ကျုပ် ပိုက်ဆံပဲ လိုချင်တယ်
Vol. 30 Ch. 293
လီချင်းရန် တောင်းဆိုလာနိုင်သော ဆုလာဘ်များကို ချန်ဟွိုက်အန် အမျိုးမျိုး တွေးထားခဲ့သည်။
သို့သော် သူ လုံးဝ မမျှော်လင့်ထားသော အရာကတော့...
လီချင်းရန်က သူ၏ အတွင်းခံဆိုဒ်ကို သိချင်နေခြင်းပင်။
ဘာလဲ... နောက်ပိုင်း တိုက်ပွဲတွေမှာ သူ့အဝတ်အစားတွေ ခဏခဏ စုတ်ပြဲနေလို့ သူ့အတွက် အကြမ်းခံ၊ အကြောဆန့်နိုင်စွမ်းရှိတဲ့ နည်းပညာမြင့် အတွင်းခံမျိုး ချုပ်ပေးဖို့ စီစဉ်နေတာလား။
လီချင်းရန်အကြောင်း သူသိသလောက် ၎င်းက တကယ်ဖြစ်နိုင်ချေ များပေသည်။
ကိုယ့်ချစ်သူကိုယ်တိုင် လက်နဲ့ချုပ်ပေးတဲ့ အတွင်းခံကို ဝတ်ရတာဟာ ယောက်ျားသားတွေရဲ့ အဆုံးစွန်သော စိတ်ကူးယဉ်အိပ်မက်ပဲ မဟုတ်လား။
“ရတာပေါ့...” ချန်ဟွိုက်အန်က ဒုတိယအကြိမ် စဉ်းစားမနေဘဲ သဘောတူလိုက်သည်။
သူက လယ်ထွန်စက် အစီးနှစ်ဆယ်လောက် တစ်ပြိုင်တည်း စက်ရပ်သွားသလိုမျိုး အသံကြီးနှင့် ဟန်ပါပါ ပြောလိုက်သည်။ “မင်းသာ မှန်အောင်ဖြေနိုင်ရင် ဆိုဒ်လောက်ကတော့ အသေးအဖွဲပါ။ ငါ အခုချက်ချင်း ပြောပြမယ်။”
“တကယ်လား...” လီချင်းရန် သူ၏ဆရာ အမှန်တကယ် သဘောတူခဲ့သည်ကို မယုံနိုင် ဖြစ်သွားရသည်။
၎င်းက တော်တော်လေး ရဲတင်းသော တောင်းဆိုမှုဖြစ်ရာ သူ့စိတ်ထဲတွင် အငြင်းခံရန်ပင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။
အမှန်အတိုင်း ပြောရရင် သူ့မှာ အစီအစဉ်တစ်ခု ရှိပြီးသားပင်။ နောင်တစ်ချိန်မှာ ဆရာစားသမျှ၊ သုံးသမျှ၊ ဝတ်သမျှ အရာအားလုံးက သူ၏လက်ရာများသာ ဖြစ်ရပေမည်။
၎င်းကို ကျင့်သားရသွားလျှင် ဆရာက သူ့ကို ဘယ်တော့မှ စွန့်ခွာနိုင်တော့မည် မဟုတ်ပေ။
၎င်းမှာ အာမခံချက် နှစ်ထပ်တွဲ အစီအစဉ်ပင်။
သူ၏ “ဆရာနှင့်ဘိုးဘေးများကိုပုန်ကန်ခြင်း” လုပ်ရပ်က ဆရာ့အတွင်းခံဆိုဒ်ကို လေ့လာခြင်းမှ စတင်တော့မည် ဖြစ်သည်။
အနီးအနားမှ တက်လှမ်းသူ တပည့်အချို့မှာ မနေ့ညက စားထားခဲ့သော ထမင်းများကိုပင် ပြန်အန်ချင်စိတ် ပေါက်သွားကြသည်။
သူတို့နှစ်ယောက်ရှေ့တွင် အခင်းအကျင်းကို ပြင်ဆင်ပေးပြီးသည်နှင့် နောက်တစ်ခု ဆက်လုပ်ရန် အမြန်ပြေးထွက်သွားကြတော့သည်။
“ဒီဘက်ခေတ် ဆရာတပည့် ဆက်ဆံရေးတွေက... ကိုယ်ကျင့်တရားတွေ ပျက်ပြားနေလိုက်တာ။”
