အခန်း (၁၀၀)
Vol. 10 Ch. 100
စတုတ္ထအစ်ကို စကားလုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် စွဲလမ်းမှုတစ်ခု ပါဝင်နေ၏။ သူသည် ယွမ်လော့ရီကို သူ့ဘေးတွင် ပိတ်လှောင်ထားမည်ဖြစ်ပြီး ပန်းတိုင်ကို ရောက်ရှိရန် မည်သည့်အရာကိုမဆို ပြုလုပ်မည်ဖြစ်သည်။
ဤအတွေ့အကြုံကြောင့် သူမ ကြောက်ရွံ့မှု၊ ခက်ခဲမှုနှင့် ဒုက္ခဆင်းရဲတို့ကို ခံစားရမည်ဖြစ်ပြီး ရေနစ်နေသကဲ့သို့ဖြစ်လိမ့်မည်။ သို့သော် ယွမ်စစ်သည် ဘယ်တော့မှ ရပ်တန့်မည်မဟုတ်ပေ။
ပါရမီရှင်တစ်ဦးအနေဖြင့် သူသည် စိတ်များကို ဖတ်နိုင်ပြီး ယွမ်လော့ရီ၏ စိတ်ထဲသို့ထိုးဖောက်သွားစေမည့် စကားလုံးများကို ညင်သာစွာ ပြောဆိုနိုင်သည်။ သူမ၏အတွေးများကို ချေမွပြီး သူအလိုရှိသလို ပုံစံသွင်းနိုင်၏။
ယွမ်လော့ရီ သူ့ကိုကြောက်ရွံ့သင့်သည်။ သူ့ကိုသူမ အစွမ်းကုန်တွန်းထုတ်ပြီး အမြန်ဆုံးထွက်ပြေးသင့်သည်။
သို့သော် စတုတ္ထအစ်ကို၏ ရင်ဘတ်ပေါ်မှ သွေးထွက်နေသည့် ဒဏ်ရာကို မြင်လိုက်ရသောအခါ သူမ၏ စိုးရိမ်မှုသည် ကြောက်ရွံ့မှုကို လွှမ်းမိုးသွား၏။
ဓားမြှောင်ကို ကိုင်ထားစဉ် ယွမ်လော့ရီ၏လက်က တုန်ယင်နေသောကြောင့် ဒဏ်ရာရသွားခြင်းဖြစ်ပြီး အသားကို ထိုးဖောက်ဝင်ရောက်သွားသည့် ခံစားမှုသည် သူမ၏လက်ဖဝါးပေါ်တွင် ကျန်ရှိနေဆဲဖြစ်ရာ သူမကို အပြစ်ရှိသလို ခံစားရစေသည်။
သူသည် အမာရွတ်များဖြင့် ပြည့်နှက်နေပြီးဖြစ်ရာ သူမက ဘာကြောင့် နောက်တစ်ခု ထပ်ထည့်ရမည်နည်း။
ထို့ကြောင့် စတုတ္ထအစ်ကို၏ အလွန်အကျွံနီးကပ်မှုကို ရင်ဆိုင်ရသည့်အခါ ယွမ်လော့ရီ ရှောင်တိမ်းခြင်းမပြုခဲ့ပေ။ သူသည် အရပ်ရှည်ပြီး သွယ်လျသည့်အတွက် ကြီးမားသောအနက်ရောင်အရိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး ယွမ်လော့ရီကို ညင်သာစွာနှင့် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထား၏။
ယွမ်လော့ရီက ဝမ်းနည်းစွာ ပြောလိုက်သည်။ “တောင်းပန်ပါတယ်”
စတုတ္ထအစ်ကိုက ပြန်ပြော၏။ “အဆင်ပြေပါတယ်၊ မနက်ပါဘူး”
သူသည် သူ၏လက်ချောင်းများကို သွေးစွန်းနေသည့် ကော်လံအောက်သို့ လျှောထည့်လိုက်ပြီး အနီရောင်အသားကို စမ်းလိုက်သည်။ စုတ်ပြဲနေသည့် အရေပြားမှာ သွေးဖြင့်စေးကပ်နေပြီး စောနကပင် သွေးများခဲသွားသည့်အတွက် နာကျင်မှု အနည်းငယ်ကိုသာ ခံစားရ၏။
