ဘက်လိုက်တဲ့စနစ်
Vol. 30 Ch. 298
ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့က ဟင်းချက်ရန် ထွက်သွားကြသည်။
လီချင်းရန်က လက်ရှိတွင် ယန်ဝိညာဉ် ခန္ဓာအပြင်ထွက်ခြင်း အခြေအနေတွင် ရှိနေသဖြင့် သာမန်လူလို မစားနိုင်သော်လည်း သူ့တွင် အစားအစာကို စုပ်ယူနိုင်သော အထူးနည်းလမ်းတစ်ခု ရှိသည်။ ချင်းယွန်ဘုံသို့ မပြန်မီ နှစ်နာရီခန့် အချိန်ကျန်သေးသဖြင့် ချန်ဟွိုက်အန်က သူကို အကျဉ်းခန်း တစ်ဝိုက်တွင် လမ်းလျှောက်ခေါ်သွားခဲ့သည်။
“ဆရာ နေတဲ့နေရာလေးက တော်တော်လေး အေးချမ်းတာပဲ...” လီချင်းရန်က ရှောင်ချင်း၏ အနက်ရောင်ခြေအိတ်ရှည် ဝတ်ထားသော ခြေထောက်များကို ခပ်ဖွဖွလေး ဆွဲညှစ်လိုက်ကာ ချန်ဟွိုက်အန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ “ဒါက ဆရာ မိစ္ဆာကြီးတွေကို မောင်းထုတ် လိုက်လို့ ဖြစ်မယ်။”
“အဟားဟား... ဒါပေါ့။” ချန်ဟွိုက်အန်၏ ရင်ခုန်သံမှာ တစ်ချက် ခုန်သွားသည်။ သူက လက်နှစ်ဖက်ကို ပွတ်သပ်ရင်း အားတင်းကာ ပြုံးလိုက်ရသည်။ “အဲဒီမိစ္ဆာကြီးတွေက တခြား ကမ္ဘာက လာကြတာလေ။ သူတို့ရဲ့ ရည်ရွယ်ချက်က ဒီကမ္ဘာကို ကျူးကျော်ဖို့ပဲ။ ငါက ဒီကမ္ဘာမှာ အသုံးဝင်တဲ့ အရင်းအမြစ်တွေ ရှိတယ်လို့ တွေးမိလို့ သူတို့နဲ့ တိုက်ခိုက်ပြီး ခဏလောက် ပြန်မောင်းထုတ်ထားနိုင်တာပေါ့။”
“ဪ... နားလည်ပါပြီ။” လီချင်းရန်မှာ မည်သည်ကိုမှ သံသယ မဝင်ခဲ့ပေ။
“ဒါဆို ဆရာက ဒီကမ္ဘာကို ကူညီခဲ့တာတောင်မှ ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုက ဆရာ့ကို ပယ်ထုတ်နေတုန်းပဲလား။” သူက ပါးလေးကို ဖောင်းလိုက်ပြီး မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းကို စူလိုက်သည်။ “ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုက တကယ့်ကို ကျေးဇူးမသိတတ်တာပဲ။”
ချန်ဟွိုက်အန် - “...”
ထိုပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ရခဲ့ကတည်းက ကောင်းကင်တာအို ဆိုသည်မှာ တကယ် ရှိကြောင်း သူ သိခဲ့သည်။ ၎င်းက ရိုးရိုးစနစ်တစ်ခုတင် မဟုတ်ပေ။ သို့သော် လီချင်းရန်က ချင်းယွန်ဘုံက ဖြစ်၍ ဤကမ္ဘာ၏ ကောင်းကင်တာအိုကို အတင်းပြောခြင်းက ပြဿနာ မရှိနိုင်လောက်ပေ။
“ကိစ္စမရှိပါဘူး။” ချန်ဟွိုက်အန်က အေးအေးဆေးဆေးပင် လက်ကာပြလိုက်သည်။ “မင်းရဲ့ ဆရာက အဲဒီလောက် စိတ်ပုပ်တဲ့သူ မဟုတ်ပါဘူး။ ပြီးတော့ ကောင်းကင်တာအိုကလည်း ဒီကမ္ဘာရဲ့ ဂေဟစနစ်ကို ကာကွယ်ဖို့ ကြိုးစားနေတာလေ။ ချင်းယွန်ဘုံက ကျင့်ကြံသူတွေသာ အကုန်လုံး ဒီထဲကို စုပြုံတိုးဝင်လာရင် ဒီနေရာကြီး ပရမ်းပတာ ဖြစ်သွားမှာပေါ့။”
“အင်း... အဲဒါလည်း ဟုတ်သားပဲ။” လီချင်းရန်က ခေါင်းညိတ်လိုက်သည်။ သူက ခေါင်းလေးကို စောင်းကာ မျက်တောင်ခတ်ရင်း မေးလိုက်သည်။ “ဒါဆို... ဆရာက ဒီကမ္ဘာကို ဘယ်လို ရောက်လာတာလဲ။ ဓားကျောင်းတော်က တပည့်တွေရော တစ်နေ့ကျရင် ဒီကို လာလို့ရမလား။”
ချန်ဟွိုက်အန် ဆွံ့အသွား၏။
ပြီးနောက် ချွေးအေးများ ထွက်လာသည်။
ထို့နောက် လီချင်းရန်၏ ခေါင်းပေါ်သို့ လက်ကလေးကို ညင်သာစွာ တင်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
“ချင်းရန်... တချို့လျို့ဝှက်ချက်တွေက မင်း သိဖို့ မလိုသေးပါဘူး။ မင်း နားလည်ထားရမှာက အခု ငါလုပ်နေသမျှ အရာအားလုံးဟာ မင်းအတွက်ရော၊ ဓားကျောင်းတော်အတွက် ဆိုတာပဲ။”
သူက ရွှေရောင်အလင်းနုလေးများအောက်တွင် အရပ်ရှည်ပြီး မြင့်မြတ်သော ကျောပြင် ပုံရိပ်ကိုသာ ချန်ထားရစ်ခဲ့ပြီး မျက်နှာကျက်မီးလုံးကို ငေးကြည့်ကာ တစ်ဖက်သို့ လှည့်ထွက်၍ သွားလိုက်သည်။
လီချင်းရန်၏ ရင်ထဲတွင် တုန်လှုပ်သွား၏။
ဆရာက ဘယ်လို ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးထားရတာလဲ။ အရမ်းများ ပင်ပန်းနေမလား။
သူက ဆရာ့ကို တင်းတင်းလေး ဖက်ထားပြီး “သိပ်ပြီးကြိုးစားမနေပါနဲ့၊ဆရာ” ဟူ၍ ပြောလိုက် ချင်မိသည်။
အခန်းထဲ တိတ်ဆိတ်သွား၏။
အချို့အရာများမှာ စကားလုံးဖြင့် ပြောပြရန် မလိုပေ။
...
“ဒါက ကြက်သွန်ဖြူ ပုစွန်ဆီပြန်၊ ဒါက အမဲသားနှပ်၊ ဒါက မာပိုတို့ဟူး၊ ဒီဘက်ကတော့... ဘဲကင်၊ တို့ဟူးအချိုပွဲ၊ ဟော့ပေါ့အစပ်၊ တရုတ်စတိုင် အအေးသုပ်၊ မာလာဟင်း၊ ဒေါင်ပို ဝက်လက်နှပ်နဲ့ ငါးချိုချဉ်...”
