဘေးဒုက္ခ၏ လျှပ်စီးကပ်ဘေးဒုက္ခသည် တောင်အကာကွယ် အစီအရင်ဝင်္ကပါများ၏ ခုခံမှုကို လျစ်လျူရှုနိုင်သည်၊ ထို့ကြောင့် တောင်အကာကွယ် အစီအရင်ဝင်္ကပါသည် လျှပ်စီးကပ်ဘေးဒုက္ခအတွက် ဘာမှ မဟုတ်တော့ပေ။
ဤသည်မှာ ဒုတိယ ကောင်းကင်ကပ်ဘေးဒုက္ခမျှသာ ဖြစ်ပါသည်။ ပတ်ဝန်းကျင်ရှိ တောင်တန်းများသည် မည်းမှောင်နေပြီ ဖြစ်သည်။ အကယ်၍ အခြားသော ကောင်းကင်ကပ်ဘေးဒုက္ခကြီးများ ဆက်လက် ဆင်းသက်လာပါက၊ ထန်းရွှေ တောင်တန်း တစ်ခုလုံး လုံးလုံးလျားလျား ပျက်ဆီးသွားလိမ့်မည် မဟုတ်ပါလော။
ဖန်ချန်းယု၏ နှလုံးသားသည် ဒေါသများနှင့် ပြည့်နေ၏။ ဤကောင်းကင် ကပ်ဘေးဒုက္ခကြီး ပြီးဆုံးနောက်၊ လှပသော ကောင်းကင်တောင်တန်း ၇၂ ခု တွင် ကျန်ရှိသောတောင်ထွတ် များစွာရှိတော့မည် မဟုတ်ပေ။
သို့သော် ယခုအခိုက်တွင် ချင်ယွင်သည် လေထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူသည် အလွန်ဝေးကွာသော အခြားတောင်ထိပ်တစ်ခုပေါ်တွင် ပေါ်လာသည်။
"မင်း….!"
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဖန်ချန်းယု၏ မျက်နှာက ဒေါသတွေထွက်ပြီး ချက်ချင်း လှိုင်းထန်သွားလေသည်။ ချင်ယွင်၏ လုပ်ရပ်က မည်သည့်အရာကို ဆိုလိုသည်ကို သူ မည်သို့ မမြင်နိုင်ဘဲရှိမည်နည်း..။ ဤသည်မှာ ကောင်းကင်ကပ်ဘေးဒုက္ခကို ဆင်းသက် ခွင့်ပြုပြီး တောင်ထိပ်များကို ဖျက်ဆီးပစ်ရန် ထင်ရှားပါသည်။
"ဘုန်း…..!"
ဤအခိုက်အတန့်တွင် တတိယမြောက် ကောင်းကင်ကပ်ဘေးဒုက္ခသည် နောက်ဆုံး တွင် ဆင်းသက်လာပါသည်။
ဤသည်မှာ ပုံးတစ်ပုံး၏အထူပမာဏရှိသော အနက်ရောင်လျှပ်စီးကြောင်း ဖြစ်ပါသည်။ အနက်ရောင်လျှပ်စီးကြောင်း၏ အရှိန်သည် အလွန်လျင်မြန်ပြီး ၎င်း၏ စွမ်းအားသည် တုနှိုင်းမရလောက်အောင် မြန်ဆန်လွန်းသည်။
"လခွမ်းကွာ….!"
ဖန်ချန်းယု၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားလေသည်။ သူ၏ ကောင်းကင် ကပ်ဘေးဒုက္ခသည် မည်သည့်အချိန်ကတည်းက အနက်ရောင်လျှပ်စီးကြောင်းကို ဆင့်ခေါ်နိုင်ရသနည်း။ ထို့အပြင် ဤအနက်ရောင်လျှပ်စီးကြောင်းက သူ့ကို ဖော်ပြ၍ မရသည့် ကြောက်မက်ဖွယ်ခံစားမှုကို ပေးစွမ်းနေသည်။
ဖန်ချန်းယုသည် ဤကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လျှပ်စီးကြောင်းအား တွန်းလှန်ရန် သူ၏ အစစ်အမှန် အနှစ်သာရအားလုံးကို အလျင်အမြန် စုဆောင်းလိုက် သည်။
ဖန်ချန်းယုသည် အံတင်းတင်းကြိတ်ကာ တောင်ခံလိုက်လေသည်။ ဆက်တိုက် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လျှပ်စီးကြောင်းက အကန့်အသတ်မဲ့ အစစ်အမှန် အနှစ်သာရဖြစ်သည့် ဧရာမစက်ဝိုင်းပြတ်ပုံစံ အကာကွယ်ဒိုင်းကြီးနှင့် အပြင်းအထန် ထိပ်တိုက်စုံမိသည်။
ထိုမြင်ကွင်းက တုနှိုင်းမရလောက်အောင်ပင် ခမ်းနားလွန်းလှသည်။
သို့သော် ချင်ယွင်က ၎င်းကို လျစ်လျူရှုထားဆဲဖြစ်ပြီး အနက်ရောင်လျှပ်စီးများက သူ့အား ရိုက်ခတ်ခွင့် ပြုထားဆဲ ဖြစ်သည်။
"ဘုန်း…..!"
ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လျှပ်စီးကြောင်းများသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားပြီး သူ၏ခန္ဓာကိုယ်သည် ကွဲအက်သွားသလို နာကျင် ခံစားရစေသည်။ သူ၏အသားအရည် တစ်ခုလုံး လုံးလုံး ထုံကျင်သွားသည် ။
ကံကောင်းထောက်မစွာ၊ ချင်ယွင်သည် ၎င်းကို လုံးဝ ခံနိုင်ရည်မရှိသည့် အနေအထားထိ ရောက်ရှိသွားမျိုး မရှိခဲ့ပေ။
သူ၏ခြေရင်းအောက်က တောင်ကြီးသည် ကြောက်စရာကောင်းသည် မိုးကြိုးလျှပ်စီး ပစ်ချမှုအောက်မှာ ပြိုကျသွားသည်။ ဖန်ချန်းယုသည်လည်း တောင်ကြီး မီးလောင် ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသည်။
"ဘယ်လိုလဲ၊ အဘိုးကြီး၊ ခင်ဗျား ခံနိုင်ရည်ရှိနေတုန်းပဲလား။ ခင်ဗျား၊ ကောင်းကင်ကပ်ဘေးဒုက္ခတွေကို ဘယ်နှစ်ခုလောက် ခံနိုင်ရည်ရှိလဲဆိုတာ ကျုပ်တို့ ခန့်မှန်းကြည့်ရအောင်။ ပဉ္စမမြောက်လား၊ ဆဋ္ဌမမြောက်လား။ ကျုပ်ကတော့ အများဆုံး သတ္တမမြောက်ကပ်ဘေးဒုက္ခ ကျရောက်လာချိန်မှာ ခင်ဗျားရဲ့ အိုဟောင်းနေ တဲ့ အရိုးတွေက လုံးဝ ပြိုကျသွားလိမ့်မယ်လို့ ခန့်မှန်းထားတယ်" ဖန်ချန်းယု ဒေါသထွက်နေသည်ကို မြင်သောအခါ ချင်ယွင်က မထိန်းနိုင်ဘဲ ရယ်မောရင်း ကျီစယ်လိုက်လေသည်။
ဖန်ချန်းယု၏ နှလုံးသားသည် ဒေါသများဖြင့် ပြည့်နှက်နေပါသည်။ ယခုဆိုလျှင် သူသည် ချင်ယွင်၏ ဘိုးဘေးဆယ့်ရှစ်မျိုးဆက်၏ သင်္ချိုင်းထဲသို့သွားပြီး တူးဆွပစ်ရန်ပင် ဆန္ဒ ရှိနေပါပြီ။
"ခွေးကောင်လေး၊ အရမ်းအပျော်စောမနေနဲ့ဦး။ ဒီကောင်းကင်ကပ်ဘေးဒုက္ခက အရမ်း ကြောက်စရာကောင်းတယ်၊ မင်း မကျော်ဖြတ်နိုင်မှာကို ငါ ကြောက်တယ်။" ဖန်ချန်းယု အသက်ပြင်းပြင်းရှူပြီး သူ၏နှလုံးသားထဲက ဒေါသတွေကို မျိုသိပ်လိုက်ရသည်။
သို့သော် ချင်ယွင်၏ နောက်ထပ်စကားသည် ချက်ချင်းဆိုသလိုပင် သူမျို သိပ်ထားခဲ့သော ဒေါသကို တစ်ဖန် ပြန့်ပွားစေခဲ့သည်။
ချင်ယွင်က မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် "ဘာပဲဖြစ်ဖြစ်လေ၊ ကျုပ်က ခင်ဗျား နောက်မှာ သေနိုင်တယ်"
ဖန်ချန်းယုသည် ဒေါသအထွက်လွန်ပြီး သူ၏ပခုံးတစ်ခုလုံး တုန်ယင်နေသည်။ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရန်အတွက် သူ၏ အစစ်အမှန် အနှစ်သာရကို အသုံးပြု နေရခြင်းကြောင့်သာ။ ထိုသို့မဟုတ်လျှင် သူသည် ချင်ယွင်နှင့် အချီပေါင်း သုံးရာလောက် အပြေးအလွှား တိုက်ခိုက်မိလိမ့်မည်။
ခပ်လှမ်းလှမ်းမှ လူတိုင်းသည်လည်း ချင်ယွင်နှင့် ဖန်ချန်းယုနည်းတူ အတော်အတန် အလှမ်းဝေးကွာသော တောင်ထွတ်တစ်ခုဆီသို့ ပျံသန်းသွားကြပြီး ဖြစ်သည်။ သို့သော်လည်း သူတို့သည် ချင်ယွင်နှင့် ဖန်ချန်ယုတို့ကြား တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲ ကြားနေရဆဲ ဖြစ်ပါသည်။ ဖန်ချန်းယုသည် လျှပ်စီးကပ်ဘေးဒုက္ခ၏ ထိုးဖောက်ခံရ၍ မသေဆုံးမီ ချင်ယွင်ကြောင့် အမျက်ဒေါသ အထွက်လွန်ပြီး သေဆုံးသွားလိမ့်မည်ဟုပင် သူတို့ သံသယရှိလာကြသည်။
"ဘုန်း…. !"
စတုတ္ထမြောက် ကောင်းကင်ကပ်ဘေးဒုက္ခသည် တစ်ဖန် ဆင်းသက်လာပါသည်။
သူတို့နှစ်ယောက်ကြားတွင် အနက်ရောင်လျှပ်စီးဓားကြီးက ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး ဖန်ချန်းယု နှင့် ချင်ယွင်ဆီသို့ အပြင်းအထန် ခုတ်ပိုင်းလိုက်သည်။
"ဓား... ဓားပုံစံလျှပ်စီးမိုးကြိုးလား…?"
