← Chapters

ကျုပ်ရဲ့နယ်မြေမှာ လာသောင်းကြမ်းရဲတယ်ပေါ့

Vol. 30 Ch. 296

ကျုပ်ရဲ့နယ်မြေမှာ လာသောင်းကြမ်းရဲတယ်ပေါ့

Vol. 30 Ch. 296

အီဘာရာကီဒိုဂျီ ဒူးတစ်ဖက် ထောက်ကျသွားသည်။

ပြတ်တောက်သွားသော လက်မောင်းမှ ပူလောင်လှသော သွေးများ ပန်းထွက်လာပြီး ချက်ချင်း ဆိုသလို မီးတောက်များအဖြစ် ကူးစက်လောင်ကျွမ်းသွား၏။ ထိုမီးတောက်များထဲမှ လက်မောင်း အသစ်တစ်ခုသည် အလျင်အမြန် ပြန်လည်ပေါက်ဖွားလာသည်။

သူ့ရင်ဘတ်ပေါ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာနှစ်ခုက တစ်ခုနှင့်တစ်ခု ကြက်ခြေခတ်ပုံစံ ဖြစ်နေပြီး ကျန်ရှိနေသေးသော ဓားချီများက အတွင်းပိုင်းသို့ ရက်စက်စွာ ထိုးဖောက် စားသုံးနေဆဲ ဖြစ်သည်။

ထိုတိုက်ခိုက်မှုက သူ့ကို အနိုင်မရနိုင်သော်လည်း အီဘာရာကီဒိုဂျီ၏ အရှိန်အဝါကို ပိုမို၍ပင် ရူးသွပ်သွားစေခဲ့သည်။

“စိတ်ဝင်စားဖို့ကောင်းသားပဲ။ မင်းက ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်ပေါ့။ ငါ့လက်မောင်းကို ဖြတ်ရဲသေးတယ်... ငါ အမုန်းဆုံးက ဘာလဲဆိုတာ မင်းသိလား။ အဲဒါ လက်မောင်းတစ်ဖက် ဆုံးရှုံးရတာပဲ။”

အီဘာရာကီဒိုဂျီက ယုတ်မာသော အပြုံးဖြင့် ရေရွတ်ရင်း ဖြည်းဖြည်းချင်း ထရပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ကြီးထွားလာ၏။

သူ ထိုမျှ ပြင်းထန်သော ဒဏ်ရာရခဲ့သည့် နောက်ဆုံးအချိန်ကိုပင် မမှတ်မိတော့။

သူ၏ မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်နှင့် အံ့မခန်း ပြန်လည်ကုသနိုင်စွမ်းတို့ကြောင့် ယခင်က ဆာမူရိုင်းသောင်းနှင့်ချီကြားတွင် ဒဏ်ရာတစ်ချက်မရဘဲ သောင်းကျန်းခဲ့ဖူးသည်။

မီနာမိုတိုနိုယိုရီမီဆုနှင့် တခြားသူများက သူ့ကို အဆိပ်ခတ်ထားသော ဝိုင်ဖြင့် လှည့်စားကာ အားနည်းအောင် လုပ်ပြီးမှသာ ဆာမူရိုင်းခေါင်းဆောင် အများအပြားက စုပေါင်းပြီး သူ့ကို ရာရှိုမွန် အောက်ခြေမှ ဟင်းလင်းပြင်ထဲကို ပြည်နှင်ဒဏ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

သူ တစ်ကြိမ် ထွက်ပြေးခဲ့ဖူးသော်လည်း ဝါတာနာဘဲနိုဆုနာကြောင့် လက်မောင်း အဖြတ် ခံလိုက်ရပြီး ဒဏ်ရာအပြင်းအထန်ဖြင့် ပြန်လည် မောင်းထုတ်ခြင်း ခံခဲ့ရပြန်သည်။

