ပျောက်ဆုံးနေသော ဝိညာဉ်ဆေးပင်
Vol. 30 Ch. 299
ဟင်းလင်းပြင်ခရီးနှင်ခြင်း အချိန်ကာလ ကုန်ဆုံးသွားခဲ့လေပြီ။
လီချင်းရန်က ပြန်ရန် တွန့်ဆုတ်နေမိသည်။
သူ့အတွက်တော့ ထိုကမ္ဘာမှာ စူးစမ်းလေ့လာရန် စောင့်ကြိုနေသည့် အံ့ဩဖွယ်ရာများနှင့် လျို့ဝှက်ချက်များဖြင့် ပြည့်နှက်နေဆဲပင်။
သို့သော် အရေးကြီးဆုံးမှာ သူ၏ဆရာက ထိုနေရာတွင် ရှိနေခြင်းပင်။ ထိတွေ့၍ မရသော ပုံရိပ်ယောင်မဟုတ်ဘဲ တကယ့် အသက်ရှင်လျက်ရှိသည့် ဆရာတစ်ဦးအဖြစ် ရှိနေခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် ကမ္ဘာနှစ်ခုမှာ ထပ်တူမကျနေပေ။ သူ့အနေဖြင့် ထိုနေရာတွင် အကြာကြီး နေထိုင်ခွင့်မရှိရန် ကံပါလာခဲ့သည်။
မထွက်ခွာခင် အရသာရှိသော အစားအစာများကို ပါဆယ်ထုတ်ပေးသည့်အပြင် ချန်ဟွိုက်အန်က အခြားပစ္စည်းအချို့ကိုလည်း ကောက်ယူလိုက်သေးသည်။
“ဒါကတော့ ကြက်သားအစပ်ခေါက်ဆွဲ။ ဂိုဏ်းချုပ်စုကို ပေးလိုက်။ သူ သေချာပေါက် ကြိုက်မှာ။”
ချန်ဟွိုက်အန်၏ မျက်နှာတွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာ၏။
ဟဲဟဲ... ဂိုဏ်းချုပ်တစ်ယောက် ခေတ်သစ်နည်းပညာနဲ့ မုန့်တွေရဲ့ အံ့ဩစရာ....ပြီးတော့ ရူးသွပ်စရာကောင်းတဲ့ အရသာကို မြည်းစမ်းကြည့်ဖို့ အချိန်တန်ပြီ။
“ဒါတွေကတော့ ကန်းရှီနဲ့ ဆင်မည်းတံဆိပ် ခေါက်ဆွဲတွေ။ အရသာ တော်တော်ကောင်းတယ်။ ရေနွေးလေး ထည့်လိုက်ရုံနဲ့ စားလို့ရပြီ။ အာဟာရကတော့ သုညပဲ။ အပျော်သက်သက်ပေါ့။ .ဓားကျောင်းတော်က တပည့်တွေကို ဝေပေးတဲ့အခါ အပြင်က ပလတ်စတစ်ခွံတွေကို မစားမိဖို့ သေချာပြောလိုက်ဦးနော်။ တကယ်ပြောတာ။ မမေ့နဲ့။”
ထိုသို့ပြောပြီးနောက် ကျောက်ရင်းနှင့် အခြားသူများ၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင် ချန်ဟွိုက်အန်က နောက်ထပ် ဧရာမ ပါဆယ်ထုတ်ကြီးတစ်ခု ထုတ်လိုက်ပြန်သည်။
သူ့အပြုံးက ယုတ်မာနေဆဲ ဖြစ်သော်လည်း ယခုမူ နောက်ပြောင်လိုသည့် အရိပ်အယောင်များပင် ပါဝင်နေသည်။
“ဆရာ... အဲဒါက ဘာလဲ။” လီချင်းရန်က မေးလိုက်သည်။
“ဒါလား။” ချန်ဟွိုက်အန်က အိတ်ကို အရှိန်အဟုန်ဖြင့် လှုပ်ခါပြလိုက်သည်၊ “ဒါကတော့ တကယ့် အချက်အချာပဲ။ ဝေလုံအစပ်ချောင်းတွေ။ ဟဲဟဲဟဲ...”
