အခန်း (၉၃)
Vol. 10 Ch. 93
ဘဝ၏ ဆန်းကြယ်သည့် အရာများမှာ တောက်ပသော်ညား ကြာရှည်မခံပေ။
သူ၏ ညီမလေးမှာ သေဆုံးသွားသည်ကို ယွမ်စစ်သိလိုက်ရချိန်တွင် မျက်နှာအမူအယာမှာ သိပ်မပြောင်းလဲ သွားခဲ့ပေ။
သူဖုန်းချလိုက်ကာ ထိုင်ခုံကို အားပြုလိုက်ပြီး ဖြေညှင်းစွာထကာ အရှေ့သို့ လျှောက်သွားခဲ့သည်။ အနည်းငယ် လှုပ်ရှားပြီးနောက် ပိတ်ထားသည့် ဗီရိုရှေ့သို့ ရောက်သွားခဲ့၏။
သူ သော့ထုတ်လိုက်ကာ တံခါးကို ဖွင့်လိုက်သည်။ အထဲတွင် လှပသည့် လက်ဆောင်များ၊ စိန်များ စီခြယ်ထားသည့် ဝက်ဝံရုံများ၊ ပြင်သစ် Leo D'or ကိုယ်တိုင် ရေးဆွဲထားသည့် ပို့စကတ်များနှင့် ဥတ္တရရောင်စဥ်တန်းအောက်က မိုးရေစက်များနှင့် ပြည့်နေသည်။
နာမည်ကြီးတစ်ယောက် ဖြစ်လာပြီးနောက် တစ်ခါတရံတွင် ကမ္ဘာတစ်ဝန်း လှည့်လည်ဖျော်ဖြေရလေ့ရှိသည့် ယွမ်စစ်သည် ထိုပစ္စည်းများကို တွေ့ချိန်၌ အတွေးတစ်ခုသာရှိ၏။
အာ သူကြိုက်လောက်မှာပဲ။
ထိုအတွေးကြောင့် သူဝယ်ခဲ့ပါသော်လည်း မောင်နှမများမှာ စိမ်းနေကြသဖြင့် သူမအား ဘယ်တော့မှ မပေးဖြစ်ခဲ့ချေ။
သေချာပြန်စဥ်းစားကြည့်မည်ဆိုလျှင် သူသည် အစ်ကိုကောင်းတစ်ယောက် မဟုတ်ပေ။
ယွမ်လော့ရီ တဖြေးဖြေးကြီးပြင်းလာသည်နှင့် အမျှ လူဆိုးများမှာ အပြင်ဘက်၌ ရှိနေခြင်းမဟုတ်ပဲ အထဲတွင်ရှိနေကာ ခြုံပုတ်ကြားထဲ၌ ပုန်းအောင်းနေသည့် သူမ၏ စတုတ္ထအစ်ကိုဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။
သူကိုယ့်သူ အမှန်ပြန်ပြင်လို့ မရနိုင်တော့သည့် လူဆိုးတစ်ယောက်ဖြစ်မှန်း ယွမ်စစ်သိသည့်အတွက် သူကိုယ်သူ ထိန်းဖို့ ကြိုးစားကာ ယွမ်လော့ရီနှင့် လုံခြုံသည့် အကွာအဝေးတွင် နေဖို့ရာ လုပ်ခဲ့ဖူးသော်ငြား အမြဲတစေ ကျရှုံးခဲ့၏။
သူအမြဲတစေ မျက်စိကျနေခဲ့သည့် ရတနာအား ဖမ်းဆုပ်မိသွားချိန်တွင် သူ၏ လက်များမှာ သားကောင်မလွတ်အောင် ချောင်ပိတ်ဖမ်းထားသည့် မြွေဟောက်တစ်ကောင်ကဲ့သို့ တင်းကြပ်နေသော်ငြား သားကောင်မှာ အေးစက်ကာ အသက်မဲ့နေ၏၊
သူ့ရဲ့လက်ထဲမှာပဲ သူမ သေဆုံးသွားတော့မည်။
သူ၏ ညီမလေးမှာ သူ့အား လက်မခံနိုင်ခဲ့ပေ။
သို့ပေမဲ့ ယွမ်စစ်မှာ သူ့ညီမလေး၏ ကမ္ဘာထဲမှလည်း မပျောက်ကွယ်သွားချင်၍ အချိန်အများစုကို ပျင်းရိခြင်းဖြင့် ကုန်ဆုံးတတ်သူက သူ့အား သူ့ညီမလေး မိုင်ပေါင်းထောင်ချီအကွာကနေတောင် မြင်နိုင်လောက်သည့် စင်မြင့်ပေါ်သို့ ရောက်အောင် ပို၍ ကြိုးစားအားထုတ်၏။