“ပြောမနေနဲ့တော့။ ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူက အခြေခံတည်ဆောက်ခြင်းအဆင့် ကောင်ကို ဆရာလို့ ခေါ်နေတာတင် မကဘူး။ အခု လူရှေ့သူရှေ့ ကလူနေကြတာ... ဟူး။”
လီချင်းရန်က ထိုတက်လှမ်းသူများ၏ ကဲ့ရဲ့သံများကို လုံးဝ ဂရုမစိုက်ပေ။ သူက ရှက်သွေး ဖြာနေသော မျက်နှာလေးနှင့် ကြမ်းပြင်မှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မျက်လုံးအဝိုင်းသားနှင့် အခင်းအကျင်းကို သေသေချာချာ လေ့လာနေသည်။ အစတွင်တော့ ရှက်နေခြင်းကို ဖုံးကွယ်ရန် လုပ်နေခြင်း ဖြစ်သော်လည်း ကြည့်ရင်းကြည့်ရင်းနှင့် သူ ပို၍ ဇဝေဇဝါ ဖြစ်လာသည်။ သူ၏ လှပသော မျက်ခုံးတန်းလေးများ တွန့်ချိုးသွားတော့သည်။
“ဘာဖြစ်လို့လဲ။ တစ်ခုခု ရိပ်မိပြီလား။” ချန်ဟွိုက်အန်က သူ၏အမူအရာကို သတိထားမိပြီး နူးညံ့စွာ မေးလိုက်သည်
“ဟို... ဒီအခင်းအကျင်းရဲ့ လုပ်ဆောင်ချက်က ကျင့်ကြံသူ တစ်ယောက်ထဲကို စွမ်းအားတွေ သွင်းပေးတာလို့ ဆရာ ပြောခဲ့တယ် မဟုတ်လား။”
“ဟုတ်တယ်။”
လီချင်းရန်က နှုတ်ခမ်းလေးကို ကိုက်ပြီး တုံ့ဆိုင်းနေ၏။
၎င်းကို မြင်သော် ချန်ဟွိုက်အန်က ချက်ချင်းပင် ခါးကိုင်းလိုက်ပြီး နားကို တိုးပေးလိုက်သည်။
ထို့နောက် လီချင်းရန်က တိုးတိုးလေး ပြောသည်ကို သူ ကြားလိုက်ရသည်။ “သေသေချာချာ စစ်ဆေးကြည့်ပြီးတော့ ဒီအခင်းအကျင်းရဲ့ အဓိက လုပ်ဆောင်ချက်က... အလဲအလှယ်လို့ ကျွန်မ ထင်ပါတယ်။”
“အလဲအလှယ် ဟုတ်လား။” ချန်ဟွိုက်အန် မျက်ခုံးတစ်ဖက် ပင့်လိုက်၏။ “ရှင်းပြပါဦး။”
“အခင်းအကျင်းကို သုံးတဲ့သူက တစ်ခုခု ပြန်ရဖို့အတွက် တစ်ခုခုကို စွန့်လွှတ်ပေးဆပ်ရမယ်လို့ ဆိုလိုတာပါ။ ဒါပေမဲ့ ဘာကို ပေးဆပ်ရမလဲ ဆိုတာတော့ အခင်းအကျင်းကို စတင် အသက်သွင်း လိုက်တဲ့အခါမှပဲ သိနိုင်လိမ့်မယ်။” လီချင်းရန်က သူ့ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ ၎င်းက ပြီးပြည့်စုံသောအဖြေ မဟုတ်သော်လည်း သူ၏အသိပညာအရ ၎င်းမှာ အစွမ်းကုန်ပင်။
တကယ်လို့ ဆရာသာဆိုရင် အခင်းအကျင်းရဲ့ လုပ်ဆောင်ချက် အားလုံးကို တစ်ချက်တည်း ကြည့်လိုက်ရုံနဲ့ သိမှာပေါ့။
အသုံးပြုသူက ဘာကို စွန့်လွှတ်ရမယ်၊ ဘာကို ပြန်ရမယ်ဆိုတာလည်း သူသိနေမှာ သေချာတယ်။