သူ့ကို နှင်ထုတ်ခဲ့ပြီး လက်မောင်းဖြတ်ခဲ့သူများကို လက်စားမချေရသေးပေ။

သို့သော် ယခုတော့... ဆာမူရိုင်းခေတ်ကြီး ကုန်ဆုံးသွားခဲ့လေပြီ။

အသစ်ပြန်လည် နိုးထလာသော ယင်ယန်ဆရာသခင်များနှင့် ဆာမူရိုင်းမျိုးနွယ်များ ဆိုသည်က ဘာမှမသိသေးသော ကြက်ပေါက်စလေးများသာ ဖြစ်သည်။

အိုဆာကာမှ ဝိညာဉ်၁၀၀လှည့်လည်ပွဲည ဖြစ်စဉ်အတွင်း သူက မိစ္ဆာအုပ်ကြီးကို ဦးဆောင်ပြီး နယ်မြေတစ်ခုကို စိုးမိုးခဲ့ကာ ကမ္ဘာပေါ်တွင် နတ်ဘုရားများမှလွဲ၍ မည်သူမှ သူ့ကို မယှဉ်နိုင်ဟု ယုံကြည်ခဲ့လေသည်။

သို့သော်လည်း အခုတော့ အရှေ့အရပ်တွင် သူ့ကို ယှဉ်နိုင်သူတစ်ဦးနှင့် တွေ့ဆုံခဲ့လေပြီ။

“ငါက ဆယ်ယောက်ပဲ သတ်ဖို့ စိတ်ကူးထားတာ။ ဒါပေမဲ့... မင်းတို့ရဲ့ ရုန်းကန်မှုတွေက ငါ့ကို တကယ်ပဲ စိတ်ကြွလာစေတယ်။”

အီဘာရာကီဒိုဂျီ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ အက်ကွဲလာပြီး ခန္ဓာကိုယ်မှာလည်း ဆက်လက် ကြီးထွားလာရာ မကြာမီ သုံးထပ်တိုက်နီးပါး မြင့်မားလာသည်။ အရေပြားမှာ သွေးရောင် ပြောင်းသွားပြီး ကြွက်သားများမှာ ကျောက်ဆောင်များကဲ့သို့ ဖုထွက်လာသည်။ နဖူးပေါ်က ချိုများမှာ တစ်ပေကျော် ရှည်ထွက်လာပြီး သွေးရောင် မိစ္ဆာမီးလျှံများက သူ့ပတ်ဝန်းကျင်တွင် မြူခိုးများကဲ့သို့ ဝေ့ဝဲနေတော့သည်။

ပြတ်တောက်သွားသော ညာဘက်လက်မှာ အပြည့်အဝ ပြန်ပေါက်လာပြီး အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေသော ကြောက်မက်ဖွယ် မိစ္ဆာလက်သည်းကြီးအဖြစ် ပြောင်းလဲ၍ သွားခဲ့သည်။

သူ အသက်ရှူလိုက်တိုင်း လေထုပင် တုန်ခါနေ၏။

အပူရှိန်ကြောင့် ပတ်ဝန်းကျင် လေထုမှာ ပုံပျက်နေသည်။

သူ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

ခြေထောက်အောက်တွင် မြေပြင်မှာ အက်ကွဲသွားပြီး ပေါက်ထွက်သွားသော မြေအောက် ရေပိုက်များမှ ရေများက သူ့ခန္ဓာကိုယ်၏ အပူရှိန်ကြောင့် ချက်ချင်းဆိုသလို ရေနွေးငွေ့အဖြစ် အငွေ့ပျံသွား၏။

ဒေါသအမျက်ထွက်နေသော အီဘာရာကီဒိုဂျီသည် သူ၏ လုပ်ရပ်များက အထက်မှ နက်နဲသော ပုဂ္ဂိုလ်များကို စော်ကားရာ ရောက်မည် မရောက်မည်ကို ဂရုမစိုက်တော့ပေ။

သူ ယခု လိုချင်သည်မှာ အိုအဲယာမာ မိစ္ဆာဘုရင်ပုံစံဖြင့် ရှေ့တွင်ရှိသော လူသားအားလုံးကို အပိုင်းပိုင်း ချေမှုန်းပစ်ရန်သာ ဖြစ်သည်။

