← Chapters

အခန်း (၉၆)

Vol. 10 Ch. 96

အခန်း (၉၆)

Vol. 10 Ch. 96

[တီးတိုးသံများ]

လူတိုင်းတွင် အမှောင်ခြမ်း ရှိပြီး ယွမ်လော့ရီတွင်ပင်လျှင် ရှိသည်။

အချိန်အများစု၌ သူမသည် ပန်းပွါးအရုပ်များ၊ ချိုမြိန်သော မုန့်များကို နှစ်သက်၏။ သူမ၏ ကြီးမားသော မျက်လုံးများကလည်း ကြင်နာမှု၊ ပျော်ရွှင်မှုတို့ဖြင့် အမြဲ ပြည့်နှက်နေခဲ့သည်။

သူမသည် ညှာတာတတ်ပြီး ကလေးလိမ္မာတစ်ဦး ဖြစ်၏။

ထို့ကြောင့် သူငယ်တန်းတွင် စန်းကျွင်းရွှမ်အား ထောင့်တစ်နေရာ၌ ငိုကြွေးနေသည်ကို မြင်သောအခါ ယွမ်လော့ရီတစ်ယောက် စိတ်သောကရောက်ခဲ့ရ၏။

“စန်းကျွင်းရွှမ်၊ မငိုပါနဲ့တော့ ငါ့ရဲ့ ဝက်ဝံရုပ်လေးကို နင့်ကို ပေးရမလား”

“ထွက်သွား”

“ငါ့ရဲ့ မုန့်တွေအားလုံးလည်း နင့်ကို ပေးမယ်လေ”

“ဘယ်သူက နင့်ရဲ့ အသုံးမကျတဲ့ ဝက်ဝံရုပ်နဲ့ မုန့်တွေကို လိုချင်မှာလဲ ထွက်သွားစမ်းပါ အရူးမ နင် ငါ လိုတာကို လုံးဝ နားမလည်ဘူး”

စန်းကျွင်းရွှမ်မူ တစ်ဖက်၌ ကယ်တင်ခြင်းအား မျှော်လင့်သော်လည်း အခြားတစ်ဖက်တွင်မူ ယွမ်လော့ရီမှ ပေးကမ်းသည်များကို အထင်အမြင်သေးကာ ထိုသို့တောင်းဆိုသည်မှာ ပုံမှန်ဖြစ်သည့်အလား ထပ်ခါထပ်ခါ တောင်းခံနေခဲ့သည်။

ယွမ်လော့ရီက ပို၍ပင် စိတ်မကောင်းဖြစ်ရပြီး သူမ၏ စိတ်ခံစားချက်များက သူမ၏ စွမ်းဆောင်နိုင်စွမ်းကို ကျော်လွန်သွားသောအခါ ရုတ်တရက် တည်ငြိမ်သွားလေ့ရှိ၏။

အာ…

သူ ပျောက်ကွယ်သွားသင့်တာ။ အဲဒါဆို သူ နာကျင်မှာ မဟုတ်တော့ဘူး။

သို့သော်လည်း ဤ ပုံမှန်မဟုတ်သော တည်ငြိမ်မှုက လျင်မြန်စွာ ရောက်ရှိလာသကဲ့သို့ လျင်မြန်စွာပင် ထွက်ခွာသွားခဲ့၏။ နောက်ဆုံးတွင် ယွမ်လော့ရီမူ ငိုနေသော ကောင်လေးအား သည်းခံ၍ နှစ်သိမ့်ရန် ရွေးချယ်လိုက်သည်။

နောက်ပိုင်းတွင် မှတ်ဉာဏ် အပိုင်းအစများမှတစ်ဆင့် ယွမ်လော့ရီသည် သူမ၏ အထက်တန်းကျောင်းသူဘဝကို မြင်တွေ့ခဲ့ရ၏။ အများအားဖြင့် အဖြူရောင်ဖြစ်နေပြီး တစ်ခါတစ်ရံ အမည်းရောင်သို့ ပြောင်းလဲသွားတတ်ကာ ထိုအရောင်နှစ်ဖက်အကြား တည်ငြိမ်မှုမရှိ ယိမ်းယိုင်နေပြီး မည်သည့်ဘက်တွင်မှ ဝင်ဆံ့ခြင်း မရှိပေ။

