← Chapters

ကျွန်ခံစာချုပ်

Vol. 30 Ch. 294

ကျွန်ခံစာချုပ်

Vol. 30 Ch. 294

ချန်ဟွိုက်အန်က ထိုစကားများကို ပြောလိုက်သည့် ခဏတွင် လူတိုင်း ကြောင်အသွားကြသည်။

အထူးသဖြင့် လေလံဆွဲရန်အတွက် သူတို့၏ သိုလှောင်အိတ်များကို သွန်မှောက်ပြီး ပစ္စည်းများ ထုတ်ပြနေကြသည့် တက်လှမ်းသူများမှာ ပို၍ပင် ဆွံ့အသွားကြ၏။

ပိုက်ဆံ ဟုတ်လား။ သူက ယွမ်နဲ့ လိုချင်တာလား။

သူတို့အတွက်တော့ တက်လှမ်းသူများ၏ အရင်းအမြစ်များက တန်ဖိုးဖြတ်၍မရသလို ရောင်း၍ရသော အရာများလည်း မဟုတ်ကြပေ။ ပိုက်ဆံနှင့်ပင် လဲ၍မရသော အရာများ ဖြစ်ကြသည်။ ထိုအရာများက ငွေသားထက် အများကြီး ပိုမကောင်းပေဘူးလား။

သို့သော်လည်း ပိုက်ဆံအကြောင်း ပြောရမည် ဆိုလျှင်တော့...မှန်ပေသည်၊ သူတို့ဆီတွင် ပိုက်ဆံ အမှန်တကယ် သိပ်မရှိကြပေ။

သူတို့အတွက် ပိုက်ဆံဆိုသည်မှာ နေ့စဉ်လိုအပ်သော ပစ္စည်းများ ဝယ်ရန်သာ အသုံးဝင်သည်။ ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် ပတ်သက်လာလျှင်တော့ အရာအားလုံးကို ပစ္စည်းချင်းသာ လဲလှယ်ကြလေသည်။

တစ်ဖက်တွင်တော့ အထက်တန်းလွှာ မိသားစုများနှင့် မိစ္ဆာနှိမ်နင်းသူဗျူရိုမှ လူများကတော့ ဝမ်းသာအားရ ဖြစ်သွားကြသည်။

ဒီ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို အုပ်ချုပ်ရေးမှူးကတော့ တကယ်ကို ရူးသွားပြီပဲ။

ဒါပေမဲ့ ဒီလို ငတုံးတစ်ယောက်နဲ့ တိုးဖို့ဆိုတာက ရှားမှရှားပဲလေ။ အခုမှ လက်မဦးရင် ဘယ်တော့ လက်ဦးတော့မှာလဲ။

ထို့ကြောင့် လူတစ်ယောက်က ချက်ချင်းပင် ဈေးစခေါ်လိုက်သည်။

“မြို့တော် မိစ္ဆာနှိမ်နင်းသူဗျူရိုက ယွမ်ကုဋေ ၁၀၀ ပေးမယ်။ ဒီနေ့ကစပြီး အုပ်ချုပ်ရေးမှူးချန်က ကျုပ်ရဲ့ ညီအစ်ကိုအရင်းလိုပဲ။ မြို့တော် မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တော် ပါပဲ။ အားလုံးက ကျုပ် လျန်ပိုင်ကန်းရဲ့ မျက်နှာကို ထောက်ထားပေးကြဖို့ မျှော်လင့်ပါတယ်။” တရုတ်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ယောက်က ရှေ့ထွက်လာပြီး လူအုပ်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

“ကုဋေ ၁၀၀တည်းလား။ ဟာသပဲ။” နောက်ထပ် အသံတစ်သံ ထွက်လာပြန်သည်။ “S ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုက ကုဋေတစ်သောင်း ပေးမယ်။ အုပ်ချုပ်ရေးမှူးချန်... ကျေးဇူးပြုပြီးတော့ စဉ်းစားပေးပါ။”

“အားလုံး ပါးစပ်ပိတ်ထား။” ချန်ဟွိုက်အန်က လက်ကိုချလိုက်ပြီး ဟိန်းဟောက်လိုက်သည်။

ထိုအော်သံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ပေါက်ကွဲထွက်သွားပြီး အနီးနားရှိ လူတိုင်းကို မူးဝေ သွားစေသည်။

