← Chapters

အခန်း (၁၁၀)

Vol. 11 Ch. 110

အခန်း (၁၁၀)

Vol. 11 Ch. 110

‎ယွမ်ဖာ့က တံခါးကို သတိထား၍ ဂရုတစိုက် တွန်းဖွင့်လိုက်ရာ အပြင်ဘက်မှ အေးစက်နေသော လေများက ချက်ချင်းပင် အတွင်းဘက်သို့ လှိုင်းသဖွယ် ဝင်ရောက်လာကြသည်။ ယွမ်ရုံမှာမူ ခန္ဓာကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းညွှတ်ကာ မှောင်မိုက်တိတ်ဆိတ်နေသော စင်္ကြံလမ်းကြားအား သတိကြီးစွာဖြင့် စူးစမ်းကြည့်လိုက်၏။

‎

‎သူမ အစ်ကို များ၏ ကာကွယ်မှုအောက်တွင် ယွမ်လော့ရီ ထွက်ပေါ်လာပြီး စင်္ကြံလမ်း၏ အဆုံးဆီသို့ အလျင်အမြန် ဦးတည်သွားကြသည်။

‎

‎ယွမ်ဖာ့က ယွမ်လော့ရီ ၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အစက်ငယ်လေးတစ်ခုကို ရုတ်တရက် သတိပြုလိုက်မိပြီး ထိုအစက် ကလေးမှာ သွေးနီရောင် အင်းဆက်ပိုးကောင်ကဲ့သို့ တုန်ခါလျက် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေ၏။

‎

‎"ဒိုင်း"

‎

‎အသံတိတ် အော်ဟစ်လိုက်သကဲ့သို့ပင် မတိုးမကျယ် သေနတ်သံ တစ်ချက် ပေါ်ထွက်လာသည်။

‎

‎ယွမ်လော့ရီ၏ ရှေ့တွင် ရပ်နေသော ယွမ်ဖာ့ မှာ သူ၏ အရိုးများ ကျိုးကြေသွားသံကို ကိုယ်တိုင် ကြားလိုက်ရသကဲ့သို့ပင်။ ရုတ်တရက် ပေါ်ပေါက်လာသော ပြင်းထန်သည့် နာကျင်မှု ကြောင့် သူ သတိလစ်လုနီးပါး ဖြစ်သွားခဲ့၏။

‎

‎အမှောင်ထဲတွင် အနီရောင်အစက်များ များစွာ ထပ်မံပေါ်လာပြီး ထိုအစက်များမှာ ယွမ်လော့ရီ ကိုသာမက၊ သူ့ညီငယ်များ၏ အသက်ကိုပါ ချိန်ရွယ်ကာ ခြိမ်းခြောက်နေ‌သည်။

‎

‎"ပြေးကြ"

‎

‎ယွမ်ဖာ့ က အော်လိုက်သည်။

‎

‎ယွမ်စစ်က ယွမ်လော့ရီအား လက်ထဲ၌ ပွေ့ချီလျက် ယွမ်ကျွင်း နှင့်အတူ ဓာတ်လှေကားဆီသို့ ထွက်ပြေးလိုက်ကြသည်။

ကံကောင်း‌ထောက်မစွာဖြင့် ဓာတ်လှေကားပေါ်မှ အချက်ပြမီးမှာ အစိမ်းရောင် လင်းနေသောကြောင့် ပါဝါ ရှိနေသေးကြောင်း ပြသနေခြင်းဖြစ်ရာ သူတို့ဤ ဓာတ်လှေကားကို စီးကာ လွတ်မြောက်နိုင်၏။

‎

‎သွေးများက ကြမ်းပြင်ပေါ်သို့ ဆက်တိုက် စီးကျနေသော်လည်း ယွမ်ဖာ့မှာ မလှုပ်မယှက် ရပ်နေဆဲ ဖြစ်ပြီး မှိန်ပျပျ အလင်းရောင်အောက်တွင် သေနတ်များ ကိုင်ထားသည့် လူရိပ်အချို့က သူ၏ ရှေ့တည့်တည့်သို့ ထွက်ပေါ်လာနေသည်ကို တွေ့နေရ၏။

