အခန်း (၉၄)
Vol. 10 Ch. 94
[ဆိုးရွားသော စွဲလမ်းမှု]
ယွမ်စစ်မှ ယွမ်လော့ရီအား ဖမ်းမိသောအခါ သူမသည် အနည်းငယ် စိတ်လှုပ်ရှားနေဆဲပင်။
အဘယ်ကြောင့်ဆိုသော် လော့ရီသည် သွေးနံ့ကို ရရှိခဲ့ပြီး ထိုအနံ့မှာ ယွမ်စစ်ထံမှ လာခြင်းဖြစ်၏။
သူ၏ လက်မှ သွေးများက အောက်သို့ စီးကျနေပြီး ကြောက်မက်ဖွယ် ဒဏ်ရာသည် သူ၏ လက်ကောက်ဝတ်တစ်ဝိုက်တွင် အနီရောင်ချည်မျှင်ကဲ့သို့ ရစ်ပတ်နေသည်။
အဖြူရောင်ရှပ်အင်္ကျီမူ သွေးများ စိမ့်လျက် အနီရောင် ဖျော့ဖျော့ အသွင်ပေါ်ကာ သူ၏ ခန္ဓာကိုယ်နှင့် တင်းကျပ်စွာ ကပ်ငြိနေပြီး အောက်ရှိ အသားနှင့် အရိုးတို့၏ ကောက်ကြောင်းများက်ု မှေးမှိန်စွာ ထုတ်ဖော်ပြသနေခဲ့၏။
ရေစက်များမှာ သူ၏ ဆံပင်မှ ဆက်တိုက် စီးကျနေပြီး လည်ပင်းကောက်ကြောင်းအတိုင်း စီးဆင်းကာ ညှပ်ရိုးတွင် စုဝေးလျက် သွေးနီရောင် ရေအိုင်တစ်ခုကို ဖန်တီးနေသည်။
ဤအရာများအားလုံးက လွန်ခဲ့သော အချိန်ခဏက ယွမ်စစ်မှ သူ၏ အသက်ကို အဆုံးသတ်ရန် ကြိုးပမ်းခဲ့ကြောင်း သက်သေပြနေ၏။
ယွမ်လော့ရီ၏ မှတ်ဉာဏ်ထဲတွင် သူမ၏ စတုတ္ထအစ်ကိုမှာ ပျင်းရိသူတစ်ဦးဖြစ်ပြီး အိမ်နှင့် ဝေးရာ၌ အမြဲတစေ အလုပ်လုပ်နေကာ ပြန်လာသည်က ခဲယဥ်းလှ၏။ သို့သော် သူ ပြန်လာသောအခါတိုင်း သူမအား တင်းကျပ်စွာ ပွေ့ဖက်ခြင်း၊ သူမ၏ ဆံပင်ကို ထိုးဖွခြင်း၊ သူမ၏ မျက်နှာလေးကို တို့ထိခြင်းနှင့် လှပသော လက်ဆောင်ပစ္စည်းလေးများ ပေးလေ့ရှိသည်။
သို့သော် ယခုလက်ရှိ ယွမ်စစ်မူ ယခင်ကနှင့် အလွန်ကွာခြားလှ၏။ တစ်ချိန်က လျစ်လျူရှုတတ်သည့် မျက်လုံးများတွင် မီးလျှံများ ရုတ်တရက် တောက်လောင်လာပြီး သူ၏ ဒဏ်ရာရထားသော လက်ကောက်ဝတ်ကို လုံးဝ အမှုမထားဘဲ ယွမ်လော့ရီအား စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။
ယွမ်လော့ရီက ပြော၏။ “စတုတ္ထကိုကို၊ ကိုကို့ရဲ့ လက်ကောက်ဝတ်က ဒဏ်ရာရနေတယ် မြန်မြန် သွေးတိတ်အောင် လုပ်ပြီး ပတ်တီးစည်းလိုက်ပါ”
ယွမ်စစ်က သူ၏ ဒဏ်ရာမှ နာကျင်မှုကို မခံစားရသကဲ့သို့ ဒဏ်ရာကို ကုသရန် စိတ်လည်း မရှိပေ။ သူသည် ယွမ်လော့ရီအား လိုလားတပ်မက်လုနီးပါး အကြည့်ဖြင့် စိုက်ကြည့်နေကာ ပြန်လည်တွေ့ဆုံရခြင်း၏ ပီတိဝေဖြာမှုတွင် လုံးဝ နစ်မြုပ်နေလေသည်။