ယခု သူအလေးထားဆုံး အရာမှာ ပရိသတ်များ သူ့ဖျော်ဖြေမှုကို ထပ်လာမကြည့်တော့မည်ကို မဟုတ်ပေ ။
သေချာပေါက် လက်စားချေရမယ်။
နှစ်ပေါင်းများစွာ မရေတွက်နိုင်သည့် အမျိုးကောင်းသမီးလေးများနှင့် အမျိုးကောင်းသားများမှာ ယွမ်စစ်အပေါ် ရူးသွပ်နေကြ၏။
ယွမ်စစ်မှာ မတူညီသော လူများရှေ့၌ မတူညီသည့် ပုံစံရှိကာ တစ်ခါတရံတွင် လွမ်းဆွေးကာ သနားစရာကောင်းပြီး တစ်ခါတရံတွင် ကိုယ်ကျင့်တရားမရှိကာ ဆွဲဆောင်မှု ရှိသည့်ပုံပေါက်၏။
မျှော်လင့်ချက်မဲ့နေသော လူများမှာ သူတို့၏ လက်များကို ဆန့်ထုတ်ထားကြပြီး မရေတွက်နိုင်သည့် လက်များမှာ ယွမ်စစ်၏ အင်္ကျီစအား ဆွဲနေကြပြီး သူ၏ ဂရုဏာအား တောင်းဆိုနေကြကာ သူတို့ရှေ့ရှိ နတ်ဘုရားထံမှ ကယ်တင်ခံရဖို့ စောင့်ဆိုင်းနေကြသည်။
ယွမ်စစ် သူ၏ ဝတ်ရုံအား ဂရုဏာတရားမဲ့စွာပင် ချွတ်ချလိုက်ကာ သူတို့အား သိမ်မွေ့နူးညံ့စွာဖြင့် ချောက်နက်ထဲသို့ ခုန်ချစေရန် ဆွဲဆောင်နေ၏။
ထိုလူများမှာ သူ၏ ညီမလေးအား နာကျင်ခဲ့သည့် သူများကို ရှာဖွေကြမည်ဖြစ်ပြီး ၎င်းတို့၏ အသက်မဲ့နေသည့် ခန္ဓာကိုယ်များအား ယွမ်စစ်ကို ပေးကြမည်ပင်။
ယွမ်စစ်ကို ပျော်ရွှင်စေဖို့အတွက် သူတို့၏ နည်းလမ်းမှာ ပို၍ ရက်စက်လာကာ ပိုမို သတ်ဖြတ်လာကြပြီး အော်ဟစ်လာကြသည်။
“သူ့ကို ခေါင်းဖြတ်ရုံနဲ့ မလုံလောက်ဘူး သူ့ဇနီးနဲ့ ကလေးတွေလည်း ပြန်ပေးဆပ်ရမယ်”
“အသက်ရှင်နေသေးတဲ့ လူအားလုံးကို သတ်ပစ်လိုက်”
“သေပြီးတဲ့ သူတွေရဲ့ အလောင်းကို ပြန်တူးပြီးတော့ ဖျက်ဆီးပစ်ကြ”
ကြောက်မက်ဖွယ် ကောင်းသည့် သတ်ပွဲကြီးမှာ စတင်လာကာ မမှောင်ခင်၌ပင် ထိုလမ်းများမှာ ခြောက်ကပ်နေပြီး မည်သူထပ်သေမည်ကို ဘယ်သူမှ မသိနိုင်ကြပေ။
အဆုံးမသတ်နိုင်သည့် အော်ဟစ်ငိုယိုသံများကို နားထောင်နေရပါသော်လည်း ယွမ်စစ်၏ စိတ်ခံစားချက်များမှာ မပြောင်းလဲ သေးပေ။
မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် ရုတ်တရက် မီးခိုးရောင် တိမ်လွှာများကြားထဲမှ နေရောင်ခြည်များ ထိုးထွက်လာကာ စိုစွတ်နေသည့် မြက်ခင်းပြင်ပေါ်၌ အလင်းတန်းများ ထွက်ပေါ်လာ၏။
ပတ်ဝန်းကျင်မှာ အသက်ပြန်ဝင်လာကာ အကိုင်းအခတ်များနှင် အရွက်များ ဆန့်ထွက်လာပြီး စိမ်းလန်းစိုပြေသည့် အကွက်များ ပေါ်လာကာ လန်းဆန်းနေသည့်ပုံ ပေါက်၏။
