အခန်း (၂၂၁-၂၂၂)
Vol. 12 Ch. 221-222
အပိုင်း(၂၂၁) ထျန်ဝေအား သတ်ဖြတ်ခြင်း
ထျန်ဝေက အောက်ဘက်ဆီမှ မရပ်မနား ထွက်ပေါ်နေသော ပေါက်ကွဲသံများနှင့် နေရာအနှံ့ မီးတောက်များ လောင်ကျွမ်းကာ အပူရှိန်ပြင်း ရေငွေ့များ လှိမ့်တက်နေသည်ကို ရူးသွပ်သော အကြည့်တို့ဖြင့် ကြည့်နေလေသည်။
အောက်ဘက်ရှိ လူအုပ်ကြီး၏ သနားစဖွယ် အော်ဟစ်ငိုယိုသံများက သူ့ထံတွင် ကရုဏာသက်သည့် စိတ်ကို ဖြစ်ပေါ်မလာစေခဲ့ပေ။
သူက ထိုသတ္တုတွင်းလုပ်သား ကျေးကျွန်များ၏ သေခြင်း၊ ရှင်ခြင်းကို လုံးဝ ဂရုမစိုက်သလို၊ သူ့လက်အောက်ငယ်သား အစွမ်းပိုင်ရှင်များကိုလည်း စိတ်ထဲမထားချေ။
သူ့အကြည့်များက လင်းယွမ်၏ ပုံရိပ်ကိုသာ လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။
"ဒီလောက်ဆိုရင်တောင် မင်း မသေသေးဘူးလား"
သူက မဲကာရွဲ့ကာ ပြုံးလိုက်သည်။ ဤလူသည် သူတွေ့ဖူးသမျှထဲတွင် ဉာဏ်အကောင်းဆုံး လူတစ်ယောက် ဖြစ်သည်။
တစ်ဖက်လူက သူ၏ မီးအစွမ်းတွင် သေစေနိုင်လောက်သည့် အားနည်းချက်ကိုတောင် သတိထားမိခဲ့လေသည်။
ထိုအရာကား အောက်ဆီဂျင် ဖြစ်၏။
မီးလောင်ကျွမ်းရန် အောက်ဆီဂျင် လိုအပ်သည်။ အောက်ဆီဂျင် မရှိလျှင် သူသည် အပူချိန်မြင့်မားသော လူပုံသဏ္ဌာန် မီးသွေးတုံး တစ်တုံးသာသာမျှသာ ဖြစ်သွားပေလိမ့်မည်။
ဤအချက်သည် သူ လက်မခံနိုင်သော ကိစ္စဖြစ်သည်။
အကယ်၍သာ ဒီလူ မသေဘဲ အသက်ရှင်ပြီး သူ့ကို အနိုင်ယူနိုင်သည့် ဤနည်းလမ်းကို ဖြန့်ဝေလိုက်ပါက သူ ထျန်ဝေသည် စခန်းကြီးလေးခု၏ ခေါင်းဆောင်နေရာများအနက် အောက်ဆုံးအဆင့်သို့ ချက်ချင်း ကျရောက်သွားပေလိမ့်မည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ဤသတ္တုတွင်းဧရိယာအပေါ် ထိန်းချုပ်ပိုင်ခွင့်ကိုပါ သူ လက်လွှတ်ဆုံးရှုံးရတော့မည် ဖြစ်သည်။
ထို့ကြောင့် ဤလူကို သူ မဖြစ်မနေ သတ်ရမည်။
အရှင်ထား၍ လုံးဝ မဖြစ်ပေ။
"လောင်ကျွမ်းစမ်း... မင်းကို ပြာကျသွားအောင် ရှို့ပစ်မယ်... မင်းလည်း ဒီအောက်တန်းစား ကျေးကျွန်တွေနဲ့အတူ ဒီနေရာမှာပဲ သေလိုက်တော့"
"ဟားဟားဟား"
ထျန်ဝေက ရက်စက်စွာ ပြုံးရင်း တစ်ကိုယ်လုံး၌ မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေသည်မှာ သူ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသယောင်ပင်။
...
ခပ်လှမ်းလှမ်းရှိ သစ်တောထဲတွင်မူ ကျောက်ခိုင်နှင့် ဝူယင်တို့သည် အဒေါ်ကြီးလီ အပါအဝင် လူများကို ခေါ်ဆောင်လျက် တိတ်တဆိတ် တောထဲသို့ ဝင်ရောက်လာကြသည်။
ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရသဖြင့် ကျောက်ခိုင်က နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ဝူယင်ကလည်း အလျင်အမြန် လှည့်ကြည့်လိုက်ရာ လူအားလုံး၏ အကြည့်တို့သည် နောက်ဘက်ရှိ သတ္တုတွင်းဧရိယာဆီသို့ ရောက်ရှိသွားကြသည်။
ကောင်းကင်သို့ ထိုးတက်နေသော မှိုပွင့်ပုံသဏ္ဌာန် မီးခိုးလုံးကြီးနှင့်အတူ မီးတောက်များ လောင်ကျွမ်းနေပြီး ပေါက်ကွဲမှု လှိုင်းဂယက်များ ရိုက်ခတ်နေသည်။
ထိုမြင်ကွင်းက လူတိုင်း၏ မျက်နှာကို ပျက်သွားစေခဲ့သည်။
"အစ်ကိုလင်း"
ကျောက်ခိုင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဝူယင်အား ပြောလိုက်သည်။
"ဝူယင်... မင်း အဒေါ်ကြီးလီတို့ကို ခေါ်ပြီး သွားနှင့်တော့... ငါ သွားကြည့်လိုက်ဦးမယ်"
ဝူယင်က သူ့ကို အလျင်အမြန် ဆွဲထားလိုက်ပြီး...
"ကိုကျောက်ခိုင်... ခင်ဗျား မသွားနဲ့... ကျွန်တော်သွားမယ်"
"ကျွန်တော့်အစွမ်းက ပုန်းအောင်းတဲ့နေရာမှာ ပိုကျွမ်းကျင်တယ်... တကယ်လို့ အန္တရာယ်ရှိရင်တောင် ကျွန်တော်က အစ်ကိုလင်းကို ခေါ်ပြီး ပြေးနိုင်တယ်"
"အဒေါ်ကြီးလီတို့ဘက်မှာ လူများတယ်... လမ်းတစ်လျှောက်လုံးမှာလည်း သန္ဓေပြောင်းသတ္တဝါတွေက မနည်းဘူး... ကျွန်တော်က သူတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး... ခင်ဗျားပဲ သူတို့ကို ခေါ်သွားပေးပါ"
ကျောက်ခိုင် မျက်မှောင်ကြုတ်သွားသော်လည်း ဝူယင်က သူ့ကို ပြန်ပြောချိန်ပင် မပေးဘဲ သတ္တုတွင်းဧရိယာရှိရာဘက်သို့ ချက်ချင်း လှည့်ပြေးသွားလေသည်။
ကျောက်ခိုင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသော်လည်း လင်းယွမ် မှာကြားခဲ့သည်ကို သတိရနေဆဲ ဖြစ်သည်။
သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး...
"ကျွန်တော်တို့ သွားကြရအောင်"
အဒေါ်ကြီးလီက စိုးရိမ်တကြီး မေးလိုက်သည်။
"ကျောက်ခိုင်... လင်းယွမ်ကို မစောင့်တော့ဘူးလား"
အခြားသူများကလည်း အလုအယက် ပြောဆိုကြသည်။
"အဲဒီလိုမှ မဟုတ်ရင်လည်း ငါတို့ကို တစ်နေရာရာမှာ ထားခဲ့ပြီး မင်းပါ သွားကြည့်လိုက်ပါလား"
"ဟုတ်တယ်လေ ကျောက်ခိုင်ရယ်... ဝူယင်လေး တစ်ယောက်တည်းဆိုတော့ ငါတို့လည်း စိတ်မချပါဘူး"
"ငါတို့တွေ အများကြီး အတူတူရှိနေတာပဲ... ငါတို့အတွက် စိတ်မပူပါနဲ့"
လူတိုင်းက ကိုယ့်လုံခြုံရေးကိုပင် ဂရုမစိုက်ဘဲ တရုန်းရုန်းဖြင့် ကျောက်ခိုင်အား လင်းယွမ်ကို ပြန်ရှာရန် တိုက်တွန်းနေကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျောက်ခိုင်၏ လေးလံနေသော မျက်နှာထားတွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
"အဒေါ်ကြီးလီ... ခင်ဗျားတို့အားလုံး ဒီလို စေတနာထားပေးတာနဲ့တင် အစ်ကိုလင်း ဒီကို လာခဲ့ရကျိုး နပ်ပါပြီ... စိတ်ချကြပါ... အစ်ကိုလင်း ဘာမှမဖြစ်ဘူးဆိုတာ ကျွန်တော် ယုံတယ်"
"မိန်တုဥယျာဉ်ကနေ လျှိုအားလုံကို သတ်... ဝမ်ကျဲကို တိုက်ခိုက်ပြီး... ဒီအထိ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြတာ... အစ်ကိုလင်းက ကျွန်တော်တို့ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးဘူး"
"ကျွန်တော် အားလုံးကို အရင် ပြန်ပို့ပေးမယ်... ပြန်ရောက်မှ အမတင်းတို့နဲ့အတူ ဒီကို ပြန်လာကြတာပေါ့"
"တကယ်လို့ အစ်ကိုလင်းသာ တစ်ခုခု ဖြစ်သွားခဲ့ရင်... ဒီသတ္တုတွင်းက အစွမ်းပိုင်ရှင် အားလုံးကို သတ်ပစ်မယ်လို့ ကျွန်တော် ကျောက်ခိုင် ကျိန်ဆိုပါတယ်"
သူ့မျက်ဝန်းအိမ်တွင် အေးစက်သော အရိပ်အယောင်များ ယှက်သန်းသွားပြီးနောက် အဒေါ်ကြီးလီတို့၏ တောင်းဆိုမှုကို ဂရုမစိုက်တော့ဘဲ သူတို့ကို ဦးဆောင်ကာ တောနက်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားလေသည်။
...