သူသည် သူ၏ လက်ကို မြှောက်လိုက်ရာ ဖြူဖျော့နေသာ လက်ဖမိုးအား ကွေ့ကောက်နေသည့် အနီရောင် အစင်းကြောင်း အချို့ဖြင့် တန်ဆာဆင်ထား၏။
သူ၏ ရေခဲကဲ့သို့ အေးစက်သော လက်ချောင်းထိပ်များက ယွမ်လော့ရီ၏ အရေပြားကို ဖိလိုက်သောအခါ သူမသည် ကျောမချမ်းဘဲ မနေနိုင်ခဲ့ပေ။ ထိုအေးစက်မှုက သူမ၏ မျက်နှာကောက်ကြောင်းများကို ခြေရာကောက်၍ ပွတ်ဆွဲသွားပြီး မျက်လုံးများတစ်ဝိုက်သို့ ရောက်သောအခါ ယွမ်လော့ရီမှ မျက်လုံးများကို မှိတ်လိုက်ရာ သူမ၏ ထူထဲသော မျက်တောင်များက ယွမ်စစ်၏ လက်ချောင်းများကို ထိမိသွားသည်။
ယွမ်စစ်က ရေရွတ်လိုက်၏။ “မင်းက တကယ် ရှိနေတာပဲ၊ ငါ့မှတ်ဉာဏ်ထဲကအတိုင်းပဲ…”
ယွမ်လော့ရီ၏ လက်မောင်းကို ဆုပ်ကိုင်ထားသော လက်က ရုတ်တရက် တင်းကြပ်သွားခဲ့ရာ သူ့ထံမှ လော့ရီက ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည့်အလားပင်။
သူ၏ နက်မှောင်သော သူငယ်အိမ်များက စိတ်လှုပ်ရှားမှုဖြင့် ရုတ်တရက် ကျယ်ပြန့်လာကာ အညိုရောင် မျက်ဝန်းများကို ပါးလွှာသော ကွင်းတစ်ခုအဖြစ် ဖိသိပ်လိုက်သည်။
ယွမ်စစ်၏ ခန့်ညားသော မျက်နှာမှာ မနှစ်မြို့ဖွယ် ပျော်ရွှင်သော အမူအရာကို ဆောင်နေပြီး သူ၏ မျက်လုံးများရှိ မီးလျှံများက ပြင်းထန်စွာ တောက်လောင်နေ၏။
“ဒါက နိမိတ်ပဲ ညီမလေး ကိုကို့နားကို ပြန်ရောက်လာပြီ”
ယွမ်လော့ရီမှ သေးငယ်သော
လှုပ်ရှားမှုများဖြင့် မသက်မသာ ရုန်းကန်သော်လည်း ယွမ်စစ်က သူမအား ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူ၏ လက်ကောက်ဝတ်ကို အားပါပါဖြင့် ဆောင့်ဆွဲလိုက်ရာ မူလက ပိန်သွယ်ပြီး သေးငယ်သော ယွမ်လော့ရီမူ ဆောင့်ဆွဲခြင်း ခံလိုက်ရပြီး ယွမ်စစ်၏ ရေခဲကဲ့သို့ အေးစက်၊ စိုစွတ်၍ သွေးနံ့များ လှိုင်လှိုင်ထနေသော ရင်ခွင်ထဲသို့ တရှိန်ထိုး ကျရောက်သွားခဲ့၏။
ယွမ်စစ်သည် ညီမလေးကို ပွေ့ဖက်ထားရင်း သူမ၏ ဆံပင်ကို ချစ်ခင်စွာ ပွတ်သပ်၍ သူ၏ ပါးကို ယွမ်လော့ရီ၏ ပါးနှင့် တင်းတင်းပူးကပ်ထားရာ သူ၏ နူးညံ့သော အသက်ရှူသံက သူမ၏ လည်ပင်းကို ပွတ်သပ်နေသည်။