‎

‎ယွမ်ရုံ ကမူ မထွက်ခွာသေးပေ။ သူသည် သူ၏ ဓားရှည် ကို ဓားအိမ်မှ ထုတ်လိုက်ပြီး သတ်ဖြတ်လိုစိတ်ကို သွင်းလိုက်သည်။

"မင်း က ဒဏ်ရာရထားပြီးပြီ သွားနှင့်လိုက် ငါ သူတို့ကို တားထားမယ်"

‎

‎"အောက်ထပ်မှာ ရန်သူတွေ ပိုများနိုင်တယ် ငါ့ကို ဂရုမစိုက်နဲ့ ငါတို့ ညီမလေး နဲ့ လူသတ်တာ အကျင့်မရှိသေးတဲ့ ဟို အရူး အငယ်နှစ်ကောင် ကို ကာကွယ်ပေး"

ယွမ်ဖာ့ က ပြောလိုက်၏။

‎

‎

‎ခဏတာ တွေဝေသွားပြီးနောက် ယွမ်ရုံမှာ ယွမ်လော့ရီ နှင့် အခြားသူများ နောက်သို့ ပြေးလိုက်သွားခဲ့သည်။

‎

‎သူ ယခင်က သေရေး ရှင်ရေး အခြေအနေများစွာနှင့် ရင်ဆိုင်ခဲ့ရဖူးပြီး ကယ်ဆယ်၍ မရနိုင်တော့သော ဒဏ်ရာရ

ရဲဘော်များက မိမိကိုယ်ကိုယ် စတေးရန် ရွေးချယ်လေ့ရှိကြသည်။

‎

‎ယွမ်ရုံက ဤအရာမှာ သူ့နှင့် ယွမ်ဖာ့ တို့၏ နောက်ဆုံး စကားပြောဆိုမှု ဖြစ်လိမ့်မည်ကို သိနေခဲ့၏။

‎

‎"ဒိုင်း ဒိုင်း ဒိုင်း "

‎

‎နောက်ကွယ်မှ သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာနေပြီး ယွမ်ဖာ့မှာ တိုက်ခိုက်ကာ ကျန်လူများ ထွက်ပြေးနိုင်ရန်အတွက် အဖိုးတန် အချိန်ကို ဝယ်ပေးနေခြင်း ဖြစ်သည်။

‎

‎ဓာတ်လှေကားထဲ ရောက်သည်နှင့် ယွမ်ရုံက တံခါးပိတ်ရန် ခလုတ်ကို နှိပ်လိုက်၏။

‎

‎တံခါးများ ဖြည်းညှင်းစွာ ပိတ်သွားချိန်တွင် ယွမ်လော့ရီမှာ သူမ၏ ဒုတိယအစ်ကို လုပ်တော့မည့် အရာကို သဘောပေါက်သွားပြီး ယွမ်စစ် ၏ ရင်ခွင်ထဲမှ ရုန်းကန်လိုက်သည်။

‎

‎"ဒုတိယအစ်ကို"

‎

‎ယွမ်ဖာ့က သူမ၏ အသံကို ကြားလိုက်ရပြီး သူ၏ ရင်ထဲတွင် နူးညံ့မှုများ ပြည့်လျှံလျက် ယွမ်လော့ရီ ဘက်သို့ လှည့်ကြည့်လိုက်၏။

‎

‎တံခါးမှာ လုံးဝ ပိတ်သွားပြီဖြစ်ပြီး ဓာတ်လှေကားက တဖြေးဖြေး ဆင်းသက်သွားကာ သူတို့အား ယွမ်ဖာ့ ထံမှ ပို၍ ဝေးသထက်ဝေးအောင် သယ်ဆောင်သွားခဲ့သည်။

‎

‎သေခြင်းတရား ဆိုသည်မှာ ယွမ်ဖာ့ အတွက် ဘာမှ မဟုတ်ပေ၊ ၎င်းသည် အသက်ရှင်နေသော ပရိုတင်း မှ သေဆုံးသွားသော ပရိုတင်း သို့ ကူးပြောင်းခြင်းမျှသာ ဖြစ်၏။