ကျောက်ရင်းက ဟင်းပွဲများကို တစ်ခုချင်း စီစဉ်ပြရင်း လီချင်းရန်ကို ကြည့်ကာ ပြုံးပြနေသည်။
C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၏ လျို့ဝှက်အရင်းအမြစ် ထောက်ပံ့သူအပေါ် အထင်ကြီးစေရန် အတွက် သူက မီးဖိုချောင်တွင် ရှိသမျှ အစွမ်းကုန် ထုတ်သုံးထားခြင်း ဖြစ်သည်။
အချို့ဟင်းပွဲများဆို အနီးနားရှိ နာမည်ကြီး စီချွမ်စားသောက်ဆိုင်မှ တိုက်ရိုက် မှာယူထားခြင်း ဖြစ်သည်။
လီချင်းရန်က အရောင်အသွေး စုံလင်သော အစားအစာများကို ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။
လက်ရှိတွင် ခန္ဓာပြင်ထွက်ခြင်း အခြေအနေ၌ ရှိနေသော်လည်း သွားရည်ကျစရာ အနံ့အသက်များကို သူ ရနေသည်။ ထိုလောက၏ ဟင်းချက်နည်းက ချင်းယွန်ဘုံလို ပေါင်းတာ၊ ပြုတ်တာ၊ ဆီသတ်တာ သို့မဟုတ် ကြော်တာလောက်သာ ဖြစ်မည်ဟု သူ ထင်ထားခဲ့သည်။
ယခုလိုမျိုး လုံးဝ အသစ်အဆန်း ပြင်ဆင်နည်း အများအပြား ရှိလိမ့်မည်ဟု လုံးဝကို မတွေးမိခဲ့ပေ။
ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြသည်။
လီချင်းရန်မှာ လျို့ဝှက်ဂိုဏ်းမှ လာသူဖြစ်ပြီး အသက်မည်မျှရှိသည်ကို မသိနိုင်ကြောင်း၊ ရာစုနှစ် များစွာ အိပ်ပျော်နေခဲ့သော ပါရမီရှင် သို့မဟုတ် တောထွက်ကျင့်ကြံရင်း ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းထားသော ကျင့်ကြံသူ ဖြစ်နိုင်ကြောင်း သူတို့ ခန့်မှန်းထားကြသည်။
မည်သို့ပင်ဖြစ်စေ သူက ခေတ်သစ် အစားအသောက် ယဉ်ကျေးမှုနှင့် ရင်းနှီးမည် မဟုတ်သည်မှာ သေချာသည်။
စကားပုံတစ်ခု ရှိတယ် မဟုတ်လား။တစ်စုံတစ်ယောက်ကို သိမ်းသွင်းချင်ရင် သူ့ရဲ့ ဗိုက်ကနေ စတင်ပါတဲ့။
အထူးသဖြင့် မိန်းကလေးတွေနဲ့ ပတ်သက်ရင်ပေါ့။
မိန်းကလေး ၁၀ယောက်မှာ ၉ယောက်က အစားအသောက် မက်ကြသူတွေချည်းပဲ။
နောက်ဆုံးတစ်ယောက်လား။ သူကတော့ အစားအသောက် ကျွမ်းကျင်သူပေါ့။
“ဒါတွေက ရှင်တို့ နေ့စဉ် စားနေကျ အစားအစာတွေလား။” လီချင်းရန်က အံ့သြတကြီး မေးလိုက်သည်။
“ဟုတ်တယ်...” ကျောက်ရင်းက ခေါင်းညိတ်ရင်း မာပိုတို့ဟူး ပန်းကန်ကို သူ့ဘက်သို့ တိုးပေးလိုက်သည်။ “မြည်းကြည့်ချင်လား။”
လီချင်းရန် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။
သူ၏ ကလေးဘဝ၊ ချင်းယွန်ဂိုဏ်းသို့ မဝင်မီ အချိန်ကို သူ သတိရသွားသည်။ ထိုစဉ်က သူသည် မြို့ထဲရှိ နာမည်ကြီး စားသောက်ဆိုင်အားလုံးကို ပတ်စားလေ့ရှိသည်။
သူက အစားအသောက်ကို အမြဲ မြတ်နိုးခဲ့သူ ဖြစ်သည်။
သို့သော် ကျင့်ကြံခြင်း စတင်လိုက်သည်နှင့် အစားရှောင်ရန် သူ့ကို သင်ကြားခဲ့ကြသည်။
သူ၏ စွမ်းအားကို မြှင့်တင်ရန်နှင့် ကျင့်ကြံသူ၏ ဘဝတွင် ပိုမိုအသားကျစေရန်အတွက် သူ၏ စားသောက်မှုကို အဆင့်ဆင့် လျှော့ချခဲ့ရသည်။ အစပိုင်းတွင် အရသာမရှိသော ထမင်းဖြူ၊ နောက် စိမ့်စမ်းရေ၊ နောက် ပဲပုပ်စေ့၊ နောက်ဆုံးတွင်တော့ အစာဖြတ် ဆေးလုံးများပင်။
အခြေခံအုတ်မြစ်အဆင့်ကို ရောက်သည်နှင့် သန့်စင်သောခန္ဓာကိုယ်ကို ရရှိရန် အစားအသောက် လုံးဝ ဖြတ်ခဲ့ရသည်။
ပြောရလျှင် ရွှေရောင်အနှစ်သာရအဆင့်ကို ရောက်ပါက အစာရှောင်စရာ မလိုတော့ပေ။
ခန္ဓာကိုယ်က အစားအစာထဲမှ အညစ်အကြေးများကို အပြည့်အဝ ဖယ်ရှားပေးနိုင်၍ပင်။
သို့သော် ထိုအချိန်တွင် ကျင့်ကြံသူများက ခြိုးခြံချွေတာမှုကို လက်ခံကျင့်သုံးကြရသည်။
“အစားအသောက်ကို မက်မောနေရင် ဘယ်လိုလုပ်ပြီး တာအိုကို ကျင့်ကြံနိုင်မှာလဲ။”
“ဆရာ...”
