အခန်း (၁၀၇)
Vol. 11 Ch. 107
ယွမ်ဖာ့၏ နောက်သို့ လိုက်၍ အခန်းထဲဝင်ရောက်လာသော ယွမ်လော့ရီက တတိယအစ်ကိုဖြစ်သူ ယွမ်ရုံနှင့် စတုတ္ထအစ်ကိုဖြစ်သူ ယွမ်စစ်တို့ လက်နက်များ အသင့်ပြင်ဆင် နေကြသည်ကို တွေ့လိုက်ရ၏။
"အားလုံးပဲ... ညီမလေး ပြန်ရောက်ပြီ" ယွမ်ဖာ့က ပြောလိုက်သည်။
ညီအစ်ကိုနှစ်ဦးစလုံး၏ မျက်လုံးများ ယွမ်လော့ရီဘက်သို့ လှည့်လာကြပြီး ယခင်က မှိုင်းမှိုင်းမှုံမှုံဖြစ်နေသော သူတို့၏ အကြည့်များမှာ အနည်းငယ် တောက်ပလာ၏။
သူတို့၏ညီမလေးကို စောင့်ဆိုင်းရခြင်းမှာ သွေးချင်း ညီအစ်ကိုများ အတူငြိမ်းချမ်းစွာ နေထိုင်ရန် ဖိအားပေးခံထားရသဖြင့် နှိပ်စက်မှုတစ်ရပ်ကဲ့သို့ ဖြစ်ခဲ့ရသည်။
ယွမ်စစ်မှာ အဆိုးရွားဆုံး ခံစားခဲ့ရသူပင်၊ အခြားညီအစ်ကိုနှစ်ဦးက သူ၏နယ်မြေကို ကျူးကျော်ဝင်ရောက်လာပြီး သူ၏အစားအစာများကို စားသောက်၊ သူ၏ပစ္စည်းများကို အသုံးပြုကာ သူ့အား အမိန့်ပေးစေခိုင်းခြင်းများ ပြုလုပ်ခဲ့ကြ၏။ နေ့စဉ်၊ သူတို့အား သတ်ပစ်လိုသော ဆန္ဒကို သုံးကြိမ်ထက်မနည်း ထိန်းချုပ်ခဲ့ရသည်။
ယွမ်ရုံမှာလည်း စိတ်ပျက်အားငယ်ခဲ့ရသူပင်။ အိမ်မှ အလွန်စောစီးစွာ ထွက်ခွာခဲ့ရပြီး သူ၏သွေးချင်းများနှင့် အချိန်အနည်းငယ်သာ ကုန်ဆုံးခဲ့ရသည်။
ယခင်က သူ၏ညီငယ် ယွမ်စစ်၏ စရိုက်လက္ခဏာကို သူ နားမလည်ခဲ့သော်လည်း ယခုအခါတွင်မူ ယွမ်မိသားစုအတွင်း ညီငယ်များကို အစ်ကိုကြီးများက အဘယ်ကြောင့် အမြဲလိုလို သတ်ပစ်ချင်ခဲ့သည်ကို ကောင်းစွာ နားလည်သွားခဲ့၏။
"ဘယ်ကို သွားကြမလို့လဲ" ယွမ်လော့ရီက မေးလိုက်သည်။
ယွမ်ဖာ့ကပြန် ပြော၏။"ကိုကိုတို့ ယွမ်ကျွင်းဆီကို သွားမယ် ညီမလေးရဲ့ အရိုးပြာတွေကို သူယူသွားတာလို့ ကိုကို စုံစမ်းရင်း သိခဲ့ရတယ်"
စကားပြောသည်နှင့်တစ်ပြိုင်နက် ယွမ်ဖာ့၏ အတွင်းစိတ်တွင် ဒေါသမီးတောက်လောင်လာသည်။
ယွမ်ညီအစ်ကို ငါးဦးအနက် ယွမ်ကျွင်းမှာ အမြဲတစေ နာခံမှုမရှိသူဖြစ်ပြီး ယွမ်လော့ရီ၏ သေဆုံးမှုကိုလည်း သီးသန့် စုံစမ်းစစ်ဆေးခဲ့သူပင်။
သူ၏ အရိုးပြာများကို ခိုးယူခြင်းလုပ်ရပ်က ဒုတိယအစ်ကို ယွမ်ဖာ့အား သူတို့၏ညီမငယ် သေဆုံးသွားခြင်းမှာ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်ပြီး သူတို့၏အစ်ကိုကြီးက သူမကို သတ်ဖြတ်ခဲ့ခြင်းဟု လမ်းလွဲယုံကြည်စေရန် ရည်ရွယ်ခဲ့သည်။