စတုတ္ထအစ်ကို နောင်တရမိသည်။ သူ့ညီမသာ အနည်းငယ်ပို၍နက်ရှိုင်းစွာ ဖြတ်တောက်ခဲ့ပါက ဒဏ်ရာပျောက်ပြီးနောက် အဖြူရောင်အမာရွတ်တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ပြီး သူ့ခန္ဓာကိုယ်သည် သမိုင်းစာအုပ်တစ်အုပ်ကဲ့သို့ ညီမလေး သူမ၏လက်သည်းများကို ထုတ်ဖော်ပြသသည့် အခိုက်အတန့်ကို စေ့စပ်သေချာစွာ မှတ်တမ်းတင်ထားနိုင်ပေလိမ့်မည်။
သားရဲငယ်လေးစီမှ ဒဏ်ရာများမှာ ရိုးရှင်းပြီး မရင့်ကျက်သေးသော်လည်း အမှတ်တရများဖြစ်၏။
သူ၏လက်ချောင်းများကို ဖရိုဖရဲဖြစ်နေသော အဝတ်အစားများအထဲမှ ထုတ်လိုက်သည်နှင့် ယွမ်လော့ရီ၏ အကြည့်မှာလည်း စတုတ္ထအစ်ကို၏ လှုပ်ရှားမှုများကို လိုက်ကြည့်နေပြီး သွေးစွန်းကွက်များကို မြင်လိုက်ရသည့်အခါ အသက်ရှူအနည်းငယ် ပင့်သက်ရှိုက်မိ၏။
ဤကဲ့သို့ပြောင်းလဲမှုကို စတုတ္ထအစ်ကိုက သဘာဝကျစွာ မလွတ်သွားပေ။
သူသည် တကယ့်မိစ္ဆာတစ်ကောင်ဖြစ်သော်လည်း သူ၏ညီမက သူ့အတွက် စိတ်ပူနေဆဲပင်။
သူမ၏အမြင်အရ ဒဏ်ရာအများစုသည် အဝတ်အစားများဖြင့် ဖုံးအုပ်နေပြီး ပေါ်နေသော အစိတ်အပိုင်းတစ်ခုမှာလည်း သွေးဆက်တိုက်ကျနေဆဲဖြစ်သည်။
တိုးတိုးလေး ရယ်မောရင်း စတုတ္ထအစ်ကိုက သူ၏ကော်လံကို တင်းကျပ်လိုက်ပြီး သေးငယ်သည့်ဒဏ်ရာကို တမင်တကာ ဖုံးကွယ်လိုက်သည်။ “သိချင်လို့လား”
ယွမ်လော့ရီက ခေါင်းညိတ်လိုက်၏။ “ဒဏ်ရာက တကယ်မနက်တာ ဟုတ်လို့လား”
“တကယ်”
“သမီးနောက်မှ ပိုးသတ်ပေးလို့ရမလား”
“ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မလိုပါဘူး၊ သူ့ဘာသာသူ ပျောက်သွားမှာပါ”
ယွမ်လော့ရီက မျက်မှောင်ကြုတ်ကာ ဒဏ်ရာကို စိတ်ကူးကြည့်ရင်း ခေါင်းငုံ့လိုက်သည်။
စတုတ္ထအစ်ကိုက ဆံပင်စများကို နားနောက်သို့ သပ်တင်ပေးလိုက်သည်နှင့် သူမ၏နဖူးသည် အေးစက်သလို ခံစားလိုက်ရ၏။ “စိတ်မပူပါနဲ့၊ တကယ် သူ့ဘာသာသူ ပျောက်သွားမှာပါ”
စတုတ္ထအစ်ကို ဖြည်းညင်းစွာ ထရပ်လိုက်သည်။ ယွမ်လော့ရီကို လွှမ်းခြုံထားသည့် အနက်ရောင်အရိပ်သည် တဖြည်းဖြည်း နောက်ဆုတ်သွား၍ အသက်ရှူကျပ်သော ခံစားမှုကို အနည်းငယ် သက်သာစေသော်လည်း ချုပ်နှောင်မှုသည် ဘယ်တော့မှ မရပ်တန့်ခဲ့ပေ။