“မဆိုးဘူး။” ချန်ဟွိုက်အန်က နားလည်ဟန်နှင့် ခေါင်းညိတ်ပြပြီးနောက် မေးကိုမော့ထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ အထာကျကျ ပြောလိုက်သည်။ “ဒါပေမဲ့ ငါ့တပည့်တစ်ယောက် ဖြစ်ဖို့ဆိုတာ စံနှုန်းက မြင့်တယ်။ မင်းကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ထပ်ပေးမယ်။ အခင်းအကျင်း စတင်တဲ့အခါ ထပ်ပြီး အကဲခတ်ကြည့်လိုက်ဦး။”
“ဆရာက အကောင်းဆုံးပဲ။” လီချင်းရန်၏ မျက်နှာလေးက ဝမ်းသာအားရ ဖြစ်သွားသည်။ သူ နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထာခဲ့ပေ။
သူတို့နှစ်ယောက်လုံး သတိမထားမိသည်မှာ လူအုပ်ထဲမှ လူတစ်ယောက်၏ ပြင်းထန်သော အကြည့်များပင်။ သူက ဝမ်မျိုးနွယ်စုဘိုးဘေး ဝမ်လွေ့၏ မြေးဖြစ်သူ ဝမ်ဒယ်ပြောင်ပင်။
ယခင်က ဝမ်လွေ့သည် ချန်ဟွိုက်အန်ဆီမှ မိစ္ဆာချုပ်နှောင် သေတ္တာအချို့ကို ယွမ်ငွေ ကုဋေ တစ်သောင်းခွဲ ပေးဝယ်ခဲ့ဖူးသည်။ တကယ်တမ်း ၎င်းတို့က သာမန်သစ်သားသေတ္တာလေးများသာ ဖြစ်ပေသည်။
ထိုအထဲမှ သုံးလုံးကိုတော့ သူ အရမ်းချစ်ရသော မြေး ဝမ်ဒယ်ပြောင်ကို သားရဲဖမ်းပြိုင်ပွဲတွင် အစွမ်းပြနိုင်ရန် လက်ဆောင်ပေးခဲ့သည်။
ထိုသေတ္တာများမှ ကောင်းကွက်တစ်ခုဆိုလျှင် ၎င်းတို့မှာ ဓားကျောင်းတော် တပည့်များ ကိုယ်တိုင် လုပ်ထားသည်ဖြစ်ရာ ဓားအသိ အနည်းငယ် ပါချင်ပါနေလိမ့်မည်။
မည်သို့ဆိုစေ ပြိုင်ပွဲတွင် ဝမ်ဒယ်ပြောင်က ထိုသေတ္တာတစ်လုံးကို အသုံးပြုခဲ့သော်လည်း ဘာမှ ဖြစ်မလာခဲ့ပေ။
သူက ပိုကီမွန်ဖမ်းသလိုမျိုး မိစ္ဆာကြီးတစ်ကောင်ကို ထိုသေတ္တာနှင့် ပစ်ပေါက်ခဲ့၏။
တကယ်တမ်း ဖြစ်သွားသည်မှာ ထိုဒီမိစ္ဆာကြီး ဒေါသထွက်သွားခြင်းပင်။
ထိုမိစ္ဆာကက သူ့ထက် အများကြီး အဆင့်မြင့်နေရာ သူက ပြိုင်ပွဲပြီး၍ တက်လှမ်းသူတစ်ယောက် လာကယ်သည်အထိ ထိုမိစ္ဆာ၏ လိုက်လံတိုက်ခိုက်မှုကို အသည်းအသန် ပြေးလွှား၍ ရှောင်တိမ်းခဲ့ရသည်။
အသက် မနည်းလုပြီး ပြေးခဲ့ရသည့်တောင် သူက သေတ္တာကို သုံးနည်း မှားနေ၍လားဟူ၍ တွေးနေမိသေးသည်။
နောက်ဆုံးတွင် တက်လှမ်းသူ တစ်ယောက်က ဗြောင်ကျကျ ပြောလိုက်သည်။ “ဟေ့လူ၊ အဲဒါက သစ်သားတုံးသက်သက်ကြီးပါ။”
ဝမ်ဒယ်ပြောင် ချက်ချင်းပင် ဒေါသများ ပေါက်ကွဲသွားတော့သည်။