ယွမ်ဖာ့က ဆက်လက်ပြောကြား၏။
"သူက အလောင်းတွေကိုပဲ အမြဲ စိတ်ဝင်စားတဲ့ကောင်လေ… ညီမလေးကို သူက သူ့ရဲ့အချစ်ဆုံး ပြခန်းထဲက ပစ္စည်းတစ်ခုအနေနဲ့ ပြထားခဲ့တာ၊ ဒီနေ့ အစ်ကို သူ့ဆီ ဖုန်းဆက်တော့မှ ညီမလေးရဲ့ အရိုးပြာတွေကို သူ တစ်ခုခု လုပ်ထားမှန်း သိလိုက်ရတာပဲ၊ ထူးခြားတာတွေ တွေခဲ့တယ်လို့လည်း ပြောပြတော့ သူ အစ်ကိုတို့နဲ့ တွေ့ဖို့ လိုအပ်နေပြီ"
သူမ၏ကိုယ်ပိုင် အရိုးပြာများကို ပဉ္စမအစ်ကိုဖြစ်သူက စုဆောင်းပြီး တစ်စုံတစ်ရာ လုပ်ဆောင်ထားကြောင်းကို ကြားလိုက်ရခြင်းမှာ ထူးဆန်းလှသည်။
ပဉ္စမအစ်ကိုဖြစ်သူမှာ ဖြူဖွေးသောအရိုးများကို ဖျားနာသူကဲ့သို့ပင် ရူးသွပ်လုနီးပါး ရယ်မောပြီး ပွေ့ဖက်ထားသည့် မြင်ကွင်းကို ယွမ်လော့ရီမှတ်မိနေဆဲပင်။
တစ်နည်းအားဖြင့် ပဉ္စမအစ်ကိုမှာ အမှန်စင်စစ် ကြောက်မက်ဖွယ်ကောင်းလှသည်...
ယွမ်လော့ရီက သူမ၏အစ်ကိုများ လက်နက်များကို အဆင်သင့်ပြင်ဆင်နေချိန်တွင် ထမင်းစားလိုက်၏။
အရာအားလုံး အဆင်သင့်ဖြစ်သောအခါ သူတို့ ထွက်ခွာသွားကြသည်။ ညသန်းခေါင်အချိန်ဖြစ်ပြီး ကောင်းကင်တွင် လပြည့်ဝန်းကြီး တစ်ခုတည်းသာ ထွန်းပြောင်နေကာ အေးစက်သောလေတို့ တိုက်ခတ်နေ၏။ ယွမ်လော့ရီမှာ အအေးဒဏ်ကြောင့် တုန်ယင်သွားသည်။
ဒုတိယအစ်ကိုဖြစ်သူ ယွမ်ဖာ့က သတိပြုမိပြီး သူ၏လေကာအင်္ကျီကို ချွတ်ကာ ယွမ်လော့ရီအား ဝတ်ဆင်ပေးလိုက်၏။
"အအေးမမိစေနဲ့"
ယွမ်ဖာ့က ပြောလေသည်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒုတိယအစ်ကိုရော မအေးဘူးလား"
ယွမ်လော့ရီက ပြန်မေး၏။
"အစ်ကိုက မအေးပါဘူး" ယွမ်ဖာ့က ပြန်ဖြေသည်။
သူတို့၏ အစ်ကိုကြီးဖြစ်သူ မောင်နှမများကို ဂရုစိုက်ပေးခဲ့သည့် အခြေအနေလောက်ထိ မရောက်ရှိနိုင်သော်လည်း သူ၏ညီမငယ်အား ကောင်းစွာစားသောက်ပြီး သက်တောင့်သက်သာရှိစေရန် သေချာစေခြင်းမှာ သူလုပ်ဆောင်နိုင်သော အရာတစ်ခုပင်။
ကားတစ်စီး ချဉ်းကပ်လာပြီး သူတို့အားလုံး ကားပေါ်သို့ တက်လိုက်ကြသည်။ ကျဉ်းမြောင်းသောနေရာတွင် အစ်ကိုများက တစ်ဦးကိုတစ်ဦး တွန်းထုတ်နေကြပြီး လူသတ်လိုသော ဆန္ဒများ ရူးသွပ်လုနီးပါး ပျံ့နှံ့နေ၏...
