← Chapters

အခန်း (၁၀၆)

Vol. 11 Ch. 106

အခန်း (၁၀၆)

Vol. 11 Ch. 106

သူ၏ အစ်ကိုယွမ်ဖာ့အား ရှောင်ဖို့ရာအတွက် ယွမ်စစ်က ညီမလေးအား ကော်ဖီဆိုင်သို့ ခေါ်ခဲ့ခြင်းဖြစ်သည်။

သို့သော်ငြား ယခုတွင် ယွမ်ဖာ့က သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ လောဘတကြီးနှင့် နတ်ဆိုးဆန်စွာ ပြုံးပြနေ၏။

အောင်ပွဲခံရမည့် နေ့တစ်နေ့မှာ ရုတ်တရက် ကံဆိုးသောနေ့တစ်နေ့ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတစ်ခေါက် ယွမ်ဖာ့ ထိုကဲ့သို့ ပြုံးခဲ့တုန်းက ယွမ်စစ်မှာ တစ်နှစ်စာ ဝင်ငွေတစ်ဝက်အား ဆုံးရှုံးရခဲ့၏။

ဤမရိုးသားသည့် ရှေ့နေမှာ အလုပ်ကြိုးစားခြင်းမှ ပိုက်ဆံရသည်ဆိုသော အယူအဆကို မကြိုက်ချေ။ ထိုအစား သူက ကြွယ်ဝသောလူများကို တရားဝင် လုယက်ရခြင်းကို သဘောကျပြီး ညတွင်းချင်း ချမ်းသာသွားရသည်ကို သဘောကျ၏။ အထူးသဖြင့် သူက သူ၏ ညီအစ်ကိုများကို လုယက်ရသည်ကို ပိုနှစ်သက်ပြီး ၎င်းတို့၏ အစ်ကိုကြီးယွမ်အောင်းကိုပင် ရှောင်ပြေးစေသည်အထိပေ။

“ကျွတ် ကျွတ်”

ယွမ်ဖာ့ စာချုပ်အား ကောက်ကိုင်ကာ လှန်လောလိုက်ပြီး သူ၏ညစ်ပြုံးကြီးမှာ ပို၍ပင် ပြုံးလာ၏။

“ဘယ်လိုတောင် ဆိုးရွားလိုက်တဲ့ စာချုပ်လဲ မှန်းကြည့်ရအောင် ငါ့ရဲ့အတန်းဖော်ဟောင်း ခရစ်က ရေးပေးခဲ့တာမလား ဥပဒေကျောင်းမှာတုန်းက သူငါ့ကို ဘယ်တော့မှ အနိုင်မယူနိုင်ခဲ့ဘူးလေ သူက ကိစ္စတွေကို ကောင်းကောင်းမတွက်ချက်တတ်ဘူး ပြီးတော့ တားမြစ်ထားတဲ့ အကြောင်းတွေကိုလည်း သိပ်နားမလည်ဘူးလေ သူ့ကို မြန်မြန်အလုပ်ထုတ်ပစ်ဖို့ ငါကတော့ အကြံပေးချင်တယ်”

သူ၏ လက်ကိုင်အိတ်အား ဖွင့်လိုက်ပြီး ယွမ်ဖာ့ ဘောပင်ကို ထုတ်ကာ စာချုပ်ထဲရှိ အဓိကအကြောင်းအရာများအား မျဥ်းတားလိုက်သည်။

“ဒီအပိုဒ်က လူတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို ချိုးဖောက်ထားတယ် မင်းသူ့ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ထားလို့မရဘူး မင်း သူ့ကို ထိရဲရင် ငါမင်းကို ငါကိုယ်တိုင် ထောင်ထဲပို့ပေးမယ် နိုင်ငံခြားကို ရှောင်ပြေးမယ်ဆိုရင်တောင်မှ လွတ်မယ်မထင်နဲ့”

“ဒီတစ်ခုကလည်း မှားနေတယ် ဒီနားမှာ ဘာတွေရေးထားတာလဲ ဒါက ဥပဒေ ချိုးဖောက်တာမှ မဟုတ်တာ ခရစ်ရဲ့ ပါမောက္ခကတော့ သူရေးထားတဲ့ ဒီအမှိုက်ကြီးကိုကြည့်ပြီး နှလုံးရှော့ဖြစ်တော့မှာပဲ”

