← Chapters

အခန်း (၉၇)

Vol. 10 Ch. 97

အခန်း (၉၇)

Vol. 10 Ch. 97

ကြောင်လိမ် လှေကားမှာ ခန်းမကြီးထံသို့ ဦးတည်နေပြီး ထိုခန်းမကြီး၏ မျက်နှာကျက် အလယ်ဗဟို၌ ခမ်းနားထည်ဝါ၍ ကြည်လင်တောက်ပသည့် မီးဆိုင်းကြီး တစ်ခု ဆွဲထားရာ ၎င်း၏ တောက်ပသော အလင်းရောင်က အောက်ရှိ အရာအားလုံးကို လင်းနေစေသည်။ ထိုမီးဆိုင်းအောက်တွင် အနက်ရောင် စကျင်ကျောက်ဖြင့် ပြုလုပ်ထားသော စားပွဲရှည်ကြီး တစ်ခု ရှိ၏။

ခန်းမကြီး၏ ရှေ့ဆုံးပိုင်းတွင်တော့ ထူထဲလှသော အနီရောင် ကတ္တီပါ လိုက်ကာများဖြင့် ဖုံးအုပ်ထားသည့် စင်မြင့်ပုံစံ နေရာတစ်ခု ရှိလေသည်။

ယွမ်လော့ရီ ထိုလိုက်ကာ အနောက်ရှိ မိန်းကလေးငယ် တစ်ဦး၏ တိုးလျသော ရှိုက်သံကို ကြားလိုက်ရ၏။

သစ္စာရှိ ပရိသတ်များက စားပွဲရှည်ကြီး၏ တစ်ဖက်တစ်ချက်တွင် ထိုင်နေကြသည်။ သူတို့၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ပြူးကျယ်နေပြီး ပျော်ရွှင်မှုကြောင့် တုန်ယင်နေကာ နောက်ဆက်တွဲ မည်သည့် အရာများ ဖြစ်လာမည်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေကြ၏။ ယနေ့ နတ်ဘုရား ကိုယ်တိုင် ကိုယ်ထင်ပြ၍ ရောက်လာသောကြောင့် သူတို့အနေနှင့် အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှု တစ်ခုကို ပြသရမည်ပင်။

အခန်း၏ အခြား တစ်ဖက်တွင်မူ အိစက်သော အဖြူရောင် ထိုင်ခုံ ရှိနေပြီး လက်တင်ခုံများပေါ်၌ အပြာရောင် အိုင်းရစ်ပန်းများကို လှပစွာ ထွင်းထု၍ အလှဆင်ထားလေသည်။

ယွမ်စစ်က ယွမ်လော့ရီ၏ ပခုံးများကို ကိုင်ကာ ထိုထိုင်ခုံပေါ်တွင် ထိုင်ရန် လမ်းညွှန်ပေးလျက် ခေါ်သွားရင်း ပြောလိုက်၏။

“ကိုကိုက ပုံမှန်ဆို ဒီမှာ ထိုင်တာ”

“မြင်ကွင်းက အရမ်းကောင်းတယ်၊ ဒီနေရာကနေဆို ခန်းမ တစ်ခုလုံးကို မြင်နေရတာ”

သူ လက်ခုပ်တီးလိုက်သည်နှင့် အမျိုးသမီး တစ်ဦးမှာ လိုက်ကာနားသို့ လျင်မြန်စွာ ချဉ်းကပ်သွားပြီး အားစိုက်၍ ဆွဲဖွင့်လိုက်လေ၏။ ကတ္တီပါနီ လိုက်ကာ ပွင့်သွားသည်နှင့် ကြီးမားသော လှောင်အိမ်ကြီး တစ်ခု ပေါ်လာပြီး အတွင်းတွင် ဆံပင်တိုတိုနှင့် မိန်းကလေးတစ်ဦးကို ထောင်ချထားသကဲ့သို့ပင်။

အနှီမိန်းကလေး၏ ခန္ဓာကိုယ်၌ သွေးများ စွန်းထင်းနေပြီး နာကျင်မှုကြောင့် တုန်ယင်နေသည့် သူမ၏ အားအင်ချိနဲ့နေသော ခန္ဓာကိုယ်မှာ ရှိုက်ကြီးတငင် ငိုကြွေးသံများနှင့် ဖုံးလွှမ်းနေ၏။