နာရီအနည်းငယ်ကြာပြီးနောက် ကားသည် တက္ကသိုလ်တစ်ခု၏ ဝင်ပေါက်တွင် ရပ်တန့်သွား၏။ ယွမ်ရွေ့(ယွမ်ကျွင်း)မှာမူ လမ်းဘေးတွင် ရပ်နေပြီး ရွှေရောင်အနားကွပ်ထားသော မျက်မှန်ကို တပ်ဆင်ထားကာ သူ၏လက်များကို အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံ၏ အိတ်ကပ်ထဲသို့ ထည့်ထားလျက် သူတို့အား ကြိုဆိုရန် ရောက်ရှိနေသည်။
နွေရာသီ ကျောင်းပိတ်ရက်ဖြစ်သောကြောင့် ကျောင်းသားအများစု အိမ်ပြန်သွားကြသဖြင့် နေအိမ် အဆောင်များမှာ မှောင်မိုက်နေပြီး အခန်းအနည်းငယ်သာ မီးလင်းနေသည်။ ၎င်းတို့မှာ ဘွဲ့လွန်ကျောင်းဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်နေသူ ကျောင်းသားများ ဖြစ်နိုင်ဖွယ်ရှိ၏။
တတိယအစ်ကိုဖြစ်သူ ယွမ်ရုံသည် ကားပေါ်မှ ပထမဆုံး ဆင်းလာသူဖြစ်ပြီး ကြီးမားသော သားရဲတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာ ချဉ်းကပ်လာသည်။ သူ၏ဓားရှည်မှာ လရောင်အောက်တွင် အေးစက်စွာ တောက်ပနေပြီး သူ၏မျက်လုံးများက ယွမ်ကျွင်းအား စိုက်ကြည့်နေ၏။
အေးစက်သော လူသတ်လိုစိတ်က သူတို့အပေါ် ဖိအားပေးနေသည်။
ယွမ်ကျွင်းက လက်နက်ချသောပုံစံဖြင့် လက်နှစ်ဖက်စလုံးကို မြှောက်တင်လိုက်၏။ "တတိယအစ်ကို၊ ဓားကို အရင် ချလိုက်ပါ ညီမလေးရဲ့ အရိုးပြာတွေကို အားလုံးကို မပြောဘဲ ယူသွားမိတဲ့အတွက် တောင်းပန်ပါတယ် ၊ ငါ့ အမှားပါ"
ဒုတိယအစ်ကိုဖြစ်သူ ယွမ်ဖာ့လည်း ကားပေါ်မှ ဆင်းလာသည်။ သူ၏သေနတ်တွင် ကျည်ဆန်ထည့်ပြီးသားပင်။
စတုတ္ထအစ်ကိုဖြစ်သူ ယွမ်စစ်ကမူ သူ၏လက်ထဲတွင် ဓားမြှောင်တိုတစ်ချောင်းကို ပေါ့ပေါ့တန်တန် ဆော့ကစားနေ၏။
လူ့ဉာဏ်ရည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခြင်း၏ တန်ဖိုးမှာ ယွမ်ကျွင်း၏ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်က သာမန်လူများထက် နိမ့်ကျနေခြင်းပင်ဖြစ်သည်။ သူ၏အစ်ကိုအားလုံးက သူ့ကို သတ်ချင်နေကြသောကြောင့် ယွမ်မိသားစု ပြန်လည်ဆုံစည်းသွားဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူက အလျင်အမြန် ထပ်မံပြောဆိုသည်။ "ငါ့မှာ ဘာလက်နက်မှ မရှိပါဘူး မင်းတို့ အခု ငါ့ကို သတ်လိုက်ရင် ငါ့လို ထူးချွန်တဲ့ ဦးနှောက် ပိုင်ရှင်ကို ဘယ်နေရာမှာ သွားရှာကြမလဲ"