‎

‎သက်ရှိအားလုံးသည် နောက်ဆုံးတွင် သေခြင်းတရားနှင့် ကြုံတွေ့ကြရမည်ပင်။

‎

‎ယွမ်ဖာ့ က အားလုံးကို စီစဉ်ထားခဲ့ပြီး ဖြစ်သည်— သူ၏ လူငယ်ဘဝတွင် နာမည်ကြီး ရှေ့နေတစ်ယောက်အဖြစ် နာမည်ရအောင် လုပ်မည်၊ သူ၏ လှပသော စကားလုံးများကို အသုံးပြု၍ အာဏာရှိသူများကို သနားခံ တောင်းပန်စေမည်၊ အိမ်ကြီးများနှင့် ခန့်ညားသော ကားများ ဝယ်ရန် ပိုက်ဆံရှာမည်၊ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်း နေထိုင်မည်။

‎

‎

‎သူ မရွှေ့နိုင်လောက်အောင် အိုမင်းလာ ချိန်ရောက်လျှင် နာကျင်မှုကို မုန်းတီးသူ ဖြစ်သဖြင့် စိတ်သက်သာရာ ရစေမည့် သေခြင်း ကို ရွေးချယ်မည်၊ ပျော်ရွှင်မှုအတွက်သာ ရှင်သန်ပြီး မည်သည့် ဆင်းရဲဒုက္ခကိုမျှ ခံယူလိုစိတ် မရှိပေ။

‎

‎ယွမ်ရုံ က သူ့ကို တစ်ကိုယ်ကောင်းဆန်သူဟု မကြာခဏ ခေါ်လေ့ရှိပြီး ယွမ်ဖာ့ ကလည်း သဘောတူခဲ့၏၊ သူသည် သူ၏ ပျော်ရွှင်မှုကိုသာ ဂရုစိုက်ပြီး ၎င်းမှာ သူ၏ အကျင့်ဖြစ်သောကြောင့် ပြောင်းလဲရန် ခက်ခဲလှသည်။

‎

‎

‎ထို့ကြောင့် သူ၏ သုံးနှစ်အရွယ် ညီမလေး အော်ဟစ် ငိုယိုခဲ့စဥ်အခါက ယွမ်ဖာ့သည် သူမ၏ ဆူညံသံနှင့် ပူဆာမှုတို့ကို စိတ်အနှောင့်အယှက် ဟု ခံစားခဲ့ရပြီး သူ့တွင် ဂိမ်းကစားချင်စိတ်သာ ရှိခဲ့သည်။ သူက သူမကို အခန်းထဲ ပိတ်လှောင်ထားခဲ့ပြီး ဂိမ်းကစားရန် ထွက်သွားခဲ့ဖူး၏။

‎

‎ညဥ့်နက်လာသည်နှင့်အမျှ သူမ၏ ငိုသံမှာ ပိုကျယ်လာပြီး ယခင်ကထက် ပိုမို ကြေကွဲဖွယ် ကောင်းနေခဲ့သည်။

‎

‎"မင်း ငိုတာ ရပ်လို့ မရဘူးလား"

သူက ပြောလိုက်သည်။

‎

‎ယွမ်လော့ရီမှာ သူ၏ ရင်ခွင်ထဲသို့ ယိုင်လဲဝင်လာပြီး ရှိုက်ကြီးတငင် ငိုရင်း ပြန်ပြော၏။

"ကိုကိုလည်း ပြန်မလာတော့ဘူးလို့ ထင်နေတာ"

‎

‎အား...