ထိုမိန်းကလေးမှာ ကျန်းရွှင့်ယင်း ဖြစ်ပြီး အထက်တန်းကျောင်း တက်စဉ်က အခြား ချမ်းသာသော မိန်းကလေးများ၏ ဖိအားပေးမှုကြောင့် သူမအား နှိပ်စက်ခဲ့သည်ကို ယွမ်လော့ရီ မှတ်မိနေသည်။

နောက်ပိုင်းတွင် ယွမ်လော့ရီ၏ တတိယအစ်ကို ယွမ်ရုံက သူမကို ယွမ်အိမ်တော်သို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ကာ ကျန်းရွှင့်ယင်းနှင့် အားကစားဆရာသာ အသက်ရှင်ကျန်ရစ်ခဲ့၏။

ယခင်က ပရိသတ် တစ်ယောက် ပြောခဲ့ဖူးသော "သခင့်ရဲ့ အစ်ကိုများကို အသရေဖျက်ခြင်း" ဟူသည်ကို သတိရမိသွားသဖြင့် ယွမ်လော့ရီ မကောင်းသော ခံစားချက် တစ်ခုအား ရလိုက်သည်။

"စတုတ္ထကိုကို တခြားကိုကိုတွေရော ဘယ်မှာလဲ"

သူမ မေးလိုက်သည်။

ယွမ်စစ်က ပြန်ဖြေလာ၏။

"အဲဒီမေးခွန်းကို ကိုကို့ကို မေးတာထက် သူ့ကို မေးတာ ပိုကောင်းလိမ့်မယ်"

သူ ကျန်းရွှင့်ယင်းထံသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားပြီး သူ၏ ခမ်းနားထည်ဝါသော ဝတ်ရုံမှာ သူ့နောက်မှ မြေပြင်တွင် လှပစွာ ဝဲကျလျက်ပင်။

သူက ကျော့ရှင်းပြီး ခန့်ညားသော အပြုံး၊ ကြက်သီးထဖွယ် အပြုံးများဖြင့် ချဉ်းကပ်နေပြီး သူ၏ သွယ်လျသော ကိုယ်ခန္ဓာမှာ တိတ်ဆိတ်စွာ လှုပ်ရှားနေသည့် စပါးအုံးမြွေ တစ်ကောင်နှင့် တူနေ၏။

သူ့ကို ပထမဆုံးအကြိမ် တွေ့ဖူးသူ တစ်ဦး အနေဖြင့် ကျန်းရွှင့်ယင်းမှာ ယွမ်စစ်၏ ဆွဲဆောင်မှုကြောင့် ခဏတာ မင်သက်သွားခဲ့ရသည်။ ယွမ်စစ်မှာ တောက်ပ၍ တည်ငြိမ်စွာ ခံ့ညားလွန်းသူပင်။

သို့သော် သူမ၏ ဆင်ခြင်တုံတရားက ဤလူမှာ သူမကို ပြန်ပေးဆွဲခြင်း၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်ကြောင်း သတိပေးလိုက်သဖြင့် ကြောက်လန့်တကြား နောက်သို့ ဆုတ်မိသွား၏။

သူမ၏ ကျောပြင်မှာ သံတိုင်များနှင့် တိုက်မိသွားရာ စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာလေသည်။ သူမ၏ မျက်နှာက ဖြူဖျော့လျက် တုန်ယင်နေ၏။

"စိတ်မပူပါနဲ့ အချစ်က‌လေးရဲ့”

ယွမ်စစ်က ထိုသို့ ပြောလိုက်ပြီး သူ၏ အသံမှာ အေးစက်သော လေထုထဲတွင် ပျံ့လွင့်သွားသည့် မီးခိုးငွေ့တစ်စအလား ပေါ့ပါးနေ၏။

"သေမင်းရဲ့ တံစဉ်က ကျမလာသေးပါဘူး မင်းမှာ ဒီနေရာကနေ ထွက်သွားဖို့ အခွင့်အရေး ရှိသေးတယ်၊ အခု ငါ့ရဲ့ မေးခွန်းကို ဖြေ”

"ငါ့ညီအစ်ကိုတွေ ဘယ်မှာလဲ"

ကျန်းရွှင့်ယင်းမှာ တုန်တုန်ယင်ယင်ဖြင့် ပြောလာသည်။

"မ...မသိဘူး တစ်ယောက်ယောက်က ယွမ်အိမ်တော်ကို တိုက်ခိုက်ပြီး သမီးကိုရော အားကစားဆရာကိုပါ ကြိုးဖြည်ပေးခဲ့တာ၊ ပြီးတော့ သူတို့ ထွက်သွားကြတယ်"