“ဒီအပိုဒ်ဆိုရင် ရှေ့နောက်မညီနေဘူး”

ဘောပင်မှာ စာမျက်နှာများတစ်လျှောက် ဆက်တိုက်ခြစ်နေပြီး ဗဟုသုတ၏ စွမ်းအားမှာ စာချုပ်ကို ဓါးတစ်ချောင်းကဲ့သို့ အပိုင်းပိုင်းဖြတ်လိုက်သည်။

သူ၏ အတွေးများအား သေချာအောင် တစ်ခဏမျှ အချိန်ယူပြီးနောက် ယွမ်ဖာ့ စစ်ဆေးပြီးသား စာချုပ်ကို ယွမ်စစ်ဆီသို့ ပြန်တွန်းပို့လိုက်သည်။

မတ်မတ်ထိုင်လိုက်ရင်း လက်ချောင်းများအား ယှက်လိုက်ကာ ယွမ်ဖာ့က ယွမ်စစ်ကို ကြည့်လိုက်၏။: “အခု လျော်ကြေးကိစ္စကို ဆွေးနွေးကြရအောင်”

နာရီဝက်ကြာပြီးနောက် ယွမ်ဖာ့ ဘဏ်ငွေလွှဲစာအား စိတ်ကျေနပ်စွာ လက်ခံရရှိိလိုက်သည်။

အလုပ်မလုပ်ဘဲ ပိုက်ဆံရနိုင်သော အလားအလာရှိနေသဖြင့် သူက ပျော်ရွှင်နေခဲ့၏။

ငွေကြေးများစွာ ဆုံးရှုံးခဲ့ရသည့် ယွမ်စစ်၏ အမူအယာမှာမူ မှုန်ကုပ်ကုပ်ဖြစ်နေ၏။ ထိုကုန်ကျစရိတ်အား သူရှောင်လိုက်၍ ရနိုင်သော်ငြား သူက ယွမ်လော့ရီနှင့် စာချုပ်ချုပ်ဖို့ရာ စိတ်အားထက်သန်နေပြီး သူ၏ ညီမလေးနှင့် နီးစပ်လာစေဖို့အတွက်ဆိုလျှင် ထိုအရာမှာ ထိုက်တန်လေသည်။

ယွမ်လော့ရီက မေးလိုက်သည်။ “ဒုတိယအစ်ကို အဲဒီပိုက်ဆံက သမီးကို ပေးသင့်တာ မဟုတ်ဘူးလား”

ယွမ်ဖာ့က ပြော၏။ “မင်းက အခုမှ ဆယ့်တစ်နှစ်ကလေးလေးပဲ ရှိသေးတယ်လေ ပိုက်ဆံတွေ အများကြီးရှိနေရင် ညီမလေး လမ်းလွှဲသွားလိမ့်မယ် ညီမလေး လမ်းလွှဲသွားတာကို ကိုကိုက ကြည့်ရက်ပါ့မလား”

“ ‘ငွေဒင်္ဂါးတစ်ထောင်က ငယ်ရွယ်မှုကို ပြန်မဝယ်နိုင်ဘူး’ ဆိုတဲ့ စကားအတိုင်း ညီမလေး ပိုက်ဆံမရလိုက်ဘူးလို့ ထင်ရပေမဲ့ တကယ်တော့ ကိုကိုမင်းကို မင်းရဲ့ အနာဂတ်အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်မဲ့ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ ချမ်းသာမှုမျိုးကို ပေးခဲ့တာပဲ တစ်နေ့မှာ မင်း ကိုကို့ ကို ကျေးဇူးတင်လာပါလိမ့်မယ်”

“ပြီးတော့ ကိုကို စာချုပ်အတွက် လိုအပ်တဲ့ အသုံးစရိတ်တွေ၊ အခွန်ခတွေရယ် ကိုကို့ရဲ့ လစာရယ် ဖြတ်ဖို့ လိုသေးတယ်လေ ဒါကအချိန်ယူရတဲ့ ကိစ္စပဲ ဒါပေမဲ့ ကျန်တဲ့ပိုက်ဆံတွေကတော့ ညီမလေးကြီးလာတာနဲ့ ညီမလေးအတွက်ပါပဲ”