ပြတင်းပေါက်အပြင်ဘက်ရှိ ရှူခင်းအား ကြည့်နေရင်း ကလေးဘဝက မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းရသည့် သက်တောင့်သက်သာဖြစ်မှုကို ယွမ်စစ် ရုတ်တရက် သတိရသွားသည်။ သူ သေချာမနားခဲ့ရသည်မှာ အချိန်အတော် ကြာပြီပင်။
ညဘက်၌ သူမည်မျှပင် အိပ်ဆေးများ သောက်နေပါစေ မအိပ်ပျော်နိုင်ချေ။
ယနေ့တွင် ရာသီဥတုမှာ ကောင်းနေကာ မအေးစက်နေပဲ ပိုအိပ်ပျော်စေနိုင်ဖို့ လမ်းလျှောက်ထွက်လို့ ကောင်းလောက်မည့် လေပြေလေးများ တိုက်ခတ်နေ၏။
ထိုကြောင့် ယွမ်စစ် အပေါ်ထပ်အင်္ကျီ ပါးပါးအား ဝတ်ကာ တံခါးဖွင့်ပြီး ထွက်လာခဲ့သည်။
မိုးရွာပြီးနောက် ထွက်လာသည့် နေလုံးကြီးမှာ လန်းဆန်းသော မြက်နံ့အား သယ်ဆောင်ထားပြီး ကြေးပစ္စည်းဆိုင် ဆိုင်းဘုတ်မှာလည်း သန့်ရှင်းသွားခဲ့ကာ ရွှေရောင် တောက်ပနေခဲ့၏။
ဆက်လက်ဖြစ်ပွားနေသည့် လူသတ်မှုများကြောင့် လူများ ကြောက်ရွံ့နေကြသော်ညား ယနေ့ နေရောင်ခြည်လေးမှာ ကောင်းလွန်းသဖြင့် လူများအုပ်စုလိုက် ထွက်လာကြကာ ဆိုင်များထဲတွင် ရှာဖွေကာ လိုအပ်သည်များကို ဝယ်ယူနေကြ၏။
ထိုးဖောက်မြင်ရသော ပြတင်းပေါက်ရှေ့၌ ယွမ်စစ်ရပ်တန့်သွားခဲ့သည်။ ထိုနေရာရှိ အနားသတ်များတွင် ဒေစီပန်းအပြာရောင်များ ထိုးထားသည့် အဖြူရောင် ဝတ်စုံတစ်စုံ ရှိနေခဲ့သည်။
သူ၏ ညီမလေးမှာ ဆယ့်ရှစ်နှစ်ရှိပြီ ဖြစ်ပြီး ထိုဂါဝန်မှာ သူမနှင့် ကွက်တိတော်နေမည် ဖြစ်ကာ သူမ၏ မျက်လုံးများကို တောက်ပသွားစေမည်ဖြစ်၍ သူထိုဂါဝန်အား အမှန်တကယ်ပင် ကြိုက်နှစ်သက်လောက်၏။
ယွမ်စစ်အထဲသို့ဝင်ကာ ဝယ်ဖို့ ပြင်လိုက်ချိန်တွင် သူမမှာ သေဆုံးသွားပြီး ဖြစ်သည်ကို အမှတ်ရသွားခဲ့၏။
သူမ ထွက်သွားသည်မှာ ရုတ်တရက်ဆန်လွန်း၍ ယွမ်စစ်ကို သူမရှိနေသေးသည်ဟု အမြဲတစေ ခံစားရစေပြီး ထိုအခိုက်အတန့်၌ သူမအား ဘယ်သောအခါမှ ထပ်မမြင်နိုင်တော့မည်ကို သူ သဘောပေါက်သွားခဲ့၏။
သူ ပြင်ဆင်ထားခဲ့သည့် လက်ဆောင်များမှာလည်း ဘယ်တော့မှ ပေးပို့ခြင်း ခံရမည် မဟုတ်တော့ပေ။
စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုမှာ ငလျင်ကဲ့သို့ပင် ဖြစ်ပြီး ပြင်းထန်သည့် နာကျင်မှုမှာ တစ်ခဏချင်း ထွက်လာကာ သူ၏ လည်ပင်းမှာ အညှစ်ခံနေရသကဲ့သို့ ခံစားလာရပြီး ယွမ်စစ် အသက်မရှူနိုင်တော့ပေ။
သူသည်လည်း စိတ်ပိုင်းဆိုင်ရာ အတက်အကျ မရှိသောသူ မဟုတ် သူသည် နာကျင်မှုအား ထုံကျင်နေခြင်း ဖြစ်၏။
နောက်သို့ ပြန်ဆုတ်ရင်း ယွမ်စစ်မှာ ခေါင်းကိုက်လာပြီး သူ၏ ခံနိုင်ရည်အား ကျော်လွန်သွားခဲ့သည်။