သူမ ထွက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သိလိုက်ရသဖြင့် ယွမ်လော့ရီ အနည်းငယ် စိတ်ဖိစီးသွားလေသည်။

ယွမ်စစ်က ဆက်မေးလာ၏။

"ဒါဆို သူတို့က မင်းကို မသတ်ဘဲ လွှတ်ပေးခဲ့တာပေါ့၊ အဲဒီနောက်ရော မင်း ဘာလုပ်နေခဲ့လဲ"

ကျန်းရွှင့်ယင်း ပိုမို ပြင်းထန်စွာ တုန်ယင်လာသည်။

"သမီး...သမီး အိမ်ပြန်ခဲ့တာ၊ အဲရက်ပိုင်းက သမီး အရမ်းကြောက်လို့ ပုန်းနေခဲ့တာ"

ယွမ်စစ်က တိုးညင်းစွာ ရယ်မောလိုက်၏။

"မင်း လိမ်နေတာပဲ"

"မလိမ်ပါဘူး”

"ငါ့ညီမလေးရှေ့မှာ လိမ်တာမျိုးတွေ မလုပ်စမ်းနဲ့"

ကျန်းရွှင့်ယင်း ထိုစကားကို ကြားလိုက်ရသောအခါ တုန့်ခနဲ ရပ်သွားပြီး ခက်ထန်လှသည့် သူမ၏ အကြည့်များက ယွမ်လော့ရီထံ ရောက်လာတော့သည်။

သူမ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ အော်ဟစ်လိုက်၏။

"အား မဟုတ်ဘူး သမီး တမင်တကာ လုပ်ခဲ့တာ မဟုတ်ပါဘူး၊ သူတို့က အတင်းအကျပ် ခိုင်းလို့ လုပ်ခဲ့ရတာပါ”

ကျန်းရွှင့်ယင်းအတွက်မူ လတ်တလော ဖြစ်ရပ်များမှာ အိပ်မက် တစ်ခုနှင့် တူနေလေသည်။

ကျောင်းထွက်ပြီးနောက် သူမ ရေမြောင်းထဲမှ ကြွက်တစ်ကောင်ကဲ့သို့ နေထိုင်ခဲ့ရပြီး လူများအပေါ် မကျေမချမ်း ဖြစ်နေခဲ့သော်လည်း သူမ၏ ဘဝအား ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် အထက်တန်းကျောင်း တက်စဉ်က ယွမ်လော့ရီကို အနိုင်ကျင့်ခဲ့သောကြောင့် ယွမ်အိမ်တော်သို့ ပြန်ပေးဆွဲခံရပြီး သေလုနီးပါး အခြေအနေနှင့် ရင်ဆိုင်ရမည်ကိုတော့ သူမ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပေ။

၎င်းမှာ အဓိပ္ပာယ် မရှိပေ။ ရေခွက် တစ်ခွက်ကို မှောက်ချမိခဲ့ခြင်း သို့မဟုတ် စာရေးကိရိယာများအား ဖွက်ထားမိခဲ့ခြင်းက ဤကဲ့သို့ ကံကြမ္မာမျိုးနှင့် မထိုက်တန်ချေ။ သူမကိုယ်တိုင်မှာလည်း ချမ်းသာသော အခြားမိန်းကလေးများ၏ ဖိအားပေးမှုကြောင့်သာ လုပ်ခဲ့ရခြင်း ဖြစ်လေသည်။

သူမတွင် ထိခိုက်စေလိုစိတ် မရှိခဲ့သော်လည်း ယခု ထိုအရာကြောင့် သေရတော့မည်။

ကံကောင်းစွာဖြင့် သူမ အသက်ရှင်နေသေး၏။

ပို၍ ကံကောင်းသည်မှာ ကျော်ကြားမှု ရရန်၊ ရေမြောင်းထဲက ကြွက်တစ်ကောင်အတွက် လူ့အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်ရန် အခွင့်အရေး ရခဲ့လေသည်။

သတင်းထောက် များစွာက သူမကို ရှာတွေ့ခဲ့၏။

"ယွမ်မိသားစုရဲ့ တတိယသား ယွမ်ရုံက ကြောက်စရာ ရက်စက်မှု အပြည့်နဲ့ လူတွေကို သတ်ဖြတ်ခဲ့ပြီး အခုတော့ အလိုရှိသူ တစ်ယောက် ဖြစ်နေပြီ"