‎

‎မင်း ဘာလုပ်နေတာလဲ

‎

‎ညီမလေး ရယ်၊ ကိုကို့ ကို ထပ်ပြီး တမ်းတ မနေပါနဲ့တော့။

‎

‎မဟုတ်ရင် ဘယ်လောက်ပဲ နာကျင်ရပါစေ၊ ကိုကို မင်းဘေးမှာ နေချင်စိတ်တွေ ရှိနေတော့မှာ။

‎

‎"ဒိုင်း"

‎

‎ကျည်ဆန်တစ်တောင့်က ယွမ်ဖာ့ ၏ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏ နံရိုးများကို ကြေမွသွားစေခဲ့သည်။ သူ ဘယ်နှစ်ချက် အပစ်ခံရပြီးမှန်း မသိတော့ပေ။

‎

‎ယွမ်ဖာ့ လဲကျသွားပြီးနောက် ကြမ်းပြင်ပေါ်တွင် သွေးများ ပို၍ ပို၍ စီးကျလာပြီး သူက ရန်သူအချို့ကို ချေမှုန်းနိုင်ခဲ့သော်လည်း များစွာသောရန်သူများမှာ အသက်ရှင်နေဆဲဖြစ်ပြီး ယွမ်လော့ရီ နှင့် အခြားသူများနောက်သို့ လိုက်ရန် သူ့အား ကျော်ဖြတ်ပြီး အပြေးအလွှား သွားနေကြသည်။

‎

‎သေဆုံးခြင်းမတိုင်မီ ကြုံတွေ့ရသော ပြင်းထန်သည့် ဝေဒနာများက အလွန် နာကျင်ရကာ ယွမ်ဖာ့ စီစဉ်ထားသော ခမ်းနားသည့် အောင်မြင်မှုနှင့် ငြိမ်းချမ်းသော ထွက်ခွာခြင်း နှစ်မျိုးစလုံး နှင့် လုံးဝ ကွာခြားနေ၏။

‎

‎

‎ကျစ်

‎

‎နာလိုက်တာ အရမ်းပဲ

‎

‎ယွမ်ဖာ့မှာ သူ၏ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော သေခြင်းတရား၏ ရေရေတွက်သံရေတွက်သံကိုပင်ကြား နေရသည်။

‎

‎

‎"Tick tock!"

‎

‎"Tick tock!"

‎

‎"Tick tock!"

‎

‎

‎နွေးထွေးသော သွေးများက ပြန့်ထွက်လာပြီး မိနစ်အနည်းငယ်အတွင်း သူ၏ နှလုံးခုန်သံ ရပ်တန့်သွားတော့မည်။

‎

‎ယွမ်ဖာ့မှာ အသက်ရှူရ ခက်ခဲနေပြီး နာကျင်မှုကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေသော်လည်း သူ၏ စိတ်ကို တည်ငြိမ်စေရန် အတင်းအကျပ် ကြိုးစားနေသည်။ သူ ပြီးဆုံးအောင် မလုပ်ရသေးသော အလုပ်များ ရှိသေးသဖြင့် စက္ကန့်အနည်းငယ်ကြာအောင် အသက်ရှင်နေရန် လိုအပ်သေး၏။

‎

‎ယနေ့ ယွမ်ကျွင်းနှင့် တွေ့ပြီးနောက် သူ သဲလွန်စများ ပိုမို တွေ့ရှိခဲ့သည်။ တစ်ခုခု ပေါ်ထွက်လာတော့မည် - သူ အမှန်တရားကို ဖမ်းဆုပ်မိနေပြီဟု ထင်ရ၏။

‎

‎ယခင်က သတင်းအချက်အလက်များစွာကြောင့် သူ လွှမ်းမိုးခံခဲ့ရသော်လည်း ဆင်ခြင်တုံတရား၏ သော့ချက်မှာ အမြဲတမ်း ပြောင်းလဲနေသော အသေးစိတ်အချက်အလက်များကြားတွင် ပျောက်ကွယ်မသွားဘဲ ဖြစ်ရပ်များကြားက တူညီသော ကြိုးကို ရှာဖွေရခြင်းပင်။

‎

‎မူးဝေနေစဉ် ယွမ်ဖာ့မှာ သူ၏ ငယ်ဘဝ ကို ပြန်လည် မြင်ယောင်မိပြီး သူ၏ ဖခင် အရက်သောက်နေပုံကို မြင်လိုက်ရ၏။