ဒုတိယအစ်ကိုမှာ အမှန်တကယ်ပင် စကားပြော ကျွမ်းကျင်သူဖြစ်၏။ သူက ဆိုးသွမ်းသည့် အပြုံးမျိုးနှင့် ဖြောင့်မတ်သော အရာများအား ပြောနိုင်ကာ ပြီးပြည့်စုံပြီး ယုတ္တိရှိသည့် စကားဝိုင်းတစ်ခုအား ဖန်တီးလိုက်၏။ ယွမ်လော့ရီ သူနှင့် ဆက်မငြင်းတော့ချေ။

ဒုတိယအစ်ကို၏ မိသားစုဝင်များကို နှစ်ဆတောင်းတတ်သည့် အကျင့်ကို ယွမ်လော့ရီ အမှတ်ရသွားကာ: “ကိုကိုသမီးကို ပုံမှန်စျေးနဲ့ပဲ ယူလိုက်တာမလား”

ယွမ်ဖာ့က တက်ကြွစွာပင် ပြန်ဖြေသည်။ “ဟုတ်တာ‌ပေါ့ ကိုကိုအဲလောက်ထိ ကိုယ်ကျင့်တရား မခေါင်းပါးသေးပါဘူး”

ယွမ်လော့ရီမှာ ထိုစကားအား အလွန်ပင် သံသယရှိ၏။

သူတို့၏ မုန့်နှင့်ကော်ဖီများအား စားသောက်ပြီးနောက် ကော်ဖီဆိုင်မှ အတူတကွ ပြန်ထွက်သွားကြသည်။

သူလိုချင်နေသည့် ရေပူစမ်းဗီလာအား ဝယ်နိုင်တော့မည့် ဖြစ်သဖြင့် ပျော်ရွှင်နေသော ယွမ်ဖာ့မှ အရင်ထွက်သွား၏။

သူ၏ သွေးရင်းညီအစ်ကိုများမှာ ပိုက်ဆံရှာပြီး သူ၏ အိတ်ကပ်ထဲသို့ ထည့်‌ပေးရသည်ကို လွန်စွာကျွမ်းကျင်ကြ၏။ သူတို့ ကလေးတုန်းက သူ့ကို မသတ်ဖို့ သူကိုယ်သူ ထိန်းနိုင်ခဲ့၍​ တော်သေး၏၊ အနာဂတ်အတွက် ထိန်းသိမ်းထားခြင်းမှာ ဖွံ့ဖြိုးတိုးတက်မှု၏ ခါးသီးသော အမှန်တရားပင်။

ထိုအချိန်၌ ယွမ်စစ်က ယွမ်လော့ရီနှင့်အတူ ယွမ်အိမ်တော်သို့ ပြန်လာခဲ့သည်။ သူက အလည်အပတ်ပြန်လာခြင်း ဖြစ်သဖြင့် သူ၏ ညီမလေးနှင့်အတူ ရက်အနည်းငယ်လောက် ကုန်ဆုံးဖို့ရာ ဆုံးဖြတ်လိုက်သည်။

သူ၏ညီမလေးနှင့် နှစ်ယောက်တည်းရှိနေရချိန်မှာ သာယာသဖြင့် သူသာသာယာယာပင် လမ်းလျှောက်နေခဲ့သည်။

ယွမ်လော့ရီက မေးလိုက်၏။ “စတုတ္ထအစ်ကို ဒီနေ့ သမီးကို ကြေညာပေးလို့ ရမလားဟင်”

ယွမ်စစ်က ပြောလိုက်သည်။ “ကိုကို ညီမလေးကို စပြီး ကြေညာပေးနေပါပြီ”

သူခါးကိုင်းလိုက်ပြီး ယွမ်လော့ရီ အနားသို့ အမြန်ချဥ်းကပ်လိုက်ပြီး “ညီမလေးလည်း သိတာပဲ ညီမလေးကို မြန်မြန် မိတ်ဆက်ပေးနိုင်လေလေ လူတွေကို များများပို ကယ်နိုင်လေလေပဲ”

“ဒီကမ္ဘာကြီးမှာ လူနည်းနည်းလေးကပဲ ပျော်ရွှင်နေကြတာ လူတော်တော်များများက ဆိုးဆိုးရွားရွားကို ခံစားနေရပြီးတော့ မွေးကတည်းက လိုက်လျောညီထွေ နေတတ်ဖို့ ဖိအားပေး ခံထားရတယ် အချစ်လည်း မခံရသလို ဘယ်သူကိုမှလည်း မချစ်နိုင်ကြဘူး”