ဖန်ချန်းယုပင် စကားထစ်သွားရသည်။ လျှပ်စီးကပ်ဘေးဒုက္ခများစွာကို သူ ကြားဖူးသော် လည်း မည်သူ တစ်ဦးတစ်ယောက်၏ လျှပ်စီးကပ်ဘေးသည် ဓားပုံသဏ္ဍာန်ဖြစ်ကြောင်း ကိုတော့ မကြားခဲ့ဖူးပါ။ ကြောက်စရာကောင်းသော စွမ်းအားများပါရှိနေသည့် ဓားပုံသဏ္ဍာန်လျှပ်စီးကြောင်းကို ကြည့်ရင်း၊ ဖန်ချန်းယုသည် သူသည် အစစ်အမှန် အင်မော်တယ်ကပ်ဘေးဒုက္ခကို ခံစားနေရသလားဟုပင် သံသယဝင်လာခဲ့သည်။
ချင်ယွင်သည် ကောင်းကင်ယံမှခုတ်ပိုင်းလာသော ဓားပုံသဏ္ဍာန် လျှပ်စီးကြောင်းကို ကြည့်လိုက်သည်။ သူ၏မျက်နှာမှာ အံ့အားသင့်ဟန် အများကြီး မရှိပေ။ ဤဓားပုံသဏ္ဍာန်လျှပ်စီးသည် သူ၏ ကောင်းကင်ကပ်ဘေးဒုက္ခ၌ တစ်ကြိမ်ထက်မက ပေါ်လာခဲ့ပြီး ဖြစ်သည်။
ဟုတ်ပါသည်၊ ဒီဓားပုံသဏ္ဍာန် ကောင်းကင်ကပ်ဘေးဒုက္ခ ပေါ်လာသည့် အစီအစဉ်သည် အရင်ကထက်စာရင် စောလွန်းပြီး ၎င်း၏စွမ်းအားကလည်း ပို၍ပင် ကြောက်စရာကောင်းနေပါသည်။
ဤတစ်ကြိမ်တွင် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို မခုခံဘဲနေရန် သတ္တိမရှိခဲ့ပေ။ ဓားဆန္ဒက သူ၏ခန္ဓာကိုယ်ပေါ်တွင် တဟုန်ထိုး မြင့်တက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲ မှ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရက အရူးအမူး ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ ချင်ယွင်၏ လက်ဖျားမှ အဆုံးမရှိသော ဓားဆန္ဒတစ်ခု ထွက်ပေါ်လာသည်။
ချွင်…..။
ချင်ယွင်၏ ဓားလက်ချောင်းသည် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် လျှပ်စီးဓားနှင့် အပြင်းအထန် တိုက်မိသွားသည်။
ကောင်းကင်နှင့် မြေကြီးသည် ချက်ချင်းတုန်လှုပ်သွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းများ ပျံ့နှံ့ သွားခဲ့သည်။
"ဘုန်း…..!"
ချီဓားနှင့် အနက်ရောင်လျှပ်စီးဓားတို့ ပေါက်ကွဲသွားလေသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒသည် နေရာတိုင်းသို့ တခဏအတွင်း လွင့်ပျံသွားခဲ့ကာ အဝေးမှ တောင်တန်းများပေါ်သို့ ကျဆင်းသွားလေသည်။ မူလကတည်းက ထက်ဝက်ကျော် ပျောက်ကွယ်သွားပြီးဖြစ်သော တောင်ထိပ်များ၏ တခဏအတွင်း ပေါက်ကွဲသွားပြီး တောင်ထိပ်ငါးခု ပျက်စီးသွားခဲ့သည်။
ဖန်ချန်းယု၏ဘက်ကို ကြည့်လိုက်တော့ သူ၏လက်ထဲမှာ ဆေဘာတိုလေး တစ်ချောင်း ပေါ်လာသည်။ ဆေဘာကို ခုတ်ပိုင်းလိုက်သည်နှင့် ဆေဘာအလင်းတန်းသည် ရွှေသရဖူကဲ့သို့ တဖျပ်ဖျပ် ဝင်းလက်တောက်ပကာ လျှပ်စီးဓားနှင့် အပြင်းအထန် တိုက်မိလေသည်။
"ဘုန်း….!"
ဆေဘာအလင်းသည် အနက်ရောင်လျှပ်စီးကြောင်းနှင့် အပြင်းအထန် တိုက်မိပြီး နေရာတိုင်းတွင် ပေါက်ကွဲပြီး ပြန့်ကျဲသွားကာ အခြားတောင်ထိပ်သုံးခုကို ဖျက်ဆီးပစ် လိုက်လေသည်။
"ဖူး…..!"
ဖန်ချန်းယုသည် သူ၏ခန္ဓာကိုယ်ရှိ အစစ်အမှန် အနှစ်သာရကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများကြောင့် သူ၏ပါးစပ်မှ သွေးချောင်းဆိုးပြီး သွေးတပွက် အန်ထုတ်လိုက်ရ လေသည်။ ချက်ချင်းပင် သူ၏ အငွေ့အသက်သည် အနည်းငယ် မှိန်ဖျော့လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အဝေးမှာရှိနေသော ဟောင်ခွန်၏ ပါးစပ်ထောင့်က အပြုံးတစ်ခု ပေါ်လာပါသည်။ ဖန်ချန်းယု၏ လက်ရှိ စိတ်နေစိတ်ထားဖြင့်ဆို၊ သူသည် နောက်ထပ် လျှပ်စီးကပ်ဘေးဒုက္ခသုံးခုကို တွန်းလှန်ရင်း လုံးလုံးလျားလျား သေဆုံးသွားနိုသည်ဟု ခန့်မှန်းရသည်။
ချင်ယွင်၏ ပါးစပ်ထောင့်မှလည်း လှောင်ပြောင်ဟန် ရှိနေပါသည်။ ပထမဆုံး လျှပ်စီးကပ်ဘေးဒုက္ခအနည်းငယ်၏ စွမ်းအားက အတော်လေး ကောင်းမွန်သော်လည်း ကောင်းကင်ကပ်ဘေးဒုက္ခတိမ်တိုက်၏ အရွယ်အစားက အများကြီး လျော့နည်းသွားပုံ မပေါ်သေးသည်ကို သူတွေ့ရှိရသည်။ ထို့ကြောင့် ဤလျှပ်စီးကပ်ဘေးဒုက္ခများသည် တကယ့်ကို ကြောက်စရာကောင်းသည့်အရာ မဟုတ်သေးပါဘူး။
"ဝေါင်း….!"
ထိုအချိန်တွင် ကောင်းကင်ယံ၌ ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပါသည်။
ကြီးမားသော ခြေသည်းကြီးနှစ်ချောင်းသည် ကောင်းကင်ယံရှိ လျှပ်စီးတိမ်တိုက်များ ကြားမှ ရုတ်တရက် ဆန့်ထွက်လာခ့ပြီး ဧရာမ အနက်ရောင်လျှပ်စီးကြောင်း ကျားကြီး နှစ်ကောင်သည် လူတိုင်း၏ အမြင်အာရုံထဲတွင် ပေါ်လာပါသည်။
ဧရာမအနက်ရောင်လျှပ်စီး ကျားကြီးနှစ်ကောင် ပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်ယံမှ ခုန်ဆင်းကာ ချင်ယွင်နှင့် ဖန်ချန်ယုတို့ဆီသို့ ဦးတည်သွားကြသည်။ ထိုကြောက်စရာကောင်းသည့်တန်းခိုးအစွမ်းက လူတိုင်း၏ ဦးရေပြားကို ထုံကျင်သွား သလို ခံစားရသည်။
ထိုအချိန်တွင် ဖန်ချန်းယုသည် သေချင်စိတ်ပင် ဖြစ်နေမိသည်။ ထိုဓားပုံစံ လျှပ်စီးကြောင်း၊ အခု ဤကျားပုံသဏ္ဍာန်လျှပ်စီးကြောင်း။ အကယ်၍ သူသည် ကပ်ဘေးဒုက္ခကို နောက်တစ်ကြိမ် ဖြတ်ကျော်ရမည်ဆိုလျှင်၊ လျှပ်စီးကပ်ဘေး တိမ်တိုက်ထဲမှ လျှပ်စီးဘီလူးကြီး လျှောက်လှမ်းထွက်လာနိုင်သည် မဟုတ်ပါလော။
ချင်ယွင်သည် ကျားပုံသဏ္ဍာန် လျှပ်စီးကြောင်းကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများက အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သို့သော် အများကြီး အံ့ဩဟန်မျိုး မရှိခဲ့ပေ။ ဤကျားပုံသဏ္ဍာန်လျှပ်စီးသည် နောက်ဆုံး အကြိမ်တုန်းက သူကြုံတွေ့ခဲ့ရသည့် နဂါးပုံသဏ္ဌာန်လျှပ်စီးနှင့် အတူတူပင် ဖြစ်ပါသည်။
ရုတ်တရက် ချင်ယွင်၏ မျက်လုံးများသည် ဝင်းလက်တောက်ပလာပြီး သူ၏ စိတ်ထဲမှ ပင် အာရုံစူးစိုက်မှု ရှိလာခဲ့သည်။ ကျားပုံသဏ္ဍာန်လျှပ်စီးကြောင်းကို အစွမ်းကုန် တားဆီးရန် ပြင်ဆင်နေသော အဝေးမှာရှိနေသည့် ဖန်ချန်းယုကို ရုတ်တရက် လှည့်ကြည့်လိုက်ရင်း သူ၏ပါးစပ်ထောင့်စွန်းမှ ပေါ့ပါးပါးပါး အပြုံးတစ်ခု ထွက်ပေါ်လာ သည်။
ထို့နောက် လူတိုင်း၏ ထိတ်လန့်သော အကြည့်များအောက်တွင် ချင်ယွင်သည် ဖန်ချန်းယုဆီသို့ ပြေးသွားခဲ့သည်။
ကောင်းကင်ယံတွင် ကျားပုံသဏ္ဍာန်လျှပ်စီးကြောင်းသည် လျင်မြန်စွာ လှည့်ပတ်ကာ ချင်ယွင် နောက်သို့ လိုက်ပါလာသွားသည်။
ဖန်ချန်းယုသည် အဝေးမှ သူ့ဆီသို့ ပြေးလာနေသော ချင်ယွင်ကို ကြည့်ပြီး ချင်ယွင်၏ နောက်ကွယ်မှ လိုက်ပါလာသော ကျားပုံသဏ္ဍာန်လျှပ်စီးကြောင်း မြင်လိုက်ရသောအခါ ဖန်ချန်းယုသည် အလွန်ဒေါသဖြစ်ပြီး နှလုံးသွေးအန်လုနီးပါး ဖြစ်နေသည်။
"မြေနိုးကောင်….!"