ထိုအခါမှ လူများက သတိရသွားကြသည်။ ထိုအုပ်ချုပ်ရေးမှူးက အနိုင်ကျင့်၍ ရသောသူ မဟုတ်ဘဲ တကယ့်အစစ်အမှန် ဆိုသည်ကိုပင်။

“ကျုပ် လေလံတောင် မစရသေးဘူး။ ခင်ဗျားတို့အားလုံးက ခေါင်းပြတ်နေတဲ့ ကြက်တွေလိုမျိုး ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေကြတာလဲ။”

“ဒါဆို မေးပါရစေ အုပ်ချုပ်ရေးမှူးချန်။ အခြေခံဈေးက ဘယ်လောက်လဲ။” တစ်ယောက်က အမြန်မေးလိုက်သည်။

“ကု‌ဋေတစ်သိန်း...” ချန်ဟွိုက်အန်က မျက်လုံးကို မှေးလိုက်ပြီး လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားစေမည့် ကိန်းဂဏန်းတစ်ခုကို ပြောလိုက်သည်။

ယခုချိန်တွင် ပုံရိပ်ယောင်ကောင်မလေးဂိမ်းက ဟန်ဆောင်မနေတော့သလို ချင်းယွန်ဘုံကလည်း ပိုက်ဆံကို အငမ်းမရ တောင်းဆိုနေတာကြောင့် အသက်ရှူလိုက်တိုင်း ပိုက်ဆံများ ကုန်နေသလို ခံစားနေရ၏။

ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ပဉ္စမအဆင့်ဆိုလျှင် တစ်မိနစ်ကို သိန်း၈၀ခန့် ကုန်ကျနေပြီ ဖြစ်သည်။

ယခင်က သူတို့သည် အနည်ငယ် လျှော့‌ပေါ့ပေးခဲ့သည်။ အခြေတည်ဝိညာဉ်အဆင့်ကိုသာ အခြေခံထားပြီး ပေါ်ကြော့လုပ်ချင်မှ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်ကို ခဏတဖြုတ် ပြောင်းခြင်းမျိုးပင်။

သို့သော် အခုတော့ ကမ္ဘာငယ်လေး ရှိနေသောကြောင့် အခြေခံအဆင့်ကို ဟင်းလင်းပြင် ပေါင်းစည်းခြင်း ပထမအဆင့်အထိ မြှင့်ထားရပြီး ၎င်းမှာ တစ်မိနစ်ကို ၁၀သိန်းခန့် ကုန်ကျနေဆဲ ဖြစ်သည်။

ရိုးရိုးလေးပြောရလျှင် ချန်ဟွိုက်အန်က အင်တာနက်ပေါ်မှ နာမည်ကြီး စကားစုလို တစ်မိနစ်ကို သန်းနှင့်ချီ ရှာနေသော (သုံးနေသော) လူတစ်ယောက် အမှန်တကယ် ဖြစ်လာခဲ့သည်။

အကယ်၍ သူတို့ဆီတွင် ထိုမျှလောက် ငွေသား အများကြီး မရှိနိုင်ကြောင်း သူ မတွေးမိလျှင် အခြေခံဈေးကို ကုဋေ၅သိန်းဟု သတ်မှတ်မိမည်မှာ သေချာသည်။

နောက်ပိုင်းတွင် ချင်းယွန်ဘုံထဲမှ သူ့ကိုယ်ပွားကို မည်ကဲ့သို့ ဆက်ထိန်းသိမ်းရမည်ကို သူ ဂရုမစိုက်ပေ။ အရင်ဆုံး ယခုလောကထဲမှ ပိုက်ဆံများကို အကုန်ယူပစ်ရပေမည်။

“ဘ...ဘာပြောတယ်။ ကု‌ဋေတစ်သိန်း ဟုတ်လား။ အုပ်ချုပ်ရေးမှူးချန်၊ အဲဒီလောက်များတဲ့ ပိုက်ဆံတွေနဲ့ ဘာလုပ်မှာလဲ။”

“ဟုတ်တယ်လေ... အခုခေတ်မှာ အဆင့်မြင့် အရင်းအမြစ်တွေကို ပစ္စည်းချင်းပဲ လဲလှယ်နေ ကြတာကို...”