အထီးကျန်ခြင်း ခံစားချက်က သူမအား ဘယ်သောအခါမှ မစွန့်ခွာခဲ့ပေ။

အားလပ်ချိန်များတွင် ကျောင်းသားများက ရယ်မောငြင်းခုံကြသော်လည်း သူမသည် သူမ၏ စားပွဲတွင် တစ်ယောက်တည်း ထိုင်နေတတ်ပြီး သူမ၏ အိတ်ထဲရှိ ပြင်ဆင်လာသည့် သရေစာများကို ဘယ်သောအခါမှ ခွဲဝေမပေးခဲ့ရပေ။

ယခုအခါ တောင်စောင်းတစ်ဝက်ရှိ ဗီလာအိမ်ကြီးထဲတွင် စိတ်ဖောက်နေသော ယွမ်စစ်က သူ၏ ညီမဖြစ်သူအား စူးစိုက်၍ ကြည့်နေသည်။ ယွမ်မိသားစု၏ ဤအနုနယ်ဆုံး ကလေးသည် သူ့ကဲ့သို့ပင် တူညီသော လူစားဖြစ်ကြောင်း သိနေ၏။ သူ့ ညီမလေး၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော အမည်းရောင်က သူ့အား ဆွဲဆောင်စေသည်။

သူ၏ ရုပ်စုံမှန်ပြောင်းထဲမှ အနက်ရောင်ပန်းပွင့်အား သူ့အတွက် နောက်တစ်ကြိမ် တစ်ဖန် ပွင့်လန်းစေလို၏။

ယွမ်စစ်သည် ယွမ်လော့ရီ၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။ “ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး ဖိနှိပ်စရာ မလိုတော့ဘူး၊ ကိုကိုတို့ သွေးနီရောင်ထဲမှာ ကျက်သရေရှိရှိ ကခုန်ကြတာပေါ့ ညီမလေး ဘယ်တော့မှ တစ်ယောက်တည်းလို့ ခံစားရတော့မှာမဟုတ်ဘူး”

သူ၏ နူးညံ့သောအသံက ထိုဆ်ိုးယုတ်သော ဘဝကို ယင်း၏ ပိုးအိမ်ထဲမှ ထိုးထွက်လာရန် သွေးဆောင်ဖြားယောင်းနေ၏။

ယွမ်စစ်မူ သူ၏ ညီမလေးကို အဝေးမှ အမြဲ စောင့်ကြည့်နေခဲ့ပြီး သူမ အလိုအပ်ဆုံးအရာကို သိသည်။ သို့သော် ယွမ်လော့ရီက ၎င်းကို ဖိနှိပ်ထား၏။ သူမသည် ဤနေရာသို့ ဖျက်ဆီးရန် မဟုတ်ဘဲ ကယ်တင်ရန် ရောက်ရှိလာသည်ကို သတိရနေသည်။

အပြင်ဘက်တွင် ယွမ်စစ်၏ နောက်လိုက်များက စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြ၏။

အမျိုးသမီးနောက်လိုက်တစ်ဦးက ရိုသေစွာ ရှေ့သို့ တိုးလာသည်။ သူမသည် အသက်နှစ်ဆယ်ကျော်အရွယ်၊ လှပပြီး ညှို့ယူဆွဲဆောင်နိုင်ကာ ခန္ဓာကိုယ် အချိုးအစားသည်လည်း ပြည့်စုံလှ၏။ ယွမ်စစ်ထံ ချဉ်းကပ်လာသောအခါ သူမမှာ စိတ်လှုပ်ရှားနေပြီး အသက်ရှူနှုန်း မြန်ဆန်ကာ ရင်ဘတ်မူ ပြင်းထန်စွာ ခုန်နေခဲ့သည်။