“ဪ...” လီချင်းရန်၏ မျက်လုံးများ ဝိုင်းသွားသည်။ သူက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။ “အဲဒါတွေက တကယ်ပဲ အဲဒီလောက် အရသာရှိတာလား။”
“အင်း... ဘယ်လိုပြောရမလဲ...” ချန်ဟွိုက်အန်က စဉ်းစားဟန်ဖြင့် ခေါင်းကို ယမ်းလိုက်သည်။ “အရသာကတော့ ရှိတာပေါ့။ ဒါပေမဲ့... မင်းနဲ့ ဓားကျောင်းတော်က တပည့်တွေ သိပ်အများကြီး မစားနဲ့ဦး။ ဒါလည်း အာဟာရ မရှိဘူး။ ဒါပေမဲ့ ဒါတွေကို တခြားဂိုဏ်းတွေကို ပြန်ရောင်းလို့ ရတယ်လေ။”
“တခြားဂိုဏ်းတွေကို ရောင်းမယ်။ ဆရာက စီးပွားရေးလုပ်ဖို့ စိတ်ကူးနေတာလား။”
ကမ္ဘာမြေ၏ အရသာများကို မြည်းစမ်းပြီးနောက် လီချင်းရန်က ထိုဝေလုံအစပ်ချောင်းအပေါ် လုံးဝ ယုံကြည်မှု ရှိနေသည်။
“အဲဒီလိုလည်း ပြောလို့ရတယ်...” ချန်ဟွိုက်အန်က တွေးတွေးဆဆ ပြောလိုက်သည်။
အကယ်၍ ထိုအမှိုက်မုန့်များကို ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် လဲလှယ်နိုင်မည်ဆိုလျှင် ဓားကျောင်းတော်အတွက် တကယ့်ကို အမြတ်ကြီးစား ဖြစ်ပေလိမ့်မည်။
သေချာပေါက် ထိပ်တန်းအရင်းအမြစ်များနှင့် လဲနိုင်မည် မဟုတ်သော်လည်း အခြေခံပစ္စည်းများ အတွက် ပုံမှန်ထောက်ပံ့ပေးနိုင်ရုံနှင့်တင် ကြီးမားသော အောင်မြင်မှုပင်။
အဆုံးတွင်မူ ကမ္ဘာငယ်လေးထဲတွင် အခုလောလောဆယ် ဝိညာဉ်ကျောက်တုံးများသာ ရှိသည်။ တခြားဘာမှ မရှိပေ။ အရင်းအမြစ်များက တကယ့်ကို ပြတ်လပ်နေ၏။
“ဒီဝေလုံအစပ်ချောင်းတွေကို ယူသွား။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို အရင်မြည်းကြည့်ခိုင်း။ လင်းရှီးတောင်ကြားနဲ့ အဂ္ဂိရတ်ဂိုဏ်းကိုလည်း ပေးမြည်းကြည့်ဦး။ သူတို့တွေ စိတ်ဝင်စားမှု ဘယ်လောက်ရှိလဲ သိရပြီဆိုရင် ငါတို့ ဈေးနှုန်းသတ်မှတ်မယ်။ ပြီးရင်တော့ ချင်းယွန်ဘုံ တစ်ခုလုံးက ဂိုဏ်းတိုင်းဆီ ဈေးကွက်ချဲ့ထွင်ကြတာပေါ့။”
“နားလည်ပါပြီ။” လီချင်းရန်က ခေါင်းညိတ်ပြီး မေးလိုက်သည်။ “ဆရာ... ဒီအစပ်ချောင်းတွေရဲ့ ထုတ်လုပ်မှု ပမာဏက ဘယ်လောက်ရှိတာလဲ။”
ချန်ဟွိုက်အန် ပြုံးလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်မှ နေရောင်ခြည်ဆီသို့ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ကြေညာလိုက်သည်။
“အကန့်အသတ်မရှိဘူး။ ထာဝရ ထောက်ပံ့ပေးနိုင်တယ်။ ဟဲဟဲဟဲ...”
