← Chapters

အခန်း (၁၀၇)

Vol. 11 Ch. 107

အခန်း (၁၀၇)

Vol. 11 Ch. 107

‎ယွမ်ဖာ့၏ နောက်သို့ လိုက်၍ အခန်းထဲဝင်ရောက်လာသော ယွမ်လော့ရီက တတိယအစ်ကိုဖြစ်သူ ယွမ်ရုံနှင့် စတုတ္ထအစ်ကိုဖြစ်သူ ယွမ်စစ်တို့ လက်နက်များ အသင့်ပြင်ဆင် နေကြသည်ကို တွေ့လိုက်ရ၏။

‎

‎"အားလုံးပဲ... ညီမလေး ပြန်ရောက်ပြီ" ယွမ်ဖာ့က ပြောလိုက်သည်။

‎

‎ညီအစ်ကိုနှစ်ဦးစလုံး၏ မျက်လုံးများ ယွမ်လော့ရီဘက်သို့ လှည့်လာကြပြီး ယခင်က မှိုင်းမှိုင်းမှုံမှုံဖြစ်နေသော သူတို့၏ အကြည့်များမှာ အနည်းငယ် တောက်ပလာ၏။

‎

‎သူတို့၏ညီမလေးကို စောင့်ဆိုင်းရခြင်းမှာ သွေးချင်း ညီအစ်ကိုများ အတူငြိမ်းချမ်းစွာ နေထိုင်ရန် ဖိအားပေးခံထားရသဖြင့် နှိပ်စက်မှုတစ်ရပ်ကဲ့သို့ ဖြစ်ခဲ့ရသည်။

‎

‎ယွမ်စစ်မှာ အဆိုးရွားဆုံး ခံစားခဲ့ရသူပင်၊ အခြားညီအစ်ကိုနှစ်ဦးက သူ၏နယ်မြေကို ကျူးကျော်ဝင်ရောက်လာပြီး သူ၏အစားအစာများကို စားသောက်၊ သူ၏ပစ္စည်းများကို အသုံးပြုကာ သူ့အား အမိန့်ပေးစေခိုင်းခြင်းများ ပြုလုပ်ခဲ့ကြ၏။ နေ့စဉ်၊ သူတို့အား သတ်ပစ်လိုသော ဆန္ဒကို သုံးကြိမ်ထက်မနည်း ထိန်းချုပ်ခဲ့ရသည်။

‎

‎ယွမ်ရုံမှာလည်း စိတ်ပျက်အားငယ်ခဲ့ရသူပင်။ အိမ်မှ အလွန်စောစီးစွာ ထွက်ခွာခဲ့ရပြီး သူ၏သွေးချင်းများနှင့် အချိန်အနည်းငယ်သာ ကုန်ဆုံးခဲ့ရသည်။

‎

‎ယခင်က သူ၏ညီငယ် ယွမ်စစ်၏ စရိုက်လက္ခဏာကို သူ နားမလည်ခဲ့သော်လည်း ယခုအခါတွင်မူ ယွမ်မိသားစုအတွင်း ညီငယ်များကို အစ်ကိုကြီးများက အဘယ်ကြောင့် အမြဲလိုလို သတ်ပစ်ချင်ခဲ့သည်ကို ကောင်းစွာ နားလည်သွားခဲ့၏။

‎

‎"ဘယ်ကို သွားကြမလို့လဲ" ယွမ်လော့ရီက မေးလိုက်သည်။

‎

‎ယွမ်ဖာ့ကပြန် ပြော၏။"ကိုကိုတို့ ယွမ်ကျွင်းဆီကို သွားမယ် ညီမလေးရဲ့ အရိုးပြာတွေကို သူယူသွားတာလို့ ကိုကို စုံစမ်းရင်း သိခဲ့ရတယ်"

‎

‎စကားပြောသည်နှင့်တစ်ပြိုင်နက် ယွမ်ဖာ့၏ အတွင်းစိတ်တွင် ဒေါသမီးတောက်လောင်လာသည်။

‎

‎ယွမ်ညီအစ်ကို ငါးဦးအနက် ယွမ်ကျွင်းမှာ အမြဲတစေ နာခံမှုမရှိသူဖြစ်ပြီး ယွမ်လော့ရီ၏ သေဆုံးမှုကိုလည်း သီးသန့် စုံစမ်းစစ်ဆေးခဲ့သူပင်။