သူမသည် လေးနက်စွာ ဦးညွှတ်လိုက်၏။ မူလက မာနကြီးသော လှပသူ ဖြစ်သော်လည်း ယွမ်စစ်ရှေ့၌ အလွန် နှိမ့်ချတတ်သူဖြစ်သွားသည်။

သူမက ပြော၏။ “သခင်၊ ကျွန်မ ယဇ်ပူဇော်ဖို့ သိုးငယ်ကို ယူလာခဲ့ပါတယ် သူ့ကို ကွပ်မျက်စင်မှာ ချည်နှောင်ထားပြီး မြေအောက်ခန်းထဲမှာ ငိုယိုနေပါတယ်”

ယွမ်စစ်မူ တိမ်တိုက်များထဲမှ နတ်ဘုရားတစ်ပါးကဲ့သို့ ဖုန်မှုန့်များကြားမှ လူထုအား ကြည့်ရှုနေသည့်နှယ် နောက်လိုက်အမျိုးသမီးအား ငုံ့ကြည့်လိုက်သည်။

ယွမ်စစ်က အင်္ကျီလက်များကို ခါလိုက်ရာ သူ၏ သွယ်လျသော လက်ချောင်းများသည် ရှုပ်ထွေးလှဖွယ် ဆင်ယင်ထားသည့် အင်္ကျီလက်အနားခေါက်များမှ ထွက်ပေါ်လာ၏။ သူ၏ ဖြူဖျော့သော လက်ချောင်းထိပ်များဖြင့် ခေါင်းငုံ့ထားသော အမျိုးသမီး၏ ဦးခေါင်းကို တို့ထိလိုက်သည်။

“မင်း ကောင်းကောင်း လုပ်ခဲ့တယ်”

အမျိုးသမီးနောက်လိုက်က ဝမ်းသာအားရဖြင့် မအီမသာဖြစ်ဖွယ် အပြုံးကို ပြုံးလိုက်၏။ သူမသည် မူလက ယွမ်စစ်၏ ချောမောသော ရုပ်ရည်ဖြင့် ဆွဲဆောင်ခဲ့ရပြီးနောက် စွဲလမ်းသွားခဲ့သည်။ ယွမ်စစ်သည် သူမအကြောင်း အလုံးစုံကို သိရှိထားပြီး သူမ၏ စိတ်နှလုံးကို လွယ်ကူစွာ ထိုးဖောက်ရှုမြင်လျက် ညင်သာစွာ နှစ်သိမ့်ပေးခဲ့၏။

ယွမ်စစ်သာ အနည်းငယ် ပိုမိုနီးကပ်လာမည်ဆိုပါက သူမသည် သူ့အတွက် ဘာမဆို လုပ်ပေးနိုင်သည်။

နောက်ထပ် အမျိုးသား၊ အမျိုးသမီးများသည် ရှေ့သို့ အလျင်အမြန် ပြေးလာ၍ ဦးညွှတ်ကြကာ အသိအမှတ်ပြုမှု ရယူရန် စိတ်အားထက်သန်စွာ ယွမ်စစ်အား ဝန်းရံနေကြ၏။

“သခင်၊ သူ ဘယ်တွေရောက်နေလဲကို ရှာဖို့ ရုံးမှာရှိတဲ့ ကျွန်မရဲ့ အဆက်အသွယ်တွေကို သုံးခဲ့တာ ကျွန်မပါပဲ ဘယ်လို ပုန်းပုန်း အသုံးမဝင်ပါဘူး သူ့ရဲ့ ယုတ်ညံ့တဲ့ လုပ်ရပ်တွေအတွက် ပေးဆပ်ရမှာပဲ”