သူတို့ကြားတွင် အကွာအဝေးတစ်ခု ထားပြီးနောက် ယွမ်လော့ရီသည် စတုတ္ထအစ်ကို၏ ကော်လံကို ဆက်လက်စိုက်ကြည့်နေ၏။
သူမသည် ဖြူဖွေးသည့်အထည်ပေါ်တွင် အနီရောင်အစက်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ အစပိုင်းတွင် သေးငယ်သော်လည်း ပျံ့နှံ့ကာ ပိုကြီးလာ၏။
ဘာလို့ သွေးဆက်ထွက်နေသေးတာလဲ။
ယွမ်လော့ရီ ထိုအကြောင်းကို မတွေးဘဲမနေနိုင်ခဲ့ပေ။
ကိုးကွယ်ယုံကြည်သူများသည် စတုတ္ထအစ်ကိုထံသို့ ချဉ်းကပ်လာပြီး နှိမ့်ချစွာ ဦးညွှတ်လာကြသည်။ “သခင်၊ သွေးစစ်ထုတ်ပြီးပြီ၊ အပြစ်လည်း ဆေးကြောသန့်စင်ပြီးပါပြီ၊ ဒီတစ်ခါ အလောင်းကို ဘယ်လိုစွန့်ပစ်ရမလဲ”
စတုတ္ထအစ်ကိုက ပြောလိုက်၏။ “သိုးငယ်လေးကို ငါ့ညီမအတွက် ဆက်သခဲ့တာ၊ သူ့မှာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်”
ကိုးကွယ်ယုံကြည်သူများသည် ထို့နောက် ယွမ်လော့ရီရှေ့သို့ ရောက်လာကြပြီး နက်ရှိုင်းစွာ ဦးညွှတ်ကြ၏။ သူတို့ကိုယ်ကိုမတ်လိုက်သည့်အခါ သူမကို အလျင်စလို စိုက်ကြည့်နေကြသည်။
“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အမိန့်ပေးပါ”
ယွမ်လော့ရီ တောင့်ခဲသွားသည်။ သူမသည် လူသတ်မှုကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသော်လည်း နောက်ဆက်တွဲကိုမူ တစ်ခါမှမမြင်ဖူးသဖြင့် ဘာလုပ်ရမည်ကို မသိချေ။
ယွမ်လော့ရီ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကိုးကွယ်ယုံကြည်သူများက အကြံဉာဏ်များ စတင်ပေးလာကြ၏။
“သူ့ကို ဓာတုပျော်ရည်တွေနဲ့ ဖျော်ပစ်လိုက်ရင်ရော၊ သူ့ခန္ဓာကိုယ်ကို ပလတ်စတစ်စည်ပိုင်းထဲ ဆန့်လောက်တဲ့ အတုံးသေးသေးလေးတွေအဖြစ် လှီးဖြတ်ပြီးသားပါ”
“ပါးစပ်ပိတ်စမ်း၊ လေထဲမှာ ပျံ့နှံ့သွားတဲ့ ဓာတုပျော်ရည်အနံ့တွေက ကလေးရဲ့ကျန်းမာရေးအတွက် မကောင်းဘူး”
“ကျေးဇူးပြုပြီး ကျွန်တော့်စကားကို နားထောင်ပါ၊ ကျွန်တော်တို့ ကျေးလက်မှာ အသားကြိတ်စက်တစ်လုံးရှိတယ်၊ သူ့ကို တိရစ္ဆာန်အစာအတွက် ပရိုတင်းအမှုန့်အဖြစ် ကြိတ်ချေပစ်ပြီး လုံးဝပျောက်ကွယ်သွားအောင် လုပ်ပစ်လို့ရတယ်၊ ဒါက ပတ်ဝန်းကျင်အတွက်လည်း အရမ်းကောင်းတယ်”