ယွမ်ဖာ့က သူ၏ဒေါသကို ထိန်းချုပ်ကာ ရှေ့သို့ ချဉ်းကပ်သွား၏။ သူသည် ခရီးတစ်လျှောက်လုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ရသူပင်။
မဆင်မခြင် မလုပ်နဲ့။ မင်းရဲ့ညီအစ်ကိုကို မသတ်နဲ့။ အခု အရေးအကြီးဆုံးက တကယ့်တရားခံကို ရှာဖွေဖို့ပဲ။
ကြောက်မက်ဖွယ် ဒုတိယအစ်ကိုနှင့် ရင်ဆိုင်ရသောအခါ ယွမ်ကျွင်းမှာ သူ၏ကံကြမ္မာကို ရင်ဆိုင်ရန် မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့သကဲ့သို့ တိတ်ဆိတ်သွားသည်။ သူက ဆက်ပြော၏။ "ဒုတိယအစ်ကို၊ အရင်က ရှိဖူးတဲ့ သံယောဇဉ်တွေကို ထောက်ထားပြီး ငါ့ခေါင်းကိုတော့ မထိပါနဲ့"
ထိုသို့ပြောလိုက်သည်နှင့် ယွမ်ဖာ့၏ သေနတ် ဇောင်းက ယွမ်ကျွင်း၏ ကျောပြင်ကို အကြမ်းဖက်စွာ ရိုက်နှက်လိုက်၏။
"အဟွတ် အဟွတ်"
ယွမ်ကျွင်းမှာ နာကျင်စွာ ချောင်းဆိုးရင်း နံရံကို လက်တစ်ဖက်ဖြင့် ထောက်ထားလိုက်သည်။ သူ၏အဆုတ်များ ပြုတ်ထွက်တော့မလိုပင် ခံစားရ၏။
ညီအစ်ကို ငါးဦးအနက် သူသည် ဓာတ်ခွဲခန်းတွင် အချိန်အများဆုံး နေထိုင်သူဖြစ်သောကြောင့် ခန္ဓာကိုယ် ခိုင်မာမှုအနည်းဆုံးသူဖြစ်၏။ ထိုသို့သော ရုတ်တရက် ထိုးနှက်မှုကို ခံလိုက်ရသောအခါ သူ၏ညီမငယ်ကဲ့သို့ပင် နူးညံ့သိမ်မွေ့သူဟု ခံစားလိုက်ရသည်။
သို့သော် ကံဆိုးချင်တော့ သူ၏အစ်ကိုများက သူခံနိုင်ရည်ရှိမရှိကို ဂရုမစိုက်ကြပေ။
ယွမ်စစ်သည်လည်း ချဉ်းကပ်လာပြီး ယွမ်ကျွင်းအား တန်ဖိုးပြန်ပေးဆပ်စေလိုသော ပုံပေါက်နေ၏။
"စတုတ္ထအစ်ကို၊ မင်းထပ်ပြီး နီးမလာရင် အကောင်းဆုံးပဲလို့ ငါ လေးလေးနက်နက် သတိပေးတယ် မဟုတ်ရင် တစ်ယောက်ယောက် သေသွားလိမ့်မယ်" ယွမ်ကျွင်းက ဒေါသဖြင့် ပြောဆိုလိုက်သည်။
ယွမ်စစ်က အေးစက်စွာ လှောင်ပြောင်လိုက်၏။ "မင်း က ငါ့ကို သတ်ချင်သေးတာလား"
"မဟုတ်ဘူး၊ ငါ ထပ် ရိုက်ခံရရင် သေသွားမှာ ၊ သေချာတယ်"
ယွမ်လော့ရီလည်း ကားပေါ်မှ ဆင်းလာပြီး ပြေးလာ၏။ ယွမ်ကျွင်းက သူမကို မြင်လိုက်ရသောအခါ လူသတ်လိုသော သူ၏အစ်ကိုများကို လျစ်လျူရှုကာ ယွမ်လော့ရီဆီသို့ တိုက်ရိုက်သွားလိုက်သည်။
"ဝါး... ဒါက ငါတို့ရဲ့ ၁၁ နှစ်အရွယ် ညီမလေး တကယ်"