“သူ မိသားစုက သူ့ကို ကာကွယ်ဖို့ ကြိုးစားနေတာနဲ့ ကျွန်တော် တူနဲ့ သူတို့ရဲ့ ဦးခေါင်းခွံတွေကို ရိုက်ခွဲပစ်ပလိုက်တယ် သူ့ မိဘတွေနဲ့ အစ်ကိုကို ကျွန်တော် တစ်ယောက်တည်း သတ်ပစ်ခဲ့တာ”

“ကျွန်မ ဓာတုပစ္စည်းတွေကို သုံးပြီး အလောင်းတွေကို ပစ်ခဲ့တာ အသားနဲ့ အရိုးတွေက ရေထဲမှာ ပျော်သွားတာမလို့ ဘယ်သူမှ ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး”

“သခင် အဲဒီ မိန်းမယုတ်ကို ကျွန်တော့်ရဲ့ ကားနောက်ဖုံးထဲ ထိုးထည့်ပြီး စစ်ဆေးရေးဂိတ်တွေကို ကျော်လို့ ဒီကို ခေါ်လာခဲ့တာ ကျွန်တော်ပါပဲ”

“ကောင်မက နောင်တရဖို့မသိဘူး ထွက်ပြေးဖို့တောင် ကြိုးစားခဲ့လို့ ကျွန်မ ပလာယာသုံးပြီး သူရဲ့ ခြေထောက်အရိုးတွေကို ညှပ်ပစ်ခဲ့တာ အကြာကြီး အော်ခဲ့ပေမဲ့ ဘယ်သူမှ သူ့ကို ကယ်တော့မှာမဟုတ်ဘူး”

“သခင့်ရဲ့ ညီမလေးကို ထိခိုက်ဖို့ ဘယ်လိုတောင် အတင့်ရဲခဲ့တာလဲ သခင့်ရဲ့ အစ်ကိုကိုတောင် စော်ကားပြောဆိုခဲ့သေးတယ် ရှက်စရာကောင်းလိုက်တာ သစ္စာမဲ့လိုက်တာ ဒီမိန်းမ အကြိမ်တစ်ထောင် သေသင့်တာ သူ့ကို ကြောက်စရာအကောင်းဆုံး သေခြင်းကို ပေးလိုက်ရအောင်လေ”

အသံများ ဟိန်းထွက်လာပြီး လူတိုင်းက သူတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ဂုဏ်ယူစွာ ကြေညာနေကြပြီး စိတ်ရင်းဖြင့် ဂုဏ်ယူနေကြသည်။ ဘယ်သူကများ နတ်ဘုရားတစ်ပါးကို အလုပ်အကျွေး မပြုချင်မှာလဲ။

ပိုမို ရက်စက်လေလေ၊ ဘုရားသခင်က ပို၍ နီးကပ်လာရန် ဆန္ဒရှိလေလေပင်။

သူတို့သည် မြေပြင်ပေါ်တွင် တရွတ်တိုက်ကျနေသော ဘုရားသခင်၏ ဝတ်ရုံစအား အသည်းအသန် လှမ်းဆွဲ၊ ဖက်တွယ်ရန် ကြိုးစားနေကြသော ဂြိုလ်ဆိုးများအဖွဲ့ကဲ့သို့ပင်။

သူတို့သည် ရှက်စရာကောင်းသည့် အပြစ်သားများဖြစ်ကြသော်လည်း သနားစရာကောင်းလောက်အောင် စိတ်လှုပ်ရှားနေကြ၏။ ဆင်းရဲဒုက္ခမှ လွတ်မြောက်၍ နတ်ဘုရား၏ သုခဘုံသို့ တက်လှမ်းနိုင်ရန် ဆာလောင်ငတ်ပြတ်နေကြသည်။

အလွန်အကျွံ အထိန်းအကွပ်မဲ့ခြင်းက ပျံ့နှံ့နေပြီး နောက်လိုက်တိုင်းက ယွမ်စစ်၏ မျက်နှာသာပေးမှုကို လိုချင်ကြ၏။