‎

‎သူ၏ အရိုးပြာများကို ခိုးယူခြင်းလုပ်ရပ်က ဒုတိယအစ်ကို ယွမ်ဖာ့အား သူတို့၏ညီမငယ် သေဆုံးသွားခြင်းမှာ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်ပြီး သူတို့၏အစ်ကိုကြီးက သူမကို သတ်ဖြတ်ခဲ့ခြင်းဟု လမ်းလွဲယုံကြည်စေရန် ရည်ရွယ်ခဲ့သည်။

‎

‎

‎ယွမ်ဖာ့က ဆက်လက်ပြောကြား၏။

‎

‎

‎"သူက အလောင်းတွေကိုပဲ အမြဲ စိတ်ဝင်စားတဲ့ကောင်လေ… ညီမလေးကို သူက သူ့ရဲ့အချစ်ဆုံး ပြခန်းထဲက ပစ္စည်းတစ်ခုအနေနဲ့ ပြထားခဲ့တာ၊ ဒီနေ့ အစ်ကို သူ့ဆီ ဖုန်းဆက်တော့မှ ညီမလေးရဲ့ အရိုးပြာတွေကို သူ တစ်ခုခု လုပ်ထားမှန်း သိလိုက်ရတာပဲ၊ ထူးခြားတာတွေ တွေခဲ့တယ်လို့လည်း ပြောပြတော့ သူ အစ်ကိုတို့နဲ့ တွေ့ဖို့ လိုအပ်နေပြီ"

‎

‎သူမ၏ကိုယ်ပိုင် အရိုးပြာများကို ပဉ္စမအစ်ကိုဖြစ်သူက စုဆောင်းပြီး တစ်စုံတစ်ရာ လုပ်ဆောင်ထားကြောင်းကို ကြားလိုက်ရခြင်းမှာ ထူးဆန်းလှသည်။

‎

‎ပဉ္စမအစ်ကိုဖြစ်သူမှာ ဖြူဖွေးသောအရိုးများကို ဖျားနာသူကဲ့သို့ပင် ရူးသွပ်လုနီးပါး ရယ်မောပြီး ပွေ့ဖက်ထားသည့် မြင်ကွင်းကို ယွမ်လော့ရီမှတ်မိနေဆဲပင်။

‎

‎တစ်နည်းအားဖြင့် ပဉ္စမအစ်ကိုမှာ အမှန်စင်စစ် ကြောက်မက်ဖွယ်ကောင်းလှသည်...

‎

‎ယွမ်လော့ရီက သူမ၏အစ်ကိုများ လက်နက်များကို အဆင်သင့်ပြင်ဆင်နေချိန်တွင် ထမင်းစားလိုက်၏။

‎

‎အရာအားလုံး အဆင်သင့်ဖြစ်သောအခါ သူတို့ ထွက်ခွာသွားကြသည်။ ညသန်းခေါင်အချိန်ဖြစ်ပြီး ကောင်းကင်တွင် လပြည့်ဝန်းကြီး တစ်ခုတည်းသာ ထွန်းပြောင်နေကာ အေးစက်သောလေတို့ တိုက်ခတ်နေ၏။ ယွမ်လော့ရီမှာ အအေးဒဏ်ကြောင့် တုန်ယင်သွားသည်။

‎

‎ဒုတိယအစ်ကိုဖြစ်သူ ယွမ်ဖာ့က သတိပြုမိပြီး သူ၏လေကာအင်္ကျီကို ချွတ်ကာ ယွမ်လော့ရီအား ဝတ်ဆင်ပေးလိုက်၏။

‎

‎"အအေးမမိစေနဲ့"

ယွမ်ဖာ့က ပြော‌လေသည်။

‎

‎"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒုတိယအစ်ကိုရော မအေးဘူးလား"

ယွမ်လော့ရီက ပြန်မေး၏။

‎

‎"အစ်ကိုက မအေးပါဘူး" ယွမ်ဖာ့က ပြန်ဖြေသည်။

‎

‎သူတို့၏ အစ်ကိုကြီးဖြစ်သူ မောင်နှမများကို ဂရုစိုက်‌ပေးခဲ့သည့် အခြေအနေလောက်ထိ မရောက်ရှိနိုင်သော်လည်း သူ၏ညီမငယ်အား ကောင်းစွာစားသောက်ပြီး သက်တောင့်သက်သာရှိစေရန် သေချာစေခြင်းမှာ သူလုပ်ဆောင်နိုင်သော အရာတစ်ခုပင်။

‎

‎ကားတစ်စီး ချဉ်းကပ်လာပြီး သူတို့အားလုံး ကားပေါ်သို့ တက်လိုက်ကြသည်။ ကျဉ်းမြောင်းသောနေရာတွင် အစ်ကိုများက တစ်ဦးကိုတစ်ဦး တွန်းထုတ်နေကြပြီး လူသတ်လိုသော ဆန္ဒများ ရူးသွပ်လုနီးပါး ပျံ့နှံ့နေ၏...