"ထူးဆန်းတာက အသက်ရှင် ကျန်ရစ်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ စစ်သားဟောင်း တစ်ယောက်က အသရေဖျက်တဲ့ ကောလာဟလတွေကို ဖြန့်နေတယ်"

"သူက ယွမ်လော့ရီရဲ့ သေဆုံးမှုမှာ မသင်္ကာစရာတွေ ရှိနေတယ်လို့ ပြောပြီး အဲကိစ္စကြောင့်ပဲ ယွမ်ရုံက ပြောင်းလဲသွားပြီး လူသတ်မှုတွေ ဖြစ်ပေါ်လာတာတဲ့၊ အဲဒီအမှုကို ပြန်စုံစမ်းဖို့လည်း သူက အကြံပြုထားသေးတယ်”

"ပြီးတော့ ယွမ်လော့ရီက ကျောင်းမှာဆိုရင် အပယ်ခံထားရပြီး သေဆုံးသူ အများစုက ယွမ်လော့ရီကို အပယ်ခံ ဖြစ်အောင် လုပ်ခဲ့သူတွေထဲမှာ ပါတယ်လို့လည်း ပြောတယ်၊ ကျောင်းအနေနဲ့ ဒီလိုကိစ္စတွေကို ဖြေရှင်းသင့်ပါတယ်"

"ရှင်က ယွမ်လော့ရီရဲ့ အတန်းဖော်လည်း ဖြစ်သလို ဒီဖြစ်ရပ်ကနေ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ပဲ၊ ဆိုတော့ ဒါတွေ အားလုံးက အမှန်ပဲလား"

ကျန်းရွှင့်ယင်းက ခေါင်းညိတ်လိုက်သည်။

"အမှန်ပါပဲ"

သတင်းထောက်များက သက်ပြင်းချပြီး မိုက်ကရိုဖုန်းများကို အောက်သို့ ချလိုက်ကြ၏။

သူမ၏ အဖြေမှာ ပျင်းစရာကောင်းလွန်း၍ သတင်းခေါင်းစဥ် ဖြစ်ရန် လုံလောက်သော အာရုံဖမ်းစားမှု မရှိပေ။

သူမ ကျော်ကြားမှုရရန် အခွင့်အရေးကို လက်လွတ်ရတော့မည်။

ကျန်းရွှင့်ယင်းက အော်လိုက်၏။

"မသွားပါနဲ့ သမီး အရင်က ကြောက်နေလို့ အမှန်အတိုင်း မပြောခဲ့တာပါ၊ အမှန်က...သမီးတို့က ယွမ်လော့ရီကို အထီးကျန်အောင် ပယ်ထားခဲ့တာ မဟုတ်ဘူး ယွမ်လော့ရီကသာ သမီးတို့ကို အနိုင်ကျင့်ခဲ့တာ”

သတင်းထောက်များမှာ ရပ်တန့်သွားပြီး မိုက်ခရိုဖုန်းများကို သူမဘက်သို့ ပြန်လှည့်လိုက်သည်။

မကြာမီမှာပင် သူမ၏ လိမ်ညာမှုများက တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး ထိပ်တန်း ခေတ်စားမှု စာရင်းတွင် အကြိမ်ကြိမ် ဦးဆောင်‌နေခဲ့၏။

"တုန်လှုပ်စရာ…တစ်ဦးတည်းသော အမျိုးသမီး အသက်ရှင်ကျန်ရစ်သူက ယွမ်ညီအစ်ကိုတွေရဲ့ လက်ကနေ လွတ်မြောက်ဖို့ ကိုယ်တိုင် လမ်းစ ရှာခဲ့ရခြင်း”

"ရဲရင့်ပြီး ဉာဏ်ပညာရှိတဲ့ ကျောင်းထွက်မိန်းကလေးရဲ့ နတ်ဆိုးများနှင့် ဉာဏ်ရည်စစ်ပွဲ”

"အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကို အဆက်မပြတ် ရင်ဆိုင်ခဲ့ရပေမဲ့ သူမက သတ္တိရှိရှိ အမှန်တရားကို ထုတ်ဖော်ပြောဆိုခဲ့ပြီ”

ကျန်းရွှင့်ယင်း၏ အကောင့်ထဲသို့ ငွေအမြောက်အမြား ရောက်ရှိလာပြီး ၎င်းမှာ ထောက်ခံသူ များစွာမှ သူမ ကြုံတွေ့ခဲ့ရသည်များကြောင့် လှူဒါန်းကြခြင်းပင်။