သူသည် လောကကြီးကို အထင်အမြင်သေးပြီး မွေးဖွားလာခဲ့ကြောင်း အမှတ်ရသွားပြီး သူ့ညီမလေး၏ တည်ရှိမှုကြောင့်သာ ထိုညစ်ညမ်းသည့် လောကကြီး၌ နေထိုင်ခဲ့ကာ မနာလိုမှုက ယူဆောင်လာပေးသည့် ခါးသီးမှုများအား ကြံ့ကြံ့ခံခဲ့ရသည်။
“တောက်”
သူ၏ လက်ကောက်ဝတ်မှ သွေးများကျလာကာ အဖြူရောင် ကြွေပြားပေါ်တွင် အနီရောင်များ ဖြစ်ပေါ်လာစေခဲ့၏။
ရေချိုးကန်မှာ ရေများနှင့် ပြည့်နေကာ သူဝင်စိမ်လိုက်ပြီး နွေးထွေးမှုနှင့် လွှမ်းခြုံခံထားရသည့် ခံစားချက်အား ယွမ်စစ်သဘောကျသဖြင့် ဤနေရာ၌ သေဖို့ သူဆုံးဖြတ်လိုက်၏။
“ဘန်း”
အပြင်ဘက်မှ အသံတစ်သံထွက်လာသော်ငြား ယွမ်စစ် မလှုပ်ရှားချင်နေခဲ့ပေ။
သူခိုးများလား။
ယွမ်စစ် မသိသော်ငြား ဖွင့်ထားခဲ့သည့် ဗီရိုအား တွေးမိသွား၏။ ထိုလက်ဆောင်များမှာ မပို့၍ ရသော်ညား အခြားသူတစ်ဦး၏ လက်ထဲသို့ ရောက်သွား၍ မရချေ။
ယွမ်စစ် ရေချိုးကန်ထဲမှ ထွက်လာပြီး ရေစက်များ ကျနေသော်လည်း ပဝါတစ်ခုအား ဆွဲ၍ ကပိုကရိုပတ်လိုက်ကာ အေးစက်နေသည့် ကြမ်းပြင်ပေါ်၌ ခြေဗလာဖြင့် လျှောက်သွားခဲ့သည်။
“တောက်”
သွေးများမှာ သူ၏ လက်ကောက်ဝတ်မှ ထွက်နေဆဲပင်။
သူသည် ဖြူဖျော့ကာ မှုန်မှိုင်းနေပြီး တစ်ကိုယ်လုံး စိုရွှဲနေ၏။
ထောင့်တစ်ထောင့်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူရပ်သွားကာ သူ၏ နှလုံးသားမှာလည်း ပြင်းထန်စွာ ခုန်နေပြီး သူ့အရှေ့ရှိ ဆယ်တစ်နှစ်အရွယ် ညီမလေးအား စိုက်ကြည့်နေ၏။
ယွမ်ကျန်းဟိုင်၏ စကားလုံးများမှာ သူ၏ နားထဲ၌ တဝဲလည်လည်ဖြစ်နေ၏။
“မြေးမှာ အရည်အချင်းကောင်းတွေရှိတယ် အဘိုးငယ်တုန်းကနဲ့ အတော်လေးတူပေမဲ့ မင်းမှာ ချို့ယွင်းချက်တစ်ခု ရှိတယ် အဲဒါက မင်းမှာရည်မှန်းချက်မရှိတာပဲ အဲတာကြောင့်မလို့ မင်းဘာလုပ်လုပ် စိတ်မပါဘူး ဖြစ်နေလိမ့်မယ်”
“ဒါပေမဲ့ စိတ်မပူနဲ့ မြေး မင်းတစ်နေ့ကျရင် ရှိလာလိမ့်မယ်”
“ပြီးတော့ သူ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ မင်းတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိမ့်မယ်”
ယွမ်စစ် လက်လှမ်းလိုက်ပြီး ယွမ်လော့ရီ၏ သေးသွယ်သော လက်မောင်းလေးအား ကိုင်လိုက်ကာ သူမ၏ ကြီးမားသည့် မျက်လုံးကြီးများမှာ သူ့ကို ကြည့်နေပြီး သူ၏ ပုံရိပ်ယောင်ပေါ်နေသည့် ကြည်လင်သော ရေကန်တစ်ကန်ကဲ့သို့ပင်။
သူမမှာ သူ၏ ရည်မှန်းချက်ပင်။