ချန်ဟွိုက်အန်က မျက်လုံးကိုသော လှန်ပြလိုက်၏။ ပြန်ဖြေရန်ပင် ပျင်းနေသည်။

အချို့လူများက အံ့သြလွန်း၍ ကြောင်အနေကြဆဲ ဖြစ်သော်လည်း အချို့ကတော့ ဖုန်းထုတ်ပြီး ဖုန်းဆက်နေကြလေပြီ။

ပညာအမွေဆက်ခံခြင်း ဆိုသည်က သဘာဝအလျောက် နိုးထခြင်းနှင့် မတူပေ။ သီအိုရီအရဆိုရင် သာမန်လူတစ်ယောက်ပင် ၎င်းကို ရရှိနိုင်ပြီး ချက်ချင်း ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်၏။

ထို့ပြင် ကျင့်ကြံသူ ဖြစ်လာပြီဆိုလျှင် အသက်ရှည်ရှည် နေရမည် ဖြစ်သည်။ ပါရမီမရှိသော်လည်း ကျင့်ကြံချင်ဇော ပြင်းပြနေသည့် သူဌေးကြီးများအတွက်တော့ ၎င်းက တစ်သက်မှာ တစ်ခါသာ ကြုံရမယ့် အခွင့်အရေးကြီးပင်။

နိုးထသူတစ်ယောက်က ဖုန်းပြောပြီးသည်နှင့် လက်ထောင်လိုက်သည်။ “အုပ်ချုပ်ရေးမှူးချန်၊ ခဏလောက် စောင့်ပေးလို့ ရမလား။ ကျွန်တော့် သူဌေးက မိနစ်၃၀ အတွင်း ရဟတ်ယာဉ်နဲ့ ဒီကို ရောက်လာမယ်လို့ ပြောပါတယ်။ ဆရာ့ကို ကျေနပ်စေမယ့် ဈေးနှုန်းတစ်ခု ပေးပါ့မယ်လို့ သူ ကတိပေးထားပါတယ်။”

“မင်း သူဌေးက ဘယ်သူလဲ။” ချန်ဟွိုက်အန် မျက်ခုံးပင့်လိုက်သည်။

“ဆရာ သိမှာပါ... အေအိုင်စနစ်သစ်တွေနဲ့ စွမ်းအင်သစ်တော်လှန်ရေး နောက်ကွယ်က လူလေ။”

“ဪ...” ချန်ဟွိုက်အန်က ထိုသူ ဘယ်သူလဲဆိုသည် သိလိုက်လေပြီ။

ဟွာရှားရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ပေါ့။ ဒါဆိုရင်တော့ ဖြစ်နိုင်တယ်။

ပိုက်ဆံရှိရင် ဘာမဆို ဖြစ်နိုင်တယ်လို့ ပြောကြတာပဲ။ အခုချိန်ထိတော့ ချမ်းသာတဲ့သူတွေက နိုးထသူတွေကို သစ္စာရှိ ခွေးတွေလိုမျိုး ပိုက်ဆံနဲ့ ဝယ်ထားနိုင်တုန်းပဲ။

အဲဒီသူဌေးကြီးတွေက နိုးထလာဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးဖူးတယ်။ ဆဲလ်မွေးမြူတာ၊ သွေးခွဲခြမ်းစိတ်ဖြာတာ၊ ဇီဝနည်းပညာသုံးတာတွေကို စမ်းသပ်ခဲ့ဖူးကြမှာပါ။ ဒါပေမဲ့ သူတို့တွေ နိုးမလာခဲ့ကြဘူး။

သားရဲဖမ်းပြိုင်ပွဲကို လာကြတဲ့ နိုးထသူအချို့ဆိုရင် အဲဒီသူဌေးကြီးတွေအတွက် အလုပ်လုပ် ပေးနေကြတာ ဖြစ်နိုင်တယ်။ အရိုးသန့်စင်ဆေးလုံးတို့ ဒါမှမဟုတ် ဒီလိုပညာအမွေဆက်ခံခြင်း အခွင့်အရေးမျိုးတို့ရဖို့ပေါ့။

ကံဆိုးချင်တော့ ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်လွန်းတယ်။

ပြိုင်ပွဲထဲ ရောက်မှ သူတို့ သိလိုက်ရတာက တက်လှမ်းသူတွေဟာ နိုးထသူတွေကို အပြတ်အသတ် နှိမ်နင်းနိုင်တယ်ဆိုတာကိုပဲ။