တစ်ညတာအတွင်း သူမက သူရဲကောင်း တစ်ဦး ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ယွမ်လော့ရီကမူ ပိုမို ပြင်းထန်သော အထင်အမြင်သေးခြင်းနှင့် ရင်ဆိုင်ရပြီး ယွမ်ဖာ့အား ကိုယ်ကျင့်တရား ပျက်ပြားသော ရှေ့နေတစ်ဦးအဖြစ် ရှုတ်ချခဲ့ကြကာ ယွမ်ရုံကို ရက်စက်ကြမ်းကြုတ်၍ တပ်မက်ဖွယ်ရာ လူရမ်းကားအဖြစ် သတ်မှတ်ခဲ့ကြ၏။

ကျန်းရွှင့်ယင်းမှာ ရက်အနည်းငယ်ကြာအောင် ခမ်းနားကြီးကျယ်သည့် ပွဲတော်များဖြင့် ပျော်ပါးနေခဲ့ပြီး ထိုငွေများက သူမ၏ ဘဝတစ်လျှောက်လုံး သက်တောင့်သက်သာ နေထိုင်သွားရန်ပင် လုံလောက်သည်။

သူတို့ ပြောသကဲ့သို့ပင်၊ ကြီးမားသော ကံဆိုးမှုက ကြီးမားသော ကံကောင်းခြင်းကို ဖြစ်စေနိုင်၏။

"မင်း ဘာလို့ လိမ်တာလဲ"

တစ်ရက်၌ ဒေါသထွက်နေသော အားကစားဆရာက ကျန်းရွှင့်ယင်းကို ရှာတွေ့ခဲ့သည်။ သူ၏ ဒဏ်ရာများမှာ ပြင်းထန်နေဆဲ ဖြစ်သဖြင့် လမ်းလျှောက်ရန် ချိုင်းထောက်ကို သုံးနေရ၏။

သူက ဒေါသတကြီး အော်ဟစ်လာလေသည်။

"သူတို့က သူတို့ရဲ့ ညီမလေး မတရားခံခဲ့ရလို့ ရူးသွားကြတာ၊ မင်းရဲ့ စကားတွေက သူတို့ကို ပိုပြီးတော့ ဒေါသထွက်စေမှာ မသိဘူးလား၊ နောက်ထပ် ဘယ်နှစ်ယောက်လောက် ထပ်သေရဦးမလဲ ဘယ်သူသိမလဲ”

"အဲဒီတုန်းက မင်းကို ကာကွယ်ဖို့ ငါ အသည်းအသန် ကြိုးစားခဲ့ရတာ တန်လား"

"ပြီးတော့ ယွမ်လော့ရီက မင်းကိုရော တခြား ဘယ်သူ့ကိုမှ အနိုင်မကျင့်ခဲ့ဖူးဘူး”

အားကစားဆရာက ဖုန်းကို ထုတ်ပြီး ချမ်းသာသော အမွေဆက်ခံသူ မိန်းကလေးများ၏ လျှို့ဝှက်အဖွဲ့မှ စကားပြော မှတ်တမ်းများကို ပြခဲ့သည်။

သူတို့က ယွမ်လော့ရီကို အနိုင်ကျင့်ရာတွင် အောင်မြင်လာတိုင်း ထိုအဖွဲ့ထဲတွင် ဓာတ်ပုံများ တင်လေ့ရှိ၏။

"ကြည့် ငါ သူ့အပေါ် ရေတွေ လောင်းချလိုက်ပြီ ဟားဟား သူ့အိမ်စာတွေ အကုန် ရေစိုသွားပြီ"

"သူ နင့်ကို ဒုက္ခ ပြန်ပေးလောက်လား”

"မတော်တဆ ဖြစ်တာလို့သာ ပြောပြီး တောင်းပန်လိုက်၊ ဒါဆို အသေးအမွှား ကိစ္စလေး ဖြစ်သွားမှာ၊ အဲကျရင် သူ ဘာတတ်နိုင်မှာလဲ"

အားကစားဆရာက ဆက်ပြောလာ၏။

"မနက်ဖြန် ဒီစကားပြော မှတ်တမ်းတွေကို လူအများ သိအောင် ငါ ဖွင့်ချမယ်၊ မင်း တော်တော် လွန်သွားပြီ၊ ဒီကိစ္စကို မင်းဘာသာ စပြီး ရှင်းပြတာ ပိုကောင်းလိမ့်မယ်"