သူသည် ယွမ်လော့ရီ၏ လက်သေးသေးလေးကို ဆွဲကိုင်လိုက်ပြီး အရုပ်တစ်ရုပ်နှင့် ဝက်ဝံရုပ်ကခုန်နေသကဲ့သို့ သူမကို မှင်တက်စွာ စိုက်ကြည့်ရင်း လှည့်ပတ်လိုက်သည်။
"ညီမလေးရဲ့ ပုံပန်းသဏ္ဌာန်နဲ့ အသေးစိတ်တွေက အစ အကုန် ကိုက်ညီနေတာပဲ အတူတူပဲ ဒါ သဘာဝတရားကြီးရဲ့ လက်ရာမြောက်မှုပဲ"
ယွမ်လော့ရီမှာ အနည်းငယ် ရှုပ်ထွေးသွား၏။ အခြားသောအစ်ကိုများက ပြောင်းလဲသွားကြသော်လည်း ပဉ္စမအစ်ကိုမှာမူ ယခင်အတိုင်းပင် ရှိနေဆဲဖြစ်သည်။
ယွမ်ကျွင်းက ယွမ်လော့ရီအား တင်းကျပ်စွာပွေ့ဖက်လိုက်၏ ။ " ညီမလေး သေသွားပြီး နောက် ညီမလေးရဲ့ အရိုးပြာတွေက ကိုကို့ရုံးခန်းထဲမှာ ရှိနေပေမဲ့ ညီမလေး အသက်ရှင်နေတာကိုတော့ ကိုကို တကယ် လွမ်းနေခဲ့တာ"
သူက ယွမ်လော့ရီအား အမြန် လွှတ်ပေးလိုက်ပြီး အကွာအဝေးကို ထိန်းသိမ်းလိုက်သည်။
"ကောင်းပြီ၊ပွေ့ဖက်တာ သုံးစက္ကန့်ကျော်သွားပြီ ညီမလေးအပေါ် ကိုကို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသဖို့ လုံလောက်တဲ့ အချိန်ပဲ ကိုကိုက အသက်ရှင်နေတဲ့ လူတွေနဲ့ မတည့်မှန်း ညီမလေး သိတယ်မလား ဒါက ကိုကို့ရဲ့ အကန့်အသတ်ပဲ"
ကြီးမားသော လက်တစ်ဖက်က ရုတ်တရက် ထွက်လာပြီး ယွမ်ကျွင်း၏ ကော်လာကို ဆုပ်ကိုင်လိုက်သည်။ ယွမ်ဖာ့က သူ့ကို လူသတ်လိုစိတ်ဖြင့် စိုက်ကြည့်လိုက်၏။ " အရမ်းထိမိနေတဲ့ ပြန်ဆုံစည်းမှုလေးပဲ၊ တော်သင့်ပြီ မင်း အရိုးပြာတွေ ဘာလို့ခိုးရတာလဲ ဆိုတာ အကျိုးအကြောင်း ဆီလျှော်တဲ့ ဖြေရှင်းချက် မပေးနိုင်လို့ကတော့"
သေနတ်၏ အေးစက်သော ပြောင်းဝက ယွမ်ကျွင်း၏ နဖူးကို ဖိထားသည်။ ယွမ်ဖာ့က "မင်းရဲ့ ဒီ အရေးအကြောင်းတွေ ဖြစ်နေတဲ့ ထူးချွန်တဲ့ ဦးနှောက်ကို ကျည်ဆန်တစ်တောင့်နဲ့ ထိုးဖောက်ပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် လုပ်ပစ်မယ် နားလည်လား"
ယွမ်ကျွင်းမှာမူ တောင့်တင်းသွားပြီး "နားလည်ပါတယ်..." ဟုသာ ပြန်ပြောလိုက်သည်။
ယွမ်ဖာ့က သူ့ကို လွှတ်ပေးလိုက်၏။
ယွမ်ကျွင်းက ချက်ချင်းပင် စိတ်ဓာတ်ကျခြင်းမှ ပြန်လည်ရုန်းထလာပြီး ယွမ်လော့ရီအား ပျော်ရွှင်စွာ ကြည့်ရှုလိုက်သည်။ "ဗိုက်ဆာနေလား ကိုကို ခေါက်ဆွဲခြောက် နည်းနည်း ပြုတ်ထားတယ် အခုဆို အဆင်သင့်ဖြစ်နေလောက်ပြီ ကိုကိုတို့ ဝေစားကြမယ်"