‎

‎နာရီအနည်းငယ်ကြာပြီးနောက် ကားသည် တက္ကသိုလ်တစ်ခု၏ ဝင်ပေါက်တွင် ရပ်တန့်သွား၏။ ယွမ်ရွေ့(ယွမ်ကျွင်း)မှာမူ လမ်းဘေးတွင် ရပ်နေပြီး ရွှေရောင်အနားကွပ်ထားသော မျက်မှန်ကို တပ်ဆင်ထားကာ သူ၏လက်များကို အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံ၏ အိတ်ကပ်ထဲသို့ ထည့်ထားလျက် သူတို့အား ကြိုဆိုရန် ရောက်ရှိနေသည်။

‎

‎နွေရာသီ ကျောင်းပိတ်ရက်ဖြစ်သောကြောင့် ကျောင်းသားအများစု အိမ်ပြန်သွားကြသဖြင့် နေအိမ် အဆောင်များမှာ မှောင်မိုက်နေပြီး အခန်းအနည်းငယ်သာ မီးလင်းနေသည်။ ၎င်းတို့မှာ ဘွဲ့လွန်ကျောင်းဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်နေသူ ကျောင်းသားများ ဖြစ်နိုင်ဖွယ်ရှိ၏။

‎

‎တတိယအစ်ကိုဖြစ်သူ ယွမ်ရုံသည် ကားပေါ်မှ ပထမဆုံး ဆင်းလာသူဖြစ်ပြီး ကြီးမားသော သားရဲတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာ ချဉ်းကပ်လာသည်။ သူ၏ဓားရှည်မှာ လရောင်အောက်တွင် အေးစက်စွာ တောက်ပနေပြီး သူ၏မျက်လုံးများက ယွမ်ကျွင်းအား စိုက်ကြည့်နေ၏။

‎

‎အေးစက်သော လူသတ်လိုစိတ်က သူတို့အပေါ် ဖိအားပေးနေသည်။

‎

‎ယွမ်ကျွင်းက လက်နက်ချသောပုံစံဖြင့် လက်နှစ်ဖက်စလုံးကို မြှောက်တင်လိုက်၏။ "တတိယအစ်ကို၊ ဓားကို အရင် ချလိုက်ပါ ညီမလေးရဲ့ အရိုးပြာတွေကို အားလုံးကို မပြောဘဲ ယူသွားမိတဲ့အတွက် တောင်းပန်ပါတယ် ၊ ငါ့ အမှားပါ"

‎

‎ဒုတိယအစ်ကိုဖြစ်သူ ယွမ်ဖာ့လည်း ကားပေါ်မှ ဆင်းလာသည်။ သူ၏သေနတ်တွင် ကျည်ဆန်ထည့်ပြီးသားပင်။

‎

‎စတုတ္ထအစ်ကိုဖြစ်သူ ယွမ်စစ်ကမူ သူ၏လက်ထဲတွင် ဓားမြှောင်တိုတစ်ချောင်းကို ပေါ့ပေါ့တန်တန် ဆော့ကစားနေ၏။

‎

‎လူ့ဉာဏ်ရည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခြင်း၏ တန်ဖိုးမှာ ယွမ်ကျွင်း၏ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်က သာမန်လူများထက် နိမ့်ကျနေခြင်းပင်ဖြစ်သည်။ သူ၏အစ်ကိုအားလုံးက သူ့ကို သတ်ချင်နေကြသောကြောင့် ယွမ်မိသားစု ပြန်လည်ဆုံစည်းသွားဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

‎

‎သူက အလျင်အမြန် ထပ်မံပြောဆိုသည်။ "ငါ့မှာ ဘာလက်နက်မှ မရှိပါဘူး မင်းတို့ အခု ငါ့ကို သတ်လိုက်ရင် ငါ့လို ထူးချွန်တဲ့ ဦးနှောက် ပိုင်ရှင်ကို ဘယ်နေရာမှာ သွားရှာကြမလဲ"