“အသားကြိတ်စက်တစ်လုံးကို ဒီကိုယူလာဖို့ ဘယ်နှစ်ရက်ကြာမလဲ၊ ငါတို့ကသူ့ကို ဒီမှာပဲ ထားခဲ့ရမှာလား၊ ရာသီဥတုကပူနေတာ ပိုးမွှားတွေကို ဆွဲဆောင်မိလိမ့်မယ်”
“ဒါဆိုရင် ငါတို့အနောက်တောင်ကုန်းမှာ တွင်းတူးပြီး အရင်မြှုပ်ထားလိုက်ရင်ရော၊ ဒါက အလွယ်ဆုံးနဲ့ အမြန်ဆုံးနည်းလမ်းပဲ”
ကိုးကွယ်ယုံကြည်သူများသည် ဤအကြံဉာဏ်က ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရသည်။ အလောင်းစွန့်ပစ်ရန် နည်းလမ်းပေါင်းမရေမတွက်နိုင်အောင် ရှိသော်လည်း အလွန်ရှုပ်ထွေးသော နည်းလမ်းများသည် အသုံးမဝင်ပေ။ အခြေခံအကျဆုံးနည်းလမ်းသည်သာ အကောင်းဆုံးပင်။
မျက်မှန်တပ်ထားသည့် လူကြီးတစ်ဦးက ပြောလာ၏။ “ကျွန်တော်က အချဉ်ဖောက်တာကို လေ့လာပါတယ်၊ သူ့အပေါ်မှာ အဏုဇီဝပိုးမွှားအချို့ ဖြန်းပေးလိုက်ရင် မြေသြဇာအဖြစ် အချဉ်ဖောက်သွားပြီး ပတ်ဝန်းကျင်က အပင်တွေနဲ့ သစ်ပင်တွေကို အကျိုးပြုပြီး ဘာအနံ့အသက်မှ ထွက်မှာမဟုတ်ဘူး”
ကိုးကွယ်ယုံကြည်သူများသည် သူတို့၏သဘောတူညီမှုကို ဖော်ပြပြီး ယွမ်လော့ရီကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။
“ဒီနည်းလမ်းက အဆင်ပြေမလား”
သူတို့အားလုံး၏အကြည့်အောက်တွင် ယွမ်လော့ရီ ခေါင်းညိတ်လိုက်၏။
သူမ၏ဘေးတွင် ရပ်နေသော စတုတ္ထအစ်ကိုသည် ပြုံးလိုက်သည်။
ဂေါ်ပြားများနှင့် ပုံးများကို ကိုင်ဆောင်ရင်း ကိုးကွယ်ယုံကြည်သူများသည် စတင်အလုပ်လုပ်ကြတော့၏။ စတုတ္ထအစ်ကို၏ ရွေးချယ်ခံများအနေဖြင့် သူတို့သည် နယ်ပယ်အသီးသီးမှ အရည်အချင်းရှိသော ပုဂ္ဂိုလ်များဖြစ်ကြပြီး စတုတ္ထအစ်ကိုအပေါ် လုံးဝသစ္စာစောင့်သိကြကာ သူ၏အမိန့်များကို အပြစ်အနာအဆာမရှိ အကောင်အထည်ဖော်ကြပေလိမ့်မည်။
စတုတ္ထအစ်ကိုသည် ယွမ်လော့ရီကို ဗီလာသို့ ပြန်ခေါ်သွား၏။ ညဉ့်နက်နေပြီဖြစ်ပြီး အပြင်ဘက်မှ လမ်းမီးများသည် မှိန်ဖျော့စွာ လင်းလက်နေသည်။
သူတို့သည် ကြီးမားသည့် ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှိနေသော မှန်ပြတင်းပေါက်များ၊ ရိုးရှင်းသော သစ်သားပရိဘောဂများနှင့် အရောင်အမျိုးမျိုးရှိသော အရုပ်များဖြင့် ပြည့်နှက်နေသည့် အခန်းတစ်ခန်းထဲသို့ ဝင်ရောက်သွား၏။ အခန်းမှာ ယွမ်လော့ရီ၏ အကြိုက်ဖြစ်သည်။