ဝူယင်သည် အရိပ်များထဲတွင် ပုန်းအောင်းရင်း လမ်းတစ်လျှောက် အလျင်အမြန် ပြန်လာခဲ့သည်။
သတ္တုတွင်းဧရိယာသို့ မရောက်ခင်မှာပင် ပူပြင်းသော အပူလှိုင်းများကြောင့် သူ့ခန္ဓာကိုယ်တွင် ချွေးများ စိုရွှဲလာသည်။
မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း လေထုထဲရှိ ရေငွေ့များမှာ ရေနွေးငွေ့များသဖွယ် ဖြစ်နေပြီး အတိုင်းအတာတစ်ခုအထိ မြင့်မားသော အပူချိန်ဖြင့် မျက်နှာကို လာရောက် ရိုက်ခတ်နေသည်။
အဝေးမှပင် အသားများ မီးကျွမ်းနေသည့် အနံ့မျိုးကို သူ ရနေသည်။
အလောင်းများ မီးလောင်ကျွမ်းနေခြင်း ဖြစ်မှန်း သိလိုက်ရသဖြင့် သူ့ရင်ထဲတွင် ပျို့အန်ချင်သလို ဖြစ်သွားသည်။
ထိုအချိန်တွင် အဝေးတစ်နေရာရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် မီးလုံးကြီးတစ်လုံး ရပ်နေသည်ကို မြင်လိုက်ရသဖြင့် သူ ရှေ့ဆက် မတိုးရဲတော့ပေ။
ထိုမီးလုံးကြီးသည် လူပုံသဏ္ဌာန်ရှိပြီး တစ်ကိုယ်လုံးတွင် မီးတောက်များ လောင်ကျွမ်းနေသည်။
"မီးအစွမ်းပိုင်ရှင်ပဲ... ဒါ ဟိုလူ ထျန်ဝေ ဖြစ်လောက်တယ်"
"သူ ဘာမှ မဖြစ်ဘူးဆိုတော့... အစ်ကိုလင်းများ"
ဝူယင်၏ စိတ်ထဲတွင် ရုတ်တရက် ထိတ်လန့်ကြောက်ရွံ့မှုများ ဝင်ရောက်လာပြီး မီးလောင်ပြင်ကို အလျင်အမြန် လှမ်းမျှော်ကြည့်လိုက်သည်။
နေရာအနှံ့ မီးတောက်များသာ ရှိနေပြီး ဤသတ္တုတွင်းထဲတွင် မီးစွမ်းအင်ကျောက်တုံး ဘယ်လောက်များများ မြှုပ်နှံထားခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။
ယခုပေါက်ကွဲမှုသည် ကျန်ရှိနေသော မီးစွမ်းအင်ကျောက်တုံး အများအပြားကိုပါ ဆင့်ကဲ ပေါက်ကွဲစေခဲ့ပြီး ဟုန်းဟုန်းတောက်လောင်နေသော မီးပင်လယ်ကြီးကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ဝူယင်သာ လင်းယွမ်ကို ရှာဖွေနေခြင်း မဟုတ်ဘဲ ထျန်ဝေလည်း လိုက်ရှာနေခြင်း ဖြစ်သည်။
သူ၏ အကြည့်များက ခုနက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လင်းယွမ် ရှိနေသည့် နေရာကို စူးစိုက်ကြည့်နေသည်။
မီးခိုးများ လှိမ့်တက်နေပြီး အဖြူရောင် ရေငွေ့များ ဖုံးလွှမ်းနေသဖြင့် အတွင်းမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ထျန်ဝေ စိတ်မရှည်တော့ပေ။
"သေသွားရင်တောင် အလောင်းကို ငါ ကိုယ်တိုင် မြင်ရမှ ဖြစ်မယ်"
သူက ကိုယ်ကို လှည့်ကာ ကျောက်တုံးပေါ်မှ တိုက်ရိုက် ခုန်ချလိုက်သည်။
တစ်ကိုယ်လုံး မီးတောက်များ လောင်ကျွမ်းနေသောကြောင့် ဤမီးများကို သူ လုံးဝ မကြောက်ပေ။
သူသည် မီးပုံထဲသို့ လမ်းလျှောက်ဝင်သွားပြီး မီးတောက်များ၏ ဗဟိုချက်ဆီသို့ အလျင်အမြန် သွားလိုက်သည်။
မီးတောက် ဗဟိုချက်နှင့် နီးကပ်လာသည်နှင့်အမျှ ရှေ့ရှိ စက်ဝိုင်းပုံသဏ္ဌာန် မီးကွင်းတစ်ခုက သူ့ကို ရုတ်တရက် ရပ်တန့်သွားစေသည်။
သူ့ရင်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ချက်ချင်း ဝင်ရောက်လာသည်။
ထိုမီးကွင်းထဲတွင် ကြည်လင်နေသော လိပ်ခွံပုံသဏ္ဌာန် စွမ်းအင်အကာအကွယ်တစ်ခုသည် မြေပြင်ပေါ်တွင် ခိုင်ခံ့စွာ အုပ်မိုးထားသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်၏ တစ်ကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများ ပြည့်နှက်နေပြီး အရေပြားများ မီးကျွမ်းကာ ဆံပင်များလည်း မီးလောင်သွားသဖြင့် ထိပ်ပြောင်ကြီး ဖြစ်နေသည်။
သို့သော် သူ့ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ရှိနေဆဲဖြစ်ပြီး အသက်ရှူနှုန်း မှန်ကန်ကာ တည်ငြိမ်သော မျက်လုံးများဖြင့် လိပ်ခွံစွမ်းအင်အကာအကွယ် ကို တည်ငြိမ်စွာ ထိန်းထားလေသည်။
"မဖြစ်နိုင်ဘူး... မင်း... မင်း ဘယ်လိုလုပ် မသေသေးတာလဲ"
ထျန်ဝေက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မယုံကြည်နိုင်သော လေသံဖြင့် ဟိန်းဟောက်လိုက်သည်။
လင်းယွမ်က သူ့ကို လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းကို တွန့်ရုံ ပြုံးလိုက်ရာ မျက်နှာပေါ်ရှိ အနာဖေးများ ကွဲအက်သွားပြီး မီးကျွမ်းထားသော အသားစများ ကွာကျကာ အသစ်ပြန်ပေါက်လာသော အသားနုများ ပေါ်ထွက်လာသည်။
"ခုနက ပေါက်ကွဲချက်က တော်တော့်ကိုပြင်းတာ ငါဝန်ခံတယ်"
"တကယ်ပဲ... ငါ သေတော့မလို့... ကံကောင်းလို့ ချက်ချင်း မြေအောက်ထဲ ရှောင်လိုက်နိုင်လို့သာ ဒီပေါက်ကွဲတဲ့ဒဏ်ကို လွတ်သွားတာ"
ထျန်ဝေ ငုံ့ကြည့်လိုက်ရာ လင်းယွမ်၏ ခြေရင်းတွင် တိမ်တိမ်လေး ဖြစ်နေသော တွင်းကြီးတစ်တွင်းကို တကယ်ပင် တွေ့လိုက်ရသည်။
လက်သီးဖြင့် အတင်း ထိုးခွဲထားပုံ ရသည်။
ထျန်ဝေ ရုတ်တရက် မော့ကြည့်လိုက်ပြန်ရာ လင်းယွမ်၏ ကျောဘက်တွင် ဒဏ်ရာ အပြင်းထန်ဆုံး ဖြစ်နေပြီး ကျောပြင်တစ်ခုလုံးရှိ အရေပြားနှင့် အသားများ တစ်လွှာခန့် စုတ်ပြဲသွားသည်ကို သတိထားမိလိုက်သည်။ လတ်တလောတွင် သွေးသံရဲရဲ ဖြစ်နေသော်လည်း အများစုမှာ အနာဖေး တက်နေပြီ ဖြစ်သည်။
လင်းယွမ်က ထိုနေရာတွင် ရပ်ရင်း ရေရွတ်လိုက်သည်။
"မီးအစွမ်းနဲ့ ပေါက်ကွဲသင်္ကေတကျောက်တုံး ပေါင်းစပ်လိုက်တော့ အဖျက်စွမ်းအားက တကယ် ပြင်းထန်တာပဲ"
"ငါ ရှောင်တာ မြန်လို့ပေါ့... ပြီးတော့ အဆင့်မြင့် ပြန်လည်ကုသခြင်း အစွမ်းကိုပါ အခုလေးတင် ရလိုက်လို့... အဲဒီလိုမဟုတ်ရင် ရလဒ်က ပြောဖို့ ခက်တယ်"
"ဒါပေမဲ့ ဒီလောက်ပါပဲ... ပေါက်ကွဲချက်က ပြင်းထန်ပေမဲ့ မီးတောက်ရဲ့ ဖျက်စီးအားကတော့ သာမန်ပါပဲ"
"ငါ့ရဲ့ လိပ်ခွံအကာအကွယ်က သာမန် သဘာဝမီးလောက်ကို ကာကွယ်ဖို့ လုံလောက်တယ်"
"ပြီးတော့... အခု ငါက ဒီလို မီးလောက်ကို စိုးရိမ်စရာ မလိုတော့ဘူး ထင်တယ်"
လင်းယွမ် ရုတ်တရက် ထူးဆန်းစွာ ရယ်မောလိုက်သည်။ သူ့ရင်ဘတ်ထဲမှ နှလုံးခုန်သံ ဘုန်းခနဲ ဘုန်းခနဲ မြည်နေသည်ကို သူ ခံစားနေရသည်။
သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းသည် အပူချိန်မြင့်မားသော မီးတောက်များ၏ ဒဏ်ကို အလျင်အမြန် လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်နေပြီး သူ့အရေပြားနှင့် ကြွက်သားဖွဲ့စည်းပုံများကို မရပ်မနား ပြောင်းလဲပေးနေသည်။
အပူဒဏ်ကို ပိုမို ခံနိုင်ရည်ရှိသော အရေပြားဖွဲ့စည်းပုံ အသစ်တစ်မျိုးသည် လျင်မြန်စွာ ကြီးထွားလာပြီး သူ့ခန္ဓာကိုယ် မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုအရေပြား ဖွဲ့စည်းပုံများသည် အနီရင့်ရောင် အကွက်များ ဖြစ်ပေါ်နေပြီး ဝက်အူရစ်ပုံစံ အရေးအကြောင်းများ မထင်မရှား ဖြစ်ပေါ်နေသည်။
ဒီအန်အေ သံကြိုးခွေများနှင့် တူညီသော ပုံသဏ္ဌာန်များ ဖြစ်သည်။
ဒါက ဘာကို ကိုယ်စားပြုသလဲ ဆိုတာ လင်းယွမ် မသိသော်လည်း ရှင်းလင်းနေသည်မှာ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက သူ့ခန္ဓာကိုယ်ထဲရှိ မျိုးဗီဇအပေါ် မူတည်ပြီး အကောင်းဆုံး တုံ့ပြန်နိုင်မည့် နည်းလမ်းကို လျင်မြန်စွာ ရွေးချယ် ဖော်ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။
"မ... မဖြစ်နိုင်ဘူး"
"မင်းက ဘယ်လို သတ္တဝါမျိုးလဲ... ဒီလောက်နဲ့တောင် မင်း မသေဘူးလား"
ထျန်ဝေ၏ မျက်ဝန်းအိမ် ကျဉ်းမြောင်းသွားပြီး မယုံကြည်နိုင် ဖြစ်နေသည်။
သူက လက်သီးတစ်ဖက်ဖြင့် လိပ်ခွံအကာအကွယ်ပေါ်သို့ ဝုန်းခနဲ ထိုးချလိုက်သည်။
"ဝုန်း"
လိပ်ခွံအကာအကွယ်ကြီး ရုတ်တရက် ကွဲကြေသွားပြီး တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များက လင်းယွမ်ထံသို့ ရူးသွပ်စွာ လှိမ့်ဝင်သွားကြသည်။
ယခုတစ်ကြိမ်တွင် လင်းယွမ်သည် ဤမီးတောက်များကို ကာကွယ်ရန် မည်သည့်နည်းလမ်းကိုမျှ ထပ်မံ အသုံးမပြုတော့ပေ။
မီးတောက်များကို သူ့ခန္ဓာကိုယ်ပေါ်သို့ အတိုင်းအဆမရှိ လောင်ကျွမ်းခွင့် ပြုလိုက်သည်။
သို့သော် အရေပြားအသစ်သည် မီးတောက်ဖြင့် လောင်ကျွမ်းခံရချိန်တွင် နာကျင်မှုကို အနည်းငယ်မျှပင် မခံစားရတော့ပေ။
ပူစပ်ပူလောင် ဖြစ်သည့် ခံစားချက်မျိုးသာ ရရှိတော့သည်။
လင်းယွမ် ပြုံးလိုက်သည်။
"မီးလောင်တဲ့ ခံစားချက်ကလည်း... ဘာမှမဟုတ်ပါလား"
သူက ထျန်ဝေထံသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
ထျန်ဝေ ထိတ်လန့်တကြား နောက်ဆုတ်လိုက်ပြီး မီးပင်လယ်ထဲတွင် သူ့လိုပင် ဘာမှမဖြစ်ဘဲ ရပ်နေသော လင်းယွမ်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
"မ... မဖြစ်နိုင်ဘူး... မင်းက မီးအစွမ်းပိုင်ရှင်လည်း မဟုတ်ဘဲနဲ့ ဘာလို့ မီးမလောင်ရတာလဲ"
"ဒါ လုံးဝ မဖြစ်နိုင်ဘူး... ဒါက မျက်လှည့်ပဲ"
"ဟုတ်တယ်... ဒါက အာရုံမှားနေတာ... သေချာပေါက် အာရုံမှားနေတာပဲ... မင်းက စိတ်စွမ်းအင်ပိုင်ရှင်ဆိုတော့ မျက်လှည့်ပြတတ်တာပဲ နေမယ်"