...
ယောင်ချီမြင့်မြတ်နယ်မြေ၌...
အကျဉ်းထောင် အခန်းအတွင်း အဂ္ဂိရတ်ပညာရှင် တန်ယွင်၏ ဆေးချက်မီးလျှံများမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်သွားသည်။ သူက ကိုယ်တုံးလုံးဖြင့် ဆေးအိုးကြီးကို ပွေ့ဖက်ထားလျက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သော်လည်း မျက်နှာမှာ ရုတ်တရက် ဖြူဖျော့သွားပြီး ပါးစပ်ထောင့်မှ သွေးမည်းအနည်းငယ် စီးကျလာ၏။ သူ၏ အရှိန်အဝါမှာလည်း ယခင်ကထက် သိသိသာသာ အားနည်းသွားသည်။
“ပုံဖော်ကြည့်မှုပေါင်း ၈သောင်းကျော်... နောက်ဆုံးတော့ ဆေးရဲ့ အာနိသင်ကို ပြောင်းပြန်လှန်ဖို့ ငါ ရှာတွေ့သွားပြီ။ ဒါပေမဲ့ ဒီကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးရဲ့ အရှိန်အဝါက မူရင်း ဆေးဖော်စပ်နည်းနဲ့ လုံးဝကွဲပြားနေတယ်။ ယွိယောင်ဆိုတဲ့ မိန်းမက ပေါ့သေးသေး မဟုတ်ဘူး။ သူ သေချာပေါက် သတိထားမိမှာပဲ။ အချိန်သိပ်မကျန်တော့ဘူး။ အခု ဘယ်လိုလုပ်ရမလဲ။”
တန်ယွင်က လက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် မရေရာမှုများ ရိပ်ပြေးသွားသည်။
၎င်းမှာ အဖြေရှာရန် ပထမဆုံးအကြိမ် ကြိုးစားခြင်း မဟုတ်ပေ။
ကြိုးစားမှုတိုင်းက သူ့ကို သေမင်းဆီ ပိုနီးကပ်စေပြီး ကံကြမ္မာကို ဖြတ်တောက်စေခဲ့သည်။
သို့သော် ဘယ်နှစ်ကြိမ် ကြိုးစားစေကာမူ မည်သည့်ရလဒ်မှ ထွက်မလာခဲ့ပေ။
အကယ်၍ ယနေ့ ကြိုးစားမှုကလည်း ကျရှုံးခဲ့လျှင် သူက ပို၍ အန္တရာယ်များသော နည်းလမ်းကို သုံးရန်သာ ရှိတော့သည်။ ၎င်းမှာ ယွိယောင်ကို ဆေးအတင်းတိုက်ရန်ပင်။
ယနေ့ ပုံဖော်ကြည့်မှုက နောက်ထပ် မျှော်လင့်ချက်မဲ့သော ရုန်းကန်မှုတစ်ခု ဖြစ်ဦးမည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် ထိုအချိန်မှာပင် ယခင်က သတ်မှတ်ပြီးသား ကောင်းကင်ကံကြမ္မာ အကြားမှ အပြောင်းအလဲ အစအနလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဝမ်းသာအားရဖြင့် တန်ယွင်၏ အကြည့်များမှာ စူးရှသွားပြီး တွန့်ဆုတ်မနေဘဲ ကျန်ရှိသမျှ အသက်ဓာတ် အနည်းငယ်ကို အသုံးချကာ ထိုဖြစ်နိုင်ခြေကို လှမ်းကြည့်လိုက်သည်။
သို့သော် ထိုပြောင်းလဲမှုကို သိလိုက်ရချိန်မှာတော့ သူ၏အမူအရာက ထူးဆန်းသွားတော့သည်။
“ဝေလုံအစပ်ချောင်းတဲ့လား။ အဲဒါက ဘာကြီးလဲ။”