သူ၏ ရန်လိုမှုကို မြင်လိုက်ရသော ကျောက်ရင်းက အဖွဲ့နှင့်အတူ နောက်ဆုတ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ပတ်ဝန်းကျင်ဧရိယာမှ လူများကို ဖယ်ရှားခြင်း လုပ်ငန်းမှာလည်း အတော်အတန် ပြီးဆုံးနေပြီ ဖြစ်သည်။

ယခုအချိန်တွင် အရေးကြီးသည်မှာ စစ်ကူမရောက်လာမီ အချိန်ဆွဲထားရန်သာ ဖြစ်ပြီး ထိပ်တိုက် ရင်ဆိုင်နေရန် မလိုပေ။

သို့သော် သူ၏ ထွက်ပြေးမည့်အကြံကို အီဘာရာကီဒိုဂျီက တစ်ချက်ကြည့်ရုံဖြင့် ရိပ်မိသွားသည်။

“ပြေးဖို့ ကြိုးစားနေတာလား။”

အီဘာရာကီဒိုဂျီက လှောင်ပြုံး ပြုံးလိုက်သည်။

မီနာမိုတိုနိုယိုရီမီဆုရဲ့ မျိုးဆက်တွေကို ရှာမတွေ့ရင်တောင်မှ ဒီဟွာရှားက လူတွေကို သတ်ပြီး ဒေါသဖြေလို့ ရတာပဲ။

သူ ကိုယ်တိုင် မလှုပ်ရှားရသေးခင်မှာပင် နောက်ကျောတွင် မိစ္ဆာပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်ယောင်က လက်ကွက်များကို လျင်မြန်စွာ ဖော်ဆောင်လိုက်ရာ စူးရှသော အော်ဟစ်သံနှင့်အတူ မြေပြင်မှာ အက်ကွဲသွားပြီး ဖြူဖျော့ဖျော့ အရိုးစုလက်များ ပေါ်လာကာ ကျောက်ရင်းနှင့် တခြားသူများ၏ ခြေထောက်များကို ဖမ်းချုပ်လိုက်သည်။

ထိုလက်များမှာ ရုပ်ပိုင်းဆိုင်ရာသက်သက် မဟုတ်ပေ။

ရုန်းကန်ရန် ကြိုးစားသူတိုင်းက သူတို့၏ ဝိညာဉ်အတွင်းပိုင်းအထိ ဆွဲဖြဲခံရသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရသည်။

“သေစမ်း။”

အီဘာရာကီဒိုဂျီ၏ မျက်လုံးများထဲတွင် မီးတောက်များ ပွင့်ထွက်လာသည်။

သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ လျှပ်တပြက်အတွင်း မီတာတစ်ရာကျော်ကို ဖြတ်ကျော်ကာ ကျောက်ရင်းတို့အဖွဲ့ ရှေ့မှောက်သို့ ရောက်ရှိလာသည်။

အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေသော မိစ္ဆာလက်သည်းကြီးက လေထုကို ခွဲထုတ်ကာ ဝှေ့ယမ်းလာ၏။

လေတိုးသံမှာ စူးရှစွာ မြည်နေသည်။

လက်သည်းနှင့် လေထုကြား ပွတ်တိုက်မှုကြောင့် မီးပွားများ လွင့်စင်လာသည်။ လက်သည်း မကျလာသေးမီမှာပင် လေဖိအားကြောင့် သူတို့၏ ရင်ဘတ်များမှာ အသက်ရှူကျပ်လာကာ သတိလစ်မတတ် ခံစားလိုက်ရ၏။

ထိုဧရာမ လက်သည်းကြီး ကျဆင်းလာသည်ကို ငေးကြည့်ရင်း...