ထိုသို့ကျိန်ဆဲပြီးနောက်၊ ဖန်ချန်းယုသည် လှည့်၍ မဆိုင်းမတွ ထွက်ပြေးသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်က ပြုံးပြီး ဖန်ချန်းယု၏ နောက်ကို အလျင်အမြန် လိုက်သွားလေသည်။
ဧရာမကျားနက်ကြီးနှစ်ကောင်သည် သဘာဝအတိုင်း သူတို့နောက်သို့ မဆုတ်မနစ် လိုက်လာခဲ့သည်။
အဝေးမှလူတိုင်းသည် ဆွံ့အမှင်သက်နေကြပါသည်။ ဘယ်လိုသောက်ကျိုးနည်း ကစားနည်းမျိုးပါလိမ့်။ ဒါက ကပ်ဘေးဒုက္ခကို ဖြတ်ကျော်မှ ဟုတ်ပါရဲ့လား?။
အခန်း (၅၉၃) ကြောက်မက်ဖွယ်လျှပ်စီးကြောင်းဒုက္ခ။
"ဂျိန်း…..!"
ဖန်ချန်းယု နှင့် ချင်ယွင်တို့သည် ရှေ့ဆင့်နောက်ဆင့် ရူးသွပ်စွာ ပြေးသွားနေခဲ့ကြပြီး လျှပ်စီးကျားကြီးနှစ်ကောင်သည် သူတို့နောက်မှ အနီးကပ် လိုက်ပါလာခဲ့သည်။
သူတို့ဖြတ်သွားသော တောင်ထိပ်များအားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လျှပ်စီးကြောင့် ပျက်စီးသွားခဲ့ရသည်။ ဖန်ချန်းယုသည် ဒေါသထွက်လွန်း သဖြင့် သွေးအန်လုမတတ်ပင် ဖြစ်ရသည်။
ချင်ယွင်က ဟက်ဟက်ပက်ပက် ရယ်မောနေသည်။ သူလိုချင်သည်မှာလည်း ယခုလို အကျိုးသက်ရောက်မှုမျိုးပင် ဖြစ်ပါသည်။
သို့သော်လည်း အနက်ရောင်လျှပ်စီးကြောင်းကျားကြီးများသည် ချင်ယွင်နှင့် ဖန်ချန်းယု တို့ထက် ပိုမြန်နေသေးသည်။ ချင်ယွင်၏ နောက်မှလိုက်လာသော လျှပ်စီး ကျားကြီး သည် ဟိန်းဟောက်သံကို ဖော်ထုတ်ကာ ၎င်း၏ခြေသည်းကြီးကို ဆန့်ထုတ်ပြီး ချင်ယွင်ဘက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
အနည်းငယ်မျှ တုန့်ဆိုင်းခြင်းမရှိဘဲ၊ ချင်ယွင်သည် အနက်ရောင်လျှပ်စီးခြေသည်းကြီး ကို အပြင်းအထန် တွန်းလှန်တိုက်ခိုက်ရန်အတွက် သူ၏ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက် ဆန်းကြယ်သော အဝါရောင်စွမ်းအင်အားလုံးကို တိုက်ရိုက် စုစည်းလိုက်ပါသည်။
"ဘုန်း…..!"
ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည့် လျှပ်စီးကြောင်းနှင့် အပြင်းအထန် တိုက်မိစဉ် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် စွမ်းအင်သည် ဧရာမနဂါးကြီးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လေသည်။ ၎င်းဟိန်းဟောက်သံသည် အကွာအဝေးရောက်သည်အထိ တဟုန်ထိုး ပဲ့တင်ထပ်ကာ တုန်ခါသွားခဲ့ပြီး ချင်ယွင်၏ လက်သီးချက်ကြောင့် အနက်ရောင်လျှပ်စီးကျားကြီး၏ ခြေသည်းသည် တိုက်ရိုက် ကွဲကြေသွားသည်။
"ဝေါင်း…..!"
ဧရာမအနက်ရောင်လျှပ်စီးကျားကြီးသည် ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးဖြင့် ချင်ယွင်ဆီသို့ ခုန်ဆင်းလိုက်ရင်း ဟိန်းဟောက်လိုက်လေသည်။
ချင်ယွင်၏ မျက်လုံးများသည် ပုံမှန်ထက် စူးရှလွန်းနေသည်။ သူသည် သူ၏ လက်များကို ဖွင့်ပိတ်လက်ဟန်လုပ်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်များက အစစ်အမှန်နဂါးတစ်ကောင်ကဲ့သို့ ဟောက်နေလေသည်။ သူသည် ရှောင်တိမ်းခြင်းမရှိဘဲ ခုန်ဝင်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် လျှပ်စီးကျားကြီးကို တစ်ဝက်တစ်ပျက် ကိုက်ဖြတ်လိုက်လေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အဝေးမှာရှိနေကြသည့် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် ထိတ်လန့်သွားကြပါသည်။ သူတို့သည် အနက်ရောင် လျှပ်စီးကျားကြီး ဆီမှ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို အဝေးမှပင် ခံစားနိုင်ကြ သည်။ သို့သော် ချင်ယွင်သည် ၎င်းကို သူ၏လက်ဖြင့် ဆုတ်ဖြဲလိုက်သည်။ ယင်းက သူတို့၏နှလုံးသားများ ခုန်ပေါက်သွားစေခဲ့သည်။
ဖန်ချန်းယုသည်လည်း အနက်ရောင်လျှပ်စီးကျားကြီး၏ လုံးထွေးတိုက်ခိုက်မှုကို ခံခဲ့ရသည်။ ဖန်ချန်းယုသည် သူ၏ အစစ်အမှန် အနှစ်သာရအားလုံးကို စုစည်းပြီး သူ၏ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ သူသည်လည်း အနက်ရောင်လျှပ်စီးကျားကြီးကို တစ်ဝက်တစ်ပျက် ဖြတ်တောက်ပစ်နိုင်ခဲ့ပါသည်။
ဆေဘာအလင်းသည် အနက်ရောင်လျှပ်စီးကျားကြီးကို ထိုးဖောက်ဝင်ရောက်ကာ အဝေးမှ တောင်ထိပ်တစ်ခုပေါ်သို့ ကျဆင်းသွားသည်။ ၎င်းသည် အလွန်သပ်ရပ်သည့် ဖြတ်တောက်ဟန်ဖြင့် တောင်ထိပ်တစ်ခုလုံးကို အလယ်ထက်ဝက်မှ ပိုင်းဖြတ် သွားလေသည်။
အဝေးမှာရှိနေကြသည့် ကောင်းကင်ဘုံဂိုဏ်း တပည့်များသည် ထိုမြင်ကွင်းကို မြင်တော့ ရိုသေလေးစားမူအပြည့်ဖြင့် တအံ့တဩ ရေရွတ်လိုက်ကြလေသည်။
"ဖူး…..!"
ဖန်ချန်းယုသည် သူ၏ဒဏ်ရာတွေကို လျစ်လျူရှုပြီး သူ၏ အစစ်အမှန် အနှစ်သာရကို စုစည်းလိုက်ရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သူ၏ဒဏ်ရာတွေက မကောင်းမွန်ရုံ သာမကဘဲ အများကြီး ဆိုးဝါးလာပါသည်။
ထိုမြင်ကွင်းကို မြင်လျှင် ချင်ယွင်က ရယ်မောလိုက်သည်။
ဤဖန်ချန်းယု၏ ဒဏ်ရာများသည် ပြင်းထန်လွန်းသည်။ ထို့အပြင် နောက်ထပ် ကောင်းကင်ကပ်ဘေး ဒုက္ခများသည် ပို၍ပင် ကြောက်စရာကောင်းလာပေလိမ့်မည်။ ယခုဆိုလျှင် အကယ်၍ မြင့်မြတ်သော ကုသခြင်းဆေးများ ရှိနေလျှင်ပင် သူ၏ အသက်ကို ကယ်တင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဤ ဖန်ချန်းယုသည် ယနေ့တွင် သေရမည်မှာ သေချာပါသည်။
ချင်ယွင်သည် ဖန်ချန်းယုကို ဂရုမစိုက်တော့ဘဲ နောက်ထပ်လာမည့် ကောင်းကင်ကပ်ဘေးဒုက္ခများအတွက် ပြင်ဆင်ရန် သူ၏ စွမ်းအင်အားလုံးကို စုစည်း ထားလိုက်သည်။
ယခင်လျှပ်စီးကပ်ဘေးဒုက္ခကြီး ငါးခုသည် အလွန်အားကောင်းသော်လည်း၊ ကောင်းကင်ကပ်ဘေးဒုက္ခများ၏ ယုတ်မာကောက်ကျစ်သော သဘောသဘာဝအရ၊ နောက်ထပ် လျှပ်စီးကပ်ဘေးဒုက္ခလေးခုသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဘုန်း……။
ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ကောင်းကင်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ကောင်းကင်ယံမှာ တိမ်စိုင် တိမ်မည်း တွေက အရှိန်အဟုန်နှင့် လွင့်လာခဲ့ပါသည်။ ကြောက်စရာကောင်းသည့် မှင်စာ တစ်ကောင် ပေါ်လာတော့မည့်အလား မှောင်မည်းနေသော တိမ်စိုင်တိမ်မည်း တွေ ကြားမှ လျှပ်စီးလက်ပြီး မိုးခြိမ်းသံတွေ ထွက်ပေါ်လာပါသည်။
ချင်ယွင်၏ မျက်ခုံးများသည် ပင့်သွားမိသည်။ ဤပုံစံအနေအထားကို ကြည့်လျှင် ဆဋ္ဌမမြောက် ကပ်ဘေးဒုက္ခသည် အလွန်ကြောက်စရာကောင်းပေမည်။
အဝေးမှာရှိနေသည့် ဖန်ချန်းယုသည်လည်း ဤကြောက်စရာကောင်းသော အပြောင်းအလဲကို ခံစားနိုင်သည်။ သွေ့ခြောက်နေသော သစ်ပင်နှင့်တူသည့် သူ၏အိုမင်းနေသော မျက်နှာသည် တုနှိုင်းမရသည့် လေးနက်သော အမူအရာ ပေါ်လာသည်။
"ဘုန်း…….!"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ……….။
ကောင်းကင်ကြီးသည် တခဏချင်း အက်ကွဲသွားပုံရပြီး လျှပ်စီးကြောင်းနှစ်စင်းက ကောင်းကင်ယံမှ ဆင်းသက်လာကာ ဖန်ချန်းယု နှင့် ချင်ယွင်တို့ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
ဤလျှပ်စီးတိုင်လုံးနှစ်ခုသည် သိပ်ပြီးမထူထပ်ပေ။ ၎င်းတို့သ်ည လက်မောင်းသာသာ အထူရှိသည်။ သို့သော်လည်း ရောက်ရှိလာသူအားလုံး၏ မျက်နှာအမူများသည် အလွန် တုန်လှုပ်သွားကြသည်။
"သုံးရောင်...သုံးရောင်လျှပ်စီးကပ်ဘေးဒုက္ခလား….?" ကောင်းကင်ဘုံဂိုဏ်း၏ တပည့် များသည် အထိတ်တလန့်အသံဖြင့် အော်ဟစ်လိုက်ကြသည်။
ကောင်းကင်ယံမှ ဆင်းလာသော လျှပ်စီးကပ်ဘေးဒုက္ခကို မြင်လိုက်ရသဖြင့် သူတို့သည် စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားကြသည်။
ဖန်ချန်းယု၏ မျက်နှာသည် ပို၍ပင် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ နှလုံးခုန် ရင်တုန်စေသည့် ခံစားချက်မျိုးပ ါဝင်နေသော လျှပ်စီးကြောင်းကို ကြည့်လိုက်ရင်း သူသည် ဆွံ့အမှင်သက်သွားလေသည်။
ကောင်းကင်ယံတွင် လျှပ်စီးတိုင်လုံးနှစ်ခုသည် မြွေကြီးနှစ်ကောင်ကဲ့သို့ ကောင်းကင်ယံ မှ ဆင်းသက်လာပါသည်။
လျှပ်စီးတိုင်လုံးများကို ခရမ်းရောင်၊ အပြာနှင့် အနက်ရောင်များ ရောစပ်ထားသည်။ ၎င်းတို့တွင်ပါရှိသော စွမ်းအားသည် တစ်စုံတစ်ယောက်၏ စိတ်နှလုံး တုန်လှုပ်သွား သည်အထိ ကြောက်မက်ဖွယ်ကောင်းသည်။
"ဒဏ္ဍာရီလာ သုံးရောင်ခြယ် လျှပ်စီးလား….?" ချင်ယွင်သည် အလွန်အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လာသည်။
ဤသုံးရောင်ခြယ် လျှပ်စီးဘေးဒုက္ခကို သူသည် ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ဤသုံးရောင်ခြယ် လျှပ်စီးကြောင်းတွင် ပါရှိသော စွမ်းအားသည် ရောယှက်နေခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်တစ်ခု ရှိနေပါသည်။ ချင်ယွင်တောင်မှ လေးလေးနက်နက် ရင်ဆိုင်ရန်မှလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။
ဘုန်း…..!
ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ သူသည် အနည်းငယ်မျှ တုန့်ဆိုင်းခြင်းမရှိဘဲ၊ အနက်ရောင် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို သုံးရောင်ခြယ် လျှပ်စီးတိုင်လုံးဆီသို့ ပြတ်ပြတ်သားသား တွန်းပို့လိုက်သည်။
"သူက သူ့ရဲ့ကိုယ်ပွားကို စွန့်လွှတ်ပြီး ဒီလျှပ်စီးကပ်ဘေးဒုက္ခကို ပြင်းပြင်းထန်ထန် လှုပ်ခတ်ဖို့ စီစဉ်နေတာလား။"
ချင်ယွင်သည် ရှောင်တိမ်းခြင်းမရှိဘဲ ရပ်နေသည်ကို မြင်လိုက်ရပြီး ရောင်စုံလျှပ်စီးဆီသို့ သူ၏ကိုယ်ပွားကို တွန်းပို့လိုက်သည်ကို မြင်လိုက်ရလျှင် အဝေးမှာ ရှိနေကြသည့် လူတိုင်းသည် အလွန်အံ့အားသင့်နေသော အမူအရာများ ရှိနေကြပါသည်။
"ဘုန်း…..!"
သို့သော်၊ ချင်ယွင်၏ ကိုယ်ပွားသည် သုံးရောင်ခြယ် လျှပ်စီးကြောင့် ပေါက်ကွဲပြီး ပြာအဖြစ် ပြောင်းလဲတော့မည်ဟု လူတိုင်းက ထင်မှတ်နေချိန်မှာ……။
လျှပ်စီးစွမ်းရည်ကိုယ်ပွားထံမှ နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ထို့နောက် လူတိုင်းက ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါသည်။ လျှပ်စီးစွမ်းရည် ကိုယ်ပွားသည် လေထဲတွင် ရပ်နေပြီး၊ အနက်ရောင် လျှပ်စီးနဂါးငယ်လေးသည် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်လာပါသည်။ နဂါးငယ်လေးသည် ပါးစပ်ကိုဖွင့်ကာ ကြောက်မက်ဖွယ် သုံးရောင်ခြယ်လျှပ်စီးကို သူ၏ ဗိုက်ထဲသို့ မျိုချလိုက်လေသည်။
အနက်ရောင်လျှပ်စီးနဂါးငယ်လေး၏ အစာအိမ်အတွင်း သုံးရောင်ခြယ်လျှပ်စီးကြောင်း သည် လှိမ့်ဝင်သွားခဲ့သည်။ ခဏလောက် ရုန်းကန်လှုပ်ရှားပြီးနောက် ငြိမ်သက်သွား ခဲ့ပါသည်။ ထို့နောက် အနက်ရောင် လျှပ်စီးနဂါးလေးသည် သူ၏ခန္ဓာကိုယ်ပေါ်မှာ ခရမ်းရောင်နှင့် အပြာရောင်ပုံစံ အမှန်တကယ် ပေါ်လာပါသည်။ ၎င်းသည် အလွန်အမင်း ထူးဆန်းနေပါသည်။
"ဒီလောက်ပဲလား….? ဒါက လွယ်ကူလွန်းမနေဘူးလား…? ဒီသုံးရောင်ခြယ် လျှပ်စီးကြောင်းက ကြောက်စရာကောင်းလွန်းတာ မဟုတ်ဘူးလား" အဝေးမှလူတိုင်း အံသြသွားကြသည်။ သူတို့သည် ချင်ယွန်း၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ဝန်းရံထား သည့် အနက်ရောင် လျှပ်စီးနဂါးငယ်အား အံ့သြတကြီး ကြည့်ကြသည်။
ဤသုံးရောင်ခြယ် လျှပ်စီးများသည် ကောလာဟလများကဲ့သို့ ကြောက်စရာမဟုတ်ဟု လူတိုင်းကပင် သံသယရှိလာကြပါသည်။ သို့သော်၊ ကောင်းကင်ဘုံဂိုဏ်း၏ အထွဋ်အထိပ်ဖြစ်သော ဖန်ချန်းယုသည် ဤဘေးဆိုးကြီးကို ကျော်လွှားနေသည်ကို မြင်ရသောအခါတွင်၊ သူတို့သည် ဤသုံးရောင်ခြယ် လျှပ်စီးများ၏ စွမ်းအားကို သံသယ မ၀င်တော့ပေ။ ယင်းအစား သူတို့သည် ချင်ယွင်၏ နည်းစနစ်များကို ပို၍ပင် သဘောကျလာပါသည်။
ဖန်ချန်းယုသည် သူ၏ အစစ်အမှန်အနှစ်သာရ အားလုံးကို ထပ်မံစုစည်းပြီး ကောင်းကင်ဘုံဂိုဏ်း၏ ကျော်ကြားသော ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားသိုင်းပညာ ရပ်ကို အသုံးပြုကာ တောင်များနှင့် မြစ်ရေပြင်များကို ခုတ်ပိုင်းပစ်သကဲ့သို့ ခုတ်ပိုင်း လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးအစွမ်းသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်ပုံရသည်။
သို့သော်လည်း ဆေဘာအလင်းသည် ကြောက်မက်ဖွယ်ကောင်းသော သုံးရောင်ခြယ် လျှပ်စီးကြောင်းနှင့် အပြင်းအထန် ထိပ်တိုက်ဆုံမိသောအခါ၊ ဆေဘာအလင်းသည် တိုက်ရိုက် ကွဲအက်သွားခဲ့ပြီး၊ ရပ်တန့်နိုင်ခြင်းမရှိဘဲ လမ်းကြောင်းအတိုင်း ပြေးဆင်းလာကာ ဖန်ချန်းယု၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ တရစပ် တိုက်ခိုက်ခဲ့သည်။
ဖန်ချန်းယု၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဧရာမသံတူကြီးဖြင့် အပြင်းအထန် ထုရိုက်ခံလိုက်ရသလို ခံစားရသည်။ သူသည် အလွန်ဝေးကွာသော တောင်ထိပ် တစ်ခုပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။ ဖန်ချန်းယု၏ ပြုတ်ကျသွားသည့် အရှိန်ကြောင့် ထိုတောင်ထွတ်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။
တောင်တန်းတွေပြိုကျပြီး ကျောက်တုံးတွေလည်း လှိမ့်ဆင်းသွားကြသည်။
ဖန်ချန်းယုသည် အပျက်အစီးများ ကြားထဲတွင် နစ်မြှုပ်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးလည်း လုံးဝကို မှိန်းမောတွေဝေသွားကြသည်။
ဤသုံးရောင်ခြယ်လျှပ်စီးများသည် ကြောက်စရာမကောင်းခြင်း မဟုတ်ဘဲ အလွန် ကြောက်စရာကောင်းနေခြင်း ဖြစ်ပါသည်။
ဖန်ချန်းယုသည် အပျက်အစီးများကြားထဲမှ တွားသွား ရုန်းထွက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ဖုန်မှုန့်တွေ ဖုံးလွှမ်းနေပြီး စိတ်မကောင်းစဖွယ် အခြေအနေမှာ ရှိနေပါသည်။ သူ၏ရင်ဘတ်မှာ အပေါက်ကြီးတစ်ခုတောင် ရှိနေသည်။ သူ၏ အသွေးအသားတွေက အကွဲအပြဲ ဖြစ်နေပြီး မည်းနက်နေ၏။
ဖန်ချန်းယု၏ ဆံပင်တွေ ရှုပ်ပွနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ယင်ယင် ဖြစ်နေပါသည်။ ထင်ရှားသည်မှာ၊ ဤသုံးရောင်ခြယ်လျှပ်စီးသည် သူ၏အသက်ကို လုံးလုံး မယူနိုင်ဘဲ ဒဏ်ရာအနာတရ ဖြစ်စေလောက်ရုံသာ အစွမ်းထက်သည်မှာ ထင်ရှားပါသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ သရော်ဟန်က ပို၍ပင် ပြင်းထန်လာ ခဲ့ပါသည်။ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကပ်ဘေးဒုက္ခသည် ဆင်းသက်လာသည်။ ဤဖန်ချန်းယုသည် ဤနေရာတွင် လုံးလုံးလျားလျား အပြတ်ရှင်းပြီးသား ဖြစ်သွားဖွယ်ရှိပါသည်။
"ဒါတွေအားလုံးက မင်းကြောင့် ဖြစ်ရတာ"
ဖန်ချန်းယုသည် သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ချင်ယွင် ကို စူးစိုက်စိုက် စိုက်ကြည့်နေရင်း ရူးသွပ်စွာ ဟိန်းဟောက်လိုက်လေသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဖန်ချန်းယုသည် ကပ်ဘေးဒုက္ခ ဖြတ်ကျော်သည်ကို လက်လျော့ပြီး သူနှင့်အတူ သူ့ကိုပါ ခေါ်သွားချင်ပုံရနေသည်။
"ငါ သေရင်တောင် မင်းကို ငါနဲ့အတူ မြေမြှုပ်ပစ်နိုင်သေးတယ်.."
