သူက ရှင့်ရဲ့တပည့် ဟုတ်ရဲ့လား
Vol. 30 Ch. 292
“ပင်ကိုအသိစိတ်နောက်ကို လိုက်ဖို့လား...”
ဝမ်ရှိုယီတစ်ယောက် အရှင်မ၏ စကားကို အထပ်ထပ် အခါခါ စဉ်းစားနေမိသည်။
သူပြောလိုက်သော စကားက ဘာအဓိပ္ပာယ်မှ မရှိသလို ထင်ရသော်လည်း ထိုနောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ် ရှိလိမ့်မည်ဟု ဝမ်ရှိုယီ အခိုင်အမာ ယုံကြည်နေသည်။ တခြား တက်လှမ်းသူများ နားမလည်သည့်တိုင် အရှင်မ၏ အနီးကပ်တပည့်ဖြစ်သော သူက နားလည်အောင် ကြိုးစားရမည် ဖြစ်သည်။
အရှင်မက ဘယ်တော့မှ မမှားနိုင်ဘူး။
သူက အပိုစကားတွေ မပြောတတ်ဘူး။
“ငါ့ရဲ့ ခံစားချက်နောက်ကို လိုက်မယ်ဆိုရင်... နောက်ထပ် လုပ်မှာက C ပြည်နယ် မိစ္ဆာနှိမ်နင်းသူ ဗျူရိုကို ဝင်ဖို့ပဲ...” ဝမ်ရှိုယီက မျက်လုံးကို မှေးလိုက်ပြီး လက်သီးနှင့် လက်ဝါးကို ရိုက်ကာ ရေရွတ်လိုက်သည်။ “သြော်... ဒါကိုး။ သိပြီ၊ အခုမှပဲ သဘောပေါက်တော့တယ်။”
“ဒါဆို အခင်းအကျင်းကို တိုက်ခိုက်ခဲ့တဲ့သူတွေက C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုထဲမှာ ရှိနေဖို့ များတယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ အနာဂတ်မှာ အဲဒီကို ရောက်လာမယ်လို့ ဆိုလိုတာပဲ။”
“ငါသာ အဲဒီဗျူရိုထဲ ဝင်လိုက်မယ်ဆိုရင် တစ်နေ့မဟုတ် တစ်နေ့ သူတို့ အမှားလုပ်မိတာကို ငါ ဖမ်းမိမှာပဲ။ အဲဒါ... အဲဒါက အရှင်မ စကားရဲ့ တကယ့်အဓိပ္ပာယ်ပဲ။”
တခြားသူများ ထိုညွှန်ကြားချက်ကို မည်သို့ ယူဆပါစေ ဝမ်ရှိုယီ ဂရုမစိုက်တော့ပေ။
သူ့စိတ်ထဲတွင်တော့ ၎င်းက အမှန်တရားဟူ၍သာ အပြည့်အဝ ယုံကြည်သွားလေပြီ။
“အစ်ကိုချန်ကို ပြောပြသင့်လား။ သူ သတိထားနိုင်အောင် ဒါမှမဟုတ် မခေါ်သင့်တဲ့သူတွေကို အလုပ်မခန့်မိအောင်ပေါ့... အဲဒါမှ နောင်တစ်ချိန် မိစ္ဆာနှိမ်နင်းသူဗျူရိုမှာ ဘေးဒုက္ခ မကြုံရမှာ...”
ဝမ်ရှိုယီက မေးစေ့ကို ကိုင်ပြီး ကမ်းပါးယံတစ်လျှောက် လမ်းလျှောက်နေမိသည်။
“ဒါပေမဲ့ ငါပြောပြလိုက်ရင် ရန်သူက ရိပ်မိသွားနိုင်တယ်။ အဲဒါဆို သူတို့က သတိထားသွားပြီး ဗျူရိုထဲ မဝင်လာတော့တာမျိုး ဒါမှမဟုတ် ပိုပြီး နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းသွားတာမျိုး ဖြစ်သွားနိုင်တယ်...”