ကျောက်ရင်း လုံးဝ တောင့်ခဲနေမိသည်။

ထိုခဏ သားရဲဖမ်းပြိုင်ပွဲကို မသွားခင် ချန်ဟွိုက်အန်မှ သူနှင့် ရှန့်ရှောင်ယွမ်ကို ပြောခဲ့ဖူးသော စကားကို သတိရသွားသည်။

“ဒီကမ္ဘာကြီးက အန္တရာယ်များတယ်။ တကယ့် ခွန်အားကမှ အရေးကြီးဆုံးပဲ။ အရင်းအမြစ်တွေ ရှိတာ ကောင်းပေမဲ့ အဲဒါတွေပေါ်မှာပဲ အရမ်းမှီခိုနေရင် တစ်နေ့မှာ ခင်ဗျားတို့ ပြိုလဲလိမ့်မယ်။ ကိုယ့်ရဲ့ ကျင့်ကြံခြင်းကိုလည်း ကြိုးစားအားထုတ်ရမယ်...”

သူက C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုမှာ မရှုံးနိုင်တော့ဟု ထင်ထားခဲ့သည်။

အခုမှပင်... သူတို့က လိုအပ်ချက် အများအပြား ရှိနေသေးကြောင်း သိလိုက်ရတော့သည်။

ကျောက်ရင်းက အံကြိတ်ကာ မျက်လုံးကို မှိတ်လိုက်ပြီး စိတ်ထဲမှ နှုတ်ဆက်စကား ဆိုလိုက်သည်။

သို့သော် သူရှေ့မှ ဟင်းလင်းပြင်မှာ ရုတ်တရက် ပြင်းထန်စွာ တွန့်လိမ်သွားကြောင်းကို သူ မမြင်လိုက်ရပါ။

ဝေဝါးနေသော ပုံရိပ်တစ်ခု ရုတ်ချည်း ပေါ်ထွက်လာ၏။

ထိုပုံရိပ်သည် အီဘာရာကီဒိုဂျီနှင့် ယှဉ်လျှင် အ‌တော်လေး သေးငယ်သော်လည်း အီဘာရာကီ ဒိုဂျီထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရှိန်အဝါများကို ထုတ်လွှတ်နေသည်။

ဗြောင်း....

ဖြူဖျော့ဖျော့ လက်ချောင်းတစ်ချောင်းက ကျဆင်းလာသော အီဘာရာကီဒိုဂျီ၏ လက်သည်းကို တားလိုက်သည်။

လက်သည်းနှင့် အနက်ရောင်အကြေးခွံကြား ထိတွေ့ရာမှ မီးပွားများ ပွင့်ထွက်သွား၏။

မိစ္ဆာပုံစံ ပြောင်းထားသော ချန်ဟွိုက်အန် ရောက်လာပြီး အီဘာရာကီဒိုဂျီကို အေးအေးဆေးဆေး တားဆီးလိုက်ခြင်း ဖြစ်သည်။

စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ရာမှ လေပွေတစ်ခု ပေါက်ကွဲထွက်လာ၏။

“ဟေ့... နီယွန်တိုင်းပြည်က ပိုးကောင်လေး။”

ချန်ဟွိုက်အန် ခေါင်းကို မော့ကြည့်လိုက်သည်။

မီးလျှံရောင် ရွှေရောင်မျက်ဝန်းများက အီဘာရာကီ ဒိုဂျီ၏ သားရဲမျက်လုံးများနှင့် ဆုံသွားသည်။

“ကျုပ်ရဲ့နယ်မြေထဲမှာ ကျုပ်လူတွေကို လာထိရဲတယ်ပေါ့... ခင်ဗျားက တကယ့်ကို ယဉ်ကျေးမှု မရှိတာပဲ။”

စကားအဆုံးတွင် သူ၏ မျက်လုံးသူငယ်အိမ်မှာ အပ်ဖျားကဲ့သို့ စူးရှသွားသည်။

သူ့လက်ချောင်းများက အီဘာရာကီဒိုဂျီ၏ ဧရာမ လက်သည်းကြီးကို ဆုပ်ကိုင်လိုက်ပြီး....