အဂ္ဂိရတ်ကျင့်ကြံသူတစ်ဦးအနေဖြင့် သူက ဝိညာဉ်ဆေးပင် အမျိုးမျိုးကို ကျွမ်းကျင်သည်ဟု မှတ်ယူထားသည်။ သို့သော် ဝေလုံအစပ်ချောင်းဆိုသည့် အမည်ကို တစ်ခါမှ မကြားဖူးပေ။
လုံးဝကို မှတ်ဉာဏ်ထဲ မရှိခြင်းပင်။
“တန်ယွင်... ဘယ်လိုနေလဲ။”
သခင်မ ယွိယောင်က အကျဉ်းခန်းတံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး တန်ယွင်ကို အေးစက်စွာ ကြည့်လိုက်သည်။
တန်ယွင် ဖြူဖျော့အားနည်းနေသည်ကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ဆိုလိုသည်မှာ တန်ယွင်က ယခု တကယ်ကို ကြောက်လန့်နေပြီဖြစ်သည်။ ကြောက်လန့်နေသော တန်ယွင်ကသာ သူ့အတွက် ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးကို ဖော်စပ်ပေးလိမ့်မည်။
“သိပ်မကောင်းဘူး...” တန်ယွင်က ယွိယောင်ကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြန်ဖြေလိုက်သည်။
“ဘာကို ပြောတာလဲ။ မဖော်စပ်နိုင်ဘူးလို့တော့ မပြောနဲ့။” သခင်မ ယွိယောင်က အနားသို့ တိုးကပ်လာရာ အကြည့်များမှာ စူးရှပြီး အဆိပ်ပြင်းလှသည်။ “တန်ယွင်... နင့်ရဲ့ သမီးလေးက ငါ့လက်ထဲမှာနော်။ တကယ်လို့ နင် ဆေး မဖော်စပ်ပေးရင် ငါ သူ့ကို ကိုယ်တိုင် လူသားဆေးလုံး အဖြစ် ပြောင်းပစ်မယ်။ ငါ မလုပ်ဘူးလို့ မထင်နဲ့။”
“ယွိယောင်... ငါက မဖော်စပ်ပေးတာ မဟုတ်ဘူး။ အန္တိမအဆင့် ကောင်းကင်ဖာထေးဆေးလုံးရဲ့ ဆေးနည်းက သာမန်ဆေးနည်းနဲ့ ကွဲပြားနေလို့ပါ။ ဆေးချက်နေတုန်း ကောင်းကင်နက္ခတ်ကို သုံးပြီး ဆေးနည်းကို ပြုပြင်ရတယ်။ ပျောက်ဆုံးနေတဲ့ ပါဝင်ပစ္စည်း မရှိရင် အဆင့်မြင့်ဆေးလုံးကို မဖော်စပ်နိုင်ဘူး။”
ယွိယောင်၏ တင်းမာသော အမူအရာမှာ အနည်းငယ် ပြေလျော့သွားပြီး မျက်မှောင် ကြုတ်လိုက်သည်။ “ဒါဆို ဘယ်ဆေးပင် ပျောက်နေလဲဆိုတာ သိပြီလား။ ပြောသာပြောလိုက်။ ဘာပဲဖြစ်ဖြစ် ငါ ရှာပေးမယ်။ နင်သာ ငါ့အတွက် အန္တိမအဆင့်ဆေးလုံး ဒါမှမဟုတ် နတ်ဘုရားအဆင့် ဆေးလုံး ဖော်စပ်ပေးနိုင်ရင် နင်နဲ့နင့်သမီးလေး ဘေးကင်းဖို့ ငါ အာမခံတယ်။”
“ဒီနေ့ပဲ ရှာတွေ့ခဲ့တာပါ။” တန်ယွင်က အေးစက်စွာဖြင့် ပြောလိုက်သည်။ “အဲဒီဆေးပင်ရဲ့ နာမည်က... ဝေလုံအစပ်ချောင်းတဲ့။ အဲဒါကို သွားရှာပေးပါ။”
“ဝေ... ဝေလုံအစပ်ချောင်း ဟုတ်လား။” ယွိယောင်၏ နှုတ်ခမ်းထောင့်မှာ တစ်ချက် တွန့်သွား၏။ “သေချာလား။”
အဲဒါက ဘယ်လို ဝိညာဉ်ဆေးပင်မျိုးလဲ။ နာမည်ကလည်း တကယ့်ကို ထူးဆန်းတယ်။