“ထားပါတော့။” သူက အံကြိတ်ပြီး ခေါင်းခါလိုက်တယ်။ “အစ်ကိုချန်က ငါ့အပေါ် ကောင်းတယ်။ အရှင်မရဲ့ အမိန့်ကိုလည်း ငါ အလေးအနက်ထားရမယ်။ ဒါကြောင့် လောလောဆယ်တော့ ငါ့ဘာသာပဲ သိထားတော့မယ်။ တကယ်လို့ အရှင်မက မိစ္ဆာနှိမ်နင်းသူဗျူရိုအပေါ် ဒေါသ ပုံချလာရင် ငါပဲ ရှေ့ထွက်ပြီး တာဝန်ယူလိုက်မယ်။ အဲဒါ အစ်ကိုချန်ရဲ့ ကျေးဇူးကို ဆပ်ရာလည်း ရောက်မှာပါ။”
“စီနီယာဝမ် ဘာဖြစ်နေတာလဲ။”
“မသိဘူးလေ။ တစ်ယောက်တည်း တတွတ်တွတ်နဲ့ ရူးနေသလိုပဲ။”
ဘေးနားမှ ခွန်းလွန်အင်မော်တယ်နန်းတော် တပည့်များနှင့် တခြား တက်လှမ်းသူများက ထူးထူးဆန်းဆန်း ပြုမူနေသော ဝမ်ရှိုယီကို ကြည့်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
သူတို့က အရှင်မဆီမှ အသုံးဝင်သော မည်သည့် သတင်းအချက်အလက်မှ မရလိုက်သလို၊ ဘာကို ဆိုလိုမှန်းလည်း နားမလည်ကြပေ။
ထိုကဲ့သို့ အခြေအနေမျိုးတွင်တော့ ဘာမှမသိသည်ကို ဟန်လုပ်ပြီး အခြေအနေကြည့် လိုက်လုပ်ရန်သာ ရှိတော့သည်။
အဆုံးတွင်မူ “လူအများစုလုပ်တာကိုအပြစ်မပေး” ဆိုသော မူဝါဒသည် ထိုနေရာမှာလည်း အကျုံးဝင်နေသည် မဟုတ်ပါလား။
အရှုပ်အထွေးများကို ရှင်းရန်အတွက် ဟွာကျင်း လွှတ်လိုက်သူက ဝမ်ရှိုယီရဲ့ စီနီယာအစ်မ ဟုန်လီ ဖြစ်ပါသည်။
သူနှင့် ဝမ်ရှိုယီက အရှင်မ၏ ကယ်တင်ခြင်းကို ခံခဲ့ရသော မိဘမဲ့ကလေးများပင်။ ကွာခြားချက်မှာ ဝမ်ရှိုယီတွင် ကိုယ်ပိုင်နာမည် ရှိနှင့်ပြီးသား ဖြစ်နေခြင်းပင်။
ဟုန်လီက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ဇာပဝါပါသော ဦးထုပ်ကို ဆောင်းထားပါသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က အခြေခံအုတ်မြစ်အဆင့် နောက်ဆုံးအဆင့်ကို ရောက်ရှိနေလေပြီ။
သူ ထိုက်ရှန်းတောင်ထိပ်ကို ဆင်းသက်လာသည်နှင့် လူအားလုံးကို အစည်းအဝေးခေါ်လိုက်၏။
သားရဲဖမ်းပြိုင်ပွဲ၏ ဆုလာဘ်များကို ခွဲဝေပေးရန်အပြင် တခြားသော ဖြေရှင်းစရာကိစ္စတစ်ခု ရှိသေးသည်။ ၎င်းမှာ လျို့ဝှက်ဂိုဏ်းအားလုံးက ဂိုဏ်းချုပ်များ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းပင်။ ပြိုင်ပွဲအပြီး တပည့်စုဆောင်းရေး အစီအစဉ်များ မပျက်ကွက်စေရန် ခေါင်းဆောင်အသစ်များကို ထိုနေရာမှာတင် ခန့်အပ်ရမည် ဖြစ်သည်။
...