ထျန်ဝေက သူ့ကိုယ်သူ အကြောင်းပြချက် ရှာလိုက်ပြီး ဒေါသတကြီး အော်ဟစ်ကာ လက်သီးဖြင့် ဆက်တိုက် ထိုးနှက်လိုက်သည်။
မီးနဂါးနှစ်ကောင် တဟုန်ထိုး ထွက်ပေါ်လာပြီး လင်းယွမ်ကို ပြင်းထန်စွာ ဝင်ဆောင့်လေသည်။
လင်းယွမ်က လုံးဝ ရှောင်တိမ်းခြင်း မရှိဘဲ သူ့ထံ တိုးကပ်လာသော မီးနဂါးနှစ်ကောင်ကို ကြည့်နေသည်။
ထို့နောက် ရုတ်တရက် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ မီးနဂါးနှစ်ကောင်ကို ဖွဖွလေး ဖိချလိုက်သည်။
"ဖုတ်... ဖုတ်"
ပေါက်ကွဲသံအစ်အစ် နှစ်ချက် ထွက်ပေါ်လာသည်။
မီးနဂါးများက သူ့လက်ဖဝါးကို ဝင်ဆောင့်သော်လည်း သူ့လက်ဖဝါးကို အနည်းငယ် တုန်ခါသွားစေရုံသာ ရှိသည်။
လင်းယွမ် ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်သည်။
"မီးတောက်ရဲ့ ပေါက်ကွဲစေတဲ့ အဖျက်စွမ်းအားကို ဖယ်လိုက်ရင်... မင်းရဲ့ မီးနဂါး တိုက်ခိုက်မှု အရှိန်က တကယ်ကို ပြောပလောက်စရာ မရှိပါလား"
လင်းယွမ်က ဖွဖွလေး ပြုံးလိုက်ပြီးနောက် ညာဘက်ခြေထောက်ဖြင့် မြေကြီးကို ဝုန်းခနဲ ဆောင့်နင်းလိုက်သည်။
တစ်ခဏချင်းမှာပင် ခြေဖဝါးအောက်မှ စွမ်းအားများ မြင့်တက်လာပြီး ကြွက်သားနှင့် အကြောများ ဖောင်းပွလာကာ သွေးများ ဆူပွက်လာသည်။
"ကြွက်သားပေါက်ကွဲ အစွမ်း "
ခွန်အားများ နှစ်ဆ တိုးလာပြီး ချက်ချင်းပင် ကြွက်သားများ ဖောင်းကြွလာကာ အမှတ် ၃၀ ကျော်လွန်သော စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
အားအင်အားလုံးကို တစ်စုတစ်စည်းတည်း ပေါင်းစပ်လိုက်ပြီး သူ့လက်ဖဝါးနှစ်ဖက်မှတစ်ဆင့် ပြင်းထန်စွာ ထုတ်လွှတ်လိုက်သည်။
"ဝုန်း... ဝုန်း"
ပေါက်ကွဲသံကြီး နှစ်သံ ဆက်တိုက် ထွက်ပေါ်လာသည်။
လေထုတုန်ခါမှုများ လှိမ့်ဝင်သွားပြီး မီးနဂါးနှစ်ကောင်သည် ထိုစွမ်းအင်နှစ်ခု၏ ရိုက်ခတ်မှုကြောင့် နောက်သို့ အတင်း ပြန်ကန်ထွက်သွားသည်။
ပေ အနည်းငယ်မျှ ရှည်လျားသော မီးနဂါးကြီးများသည် ဝူးခနဲ မြည်ကာ ပြင်းထန်စွာ ဖိသိပ်ခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် (၂)ပေခန့်သာ ရှိတော့သည့် မီးတောက်ကလေးများအဖြစ်သို့ လျော့ကျသွားကာ ထျန်ဝေ၏ လက်သီးထက်တွင် တုန်တုန်ရီရီဖြင့် ယိမ်းခါနေကြသည်။
ထျန်ဝေ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့လက်သီးနှစ်ဖက်ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
"မဖြစ်နိုင်တာ"
"ဝှီး"
လင်းယွမ်၏ ခန္ဓာကိုယ်သည် လျှပ်စီးသဖွယ် ရွေ့လျားလာပြီး ချက်ချင်း သူ့ရှေ့သို့ ရောက်လာသည်။
"ဘုန်း"
လက်ကြီးတစ်ဖက်က ထျန်ဝေ၏ လည်ပင်းကို ချက်ချင်း ညှစ်ကိုင်လိုက်သည်။
လင်းယွမ်က လက်တစ်ဖက်တည်းဖြင့် သူ့ကို လေပေါ်သို့ ဆွဲမြှောက်လိုက်သည်။
"အ... အွတ်"
ထျန်ဝေ၏ မျက်ဝန်းအိမ်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်လာသည်။
သူက လင်းယွမ်၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် ပြန်လည် ဆုပ်ကိုင်ထားပြီး သူ့မီးစွမ်းအင်ကို အစွမ်းကုန် ထုတ်ဖော်ကာ လင်းယွမ်၏ လက်မောင်းကို အပူလောင်စေရန် ကြိုးစားလေသည်။
လင်းယွမ်၏ လက်မောင်းမှာလည်း အမှန်ပင် ပူပြီး ရဲလာသည်။
အနီရောင် ပြောင်းသွားသော လက်မောင်းပေါ်တွင် မီးတောက်သဖွယ် ဝက်အူရစ်ပုံသဏ္ဌာန် အရေးအကြောင်းများ ပေါ်လာသည်။
သို့သော် ထိုမျှသာ ဖြစ်သည်။
ထိုအရေပြားသည် ပြည်တည်ခြင်း၊ နီရဲရောင်ရမ်းခြင်း၊ မီးကျွမ်းခြင်း တစ်စုံတစ်ရာ မရှိပေ။
လင်းယွမ်က လက်ဖဝါးကို အားထည့်လိုက်ပြီး လက်ချောင်းငါးချောင်းကို ဖြည်းဖြည်းချင်း ကျစ်နေအောင် ဆုပ်ကိုင်လိုက်သည်။
"မီးတောက်က လောင်ကျွမ်းဖို့ အောက်ဆီဂျင် လိုအပ်တယ်... ထျန်ဝေ... မင်းရော"
"အောက်ဆီဂျင် မရှိရင်... အသက်မရှူနိုင်ရင်... အသက်ရှူကျပ်နေတဲ့ အခြေအနေမှာ မင်း ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ"
"မင်းအဲ့လို တစ်ခါမှ မကြုံဖူးဘူး မလား"
လင်းယွမ်၏ လက်ချောင်းများ ပိုမို တင်းကျပ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော အသက်ရှူကျပ်မှု ဝေဒနာက ထျန်ဝေထံ ဝင်ရောက်လာသည်။
ထျန်ဝေ၏ မျက်ဝန်းအိမ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။
သူ့မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ အထင်းသား ပေါ်နေသည်။
လင်းယွမ် သူ့ကို စတွေ့ချိန်မှ ယခုအချိန်အထိ ဤကဲ့သို့သော မျက်နှာထားမျိုး ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ယခင်က သူသည် အမြဲတမ်း ကြမ်းတမ်းခက်ထန်ပြီး ရူးသွပ်သော ပုံစံမျိုးဖြင့်သာ လူရှေ့ထွက်လေ့ ရှိသည်။
သို့သော် ရက်စက်ခြင်း၊ ရူးသွပ်ခြင်း၊ ဒေါသကြီးခြင်း... ဤအရာအားလုံးသည် သူ့ဟန်ဆောင်မှု သက်သက်သာ ဖြစ်သည်။
အရည်အချင်း မရှိသော လူများသာ ကိုယ့်ဒေါသကို မထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။
သူရဲဘောကြောင်သူများသာ ကိုယ့်ရက်စက်မှုကို အလှဆင်ရန် ဒေါသကို အသုံးပြုကြခြင်း ဖြစ်သည်။
ထျန်ဝေ... သူ့အရိုးထဲတွင် အမှန်တကယ်တော့ သတ္တိနည်းသူ၊ သူရဲဘောကြောင်သူ တစ်ယောက်သာ ဖြစ်သည်။
သူသည် သာမန်လူအုပ်ကြီးထဲမှ သာမန်လူတစ်ယောက်သာ ဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့် စွမ်းအားကြီးသော မီးအစွမ်းကို နိုးထလာခဲ့ခြင်းသာ ဖြစ်သည်။
"မ... မသတ်ပါနဲ့... အဟွတ်... အဟွတ်... အား"
ဦးနှောက်တွင် အောက်ဆီဂျင် ပြတ်လပ်လာသဖြင့် ထျန်ဝေ၏ မြင်ကွင်းများ တဖြည်းဖြည်း မည်းမှောင်လာသည်။
အဆုံးအစမဲ့သော ကြောက်ရွံ့မှုများ ဝင်ရောက်လာပြီး သူ့ကို သာမန်လူဘဝတုန်းက သန္ဓေပြောင်းသတ္တဝါများနှင့် ရင်ဆိုင်ခဲ့ရစဉ်က ခံစားခဲ့ရဖူးသည့် အားကိုးရာမဲ့ပြီး မျှော်လင့်ချက်မဲ့သော အခြေအနေမျိုးသို့ ပြန်ရောက်သွားစေသည်။
သူ ကြောက်နေပြီ... သူ ထိတ်လန့်နေပြီ... သူ အသက်ရှင်ချင်သည်။
သူသည် ငယ်စဉ်က မပျော်ရွှင်ရသော မိသားစုတစ်ခုတွင် ကြီးပြင်းခဲ့ရသည်။ အမေက သာမန် တောသူမကြီး တစ်ယောက်ဖြစ်ပြီး အဖေကတော့ အရက်သမား တစ်ယောက် ဖြစ်သည်။
အရက်မူးပြီး ပြန်လာတိုင်း အမေ့ကို ရိုက်နှက်လေ့ ရှိသည်။
အမေက အမြဲတမ်း သူ့ကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားပြီး အံကိုကြိတ်ကာ တစ်ခွန်းမျှ ပြန်မပြောဘဲ သည်းခံလေ့ရှိသည်။
ထိုကဲ့သို့ အိမ်တွင်းအကြမ်းဖက်မှု ပတ်ဝန်းကျင်တွင် ကာလကြာရှည် ကြီးပြင်းလာခဲ့ရသော ထျန်ဝေသည် စိတ်ဓာတ်ကျကာ အားငယ်တတ်ပြီး ထိခိုက်လွယ်သူ ဖြစ်လာခဲ့သည်။
ကျောင်းတွင်လည်း ထိုကဲ့သို့သော စိတ်နေသဘောထားကြောင့် အတန်းဖော်များ၏ အနိုင်ကျင့်ခြင်းကို မကြာခဏ ခံခဲ့ရသည်။
သူ စာကို ကြိုးစားသင်ယူခဲ့သည်။ အောင်မြင်သော လူတစ်ယောက် ဖြစ်လာပြီး နောင်တစ်ချိန်တွင် အမေ့ကို ခေါ်ကာ ငရဲခန်းသဖွယ် ဖြစ်နေသော အိမ်မှ ထွက်သွားနိုင်ရန် မျှော်လင့်ခဲ့သည်။
သူ အတော်လေး ကြိုးစားခဲ့သဖြင့် စာမေးပွဲ ရမှတ်များ မဆိုးလှပေ။ ရွာမှ လူအများ အားကျရသည့် တက္ကသိုလ်ကျောင်းသား တစ်ယောက် ဖြစ်လာခဲ့သည်။
သို့သော် ထိုအရာများက ဘာကိုမှ ပြောင်းလဲမသွားစေခဲ့ပေ။
ထိုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် သူ အိမ်ပြန်ရောက်သည့်အခါ အဖေဖြစ်သူက အရက်မူးပြီး ရူးသွပ်နေဆဲ၊ အမေဖြစ်သူက ရိုက်နှက်ခံရပြီး ခေါင်းငုံ့ ငိုကြွေးနေရဆဲ ဖြစ်သည်။
ထိုတစ်ကြိမ်တွင် သူ ပြန်လည် ခုခံခဲ့သည်။
သူက ထိုင်ခုံတစ်လုံးကို ကောက်ယူပြီး ထိုအရက်သမား အဖေကြီးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
အဖေဖြစ်သူ ခေါင်းကွဲကာ သွေးများ စီးကျလာပြီး သူ့ကို ကြည့်သော အကြည့်များတွင် ကြောက်ရွံ့မှုများနှင့် မယုံကြည်နိုင်မှုများ ပါဝင်နေသည်။
ထိုအချိန်တွင် ထျန်ဝေသည် ပြောမပြတတ်အောင် ကျေနပ်သွားခဲ့သည်။
မူလက အကြမ်းဖက်ခြင်းသည် ရင်ထဲရှိ မကျေနပ်ချက်များကို အမှန်တကယ် ဖွင့်ထုတ်ပေးနိုင်ကြောင်း သူ သိလိုက်ရသည်။
သူ ရက်စက်ကြမ်းကြုတ်မှသာ အရက်သမားအဖေက သူ့ကို ကြောက်ရွံ့မည် ဖြစ်သည်။
အွန်လိုင်းပေါ်တွင်လည်း သဘောတရားများစွာကို သူ တွေ့ရှိခဲ့သည်။
လူတစ်ယောက်က မရက်စက်ရင် ရပ်တည်လို့မရဘူးဟု ပြောကြသည်... သူ နားထောင်ခဲ့သည်။
အပြင်လောကမှာ ကျင်လည်ရင် လုံးဝ အလျှော့မပေးနဲ့ဟု ပြောကြသည်... သူ နားထောင်ခဲ့သည်။
သဘောကောင်းသူကို လူတွေက အနိုင်ကျင့်တတ်တယ်၊ ယောကျ်ားဆိုရင် စကားများမနေနဲ့ တန်းသာချဟု ပြောကြသည်... သူ နားထောင်ခဲ့သည်။
အွန်လိုင်းမှ လူများ ပြောသည်ကို အလွန် အကျိုးသင့်အကြောင်းသင့် ရှိသည်ဟု သူ ထင်မြင်ခဲ့သည်။
အားလုံးက မိဘမွေးထားတဲ့ လူသားတွေပဲ... ပထမဆုံးအကြိမ် လူလာဖြစ်ကြတာချင်း တူတူ ဘာကိစ္စ ကိုယ်က အနိုင်ကျင့် ခံရမှာလဲ...