“ဒါပေမဲ့ ညီမလေးမှာ ထူးခြားတဲ့ ဆွဲဆောင်မှု၊ ညင်သာမှုနဲ့ ဖြူစင်မှုတွေ ရှိတယ် မင်းက တခြားသူတွေရဲ့ အမှောင်ထုကို ထွေးပွေ့ပေးချင်ပြီးတော့ နတ်ဘုရားတွေထက် ဒီပျက်စီးနေတဲ့ ကမ္ဘာကြီးကို ပိုပြီးကုစားပေးနိုင်တယ်”

“တစ်နေ့မှာ ညီမလေးက လူတိုင်းကမှီခိုနေရတဲ့ ထောက်တိုင်တစ်ခုဖြစ်လာပြီးတော့ သူတို့ရဲ့ စိတ်ပျက်စရာဘဝကြီးထဲက တစ်ခုတည်းသော အလှတရား ဖြစ်လာလိမ့်မယ်”

စတုတ္ထအစ်ကို၏ ချီးကျူးမှုများမှာ အမြဲတစေ ချိုမြိန်လှသည်။ ယွမ်လော့ရီ အရာတစ်ခုကို ရုတ်တရက် နားလည်လိုက်သည်။

ယွမ်မိသားစုတွင် လွှမ်းမိုးချုပ်ကိုင်မှု၊ အေးစက်မှု၊ သွေးဆာမှုနှင့် အနိုင်ရဖို့အတွက် ဘာမဆိုလုပ်နိုင်သည် ဆိုသော နာမည်ဆိုး တစ်ခုရှိ၏။

စတုတ္ထအစ်ကိုမှာ ကိုယ်ကျင့်တရားမကောင်းသော်ငြား အမှန်တကယ်တွင်တော့ သူက အခြားသူအကျိုးအတွက် လုပ်ပေးနေသေး၏။ သူ၏ နောက်လိုက်များကို သူလှည့်စားထား‌သော်ငြားထိုနောက်လိုက်များမှာ အစက စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီး စတုတ္ထအစ်ကိုနှင့်သာ မတွေ့ဆုံခဲ့လျှင် သူတို့ စောစီးစွာ သေဆုံးသွားနိုင်သည်။

အစ်ကိုတစ်ယောက်အနေနဲ့ ယွမ်အောင်းက သူမကို အကောင်းနှင့်အဆိုးမှာ တိတိကျကျခွဲခြားထားခြင်း မဟုတ်ကြောင်း ပြောပြခဲ့၏။

နောက်နေ့များ၌ ယွမ်လော့ရီက ယွမ်စစ်နှင့် ကောင်းမွန်စွာလိုက်လျောညီထွေဖြစ်ခဲ့၏။ သူ၏ ထိန်းချုပ်လိုစိတ်မှာ သန်မာသော်ငြား ယွမ်လော့ရီက ၎င်းကို မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို သိ၏။

သူမ၏ ပုခုံးများကို သူ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ချိန်တွင် သူမက သူ၏ ရင်ခွင်ကို မှီလိုက်လျှင် စတုတ္ထအစ်ကိုက နူးညံ့သွားမည်ဖြစ်ပြီး အားလျော့သွားမည်ပင်။

တနင်္ဂနွေနေ့ နေ့လယ်ခင်း၌ ယွမ်လော့ရီ ပရိသတ်အသစ်များစွာ ရနေပြီဖြစ်ပြီး သူမ၏ လွှမ်းမိုးမှုမှာလည်း ဆက်တိုက်တိုးနေသည်။

ပရိသတ်အသစ်များက ကြင်နာသည့် နတ်ဘုရားမနှင့် တွေ့ဆုံလိုက်ရခြင်းကြောင့် ကံကောင်းကာ ယုံကြည်ကိုးကွယ်နေကြ၏။

ထိုည၌ ညစာစားပြီးနောက် ယွမ်လော့ရီ ပြင်ဆင်ပြီးသွားပြီပင်။ သူအခြားတစ်ဖက်သို့ သွားရမည်။

သူမ၏ ဒီဘက်အခြမ်းရှိ ဘဝမှာ ပိုပြီး သက်သောင့်သက်သာ ရှိလာလေလေ ယွမ်မိသားစု၏ ကံကြမ္မာ သတ်မှတ်ထားသော သေဆုံးမှုမှာ မပြီးဆုံးသေးသဖြင့် အကျပ်အတည်းအား ပို၍ ခံစားလာရ​ လေလေပင်။ သူမ တကယ့်တရားခံအစစ်ကို ရှာကာ ဒီကမ္ဘာအား ကာကွယ်ရမည်။