ချန်ဟွိုက်အန်က မိနစ်၃၀ စောင့်ရန် သဘောတူလိုက်သည်။

ထိုနာရီဝက်အတွင်း သူ့ပတ်ဝန်းကျင်မှ နိုးထသူများက ပိုက်ဆံရှာရန်၊ ပိုင်ဆိုင်မှုတွေ ရောင်းရန်၊ ရနိုင်သမျှ နည်းလမ်းများ သုံးရန်အတွက် ပျာယာခတ်နေကြတော့သည်။ တက်လှမ်းသူများပင် ပိုက်ဆံရရန် အရင်းအမြစ်များကို မိစ္ဆာနှိမ်နင်းသူဗျူရိုနှင့် အထက်တန်းလွှာ မိသားစုများဆီ ချက်ချင်း ရောင်းချနေကြရသည်။

ပုံမှန်ဆိုလျှင် ဈေးကွက်ထဲ ဘယ်တော့မှ မတွေ့နိုင်သည့် အဆင့်မြင့် အရင်းအမြစ်များက ချန်ဟွိုက်အန်၏ ပိုက်ဆံမက်သော စိတ်ဓာတ်ကြောင့် ယခု ရောင်းကုန်များ ပြန်ဖြစ်လာရသည်။

ချန်ဟွိုက်အန်က အတော်လေး ကျေနပ်နေ၏။

ဒါဟာ ပိုက်ဆံ စီးဆင်းရမယ့် ပုံစံပဲလေ။ ပိုက်ဆံဆိုတာ လည်ပတ်နေမှ။ မဟုတ်ရင် ငါ့အိတ်ထဲကို ဘယ်လိုလုပ် ရောက်လာမှာလဲ။

မိနစ်၃၀ ကြာပြီးနောက် ရဟတ်ယာဉ် (၁၀)စင်းကျော်က ထိုက်ရှန်းတောင်ထိပ်ပေါ်ကို တစ်စင်းပြီး တစ်စင်း ဆင်းသက်လာကြသည်။

ထိုသတင်း ပျံ့နှံ့သွားပြီဖြစ်ရာ ဟွာရှား၏ အချမ်းသာဆုံးသူဌေးတင်မကဘဲ တခြားသော နယ်ပယ် အသီးသီးမှ ထိပ်သီးသူဌေးကြီးများလည်း ရောက်လာကြခြင်း ဖြစ်သည်။

“မင်းက အုပ်ချုပ်ရေးမှူးချန်လား။ တကယ့်ကို ပါရမီထူးတဲ့သူပဲ။”

“မင်းအကြောင်းတွေ အများကြီး ကြားဖူးပါတယ်။ ရေဘေးကယ်ဆယ်ရေးက သူရဲကောင်းကြီး။ မင်းရဲ့နာမည်ကျော်ကြားမှုက တကယ်ကို ထိုက်တန်ပါတယ်။”

“မင်းက ကမ္ဘာ့စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူသား ၁၀ဦးထဲမှာလည်း ပါတယ် မဟုတ်လား။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သူရဲကောင်း ဖြစ်နေတာပဲ။”

ချန်ဟွိုက်အန်က ရှေ့မှ သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း အမျိုးသား တစ်ဒါဇင်လောက်ကို ကြည့်ပြီး မျက်တောင်ခတ်ရင်း နားမလည်သလို ဖြစ်သွားသည်။

အလောင်းကောင်ဘုရင် ဘေးဒုက္ခက သူရဲကောင်းဆိုရင်တော့ ဟုတ်ပါတယ်။

ဒါပေမဲ့ ရေဘေးကယ်ဆယ်ရေး သူရဲကောင်း။ အဲဒါ ဘာကြီးလဲ။ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူသား ၁၀ဦး။ အဲဒါကရော ဘယ်ကနေ ရောက်လာတာလဲ။

တကယ်လို့ သင့်တော်တဲ့နာမည် မစဉ်းစားနိုင်ရင်လည်း လျှောက်ပြီး ဘွဲ့တွေ မတပ်ပေးပါနဲ့လား။