ယွမ်စစ်က ပြုံး၍ ဆိုသည်။ “ညီမလေးကို ကိုကို့ဆီကနေ ဘယ်သူမှ ထပ်ပြီး ခေါ်သွားလို့ မရတော့ဘူး”
ထိုအချိန်တွင် ယွမ်လော့ရီက ယွမ်စစ်မှာ သူမအပေါ် အန္တရာယ်အရှိဆုံး အစ်ကိုဖြစ်ကြောင်း နားလည်လိုက်၏။။ သူ၏ ထိန်းချုပ်လိုစိတ်က အင်မတန် ပြင်းထန်လှလေသည်။
ဤ အသက်ရှူကျပ်စေသော ပွေ့ဖက်မှုတွင် သူမသည် ရုန်းကန်နိုင်ခြင်း၊ ထွက်ပြေးနိုင်ခြင်း မရှိသကဲ့သို့ သူမ၏ ဒဏ်ရာရထားသော စတုတ္ထအစ်ကိုအား ထားပစ်ခဲ့ရန်လည်း ဝန်လေးနေလေ၏။
ယွမ်လော့ရီက ယွမ်စစ်၏ ရင်ခွင်ထဲ၌ လက်မြှောက်အရှုံးပေးလိုက်ပြီး သူ ကျေနပ်သည်အထိ စောင့်ဆိုင်းနေသည်။
အတိတ်ကာလ၌ ယွမ်လော့ရီက ရုန်းကန်လေလေ ယွမ်စစ်က သူမကို ပိုမိုတင်းကျပ်စွာ ဖက်ထားလေလေပင်။ သို့သော် သူမသည် ကျိုးနွံသော ယုန်ငယ်လေးကဲ့သို့ ငြိမ်သက်စွာ နေပါက ဤအလွန်ဆာလောင်နေသည်။ စပါးအုံးမြွေက သူ၏ ခွေပတ်မှုအား တဖြည်းဖြည်း ဖြေလျော့ပေးလိမ့်မည်။
နောက်ဆုံး၌ ယွမ်စစ်သည် အင်တင်တင်ဖြင့် သူမအား လွှတ်ပေးလိုက်၏။
ယွမ်လော့ရီက သူ၏ လက်ကောက်ဝတ်မှ သွေးများ ဆက်တိုက် စီးကျနေသည်ကို တွေ့နေရသဖြင့် ပြောသည်။ “စတုတ္ထကိုကို၊ ကိုကို့ရဲ့ ဒဏ်ရာကို ပတ်တီးစည်းပေးပါရစေ”
ယွမ်စစ်က ပြော၏။ “ရပါတယ် ရေမစိုရင် သွေးက သူ့ဘာသူ ခဲသွားလိမ့်မယ်၊ ဖြည်းဖြည်းချင်း စီးတာလည်း ရပ်သွားပါလိမ့်မယ်”
ထိုသို့ ပြောသော်လည်း ယွမ်လော့ရီက သူမ၏ စတုတ္ထအစ်ကိုတစ်ယောက် ဆက်လက်သွေးထွက်နေသည်ကို မကြည့်ရက်နိုင်ခဲ့ပေ။
သူမ၏ လက်သေးသေးလေးက သူ၏ ကြီးမားသော လက်ကို ဆုပ်ကိုင်လျက် ယွမ်လော့ရီသည် ယွမ်စစ်အား နူးညံ့သော ဇိမ်ခံ ဆိုဖာပေါ်တွင် ထိုင်ရန် ခေါ်ဆောင်သွားသည်။ သူမသည် ဗီရိုတစ်ခုကို ခဏတာ ရှာဖွေပြီး ဂွမ်းနှင့် အရက်ပြန်ကို ထုတ်ယူခဲ့၏။
ပစ္စည်းများ လက်ထဲရောက်သည်နှင့် ယွမ်စစ်ဘေးတွင် ထိုင်ကာ ဒဏ်ရာကို စတင် သန့်ရှင်းရေးလုပ်သည်။ သို့သော် သွေးအချို့ကို သုတ်လိုက်သည်နှင့် ပို၍များပြားသော သွေးများက ချက်ချင်းဆိုသလို စိမ့်ထွက်လာ၏။
ယွမ်လော့ရီ၌ အခြားရွေးချယ်စရာ မရှိတော့ဘဲ ဂွမ်းကို ဒဏ်ရာပေါ် တင်လိုက်ပြီး တင်းကျပ်စွာ ဖိထားလိုက်သည်။
“ဟစ်!”