“ပြန်ဆုတ်ခြင်းကို အသက်သွင်းပါ”

ယွမ်လော့ရီ ယခင်အချိန်စက်ဝန်းဆီသို့ ပြန်မရောက်သွားခင်အထိ သူမ၏ ခန္ဓာကိုယ်မှာ ကြီးမားသည့် အားကြီးဖြင့် အောက်ဘက်သို့ ဆက်တိုက် ဆွဲငင်ခံခဲ့ရသည်။

မူးဝေနေခြင်းမှ သက်သာသွားချိန်တွင် Van Gogh ပန်းချီကားများနှင့် ပြည့်နှက်နေသည့် နံရံအား ယွမ်လော့ရီ တွေ့လိုက်ရ၏။ ဤသည်မှာ တောင်တန်းပေါ်ရှိ စတုတ္ထအစ်ကို၏ ဗီလာပင်။

“ညီမလေး ဒီလောက်မြန်မြန်ပြန်လာလိမ့်မယ်လို့ ကိုကိုမထင်ထားခဲ့ဘူး”

ရင်းနှီးနေသော အသံမှာ သူမ၏ အနောက်ဘက်မှ ထွက်လာခဲ့ပြီး သူမ၏ ဒုတိယအစ်ကို ယွမ်ဖာ့ကို တွေ့နိုင်ဖို့ရာအတွက် ယွမ်လော့ရီ အနောက်ဘက်သို့ လှည့်လိုက်သည်။

အလွန်ပင်ကွာခြားနေသည့် ပုံစံမှာ ယွမ်လော့ရီကို စိတ်မသက်မသာဖြစ်စေ၏။ အခြားတစ်ဖက်ရှိ ယွမ်ဖာ့က ပျော်ရွှင်ကာ လွတ်လွတ်လပ်လပ်ရှိသော်ငြား ယခု ယွမ်ဖာ့မှာမူ နာကျင်နေကာ အလွန်ပင် အားနည်းနေသည်။

သူ၏ မျက်ခုံးများမှာ ကြုတ်နေပြီး ခေါင်းပိုကိုက်လာခြင်းမှာ သူ့ကို ပို၍ ရှင်းရှင်းလင်းလင်းမတွေးနိုင် ဖြစ်စေသဖြင့် သူ၏ နားထင်အား ပွတ်သပ်နေသည်။ အစ်ကိုကြီး မသေခင်ခံစားခဲ့ရသော အရာများကို သူခံစားနေရလေသည်။

ကိုယ်ကိုယ်တိုင်က ပျက်စီးယိုယွင်းလာသည်ကို သိနေသော်ငြား မရပ်တန့်နိုင်ချေ။

ပျက်စီးနေသည့် စက်ကဲ့သို့ပင် အပြင်ပိုင်းတွင် လည်ပတ်နေသေးသော်ငြား အတွင်းဘက်ရှိ ဂီယာများမှာ ပျက်စီးနေပြီး အဓိကအပိုင်းက ပျက်စီးကာ မလှုပ်ရှားနိုင် ဖြစ်သွားသည်အထိ လှုပ်ရှားနေဦးမည်ပင်။

နာကျင်မှုအား လျစ်လျူရှုကာ သူ၏ ညီမလေးအရှေ့၌ ယွမ်ဖာ့ သူ၏ ကျော့ရှင်းသော ပုံစံအား ထိန်းထားဆဲဖြစ်ကာ လူသားဆန်သည့် ပုံစံရှိနေဆဲဖြစ်၏။ သူက ယဥ်ကျေးစွာဖြင့် ဦး​ညွှတ်လိုက်ပြီး သူ၏ လက်အား ကမ်းပေးလိုက်သည်။

“ကိုကိုရဲ့ ညီမလေး ပြန်လာတာကို ကြိုဆိုပါတယ်”

“ဒီရက်အတွင်းမှာ ကိုကိုတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အလုပ်ဖြစ်သွားပြီ”

“ကိုကိုတို့ ညီမလေးရဲ့ အရိုးပြာ ဘယ်မှာရှိလဲဆိုတာကို သိသွားပြီ”

All Chapters