သူ ချန်ဟွိုက်အန်ကို မုန်းတီးသော်လည်း ဘာမှလုပ်နိုင်သော ခွန်အားမျိုး မရှိပေ။ သူ လုပ်နိုင်သည်မှာ လူအုပ်ထဲမှနေ၍ မျက်စိဖြင့်သာ ခဲနဲ့ပေါက်နေရန်ပင်။
ထိုအချိန်တွင်တော့ ဟုန်လီက လူတိုင်း၏ အချက်အလက်များကို စစ်ဆေးပြီးသွားပြီဖြစ်ရာ ပညာအမွေဆက်ခံခြင်းဆုကို ရရှိမည့် အမှတ်အမြင့်ဆုံး သုံးဦးကို ရွေးချယ်လိုက်သည်။
လီချင်းရန်၏ ကျေးဇူးနှင့် ချန်ဟွိုက်အန်က နံပါတ်တစ် နေရာကို ရခဲ့၏။
သို့သော် ဟုန်လီက အစီအစဉ်များ စတင်တော့မည့်အချိန်မှာပင် သူက ခေါင်းခါပြလိုက်သည်။
“ငါ ဒီဆုကို ငြင်းပယ်တယ်။ ဒါကို တခြားတစ်ခုခုနဲ့ လဲလို့ရမလား။ ဥပမာ... ပိုက်ဆံတို့ ဘာတို့။”
“ရှင် ရူးသွားပြီလား...” ဟုန်လီ ကြောင်အသွားပြီး သူ၏ အေးစက်နေသာ အကြည့်များက ချန်ဟွိုက်အန်ဆီမှာ စွဲမြဲသွားသည်။ “တက်လှမ်းခြင်းတိုင်ရှေ့မှာရပ်ပြီး ဒီအမွေအနှစ်ကိုရဖို့ လူတွေ ဘယ်လောက်တောင် အိပ်မက်မက်နေကြလဲဆိုတာ ရှင် သိရဲ့လား။ ဒီပြိုင်ပွဲအတွက် နေရာသုံးနေရာပဲ ပေးထားတာနော်။ ဒါကို ရှင်က ငြင်းလိုက်တယ် ဟုတ်လား။။”
“ကောင်းပြီလေ။ ဒါဆိုရင်လည်း ငါ လက်ခံလိုက်ပါမယ်။” ချန်ဟွိုက်အန်က ရုတ်တရက် ပတ်ဝန်းကျင်မှ တက်လှမ်းသူများဘက်သို့ လှည့်ပြီး အကျယ်ကြီး ကြေညာလိုက်သည်။ “ဒါပေမဲ့ ဒါက ငါ့ရဲ့ ဆုလာဘ်ဖြစ်တဲ့အတွက် ကြိုက်သလို သုံးခွင့်ရှိတယ်မလား။ ကဲ... ဈေးခေါ်ကြ။ အမြင့်ဆုံး ပေးနိုင်တဲ့သူက ဒီပညာအမွေဆက်ခံခြင်း နေရာကို ရစေရမယ်။”
ချက်ချင်းဆိုသလို ထိုက်ရှန်းတောင်ထိပ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
နံပါတ်သုံး နေရာရသော ဝမ်ရှိုယီက နောက်တစ်ကြိမ် ထပ်မံ၍ ဆွံ့အသွားရပြန်သည်။
ပထမတစ်ကြိမ်က ချန်ဟွိုက်အန် ပထမရတာကို မြင်လိုက်ရချိန်ကပင်။
ဒုတိယတစ်ကြိမ်ကတော့... ယခုပင်။
သူက ချန်ဟွိုက်အန်ကို တားရန် အမြန်ပြေးလာသည်။ “အစ်ကိုချန်... မလုပ်ပါနဲ့။ ဒီလို ရှားပါးတဲ့ ဆုကို လေလံပစ်တာက ဘုရားကို စော်ကားသလို ဖြစ်နေရုံ မကဘူး။ ဒါက တက်လှမ်းခြင်းတိုင်ရဲ့ စွမ်းအားနော်။ ကုဋေတစ်သိန်းမှာ တစ်ခါရခဲတဲ့ အခွင့်အရေးကြီး။ ဒါကို တကယ်ပဲ လွှင့်ပစ် လိုက်တော့မှာလား။”
ချန်ဟွိုက်အန်က ခေါင်းခါပြလိုက်၏။ သူ့မျက်ဝန်းများက အဝေးတစ်နေရာကို ငေးကြည့်နေပြီး အသံကတော့ ဝမ်းနည်းမှုများနှင့် တုန်ရီနေသလိုပင်။