စကားပြောဆိုမှုမှာ ရုတ်တရက် ပြောင်းလဲသွားသဖြင့် ယွမ်လော့ရီ ခဏတာ မည်သို့ပြန်လည်ဖြေကြားရမည်ကို မသိတော့ပေ။
ယွမ်စစ်က ဒေါသဖြင့် ယွမ်ကျွင်းအား တွန်းလိုက်၏။ " မြန်မြန်သာ ရှေ့ကသွားစမ်းပါ ညီမလေးက ငါ့အိမ်မှာ စားပြီးသွားပြီ"
ရွေးချယ်စရာမရှိသဖြင့် ယွမ်ကျွင်းမှာ ရှေ့ဆက်သာ သွားရသည်။ သူ၏ရုံးခန်းမှာ အမြင့်ဆုံးအထပ်တွင် ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ဓာတ်ခွဲခန်းများရှိ မီးများအားလုံး လင်းထိန်နေကြ၏။
"ကျောင်းက မင်းကို ဘာလို့ ဓာတ်ခွဲခန်း အများကြီး ဖွင့်ခွင့် ပေးထားတာလဲ" ယွမ်စစ်က မေးခွန်းထုတ်လိုက်သည်။
ယွမ်ကျွင်းက သက်ပြင်းချကာ ပြန်ဖြေ၏။ "အင်း... လောကဓမ္မတာပေါ့"
"မင်းက 'လောကဓမ္မတာ' ရဲ့ အဓိပ္ပာယ်ကို တကယ် နားလည်တာလား" ယွမ်စစ်က ဆက်လက်မေးမြန်းလိုက်သည်။
ရုံးခန်းတံခါး ပွင့်သွားပြီး ယွမ်ကျွင်းက အရင်ဆုံး ဝင်ရောက်သွား၏။ နံရံများအားလုံးကို စာအုပ်စင်များအဖြစ် ပြောင်းလဲထားပြီး အမျိုးမျိုးသော ဖိုင်များနှင့် စာအုပ်များ ပုံထားသည်။ ကြားနေရာများတွင် အရိုးနမူနာများကို ပြသထား၏။
အကြီးဆုံး နမူနာမှာ မျက်နှာကျက်မှ ဆွဲထားသော ဝေလငါး အရိုးစုပင်၊ —၎င်း၏ ဦးခေါင်းခွံ၊ ကျောရိုး၊ နံရိုးများနှင့် အမြီးရှည်တို့သည် ရုံးခန်းတစ်ခုလုံးကို ဖြန့်ကျက်ထားပြီး အမှန်စင်စစ် ထိတ်လန့်ဖွယ် မြင်ကွင်းကို တင်ဆက်နေသည်။ ယွမ်လော့ရီ အသက်ရှင်စဉ်က ပင်လယ်ထဲတွင် ထိုကြီးမားသော သားရဲကြီး ရုန်းရင်းဆန်ခတ် လုပ်နေသည်ကို စိတ်ကူးယဉ်ဖူးသည်။
ယွမ်ရုံက ကျည်ကာမှန်ဗီရိုတစ်ခုဆီသို့ လျှောက်သွားပြီး အဝိုင်းပုံ၊ ရေကဲ့သို့ ကြည်လင်သော သေတ္တာတစ်လုံးကို ထုတ်ယူကာ သူ့လက်ထဲတွင် ပွေ့ဖက်ထားရင်း ရေရွတ်လိုက်သည်။ "ညီမလေး၊ ဒါ ညီမလေးရဲ့ အရိုးပြာတွေ"
ထို့နောက် သူသည် ဆံပင်တစ်ချောင်းပါသည့် အလုံပိတ်အိတ်တစ်လုံးကို ထုတ်ပြလိုက်၏။ "ပြီးတော့ ဒါက အစ်ကိုတို့ အမေရဲ့ အလောင်းနားမှာ တကယ့်တရားခံ ချန်ခဲ့တဲ့ ဆံပင် ၊ ကွယ်လွန်သွားတဲ့ အစ်ကိုကြီး က ပေးခဲ့တာ"
" ဒါတွေကို သေချာ ခွဲခြမ်း စိတ်ဖြာပြီးတော့ ကိုကို အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခု တွေ့ခဲ့ရတယ်..."