ယွမ်စစ်က အသက်ကို ရှိုက်သွင်းလိုက်ပြီး နောက်ဆုံးတွင် နာကျင်မှုကို ခံစားလိုက်ရ၏။
သို့သော် ဤသည်မှာ သူ၏ ညီမလေးက သွေးတိတ်အောင် လုပ်နေခြင်းဖြစ်သောကြောင့် မလှုပ်ရှားခဲ့ပေ။ သူသည် ယွမ်လော့ရီ၏ လှုပ်ရှားမှုတိုင်းကို ပြင်းထန်စွာ အာရုံစူးစိုက်ထားပြီး လွှမ်းမိုးခြယ်လှယ်သော အကြည့်ဖြင့် စောင့်ကြည့်နေသည်။
ခဏအကြာတွင် ယွမ်လော့ရီက သွေးတိတ်သွားပြီဟု သေချာသွားသည်။
သူမသည် နီရဲနေသော ဂွမ်းကို ဖယ်ရှားကာ ဒဏ်ရာပေါ်တွင် ဂွမ်းစအသစ်ဖြင့် အစားထိုး၍ ပတ်တီးများဖြင့် ပတ်လိုက်၏။
ဒဏ်ရာကို ကုသပြီးသွားသော်လည်း ယွမ်စစ်မူ ခေါင်းမှ ခြေဖျားအထိ ရေစိုရွှဲနေဆဲဖြစ်၏။
သူမ၏ စတုတ္ထအစ်ကိုမူ အအေးဓာတ်ကို မုန်းတီးသူဖြစ်ကြောင်း ယွမ်လော့ရီတစ်ယောက် မှတ်မိသည်။ ထို့ကြောင့် သူမက မေး၏။ “ကိုကို အေးနေလား”
ယွမ်စစ်က ဖြေသည်။ “နည်းနည်းတော့ အေးတယ်”
ယွမ်လော့ရီက ထွက်သွားရန် ထရပ်လိုက်သော်လည်း ယွမ်စစ်သည် သူမ၏ လက်ကို ရုတ်တရက် ဆွဲလိုက်ပြီး မေး၏။ “ဘယ်သွားမလို့လဲ”
ယွမ်လော့ရီက ပြန်ဖြေသည်။ “အခန်းကို အပူပေးဖို့ လေအေးပေးစက် ဖွင့်ဖို့နဲ့ မျက်နှာသုတ်ပုဝါအခြောက်တွေ သွားယူမလို့”
ယွမ်စစ်က သူမ၏ လက်ကို လွှတ်ပေးလိုက်၏။
ယွမ်လော့ရီသည် နံရံပေါ်ရှိ ခလုတ်ကို နှိပ်လိုက်သည်။
“ဒင်!”
လေအေးပေးစက်က စတင်လည်ပတ်လာပြီး လေနွေးနွေးများ မှုတ်ထုတ်လာသည်။
ကြမ်းပြင်မှစ၍ အတွင်းဘက်သို့ ရေစို လမ်းကြောင်းတစ်ခု ရှိနေ၏။ ယွမ်လော့ရီသည် ၎င်းမှာ ရေချိုးခန်းသို့ ဦးတည်နေမည်ဟု တွေးမိသောကြောင့် ထိုဘက်သို့ သွားလိုက်သည်။
ယွမ်လော့ရီတစ်ယောက် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ကြက်သေသေသွားခဲ့ပြီး ရေချိုးကန်ထဲတွင် ပြည့်နေသော အနီရောင် ဖျော့ဖျော့ရှိသည့် ရေများကို စိုက်ကြည့်နေမိ၏။
လွန်ခဲ့သော အချိန်ခဏတာက ယွမ်စစ်မှာ ဤနေရာ၌ သူ၏ အသက်ကို အဆုံးသတ်ရန် ကြိုးပမ်းခဲ့ပြီး သူ၏ သွေးများက ရေထဲသို့ အဆက်မပြတ် ရောနှောကာ ပိုမိုနက်ရှိုင်းသော အနီရောင်အဖြစ် အရောင်ဆိုးနေခဲ့သည်။
လော့ရီက အသက်ပြင်းပြင်း ရှူသွင်းကာ သူမ၏ စိတ်ခံစားမှုများကို ထိန်းချုပ်လိုက်၏။
လက်ရှိ၌ စတုတ္ထအစ်ကိုမှာ အလွန်အားနည်းနေ၏။ သူသည် ပြုစုစောင့်ရှောက်ရန် လိုအပ်ပြီး သူမက တည်ငြိမ်စွာ နေရမည်ဖြစ်ကာ သူမ၏ စိတ်ခံစားမှုများကို လွှမ်းမိုးခွင့်ပြု၍မရပေ။