“ဒီလို အခွင့်အရေးမျိုးရဲ့တန်ဖိုးကို ငါ မသိဘဲ နေပါ့မလား။ ဒါပေမဲ့ ငါ့ရဲ့ ပါရမီကိုလည်း ငါ သိတယ်လေ။ ဒါ ငါ့ကိုပေးတာက အလဟဿ ဖြစ်စေတာပဲ။ ဒါဟာ တကယ့် ပါရမီရှင် တစ်ယောက်ဆီ ရောက်သွားတာက ပိုကောင်းပါတယ်။ ငါ့အတွက်ကတော့ ပိုက်ဆံနဲ့ အရင်းအမြစ် အနည်းငယ်ရှိရင် လုံလောက်ပါပြီ။ ပူပန်မှုကင်းတဲ့ ဘဝလေးက ငါ့အတွက်တော့ အရာရာပါပဲ။”
“ဒါဆို ရှင်က ဒီအခွင့်အရေးနဲ့ မထိုက်တန်ဘူးလို့ ရှင်ကိုယ်တိုင် ယူဆတာပေါ့ ဟုတ်လား။” ဟုန်လီက အံ့သြစွာနှင့် မျက်ခုံးပင့်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြသည်။ “ကောင်းပြီ၊ အနည်းဆုံးတော့ ရှင့်မှာ ကိုယ့်ကိုယ်ကိုယ် သိတဲ့စိတ် ရှိတာပဲ။ ပြောရရင်တော့ ဆုလာဘ်ကို လေလံပစ်တာက စည်းကမ်းနဲ့ မညီညွတ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခါမှ မလုပ်ဖူးကြဘူး။ တကယ်လို့ ရှင်က ပိုထိုက်တန်တဲ့သူဆီ ဒါကို လွှဲပေးချင်တာဆိုရင်တော့.. ကောင်းပြီလေ။ ကျွန်မ ခွင့်ပြုပါတယ်။ ဒါပေမဲ့ ရှင်က ဒါအတွက် ဘာကို လိုချင်တာလဲ။ လူတွေက ဘာနဲ့ ဈေးခေါ်ရမလဲ။”
လူအုပ်ကြီး တိတ်ဆိတ်သွား၏။
အားလုံး၏ မျက်လုံးများက တလက်လက်တောက်ပနေရင်း ချန်ဟွိုက်အန်ဆီ စွဲမြဲနေကြသည်။
အချို့က ရှိသမျှ ရတနာများ၊ ကျင့်ကြံခြင်း ဆေးလုံးတွေ၊ ဝိညာဉ်ရတနာများ၊ အဆောင်များ၊ တန်ဖိုးရှိရှိ မရှိရှိ၊ အရင်ထုတ်ပြထားမှဆိုပြီး ထုတ်ပြနေကြလေပြီ။
တစ်ဖက်တွင်တော့ အထက်တန်းလွှာ မိသားစုများနှင့် မိစ္ဆာနှိမ်နင်းသူဗျူရိုမှ နိုးထသူများကတော့ စိတ်ပျက်စွာဖြင့် သက်ပြင်းချနေရုံသာ တတ်နိုင်သည်။
ထိုအခွင့်အရေးမျိုးက အမြဲပင် ပစ္စည်းချင်း လဲလှယ်သော စနစ်ပေါ်တွင်သာ အခြေခံ၏။
တက်လှမ်းသူများတွင် ဂိုဏ်းများ၏ ထောက်ပံ့မှုရှိသလို ပေးစရာ ရတနာများလည်း ရှိကြသည်။
သို့သော် ကျန်သောသူများက ဘာများ ပေးနိုင်ကြမည်နည်း။
ထို့နောက်တွင်တော့...
သူတို့က နတ်ဘုရားအသံကဲ့သို့ စကားသံကို ကြားလိုက်ရ၏။
ထိုချောမောသော လူသားက လက်တစ်ဖက်ကို ကောင်းကင်ပေါ် ဟန်ပါပါ မြှောက်လိုက်သည်
သူ၏နှုတ်ခမ်းမှ ထွက်လာသည်မှာ...
“ကျုပ် ပိုက်ဆံပဲ လိုချင်တယ်။ ယွမ်ပဲ လိုချင်တယ်။”
...ဟူ၍ပင်။
...