ပုံရိပ်ယောင်ကောင်မလေးဂိမ်း၏ သတိပေးချက် ပျောက်ကွယ်သွားသည်နှင့် ချန်ဟွိုက်အန်က ဗီအာဦးထုပ်ကို ချွတ်လိုက်ပြီး လီချင်းရန်နှင့် လင်းလင်လင်ကို ခေါ်ကာ အစည်းအဝေးကို လာခဲ့သည်။
သူက ဆုလာဘ်များကို စိတ်ဝင်စား၍ မဟုတ်ပေ။ တက်လှမ်းသူများဆီကို ထိုပညာအလင်း မည်သို့ ပေးပို့ကြောင်းကိုသာ သိချင်နေခြင်းပင်။
“အခု ကျွန်မ နာမည်ခေါ်တဲ့သူတွေ ရှေ့ထွက်ခဲ့ပြီး အမှတ်တွေနဲ့ လဲလှယ်ဖို့ မိစ္ဆာပစ္စည်းတွေကို တင်ပြကြပါ။”
ဟုန်လီက လူအုပ်ကြီးကို တင်းမာသော လေသံနှင့် ဝေ့ကြည့်လိုက်သည်။
ထိုအခါ မိစ္ဆာနှိမ်နင်းသူဗျူရို အဖွဲ့ဝင်များနှင့် အထက်တန်းလွှာ မိသားစုများ၏ မျက်နှာများက ညှိုးငယ်သွားကြလေသည်။
သူတို့က ပြိုင်ပွဲကို လူအနည်းငယ်သာ လွှတ်ခွင့် ရခဲ့သည်။ ထို့ပြင် သုံးရက်စာ အစီအစဉ်ကလည်း မမျှော်လင့်ထားသော ကိစ္စများကြောင့် တစ်ရက် မပြည့်ခင်မှာပင် ရပ်ဆိုင်းလိုက်ရသည်ဖြစ်ရာ အချို့အဖွဲ့များက မိစ္ဆာအငယ်စားလေး အနည်းငယ်သာ သတ်နိုင်ခဲ့သည်။ ကံဆိုးသူများဆိုလျှင် ဘာမှပင် မရလိုက်ပေ။
“C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို... ရှေ့ထွက်ပြီး ပစ္စည်းတွေ တင်ပြပါ။”
မကြာခင်မှာပင် ချန်ဟွိုက်အန် အလှည့် ရောက်လာသည်။
ဂိုဏ်းတပည့်များနှင့် အထက်တန်းလွှာမိသားစု အများစုက သူ့ရှေ့တွင် တင်ပြပြီးသွားလေပြီ။
အခုအချိန်ထိ အမြင့်ဆုံးရမှတ်မှာ နှစ်သောင်းကျော်သာ ရှိနေသေးသည်။
ချန်ဟွိုက်အန်က မိမိ ဘယ်လောက်ရမလဲ မသိပေ။
အခြေခံအားဖြင့် လမ်းတွင် မိစ္ဆာများနှင့် တွေ့တိုင်း လီချင်းရန်က ဓားတစ်ချက်တည်းနှင့် အပြတ်ရှင်းခဲ့၏။ သူ့အလုပ်မှာ သက်သေအဖြစ် ထိုမိစ္ဆာများ၏ အစိတ်အပိုင်းများကို လိုက်သိမ်းရန်ပင်။
သူက နေရာလွတ်သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို ထုတ်လိုက်သောအခါ သူကိုယ်တိုင်ပင် အံ့သြသွားမိလေသည်။
မိစ္ဆာများ၏ မျက်လုံး၊ နားရွက်နှင့် နှာခေါင်းများက စားပွဲပေါ် တောင်ပုံရာပုံ ဖြစ်သွားခြင်းပင်။
“ဒီလောက်တောင် များတာလား။။” ဟုန်လီ၏ မျက်လုံးများ ပြူးသွားပြီး ချန်ဟွိုက်အန်နှင့် ပစ္စည်းများကို မယုံနိုင်သလို ကြည့်နေမိသည်။
ဒီလူက အရမ်းကို ချောမောလွန်းနေပေမဲ့ အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူပဲလေ...