‎

‎ယွမ်ဖာ့က သူ၏ဒေါသကို ထိန်းချုပ်ကာ ရှေ့သို့ ချဉ်းကပ်သွား၏။ သူသည် ခရီးတစ်လျှောက်လုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ရသူပင်။

‎

‎မဆင်မခြင် မလုပ်နဲ့။ မင်းရဲ့ညီအစ်ကိုကို မသတ်နဲ့။ အခု အရေးအကြီးဆုံးက တကယ့်တရားခံကို ရှာဖွေဖို့ပဲ။

‎

‎ကြောက်မက်ဖွယ် ဒုတိယအစ်ကိုနှင့် ရင်ဆိုင်ရသောအခါ ယွမ်ကျွင်းမှာ သူ၏ကံကြမ္မာကို ရင်ဆိုင်ရန် မှတစ်ပါး အခြားရွေးချယ်စရာ မရှိ‌တော့သကဲ့သို့ တိတ်ဆိတ်သွားသည်။ သူက ဆက်ပြော၏။ "ဒုတိယအစ်ကို၊ အရင်က ရှိဖူးတဲ့ သံယောဇဉ်တွေကို ထောက်ထားပြီး ငါ့ခေါင်းကိုတော့ မထိပါနဲ့"

‎

‎ထိုသို့ပြောလိုက်သည်နှင့် ယွမ်ဖာ့၏ သေနတ် ဇောင်းက ယွမ်ကျွင်း၏ ကျောပြင်ကို အကြမ်းဖက်စွာ ရိုက်နှက်လိုက်၏။

‎

‎"အဟွတ် အဟွတ်"

‎

‎ယွမ်ကျွင်းမှာ နာကျင်စွာ ချောင်းဆိုးရင်း နံရံကို လက်တစ်ဖက်ဖြင့် ထောက်ထားလိုက်သည်။ သူ၏အဆုတ်များ ပြုတ်ထွက်တော့မလိုပင် ခံစားရ၏။

‎

‎ညီအစ်ကို ငါးဦးအနက် သူသည် ဓာတ်ခွဲခန်းတွင် အချိန်အများဆုံး နေထိုင်သူဖြစ်သောကြောင့် ခန္ဓာကိုယ် ခိုင်မာမှုအနည်းဆုံးသူဖြစ်၏။ ထိုသို့သော ရုတ်တရက် ထိုးနှက်မှုကို ခံလိုက်ရသောအခါ သူ၏ညီမငယ်ကဲ့သို့ပင် နူးညံ့သိမ်မွေ့သူဟု ခံစားလိုက်ရသည်။

‎

‎သို့သော် ကံဆိုးချင်တော့ သူ၏အစ်ကိုများက သူခံနိုင်ရည်ရှိမရှိကို ဂရုမစိုက်ကြပေ။

‎

‎ယွမ်စစ်သည်လည်း ချဉ်းကပ်လာပြီး ယွမ်ကျွင်းအား တန်ဖိုးပြန်ပေးဆပ်စေလိုသော ပုံပေါက်နေ၏။

‎

‎"စတုတ္ထအစ်ကို၊ မင်းထပ်ပြီး နီးမလာရင် အကောင်းဆုံးပဲလို့ ငါ လေးလေးနက်နက် သတိပေးတယ် မဟုတ်ရင် တစ်ယောက်ယောက် သေသွားလိမ့်မယ်" ယွမ်ကျွင်းက ဒေါသဖြင့် ပြောဆိုလိုက်သည်။

‎

‎ယွမ်စစ်က အေးစက်စွာ လှောင်ပြောင်လိုက်၏။ "မင်း က ငါ့ကို သတ်ချင်သေးတာလား"

‎

‎"မဟုတ်ဘူး၊ ငါ ထပ် ရိုက်ခံရရင် သေသွားမှာ ၊ သေချာတယ်"

‎

‎ယွမ်လော့ရီလည်း ကားပေါ်မှ ဆင်းလာပြီး ပြေးလာ၏။ ယွမ်ကျွင်းက သူမကို မြင်လိုက်ရသောအခါ လူသတ်လိုသော သူ၏အစ်ကိုများကို လျစ်လျူရှုကာ ယွမ်လော့ရီဆီသို့ တိုက်ရိုက်သွားလိုက်သည်။

‎

‎"ဝါး... ဒါက ငါတို့ရဲ့ ၁၁ နှစ်အရွယ် ညီမလေး တကယ်"