ငါ နှစ်ပေါင်းထောင်ချီ အသက်ရှင်ခဲ့တာတောင် ဒီလိုအရာမျိုးကို တစ်ခါမှ မကြားဖူးဘူး။
“သေချာပါတယ်။” တန်ယွင်က သူ့ကို ဘေးတိုက်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
“ဒါမှမဟုတ် နင် ငါ့ရဲ့အသက်နဲ့ ငါ့သမီးအသက်ကို သုံးပြီးတော့ နောက်ပြောင်နေတယ်လို့ ထင်နေတာလား။”
“...ကောင်းပြီလေ။”
ဝေလုံအစပ်ချောင်းဆိုသည့် နာမည်က မည်သည့်အတွက်ကြောင့် ထူးဆန်းနေရသလဲ ဆိုသည်ကို ယွိယောင် မမေးတော့ပေ။
သူ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ “ဒီမှာ စောင့်နေ။ တစ်ပတ်အတွင်း အဲဒီဝိညာဉ်ဆေးပင်ကို ငါ ရှာပေးမယ်။”
ထိုသို့ပြောပြီးနောက် သူ အခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။
“ဟူး.. အဲဒီ... ဝေလုံအစပ်ချောင်းဆိုတာက...”
တန်ယွင်က အကျဉ်းထောင်၏ ပြတင်းပေါက်ငယ်လေးမှ အပြင်ဘက်ကို ငေးကြည့်ရင်း ရေရွတ်လိုက်မိသည်။
“တကယ်တော့ ဘာကြီးလဲ မသိဘူး...”
...
ဓားကျောင်းတော်၌...
“တုန့်တုန့်တုန့်။ ဒီဆင်မည်းအသင့်စားခေါက်ဆွဲဆိုတဲ့ အရသာထူးက ငါနဲ့ ကံစပ်ထားတာပဲ ဖြစ်ရမယ်။”
“ဟုတ်ပ ဟုတ်ပ။ ဘိုးဘေးက ဘယ်ကနေ ဒီလို ရှားပါးပစ္စည်းတွေ ရလာမှန်း မသိဘူး... ဒီ ကန်းရှီခေါက်ဆွဲ အမဲသားနှပ်အရသာက အမဲသားတစ်စတောင် မပါဘဲနဲ့ အမဲသားအရသာ ပေါက်နေတာ။ ဆန်းကြယ်လိုက်တာ။ ထူးဆန်းတယ်။ ဒါပေမဲ့ တကယ့်ကို အရသာရှိတာပဲ။”
“အသင့်စားခေါက်ဆွဲကတော့ အတော်အသင့်ပဲ။ ငါကတော့ ဒီဝေလုံအစပ်ချောင်းနဲ့ အေးစိမ့်နေတဲ့ ကိုကာကိုလာအအေးကို ပိုကြိုက်တယ်။ လခွမ်းတဲ့မှ... မနက်တိုင်း ဓားမလေ့ကျင့်ခင် ဒါလေးကို တစ်ချောင်းစားပြီး ကိုကာကိုလာတစ်ဗူး သောက်ရရင်တော့ နတ်သက်ကြွေတာထက်တောင် သာဦးမယ်။”
လျိုရှားတောင်ထွတ်တွင် လီချင်းရန်က သူ့ရှေ့တွင် ပျော်ရွှင်နေကြသော မြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်မိသည်။
ဆရာ့၏ မုန့်များက နာမည်ကြီးလိမ့်မည်ဟု သူ မျှော်လင့်ထားသော်လည်း ယခုလိုမျိုး ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
ဓားကျောင်းတော် တပည့်များမှ အကြီးအကဲများအထိ၊ နောက်ဆုံး ဂိုဏ်းချုပ်ကိုယ်တိုင်ပင်။
အစက သံသယဝင်နေသော အကြီးအကဲကျုံးပင် အခုတွင် ချီးကျူးမဆုံးတော့။
ဘိုးဘေးကျောင်းဆောင်က စီနီယာအစ်မလင်းမှာ အစက နှာခေါင်းရှုံ့နေခဲ့၏။
အစပ်ချောင်းကို တစ်ကိုက် စားပြီးနောက်တွင်တော့...