‎

‎ပုံမှန်အားဖြင့် ခံစားချက်ကို ထုတ်မပြတတ်သူဖြစ်သော သူ၏ ဖခင်မှာ ထိုနေ့တွင် အထူး ဝမ်းနည်းနေပုံရသည်။

‎

‎"မင်း သူ့ကို အနှောင့်အယှက် မပေးရဘူး"

သူ၏ အမေ က ဆိုးသွမ်းသော ယွမ်ဖာ့ ကို မောင်းထုတ်လိုက်၏။

‎

‎"ဘာလို့လဲ"

‎

‎"ဒီနေ့က သူ့ညီမ ယွမ်မေရှီ သေဆုံးတဲ့ နှစ်ပတ်လည်နေ့မို့လို့"

‎

‎သူ သေခြင်းတရားနှင့် တွေ့ခဲ့ရပြီ

‎

‎သူ၏ ကိုယ်ပိုင်သွေးအိုင်ထဲမှ သူ့ကိုယ်သူ ဆွဲထူရန် ရုန်းကန်နေရင်း လှုပ်ရှားမှုတိုင်းမှာ ပြင်းထန်သဖြင့် မခံမရပ်နိုင်သော နာကျင်မှုကြောင့် ယွမ်ဖာ့ မျက်နှာ ရှုံ့မဲ့နေသည်။

‎

‎သူက နံရံကို မှီထားလျက် ယိုင်နဲ့ကာ ရှေ့သို့ တိုးသွားရာ သွေးခြေရာများ လမ်းတစ်လျှောက် ကျန်ရစ်ခဲ့၏။

‎

‎အခုတော့ သူ နောက်ဆုံးမှာ နားလည်သွားခဲ့ပြီ။

‎

‎သူ၏ ညီမနှင့် သွေးသားရင်း ညီအစ်ကို များ အဘယ်ကြောင့် ခေါင်းကိုက်သနည်းကို— ၎င်းမှာ ယွမ်မိသားစု၏ သက်တမ်းအရင့်ဆုံးနှင့် အမှောင်ဆုံး လျှို့ဝှက်ချက်ဖြစ်ပြီး ဤ ဘုံလက္ခဏာများ၏ နောက်ကွယ်တွင် ရှိနေခြင်းပင်။

‎

‎ဟား ဟား ဟား၊ ဒီ အဘိုးကြီးတောင် အသက်ရှည်ရှည်နဲ့ ဒီလောက်အထိ အပင်ပန်းခံရဲသေးတာပဲ

‎

‎ဒီတစ်ကြိမ်တော့ ငါ့မိသားစုကို ဖျက်ဆီးခွင့် မင်းကို ပေးမှာမဟုတ်ဘူး

‎

‎သူ၏ ထွက်သက် လျင်မြန်စွာ ကုန်ဆုံးလာသည်နှင့်အမျှ ယွမ်ဖာ့မှာ လှေကားထစ်များပေါ်တွင် ခဏတာ သတိလစ်သွားပြီး လဲကျသွားသော်လည်း သူ၏ ကျိုးနေသော နံရိုးများက အဆုတ်များကို ထိုးဖောက်လိုက်ရာ နာကျင်မှုက သူ့ကို ပြန်လည် နိုးထစေခဲ့၏။

‎

‎သူ လမ်း မလျှောက်နိုင်တော့ပေ။

‎

‎အစ်ကိုကြီးဖြစ်သူ ယွမ်အောင်း ၏ အသံမှာ သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။

‎

‎"ညီမလေး ပြန်လာပြီ ၁၁ နှစ်အရွယ် အနေနဲ့ ပေါ်လာတာ မင်း သူနဲ့ ငါတို့ရဲ့ ညီငယ်တွေကို ကာကွယ်ရမယ်..."