သူက ချန်ဟွိုက်အန်ကို လှည့်ကြည့်လိုက်ရာ ဘဲကင်ကို အားပါးတရ ဝါးနေပြီး ပါးစပ်မှာ ဆီတွေ တရွဲရွဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူ ကြောင်အသွား၏။
နေပါဦး... ဆရာက အစာမရှောင်ဘူးလား။။
“ဘာကို ငေးနေတာလဲ။ စားလေ။”
ချန်ဟွိုက်အန်က ဘဲပေါင်တစ်ဖက်ကို ဆွဲဖဲ့ပြီး သူ၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
“တ...တပည့်က... အစာရှောင်စရာ မလိုဘူးလား။” သူက စိုးရိမ်တကြီးနှင့် မေးလိုက်သည်။ “ကျင့်ကြံခြင်းဆိုတာက လောကီအာရုံတွေကို စွန့်လွှတ်ရတာ မဟုတ်ဘူးလား...”
သူတို့ ပထမဆုံး ဆုံခဲ့စဉ်က သူ့တွင် ကျင့်ကြံခြင်း မရှိသေးသဖြင့် သာမန်လူ တစ်ယောက်လို စားသောက်လို့ ရခဲ့သည်။ သို့သော် ယခု သူက တာအိုလမ်းစဉ်အပေါ် တရားဝင် ရောက်နေပြီ ဖြစ်ရာ မျှော်လင့်ချက်များက ကွဲပြားသွားပြီ မဟုတ်ပါလား။
“အစာရှောင်တာ ဟုတ်လား။ အဲဒီအဓိပ္ပာယ်မရှိတာတွေကို မေ့ထားလိုက်စမ်းပါ။”
ချန်ဟွိုက်အန်က ပါးစပ်မှ ဆီများကို သုတ်ပြီး ပြုံးလိုက်သည်။
“မင်းက သန့်စင်တဲ့ခန္ဓာကိုယ်အဆင့်ကို ရောက်နေပြီပဲ။ စားချင်ရင် စားပေါ့။ မင်းရဲ့ စီနီယာ အစ်ကိုတွေကိုပဲ ကြည့်လေ။ တွမ်ဖုန်းကလွဲရင် ကျန်တဲ့ ကျန့်ဟယ်နဲ့ ရှုအန်တို့ဆိုရင် တစ်နပ် တစ်နပ်ကို ဘုရင်လို စားနေကြတာ။ အရက်တောင် သောက်ကြသေးတယ်။”
“ငါ့ရဲ့ ဂိုဏ်းမှာတော့ အဲဒီလို ကျပ်တည်းတဲ့ စည်းကမ်းတွေ မရှိဘူး။ ကျင့်ကြံခြင်းဆိုတာ ကိုယ့်ရဲ့ သဘာဝကို ဖိနှိပ်ဖို့ မဟုတ်ဘူး။ ရေစီးအတိုင်း လိုက်သွားဖို့ပဲ။”
“ဒါကိုပဲ... သဘာဝတာအိုလို့ ခေါ်တာပေါ့...”