‎

‎သူသည် ယွမ်လော့ရီ၏ လက်သေးသေးလေးကို ဆွဲကိုင်လိုက်ပြီး အရုပ်တစ်ရုပ်နှင့် ဝက်ဝံရုပ်ကခုန်နေသကဲ့သို့ သူမကို မှင်တက်စွာ စိုက်ကြည့်ရင်း လှည့်ပတ်လိုက်သည်။

‎

‎"ညီမလေးရဲ့ ပုံပန်းသဏ္ဌာန်နဲ့ အသေးစိတ်တွေက အစ အကုန် ကိုက်ညီနေတာပဲ အတူတူပဲ ဒါ သဘာဝတရားကြီးရဲ့ လက်ရာမြောက်မှုပဲ"

‎

‎ယွမ်လော့ရီမှာ အနည်းငယ် ရှုပ်ထွေးသွား၏။ အခြားသောအစ်ကိုများက ပြောင်းလဲသွားကြသော်လည်း ပဉ္စမအစ်ကိုမှာမူ ယခင်အတိုင်းပင် ရှိနေဆဲဖြစ်သည်။

‎

‎ယွမ်ကျွင်းက ယွမ်လော့ရီအား တင်းကျပ်စွာပွေ့ဖက်လိုက်၏ ။ " ညီမလေး သေသွားပြီး နောက် ညီမလေးရဲ့ အရိုးပြာတွေက ကိုကို့ရုံးခန်းထဲမှာ ရှိနေပေမဲ့ ညီမလေး အသက်ရှင်နေတာကိုတော့ ကိုကို တကယ် လွမ်းနေခဲ့တာ"

‎

‎သူက ယွမ်လော့ရီအား အမြန် လွှတ်ပေးလိုက်ပြီး အကွာအဝေးကို ထိန်းသိမ်းလိုက်သည်။

‎

‎"ကောင်းပြီ၊ပွေ့ဖက်တာ သုံးစက္ကန့်ကျော်သွားပြီ ညီမလေးအပေါ် ကိုကို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသဖို့ လုံလောက်တဲ့ အချိန်ပဲ ကိုကိုက အသက်ရှင်နေတဲ့ လူတွေနဲ့ မတည့်မှန်း ညီမလေး သိတယ်မလား ဒါက ကိုကို့ရဲ့ အကန့်အသတ်ပဲ"

‎

‎ကြီးမားသော လက်တစ်ဖက်က ရုတ်တရက် ထွက်လာပြီး ယွမ်ကျွင်း၏ ကော်လာကို ဆုပ်ကိုင်လိုက်သည်။ ယွမ်ဖာ့က သူ့ကို လူသတ်လိုစိတ်ဖြင့် စိုက်ကြည့်လိုက်၏။ " အရမ်းထိမိနေတဲ့ ပြန်ဆုံစည်းမှုလေးပဲ၊ တော်သင့်ပြီ မင်း အရိုးပြာတွေ ဘာလို့ခိုးရတာလဲ ဆိုတာ အကျိုးအကြောင်း ဆီလျှော်တဲ့ ဖြေရှင်းချက် မပေးနိုင်လို့ကတော့"

‎

‎သေနတ်၏ အေးစက်သော ပြောင်းဝက ယွမ်ကျွင်း၏ နဖူးကို ဖိထားသည်။ ယွမ်ဖာ့က "မင်းရဲ့ ဒီ အရေးအကြောင်းတွေ ဖြစ်နေတဲ့ ထူးချွန်တဲ့ ဦးနှောက်ကို ကျည်ဆန်တစ်တောင့်နဲ့ ထိုးဖောက်ပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် လုပ်ပစ်မယ် နားလည်လား"

‎

‎ယွမ်ကျွင်းမှာမူ တောင့်တင်းသွားပြီး "နားလည်ပါတယ်..." ဟုသာ ပြန်ပြောလိုက်သည်။

‎

‎ယွမ်ဖာ့က သူ့ကို လွှတ်ပေးလိုက်၏။

‎

‎ယွမ်ကျွင်းက ချက်ချင်းပင် စိတ်ဓာတ်ကျခြင်းမှ ပြန်လည်ရုန်းထလာပြီး ယွမ်လော့ရီအား ပျော်ရွှင်စွာ ကြည့်ရှုလိုက်သည်။ "ဗိုက်ဆာနေလား ကိုကို ခေါက်ဆွဲခြောက် နည်းနည်း ပြုတ်ထားတယ် အခုဆို အဆင်သင့်ဖြစ်နေလောက်ပြီ ကိုကိုတို့ ဝေစားကြမယ်"