ထိုအချိန်မှစ၍ ကျောင်းတွင်လည်း သူ့ကိုယ်သူ ရက်စက်ကြမ်းကြုတ်မှုများဖြင့် အလှဆင်ခဲ့သည်။
သူ့ကို အနိုင်ကျင့်ဖူးသော အခန်းဖော်ကို အိပ်ပျော်နေစဉ် ခေါင်းအုံးဖြင့် အသက်ရှူမရအောင် ဖိသတ်ခဲ့ဖူးသည်။
တစ်ဖက်လူ သေလုမြောပါး ဖြစ်မှသာ သူ လက်ကို လွှတ်ပေးလိုက်သည်။
ထိုအချိန်မှစ၍ သူ့ကို ဘယ်သူမှ အနိုင်မကျင့်ရဲတော့ပေ။
သူ ရက်စက်လေလေ၊ ရူးသွပ်လေလေ သူ့ကို ဘယ်သူမှ အနိုင်မကျင့်နိုင်တော့ဘဲ လူတိုင်းက သူ့ကို ကြောက်ရွံ့ကြလိမ့်မည်ဟု သူ ပိုမို ယုံကြည်လာခဲ့သည်။
ကပ်ဘေး ရေလွှမ်းမိုးကြီး ဖြစ်ပေါ်လာသည့်အချိန်အထိ သူ၏ ထိုသဘောတရားက သူ့အတွေးအခေါ်ကို ထပ်မံ သက်သေပြလိုက်ပြန်သည်။
ရေစကြီးကာစ အချိန်တွင် အစားအသောက် လုရင်း လူများနှင့် ရိုက်နှက်ပွဲ ဖြစ်ဖူးသည်။
သို့သော် သူ့ခွန်အားက သိပ်မကြီးသဖြင့် အကြိမ်ကြိမ် မျက်နှာဖူးယောင်အောင် အထိုးခံခဲ့ရသည်။
ကျုံးယွဲ့ဟုန်ထီ ရပ်ကွက်တွင် သူက တစ်သီးတစ်သန့် နေတတ်သူ ဖြစ်ပြီး သိကျွမ်းသူ သိပ်မရှိသဖြင့် အကူအညီလည်း ရှာမရခဲ့ပေ။
သူ ခက်ခက်ခဲခဲ ဝယ်လာခဲ့ရသော အစားအစာများကို လူတွေ လုယူသွားသည်ကို ထျန်ဝေ ကြည့်နေခဲ့ရသည်။
သူ့ရင်ထဲတွင် မကောင်းသော စိတ်များ ဝင်ရောက်လာပြီး ထိုညတွင် လှေကားထစ်၌ ချောင်းမြောင်းကာ ထိုလူကို ဓားဖြင့် ရက်ရက်စက်စက် ထိုးသတ်ခဲ့သည်။
သူ အိမ်သို့ အလျင်အမြန် ပြန်ပြေးလာပြီး ကြောက်ရွံ့စိတ်ဖြင့် တစ်ညတာ ကုန်လွန်ခဲ့သည်။
ရဲများ လာဖမ်းလိမ့်မည်၊ ထောင်ကျလိမ့်မည်၊ သေနတ်ဖြင့် ပစ်သတ်ခံရလိမ့်မည်ဟု သူ ထင်ခဲ့သည်။
သို့သော် မိုးလင်းသည်အထိ သူ့ကို လာဖမ်းမည့်သူ မရှိပေ။ တံခါးလာခေါက်သူပင် မရှိခဲ့။
သူ ထူးဆန်းနေပြီး တံခါးဖွင့်ကြည့်လိုက်ရာ လှေကားထစ်တွင် သွေးများ ရှိနေဆဲ၊ အလောင်း ရှိနေဆဲ ဖြစ်သည်။
သို့သော် မည်သူမျှ အပိုကိစ္စ လာလုပ်သူ မရှိဘဲ အိမ်တိုင်း တံခါးများကို လုံအောင် ပိတ်ထားကြသည်။
ထျန်ဝေသည် ကျုံးယွဲ့ဟုန်ထီတွင် လူသတ်ဖူးသော ပထမဆုံးလူ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ပိုရက်စက်မှ၊ ပိုရူးသွပ်မှသာ အသက်ရှင်နိုင်မည် ဆိုသည်ကို သူ ထပ်မံ နားလည်သွားခဲ့သည်။
ထိုသို့ဖြင့် တိုက်ခန်းတစ်ခန်း၏ ခေါင်းဆောင်အဖြစ် သူ နေရာရလာခဲ့သည်။
ကျုံးယွဲ့ဟုန်ထီ ရပ်ကွက်ရှိ အဖွဲ့အစည်း အတော်များများတွင် သူသည် ရူးသွပ်သူ တစ်ယောက်ဖြစ်ပြီး သွားမစသင့်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း လူအများ သိလာကြသည်။
သူသည် ကပ်ဘေးကာလတွင် အောင်မြင်စွာ ခြေကုပ်ယူနိုင်ခဲ့သည်။
နောက်ပိုင်းတွင် အစားအသောက်များစွာ လုယက်ခဲ့သည်၊ မိန်းအများစွာနှင့် ပျော်ပါးခဲ့သည်၊ သူ့ရက်စက်မှုကို ပြသရန် လူများစွာကိုလည်း သတ်ဖြတ်ခဲ့သည်။
ဧရာမ ကဏန်းကြီးတစ်ကောင် ကျုံးယွဲ့ဟုန်ထီ ရပ်ကွက်ထဲသို့ ဝင်ရောက်လာသည့် အချိန်အထိပင်။
ထိုကြောက်မက်ဖွယ် ကဏန်းကြီးက ရပ်ကွက်ထဲရှိ တိုက်များကို စက္ကူများသဖွယ် အလွယ်တကူ ဝင်တိုက်ကာ ဖြိုချခဲ့သည်။
လူများစွာကို စားသောက်ခဲ့ပြီး ရပ်ကွက်တစ်ခုလုံးရှိ ရေပြင်သည် သွေးချင်းချင်းနီခဲ့သည်။
ထျန်ဝေ ထိုနေ့တွင် အစွမ်းနိုးထလာခဲ့ခြင်း ဖြစ်သည်။
သို့သော် သူသည် တစ်လျှောက်လုံး မည်သည့် အသက်အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ရပေ။
သူ လန့်သွားခြင်း ဖြစ်သည်။
လန့်ပြီး အစွမ်းနိုးထလာခြင်း ဖြစ်သည်။
သူ့အရိုးထဲထိ သူသည် ဘယ်တုန်းကမှ သတ္တိရှိသူ တစ်ယောက် မဟုတ်ခဲ့ပေ။
သူ့ရက်စက်မှု၊ သူ့အဆိပ်ပြင်းမှု၊ သူ့ရူးသွပ်မှု... အားလုံးက ဟန်ဆောင်ထားခြင်းများသာ။
သူ့အန္တရာယ်ရှိမှုကို ပြသရန်၊ လူတိုင်း သူ့ကို ကြောက်ရွံ့လာစေရန် ဤအရာများကို အသုံးချခဲ့ခြင်း ဖြစ်သည်။
သူ့သတ္တိက တကယ်တော့ မကြီးပေ။ အန္တရာယ်နှင့် ကြုံလာလျှင် သူက ဘယ်သူ့ထက်မဆို ပိုမြန်မြန် ထွက်ပြေးတတ်သူ ဖြစ်သည်။
ထိုအဖြစ်အပျက် ပြီးနောက် သူ လူများကို ခေါ်ဆောင်ပြီး ထိုက်ယန်တောင် သို့ ပြောင်းရွှေ့လာခဲ့သည်။
စစ်တပ်မှ ထုတ်ပြန်လိုက်သော သင်္ကေတ နည်းပညာကို ရရှိပြီးနောက် သူသည် ပေါက်ကွဲ သင်္ကေတကို အသည်းအသန် လေ့လာခဲ့ပြီး ဤသတ္တုတွင်း ဧရိယာကို သိမ်းပိုက်ခဲ့သည်။
အပြင်လူများအတွက်တော့ သူသည် အရူးတစ်ပိုင်း ပုံစံမျိုးသာ ရှိနေဆဲ ဖြစ်သည်။
ဒီလိုမှသာ ဘယ်သူမှ သူ့ကို အနိုင်မကျင့်ရဲ၊ ဘယ်သူမှ သူ့ကို မထိပါးရဲ၊ ဘယ်သူမှ သူ့ကို ရန်မစရဲမည် ဖြစ်သည်။
သူ အောင်မြင်ခဲ့သည်။ ထိုက်ယန်တောင်ရှိ ခိုလှုံရေးစခန်းကြီး လေးခုအနက် တစ်ခု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။
စွမ်းအင်ကျောက်တုံးများ အများဆုံး ထွက်ရှိရာ သတ္တုတွင်းကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော်... ဒီတစ်ကြိမ်မှာတော့ သူ သံတိုင်နှင့် ဝင်တိုက်မိလေပြီ။
သူ့ကို လုံးဝ မကြောက်သည့် လူတစ်ယောက်နှင့် သွားငြိမိခြင်း ဖြစ်သည်။
မျက်စိရှေ့တွင် အမှောင်ထုများ ဖုံးလွှမ်းလာခြင်းက ဦးနှောက်၌ သွေးပြတ်လပ်သွားခြင်း၏ လက္ခဏာဖြစ်သည်။
ထျန်ဝေ အသည်းအသန် ရုန်းကန်နေပြီး သူ့ကို ညှစ်ထားသော လက်ဖဝါးမှ လွတ်မြောက်ချင်နေသည်။
သူ မသေချင်ပါ... တကယ် မသေချင်သေးပါ။
သူ အမေ့ကို ပြန်ပြီး လုပ်ကျွေးပြုစုရဦးမည်... ဟိုအရက်သမား အဖေကြီးနှင့်လည်း စာရင်းရှင်းရဦးမည်။
သူ ဒီလိုပုံစံနဲ့ တကယ် မသေချင်သေးပါ။
"အ... အွတ်"
သူ ပါးစပ်ကို အတင်း ဟကာ အသက်ရှူရန် ကြိုးစားနေသည်။
သို့သော် ထိုလက်ကြီးက သံညှပ်ကဲ့သို့ပင် သူ့လည်ပင်းကို သေလုမတတ် ညှစ်ထားပြီး ဆက်တိုက် ပိုမို တင်းကျပ်လာသည်။
နတ်ဆိုးတစ်ကောင်၏ အသံလို အသံမျိုးက သူ့နားနားတွင် ထွက်ပေါ်လာသည်။
"မင်း မီးရှို့သတ်ခဲ့တဲ့ လူတွေကို ပြန်တွေးကြည့်စမ်း... သူတို့ မသေခင်တုန်းက ဘယ်လောက်တောင် နာကျင်ခံစားခဲ့ရမလဲ"
"ထျန်ဝေ... သေခြင်းတရားရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို အခု မင်း သိပြီလား"
"မင်းလို ရူးသွပ်တဲ့ကောင်ကလည်း ကြောက်တတ်သေးတာလား"
"ဟက်"
"ဂျွတ်"
အရိုးကျိုးသံ တစ်ချက် ထွက်ပေါ်လာသည်။
လင်းယွမ်၏ လက်ကြီးက ထျန်ဝေ၏ လည်ပင်းရိုးကို အရှင်လတ်လတ် ချိုးပစ်လိုက်ခြင်း ဖြစ်သည်။
ထျန်ဝေ၏ လက်မောင်းများ ရုန်းကန်နေမှု ရပ်တန့်သွားပြီး ဖြည်းညှင်းစွာ တွဲလောင်းကျသွားသည်။
သူ့ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ပန်းထွက်လာပြီး ခန္ဓာကိုယ် အပူချိန်မှာလည်း လျင်မြန်စွာ ကျဆင်းသွားသည်။
တစ်ကိုယ်လုံးရှိ မီးတောက်များမှာမူ စောစောကတည်းက ငြိမ်းသတ်သွားပြီး ဖြစ်သည်။
မိုးရေများက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ ရေငွေ့များအဖြစ် ပြောင်းလဲသွားပြီး သူ့အလောင်းကို အလျင်အမြန် အအေးခံပေးလိုက်သည်။
ထိုအလောင်းသည် သွေးသားအရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မီးခိုးမည်းရောင်အဖြစ် ပြောင်းလဲသွားသည်။
တဖြည်းဖြည်း အေးစက်သွားသော မီးသွေးတုံး တစ်တုံးနှင့် အလွန် တူနေပြီး အပူအအေး ဒဏ်ကြောင့် အရေပြားပေါ်တွင် အက်ကွဲကြောင်း အများအပြားပင် ပေါ်လာလေသည်။
ဆက်ရန်...