သူက အေးစိမ့်နေသော ကိုကာကိုလာကို အားရပါးရ တစ်ငုံ သောက်လိုက်သည်။
လုံးဝကွက်တိပဲ။
လီချင်းရန်၏ မျက်လုံးများ တောက်ပသွား၏။ သူ၏ စိတ်ထဲ တာအိုကို သဘောပေါက်သွားသလို ခံစားလိုက်ရသည်။
သူက ရွှေရောင်အနှစ်သာရ အစောပိုင်းအဆင့်တွင် အတော်ကြာ တန့်နေခဲ့ခြင်း ဖြစ်သော်လည်း ယခုတော့....
ထိုတစ်ဆို့မှုမှာ... ပြေလျော့သွားသလိုပင်။
ချင်းယွန်ဘုံကို ပြန်ရောက်ပြီး တံခါးပိတ်ကျင့်ကြံလိုက်လျှင် ရွှေရောင်အနှစ်သာရ အလယ်ဆင့်ကို တက်လှမ်းနိုင်လောက်သည်။
တကယ့်ကို ငါ့ရဲ့ ဆရာပဲ...
သူက ချန်ဟွိုက်အန်ကို လုံးဝကို အားကိုးတကြီး ကြည့်လိုက်မိသည်။
ရိုးရိုးရှင်းရှင်း ထမင်းတစ်နပ်ကိုတောင် နက်ရှိုင်းတဲ့ တာအိုသင်ခန်းစာတစ်ခု ဖြစ်အောင် သူ လုပ်ပေးနိုင်ခဲ့တာကိုး။
လီချင်းရန် အာရုံစူးစိုက်လိုက်ပြီး စိတ်ဝိညာဉ်ချီစွမ်းအင်ကို သုံးကာ မာပိုတို့ဟူး တစ်ဇွန်းကို မြှောက်လိုက်သည်။
နူးညံ့အိစက်သော တို့ဟူးတုံးလေးမှာ ဂျယ်လီလိုမျိုး တုန်နေပြီး မခံမရပ်နိုင်စရာ အနံ့ကောင်းလေး ထွက်နေ၏။
သူ အသက်ပြင်းပြင်း ရှူလိုက်သည်။
အစားအသောက်က အပြာရောင် မြူခိုးလေးတစ်ခုအဖြစ် ပြောင်းလဲသွားစဉ် ဇွန်းထဲမှ အနံ့နှင့် အရောင်များ ပျောက်ကွယ်သွား၏။
သူ၏မျက်လုံးများ တောက်ပသွားသည်။
သူက ကိုက်ဝါးနေပြီး၊ ပါးလေးတွေ ဖောင်းလိုက်၊ ခေါင်းလေးကို ဘယ်ညာ ယမ်းလိုက်ဖြင့် အစားအသောက်ရဲ့ ပျော်ရွှင်မှု အဆီအနှစ်တွေကို တစ်ကိုယ်လုံး ပြန့်နှံ့သွားအောင် ခံစားနေသည်။
ကျောက်ရင်း၊ ရှန့်ရှောင်ယွမ်နှင့် လင်းလင်လင်တို့ မျက်တောင်မခတ်ဘဲ ငေးကြည့်နေကြသည်။
လူတစ်ယောက်က ဝိညာဉ်နှင့် စားသည်ကို သူတို့ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
ဒါကြောင့်လည်း ဘုရားစင်မှာ ကပ်ထားတဲ့ သစ်သီးတွေက မြန်မြန် ပုပ်ကုန်တာကိုး။
အဲဒါတွေက ပုပ်သွားတာ မဟုတ်ဘူး။
ပူဇော်ခံရတဲ့ ဝိညာဉ်က အဲဒါတွေကို စားလိုက်လို့ပဲ။
လီချင်းရန်က တစ်ဇွန်းစားပြီး ခေါင်းမော့ကြည့်လိုက်ရာ လူတိုင်းက သူ့ကို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
သူ၏ ပါးလေးများ နီရဲသွား၏။
သူ ခေါင်းငုံ့လိုက်ပြီး အနည်းငယ် ရှက်သွားသည်။
သူ စားနေပုံက ငတ်နေသော ဝိညာဉ်တစ်ကောင်လို တော်တော်လေး ကြည့်ရဆိုးနေလိမ့်မည်။
သို့သော် ၎င်းက သူ့တစ်သက်မှာ စားဖူးသမျှ အကောင်းဆုံး ဖြစ်ကြောင်း ကျိန်ဆိုရဲသည်။
အစားအသောက်မှာ ဒီလောက်အထိ အရသာ အလွှာပေါင်းစုံ ရှိနိုင်မှန်း ဘယ်သူ သိမှာလဲ။
နူးညံ့တဲ့ တို့ဟူးလေးထဲမှာ နို့နှစ်နံ့လေးရယ်၊ ခပ်ပါးပါး အစပ်အရသာရယ်၊ လျှာဖျားမှာ တရှိန်းရှိန်း ဖြစ်သွားတဲ့ အပူရှိန်ရယ်၊ အသားနုပ်လေးတွေရဲ့ အရသာရယ်... ပြီးတော့ လျှာပေါ်မှာ ပေါက်ကွဲ ထွက်သွားတဲ့ ဆွဲဆောင်မှုရှိတဲ့ အရသာထူးတစ်ခုရယ်...