နီးစပ်ပါစေ၊ ကျေးဇူးပြုပြီး ပိုနီးကပ်လာပါစေ၊ သူတို့မှာ နတ်ဘုရားကို ထိတွေ့လိုကြသည်။

နောက်လိုက်များက သတိမမူဘဲ သူတို့၏ လက်များကို ယွမ်စစ်ထံသို့ လှမ်းကမ်းလိုက်ကြ၏။

ယွမ်စစ်က သူ၏ မျက်လုံးများကို အနည်းငယ် ပင့်လိုက်ရာ သူ၏ ရေခဲကဲ့သို့ အကြည့်မှာ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေပြီး နောက်လိုက်များ၏ အသံများက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

သူတို့သည် ရိုသေစွာ ဦးညွှတ်၍ နောက်သို့ ဆုတ်ခွာသွားကြပြီး ထပ်မံ မချဉ်းကပ်ရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရား ဒေါသထွက်သောအခါ သူတို့သည် ရွံ့ထဲသို့ အလွယ်တကူ ချေမွနင်းချခံရမည့် ပေါင်းပင်သက်သက်မျှသာ ဖြစ်လေ၏။

နာခံမှုမရှိသော နောက်လိုက်များမှာ စွန့်ပစ်ခံရမည်ဖြစ်ပြီး နတ်ဘုရား၏ စွန့်ပစ်ခြင်းဟူသည် သေခြင်းတရားကို ဆိုလိုသည်။

နောက်လိုက်များ၏ စိတ်ခံစားမှုများကို ထိန်းချုပ်ပြီးနောက် ယွမ်စစ်က ညင်သာစွာ ဆို၏။ “မင်းတို့ အားလုံး ကောင်းကောင်း လုပ်ခဲ့ကြတယ်”

ဤ ရိုးရှင်းသော အတည်ပြုချက်က နောက်လိုက်များ လိုချင်သောအရာ ဖြစ်၏။ သူတို့၏ ယခင်က တင်းမာနေသော အာရုံကြောများ ပြေလျော့သွားပြီး အားလုံးက ပြုံးလိုက်ကြသည်။

သို့သော် သူတို့သည် လုံလောက်စွာ မလုပ်ဆောင်ရသေးပေ။ သူတို့မှာ ပို၍ ရက်စက်ရန်၊ နတ်ဘုရားမှ သူတို့အား ကယ်တင်ရန်အတွက် လူပိုများများ သတ်ရန် လိုအပ်သည်။

ဤ ရူးသွပ်နေသော နောက်လိုက်များသည် ယွမ်လော့ရီအား နှလုံးခုန်မြန်စေခဲ့၏။ ယွမ်စစ်မူ ပရိသတ်များကို လမ်းပျောက်နေသော သိုးငယ်လေးများကဲ့သို့ သဘောထားပြီး အခြားသူများကို ထိန်းချုပ်ရသော ဤခံစားချက်ကို နှစ်သက်သည်ဟု ပြောခဲ့ခြင်းကို သူမ မှတ်မိသည်။

သို့သော် ယွမ်လော့ရီမူ ယွမ်စစ်မှ ဤလူများကို ဤမျှအထိ ထိန်းချုပ်နိုင်လိမ့်မည်ဟု ဘယ်သောအခါမျှ မတွေးခဲ့မိပေ။

နောက်လိုက်တွေ ပြန်ပေးဆွဲခဲ့တဲ့ “သူမ” ကရော ဘယ်သူလဲ။

ယွမ်စစ်သည် ယွမ်လော့ရီ၏ အတွေးများကို ထိုးထွင်းမြင်သွားပြီး သူမ၏ သွယ်လျသော ပခုံးများကို ညင်သာစွာ ပွေ့ဖက်၍ အေးစက်သော လက်ဖြင့် လော့ရီ၏ နားထင်မှ အနည်းငယ် ရှုပ်ပွနေသော ဆံပင်များကို သပ်ပေးလိုက်၏။