အပိုင်း(၂၂၂) ရိတ်သိမ်းခြင်း
လင်းယွမ်က အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"ခွပ်" ခနဲ အသံနှင့်အတူ မီးသွေးတုံးကဲ့သို့ ဖြစ်နေသော ထိုအလောင်းထံမှ ကျိုးပဲ့သံ ထွက်ပေါ်လာသည်။
လင်းယွမ်က တည်ငြိမ်စွာပင် ဂရုမစိုက်တော့ဘဲ ခေါင်းမော့ကာ သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များအောက်တွင် သူ၏ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ခံလိုက်သည်။
မိုးရေအများအပြား စီးကျလာမှုကြောင့် သူ၏ကိုယ်ပေါ်ရှိ ဒဏ်ရာများမှ သွေးစများမှာ လျင်မြန်စွာပင် စင်ကြယ်သွားလေသည်။
အနာဖေးတက်နေသည့် နေရာများမှလည်း အဖတ်များ ကွာကျလာပြီး အသားနု အသစ်များ ပေါ်ထွက်လာသည်။
လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြန်လည်ကုစားနိုင်စွမ်း၏ နှုန်းကို အာရုံခံလိုက်မိပြီး မျက်လုံးများတွင် အပြုံးရိပ်တို့ ယှက်သန်းသွားသည်။
"ပြန်လည်ကုစားနိုင်တဲ့ နှုန်းက နည်းနည်း ပိုမြန်လာပါလား"
"ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက တကယ်ကို အံ့မခန်းပဲ"
"ဒါပေမဲ့ အကန့်အသတ်တစ်ခုကို ရောက်လုနီးပါး ဖြစ်နေပြီလို့ ငါခံစားနေရတယ်"
"နောက်ပိုင်း ဘယ်လိုပဲ ထပ်ပြီး ဆင့်ကဲပြောင်းလဲပါစေ... ပြန်လည်ကုစားနိုင်တဲ့ နှုန်းကတော့ ဒီလောက်ပဲ ရှိတော့မယ့်ပုံပဲ"
"ငါ့ရဲ့ ဆင့်ကဲပြောင်းလဲနိုင်စွမ်းကို ဘယ်အရာက ကန့်သတ်လိုက်တာလဲ"
လင်းယွမ်က အတွေးကို အနည်းငယ် စားမြုံ့ပြန်ရင်း သုံးသပ်ကြည့်လိုက်သည်။
"ပြန်လည်ကုစားနိုင်စွမ်း ဆိုတာက... တကယ်တော့ ခန္ဓာကိုယ်ရဲ့ ပြန်လည်သက်သာလာနိုင်တဲ့ စွမ်းရည်တစ်ခုပဲ... ဒီအချက်က လူသားခန္ဓာကိုယ်ရဲ့ အဓိက အရည်အသွေးကြီးလေးရပ်ထဲက ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ သက်ဆိုင်နေတယ်"
"ဒါဆိုရင်... ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှု ပမာဏက... ဆင့်ကဲပြောင်းလဲနိုင်စွမ်းကို ကန့်သတ်ထားတယ်လို့ ယူဆလို့ရမလား... အဲဒါကြောင့် လက်ရှိ ကုစားနိုင်စွမ်း အရှိန်နှုန်းလောက်အထိပဲ ငါ ဆင့်ကဲပြောင်းလဲနိုင်တာများလား"
"တကယ်လို့... ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးမှတ်ကိုသာ မြှင့်တင်လိုက်မယ်ဆိုရင်... ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက ငါ့ရဲ့ ပြန်လည်ကုစားနိုင်စွမ်း အရှိန်ကို ထပ်ပြီး မြှင့်တင်ပေးနိုင်မလား"
လင်းယွမ် တွေးလေလေ ဖြစ်နိုင်ချေရှိလေဟု ခံစားမိလာသည်။
ဆင့်ကဲပြောင်းလဲခြင်း အစွမ်းဆိုသည်မှာ သူ့အလိုလို စွမ်းရည်များ ပေးအပ်လာခြင်းမျိုး မဟုတ်ပေ။
စွမ်းရည်များ အားလုံးသည် မိမိ၏ ခန္ဓာကိုယ်မှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် မိမိ၏ ခန္ဓာကိုယ်အတွင်း၌ မရေမတွက်နိုင်သော ဖြစ်နိုင်ချေများ ကိန်းအောင်းနေပြီး ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက ထိုစွမ်းရည်များကို လိုအပ်သည့်အချိန်တွင် တူးဖော်ပေးခြင်းသာ ဖြစ်သည်။
သို့သော် မည်မျှအထိ တူးဖော်နိုင်မည် ဆိုသည်မှာ မိမိခန္ဓာကိုယ်၏ အလားအလာအပေါ်တွင် မူတည်နေပြန်သည်။
မိမိ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ၂၁.၈ သာ ရှိနေချိန်တွင် ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက ဝူမုန့် ကဲ့သို့ သွေးသားကြီးထွားခြင်း အစွမ်းမျိုးကို တူးဖော်ပေးနိုင်မည်တော့ မဟုတ်ပေ။
ဝူမုန့်၏ သွေးသားကြီးထွားခြင်း အစွမ်းမှာ ပြန်လည်သက်သာလာမှုနှုန်း အလွန်ကြောက်ခမန်းလိလိ ကောင်းမွန်လှသည်။
ယခုကဲ့သို့ မီးလောင်ဒဏ်ရာမျိုးဆိုလျှင် မီးလောင်သည့်နှုန်းက သူ၏ ပြန်လည်ကုစားသည့်နှုန်းကိုပင် မမီနိုင်လောက်ပေ။
စဉ်းစားကြည့်ရုံဖြင့် ဝူမုန့်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးမှတ်မှာ အလွန်မြင့်မားမည်မှာ သေချာသည်။
အနည်းဆုံး အမှတ် ၃၀ အထက်တွင် ရှိနေလောက်သည်။
"အစ်ကိုလင်း"
လင်းယွမ် စဉ်းစားခန်း ဝင်နေစဉ်မှာပင် ရုတ်တရက် စိုးရိမ်တကြီး အော်ခေါ်လိုက်သံတစ်ခု ထွက်ပေါ်လာသည်။
လင်းယွမ် လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ မှောင်ရိပ်ထဲတွင် ပိန်လှီသော လူရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဝူယင်လား"
လင်းယွမ်က ချက်ချင်း မှတ်မိလိုက်ပြီး "ကျောက်ခိုင်နဲ့အဒေါ်ကြီးလီတို့ရော" ဟု လှမ်းမေးလိုက်သည်။
ဝူယင်က အလျင်အမြန် လျှောက်လာချင်သော်လည်း မြေပြင်ပေါ်ရှိ ကျောက်တုံးများမှာ ပူကျက်နေပြီး အချို့မှာ အရည်ပင် ပျော်နေလေသည်။
ထို့ကြောင့် သူက အနားသို့ မကပ်ရဲဘဲ အဝေးမှပင် အော်ပြောလိုက်သည်။
"အစ်ကိုလင်း... အစ်ကိုကျောက်က ခင်ဗျားကို စိတ်မချလို့ အခြေအနေ လာကြည့်ခိုင်းလိုက်တာ... သူကတော့ အဒေါ်ကြီးလီတို့ကို ခေါ်ပြီး အရင်သွားနှင့်ပြီ"
လင်းယွမ် သက်ပြင်းတစ်ချက် ချလိုက်သည်။ စောစောက ပေါက်ကွဲမှုကြောင့် သတ္တုတွင်းလိုဏ်ခေါင်း အများအပြား ပြိုကျသွားခဲ့ရာ အဒေါ်ကြီးလီတို့ကို ထိခိုက်မိသွားမည်ကို သူစိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
ယခု ဝူယင်၏ စကားကို ကြားလိုက်ရတော့မှ စိတ်အေးသွားရသည်။
"အစ်ကိုလင်း... ခင်ဗျား ဘာမှမဖြစ်ဘူး မဟုတ်လား"
လင်းယွမ်က လက်ကာပြလိုက်ပြီး "ငါ ဘာမှမဖြစ်ဘူး... မပူနဲ့... ငါတို့ လူခွဲပြီး ပစ္စည်းရှာကြရအောင်" ဟု ပြောလိုက်သည်။
ထို့နောက် လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ အဝတ်အစားတစ်စုံ ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။
စောစောက မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် သူ၏အဝတ်အစားများမှာ ပြာကျသွားခဲ့ပြီ ဖြစ်သည်။
မိုးရေ စီးကျနေမှုအောက်တွင် သူ၏ ကြွက်သားအမြှောင်းမြှောင်းမှာ ထင်းနေပြီး အလွန်ပင် ကြည့်ကောင်းလှသည်။
အဝတ်အစား ဝတ်ဆင်ပြီးနောက် လင်းယွမ်က ကိုယ်ကို လှစ်ခနဲ လှုပ်ရှားလိုက်ပြီး အစောပိုင်းက ထျန်ဝေ ထွက်လာခဲ့သည့် တောင်လိုဏ်ခေါင်းထဲသို့ ဦးစွာ ဝင်ရောက်သွားသည်။
ဝူယင်က လင်းယွမ်၏ ကြီးမားထည်ဝါသော ခန္ဓာကိုယ်ကို ကြည့်ပြီး အားကျသွားသလို သူ၏ ပိန်လှီပုညှက်သော ခန္ဓာကိုယ်အတွက်လည်း အားငယ်စိတ်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဒါက သူ့ဘဝ၏ နာကျင်စရာ တစ်ခုပင်။ အစွမ်း နိုးထလာသည့်တိုင်အောင် အရပ်မရှည်လာသည့် သူ့ကိုယ်သူ နှမြောတသ ဖြစ်မိသည်။
အကယ်၍သာ သူ အရပ်နည်းနည်း ပိုရှည်ပြီး၊ ပိုသန်မာကာ၊ ပိုခန့်ညားခဲ့မည်ဆိုလျှင် ဟွမ်ဟန်၏ သူ့အပေါ်ထားရှိသော သဘောထားမှာ ဒီလို ဖြစ်နေမည် မဟုတ်တန်ရာ။
သူက ထျန်ဝေ၏ အလောင်းဘေးသို့ လျှောက်သွားလိုက်သည်။ လည်ပင်း တစ်ဖက်သို့ လိမ်ထွက်နေသော ထျန်ဝေ၏ အလောင်းကို ကြည့်ရင်း ရုတ်တရက် ဒေါသထွက်စရာ နေရာမရှိ ဖြစ်နေသော ဝူယင်က မနေနိုင်တော့ဘဲ ထျန်ဝေ၏ ခေါင်းကို အားကုန် ဝင်ကန်လိုက်တော့သည်။
"ခွပ်"
အသံအစ်အစ် ထွက်ပေါ်လာပြီး ထျန်ဝေ၏ ခေါင်းမှာ ချက်ချင်းပင် တစစီ ကြေမွသွားတော့သည်။
ထိုအဖြစ်အပျက်မှာ မီးသွေးတုံး တစ်တုံးကို မီးဖုတ်ထားသည်မှာ ကြာလွန်းသဖြင့် ခြေထောက်ဖြင့် နင်းချလိုက်သည်နှင့် ကြေမွသွားသကဲ့သို့ပင်။
ဝူယင် ကိုယ်တိုင်ပင် သူ၏ ကန်ချက်က ဤမျှ ပြင်းထန်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူ လန့်ဖျပ်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ သို့သော် ဤ ထျန်ဝေမှာ အလွန် ယုတ်မာကောက်ကျစ်သူ ဖြစ်ပြီး အဒေါ်ကြီးလီတို့ကို ဖမ်းဆီးခဲ့သူ ဖြစ်ရာ သူ့ကို တစ်ချက်လောက် ကန်ကျောက်မိရုံဖြင့် ဘာမှ ဖြစ်မသွားနိုင်ဟု တွေးလိုက်မိပြန်သည်။
ထို့ကြောင့် တံတွေးတစ်ချက် ထွေးလိုက်ပြီး "ဟမ့်... လင်းယွမ်ကို ပြဿနာသွားရှာမှတော့ ဒီလို သေတာတောင် နည်းနေသေးတယ်" ဟု ရေရွတ်လိုက်သည်။