အလယ်အလတ်အဆင့်ဖြစ်ပြီးတော့ တက်လှမ်းသူလည်း မဟုတ်ဘဲနဲ့ ဒီလောက်အထိ သတ်နိုင်ဖို့ ဆိုတာက မဖြစ်နိုင်တာကြီးပဲ။
“ဒါတွေအားလုံးကို ရှင် တစ်ယောက်တည်း သတ်ခဲ့တာလား။” သူက ချန်ဟွိုက်အန်ကို အေးစက်စွာ စိုက်ကြည့်ပြီး မေးလိုက်သည်။
“အားလုံးတော့ မဟုတ်ပါဘူး။ အချို့ကို ငါ သတ်တာ။ ကျန်တာတွေကိုတော့ ငါ့တပည့်က သတ်တာပါ။” ချန်ဟွိုက်အန်က ဘေးမှ လီချင်းရန်ကို ညွှန်ပြလိုက်သည်။
“ရွှေရောင်အနှစ်သာရအဆင့် တပည့် ဟုတ်လား။” ဟုန်လီက လီချင်းရန်ဆီမှ ထွက်ပေါ်နေသော ရွှေရောင်အနှစ်သာရအဆင့် အရှိန်အဝါကို ခံစားမိသွားပြီး အံ့သြသွားသည်။
စိတ်ဝိညာဉ်ချီစွမ်းအင် နိုးထခါစ အချိန်မှာ ရွှေရောင်အနှစ်သာရအဆင့်ကို ရောက်နေပြီ၊ တက်လှမ်းသူလည်း မဟုတ်ဘူး။ ဒီလို ပါရမီမျိုးက ကြောက်စရာပဲ။ ဒါကို သူ ဘာသာ တစ်ယောက်တည်း လုပ်နိုင်မှာ မဟုတ်ဘူး။
“သူက ရှင့်ရဲ့တပည့်ဆိုတာ ဟုတ်ရဲ့လား။” ဟုန်လီက မေးသည်။
“သေချာပါတယ်။” ချန်ဟွိုက်အန်က ခေါင်းညိတ်ပြသည်။ “ဆရာက တပည့်ထက် ပိုပြီးတော့ အစွမ်းထက်ရမယ်လို့ စည်းကမ်းရှိလို့လား။ အဲဒီစည်းကမ်းကို ဘယ်သူထုတ်တာလဲ။ မင်းလား။ ဒါမှမဟုတ် ကောင်းကင်ဘုံလား။”
ဟုန်လီ ဆွံ့အသွား၏။
တကယ်တော့ အဲဒီလို စည်းကမ်းမျိုး မရှိပါဘူး။
ဒါပေမဲ့ ဒါက သာမန်အသိနဲ့တော့ ဆန့်ကျင်နေတာပေါ့။
သူက လီချင်းရန်ကို သေသေချာချာ စိုက်ကြည့်ပြီး မျက်နှာကို မှတ်သားထားလိုက်၏။
ဒီလောက်တော်တဲ့ ပါရမီရှင်ကို ခွန်းလွန်အင်မော်တယ်နန်းတော်ထဲ မသွင်းနိုင်ရင်တော့ နှမြောစရာပဲ။ ဒီ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ အုပ်ချုပ်ရေးမှူးဆိုတဲ့သူကတော့ သူကို တစ်နည်းနည်းနဲ့ လှည့်စားထားတာ နေမှာပါ။ တပည့်လို့ ခေါ်နေတာလား။ သူကများ သူ့ကို ဘာတွေ သင်ပေးနိုင်မှာလဲ။
တကယ့် ရတနာလေးကို အလဟဿ ဖြစ်စေတာပဲ။
“ကောင်းပြီ။ ရှင်တို့ရဲ့ စုစုပေါင်းရမှတ်က ၂၃၇၅၀ပဲ။ အခုအချိန်ထိ အမြင့်ဆုံးပဲ။ ညာဘက်ကို သွားပြီး စောင့်နေလိုက်ပါ။”
သူက ထိုက်ရှန်းတောင်ထိပ် အရှေ့ဘက်မှ ကျောက်ဆောင်ကြီးတစ်ခုကို ညွှန်ပြလိုက်သည်။ ထိုနေရာတွင် တက်လှမ်းသူအချို့က အခင်းအကျင်းတစ်ခုကို ပြင်ဆင်နေကြလေပြီ။
ပညာအမွေဆက်ခံခြင်းအတွက် ပြင်ဆင်နေပုံရသည်။
“ဒီဆုကို မဖြစ်မနေ လက်ခံရမှာလား။” ချန်ဟွိုက်အန်က မေးလိုက်သည်။
“ရှင်က ငတုံးလား။” ဟုန်လီက မျက်လုံးလှန်ပြသည်။ “မယူချင်ရင်လည်း မယူနဲ့ပေါ့။ ကျွန်မတို့က ရှင်တို့ကို အတင်းယူပါလို့ တောင်းပန်နေတယ် ထင်နေလား။”