“အဲဒီ သိုးငယ်လေးက ညီမလေးအတွက် အထူးပြင်ဆင်ထားတာ၊ သူလည်း ညီမလေးကို တွေ့ဖို့ စိတ်အားထက်သန်နေမှာ သေချာတယ် ကိုကို ညီမလေးကို သူနဲ့ သွားတွေ့ဖို့ ခေါ်သွားပေးမယ်”

ယွမ်စစ်က ယွမ်လော့ရီအား အရှေ့သို့ ခေါ်ဆောင်သွားပြီး မြေအောက်ခန်းဝင်ပေါက်သို့ ရောက်လာ၏။ ကြောင်လိမ် လှေကားမှာ အဆုံးမရှိ ဆင်းသက်နေပြီး မှောင်မည်းနေကာ စိုစွတ်သောအအေးဓာတ်က အပေါ်သို့ တရှိန်ထိုး တက်လာသည်။

“‌Splash!”

ယွမ်လော့ရီမှ ပထမလှေကားပေါ်သို့ ခြေချလိုက်သောအခါ ရေအနည်းငယ် ပက်စင်သွားသည်။

အသံကို ခံစားလိုက်ရသည်နှင့် နံရံ၏ နှစ်ဘက်စလုံးရှိ မီးများက တစ်ခုပြီးတစ်ခု လင်းလက်လာခဲ့ပြီး ပိုမိုနက်ရှိုင်း၍ ပိုမို အလှမ်း‌ဝေးသည်အထိ လင်းထိန်သွားရာ ကြောင်လိမ်လှေကား၏ အောက်ခြေအထိ ရောက်ရှိသွားပြီး ၎င်းတို့၏ လိမ္မော်ဝါရောင် အလင်းက ကြမ်းတမ်းသော မီးခိုးရောင် နံရံများကို လင်းစေသည်။

အလင်း၏ အကူအညီဖြင့် ယွမ်လော့ရီတစ်ယောက် ခေါင်းငုံ့ကြည့်လိုက်ရာ သူမ၏ ခြေထောက်တွင် အနီရောင် အိုင်ငယ်တစ်ခုကို မြင်လိုက်ရ၏။

အောက်ဘက်သို့ ဆက်လက်ဆင်းသွားစဉ် လှေကားထစ်များပေါ်တွင် သွေးစွန်းရာများစွာကို တွေ့ရပြီး ယွမ်လော့ရီမူ ထိုသနားစရာ ကောင်မလေးအား ဒဏ်ရာများဖြင့် သွေးထွက်လွန်နေလျက် နောက်လိုက်များက တစ်စတစ်စ ဆွဲခေါ်ချသွားသည်ကို စိတ်ကူးဖြင့် မြင်ယောင်နိုင်သည်။

ထိုသို့ အရူးများအဖွဲ့နှင့် ရင်ဆိုင်ရချိန်တွင် သူမသည် လုံးလုံးလျားလျား မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားခဲ့ရလိမ့်မည်။

ကြောင်လိမ်လှေကားသည် အောက်ဘက်သို့ လှည့်ပတ်သွားပြီး လေထုမှာ ပို၍ အေးလာလေ၏။

နောက်လိုက်များက တိတ်ဆိတ်စွာ နောက်မှ လိုက်ပါလာကြပြီး သူတို့၏ ခြေသံများက ပေါ့ပါးကာ ဝတ်ရုံများမူ နူးညံ့စွာ ပွတ်တိုက်သံဖြင့် တိုက်မိနေကြသည်။

ယွမ်စစ်သည် ရှေ့မှ လျှောက်သွားပြီး စိတ် အခြေအနေကောင်းနေပုံရ၏။ သူ၏ လက်ကို ယွမ်လော့ရီ၏ ပခုံးပေါ်တွင် ကာကွယ်သည့်ဟန်၊ ထိန်းချုပ်သောဟန်ပန် နှစ်မျိုးလုံးဖြင့် တင်ထားလေသည်။

All Chapters