“မြှောက်ပင့်နေဖို့ မလိုပါဘူး။ ခင်ဗျားတို့က နာမည်ကြီးတွေပဲ။ ကဲ... စကြရအောင်။ လေလံ စလိုက်ပါ။”

သူက အေးအေးဆေးဆေးပင် လက်ဝှေ့ယမ်းပြီး ငြင်းပယ်လိုက်သည်။

ယခင်ကလည်း ထိုလူမျိုးများက သူ့ကို အထင်ကြီးအောင် မလုပ်နိုင်ခဲ့ပေ။

သူတို့က အရင်းရှင်များပင်။ အားလုံးကို လူဆိုးများဟု မဆိုလိုသော်လည်း တကယ့် ကိုယ်ချင်းစာတရား ရှိသူကတော့ ရှားပေသည်။

စီးပွားရေး ပြိုလဲနေသော်လည်း နည်းပညာများ ပေါက်ကွဲနေသော ကမ္ဘာကြီးတွင် လုပ်ငန်း အများစုကို အေအိုင်နှင့် အစားထိုးလိုက်ကြလေပြီ။ ဘွဲ့ရများ နေနေသာသာ ပါရဂူဘွဲ့ရများပင် အလုပ်ရှာမရကြပေ။ အေအေိုင် သို့မဟုတ် စွမ်းအင်သစ် နယ်ပယ်မှ ဘွဲ့ရမှသာ အဆင်ပြေ နိုင်ကြလေသည်။

ဘဝက နည်းပညာပိုမြင့်လာသော်လည်း ချမ်းသာကြွယ်ဝမှုများက ထိပ်ပိုင်း လူနည်းစုဆီမှာသာ စုပုံနေ၏။

ကျန်ရှိသော ကမ္ဘာကြီးကတော့ နစ်မွန်းနေရရှာသည်။

စိတ်ဝိညာဉ်ချီစွမ်းအင် နိုးထမှုက စစ်တုရင်ခုံကို အသစ်ပြန်စီလိုက်သလိုပင်။

ဟုတ်ပါတယ်။ ချမ်းသာတဲ့သူတွေက အစောပိုင်းမှာ အရင်းအမြစ်တွေကို ပိုက်ဆံနဲ့ ဝယ်ထား နိုင်လိမ့်မယ်...

ဒါပေမဲ့ ပါရမီနဲ့ နိုးထမှုလား။ အဲဒါကိုတော့ သူတို့ ဝယ်လို့မရဘူး။ ဒီပညာအမွေဆက်ခံခြင်းကို ရသွားရင်တောင်မှ သူတို့မှာ စွမ်းအားပဲ ရှိလိမ့်မယ်၊ အဲဒီစွမ်းအားကို သုံးနိုင်တဲ့ အရည်အချင်းတော့ ရှိမှာမဟုတ်ဘူး။

ချန်ဟွိုက်အန် သူတို့ကို စစ်ဆေးကြည့်လိုက်သည်။ လူတိုင်းက သာမန် စိတ်ဝိညာဉ်အမြစ်နှင့် ဒန်တျန်များသာ ရှိကြသည်။

သူတို့ တကယ်ပဲ ဒီပညာကို ခံယူနိုင်ပါ့မလား။

ဟုန်လီကို လှမ်းကြည့်လိုက်ရာ သူက ဘာမှ စိတ်မဝင်စားသလိုပင်။ မည်သူက ထိုပညာကိုရရ သူ့အတွက် အရေးမကြီးဟု ထင်ရသည်။

“စိတ်ဝင်စားဖို့ကောင်းသားပဲ။” ချန်ဟွိုက်အန် မျက်လုံးမှေးလိုက်သည်။

ထိုပညာအမွေဆက်ခံခြင်း ဆိုသောအရာကို သူ ပိုပိုပြီး စိတ်ဝင်စားလာမိသည်။

လေလံ စတင်လေပြီ။

သူဌေးကြီးအချို့က အခြေခံဈေးကို မြှင့်လိုက်ကြရာ ဈေးနှုန်းမှာ ယွမ် ကုဋေတစ်သိန်းကို ချက်ချင်း ကျော်သွားသည်။

ဈေးနှုန်းက တန့်သွားတော့မည့်အချိန်မှာပင်...