ထို့နောက် သူက လီချင်းရန်ကို ခင်မင်သော အပြုံးနှင့် ပြုံးပြလိုက်ပါသည်။ “ညီမလေး... ခွန်းလွန်အင်မော်တယ်နန်းတော်က ညီမလေးကို အချိန်မရွေး ကြိုဆိုနေပါတယ်။ အရှင်မက ညီမလေးလို ပါရမီရှင်တွေကို သိပ်ချစ်တာ။ ညီမလေးကို ပျိုးထောင်ဖို့ အရင်းအမြစ်တွေ အကုန်ပုံပေးလိမ့်မယ်... လူမှားရွေးပြီး အနာဂတ်ကို အပျက်မခံပါနဲ့။”
“ကျွန်မက ဆရာ့တပည့် အဖြစ်နဲ့ မွေးဖွားလာတာ၊ သေရင်လည်း ဆရာ့သရဲပဲ ဖြစ်မှာပါ။” လီချင်းရန်က ကောင်းကင်ကို လက်လေးချောင်းမြှောက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
ဟုန်လီ၏မျက်နှာက တောင့်ခဲသွားပြီး အတင်းပြုံးလိုက်ရသည်။ သူ ချန်ဟွိုက်အန်ကို ကြည့်သော အကြည့်က ပို၍ပင် စူးရှလာတော့သည်။
သို့သော် ချန်ဟွိုက်အန်က ဂရုမစိုက်ပေ။
သူက ကျောက်ဆောင်ကြီးဆီကို လျှောက်သွားပြီး အခင်းအကျင်း ပြင်ဆင်နေသော တပည့်များကို သေသေချာချာ ကြည့်နေ၏။
အကြာကြီး ကြည့်နေသော်လည်း ဘာမှတော့ နားမလည်ပေ။
ဒါပေမဲ့ ရပါတယ်။ ငါ့မှာ ခိုးနည်းတွေ ရှိတာပဲ။
“တပည့်မလေး... ဆရာ မင်းကို မေးခွန်းမေးမယ်။ ဒီအခင်းအကျင်း ပုံစံတွေကို ကြည့်ပြီးတော့ ဒီအခင်းအကျင်းက ဘာလုပ်တာလို့ ထင်လဲ။”
ကဲ... ဆရာဆီက ရုတ်တရက် မေးခွန်း ထွက်လာပြန်ပြီ။
လီချင်းရန်က စိတ်ဝင်တစား ဖြစ်သွား၏။ ဒါက အပေးအယူလုပ်ဖို့ အခွင့်အရေးပဲ။
“ကျွန်မ မှန်အောင်ဖြေရင် ဆုရမှာလား။”
“ဒါပေါ့။”
“ဘာဆုလဲ..” သူ့နှုတ်ခမ်းလေးများ အနည်းငယ် ကွေးညွှတ်သွားပြီးမှ ပြန်စိလိုက်သည်။
စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ကြိုးစားနေသော်လည်း ပါးပြင်ပေါ်မှ အနီရောင်သန်းနေခြင်းနှင့် ပြုံးချင်နေသောပုံစံက သူ့ကို သစ္စာဖောက်နေ၏။
ချန်ဟွိုက်အန်က လီချင်းရန်၏ တောက်ပနေသော မျက်နှာလေးကို ကြည့်ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
“ဘာဆုလိုချင်လဲ ပြောလေ။”
“ဒါဆိုရင်တော့ ကျွန်မ လိုချင်တာက...” လီချင်းရန် စကားစလိုက်ပြီးမှ ရုတ်တရက် ရပ်လိုက်ကာ ပါးလေးတွေ နီရဲသွား၏။
“ဒါပေမဲ့ ကျွန်မ ပြောရင် ဆရာ မရယ်ရဘူးနော်။”
ချန်ဟွိုက်အန်က ချက်ချင်း ကတိပေးလိုက်သည်။ “လုံးဝ မရယ်ပါဘူး။”
တပည့်မလေးက တုံ့ဆိုင်းစွာဖြင့် နှုတ်ခမ်းလေးကို သွားနှင့် ကိုက်နေသည်ကို ချန်ဟွိုက်အန် ကြည့်နေမိသည်။
လီချင်းရန်၏ ရှက်သွေးဖြာနေသော မျက်နှာလေးက နွေဦးရာသီ ရေကန်ပေါ်မှ လှိုင်းလေးများလို ပါးပြင်ပေါ် ဝေ့ဝဲနေ၏။
သူ ခေါင်းငုံ့လိုက်ပြီး စကတ်နားလေးကို ဂနာမငြိမ်စွာ ဆော့ကစားနေရင်း အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။
“ဟို... ကျွန်မ... ဆရာ့ရဲ့ အတွင်းခံဆိုဒ်လေး သိချင်တာပါ...”
...