စတုတ္ထအစ်ကိုက ပြောလိုက်၏။ “ကိုကိုဒီအခန်းကို အစောကတည်းက ပြင်ဆင်ထားခဲ့တာ၊ ညီမလေးကို အားလပ်ရက်အပန်းဖြေကျ ခေါ်လာဖို့ စဉ်းစားနေခဲ့တာ၊ ဒီည ဒီမှာနားလို့ရတယ်”
ဤသည်မှာ ယွမ်လော့ရီအတွက် မမျှော်လင့်ထားသည့်အရာဖြစ်သည်။ စတုတ္ထအစ်ကို၏ အလွန်အကျွံထိန်းချုပ်မှုသည် လျော့ကျသွားပုံရ၏။ ယခင်က သူသည် ယွမ်လော့ရီကို သူ၏ဘေးတွင် ထားလိုခဲ့သော်လည်း ယခုမူ သူမကို အခြားအခန်းတစ်ခန်းတွင် တစ်ယောက်တည်း နေခွင့်ပေးရန် ဆန္ဒရှိနေသည်။
ပြတင်းပေါက်သို့ လျှောက်သွားရင်း စတုတ္ထအစ်ကိုက သော့ဖွင့်ကာ ညင်သာစွာ တွန်းဖွင့်လိုက်ရာ အေးမြသော ညနေခင်းလေပြေ ဝင်ရောက်လာ၏။
စတုတ္ထအစ်ကိုက ပြောလိုက်သည်။ “လိုချင်ရင် အခုအပြင်ထွက်ပြီး လမ်းလျှောက်လို့ရတယ်၊ ဒီပတ်ဝန်းကျင်က တော်တော်လေး လုံခြုံတယ်”
ယွမ်လော့ရီက ပြောလိုက်၏။ “သမီးတစ်ယောက်တည်း အပြင်ထွက်သွားလို့ရလား”
“တစ်ယောက်တည်း သွားလို့ရတယ်”
“သမီးထွက်ပြေးဖို့ ကြိုးစားရင်ရော”
စတုတ္ထအစ်ကိုသည် မဖြေခဲ့ပေ။ ခဏအကြာတွင် လေသည် အခန်းထဲမှ ဟောင်းနွမ်းနေသော လေကို မှုတ်ထုတ်သွားပြီး သူပြတင်းပေါက်ကို တစ်ဖန်ပြန်ပိတ်လိုက်သည်။
သူသည် ယွမ်လော့ရီထံသို့ ချဉ်းကပ်လာ၏။ ထို့နောက် ငုံ့ကာ ယွမ်လော့ရီလက်ကိုဆွဲယူပြီး သူမ၏လက်ချောင်းထိပ်များက သူ၏တင်းတင်းကျပ်ကျပ် စေ့ထားသည့် ကော်လံအပေါ် ထိနေသည်အထိ သူ့ဘက်သို့ ဆွဲယူလိုက်သည်။
ကျန်ရှိနေသော သွေးသည် ခဲသွားပြီး နူးညံ့သောအထည်နှင့် နှိုင်းယှဉ်လျှင် ကြမ်းတမ်းပြီး မညီမညာဖြစ်နေကာ အနည်းငယ် စိုစွတ်နေဆဲဖြစ်၏။
ပါးလွှာသောအထည်လွှာမှတစ်ဆင့် ယွမ်လော့ရီ၏ လက်ချောင်းများသည် အနက်မသိရသည့် ဒဏ်ရာကို ဖိထားသည်။
စတုတ္ထအစ်ကိုသည် ယွမ်လော့ရီကို ကြည့်နေပြီး သူ၏မျက်လုံးများသည် ပျော့ပြောင်းသွား၏။ “မင်းက ညီမကောင်းတစ်ယောက်မလို့ ကိုကို့ဆီကို ပြန်လာမှာပါ”
ထိုအခိုက်အတန့်တွင် ယွမ်လော့ရီတစ်ယောက် သူမ၏အစွမ်းအစအားလုံးကို ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရပြီး လုံးဝမလှုပ်ရှားနိုင်တော့ပေ။ သူမသည် ယွမ်စစ်ကို ဗလာကျင်းစွာ စိုက်ကြည့်နေမိပြီး ယခင်ကထက် ပိုမိုချောင်ပိတ်မိနေပြီဟု ခံစားလိုက်ရသည်။