ဟုတ်ပါသည်။ ဖန်ချန်းယုက ထိုစကားတခွန်းကို အတင်းအကြပ် ပြောလိုက်ပြီး သူ၏ အစစ်အမှန် အနှစ်သာရက ရူးသွပ်စွာ မြင့်တက်လာခဲ့သည်။ သူ၏လက်ထဲမှ ဆေဘာက ချင်ယွင်ဆီသို့ ချက်ချင်း ပစ်လွှတ်လာလေသည် ။
ကောင်းကင်ယံရှိ တိမ်စိုင်တိမ်မည်းများသည်လည်း အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက် ထုတ်လွှတ်နေ၏။ ချင်ယွင်တောင်မှ သူ၏ဦးရေပြား ထုံကျင်နေသည့် အရိပ်အယောင်ကို ခံစားရသည်။
အခန်း (၅၉၄) ဖန်ချန်းယုကိုသတ်ဖြတ်ခြင်း။
"ငရဲကိုသွားလိုက်တော့… !"
ဖန်ချန်းယု၏ ရုပ်အသွင်သည် ချင်ယွင်ကို တဟုန်ထိုး ပစ်ဝင်လာရင်း သူ၏ပုံရိပ်က မရေမတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူ၏လက်ထဲမှ ဆေဘာရှည်ကြောင့် လေထဲမှာ မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာစေ သည်။ ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းသည် တောက်ပလင်းလက် သော ကြယ်အလင်းကဲ့သို့ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ဖြတ်သန်းသွားလေသည်။
ဖန်ချန်းယုသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လုံးလုံးလျားလျား လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။ သူသည် လျှပ်စီးကပ်ဘေးဒုက္ခကြောင့် မသေဆုံးခင် ချင်ယွင်ကို သတ်ပစ်ချင် သည်။
ချင်ယွင်သည် လျင်မြန်စွာ နီးကပ်လာနေသော ဆေဘာအလင်းကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများသည် အေးစက်မှု အရိပ်အယောင်များဖြင့် ဝင်းလက်သွား၏။
သူသည် မြူနှင်းချောက်နက်ဓားကို သူ၏ခါးမှ ဆွဲထုတ်ပြီး ခုတ်ပိုင်းလိုက်သည်။
ဓားအလင်းသည် ပေါက်ကွဲထွက်သွားပြီး ဖန်ချန်းယု၏ ဆေဘာအလင်းကို ချက်ချင်း အစိပ်စိပ်မွှာမွှာ ကွဲကြေသွားစေသည်။
ဝှီး….!
ဖန်ချန်းယု၏ ရုပ်အသွင်က အနီးကပ်လာပြီး သူ၏လက်ထဲရှိ ဆေဘာက ကြောက်မက်ဖွယ် အစစ်အမှန် အနှစ်သာရအလွှာဖြင့် လွှမ်းခြုံထားသည်။ ဆေဘာချီ သည် ပတ်ပတ်လည်ကို ထိုးဖောက်စိမ့်ဝင်သွားခဲ့ပြီး ချင်ယွင်ဆီသို့ ထပ်မံ ခုတ်ပိုင်းပြန်သည်။
"ခင်ဗျားက သေချင်နေတာဘဲ!"
ချင်ယွင်၏မျက်လုံးများသည်လည်း ဒေါသနှင့်အတူ ဝင်းလက်တောက်ပလာသည်။ သူ၏ခန္ဓာကိုယ်ထဲမှ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရက ရေကဲ့သို့ ပွက်ပွက်ဆူနေပြီး မြူနှင်းချောက်နက်ဓားကလည်း နှလုံးတုန်လှုပ်စေသည့် စွမ်းအင်အတက်အကျ လှိုင်းများဖြင့် တဟုန်ထိုး ပျံ့နှံ့ထွက်လာလေသည်။
အစစ်အမှန်အနှစ်သာရနှင့် စွမ်းအင်ကြွယ်ဝမူခြင်း နှိုင်းယှဉ်လျှင်၊ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရသည် အဆပေါင်းများစွာ ပိုကြွယ်ဝပါသည်။
ထို့အတွက်ကြောင့်ပင် ချင်ယွင်သည် အရည်သွေးပိုင်းအနေအားဖြင့် နောက်တစ်ဆင့်သို့ ထိုးတက်သွားသည်မှာ အတိအကျပင် ဖြစ်ပါသည်။
.
ယခုအချိန်တွင် ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရသည် မြူနှင်းချောက်နက်ဓားကို လွှမ်းခြုံထားသည်။ မြူနှင်းချောက်ဓားသည် အလွန်ထက်မြက်သော အငွေ့အသက်ကို ချက်ချင်း ထုတ်လွှတ်နေသည်။ ထက်ရှသောဓားသွားသည် အရာအားလုံးကို ခွဲထုတ်နိုင် စွမ်း ရှိနေပုံရပါသည်။
ဓားခုတ်ပိုင်းလိုက်သည်နှင့်၊ ကောင်းကင်နှင့် မြေကြီးကြားရှိ လေဟာနယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး လေဟာနယ်အတွင်း မရေမတွက်နိုင်သည့် သေးငယ် သော အက်ကွဲကြောင်းများ ပေါ်လာပါသည်။
ချင်ယွင်၏ဓားသည် ဖန်ချန်းယု၏ဆေဘာနှင့် အဆက်မပြတ် အပြင်းအထန် ရင်ဆိုင် တိုက်ခိုက်နေပြီး သန့်စင်သော သံမဏိအချင်းချင်း အနှိုင်းမဲ့ ကျယ်လောင်သော ထိပ်တိုက်တွေ့ဆုံသည့်အသံများက အဆက်မပြတ် ထွက်ပေါ်နေပါသည်။ ဓားချီသည် ဆေဘာချီတို့ ထိပ်တိုက်တွေ့ဆုံမိမည့် နေရာတိုင်းတွင် တောင်ထိပ်များ အဆက်မပြတ် ပြိုကျပျက်ဆီးနေကာ ကျောက်တုံးများလည်း လိမ့်ဆင်းနေကြသည်။
အဝေးမှ လူတွေအားလုံးသည် ဤမြင်ကွင်းကို မြင်လိုက်ရလျှင် အလွန်မင်း လှုပ်လှုပ် ရှားရှား ဖြစ်သွားကြလေသည်။
ဘန်း……!
သို့သော်လည်း ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ တိမ်မည်းများက တုနှိုင်းမဲ့ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းကို ရုတ်တရက် ထုတ်လွှတ်လိုက် သည်။
လေဟာနယ်သည် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခု ထွက်ပေါ်လာတော့မည့်အလား ပြင်းထန်စွာ တုန်လှုပ်နေပါသည်။
ချင်ယွင်သည် တိုက်ပွဲဝင်နေစဉ်တွင် ကောင်းကင်ယံမှ မချိန်မရွေး ကျဆင်းလာနိုင်သည့် သတ္တမမြောက်လျှပ်စီးကြောင်းကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် လေးနက်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"မဟုတ်ဘူး၊ ငါ ဒီတိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရမယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေမိသည်။ အကယ်၍ သူသာ ဖန်ချန်းယု၏ အနှောင့်အယှက် တားဆီးမူကို ခံနေရမည်ဆိုလျှင်၊ သတ္တမမြောက် လျှပ်စီးကပ်ဘေးဒုက္ခကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားဖွယ်ရှိ၏။ အခြားကျန်ရှိနေသည့် ကောင်းကင်ကပ်ဘေးဒုက္ခ နှစ်ခုကို လွတ်မြောက်ရန် သူ့အတွက် အလွန်ခက်ခဲပေလိမ့်မည်။
"ဟား….။ ဟား…..။ ဘာဖြစ်နေတာလဲ၊ ကြောက်နေပြီးလား?။ ဒီအဘိုးကြီးက ဒီကောင်းကင်ကပ်ဘေးဒုက္ခကို မကျော်လွှားနိုင်ဖူးဆိုမှတော့ မင်းလည်း ဒီကပ်ဘေးဒုက္ခ အတွင်းက အသက်ရှင်လျက် လွတ်မြောက်နိုင်မယ်မထင်နဲ့။ မင်းက ဒီအဘိုးကြီးနဲ့ အတူတူ လိုက်ပါသေနိုင်ပြီ။" ဖန်ချန်းယုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ အစစ်အမှန် အနှစ်သာရက သူ၏ခန္ဓာကိုယ်ပေါ်တွင် အရူးအမူး တိုးမြင့်လာခဲ့သည်။ သူ၏မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းတစ်ခု အမှန်တကယ် ပေါ်လာပါသည်။ ဖန်ချန်းယု၏ ခန္ဓာကိုယ်မှ အဖျက်စွမ်းအားတစ်ခုလည်း ထွက်ပေါ်လာ သည်။
"ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်း”
အဝေးမှလူတွေအားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဖြူဖျော့သွားကြသည်။
အစောပိုင်းအဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင် တစ်ဦးသည် မိမိကိုယ်ကို ဖောက်ခွဲဖျက်ဆီးလိုက်မည်ဆိုပါလျှင် ထန်းရွှေတောင်တန်းတစ်ခုလုံးကို မဆိုထားနှင့်၊ ကီလိုမီတာတစ်ရာ၏ အချင်းဝက်ဧရိယာရှိ မြေပြင်သည် ချက်ချင်း ပြိုကျသွားဖွယ် ရှိပါသည်။
သူတို့သည် ဖန်ချန်းယုနှင့် ဆယ်မိုင်အောက် ကွာဝေးသာ ရှိနေကြသည်။ ထို့ကြောင့် သူတို့သည် သေချာပေါက် ထိခိုက်နိုင်မည် ဖြစ်သည်။ သူတို့သည် ထွက်ပြေး လွတ်မြောက်ချင်သော်လည်း နောက်ကျသွားပြီ ဖြစ်ပါသည်။
"အရူး…၊ အရူးပဲ…!" လူတိုင်း တုန်လှုပ်သွားကြ၏။ သူတို့သည် ဖန်ချန်းယုကို စိတ်ထဲမှာ ကျိန်ဆဲနေကြသည် "တကယ်လို့ မင်းသေချင်ရင်တောင် ကိုယ့်ကိုယ်ကို သေပါလား။ ငါတို့ကို သေမည့်အထဲ ဆွဲမထည့်နဲ့လေ၊ မဟုတ်ဘူးလား…"
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင် ခက်ထန်သော အေးစက်မှုက သူ့မျက်လုံးများ၏ နက်ရှိုင်းရာအရပ်မှာ ဝင်းလက်တောက်ပလာသည်။
ယခုအချိန်တွင်၊ သူ၏အစ်မ လျှူရန်ယွင်သည် အဝေးမှလူအုပ်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ အကယ်၍ ဖန်ချန်းယုသည် ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်မည်ဆိုလျှင် သူ၏အစ်မသည် သေခြင်းတရားမှ လွတ်ကင်းနိုင်မည် မဟုတ်ပါ။ ဤသည်မှာ ချင်ယွင် လုံးဝ ခွင့်မပြုနိုင်သည့် ကိစ္စဖြစ်လေသည်။