သူ လှည့်ထွက်ရန် ပြင်လိုက်စဉ် ကြေမွသွားသော ဦးခေါင်းခွံထဲမှ အရာဝတ္ထုတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို သတိထားမိလိုက်သည်။
ဝူယင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ခြေလှမ်းတန့်လိုက်ကာ ထိုအရာကို အနီးကပ် သွားရောက် ကြည့်ရှုလိုက်သည်။
မဲတူးနေသော ဦးခေါင်းခွံ အပိုင်းအစများကြားတွင် မီးမလောင်ဘဲ ကျန်ရှိနေသော အဖြူရောင် အရိုးစတစ်ခုကို တွေ့လိုက်ရသည်။
ထိုအရိုးပေါ်တွင် စိပ်ညှပ်နေသော အကွက်အဆင်များ ရှိနေသည်။
ဝူယင် ကြောင်ငေးကြည့်နေရင်း သူ၏ ခေါင်းထဲတွင် စကားလုံး တစ်လုံး ဖြတ်ခနဲ ပေါ်လာသည်။
"သင်္ကေတ"
သူက ဦးခေါင်းခွံကို ကောက်ယူလိုက်ပြီး ဝမ်းသာအားရ အော်ဟစ်လိုက်တော့သည်။
"အစ်ကိုလင်း... အစ်ကိုလင်း... ဒီကို လာကြည့်ပါဦး... ဒါ... ဒါက သင်္ကေတ မဟုတ်လား"
သူက ဦးခေါင်းခွံကို ကိုင်လျက် ကျောက်လိုဏ်ဂူဘက်သို့ အပြေးအလွှား သွားလိုက်သည်။
လင်းယွမ်မှာ အသံကြားသည်နှင့် ထျန်ဝေ၏ ဂူထဲတွင် ဘာတွေရှိသည်ကိုပင် သေချာ မစစ်ဆေးနိုင်တော့ဘဲ ရှိသမျှ ပစ္စည်းများကို ပစ္စည်းသိုလှောင်ခန်းထဲသို့ အကုန်သိမ်းကျုံး ထည့်လိုက်တော့သည်။
ထို့နောက် သူ ဂူဝသို့ ထွက်လာရာ အပြေးရောက်လာသော ဝူယင်၏ မျက်နှာတွင် စိတ်လှုပ်ရှားနေမှုများကို တွေ့လိုက်ရသည်။
လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားပြီး "ဘာတွေ့လို့လဲ" ဟု မေးလိုက်သည်။
ဝူယင်က လက်ထဲမှ ဦးခေါင်းခွံကို ကမ်းပေးရင်း "အစ်ကိုလင်း... ကြည့်ပါဦး... ဒါ စစ်တပ်က ထုတ်ပြန်ထားတဲ့ သင်္ကေတ နည်းပညာထဲက သင်္ကေတ မဟုတ်ဘူးလား" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လင်းယွမ် ယူကြည့်လိုက်ရာ သူ၏ မျက်နှာတွင်လည်း အံ့သြဝမ်းသာရိပ်တို့ ယှက်သန်းသွားသည်။ "တကယ်ဟ... မင်း ဘယ်က ရတာလဲ"
"ထျန်ဝေရဲ့ အလောင်းပေါ်က... သူ့ရဲ့ ဦးခေါင်းခွံကနေ တွေ့တာ"
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး ထျန်ဝေ ပြောခဲ့ဖူးသည့် စကားကို သတိရသွားသည်။
သူက ပေါက်ကွဲသင်္ကေတကို ပထမဆုံး ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။
တကယ် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုလူက ပေါက်ကွဲသင်္ကေတကို ပိုင်ဆိုင်ထားရုံသာမက သေဆုံးပြီးသည့် နောက်တွင်လည်း ဦးခေါင်းခွံပေါ်၌ ထို ပေါက်ကွဲသင်္ကေတများ ထင်ကျန်ရစ်ခဲ့သည်အထိ ဖြစ်နေသည်။
"ဒါဆိုရင်... သင်္ကေတ နည်းပညာကို ပိုင်ဆိုင်ထားတဲ့ လူတွေအားလုံးက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သင်္ကေတတွေ ဖြစ်တည်လာကြတာများလား"
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး ကြောက်မက်ဖွယ် ကောက်ချက်တစ်ခုကို ချမိလိုက်သည်။
ထိုသို့ဆိုလျှင် မိမိ၏ ဦးခေါင်းခွံထဲတွင်လည်း လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတ ရှိနေနိုင်သလော။
သင်္ကေတ ပိုင်ဆိုင်ထားသော အစွမ်းပိုင်ရှင်များအတွက် အလွန် အန္တရာယ် များမနေပေဘူးလား။
မိမိခန္ဓာကိုယ် အတွင်း၌ ဖြစ်တည်နေသော သင်္ကေတကို လိုချင်သူများ၏ တိုက်ခိုက်လုပ်ကြံခြင်းကို အချိန်မရွေး ခံရနိုင်ချေ ရှိနေသည်။
"ဒါ တကယ် သင်္ကေတပဲ... မင်း လုပ်တာ ကောင်းတယ်... ဒီအပေါ်က သင်္ကေတကိုသာ နားလည်အောင် လုပ်နိုင်မယ်ဆိုရင် နောက်ပိုင်း ငါတို့ရဲ့ ခိုလှုံရေးစခန်းမှာလည်း ပေါက်ကွဲသင်္ကေတတွေ ထုတ်လုပ်နိုင်လောက်တယ်"
လင်းယွမ်က ချီးကျူးလိုက်ရာ ဝူယင်၏ မျက်နှာတွင် ဝမ်းသာရိပ်တို့ လွှမ်းသွားပြီး "အဲဒီလိုသာဆိုရင် ကျွန်တော်တို့ ဖုန်းဟွမ်ဘုရားကျောင်းက လူတွေကို ကြောက်စရာ မလိုတော့ဘူးပေါ့" ဟု ပြောလိုက်သည်။
လင်းယွမ်က ရယ်လိုက်ပြီး "ငါတို့က သူတို့ကို ဘယ်တုန်းက ကြောက်ဖူးလို့လဲ... စိတ်ချပါ... ဒီတစ်ခေါက် ရေလှိုင်းကြီး ပြီးသွားရင် သူတို့နဲ့ စာရင်းရှင်းရဦးမယ်"
"ဒီ သင်္ကေတကို ငါအရင်သိမ်းထားလိုက်မယ်... ပြန်ရောက်လို့ လေ့လာပြီးသွားရင် မင်းကို ပြန်ပေးမယ်... ဘယ်လိုလဲ"
ဝူယင်က လက်ကို အလျင်အမြန် ခါယမ်းကာ "ဒါက အစ်ကိုလင်းပဲ ပိုင်သင့်တာပါ"
"ထျန်ဝေကို အစ်ကိုလင်း သတ်လိုက်တာလေ... ကျွန်တော်က ကံကောင်းလို့ ကောက်ရရုံပါ... မူလပိုင်ရှင်ဖြစ်တဲ့ ခင်ဗျားကိုပဲ ပြန်ပေးရမှာပေါ့"
လင်းယွမ်က ပြုံးလိုက်ပြီး "မင်းသာ မတွေ့ခဲ့ရင် ငါတို့ ဒီသင်္ကေတနဲ့ လွဲသွားမှာ... မင်းရဲ့ အကျိုးပြုမှုကို မှတ်ထားရမှာပေါ့"
"ဒီလိုလုပ်... နောက်ပိုင်း ကုန်တိုက်ကြီး ဆောက်ပြီးသွားရင် မင်းကို အမှတ်ပုံစံနဲ့ ဆုချပေးမယ်"
"ကျေးဇူးပါ အစ်ကိုလင်း... ကျေးဇူးတင်ပါတယ်" ဝူယင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကုန်တိုက်ကြီး အကြောင်းကို သူ သိထားပြီး ဖြစ်သည်။ အနာဂတ်တွင် ထိုက်ယန်တောင်၏ အကြီးဆုံး ကုန်သွယ်ရေး စင်တာ ဖြစ်လာမည်မှာ သေချာသည်။
ယခု ကုန်တိုက်ကြီး မဆောက်ရသေးမီမှာပင် သူက အကျိုးပြု အမှတ်များ ရရှိနေပြီ ဖြစ်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "မင်း ကံကောင်းသားပဲ... သွား... နောက်ထပ် ပစ္စည်းကောင်းတွေ ရှိမလား သွားရှာချေ" ဟု ပြောလိုက်သည်။
ဝူယင်က ခေါင်းညိတ်ပြီး အပြင်သို့ ပြေးထွက်သွားတော့သည်။
လင်းယွမ်က "သတိထားဦး... လွတ်ကျန်နေတဲ့ကောင်တွေ ရှိနေနိုင်တယ်" ဟု လှမ်းသတိပေးလိုက်သည်။
ဝူယင်၏ ခြေလှမ်းများ တန့်သွားပြီး သတိအနေအထားဖြင့် ပြန်လည် ထွက်ခွာသွားသည်။
လင်းယွမ်က ဝူယင်၏ ကျောပြင်ကို ကြည့်ရင်း စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။
"နောက်ဆို လူသတ်ပြီးရင် အလောင်းကောင် စစ်ဆေးတဲ့အခါ သေချာ စေ့စေ့စပ်စပ် လုပ်မှ ဖြစ်မယ်... ဦးခေါင်းခွံထဲမှာ ရတနာ ရှိနေမယ်လို့ ဘယ်သူ ထင်မှာလဲ"
လင်းယွမ် ခေါင်းယမ်းလိုက်ပြီး သူ့ကိုယ်သူ ကျွမ်းကျင်မှု မရှိသေးကြောင်း သုံးသပ်မိသည်။
ထို့နောက် ဤ ခိုလှုံရေးစခန်းရှိ ပစ္စည်းများကို စတင် ရှာဖွေတော့သည်။
ဤ ခိုလှုံရေးစခန်း၏ နေထိုင်မှု အခြေအနေမှာ အလွန် ဆိုးရွားလှသည်။ ထျန်ဝေ နေထိုင်သော ကျယ်ဝန်းသန့်ရှင်းသည့် လိုဏ်ဂူမှလွဲ၍ ကျန်ရှိသော အစွမ်းပိုင်ရှင်များ၏ လိုဏ်ဂူများမှာ ခွေးအိမ်သာသာလောက်သာ ရှိကြသည်။
ထိုလူများသည် သူတို့နေထိုင်သည့် လိုဏ်ဂူများကို ရှင်းလင်းခြင်း မရှိဘဲ စားသောက်ထားသော အမှိုက်သရိုက်များမှာ နေရာအနှံ့ ပြန့်ကျဲနေသည်။
ခွေးအိမ်ကပင် သူတို့နေသည့် နေရာထက် သာလွန်ဦးမည်။
သိုင်းဘုရင်ဂေဟာမှ လူများက မိမိ၏ နေအိမ် အပြင်အဆင်ကို မြင်သောအခါ အံ့သြဘနန်း ဖြစ်ကုန်ကြသည်မှာ မဆန်းဟု လင်းယွမ် တွေးမိလိုက်သည်။
သိုင်းဘုရင်ဂေဟာမှ အစွမ်းပိုင်ရှင်များ နေထိုင်သည့် လိုဏ်ဂူများကလည်း ဤ သတ္တုတွင်းနေရာထက် များစွာသာလွန်မည် မဟုတ်ပေ။
လင်းယွမ် တစ်ပတ် လှည့်ရှာကြည့်လိုက်ရာ စားစရာ သိပ်မတွေ့ရပေ။ အများစုမှာ ငါးနှင့် တောကောင်သားများသာ ဖြစ်သည်။
ဤနေရာမှ သန္ဓေပြောင်း အစွမ်းပိုင်ရှင်များသည် တောင်ပေါ်မှ သန္ဓေပြောင်း သတ္တဝါများကို ဖမ်းဆီး စားသောက်လေ့ ရှိပုံရသည်။
ထို့အပြင် လင်းယွမ်က အချို့သော လိုဏ်ဂူများထဲတွင် ခူးဆွတ်ထားသော အပင်အများအပြားကို တွေ့လိုက်ရသည်။
သူက ထိုအပင်များကို စုစည်းလိုက်ပြီး ရန်ဆန်းမင် ဆိုသည့် တိုင်းရင်းဆေးဆရာနှင့် ပြသရန် ပြင်ဆင်လိုက်သည်။
ဤလူများ စားသောက်နေကြသည် ဆိုကတည်းက ဤအရာများက လူကို သေစေနိုင်လောက်သည့် အဆိပ်မရှိသည်မှာ သေချာသည်။
သို့သော် ရေရှည်စားသုံးလျှင် အဆိပ်သင့်နိုင်ခြင်း ရှိမရှိကိုတော့ မသိရပေ။ ရန်ဆန်းမင်ကို စစ်ဆေးခိုင်းရမည်။
အကယ်၍ အဆိပ်မရှိကြောင်း အတည်ပြုနိုင်ပြီး ဟင်းသီးဟင်းရွက်အဖြစ် စားသုံးနိုင်သည် ဆိုပါက...