လက်မောင်းမှ ခွန်အားများကို ရုတ်တရက် ထုတ်သုံးကာ အီဘာရာကီဒိုဂျီကို ဂျူဒိုပေါက် ပေါက်လိုက်သလို လေထဲသို့ ဝှေ့ယမ်းကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

မိစ္ဆာ၏သောင်းကျန်းမှုကြောင့် ပျက်စီးနေသော ဧရိယာမှာ ယခုအခါတွင် အပိုင်းပိုင်း အစစ အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားသည်။

အီဘာရာကီဒိုဂျီက အပျက်အစီးများထဲမှ တွားသွားထွက်လာရင်း ရုတ်တရက် ပေါ်လာသော ထူးဆန်းသော လူသားကြောင့် ထိတ်လန့်တုန်လှုပ်နေမိသည်။

“မ...မင်းက ဘာကောင်လဲ။”

“ကျုပ်က...” ချန်ဟွိုက်အန်၏ ပုံရိပ်မှာ လက်ခနဲ ဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။

ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့ပင် သူ၏ လှုပ်ရှားမှုကို မျက်စိဖြင့် မလိုက်နိုင်ကြတော့။

မျက်စိတစ်မှိတ်အတွင်းမှာ ချန်ဟွိုက်အန်က အီဘာရာကီ ဒိုဂျီ၏ ဦးခေါင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူက လက်သီးဖြင့် ထိုးချလိုက်၏။

ဘုန်း....

လမ်းမတစ်ခုလုံးရှိ အုတ်ခဲ၊ ကျောက်ခဲများက လေထဲကို ပျံတက်သွားပြီးမှ ပြန်ကျလာသည်။

ချန်ဟွိုက်အန်က ထိုချိုင့်ခွက်ကြီးထဲတွင် ရပ်နေပြီး...

ခြေတစ်ဖက်က အီဘာရာကီဒိုဂျီ၏ ခေါင်းကို မြေကြီးထဲ နင်းထား၏။

သူ လည်ပင်းကို တစ်ဖက်သို့ စောင်းလိုက်ပြီး မျက်ဝန်းထဲတွင် မိစ္ဆာမီးလျှံများ တောက်လောင်၍ နေလေသည်။

“ကျုပ်က C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ အကျဉ်းခန်း နံပါတ်(၀)က ကုဒ်နာမည် အာဏာရှင်ပဲ။ ဒီမှာ လာရှုပ်ချင်ရင် အချိန်မရွေး ပြန်လာခဲ့လို့ ရတယ်။”

ရှေ့မှ မိစ္ဆာက ပုံရိပ်ယောင်သက်သက်သာ ဖြစ်သည်။

ချန်ဟွိုက်အန်က သူ့ကို ဤနေရာတွင် ဖမ်းထား၍မရမှန်း သိသည်။

နောက်ဆုံး ခြေတစ်ချက် ပြင်းပြင်းနင်းလိုက်ရာ မြေပြင်မှ တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာပြီး အီဘာရာကီဒိုဂျီ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ကွဲကြေသွားစေတော့သည်။

တာဝန် ပြီးဆုံးလေပြီ။

ချန်ဟွိုက်အန်က သူ့တွင် ကျန်ရှိနေသော နောက်ဆုံး အတွင်းခံဘောင်းဘီလေးကို အသာအယာ ဆွဲတင်လိုက်သည်။

နောက်ပိုင်းမှာ ချင်းယွန်ဘုံထဲမှ သူ၏ ဓားတာအိုခွန်အားတွေကို ဖုံးကွယ်ရန် ပိုမို၍ပင် သတိထားရပေတော့မည်။

လျို့ဝှက်ထားရမည့် အရာများမှာ နဂါးဝိညာဉ်၊ ကြာစိမ်းဓားသိုင်းကျမ်းနှင့် ဓားအသိတို့ပင်။

ကောင်းကင်မိစ္ဆာကျင့်စဉ်၏ ကြောက်မက်ဖွယ် ခန္ဓာကိုယ်နှင့် ခွန်အားကတော့...