"ခင်ဗျားက သေချင်နေမှတော့ ခင်ဗျားရဲ့ဆန္ဒကို ကျုပ် ဖြည့်ဆည်းပေးမယ်။"
ချင်ယွင် ၏ အသံသည် နှင်းရေခဲကဲ့သို့ အေးစက်နေပြီး ချင်ယွင်၏ ခန္ဓာကိုယ်မှ အနှိုင်းမဲ့ ကြောက်စရာကောင်းသော ဓားဆန္ဒက ပျံ့နှံ့လာခဲ့သည်။
အဝေးမှာရှိနေသည့် ကောင်းကင်၊ မြေကြီး၊ တောင်တန်းများနှင့် မြစ်ချောင်းများသည် လှုပ်ခါနေပြီး၊ ကောင်းကင်ယံရှိ ကပ်ဘေးဒုက္ခတိမ်တိုက်များကပင် ဤဓားချက်ကြောင့် အဝေးသို့ မျောပါသွားသည့် အရိပ်အယောင်များ ပြသနေသည်။
အဝေးမှာရှိနေကြသည့် လူတိုင်းလည်း အလွန်အမင်း ကြောက်ရွံ့သွားကြ၏။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်ကို သူတို့ ခံစားနိုင်ပါသည်။
အကယ်၍ ချင်ယွင်၏ ဓားသည် ကျဆင်းလာပါက၊ ထန်းရွှေတောင်တန်းတစ်ခုလုံး သည် မြေပြင်ပေါ်သို့ ချက်ချင်း ပြိုဆင်းသွားမည်ကို သံသယ ရှိစရာမလိုပေ။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားလဲ။ ဒါတောင် အခုချိန်မှာ ဒီဓားကို အသုံးမပြုရသေးဘူး။ ဒီဓားရဲ့အစွမ်းက လူတစ်ယောက်ရဲ့ ခြေသလုံးတွေ အားနည်းပြီး ပျော့ခွေသွားတဲ့အထိ လုပ်ဆောင်နေတယ်။" ကောင်းကင်ဘုံဂိုဏ်း၏ အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ် တပည့်တွေလည်း မထိန်းနိုင်ကြဘဲ ထိတ်လန့်တကြား အော်ပြောလိုက်သည်။ ဤအခိုက်အတန့်တွင် ချင်ယွင်အပေါ် သူတို့၏ အကြည့်များ သည် ရိုသေလေးစားသည့်အသွင် လုံးလုံး ပြောင်းလဲသွားကြပါသည်။
မှန်ပါသည်။ ဤသည်မှာ လေစားခြင်း ဖြစ်ပါသည်။ ချင်ယွင်သည် သူတို့ကောင်းကင်ဘုံ ဂိုဏ်း၏ ရန်သူဖြစ်ခဲ့သော်ငြား၊ ယခုလေးတင် ချင်ယွင်ပြသထားသော ဓားဆန္ဒက သူတို့၏စိတ်နှလုံးကို ယုံကြည်လက်ခံစေရန် လုံလောက်ပါသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသမီးထသည် အဝေးမှာရှိနေသည့် ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။ သူမ၏မျက်လုံးများသည် ယှဉ်ပြ၍မရသည့် ထိတ်လန့် တုန်လှုပ်သည့် အမူအရာ ဖြစ်ပေါ်နေပါသည်။
မူလက သူမသည် ချင်ယွင်ကို နှစ်ဝက်အကြာ သဘောတူရန် တောင်းဆိုခဲ့သော်လည်း နောက်ဆုံးတွင် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း ဖြစ်နေသည့်အတွက် သူမသည် မျှော်လင့် ချက် အနည်းမျှသာ ရှိခဲ့ပါသည်။ သို့သော်လည်း ယခု ချင်ယွင်သည် သူမတွေးထားသည့် အတိုင်း အမှန်တကယ် လုပ်နိုင်ခဲ့ပြီး လျှိုလင်းကို လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှ ဘေးကင်းကင်းနှင့် ခေါ်ထုတ်ကောင်း ခေါ်ထုတ်သွားနိုင်မည်ဟု သူမ ခံစားခဲ့ရသည်။
လျှိုလင်း၏ လှပသော မျက်နှာသည်လည်း ထိတ်လန့်မူအပြည့် ရှိနေပါသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်သည် သူမ၏မျက်လုံးထဲတွင် ပြိုင်ဘက်ကင်း ဓားအင်မော်တယ် တစ်ပါးကဲ့သို့ ဖြစ်နေပါသည်။
"ဒါက အသုံးမဝင်ပါဘူး။ မင်းရဲ့ဓားပညာက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ငါ့ကိုယ်ငါ ဖောက်ခွဲလို့မရအောင် မင်း တားဆီးနိုင်မှာ မဟုတ်ဘူး။" ဖန်ချန်းယုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူပြောပြီးသည်နှင့် သ်၏ခန္ဓာကိုယ်ထဲမှ အစစ်အမှန် အနှစ်သာရကို လုံးလုံးဖောက်ခွဲရန်အတွက် အသက်သွင်းတော့မည်။
"ဒီလိုလား?..။ ကောင်းကင်နဲ့မြေကြီး ရှင်းလင်းသုတ်သင်ခြင်းဓား…။"
ဓားတစ်ချက် ခုတ်ပိုင်းလိုက်စဉ်မှာ ချင်ယွင်၏ ပါးစပ်ထောင့်စွန်းမှ အပြုံးမပျက် ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးသည် ချက်ချင်း မှောင်မိုက်သွားလေသည်။
ဓားအလင်းက ဓားတခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး အချိန်ပင် အေးခဲသွားပုံရပါ သည်။
"ဖျစ်…. ဖျစ်….!"
ဓားအလင်းသည် ဖန်ချန်းယု၏ ခန္ဓာကိုယ်ကို အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် ဖြတ်သွားသည်။ ဖန်ချန်းယု၏ ခန္ဓာကိုယ်သည် ဓားအလင်းကြောင့် ချက်ချင်းဆိုသလို နှစ်ခြမ်း ကွဲသွားခဲ့သည်။
ထိုမျှတင်မကဘဲ ဓားအလင်းက သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်လာပြီးနောက် သူ၏နောက်ကွယ်မှ လေဟာနယ်သည် အက်ကွဲကြောင်းကြီးတစ်ခုအဖြစ် ဆုတ်ပြဲသွား လေသည်။
ကြောက်မက်ဖွယ် စုပ်ယူခြင်းစွမ်းအားတစ်ခုက အက်ကွဲကြောင်းထဲမှ ထွက်လာပြီး ဖောင်းကားလာနေသည့် ခန္ဓာကိုယ်နှစ်ခြင်းကို အက်ကွဲကြောင်းထဲကို တစ်ချက်ချင်း စုပ်ယူလိုက်လေသည်။
အက်ကွဲကြောင်းအထံမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြီးသည် အက်ကွဲကြောင်းထဲမှ ထွက်လာပြီး ပတ်ဝန်းကျင်ကို ဖြတ်ကျော်သွားခဲ့သည်။
သို့သော်၊ ဖန်ချန်းယုသည် လေဟာနယ် အက်ကြောင်းထဲသို့ စိမ့်ဝင်သွားသောကြောင့် ထန်းရွှေတောင်တန်းသည် သူ့ကိုယ်သူ ဖောက်ခွဲမှုကြောင့် ပျက်ဆီးသွားခြင်း လုံးဝ မရှိခဲ့ပေ။ သို့သော် အနီးနားရှိ တောင်ထိပ်အများအပြားသည် လုံးဝ ပျက်စီးသွားခဲ့သည်။
တဟုန်ထိုးမြည်ဟီးလာသည့် တုန်ခါသံက ကမ္ဘာအနှံ့ ပဲ့တင်ထပ်နေသည်။ ချင်ယွင်၏ ဓားကိုင်ထားသော ရုပ်အသွင်သည် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေလေ၏။ အရှိန်ဟုန်ပြင်းစွာ ရိုက်ခတ်လာသော အစစ်အမှန် အနှစ်သာရမုန်တိုင်းသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော်လည်း အနည်းငယ်မျှ ထိခိုက်မှု မရှိခဲ့ပေ။
အဝေးမှ လူတွေအားလုံးသည် ဤမြင်ကွင်းကို မြင်လိုက်ရတော့ စိတ်ချောက်ချား သွားကြပါသည်။
မြေကမ္ဘာအင်မော်တယ်တစ်ပါးက မိမိကိုယ်ကို ဖောက်ခွဲခြင်းကပင် သူ့ကိုသတ်ရန် မလုံလောက်ခဲ့ပေ။ သူသည် မည်မျှ သန်မာလိုက်သနည်း?။
ချင်ယွင်သည် လေထဲတွင် ရပ်နေသော်လည်း သူ၏နှလုံးသားသည် အလွန် လေးနက်နေပါသည်။
ဤဓားတိုက်ခိုက်မှုသည် အလွန်အမင်း အစွမ်းထက်သော်လည်း၊ ယခုအချိန်တွင် ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော လိပ်နက်နန်းတော်၏ နန်းတော်သခင်ကို အနိုင်ယူခဲ့စဉ် တုန်းကကဲ့သို့ ဖြစ်နေပါသည်။ ဤဓားတိုက်ခိုက်မူသည် ချင်ယွင်၏ ဖရိုဖရဲ အနှစ်သာရ အားလုံးနီးပါးကို ဆုတ်ယုတ်သွားစေခဲ့ပါသည်။
ယခုအချိန်တွင် ချင်ယွင်၏ ဖရိုဖရဲ အနှစ်သာရသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်ပါသည်။ သူ့ကိုယ်သူ ယုံကြည်မှုမရှိတော့သည့်အခိုက်မှာ ဤကောင်းကင်ကပ်ဘေး ဒုက္ခကြီးသည် ပို၍ပင် အန္တရာယ်ရှိလာပေလိမ့်မည်။
"ဘုန်း….!"
ထိုအချိန်မှာပင် ကြောက်စရာကောင်းသည့် အသံတစ်ခု ကောင်းကင်ယံမှ ထွက်ပေါ်လာပါသည်။
ကြီးမားသော လက်ကြီးတစ်စုံက ကောင်းကင်ယံမှ ဆုတ်ဖြဲထွက်ပေါ်လာပြီး လျှပ်စီးလက်ဖဝါးကြီး တစ်ဖက်က ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
လျှပ်စီးလက်ဖဝါးကြီးတွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများ ပါဝင်နေပြီး မြေပြင်မှ မီတာတစ်သောင်းအကွာတွင် ရှိနေပါသေးသည်။ ချင်ယွင်၏ ခြေဖဝါးအောက် ရှိ မြေပြင်သည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြိုကျသွားပါသည်။ မူလက လှိုင်းထနေသောတောင်ကြီးသည် ယခုအခါ ကြီးမားသော ချိုင့်ဝှမ်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပါသည်။
ချင်ယွင်သည် ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို အပြင်းအထန် တွန်းလှန်ကာ လေထဲတွင် ရပ်နေပါသည်။ သို့သော်လည်း သူသည် ဤကြောက်မက်ဖွယ် အငွေ့အသက်မှ သုံးမီတာအကွာတွင် ပြိုလဲကျနေဆဲ ဖြစ်ပါ သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အဝေးမှ လူအားလုံးသည် စိတ်ချောက်ချားပြီး အာရုံခံစားမူများပင် ဆုံးရှုံးသွားလေသည်။
အခန်း (၅၉၅) ကြာပန်းနီကံကြမ္မာမီးလျှံ
“ဘန်း….။!"