သူက ယခုတွင် ဓားပျံပေါ် ပျံဝဲနေရင်း...
ဘယ်လက်က အစပ်ချောင်း တစ်ထုပ်၊ ညာလက်က ကြက်သားအရသာအစပ် တစ်ထုပ်ကို ကိုင်ပြီး လေထဲတွင် အရသာရှိရှိ စားနေတော့သည်။
ဘာလို့ အောက်ဆင်းမလာတာလဲဆိုတော့... သူက ဂိုဏ်းရဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ စီနီယာ တစ်ယောက်လေ။ ဂျူနီယာတွေ အရှေ့မှာ အခုလို အငမ်းမရ စားနေတာကို အမြင်မခံနိုင်လို့ပေါ့။
“ဒါတွေက... တကယ်ပဲ ဒီလောက် အရသာရှိတာလား။။”
မိုရှုမိန်က လက်ချောင်းကြားမှ ဆီရွဲနေသော အစပ်ချောင်းကို ကြည့်ကာ ကြောင်အနေမိသည်။
သူက လောကအနှံ့ လှည့်လည်ရင်း ထူးဆန်းသောအရာ အများအပြား စားခဲ့ဖူးသည်။
သို့သော် ဘယ်အရာကမှ ထိုမျှလောက်အထိ နက်ရှိုင်းသော အစွဲအလမ်းမျိုး မပေးခဲ့ဖူးပေ။
[ ကောင်မလေး၊ မင်းက အစာဖြတ်နေတာမလား။ မစားနဲ့တော့။ ငါ့ကို တစ်ကိုက်လောက် ပေးစမ်းပါ။ ဟုတ်ပြီလား ]
သူ့ခါးမှ ဝိညာဉ်ချောက်နက် မိစ္ဆာဓားကြီးမှာ အရူးအမူး တုန်ခါနေ၏။
အစပ်ချောင်းနံ့က သူ့ကို ရူးသွပ်စေသည်။
ဓားထဲတွင် ချိပ်ပိတ်ခံထားရသည့် မရေမတွက်နိုင်သော ဝိညာဉ်များက သောင်းကျန်းနေကြပြီး ဆူပူအုံကြွတော့မည့်အလား ဖြစ်နေသည်။
မိုရှုမိန်က နှာခေါင်းရှုံ့လိုက်ပြီး အစပ်ချောင်းကို ဝေးဝေးသို့ ရွှေ့လိုက်သည်။“ရှ၍်က ဓားအ နားအပဲ။ ဘာလို့ စားချင်နေတာလဲ။ ရော့... ဒီ ပလတ်စတစ်ခွံကိုပဲ ဝါးနေလိုက်။”
ထိုအချိန်တွင် ဂိုဏ်းချုပ် စုချီနျန်နှင့် လင်းရှီးတောင်ကြား ဂိုဏ်းချုပ် ယွန်ပိုင်ယွီတို့သည်လည်း အစပ်ချောင်းကို မြည်းစမ်းပြီး ဖြစ်သည်။
လီချင်းရန်က သူတို့၏ အမျိုးမျိုးသော အမူအရာများကို အကဲခတ်နေသော်လည်း တစ်ခုကတော့ ရှင်းလင်းနေသည်။ သူတို့က ဝေလုံအစပ်ချောင်းကို အလွန် ကျေနပ်နေကြခြင်းပင်။
သူ စိတ်ထဲမှ တွေးလိုက်မိသည်။ “ဆရာ့ရဲ့ ရည်ရွယ်ချက်ကို ပြောပြဖို့ အချိန်တန်ပြီ ထင်တယ်။”
...