ထုတ်ပြ၍ ရပေသည်။

အဆုံးတွင်မူ ယခုခေတ်တွင် ဗီဇပြောင်း သတ္တဝါများ နေရာတိုင်း ရှိနေသည် မဟုတ်ပါလား။

သူက... နည်းနည်း ပိုမို၍ သိသိသာသာ ဗီဇပြောင်းနေခြင်းပင်။

သူ့အပေါ်တွင် အကျဉ်းသားဟူသော တံဆိပ် ကပ်ထားလိုက်လျှင် လူများက သံသယ သိပ်ပြီး ဝင်တော့မည် မဟုတ်ပေ။။

ထို့ပြင် သူက မြေကြီးကို ချိုင့်ခွက်ကြီးဖြစ်အောင် တမင်လုပ်ခဲ့ခြင်း မဟုတ်ပေ။

ထိုချိုင့်ခွက်သာ မရှိလျှင် သူ ကိုယ်တုံးလုံး ရပ်နေသည်ကို လူတိုင်း မြင်သွားမည် မဟုတ်ပါလား။

“အုပ်ချုပ်ရေးမှူး။”

ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့မှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး မျက်ရည်ပင် ကျမတတ် ဖြစ်နေကြသည်။

ရှန့်ရှောင်ယွမ်က သားရေဂျာကင်တစ်ထည်ကို အမြန်ထုတ်ပြီး ပြေးလာသည်။

အပြင်မှာ အေးစိမ့်နေတာလေ။ အင်္ကျီမပါဘဲနဲ့ အအေးမိသွားရင် ဘယ်လိုလုပ်မလဲ။။

သို့သော် သူ မရောက်ခင်မှာပင် လှပသော ပုံရိပ်တစ်ခုက ချန်ဟွိုက်အန်၏ ဘေးနားတွင် ပေါ်လာနှင့်ပြီ ဖြစ်သည်။

သူက ချန်ဟွိုက်အန် အပေါ်ကို အပေါ်အင်္ကျီတစ်ထည် ညင်သာစွာ ခြုံပေးလိုက်ပြီး နူးညံ့သော အမူအရာနှင့် ကြည့်နေသည်။

သို့သော် သူ ဘေးတိုက် ကြည့်လိုက်သော အကြည့်မှာ သတိပေးချက်တစ်ခုနှင့် အေးစိမ့်မှုများ ပါဝင်နေ၏။

ရှန့်ရှောင်ယွမ် တစ်ယောက် လမ်းတစ်ဝက်မှာတင် ကြောင်အကာ ရပ်တန့်သွားသည်။

ကျောက်ရင်းက လီချင်းရန်ကို ကြည့်ပြီး တစ်နေရာရာတွင် မြင်ဖူးသလိုလိုနှင့် ရင်းနှီးသလို ခံစားနေရသည်။ သို့သော် မည်သည့်နေရာတွင် မြင်ဖူးကြောင်းကို စဉ်းစားမရသေးပေ။

“သူက ဘယ်သူလဲ...”

ကျောက်ရင်း၏ မေးခွန်းကို ကြားလိုက်ရသော်လည်း ချန်ဟွိုက်အန်တွင် အသင့်ဖြေစရာ စကားလုံး မရှိသေးပေ။

နောက်ဆုံးတွင် သူက ရဟတ်ယာဉ်နှင့် ပျံလာရင်း တစ်ခုခု မှားနေကြောင်း မြင်လိုက်၍ ချက်ချင်း ခုန်ဆင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေသည်။

“အဟမ်း...”

လူအုပ်အနောက်ဘက်မှ ချောင်းဟန့်သံလေးတစ်ခု ထွက်ပေါ်လာ၏။

လင်းလင်လင်က သူ ပိုင်သော နေရာလိုမျိုး ဟန်ပါပါ လမ်းလျှောက်ထွက်လာပြီး လက်တစ်ဖက်ကို မေးစေ့အောက် ထားကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“မိတ်ဆက်ပေးပါရစေ။ ဒီက အစ်မလှလှကတော့...C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို အရင်းအမြစ် စီမံခန့်ခွဲမှုဌာနရဲ့ ပြည်ပလျို့ဝှက်ကမ္ဘာ ရင်းနှီးမြှုပ်နှံသူ စီအီးအိုပါ။”

...

All Chapters