“ငါ ကုဋေ၂သိန်း ပေးမယ်။” ဝမ်မျိုးနွယ်စု အမွေခံ ဝမ်ဒယ်ပြောင်က ဂုဏ်ယူဝင့်ကြွားသော အမူအရာနှင့် လက်ထောင်ပြီး ရုတ်တရက် ဝင်ပြောသည်။ “ဒါအတွက် ခွန်းလွန်အင်မော်တယ် နန်းတော် တက်လှမ်းခြင်းလှေကား အရည်အချင်းစစ် အခွင့်အရေးတောင် ငါ ရောင်းလိုက်တာ။ ဘယ်သူမှ ဈေးပိုမခေါ်နဲ့တော့။ ဒီအမွေအနှစ်က အပိုင်ပဲ။”

သူက ထိုအခွင့်အရေးကို တခြားသူဌေးတစ်ယောက်ဆီ ခုနလေးတင် ရောင်းလိုက်ခြင်း ဖြစ်သည်။

ထိုအခွင့်အရေးက ခွန်းလွန်အင်မော်တယ်နန်းတော်ထဲ ဝင်ခွင့်ရမည့် အခွင့်အရေးဖြစ်ရာ စာအရ ဆိုရင် ထိုပညာအမွေဆက်ခံခြင်းထက် ပိုတန်ဖိုးရှိနေသည်။

သို့သော် တက်လှမ်းခြင်းလှေကားကို ကျော်ဖြတ်ရန် ဆိုသည်မှာလည်း ပါရမီ အများကြီး လိုအပ်သည်။ ထိုသူဌေးကြီးက ပါရမီ အနည်းငယ်ရှိတဲ့ မျိုးဆက်တစ်ခုခုအတွက် ဝယ်လိုက်ခြင်း ဖြစ်နိုင်၏။

“ကုဋေ နှစ်သိန်းခွဲ။” ဟွာရှား၏ အချမ်းသာဆုံးသူဌေးက ထပ်မံမြှင့်လိုက်ပြန်သည်။

“ကုဋေ ၃သိန်း...” ဝမ်ဒယ်ပြောင်၏မျက်နှာက ဒေါသကြောင့် တွန့်လိမ်သွားပြီး အံကြိတ်ကာ ရှိသမျှ အကုန်ပုံအောလိုက်သည်။

“ဝမ်မျိုးနွယ် ကောင်လေး။ မင်းက ဘယ်ကနေ အဲဒီလောက် ပိုက်ဆံတွေ အများကြီး ရတာလဲ။” အချမ်းသာဆုံးသူဌေးပင် ကြောင်သွားရသည်။

ကုဋေ သုံးသိန်း ဆိုသည်မှာ သူ၏လည်ပတ်ငွေသား စုစုပေါင်း ၉၀% ခန့် ရှိနေသည်။

၎င်းကို သုံးလိုက်လျှင် သူ၏လုပ်ငန်း အများအပြား ရပ်တန့်သွားပေလိမ့်မည်။

ထိုအမွေအနှစ်က ရှားပါးသော်လည်း အရာအားလုံးကို ရင်းရလောက်သည်အထိ မတန်ပေ။

အဆုံးတွင်မူ စိတ်ဝိညာဉ်ချီစွမ်းအင်များ နိုးထနေသည်ဖြစ်ရာ အသက်ရှည်ရန်အတွက် တခြား အခွင့်အရေးများလည်း ရှိလာမည် ဖြစ်သည်။

ဒါပေမဲ့ ဝမ်မျိုးနွယ်စုကရော။ သူတို့ဆီမှာ ဒီလောက်အထိ ငွေသား ဘယ်လိုလုပ် ရှိမှာလဲ။

သူတို့ ဘယ်ကနေ ရန်ပုံငွေ ရနေတာလဲ။

ဝမ်ဒယ်ပြောင်က ပြန်မဖြေပေ။ ထိုအစား သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။

သူက ဘေးနားရှိ လက်အောက်ငယ်သားတစ်ယောက်ဆီမှ အခုလေးတင် လက်မှတ်ထိုးထားသော စာရွက်စာတမ်းတစ်ခုကို လှမ်းယူလိုက်သည်။

၎င်းက ကျွန်ခံစာချုပ် တစ်ခု ဖြစ်သည်။

သူကိုယ်တိုင်၏ စာချုပ်ပင်။

...

All Chapters