‎

‎စကားပြောဆိုမှုမှာ ရုတ်တရက် ပြောင်းလဲသွားသဖြင့် ယွမ်လော့ရီ ခဏတာ မည်သို့ပြန်လည်ဖြေကြားရမည်ကို မသိတော့ပေ။

‎

‎ယွမ်စစ်က ဒေါသဖြင့် ယွမ်ကျွင်းအား တွန်းလိုက်၏။ " မြန်မြန်သာ ရှေ့ကသွားစမ်းပါ ညီမလေးက ငါ့အိမ်မှာ စားပြီးသွားပြီ"

‎

‎ရွေးချယ်စရာမရှိသဖြင့် ယွမ်ကျွင်းမှာ ရှေ့ဆက်သာ သွားရသည်။ သူ၏ရုံးခန်းမှာ အမြင့်ဆုံးအထပ်တွင် ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ဓာတ်ခွဲခန်းများရှိ မီးများအားလုံး လင်းထိန်နေကြ၏။

‎

‎"ကျောင်းက မင်းကို ဘာလို့ ဓာတ်ခွဲခန်း အများကြီး ဖွင့်ခွင့် ပေးထားတာလဲ" ယွမ်စစ်က မေးခွန်းထုတ်လိုက်သည်။

‎

‎ယွမ်ကျွင်းက သက်ပြင်းချကာ ပြန်ဖြေ၏။ "အင်း... လောကဓမ္မတာပေါ့"

‎

‎"မင်းက 'လောကဓမ္မတာ' ရဲ့ အဓိပ္ပာယ်ကို တကယ် နားလည်တာလား" ယွမ်စစ်က ဆက်လက်မေးမြန်းလိုက်သည်။

‎

‎ရုံးခန်းတံခါး ပွင့်သွားပြီး ယွမ်ကျွင်းက အရင်ဆုံး ဝင်ရောက်သွား၏။ နံရံများအားလုံးကို စာအုပ်စင်များအဖြစ် ပြောင်းလဲထားပြီး အမျိုးမျိုးသော ဖိုင်များနှင့် စာအုပ်များ ပုံထားသည်။ ကြားနေရာများတွင် အရိုးနမူနာများကို ပြသထား၏။

‎

‎အကြီးဆုံး နမူနာမှာ မျက်နှာကျက်မှ ဆွဲထားသော ဝေလငါး အရိုးစုပင်၊ —၎င်း၏ ဦးခေါင်းခွံ၊ ကျောရိုး၊ နံရိုးများနှင့် အမြီးရှည်တို့သည် ရုံးခန်းတစ်ခုလုံးကို ဖြန့်ကျက်ထားပြီး အမှန်စင်စစ် ထိတ်လန့်ဖွယ် မြင်ကွင်းကို တင်ဆက်နေသည်။ ယွမ်လော့ရီ အသက်ရှင်စဉ်က ပင်လယ်ထဲတွင် ထိုကြီးမားသော သားရဲကြီး ရုန်းရင်းဆန်ခတ် လုပ်နေသည်ကို စိတ်ကူးယဉ်ဖူးသည်။

‎

‎ယွမ်ရုံက ကျည်ကာမှန်ဗီရိုတစ်ခုဆီသို့ လျှောက်သွားပြီး အဝိုင်းပုံ၊ ရေကဲ့သို့ ကြည်လင်သော သေတ္တာတစ်လုံးကို ထုတ်ယူကာ သူ့လက်ထဲတွင် ပွေ့ဖက်ထားရင်း ရေရွတ်လိုက်သည်။ "ညီမလေး၊ ဒါ ညီမလေးရဲ့ အရိုးပြာတွေ"

‎

‎ထို့နောက် သူသည် ဆံပင်တစ်ချောင်းပါသည့် အလုံပိတ်အိတ်တစ်လုံးကို ထုတ်ပြလိုက်၏။ "ပြီးတော့ ဒါက အစ်ကိုတို့ အမေရဲ့ အလောင်းနားမှာ တကယ့်တရားခံ ချန်ခဲ့တဲ့ ဆံပင် ၊ ကွယ်လွန်သွားတဲ့ အစ်ကိုကြီး က ပေးခဲ့တာ"

‎

‎" ဒါတွေကို သေချာ ခွဲခြမ်း စိတ်ဖြာပြီးတော့ ကိုကို အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခု တွေ့ခဲ့ရတယ်..."

‎

All Chapters