‎

‎ယွမ်အောင်းမှာ ထိုစကားများ ပြောပြီးနောက် ချက်ချင်း သေဆုံးသွားသဖြင့် သူ့ကိုလည်း လူသတ်သမားများက ပစ်သတ်ခဲ့ခြင်းပင် ဖြစ်ရမည်။

‎

‎ကလေးဘဝကတည်းက ယွမ်ဖာ့မှာ သူ၏ အစ်ကိုကြီး ကို ကျော်လွန်ချင်ခဲ့သူ ဖြစ်သည်။ ယခု သူ မမျှော်လင့်ဘဲ အောင်မြင်ခဲ့သော်လည်း ပျော်ရွှင်ခြင်း တစ်စုံတစ်ရာ မရှိခဲ့ပေ။

‎

‎သူက သူ၏ တစ်သက်တာလုံး ကစားရင်းသာ ကုန်ဆုံးခဲ့ပြီး သူ၏ ညီငယ်များနှင့် ဆက်ဆံရေးကို လျစ်လျူရှုခဲ့သည်။ ယွမ်အောင်း ၏ သေတမ်းစာကိုပင် ဖြည့်ဆည်းပေးနိုင်စွမ်း သူ့တွင် မရှိခဲ့ပေ။

‎

‎ဘာလို့ ငါ့ကိုမှ အပ်ခဲ့ရတာလဲ

‎

‎မြေပြင်ကို သူ၏ လက်ချောင်းများဖြင့် တူးဆွရင်း သွေးစွန်းနေသော အစင်းကြောင်းများ ကို ဆွဲကာ ယွမ်ဖာ့က အံကြိတ်လိုက်ပြီး သူ့ကိုယ်သူ ပြန်ထူလိုက်သည်။

‎

‎ဆယ်မီတာကျော်ခန့်မျှသာ ရှိသော အကွာအဝေးမှာ မိုးကုတ်စက်ဝိုင်း အစွန်းလောက်အထိ ဝေးကွာနေသည်ဟု ထင်ရ၏။

‎

‎

‎သူ ရှေ့ဆက်သွား‌လေလေ၊ သွေးပိုထွက်လေလေ၊ ဆက်လက် ခံစားရလေလေ.....

‎

‎

‎နောက်ဆုံးတွင် ယွမ်ဖာ့ ပြတင်းပေါက် အနားသို့ ရောက်ရှိလာသောအခါ အေးစက်သော လေက သူ၏ နားထဲတွင် တဝုန်းဝုန်း မြည်ဟည်းနေပြီး အောက်ဘက်တွင် ထွက်ပြေးနေသော လူအရိပ်များကို သူ မြင်လိုက်ရသည် - သူ၏ ညီမနှင့် ညီများပင်။

‎

‎သူ၏ အိတ်ကပ်ထဲမှ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ယူပြီး စာမျက်နှာတစ်ရွက်ကို ဆုတ်ဖြဲလိုက်ကာ သူ၏ သွေးစွန်းနေသော လက်ချောင်းများဖြင့် စာရွက်ပေါ်တွင် တစ်ချက်ချင်း ရေးခြစ်နေ၏။

‎

‎ယွမ်ဖာ့သည် မှတ်စု ကို ခြောက်လုံးပြူး သေနတ် တွင် ချည်နှောင်လိုက်ပြီး သူ၏ နောက်ဆုံး အင်အားများကို စုစည်းကာ အပြင်သို့ ပစ်ထုတ်လိုက်သည်။ မှောင်မည်းသော လရောင်အောက်တွင် ရွှေရောင် တောက်ပမှုတစ်ခု ဖြတ်သန်းသွားပြီး သိမ်မွေ့သော လေးကွေးမျဉ်းအတိုင်း ပျံသန်းသွားကာ ယွမ်လော့ရီ ဖမ်းမိသွား၏။

‎

‎ဖမ်းမိသောအခါ သူ၏ ညီမကို မထိခိုက်စေရန် လုံလုံလောက်လောက် ပေါ့ပါးသော်လည်း ထိုကမ္ဘာ၏ ရလဒ်ကို ပြောင်းလဲနိုင်လောက်အောင်လည်း လုံလုံလောက်လောက် လေးလံသည်။