ကျန်းရွှင့်ယင်း ထိတ်လန့်သွားလေသည်။

အားကစားဆရာက ထွက်သွားရန် လှည့်လိုက်ချိန်တွင် သူမ ရရှိထားသော ကြွယ်ဝမှုကို ကာကွယ်ရန် ဆုံးဖြတ်လိုက်ပြီး အားကစားဆရာအား အကြမ်းဖက်စွာ တွန်းချလိုက်၏။

အားကစားဆရာက လှေကားထစ်များပေါ်မှ လိမ့်ဆင်းသွားပြီး ခေါင်းမှ သွေးများ ထွက်လာတော့သည်။

သို့သော် အသက်ရှင်နေဆဲ ဖြစ်ပြီး ထရန် ကြိုးစားနေစဉ် ကျန်းရွှင့်ယင်းက ချိုင်းထောက်ကို ဆွဲယူ၍ မလှုပ်မယှက် ဖြစ်ကာ ငြိမ်သက်သွားသည်အထိ ထပ်ခါထပ်ခါ ရိုက်နှက်ခဲ့၏။

နောက်တစ်နေ့တွင် ကျန်းရွှင့်ယင်းတစ်ယောက် အင်တာဗျူးများကို ဆက်ဖြေလေသည်။

သူမ ဝမ်းနည်းစွာ ငိုကြွေးလျက် နစ်နာသူ ပုံစံကို အချိုးကျစွာ ပုံဖော်နေပြီး သူမ၏ ဖုန်းမျက်နှာပြင်မှာလည်း ငွေလွှဲပြောင်းမှုများဖြင့် တောက်ပနေ၏။

သို့သော် သူမ ထိုငွေများကို ခံစားခွင့် မရလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ယွမ်စစ်၏ နောက်လိုက်များက သူမကို လာရောက် ဖမ်းဆီးသွားသောကြောင့်ပင်။

ယခု သူမမှာ လှောင်အိမ်ထဲတွင် ပိတ်မိနေပြီး တစ်ဖန် ပြန်လည်၍ အကူအညီမဲ့သော သိုးငယ်လေး တစ်ကောင်ကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေရသည်။

ယွမ်စစ်တွင် မေးစရာ မေးခွန်းများ မရှိတော့ပေ။

သူ ယွမ်လော့ရီထံသို့ လျှောက်သွားပြီး ကိုယ်ကို ကိုင်းကာ နူးညံ့စွာ ပြောလိုက်၏။

"သူက ညီမလေးကို အကြိမ်ကြိမ် လှည့်စားခဲ့ပြီး ဘယ်တုန်းကမှ နောင်တ မရခဲ့ဘူး၊ လူ့သဘောသဘာဝကိုက သွေးဆောင်လာရင် ခံနိုင်တတ်တာ မဟုတ်ဘူး၊ အရင်က သူ အလုံအလောက် မဆိုးသွမ်းခဲ့ဘူးဆိုတာ ကြင်နာလို့ မဟုတ်ဘူး အခွင့်အရေး မရှိခဲ့လို့ပဲ"

ယွမ်လော့ရီ၏ ရှေ့တွင် ချွန်ထက်သော ဓားမြှောင် တစ်ချောင်း ပေါ်လာလေသည်။

ယွမ်စစ်က သူမကို ဂရုတစိုက် လမ်းညွှန်ပေးလာ၏။

"ညီမလေး သူ့ကို ပျောက်ကွယ်သွားအောင် လုပ်နိုင်တယ်၊ ဒါက မမှားဘူး သူက အဲဒါနဲ့ တန်တယ်"

"သူက ရဲတွေကို ယွမ်ရုံနဲ့ ယွမ်ဖာ့ ထွက်သွားတဲ့ လမ်းကြောင်းကို ပြောပြခဲ့ပြီး သူတို့ကို သေစေနိုင်တဲ့ အန္တရာယ်ထဲ တွန်းပို့လိုက်တာ"

ယွမ်စစ်တစ်ယောက် ယွမ်လော့ရီကို စူးစိုက်စွာ စောင့်ကြည့်နေလေ၏။

မုန်းတီးမှုများက သူမအား လူသတ်အောင် မလုပ်နိုင်သော်လည်း သူမ၏ မိသားစုကို ကာကွယ်ရန်အတွက်တော့ သူမ သတ်လိမ့်မည်ပင်။

ထို့နောက် သူ သူမကို အမှောင်ဘက်သို့ ဦးဆောင်၍ ခေါ်သွားမည်။

All Chapters