အား....
သူက မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်ပြီး မျက်လုံးဝိုင်းလေးများကို မှေးကာ ပျော်ရွှင် နေမိသည်။
“ဘယ်လိုလဲ။ အရသာရှိရဲ့လား။” ကျောက်ရင်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။
“အရမ်းကို အရသာရှိတယ်...”
လီချင်းရန်က ခေါင်းကို အားရပါးရ ညိတ်ပြပြီး လက်မထောင်ပြလိုက်သည်။
“နောက်မှ အိမ်ကို နည်းနည်းပါးပါး ယူသွားဦးပေါ့။” ချန်ဟွိုက်အန်က သူ ကြိုက်သည်ကို မြင်သောအခါ ပြောလိုက်သည်။
သူက ချက်ချင်းပင် ဖုန်းကို ထုတ်လိုက်ပြီး အနီးနားရှိ နာမည်ကြီး ဆိုင်များမှ ပါဆယ်များ စတင်မှာယူလိုက်တော့သည်။
“ကျွန်မ... တကယ်ပဲ ပြန်ယူသွားလို့ ရမှာလား။”
လီချင်းရန်၏ မျက်လုံးများမှာ စိတ်ဝင်တစား တောက်ပလာသည်။
သို့သော် ၎င်းတို့ကို ကမ္ဘာတစ်ခုမှ နောက်တစ်ခုကို မည်သို့ သယ်ပေးမှာလဲ ဆိုတာကိုလည်း သူ စူးစမ်းနေမိသည်။
“ရမှာပါ...” ချန်ဟွိုက်အန်က ပြောလိုက်သော်လည်း ၁၀၀%တော့ မသေချာပေ။
လွန်ခဲ့သောတစ်ခေါက်က မုတ်ဆိတ်ထူဝိညာဉ်ပါသော ဖန်ကျောက်ကို သယ်ရန် ကြိုးစားစဉ်က တားဆီးခံခဲ့ရသည်။
ထို့ကြောင် သူက ဖောက်သည်ဝန်ဆောင်မှုစနစ်ကို မေးရန် ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ဖွင့်လိုက်သည်။
ဒါပေမဲ့ သူ မမေးရသေးခင်မှာပင်...
ဂိမ်းသတိပေးချက်တစ်ခု ပေါ်လာ၏။
[ သင့်ရဲ့ ပုံရိပ်ယောင်ကောင်မလေးက ခေတ်သစ် အစားအစာများကို နှစ်သက်ပါတယ်။ သင့်ရဲ့ ပုံရိပ်ယောင်ကောင်မလေးအတွက် ခေတ်သစ် အစားအစာများကို ပါဆယ်ထုတ်ပေးနိုင်ပါတယ် ]
ချန်ဟွိုက်အန် - “...”
ဝိညာဉ်ဖန်ကျောက် သယ်တာကျတော့ ပတ်ဝန်းကျင် ညစ်ညမ်းစေတယ် ဆိုပြီးတော့...
မုန့်တွေ သယ်တာကျတော့ ပုံမှန် အစာကျွေးတာ ဖြစ်သွားတယ်ပေါ့။
ဘယ်လိုက်တဲ့ ခွေးစနစ်ကြီးပဲဟ...
...