၎င်းသည် သူမ၏လွတ်လပ်မှုကို ချုပ်နှောင်ထားသည့် လှောင်အိမ်တစ်ခုမဟုတ်ဘဲ စစ်မှန်သော ချစ်ခြင်းမေတ္တာပင်။
ယွမ်စစ် ဤသည်ကို သိပြီး ယခု ယွမ်လော့ရီသည်လည်း သိသွားပြီဖြစ်သည်။
အေးစက်ပြီး ကြီးမားသောလက်များက ယွမ်လော့ရီ၏ ကျောကို ပွေ့ဖက်လာပြီး သူမ ယွမ်စစ်၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ အရင်တစ်ခေါက်က ပွေ့ဖက်မှုနှင့် နှိုင်းယှဉ်လျှင် ဤတစ်ကြိမ်သည် နွေးထွေးပြီး ပေါ့ပါးသော ပိုးပုဝါတစ်ထည် သူမ၏ကိုယ်ပေါ်သို့ ကျရောက်လာသကဲ့သို့ပင်။
“ကောင်းသောညပါ ညီမလေး၊ ဒီည မင်းအိပ်မက်ကောင်းတွေ မက်ပါစေလို့ မျှော်လင့်ပါတယ်”
ယွမ်စစ်သည် သူ၏လက်များကို ရုတ်သိမ်းပြီး တံခါးဘက်သို့ လျှောက်သွား၏။ ထွက်ခွာမသွားမီ အလင်းရောင်ကို Sleep Modeသို့ ချိန်ညှိလိုက်ပြီး သော့ခတ်မသွားခဲ့ပေ။
ယွမ်လော့ရီ ကုတင်အစွန်းတွင် တစ်ယောက်တည်း ထိုင်နေ၏။
စတုတ္ထအစ်ကိုသည် လူတို့၏နှလုံးသားကို ခြယ်လှယ်ရာတွင် အလွန်ကျွမ်းကျင်လှသည်။ သူပြုလုပ်သော လှုပ်ရှားမှုတိုင်းကို ဂရုတစိုက် အစီစဉ်ဆွဲထား၏။
သူမသည် သူ့ကို ဘယ်ကျမှ အနိုင်ယူနိုင်မည်နည်း။
[ဒင်]
[စနစ်သတိပေးချက်- Hostက ကမ္ဘာ့လမ်းကြောင်း ၂ အပေါ် ဩဇာလွှမ်းမိုးမှုကို ဖွင့်လိုက်ပါပြီ]
ယွမ်လော့ရီ လန့်သွားသည်။
ကမ္ဘာ့လမ်းကြောင်း ၂ လား။ ဩဇာလွှမ်းမိုးမှုလား။
ယွမ်လော့ရီ ဗလာနတ္ထိထဲသို့ စိုက်ကြည့်နေသော်လည်း ယခင်ကကဲ့သို့ တန်ဖိုးပြဇယားတစ်ခု ပေါ်မလာခဲ့ပေ။ ခဏတာ ဗလာဖြစ်နေပြီးမှ စာလုံးများ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ ယွမ်လော့ရီ အချက်အလက်များကို စစ်ဆေးရင်း နောက်ပြန်ခြေရာခံခြင်းလုပ်ဆောင်ချက်၏ အချိန်ရေတွက်မှု ပျောက်ကွယ်သွားသည်ကို အံ့ဩစွာ တွေ့ရှိခဲ့၏!
သူမပြန်မသွားနိုင်တော့ပေ။
ဤအဖြစ်အပျက်က အလွန်ရုတ်တရက်ဆန်လွန်းသည်။
ယီ: တောင်းပန်ပါတယ်၊ အခုတလော အိပ်ချိန်မမှန်ဘဲ နည်းနည်းအလုပ်များနေလို့ အချိန်မီမပြီးနိုင်ခဲ့ဘူး၊ဒီနေ့အတွက် တစ်ခန်း၊ မနက်ဖြန်အတွက် သုံးခန်းနဲ့ အစားထိုးပေးပါ့မယ်။