နောင်တွင် စိုက်ပျိုးရေး လုပ်နိုင်သည်။
ဤအပင်များမှာ သာမန် ဟင်းသီးဟင်းရွက်များ မဟုတ်ဘဲ သန္ဓေပြောင်း အပင်များ ဖြစ်ကြသည်။
မိမိ ကံစမ်းမဲမှ ပေါက်ထားသော သာမန် ဟင်းသီးဟင်းရွက်များနှင့် ယှဉ်၍ မရပေ။
မိမိရရှိထားသော သာမန် ဟင်းသီးဟင်းရွက်များမှာ လက်ရှိ ရေလွှမ်းမိုးနေသော ကမ္ဘာကြီးနှင့် အသားကျရန် ခဲယဉ်းသည်။
သို့သော် သဘာဝတရား၏ ရွေးချယ်မှုအရ ရှင်သန်ကျန်ရစ်ခဲ့သော ဤ သန္ဓေပြောင်း အပင်များမှာမူ ရေလွှမ်းမိုးသော ကမ္ဘာနှင့် လိုက်လျောညီထွေ ရှင်သန်နိုင်ပြီး လူသားတို့၏ ဟင်းသီးဟင်းရွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့မှာ ထောင့်တစ်နေရာတွင် ပစ်ထားရသော အရာများ ဖြစ်သော်လည်း တကယ်တမ်းတွင် အလွန် အရေးပါလှသည်။
လင်းယွမ် မွှေနှောက်ရှာဖွေပြီးနောက် လိုဏ်ဂူထဲတွင် တန်ဖိုးအရှိဆုံး အရာမှာ စွမ်းအင်ကျောက်တုံး အများအပြား ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ဟုတ်ပေသည်။ ဤ ခိုလှုံရေးစခန်း လိုဏ်ဂူများထဲတွင် အစွမ်းပိုင်ရှင်တိုင်း၏ ဂူ၌ စွမ်းအင်ကျောက်တုံးများ ပုံလိုက် ရှိနေကြသည်။
အများစုမှာ ဓာတ်မဲ့ စွမ်းအင်ကျောက်တုံးများ ဖြစ်ပြီး အနည်းငယ်မှာ မီးဓာတ် စွမ်းအင်ကျောက်တုံးများ ဖြစ်ကြသည်။
နောက်ထပ် အနည်းငယ်မှာ မြေဝါရောင် စွမ်းအင်ကျောက်တုံးများ ဖြစ်ပြီး စစ်တပ်မှ ထုတ်ပြန်ထားသော မြေဓာတ် စွမ်းအင်ကျောက်တုံးများ ဖြစ်မည်ဟု လင်းယွမ် ခန့်မှန်းလိုက်သည်။
"ကြည့်ရတာ ဒီသတ္တုတွင်းက မီးဓာတ် စွမ်းအင်ကျောက်တုံးတွေတင်မဟုတ်ဘူး မြေဓာတ် စွမ်းအင်ကျောက်တုံးတွေပါ ထွက်တဲ့ပုံပဲ"
ဤ စွမ်းအင်ကျောက်တုံးများမှာ သူ၏ ယခုခရီးစဉ်တွင် အကြီးမားဆုံးသော ရိတ်သိမ်းမှု ဖြစ်လောက်သည်။
လင်းယွမ် အကြမ်းဖျင်း ခန့်မှန်းကြည့်ရာ ဓာတ်မဲ့ စွမ်းအင်ကျောက်တုံး (၉၀၀) ခန့်၊ မီးဓာတ် စွမ်းအင်ကျောက်တုံး (၃၀၀) ကျော်နှင့် မြေဓာတ် စွမ်းအင်ကျောက်တုံး (၃၀၀) ကျော်ခန့် ရှိလေသည်။
ဒါက လက်သီးဆုပ် အရွယ်အစားခန့်ရှိသော အတုံးအခဲ လုံးချင်းများကိုသာ ရေတွက်ထားခြင်း ဖြစ်ပြီး အကြေအစများကို မရေတွက်ထားပေ။
မပြိုကျဘဲ ကျန်ရှိနေသော လိုဏ်ဂူများမှ ရှာဖွေရရှိထားသည်ကပင် ဤမျှလောက် ရှိနေသည်။
ပြိုကျသွားသော လိုဏ်ဂူများထဲတွင်လည်း စွမ်းအင်ကျောက်တုံး အများအပြား ကျန်ရှိနေဦးမည် ဖြစ်သည်။
လင်းယွမ်က အလဟဿ မဖြစ်ခံဘဲ ပြိုကျနေသော ကျောက်တုံးများကို လက်ဗလာဖြင့် တူးဖော်ကာ စွမ်းအင်ကျောက်တုံးများကို ထပ်မံ ရှာဖွေလိုက်သည်။
ထိုသို့ ရှာဖွေရင်း မသေမရှင် ဖြစ်နေသော အစွမ်းပိုင်ရှင် အချို့ကိုလည်း တွေ့ရှိလိုက်ရသည်။
သူတို့မှာ ကျောက်တုံးများ ပိနေသော်လည်း အသက်ပြင်းကြသဖြင့် ချက်ချင်း မသေဆုံးသေးဘဲ လင်းယွမ်အား အကူအညီ တောင်းခံနေကြသည်။
လင်းယွမ်က သူတို့ကို ထိုကဲ့သို့ မသေမရှင် ဝေဒနာ ခံစားနေရသည်ကို မကြည့်ရက်သဖြင့် တမလွန်ကို ကောင်းမွန်စွာ ပို့ဆောင်ပေးလိုက်သည်။
သာမန် လူများကမူ အသက်ရှင်ကျန်ရစ်ရန် အခွင့်အလမ်း လုံးဝ မရှိပေ။
ပြိုကျမှုအောက်တွင် သာမန်လူများမှာ တမုဟုတ်ချင်း ပိမိပြီး သေဆုံးကုန်ကြသည်။
ကံကောင်း၍ ပိမသေဘဲ ကျန်ရစ်သူ အချို့ ရှိခဲ့လျှင်လည်း ဟုန်းဟုန်းတောက်လောင်နေသော မီးကြောင့် သေဆုံးကုန်ကြပြီ ဖြစ်သည်။
ထျန်ဝေက အလွန် ယုတ်မာသည်။ ဤတစ်ကြိမ်တွင် ကိုယ့်လူ အချင်းချင်း ပြန်ဒုက္ခပေးသလို ဖြစ်သွားခဲ့သည်။
လင်းယွမ် တစ်ပတ် လှည့်ပတ်ရှာဖွေပြီးနောက် အကုန်လုံးနီးပါး သိမ်းဆည်းပြီးချိန်တွင် ဝူယင်နှင့် ပြန်လည် ဆုံတွေ့လိုက်သည်။
ဝူယင်က လိုဏ်ဂူထဲတွင် ပစ္စည်းမရှာဘဲ အလောင်းကောင်များကို လိုက်လံ စစ်ဆေးနေခြင်း ဖြစ်သည်။
သူက သေဆုံးသွားသော အစွမ်းပိုင်ရှင်များ၏ ကိုယ်ပေါ်မှ စွမ်းအင်ကျောက်တုံး အများအပြားကို ရှာဖွေ တွေ့ရှိထားသည်။
တစ်အိတ်ပြီး တစ်အိတ် ထွက်လာရာ အလုံး (၁၀၀) ခန့် ရှိလောက်သည်။
"အစ်ကိုလင်း... ဒီကောင်တွေက မွဲလိုက်တာ... စွမ်းအင်ကျောက်တုံးတွေပဲ ကျန်တော့တယ်"
လင်းယွမ်က ရယ်မောလိုက်ပြီး "သူတို့လို ထွက်ပြေးတိမ်းရှောင်နေရတဲ့ သူတွေဆီမှာ ဘယ်လိုလုပ် ပစ္စည်းကောင်းတွေ ရှိနေမှာလဲ"
သူက စွမ်းအင်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး "သွားစို့... ဒီသတ္တုတွင်းက နောက်ဆို ငါတို့ပိုင် ဖြစ်သွားပြီ... ဒီနေရာကို လာစောင့်ပေးမယ့်လူ ရှာဖို့ နည်းလမ်း စဉ်းစားရဦးမယ်" ဟု ပြောလိုက်သည်။
ဝူယင်က "အစ်ကိုလင်း... ဒီနေရာက ကျွန်တော်တို့ နေရာနဲ့ နည်းနည်း ဝေးတယ်... ဒီမှာ လာနေဖို့ဆိုတာ သိပ်အဆင်မပြေလောက်ဘူး... ဘယ်သူမှ လာချင်မှာ မဟုတ်ဘူး" ဟု မနေနိုင်ဘဲ ပြောလိုက်သည်။
လင်းယွမ်လည်း ထိုကိစ္စကို အနည်းငယ် ရှုပ်ထွေးသည်ဟု ခံစားမိသည်။
သို့သော် စွမ်းအင်ကျောက်တုံးများက အဖိုးတန် ပစ္စည်းများ ဖြစ်ရာ ဤမျှ ကြီးမားသော သတ္တုတွင်းကြီးကို အလဟဿ ပစ်ထား၍ မဖြစ်ပေ။
လောလောဆယ်တွင် အကြံကောင်း မရှိသေးသဖြင့် "ထားလိုက်ပါဦး... ပြန်ရောက်မှ လူစုံတက်စုံနဲ့ တိုင်ပင်ကြတာပေါ့" ဟု ပြောလိုက်သည်။
နှစ်ယောက်သား ထွက်ခွာရန် ပြင်လိုက်စဉ် မြေအောက်မှ ငိုယိုအော်ဟစ်သံများ ထွက်ပေါ်လာသည်။
လင်းယွမ်၏ ခြေလှမ်းများ တန့်သွားပြီး သေချာ နားစွင့်လိုက်သည်။
"အစ်ကိုလင်း... ဘာဖြစ်လို့လဲ"
"မင်း ဘာသံမှ မကြားဘူးလား"
ဝူယင် ကြောင်သွားပြီး သေချာ နားစွင့်ကြည့်သော်လည်း ဘာမှမကြားရသဖြင့် ခေါင်းယမ်းပြလိုက်သည်။
လင်းယွမ်က ပြိုကျနေသော လိုဏ်ဂူတစ်ခုကို ညွှန်ပြပြီး "ငိုသံ ကြားနေရသလိုပဲ" ဟု ပြောလိုက်သည်။
"အတွင်းထဲမှာ ပိတ်မိနေတဲ့ ကျောက်တူးသမားတွေများလား" ဟု ဝူယင်က အလျင်အမြန် ပြောလိုက်သည်။
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး "သွားကြည့်ရအောင်" ဟု ပြောလိုက်သည်။
သူက ချက်ချင်းပင် ကျောက်တုံးကြီးများကို ဖယ်ရှားလိုက်ရာ ဝူယင်ကလည်း ဘေးမှ ဝင်ကူညီပေးသည်။
မကြာမီ ပြိုကျနေသော ကျောက်တုံးများကို ဖယ်ရှားလိုက်နိုင်ပြီး အတွင်းမှ ငိုယိုအော်ဟစ်သံများ အမှန်တကယ် ထွက်ပေါ်လာသည်။
"ကယ်ကြပါဦး... ကယ်ကြပါဦးဗျာ... လူရှိကြလား... ကျွန်တော်တို့ကို ကယ်ပါဦး"
"ဆွန်းကွေ့... ထျန်ဝေ... ခင်ဗျားတို့က တိရစ္ဆာန်တွေပဲ... ခင်ဗျားတို့ ကောင်းကောင်း မသေစေရဘူး"
"ထျန်ဝေ... ဆွန်းကွေ့... ငါ သရဲဖြစ်ရင်တောင် နင်တို့ကို အလွတ်မပေးဘူး... ဝူး... ဝူး"
"လူလာကြပါဦးဗျ... ကယ်ကြပါဦး... ကျွန်တော် မသေချင်သေးပါဘူး... မသေချင်သေးဘူးဗျ"
"သောက်ကျိုးနည်း ဆွန်းအဘိုးကြီး... မင်းက ဓားထိုးခံရမယ့်ကောင်... ငါတို့က မင်းနဲ့ အိမ်နီးချင်းတွေပါကွာ... မင်းက ငါတို့ တစ်မိသားစုလုံးကို ဖမ်းပြီး ကျောက်တူးခိုင်းရက်တယ်"
အောက်ဘက်မှ ဆဲဆိုသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ ထိုသူများမှာ သာမန်လူများ ဖြစ်ကြောင်း လင်းယွမ် နားထောင်ရုံဖြင့် သိလိုက်သည်။
သူတို့သည် အစွမ်းပိုင်ရှင်များ မဟုတ်ကြဘဲ ထျန်ဝေတို့နှင့်အတူ ရပ်ကွက်ထဲမှ တောင်ပေါ်သို့ ထွက်ပြေးလာကြသူများ ဖြစ်သည်။
ထျန်ဝေ အစရှိသူတို့က အစွမ်းပိုင်ရှင် ဖြစ်နေခြင်းကို အခွင့်ကောင်းယူကာ ထိုလူများကို ကျောက်တူးရန်နှင့် စွမ်းအင်ကျောက်တုံးများ ရှာဖွေရန် အတင်းအဓမ္မ ခိုင်းစေခဲ့ကြခြင်း ဖြစ်သည်။
ထိုသူများသည် သတ္တုတူးသည့် ကျွန်များ ဖြစ်ကြသည်။