ဤလျှပ်စီးလက်ဖဝါးက ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို မြေပြင်ပေါ်သို့ တိုက်ရိုက် ရိုက်ပစ်လိုက်လေသည် ။
မြေကြီးပြိုကျပြီး ကြီးမားသော တွင်းနက်ပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်တုန်ခါသည့် ပေါက်ကွဲသံက တိမ်တိုက်များကြားတွင် ပဲ့တင်ထပ် ထွက်ပေါ်နေသည်။
ချိုင့်ဝှမ်းတစ်ခုလုံးသည် ချက်ချင်းပင် လျှပ်စီးပင်လယ်အဖြစ် ပြောင်းလဲသွားသည်။ ကျောက်တုံးများအားလုံးသည် မည်းမှောင်သွားကာ အနက်ရောင်လျှပ်စီးတို့သည် ကောင်းကင်နှင့်မြေကြီးအနှံ့ ပြည့်နှက်နေလေသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်သည် နှိုင်းစား၍မရအောင် စိတ်ဆင်းရဲစရာ ကောင်းသည့် အခြေအနေဟု ဆိုနိုင်ပါသည်။ ဤလက်ဖဝါးရိုက်ချက်သည် လျင်မြန် လွန်းပြီး ပြင်းထန်လွန်းသည်ဟု ဆိုနိုင်ပြီး ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများ အက်ကွဲလုမတတ် ဖြစ်သွားခဲ့သည်။ အခုတော့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နာကျင်ကိုက်ခဲမှုတွေ ပြည့်နှက်နေသည်။
ကြောက်စရာကောင်းသည့် လျှပ်စီးလက်ဖဝါးကြီး သူ၏ခန္ဓာကိုယ်ကို လျှပ်စီးကြာပွတ် ဖြင့် ရိုက်နှက်သွားသကဲ့သို့ ဖြစ်သည်။ ၎င်းရိုက်ချက် ကျရောက်လာချိန်မှာ နီမြန်းသော သွေးစွန်းထင်းရာကြီး ကျန်ရစ်ခဲ့ပြီး အရိုးများကို ထိုးဖောက်လိုက်သကဲ့သို့ နာကျင်မူကို ခံစားလိုက်ရသည်။
အသက်ရှူသွင်းချိန် သုံးကြိမ်စာအတွင်းမှာ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးများဖြင့် ရွှဲနစ်နေလေပြီ။ သူသည် သွေးစွန်းနေသော လူသားအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏အတွင်းအင်္ဂါများအားလုံးကို အတိုင်းအတာတစ်ခုအထိ ပျက်စီး သွားစေခဲ့သည်။
အကယ်၍ ချင်ယွင်၏ရုပ်ခန္ဓာကိုယ်သည် ကြယ်ဖမ်းခြင်းနယ်ပယ်သို့ ဖြတ်ကျော်သွား ခြင်းကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ ဤလက်ဖဝါးရိုက်ချက်ကြောင့် ချင်ယွင်သည် မြေပြင်ပေါ်တွင် လှဲလျောင်းနေရဖို့ လုံလောက်နေပြီ ဖြစ်ပါသည်။
လျူရန်ယွင်သည် အဝေးမှတောင်ထိပ်ပေါ်ရှိ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ နှလုံးသားသည် နာကျင်ကိုက်ခဲသွားလေသည်။ သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျနေပြီး သူမ၏ သွားများနှင့် နှုတ်ခမ်းများမှ သွေးများပင် စီးကျလာသည်။ "တောင့်ခံထား…၊ ယွင်အာ… မင်း ဆက်ပြီး တောင့်ထားရမယ်" ဟု သူမက အဆက်မပြတ် ပြောနေပါသည်။
လျှိုလင်းသည် ချင်ယွင်ကို စူးစိုက်စိုက်စိုက် စိုက်ကြည့်နေစဉ်မှာ လေထဲတွင် လွင့်မျောနေသော ဧရာမကျောက်တုံးကြီးကဲ့သို့ သူမ၏နှလုံးသား လေးလံနေသည့် သူမ၏မျက်နှာသည် အလွန်အမင်း မှုန်မှိုင်းနေ၏။
ဘန်း….!
ဤကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လျှပ်စီးကြောင်းများသည် ဆယ်စက္ကန့် နီးပါးကြာအောင် ရှိနေခဲ့ပြီးနောက် လေထဲသို့ တဖြည်းဖြည်း ပျံ့လွင့်သွားပါသည်။
ကြီးမားပြီး လောင်ကျွမ်းနေသော ဧရာမတွင်းနက်ကြီးသည် လူတိုင်း၏မြင်ကွင်းထဲမှာ ပေါ်လာပါသည်။ ၎င်းသည် အစောပိုင်းက ချင်ယွင်ရိုက်နှက်ခဲ့သော လက်ဖဝါးရာ ထက်ပင် ပို၍ကြီးမားသော လက်ဖဝါးပုံကြီး ဖြစ်နေသည်။
ချင်ယွင်သည် တွင်းနက်ကြီးထဲမှ ထရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်စားများသည် ကြေမွစုတ်ပြဲနေပြီ ဖြစ်ပါသည်။ မူလက အဖြူရောင် ၀တ်စုံသည် ယခုအချိန်တွင် သွေးအနီရောင်ဆေးဆိုးထားပြီး သူ၏အသားအရည်က တောက်ပသော အနီရောင်အဖြစ် ပြောင်းလဲသွားပါသည်။
ချင်ယွင်သည် မတ်တပ်ထရပ်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်က တုန်ယင်နေသည်။ ဤလျှပ်စီးလက်ဖဝါးရိုက်ချက်က သူ၏အသက် တစ်ဝက်နီးပါးလောက်ကို ယူဆောင် သွားခဲ့ပါသည်။
ချင်ယွင်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင် ထွက်ပေါ်လာသည်။ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် သူ၏ဘေးတွင် ပေါ်လာပြီးနောက် လူအုပ်ကြီး၏ အံ့အားတသင့် အကြည့်များအောက်တွင် ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလေသည်။
လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် ပေါင်းစပ်ပြီးနောက်၊ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အကန့်အသတ်မရှိသော စွမ်းအားများဖြင့် ချက်ချင်း မြင့်တက်လာသည်။ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် သူ၏ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် တစ်ဖန် ပြင်းထန်စွာ လွှမ်းမိုးလာ ပြန်သည်။
"ကောင်းကင်ဘုံ၊ ဒီနေ့ မင်းကို သေတဲ့အထိ ငါ တိုက်မယ်။"
ချင်ယွင်က ကောင်းကင်ယံကို လက်ညိုးထိုးပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်ပါ သည်။
ချင်ယွင်၏ စကားကြောင့် ဒေါသထွက်ကာ တုံ့ပြန်လိုက်သကဲ့သို့ ကောင်းကင်ယံမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ဝှီး…..!
ထိုအချိန်မှာပင် ကောင်းကင်ယံမ အနီရောင်မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပါသည်။ ၎င်းသည် ကြာပန်းပုံသဏ္ဍာန်ရှိပြီး ချင်ယွင်၏ အနီးသို့ လျင်မြန်စွာ ရောက်ရှိလာသည်။
"ဟမ့်၊ နောက် ကောင်းကင်မီးလျှံလား။ ဒီကောင်းကင်မီးလျှံက ငါ့အတွက် အသုံးမဝင် ဘူး။"
ချင်ယွင်သည် ကောင်းကင်ယံရှိ လောင်ကျွမ်းနေသော ကြာပန်းပွင့်ကို ကြည့်လိုက်ရင်း သူ၏ပါးစပ်ထောင့်မှ အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
သို့သော် သူ ရယ်မောပြီးချိန်တွင် ချင်ယွင်၏အပြုံးသည် လုံးဝ အေးခဲသွားရသည်၊ အဘယ်ကြောင့်ဆိုသော် အနီရောင်ကြာပန်းမီးတောက်သည် ယခင် ကောင်းကင်မီးလျှံ နှင့် မတူကြောင်း သူ တွေ့ရှိလိုက်ရသောကြောင့် ဖြစ်ပါသည်။
"ဒါက သာမန်မီးလျှံမဟုတ်ဘူး။ ဒါက ဒဏ္ဍာရီလာ ကြာပန်းနီကံကြမ္မာမီးလျှံပဲ" ချင်ယွင် သည် ကောင်းကင်ယံရှိ ကြီးမားလှသော အနီရောင်ကြာပန်းမီးလျှံကြီးကို ကြည့်လိုက် ရင်း သူ၏နှလုံးသားသည် သေချင်စိတ်အပြည့် ဖြစ်လာသည်။
ကြာပန်းနီ ကံကြမ္မာမီးလျှံသည် ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး မီးတောက်များထဲမှ တစ်ခုဖြစ်သည်။ သင်၏ခန္ဓာကိုယ်သည် ကံတရား အတားအဆီး တွေနှင့် ညစ်ညမ်းနေသရွေ့ ဤကြာပန်းနီ ကံကြမ္မာမီးလျှံသည် သင်၏ခန္ဓာကိုယ် တစ်ခုလုံးကို လောင်ကျွမ်းစေလိမ့်မည်။ သင်၏ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်ကတောင် အတူတူ လောင်ကျွမ်းခံရလိမ့်မည်။ သင့်၏ခန္ဓာကိုယ်ရှိ ကံတရားအတားအဆီး အားလုံးကို လောင်ကျွမ်းပြီးမှသာလျှင် ကြာပန်းနီ ကံကြမ္မာမီးလျှံသည် ငြိမ်းသွားမည် ဖြစ်ပါသည်။
ချင်ယွင်သည် ကြီးကြီးမားမား မကောင်းမှု တစ်စုံတစ်ရာကို မလုပ်ခဲ့သော်ငြား သူ၏ လက်များသည် သွေးများ အနည်းနှင့်အများ စွန်းထင်းနေ၏။ ထို့ကြောင့် သူသည် ဤကံတရားအတားအဆီးကို ရှောင်လွှဲ၍ မရနိုင်တော့ပေ။ ထို့ကြောင့် ဤ ကြာပန်းနီ ကံကြမ္မာမီးလျှံသည် သူ့အတွက် အလွန်ကြမ်းတမ်းသော ညှဉ်းပန်းနှိပ်စက်မှုလည်း ဖြစ်ပါလိမ့်မည်။