‎

‎သူ၏ ညီမက သူ့ကို ကြည့်လိုက်၏။

‎

‎သူမ ငိုနေသောကြောင့် သူ လွန်စွာ ရုပ်ဆိုးနေခဲ့ခြင်း ဖြစ်ရမည်။

‎

‎ယွမ်ဖာ့ က တိုးတိုးလေး ပြောသည်။

"မငိုပါနဲ့ ဒါက မှော်မျက်လှည့်လေးပါပဲ"

‎

‎သူမ ဤမျှ အကွာအဝေးမှ သူ၏ စကားများကို မကြားနိုင်မှန်း သူ သိသော်လည်း သူမအား ဆက်ငိုစေချင်စိတ် သူ့တွင် လုံးဝ မရှိခဲ့ပေ။

‎

‎အချိန်နှင့် အာကာသ စက်ဝန်းမှာ အတိတ်သို့ ပြန်သွားနေသကဲ့သို့ ဖြစ်နေသည်။

‎

‎သုံးနှစ်အရွယ် ယွမ်လော့ရီ က မေးနေ၏။

"မျက်လှည့်လား"

‎

‎ယွမ်ဖာ့ က

"ဟုတ်တယ် လူတွေကို သေမလား ရှင်မလား ကြားထဲမှာ ပြောင်းပေးနေတဲ့ မယုံနိုင်လောက်အောင် မှော်ဆန်တဲ့ မျက်လှည့်လေးပဲ ရက်စက်တဲ့ အချိန်တောင်မှ သူ့ရဲ့ စွမ်းအားကို မှေးမှိန်သွားအောင် မလုပ်နိုင်ဘူး"

‎

‎"ဒင် ဒင် ဒင် မျက်လှည့် ပြရမဲ့ အချိန်လေး ရောက်လာပါပြီ၊ ချစ်ရတဲ့ ညီမလေး မော့ကြည့်ပါဦး ဒုတိယကိုကိုက အသက်ပြန်ရှင်လာပြီ"

‎

‎"ဟေး ဘာလို့ ငိုနေသေးတာလဲ ပြန်အသက်ရှင်လာတဲ့ မှော်မျက်လှည့်လေးက အံ့သြစရာ မကောင်းဘူးလား"

‎

‎"ကိုကို တကယ်တမ်း သေဆုံးခြင်းဆိုတာ ဘာလဲ"

‎

‎"ကိုကို ဘယ်လို ရှင်းပြရမလဲ စဉ်းစားပါဦးမယ်... အာ ကိုကို သိပြီ သေဆုံးခြင်းဆိုတာ အဆုံးမရှိတဲ့ တူးတူပုန်းတမ်းကစားနည်းပဲ"

‎

‎"တူးတူ ပုန်းတမ်းကစားနည်း"

‎

‎"ဟုတ်တယ် ညီမလေး ကိုကို့ကို စင်္ကြံလမ်းမှာ ရှာနေတုန်း ကိုကိုက ထောင့်နောက်မှာ ပုန်းနေတာ ညီမလေးက ကိုကို့ ကို ထောင့်မှာလည်း သွားရှာရော ကိုကိုက ချုံပုတ်ထဲကို ရောက်သွားရော ညီမလေး ကိုကို့ ကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး ဒါပေမဲ့ ကိုကို က အမြဲတမ်း ညီမလေး ဘေးမှာ ရှိနေမှာ ညီမလေး ကို စောင့်ကြည့်နေမယ်၊ ကာကွယ်ပေးနေမယ်၊ ညီမလေးကို ပျော်ရွှင်စေချင်တယ်"

‎

‎ရေတွက်သံမှာ နောက်ဆုံး စက္ကန့်သို့ ရောက်ရှိလာသည်နှင့်အမျှ ယွမ်ဖာ့ ၏ မျက်လုံးများတွင် အလင်းရောင် မှိန်ဖျော့သွားပြီး သူသည် လဲကျသွားကာ ပြတင်းပေါက်ဘေးတွင် သူ့ကိုယ်သူ ပုန်းအောင်း လိုက်သကဲ့သို့ပင်။

All Chapters