သူမသည် မျက်နှာသုတ်ပုဝါအချို့ကို ဆွဲထုတ်ပြီး ရေချိုးဝတ်ရုံကြီး တစ်ထည်ကို ရှာဖွေကာ ဧည့်ခန်းသို့ ပြန်လာခဲ့၏။
သူမသည် ရေချိုးဝတ်ရုံကို ယွမ်စစ်၏ ပေါင်ပေါ် တင်ပေး၍ ပြောသည်။ “ဒါကို ဝတ်လိုက်၊ ကိုကို နွေးသွားလိမ့်မယ်”
ယွမ်စစ်က ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်၏။
သူသည် အလွန်ပိန်လီနေကာ သူ၏ မြှောက်ထားသော လက်မောင်းများက တောင့်တင်းသော ကြွက်သားကောက်ကြောင်းများကို ဖော်ပြနေပြီး နံရိုးအိမ်မှ အရိုးတစ်ချောင်းချင်းစီက ငေါထွက်နေ၏။ အရေပြားသည် ဖြူဖျော့နေပြီး ပိုမိုပါးလွှာသော နေရာများတွင် အောက်ဘက်ရှိ အပြာရောင် သွေးကြောများ၏ မှိန်ဖျော့ဖျော့ အရိပ်အယောင်များကို ဖော်ပြနေသည်။
ယွမ်လော့ရီကို ဆုံးရှုံးပြီးနောက် ယွမ်စစ်မူ သင့်လျော်စွာ အနားမယူခဲ့ပေ။ သူ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ အားနည်းလာခဲ့ပြီး သွေးဆုံးရှုံးမှုနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် စာရွက်တစ်ရွက်ကဲ့သို့ ပျက်စီးလွယ်သော အသွင်ပေါက်နေခဲ့သည်။
သို့သော် ဤအချိန်၌ သူ၏ မျက်လုံးများက တောက်ပနေပြီး ညဉ့်နက်၌ ကျက်စားသည့် စိတ်လှုပ်ရှားနေသော သားရဲကဲ့သို့ပင်။ သူ၏ နက်မှောင်နေသော မျက်လုံးသူငယ်အိမ်များက ညဘက်ရှိ ပိုးစုန်းကြူးများကဲ့သို့ တောက်ပနေပြီး သူ၏ သားကောင်မှ ချန်ရစ်ထားခဲ့သော ခြေရာလမ်းကြောင်းကို စိတ်အားထက်သန်စွာ ရှူရှိုက်နေ၏။
သူ၏ လွှမ်းမိုးခြယ်လှယ်တတ်သော အကြည့်က ယွမ်လော့ရီ၏ နောက်သို့ အမြဲတစေ လိုက်ပါနေပြီး သူမသည် သူ၏ ထိန်းချုပ်ထားသော အတိုင်းအတာထဲ၌ ရှိနေကြောင်း သေချာစေသည်။
ဝတ်ရုံ၏ ခါးစည်းကို ထုံးပြီးနောက် ယွမ်စစ်မူ ပို၍ အဆင်ပြေလာခဲ့၏။ လျော့ရဲသော ဝတ်ရုံက သူ၏ ပိန်လီသော ပုံစံကို ဖုံးကွယ်ထားပြီး သူ့အား ပိုမို ကျန်းမာသယောင် ထင်ရစေသည်။
ယွမ်စစ်က ဆိုဖာပေါ်တွင် ထိုင်နေစဉ် ယွမ်လော့ရီသည် မျက်နှာသုတ်ပုဝါများကို အသုံးပြု၍ သူ၏ ဆံပင်များကို ခြောက်သွေ့အောင် သုတ်ပေးခဲ့ရာ စိုစွတ်ရှုပ်ထွေးနေသောအခြေအနေမှ တဖြည်းဖြည်း မွေးပွခြောက်သွေ့သော အသွင်သို့ ပြောင်းလဲသွားလေ၏။
သူမ ပြီးမြောက်သောအခါ ယွမ်လော့ရီမှ မော့ကြည့်လိုက်ရာ သူတို့၏ အကြည့်များက လေထဲတွင် ဆုံတွေ့ခဲ့ကြသည်။
ယွမ်လော့ရီက မေး၏။ “စတုတ္ထကိုကို၊ ကိုကို ပျက်စီးသွားပြီလား”