ဝှီး….။
ကြာပန်းနီကံကြမ္မာမီးလျှံသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျဆင်းလာ ခဲ့ပြီး မီးတောက်မီးလျှံများက ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းသို့ သွန်းလောင်းလိုက် သည့်အလား ချက်ခြင်းပင် သူ့ကို တောက်လောင်သော မီးလူသားအသွင်သို့ ပြောင်းလဲ သွားစေခဲ့ပါသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော အပူချိန်သည် ချင်ယွင်၏ ခန္ဓာကိုယ်ကို လောင်ကျွမ်း သွားစေပြီး အရိုးကိုဝါးမျိုးနေသည့် ဝေဒနာမျိုးကို ချက်ချင်း ခံစားလိုက်ရသည်။ ထိုမျှတင်မကဘဲ ချင်ယွင်၏ နီဝမ်နန်းတော်ရှိ ခုနစ်ရောင်ခြယ် စိတ်ဝိညာဉ်အလင်းလုံး သည်လည်း နီမြန်းသောမီးတောက်မီးလျှံများ၏ လောင်ကျွမ်းမူကို ခံနေရပြီး သူ၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းနေခဲ့ပါသည်။
ချင်ယွင်သည် တစ္ဆေသရဲအော်သံနှင့် ဝံပုလွေအူသံကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် အော်သံကို ထုတ်လွှတ်နေပြီး ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ် ထွက်ပေါ်နေလေသည်။
အဝေးမှတောင်ပေါ်ရှိလူများသည် ထိုအော်ဟစ်သံကို ကြားလိုက်ရသည့်အခါ သူတို့၏မျက်ခုံးတွေက တင်းကြပ်စွာ တွန့်နေကြသည်။
ဤအော်ဟစ်သံတွေကို နားထောင်လိုက်ရုံနဲ့ သူတို့သည် အနှိုင်းမဲ့ နာကျင်မူကို ခံစားနိုင်ပါသည်။
ချင်ယွင်သည် အလွန်သနားစဖွယ် အနေထားမျိုးဖြင့် အသည်းအသန် မအော်ဟစ်ခင် သူသည် လျှပ်စီးကပ်ဘေးဒုက္ခအများပြားကို ခံစားဖူးပြီး ဖြစ်သည်။ ယခုလေးတင် လျှပ်စီးလက်ဖဝါးရိုက်ချက်ကြောင့် သေဆုံးလုနီးပါးဖြစ်သော်လည်း ချင်ယွင်က အသံမထွက်ခဲ့ပါဘူး။ ဤအနီရောင်မီးတောက်မီးလျံများသည် မည်မျှ ကြောက်စရာ ကောင်းသည်ကို တွေးကြည့်နိုင်ပါသည်။
လျူရန်ယွင်သည် ရှိုက်ကြီးတငင် ငိုကြွေးနေပြီး မြေပြင်ပေါ် ပြိုကျနေကာ၊ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း မျက်ရည်လူသားအဖြစ်သို့ပင် ပြောင်းလဲသွားရသည်။
ချင်ယွင်သည် နာကျင်လွန်းသဖြင့် မြေပြင်ပေါ်မှာ လူးလိမ့်နေပါသည်။ အနီရောင် မီးတောက်မီးလျှံများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ဆက်လက်လောင်ကျွမ်းနေပြီး ချင်ယွင်၏ ခေါင်းအထက်မှ အနက်ရောင်မီးခိုးများ ထွက်လာသည်။
ကြာပန်းနီကံကြမ္မာမီးလျှံသည် ကံတရား၏ အတားအဆီးများကို လောင်ကျွမ်းစေ ပြီးနောက် အနက်ရောင်မီးခိုးများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ဤအနက်ရောင် မီးခိုးတွေ ပို၍ထူထပ်လေ၊ ထိုလူ၏ခန္ဓာကိုယ်ရှိ ကံတရားအတားအဆီးက ပိုကြီးမားလေ ဖြစ်ပါသည်။
ကံတရားအတားအဆီး အားလုံးကို မလောင်ကျွမ်းပါက ကြာပန်းနီကံကြမ္မာမီးလျှံသည် မည်သည့်အခါမျှ ငြိမ်းသွားမည် မဟုတ်ပေ။
ထို့ကြောင့်၊ ကြာပန်းနီကံကြမ္မာမီးလျှံသည် ကြီးမားသော အပြစ်များကို ကျူးလွန်းထား သူတို့အတွက် ငရဲဘုရင်၏ တရားစီရင်ချက်နှင့် တူပါသည်။
ခန္ဓာကိုယ်ပေါ်ရှိ ကံတရားအတားဆီးများ အလွန်များပြားလွန်းသော လူများသည် ကံတရားအတားဆီးတွေကို လုံးလုံးလျားလျား မလောင်ကျွမ်းနိုင်ခင်မှာ သူတို့သည် မီးလောင်ကျွမ်းပြီး သေဆုံးသွားကြရသည်။
ကံကောင်းမူက ချင်ယွင်အပေါ်မှာ ရှိနေပါသည်။ အမွှေးတိုင်တစ်ချောင်းထွန်းစာ လောင်ကျွမ်းခံရပြီးနောက်၊ ချင်ယွင်၏ဦးခေါင်းထက်မှ မီးခိုးမည်းတွေက ပို၍ ပါးလာပါ သည်။ ၎င်းသည် နောက်ဆုံးတွင် လုံးဝ ပျောက်သွားပါသည်။ ထိုအချိန်ရောက်မှ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြာပန်းနီကံကြမ္မာမီးလျှံသည်လည်း လုံးဝပျောက်ကွယ်သွား သည် ။
ချင်ယွင်သည် ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်မှာ လဲကျနေပါသည်။ ကြာပန်းနီ ကံကြမ္မာမီးလျှံသည် သူ၏အသက်ကို မယူနိုင်ခဲ့သော်လည်း ချင်ယွင်၏ အသက် တဝက်သည် ဤနေရာတွင် လုံးဝရှင်းလင်းခံလိုက်ရသည်။
သို့သော်၊ ကြာပန်းနီ ကံကြမ္မာမီးလျှံသည် ချင်ယွင်အတွက် ကောင်းကျိုးလည်း ရှိပါသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်သည် အနှိုင်းမဲ့ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး သူ၏စိတ်ဝိညာဉ်တစ်ခုလုံးသည်ပင် နှိုင်းယှဉ်ပြ၍ မရအောင်ပင် လင်းလက်နေပါသည်။
ကျယ်လောင်သောအသံနှင့်အတူ အပြစ်အားလုံးသည် လောင်ကျွမ်းသွားခဲ့ပါသည်။ ယင်းသည် ချင်ယွင်ကို ဖိနှိပ်ထားသည့် တောင်ကြီးတစ်ခုကို ဖယ်ရှားလိုက်သလိုပါပင်။ ထုံးစံအတိုင်း၊ သူသည် ဖော်မပြနိုင်အောင်ပင် စိတ်လက်ပေါ့ပါးသွားသလို ခံစားရပါသည်။
"နောက်ဆုံး ကောင်းကင်ကပ်ဘေးဒုက္ခတစ်ခု ရှိနေပါသေးတယ်။" ချင်ယွင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထိုအချိန်မှာ သူသည် မလှုပ်နိုင်တော့ပါဘူး။ သူသည် ကောင်းကင်ကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်ပြီး ဤနောက်ဆုံး ကောင်းကင်ကပ်ဘေးဒုက္ခသည် ပို၍ နူးညံ့သိမ်မွေ့ရန် မျှော်လင့်နေပါသည်။
သို့သော်လည်း ကောင်းကင်ကြီးသည် သနားညှာတာမှု ကင်းမဲ့နေခဲ့သည်။ ဤအခိုက်အတန့်တွင် တုန်လှုပ်ချောက်ချားဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာပါသည်။
ကောင်းကင်ကြီး ရုတ်တရက် အက်ကွဲသွားကာ ကောင်းကင်ယံမှ လျှပ်စီးတိုင်လုံးတစ်ခု ဆင်းသက်လာကာ ချင်ယွင်ကို ပြင်းထန်စွာ တရစပ် တိုက်ခိုက်လာလေသည်။
ချင်ယွင်သည် လျှပ်စီးတိုင်လုံးကို မြင်သောအခါ ကောင်းကင်ဘုံကို ခုတ်ပိုင်းရန်အတွက် သူ၏ ဓားကို သုံးပြုချင်စိတ်ပင် ချက်ချင်း ခံစားလာရသည်။
ဤလျှပ်စီးတိုင်လုံးသည် အမှန်တကယ်အားဖြင့် ခရမ်းရောင်၊ အပြာ၊ အနက်၊ အနီ၊ အဝါ၊ အားဖြင့် ငါးရောင်ခြယ်လျပ်စီး ဖြစ်နေပါသည်။ အနှစ်တစ်သောင်းအတွင်းမှာပင် မပေါ်ထွန်းခဲ့သော ဒဏ္ဍာရီလာငါးရောင်ခြယ် ကောင်းကင်လျှပ်စီးသည် ယခုလို ပုံစံမျိုးဖြစ်သော ချင်ယွင်ဆီသို့ အပြင်းအထန် တိုက်ခိုက်လာချေပြီ။
ချင်ယွင်သည် ဂရုမစိုက်ဘဲ မနေနိုင်တော့ချေ။ ထို့ကြောင့် သူသည် ကြောက်မက်ဖွယ်ကောင်းသော ငါးရောင်ခြယ် ကောင်းကင်လျှပ်စီးကို အပြင်းအထန် တိုက်ခိုက်ရန်အတွက် သူ၏ခွန်အားအားလုံးကို အလျင်အမြန် စုစည်းလိုက်ပါသည်။
ယခုတစ်ကြိမ်တွင် အနက်ရောင်လျှပ်စီး နဂါးငယ်လေးသည် ပေါ်မလာတော့ပေ။ ထို့ကြောင့် ချင်ယွင်၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော ငါးရောင်ခြယ် ကောင်းကင်လျှပ်စီးကို ထိလိုက်လိုက်သည်နှင့် သူ၏ရင်ဘတ်တစ်ခုလုံးသည် ငါးရောင်ခြယ် ကောင်းကင်လျှပ်စီးကြောင့် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားခဲ့ပါသည်။
ထန်းရွှေတောင်တန်းတစ်ခုလုံးရှိ တောင်ထွတ်များအားလုံးသည် ယခုအခိုက်အတန့် တွင် အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ ကျယ်လောင်သော ပဲ့တင်ထပ် တုန်ခါ အသံများက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေခဲ့သည်။ ထိုမြင်ကွင်းကြောင့် ကြည့်ရှုသူများလည်း ထိတ်လန့်သွားပြီး အဝေးဆီသို့ အလျင်အမြန် ပြေးသွားကြသည်။