လင်းယွမ်က ချက်ချင်း ဝင်သွားလိုက်ရာ အတွင်းပိုင်းမှာ မှောင်မည်းနေပြီး နံရံပေါ်တွင် ရံဖန်ရံခါ အလင်းပေါက်နေသော သလင်းကျောက်ကဲ့သို့ အရာဝတ္ထုများက လမ်းကြောင်းတစ်လျှောက် အလင်းပေးထားသည်။
"ဟေ... ဒါ ဘာမီးတိုင်တွေလဲ... အလင်းရောင်တောင် ပေးနိုင်ပါလား"
လင်းယွမ် အံ့သြသွားပြီး ထိုကျောက်တုံးများကို ခွာယူကာ စစ်ဆေးကြည့်ရာ အလင်းထုတ်လွှတ်နိုင်သော ကျောက်တုံးအမျိုးအစား ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"အစ်ကိုလင်း... ဒီကျောက်တုံးက မိုက်တယ်ဗျ... မီးချောင်းအစား သုံးလို့ရလောက်မယ်" ဝူယင်က ဝင်ပြောလိုက်သည်။
လင်းယွမ် ခေါင်းညိတ်လိုက်ပြီး "စောစောက သတိမထားမိဘူး... မင်း လမ်းမှာ သတိထားကြည့်ဦး... ဒီလို ကျောက်တုံးမျိုး တွေ့ရင် ယူလာခဲ့... နောက်ကျရင် လိုဏ်ဂူထဲမှာ သုံးလို့ရတယ်"
"ဟုတ်ကဲ့"
နှစ်ယောက်သား အတွင်းသို့ ဝင်ရောက်လာရာ မကြာမီ အသံထွက်ပေါ်နေသည့် နေရာသို့ ရောက်ရှိလာကြသည်။
ထိုနေရာသည် အောက်ဘက်သို့ တူးဖော်ထားသော လိုဏ်ခေါင်းတစ်ခု ဖြစ်ပြီး လက်ရှိတွင် လိုဏ်ဝကို ကျောက်တုံးကြီး တစ်တုံးက ပိတ်ဆို့ထားသည်။ အောက်ဘက်ရှိ ယောက်ျားကြီးများ၊ အဘိုးကြီးများက အော်ဟစ် ဆဲဆိုနေကြသလို အကူအညီလည်း တောင်းခံနေကြသည်။
အချို့က ကျောက်တုံးကြီးကို တွန်းဖယ်ရန် ကြိုးစားနေကြသည်။
သို့သော် မဖြစ်နိုင်ပေ။ ကျောက်တုံးမှာ အလွန်ကြီးမားရာ သာမန်လူများ အနေဖြင့် မည်သို့မျှ တွန်းဖယ်နိုင်မည် မဟုတ်။
ခွန်အားအစွမ်း မရှိသော သာမန် အစွမ်းပိုင်ရှင်များပင် ရွှေ့နိုင်ရန် ခဲယဉ်းသည်။
လင်းယွမ်က "ခင်ဗျားတို့က ကျောက်တူးသမားတွေလား" ဟု အောက်သို့ လှမ်းအော်မေးလိုက်သည်။
အောက်မှလူများက အပေါ်မှ အသံကြားလိုက်ရသဖြင့် ဝမ်းသာအားရ အော်ဟစ်ကြတော့သည်။
လူတစ်ယောက်က "ကယ်ပါဦး... ကျွန်တော်တို့က ဦးလေးဆွန်းရဲ့ အလုပ်သမားတွေပါ... ကျွန်တော်တို့ကို ကယ်ပါဦးဗျာ" ဟု အလျင်အမြန် အော်ပြောလိုက်သည်။
"ဒီက ခေါင်းဆောင်ကြီး... ဦးလေးဆွန်းရော... ကျွန်တော်တို့ စွမ်းအင်ကျောက်တုံးတွေ အများကြီး တူးထားပါတယ်... ကျွန်တော်တို့ကို ကယ်ပါဦး"
လင်းယွမ်က "ခင်ဗျားတို့ပြောတဲ့ ဦးလေးဆွန်း ဆိုတာကို ကျွန်တော် မသိဘူး... ဒါပေမဲ့ သေသွားလောက်ပြီ"
"ခင်ဗျားတို့ သူ့ကို ရှာချင်တယ်ဆိုရင်တောင် တွေ့တော့မှာ မဟုတ်ဘူး" ဟု တည်ငြိမ်စွာ ပြောလိုက်သည်။
အောက်မှ လူများ အလွန်အမင်း အံ့အားသင့်သွားကြသည်။
"ဘာ... ဦးလေးဆွန်း သေပြီ"
"ထျန်ဝေက ဆွန်းကွေ့ကို သတ်လိုက်တာလား"
"ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ... ဒီက ခေါင်းဆောင်... အပြင်မှာ ဘာတွေ ဖြစ်ကုန်ပြီလဲ... ဘာလို့ ရုတ်တရက် ပြိုကျကုန်တာလဲ"
"ခေါင်းဆောင်... ကျွန်တော်တို့ကို ကယ်ပါဦး... တူးထားတဲ့ စွမ်းအင်ကျောက်တုံးတွေ အကုန် ပေးပါ့မယ်"
"ဟုတ်တယ် ဟုတ်တယ်... တူးထားသမျှ စွမ်းအင်ကျောက်တုံးတွေ ခင်ဗျားကို ပေးပါ့မယ်... ကျွန်တော်တို့က လူငယ်လူရွယ်တွေပါ... သတ္တုတူးဖို့ အားရှိကြပါသေးတယ်... အသုံးဝင်ပါသေးတယ်ဗျာ... ကျွန်တော်တို့ကို ကယ်ပါဦး"
သူတို့က မိမိတို့ အသုံးဝင်သေးကြောင်း ပြသရန် အသည်းအသန် တောင်းပန် အသနားခံနေကြသည်။
လင်းယွမ်က ပိတ်ဆို့နေသော ကျောက်တုံးကြီးကို မလိုက်ပြီး "ဝုန်း" ခနဲ ပစ်လိုက်သည်။
ကျောက်တုံးကြီး ပွင့်ထွက်သွားသည်နှင့် အတွင်းမှ လူများက ဝမ်းသာအားရ အော်ဟစ်ကာ အလုအယက် ကုန်းရုန်း တက်လာကြသည်။
လင်းယွမ်နှင့် ဝူယင်တို့ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ပြီး ထိုလူများကို တက်လာခွင့် ပြုလိုက်သည်။
ခေါင်းဆောင် ဖြစ်ပုံရသော အဘိုးကြီး တစ်ယောက်က လင်းယွမ်နှင့် ဝူယင်ကို ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မဆိုဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ချကာ အော်ဟစ်ငိုကြွေးတော့သည်။
"ကျေးဇူးရှင်ကြီး... ကျွန်တော်တို့ကို ကယ်ပါဦး... ကျွန်တော်တို့ ထျန်ဝေနဲ့ ဆွန်းကွေ့တို့ လက်ထဲမှာ အဖမ်းခံထားရတာပါ"
"သူတို့က မတရား ဖမ်းဆီးချုပ်နှောင်ထားတာပါ... ကျွန်တော်တို့ကို ကယ်ပါဦး"
ထိုအဘိုးကြီးမှာ ဉာဏ်ပြေးသူ ဖြစ်သည်။ သူ တက်လာလာချင်းမှာပင် လင်းယွမ်မှာ ထျန်ဝေ၏ အဖွဲ့သားထဲမှ အစွမ်းပိုင်ရှင် တစ်ယောက် မဟုတ်ကြောင်း သတိပြုမိလိုက်သည်။
ထို့နောက် လင်းယွမ် စောစောက ပြောခဲ့သော စကားများကို ပြန်တွေးမိပြီး ချက်ချင်းပင် အခြေအနေကို ခန့်မှန်းလိုက်နိုင်သည်။
လင်းယွမ်သည် အပြင်မှ လာသူဖြစ်ပြီး စောစောက လိုဏ်ဂူပြိုကျစေခဲ့သော ပေါက်ကွဲမှုသည်ပင်လျှင် ဤလူနှင့် သက်ဆိုင်နိုင်ခြေ ရှိသည်။
ယခု ဤလူက ဒီနေရာတွင် ရောက်ရှိနေပြီ ဆိုကတည်းက ထျန်ဝေနှင့် ဆွန်းကွေ့တို့ ရှုံးနိမ့်သွားပြီ မဟုတ်ပါလော။
ထို့ကြောင့် သူက အခြေအနေကို ချက်ချင်း သဘောပေါက်လိုက်ပြီး ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲလိုက်သကဲ့သို့ အသည်းအသန် ဦးခိုက် တောင်းပန်လိုက်ခြင်း ဖြစ်သည်။
အဘိုးကြီး၏ လုပ်ရပ်ကြောင့် တက်လာကြသော အခြားလူများလည်း သတိထားမိသွားကြသည်။
တစ်ယောက်က "ဦးလေးမင်... ဘာဖြစ်လို့လဲ"
"ဦးလေးမင်... သူက ဘယ်သူလဲ"
"ဦးလေးမင်... မြန်မြန် ထပါ... ကျွန်တော်တို့ အရင် ထွက်ကြရအောင်... ဒီလိုဏ်ဂူက ဘယ်အချိန် ထပ်ပြိုကျလာမယ်မှန်း မသိဘူး" ဟု ပြောလိုက်ကြသည်။
ဦးလေးမင်ဟု ခေါ်သော ညိုတာ့မင် ဆိုသည့် အဘိုးကြီးသည် ဤ သတ္တုတူးသမားများကြားတွင် ဩဇာရှိပုံရပြီး ခေါင်းဆောင်သဖွယ် ဖြစ်နေသည်။
ညိုတာ့မင်က "အားလုံး ဒူးထောက်လိုက်ကြစမ်း... ဒီက ညီလေးက ငါတို့ကို ကယ်လိုက်တာ မမြင်ကြဘူးလား... သူက ငါတို့ရဲ့ ကျေးဇူးရှင်ပဲ... မြန်မြန် ဒူးထောက်ကြစမ်း" ဟု အော်ဟစ်လိုက်သည်။
လူများ ကြောင်သွားကြပြီးနောက် အခြေအနေကို သဘောပေါက်သွားကြကာ လင်းယွမ်ကို ကြောက်ရွံ့သောအကြည့်များဖြင့် ကြည့်လိုက်ကြသည်။
သူတို့ရှေ့မှ လူသည် အစွမ်းပိုင်ရှင် တစ်ယောက်ဖြစ်ကြောင်း သူတို့ နားလည်သွားကြပြီ ဖြစ်သည်။
ထို့ကြောင့် အားလုံး ဒူးထောက်လိုက်ကြပြီး "ကျေးဇူးရှင်ကြီး... ကျေးဇူးတင်ပါတယ်"
"အသက်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ"
လူများက တရုန်းရုန်းဖြင့် ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုနေကြသော်လည်း မည်မျှအထိ ရိုးသားစစ်မှန်သည်ကိုတော့ မသိနိုင်ပေ။
လင်းယွမ်က ထိုလူများကို ဂရုမစိုက်ချင်သော်လည်း အဆက်မပြတ် တွားသွားတက်လာနေသော လူများကို ကြည့်ရင်း စိတ်ထဲတွင် အကြံတစ်ခု ရသွားသည်။
"ခင်ဗျားတို့ ဘယ်နှစ်ယောက် ရှိလဲ"
"ကျောက်တွင်းအောက်မှာလား... ကျွန်တော်တို့ဘက်က ကျောက်တွင်းမှာ စုစုပေါင်း (၅၈) ယောက် ရှိပါတယ်... စောစောက လိုဏ်ဂူပြိုကျတော့ လူနည်းနည်း ပိသေကုန်လို့ အခု (၄၀) ကျော်လောက်ပဲ ကျန်တော့တယ်"
"နောက်ထပ် ကျောက်တွင်း (၃) ခုမှာလည်း စုစုပေါင်း လူ (၁၀၀) ကျော်လောက် ရှိသေးတယ်... သူတို့တွေ အသက်ရှင်သေးလား ဆိုတာတော့ မသိဘူး" ဟု ညိုတာ့မင်က အလျင်အမြန် ဖြေလိုက်သည်။
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူက မိုင်းတွင်းဘက်ကို စောင့်ကြည့်ပေးမည့်လူ မရှိ၍ စိတ်ညစ်နေခြင်း ဖြစ်ရာ ဤလူများက အသင့်တော်ဆုံး ဖြစ်မနေပေဘူးလား။
ဆက်ရန်...