ယွမ်စစ်က ဖြေသည်။ “ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမဲ့ ဒါက ကိုကို့အတွက် ပြန်လည်မွေးဖွားခြင်းပဲ”
“ကိုကို တကယ်ပဲ အချိန်အကြာကြီး အပျော်လိုက်စားနေခဲ့ပြီး အချိန်အများကြီး ဖြုန်းတီးခဲ့တယ် အခုမှပဲ ဘဝရဲ့ ဦးတည်ချက်တစ်ခု ရလာတာ”
“ကိုကိုသာ ဒီထက်ပိုစောစော နိုးခဲ့မယ်ဆိုရင် ညီမလေး သေခဲ့မှာ မဟုတ်ဘူး”
သူသည် ဆိုဖာပေါ်တွင် ဖြည်းညှင်းစွာ နစ်ဝင်သွားပြီး တစ်ဝက်တစ်ပျက် လဲလျောင်းနေ၏။ သူ၏ လှုပ်ရှားမှုများက ကြော့မော့၍ ပျင်းရိပျင်းတွဲဆန်သည်။ သူ၏ ဝတ်ရုံမှာ ပွင့်ဟနေခဲ့ပြီး အစွန်းတွင် တွဲလောင်းကျနေသည်။ သူက ပြုံး၍ ဆိုလိုက်၏။ “ဒီကမ္ဘာကြီးက ကိုကို့အတွက် အရမ်းကို ငြီးငွေ့စရာကောင်းတယ် ပိုက်ဆံ၊ နာမည်ဂုဏ်သတင်း၊ အာဏာ၊ အလှအပ ဘယ်အရာမှ ကိုကို့နှလုံးသားကို မလှုပ်ခတ်စေနိုင်ဘူး”
“လူတွေက ရုပ်ဝတ္ထုနဲ့ လိုအင်ဆန္ဒတွေထဲမှာ ရုန်းကန်နေကြတာ ဖုန်မှုန့်တွေ ဖုံးနေပြီး ဖန်ဆင်းရှင်က ပထမဆုံး ပေးသနားခဲ့တဲ့ ပုံသဏ္ဌာန်ကို ဆုံးရှုံးသွားကြပြီ”
“သူတို့က သည်းမခံနိုင်အောင် ခံစားနေရဆဲပေမဲ့ ဆက်ပြီး ဖိအားပေးနေကြတာ အရာအားလုံးက အတုအယောင်တွေဘဲ မလွဲမသွေ ပျောက်ကွယ်သွားမဲ့ အိပ်မက်တစ်ခုဖြစ်နေချိန်မှာ ဘာလို့ သူတို့ ဒီလိုလုပ်နေကြတာလဲဆိုတာ ကိုကို
နားမလည်နိုင်ဘူး”
“ညီမလေး ထွက်သွားပြီးနောက် ကိုကိုလည်း ထွက်သွားချင်ခဲ့တယ် ဘာလို့လဲဆိုတော့ ကိုကို ရုတ်တရက် နားလည်သွားခဲ့တာ”
ယွမ်စစ်က ထရပ်လိုက်ပြီး ယွမ်လော့ရီ၏ လက်သေးသေးလေးကို သူ၏ လက်ထဲတွင် ထည့်၍ ဆုပ်ကိုင်ထားမှုကို ဖြည်းညှင်းစွာ တင်းကျပ်ပြီး ခိုင်မြဲစွာ ဆုပ်ကိုင်ထားသည်။ သူ၏ အကြည့်က ပြင်းထန်နေ၏။
“ညီမလေးက ကိုကို စွန့်လွှတ်လို့မရတဲ့ တစ်ခုတည်းသော တွယ်တာမှုပဲ”
“ညီမလေးမရှိဘဲ ကိုကို ဘယ်လိုလုပ် ဒီ ပျက်စီးနေတဲ့ ကမ္ဘာမှာ တစ်ယောက်တည်း အသက်ရှင်နိုင်မှာလဲ”
သူသည် ယွမ်လော့ရီအား စူးစိုက်စွာ ကြည့်၍ ကျောရိုးတစ်လျှောက် အေးစက်သွားစေသည့် ပုံစံဖြင့် လှောင်ပြုံးပြုံးလိုက်ပြီးနောက် ညင်သာစွာ ပြော၏။ “ကိုကို တိုက်ခိုက်ခဲ့သင့်တာ ရုန်းကန်ခဲ့သင့်တယ် ဘယ်အရာကမှ ကိုကို့ကို တားခွင့်မပေးခဲ့သင့်ဘူး အစ်ကိုကြီးကို သတ်သတ်၊ အဖေ့ကို အစားထိုးထိုး၊ အတိုက်အခံအားလုံးကို ဖယ်ရှားပြီး လူတိုင်းကို ထိန်းချုပ်ပြီးကာမှ ညီမလေးကို အပိုင်ယူခဲ့သင့်တယ်”